Mar 20, 2008

ပိုးဟပ်(ဇာတ်သိမ်းပိုင်း)

(Edvard Munch ရဲ့ The kiss)

ထိုညကို သူမဘယ်တော့မှ မေ့ပျောက်သွားနိုင်မည်မထင် ။
ထိုည မတိုင်ခင်က သူမစိတ်အထင်ဖြင့် ညများစွာ…။
စင်စစ်တော့ နှစ်ဆယ့်တစ်ည ကြာအောင် ကိုကိုကျော်၏ပြတင်းတံခါးတို့ ပိတ်နေခဲ့၏ ။

တံခါးရွက်တို့ ပိတ်စေ့နေကြသောရက်များကို ပြက္ခဒိန်မှာ သူမ မှတ်သားထားရာ မှတ်မှတ်ရရ နှစ်ဆယ့်နှစ်ရက် မြောက် ည မှာတော့ သူမ မျှော်လင့်တောင့်တနေသည့် တံခါးရွက်တို့ ပွင့်လာခဲ့ကြသည်။ အမှောင်ထဲမှာ သူမအပြုံးတို့ တောက်ပနေလိမ့်မည်။ ဘာကြောင့်ဆို တံခါးရွက်တို့ကို ဖွင့်သူက ကိုကိုကျော်ပဲ ဖြစ်ခဲ့၏။ သိပ်မျှော်လင့်ရကျိုးနပ်တာပဲကွယ် ဟု သူမနှုတ်မှပင် ထုတ်ဖော်ရေရွတ်မိတော့သည်။

ကိုကိုကျော်က သူမ တခါမှမမြင်ဖူးသော သဏ္ဍန်ဖြင့် ရှိနေသည်။ ရင်ဘတ်တွင် စာတန်းများပါသော တီရှပ် အနက်ရောင် လက်ပြတ်နှင့် ခါတိုင်းလိုလည်း ဆံပင်တွေ ဖရိုဖရဲ ရှိမနေ။ ပြီးတော့ ပြတင်းအပြင်ကိုငေးနေသော မျက်လုံးများကလည်း အရောင်တွေ ထွက်နေသလိုပါပဲ။ နှုတ်ခမ်းတွေကရော ပြုံးတော့မလိုပဲ။ ကိုကိုကျော် ပျော်နေတာလားဟင်။

လေအလွင့်မှာ ခန်းဆီးစလွင့်တော့ ကိုကိုကျော်က ခန်းဆီးစကို ထောင့်တစ်ဖက်မှာ စုပြီး စည်းနှောင်၏။ ခန်းဆီးစက အသစ်ပဲ။ သည်တော့မှ သူမမြင်နေကျ မြင်ကွင်း၏ထူးခြားမှုကို သတိပြုမိတော့သည်။

သူမ မြင်နိုင်သမျှ အတိုင်းအတာအတွင်းရှိ ကိုကိုကျော့်အခန်းက အပြင်အဆင်နှင့်အတူ အရောင်ပါ ပြောင်းလဲ နေသည်ပဲ။ အခါတိုင်း စိမ်းပြာရောင်ဖျော့ဖျော့နံရံက ခုတော့ ပြာလွင်လို့။ နောက်ပြီး အခန်းခြေရင်းမှာ ဗီရိုကြီး တစ်လုံးကို တစ်စွန်းတစ်စ မြင်နေရပြန်သည်။

ကိုကိုကျော် စာမဖတ်တော့ဘူးလား…ဟင်။ ဒါမှမဟုတ် ဂစ်တာမတီးတော့ဘူးလား။ တီရှပ် အနက်ရောင် ကြောင့်ပဲလား၊ ညမီးရောင်ကြောင့်ပဲလားတော့ မသိ။ ၀င်းဝါသော ကိုကိုကျော့် လက်မောင်းသားတွေက စိုလက်နေကြ၏။ ထိုလက်မောင်းကို ကျစ်ကျစ်ပါအောင် ဖက်ထားချင်လှသည်။

ဖေဖေ့ကို မှီတွယ်အားကိုးသလို အားရှိမှာပဲ ထင်သည်။ ကိုကိုကျော်က သူမရှိရာ ပြတင်းကို တချက် မော့ကြည့် လိုက်သည်။ အို …. သူမမျက်လုံးတွေများ သိပ်တောက်ပနေရင် သူ မြင်သွားတော့မည်။ မျက်လွှာကို ပိတ်ချဖို့ သူမစဉ်းစားမိသည်။

အို ….. မဖြစ်သေးပါဘူး။ ကိုကိုကျော့်အနားမှာ စကားတွေပြောလို့၊ သီချင်း နားထောင်လို့၊ မေမေနှင့် အစ်ကိုတွေရဲ့ အကြောင်းတွေကို တိုင်ပြောဖို့၊ ဖေဖေ့ကို လွမ်းကြောင်းတွေပြောဖို့၊ နေချင်တယ်မဟုတ်လား။

ခင်ထောင်ထဲမှ လှမ်းဆွဲလိုက်လျှင် ကြိုးခလုတ်ကလေးဖြင့် အခန်းမီးကို ဖွင့်နိုင်သည်ပဲ။ အဲသည့်အခါ မီးပြတိုက်က မီးလေး လင်းလာသလို သူမကို ကိုကိုကျော်မြင်မှာ မုချပဲ။ အထွေးလေးက သတ္တိရှိနေပြီလား။ သူမကိုယ် သူမ ပြန်မေးနေမိသည်။ အမေနှင့် အစ်ကိုတွေ သိရင် ဘယ်လိုလုပ်မလဲ။ သူမကို “နင်က အားကိုးရှိလို့ စွာတယ်ပေါ့ ဟုတ်လား” ဟု အဖေကွယ်ရာတွင် မာန်မဲသလို ၀ိုင်းအော်ကြဦးမှာပဲ ထင်သည်။

ဟင် … အဲသည်လိုဆို ကိုကိုကျော့်ကို ဖက်တွယ်ထားလိုက်မှာပေါ့နော်။ ဖေဖေသိရင်ရော ဖေဖေ့အပြင် နောက် တစ်ယောက်ကို ချစ်တယ်လို့ စိတ်မကောင်းဖြစ်ရှာမလား။ ဖေဖေ့ကို ပိုချစ်တာပါလို့ ချော့ရမှာပေါ့နော်။

ကိုကိုကျော်ကကော…။ အထွေးလေးကို ချစ်မှာပါပဲ ။ အထွေးလေးက လိမ္မာတာပဲ ။ ဒီမှာနေဆို နေတာပဲ ။ ဒီလိုလုပ်ဆို လုပ်တာပဲ ။ မယုံရင် မေမေတို့ကို မေးကြည့်ပါလား ။

ပြီးတော့ ကိုကိုကျော်က သိပ်ကြင်နာတတ်ပုံရတာပဲ။ ခြင်ကိုက်တာကိုတောင် မရိုက်ဘဲ လက်နဲ့ယက်ပြီး မောင်းထုတ်တာ အထွေးလေးမြင်ဖူးတာပဲနော်။

နိုင်လွန်ဇာခြင်ထောင်၏ ထောင့်ဘက်အပြင်မှာ ခြင်ထောင်သားနဲ့ ကပ်ပြီး ကြိုးလေးတစ်ချောင်း ရှိနေသည်။ ထိုကြိုးလေးကိုဆွဲလိုက်လျှင် ကလစ်ခနဲ အသံမြည်ပြီး မီးဝါကလေး ပွင့်သွားမည်။

ထိုအခါ သူမကို ကိုကိုကျော် မြင်တော့မည်။ သူမက ပြုံးပြပြီး “ကိုကိုကျော်ကို အထွေးလေးချစ်လို့”ဟု အော်ပြောချင်သည်။ ဒါမှမဟုတ် “အထွေးလေးက ကိုကိုကျော်နဲ့ နေချင်လို့ ” ဟု ဖြစ်ဖြစ်ပေါ့ ။ ကိုကိုကျော်က နူးနူးညံ့ညံ့ ပြုံးပြလိမ့်မည် ထင်သည်။

ချက်ချင်းပဲ သူမ ပျော်ရွှင်လာသည်။ သည်တော့ အသံထွက်အောင်ပင် ရယ်မော ပျော်ရွှင်မိတော့သည်။ ကိုကိုကျော်.. ကိုကိုကျော်… ဟုလည်း စမ်းခေါ်ကြည့်နေမိသေးသည်။

သို့ပေမဲ့ “ကိုကိုကျော်၊ ကိုကိုကျော်” ဟူသော သူမ၏ ခပ်ဖွဖွရေရွတ်သံက တဖြည်းဖြည်း တုန်လှုပ် တိုးတိတ် သွားရသည်။ သူမ၏ တွယ်တာရေရွတ်မှုကို သိပ်လှသည့် မိန်းမငယ်တစ်ယောက်က ချေမှုန်း ဖျက်ဆီး ခဲ့သည်။

သူမ၏ ကြည်နူးသာယာဖွယ် မြင်ကွင်းအောက်ကို ထိုမိန်းမက တရွေ့ရွေ့ဝင်လာသည်။ ပျော့နွဲ့သော အင်္ကျီရှည်ဖားလျားနှင့် ဆံပင်တို့ဖွာကျဲနေသော်လည်း ထိုမိန်းမက လှပလွန်းနေသည်။ ပြီးတော့ ညံ့ညံ့ သက်သက် ပြုံးလို့ ။

ကိုကိုကျော့် အနားကို ညင်ညင်သာသာ လျှောက်လာနေတာ။ ကြည့်စမ်း... ထိုမိန်းမ လာနေသည်ကို လှည့်မကြည့်ပါဘဲ ကိုကိုကျော်က သိသယောင် ပြုံးနေပြန်၏။ ကိုကိုကျော်က သဘောကျတယ်လား ။ ဟုတ်လား.. ။ သူမ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

အို … မဟုတ်သေးပါဘူး ၊ ကိုကိုကျော့်နှမကော မဖြစ်နိုင်ဘူးလား။ အို.. ဘာပဲဖြစ်ဖြစ် ကိုကိုကျော့် အနားမှာ ဘယ်သူမှ မရှိစေချင်ဘူးနော် ။ ထိုမိန်းမက ကိုကိုကျော့် နောက်ပါးမှ နီးကပ်စွာ ရပ်လိုက်သည်။ ဟော … ကိုကိုကျော်က ငဲ့ကြည့်လိုက်၏။ ကြည့်စမ်း၊ နှစ်ယောက်သား ပြုံးလို့။ မိန်းမငယ်၏ အပြုံးကတော့ မပွင့်တပွင့်ပဲ။

ထိုမိန်းမက ခေါင်းကို ငုံ့ချလိုက်ကာ ကိုကိုကျော် ပခုံးလက်ပြင်မှာ ပါးအပ်လိုက်ပြန် သည်။ ကိုကိုကျော်က ကိုယ်ကို လှည့်လိုက်သည်။ ထိုစဉ်မှာ သူမ၏ခန္ဓာကိုယ်အတွင်းမှ အပူလုံးတစ်ခု လည်မျိုဆီ ဆောင့်တက် လာသည်။ သူမကြည့်ဖူးသော ရုပ်ရှင်ကားတွေထဲမှ မင်းသားနဲ့ မင်းသမီးတွေကို သတိရမိသည်။

ကိုကိုကျော်က ခေါင်းငုံ့ထားသော ထိုမိန်းမ၏ မျက်နှာကို မေးဖျားမှပင့်ကာ မော့စေသည်။ ကြည့်စမ်း ၊ လှလိုက်တဲ့ မိန်းမ။ ပိန်ချိုင့်နေသော အထွေးလေး မျက်နှာနှင့်တော့ ကွာလှပေါ့ ။

တစ်ခုခုကို ကြိုသိနေသလို သူမ တုန်လှုပ်လာသည်။ သူမ ကိုကိုကျော့်ကို အပြီးတိုင် ဆုံးရှုံးတော့မည်။ ဒါ … သေချာသည် ။ လည်ချောင်းဝမှာ ဆို့နင့်လာသည့် တံတွေးတို့ကို ခက်ခက်ခဲခဲ မျိုလိုက်ရသည်။

ထိုမိန်းမက မျက်လွှာကို ဖိပိတ်လိုက်သည်။ ကိုကိုကျော် မျက်နှာက ထိုမျက်လွှာတွေထံ ကပ်သွားနေသည်။

သူမလည်ပင်းမှာ ယားယံလာသည်။ ရုတ်တရက် လည်ပင်းကို အလန့်တကြား စမ်းမိတော့ အခွံမာအေးခြောက်ခြောက်တစ်ခုကို ထိမိသည်။ သူမ ဘယ်တုန်းက ခြင်ထောင်အပြင်ကို ရောက်နေလဲ။ သူမလည်ပင်းဆီ ရောက်အောင် ထိုပိုးဟပ် ဘယ်တုန်းက တက်လာနေသလဲ။

သူမ ဖယ်ပစ်ဖို့ ကြိုးစားစဉ်မှာပင် ကိုကိုကျော့်ထံမှ မျက်လုံးခွာမရ။ ကိုကိုကျော်က ထိုမိန်းမပါးကို ခပ်ဖွဖွ နမ်းလိုက်သည်။ သူမ၏ပါးပြင်သို့တိုင် စူးယားသော အတွေ့က တွားတက်လာသည်။

အမယ်လေး …. ‘ပိုးဟပ်’ ၊ သူမ ခုမှ သတိဝင်လာသူလို ကြောက်လန့်ရတော့သည်။ သူမ အသံကုန် အော်ဟစ် လိုက်မိစဉ်မှာတော့ “မိအထွေးလေး ဘာဖြစ်ပြန်လဲ”ဟူသော မေမေ့အသံနှင့်အတူ သူမ၏ အိပ်ခန်းတံခါး သော့ဖွင့်သံကို ကြားရပြီး သူမအရာရာကို ခေတ္တ မေ့ပျောက်သွားရတော့သည်။

+++++


ထိုညက သူမသတိပြန်ရချိန်မှ စကာ ယနေ့ထက်တိုင် သူမ၏ပြတင်းတို့ကို သူမ မလှစ်ရဲတော့။ ထိုစဉ်မှစ၍ ပိုးဟပ်တစ်ကောင် တွားတက်ကာ သူမ၏ပါးကို ကုတ်ခြစ်သော အိပ်မက်ကို မက်လေ့ရှိလာခဲ့သည်။ အိပ်မက်ဆုံး ခါနီးလျှင်တော့ ထိုပိုးဟပ်က ကိုကိုကျော်ဖြစ်သွားရာ ထိုအိပ်မက်ကို သူမ မကြောက်ခဲ့ချေ ။ သို့ပေမဲ့ လက်တွေ့ ဘ၀ကိုတော့ ပို၍ နာကျည်းတတ်လာခဲ့သည်။

တကယ်ဆိုလျှင် အမြဲလို ဖေဖေ့ကို တမ်းတနေရသော သူမအတွက်တော့ အလွမ်းဆိုတာက မစိမ်းခဲ့ပါ။ သို့ပေမဲ့ ကိုကိုကျော့်ကို လွမ်းရခြင်းကတော့ဖြင့် နှမျောတသဖြစ်ရခြင်းတွေ၊ ပြန်လည် ရယူလိုစိတ်တွေ၊ တစ်စုံတစ်ရာကို ကြောက်ရွံ့တုန်လှုပ်ခြင်းတွေဖြင့် ပြည့်နှက်ကာ ခံစားရတာ ခက်ခဲပင်ပန်းလှသည်။

ပြီးတော့ ရေငတ်ခြင်းတွေ၊ ချွေးစေးထွက်ခြင်းတွေ ပြန်လည်ကြီးစိုးလာကာ သူမ၏ညတို့က သူမကို ပြန်လည် ခြောက်လှန့်လာကြပြန်၏။ သူမသာ တခြား မိန်းမငယ်များလိုပင် ကျန်းမာ သန်စွမ်းသော၊ မူမှန်စိတ်မျိုးရှိသည်ဟု သတ်မှတ်ခံရသော၊ ပြင်ပကို သွားလာခွင့်ရသော အခြေအနေကို ပိုင်ဆိုင်ခွင့်ရလျှင် အင်မတန် ကျဉ်းမြောင်း သော သူမ၏လက်ရှိပတ်ဝန်းကျင်၌ သူမ ယခုလောက် စိတ်အကျဉ်းကျလိမ့်မည်မဟုတ်ဟု မကြာခဏ တွေးမိ တတ်သည်။

ခုတော့ ထိုဘ၀ထဲက ထွက်ပြေး လွတ်မြောက်ဖို့တော့ဖြင့် သူမ ဘယ်သောအခါမှ တတ်နိုင်မည်မဟုတ်ပါ။ သူမက အင်အားချည့်နဲ့လှသူ မဟုတ်လား။

ထို့ကြောင့်ပင် မောင်မောင်ဦးကို ရှုံးနိမ့်လိုက်ရခြင်း ဖြစ်မည်။ ပြီးတော့ မောင်မောင်ဦးသည် သူမအတွက်တော့ ပထမဆုံး ပိုးဟတ်လူသားလည်း ဖြစ်သည်။

+++++

မောင်မောင်ဦးက မေမေ၏ ကစားဖော်တစ်ဦးဖြစ်သည်။ သူမထက် သုံးလေးနှစ်လောက်သာ အသက်ပို ကြီးနိုင် သော်လည်း အောင်မြင်နေသော စီးပွားရေးသမားတစ်ဦး ဖြစ်၏။ သူသည် မျက်လုံး တောက်တောက်ရှိပြီး အသားရောင်က ထာဝစဉ် နီစပ်စပ်ရှိနေတတ်၏။

သူ၏မျက်လုံးကို ပင့်ကြည့်လိုက်လျှင် အကြည့်ခံရသူအနေဖြင့် တုန်လှုပ်သွားနိုင်၏။ နေ့လယ်နေ့ခင်း ဗီဒီယို ကြည့်ဖို့ အခန်းပြင်ထွက်ကာ အောက်ထပ်ဧည့်ခန်းသို့ဆင်းတိုင်း သူမကတော့ မောင်မောင်ဦး၏ မျက်လုံး အောက်၌ တုန်လှုပ်ရတတ်သည်။

တကယ်တော့ မောင်မောင်ဦးထံ၌ သူမ သာယာကျေနပ်ခဲ့ခြင်း မဟုတ်။ ကိုကိုကျော့်အပေါ် ခံစားရသလို ပျော်ရွှင် ကြည်နူးရခြင်းလည်းမရှိ။

သို့ပေမဲ့ ထိုမောင်မောင်ဦးက သူမကို သဘောကျသည်တဲ့။ မေမေကပင် သူမ၏ကျန်းမာရေး ချူချာချို့တဲ့၍ ကျောင်းပညာပင် ဆက်မသင်နိုင်သည့် သမီးအထွေးလေးကို ထိုမောင်မောင်ဦးက သဘောကျသည်၌ ပီတိ ဖြစ်နေခဲ့သည်။

သို့ပေမဲ့ မောင်မောင်ဦးကို ရင်ဆိုင်လိုက်ရခြင်းကတော့ သူမ အပြစ်သာ ဖြစ်ခဲ့သည်။
ထိုနေ့က မေမေတို့၏ ကစားဝိုင်းစချိန် နောက်ကျခဲ့၏။ မေမေကလည်း အပြင်ထွက်သွားရာမှ ပြန်မရောက်သေး။ ပြီးတော့ တိုက်ဆိုင်လှစွာ မောင်မောင်ဦးက အစောဆုံးရောက်လာခဲ့သည်။ ကစားပွဲလုပ်နေကျ ထမင်းစားခန်း၌
မောင်မောင်ဦးတစ်ယောက်တည်း ရှိနေသည်မှန်းသိလျက်နှင့် အရောက် သွားခဲ့သည့် သူမ အပြစ်ပဲပေါ့ ။

သိပ်မလိုအပ်လှပါဘဲနှင့် မောင်မောင်ဦးကျောပေးထိုင်နေသော ရေခဲသေတ္တာရှိရာ သူမ လှမ်းသွားမိစဉ် မောင်မောင်ဦးက ထုံးစံအတိုင်း မျက်လုံးလှန်ကြည့်၏။ သူ၏ နှုတ်ခမ်းတို့က ခပ်နီနီရှိသည်။ ကိုကိုကျော်နှင့် တူသည်ထင်၏။ သူမ ကယောင်ချောက်ချား ဖြစ်လာသည်။

ဘွားလေးကပြောဖူးသည်။ မောင်မောင်ဦးက စာရိတ္တမကောင်းဘူးတဲ့၊ ပွေတယ်တဲ့။ သူက ခပ်ယဲ့ယဲ့ ပြုံးပြလာ သည်။ ကိုကိုကျော်ကတော့ ပြုံးမပြဖူးဘူးနော်။

ခုအချိန်မှာ သူမအနည်းငယ်ဖျားနေသည်။ ပြီးတော့ ကိုကိုကျော့်ကို သတိရလွန်းနေသည်။ ဖေဖေ့ကိုလည်း တမ်းတသည်။ စကားတွေပြောဖို့ပေါ့ ။ တကယ့်ကို သူမ ရင်ထဲ သိမ်းထားသမျှ စကားပြောဖို့၊ အဆိုးဆုံးကတော့ ဘွားလေး ရှိမနေတာဘဲ။ မောင်မောင်ဦးကို စကားတွေ ပြောချင်လာသည်။ ထို ဆန္ဒနှင့်ပင် သူမ ပြန်ပြုံးပြ လိုက်သည်။ သူက မျက်လုံးတွေကို မှေးစင်းလို့ ကြည့်လာ၏။ သူမရင်၌ တဆတ်ဆတ် ခုန်လာသည်။

“အထွေးလေးကို ပိုးဟပ်တွေက နှိပ်စက်လာပြန်ပြီ”။
သူမအသံက ဗလုံးဗထွေး ထွက်သွားသည်။
“အိပ်မက်တွေလည်း သိပ်မက်တယ်”။
တကယ်ပဲ အသံက ရယ်ချင်စရာ ကောင်းလောက်အောင် သံစဉ်မညီမညာ ဖြစ်နေသည် ထင်၏။ ပုံမှန်ဖြစ် အောင် ကြိုးစားရမည်။
“ကိုကိုကျော်လည်း အမြဲပါတယ် သိလား”။
သူမစကားက အဆက်အစပ်ကွာသွား၍လား မသိ၊ မောင်မောင်ဦးက ပြုံးလိုက်သည်။

မဟုတ်သေးပါဘူး။ မောင်မောင်ဦးက ကိုကိုကျော့်ကို သိပါ့မလား။ သူမ ခေါင်းမူးလာသည်။ ညက သူမ အိပ်ပျက် ခဲ့သည်ပဲ။ အိပ်မက်မက်အပြီး ပြန်အိပ်မရဖြစ်နေခဲ့တာ သုံးနာရီနီးပါး ကြာခဲ့၏။ မောင်မောင်ဦးနံဘေးက ကုလားထိုင်မှာ သူမ ၀င်ထိုင်လိုက်မိသည်။ သူက ခပ်ငေးငေး စိုက်ကြည့်ကာ သူမဆံပင်တွေကို ခပ်ဖွဖွ တို့ထိ လာသည်။ ဖေဖေ့လိုပဲ သူက ကြင်နာတတ်တယ်လား။

“အထွေးလေးက အစ်ကိုကြီးနဲ့ အစ်ကိုလေးကို သိပ်မုန်းတာ၊ မေမေ့ကိုလည်း မချစ်ဘူး”

စကားပြောနေရတာ ရင်ပေါ့သည်။ သူက သူမ၏ လက်ဖမိုးကို ပွတ်သတ်နေ၏။

နောက်တော့ ဘယ်လိုဖြစ်ပြီး မောင်မောင်ဦးက သူမ၏အိပ်ခန်းထဲ ရောက်လာသည် မသိ။ သူ၏ နှုတ်ခမ်းမွှေး စူးစူးနှင့် ဆံပင်ကြမ်းကြမ်းတို့ သူမပါးပြင်နှင့် လည်ပင်းကိုလာ ပွတ်သတ်မိတော့မှ သူမ သတိရကာ စူးစူးဝါးဝါး အော်ဟစ်မိတော့သည်။

သူမ၏ အော်ဟစ်နေသော ပါးစပ်ကို မောင်မောင်ဦးက သူ၏လက်ကြမ်းကြီးများနှင့် ဆို့ပိတ်ထားစဉ် သူ၏ မျက်လုံးတို့က ချင်းချင်းနီနေကြ၏ ။

သူမ ရွံရှာ စက်ဆုပ်စွာ ဆက်ပြီး အော်ဟစ်ရုန်းကန်မိပြန်သည်။ နောက်တော့ သူမ၏ ပါးပြင်နှင့် မေးရိုးတို့ ပြင်းထန်စွာ နာကျင်ပြီး မျက်လုံးထဲ၌ မီးတောက်တစ်ခု ထတောက်အောင် သူက ရိုက်နှက်ပြီး အခန်းထဲက ထွက်သွားခဲ့သည်။

ထိုအချိန်မှာ အသံကုန်အော်ဟစ်နေမိပေမဲ့ သူမအသံတို့ပျောက်ဆုံးနေခဲ့ကြသည်။ ထိုညက အဖျားကြီးပြီး ကယောင်ကတမ်းအော်ဟစ်တော့ ပိုးဟတ်ကြီးဟုသာ စူးစူးဝါးဝါး ရေရွတ်ခဲ့သည်ဟု သူမကို တာဝန်ယူပြုစုရသူ ဆေးဖောက ပြန်ပြောပြ၏။

ထို အဖြစ်အပျက်ကို ဘယ်သူမှ မသိလိုက်ကြ။ ဘယ်သူ့ကိုမှလည်း သူမ မတိုင်တန်းရဲခဲ့။ သူက သတ်ပစ်မယ်ဟု ပြောသွားသည် ထင်၏။ အဲဒီနေ့၏ နောက်တစ်ညမှစကာ သူမ၏ အိပ်မက်ထဲမှာ ဧရာမပိုးဟပ်ကြီးတစ်ကောင် ပါလာတော့တာဖြစ်သည်။ ထို ပိုးဟပ်ကြီးက ဒရက်ကူလာလို သွေးစုပ်တတ်၏။ မောင်မောင်ဦးလို နှုတ်ခမ်းမွေး စူးစူးများလည်းရှိ၏။

ပြီးတော့ အိပ်မက်၏အဆုံးထိတိုင် မမက်ရဲဘဲ ပါးပြင်ပေါ် ထိုပိုးဟတ်ကြီး ရောက်လာသည့်အခိုက်မှာပဲ အိပ်မက်က ရပ်တန့်သွားတော့သည်။ ထို့နောက်မှာတော့ ရေငတ်မောပန်းပြီး ဆီးသွားချင်ဖြစ်လာမည်။ ပြင်ပက တကယ့် ပိုးဟပ်တို့ကြောင့် ကြက်သီးဖြန်းဖြန်း ထမည်။ တခါတရံ ကြောက်လွန်းမက ကြောက်လာတော့ ဖေဖေ့ကို တမ်းတကာ ငိုမိမည်။ မေမေ့အပြောအရ နောက်နှစ်နှစ်ကြာမှ ပြန်လာမည့် အဖေကို စောင့်ချင်စိတ် တွေကြောင့် လက်ရှိဘ၀ ထဲမှ လည်း သူမ ထွက်မသွားရဲပါ ။ သူမ မလွတ်မြောက်နိုင်တော့ပြီလား။

+++++++

ရေငတ်လာပြန်ပြီ။ ချွေးတို့စို့လာစဉ် ဆီးသွားချင်လာပြန်၏။ သူမ သောက်ရသော ဆေးတစ်မျိုးက ဆီးသွားစေသည်တဲ့။ လေးလံနေသော မျက်ခွံတို့ကို အားတင်းဖွင့်တော့ မီးအလင်းရောင်ကြောင့် မျက်လုံးတို့ ကျိန်းစပ်၏။ ခုန အိပ်မက်မှာတော့ ပိုးဟပ်က သူမ ခြေဖမိုးပေါ်ကိုသာ ပြေးလွှားတက်လာတာ။ မျက်နှာသို့တိုင် မရောက်လိုက်။ သူမက လန့်ဖျပ် ခါထုတ်ရင်း အမှတ်တမဲ့ ခုန်လိုက်တော့ သူ့ကို နင်းမိသွား၏။

ဗျစ်ကနဲ အသံမြည်ကာ ထိုပိုးဟပ်ကြီး၏ ခန္ဓာကိုယ် ပိပြားသွားပြီး လူတွေလိုပဲ သွေးတွေ၊ အူအခွေတွေ ထွက်လာသတဲ့။သူမက သဘောကျပြီး ဟက်ဟက်ပက်ပက်ရယ်မိစဉ် အိပ်မက်မှ နိုးလာခဲ့ခြင်းဖြစ်သည်။ ခုပင် စိတ်ထဲ၌ ပျော်နေသေးတော့။ သို့ပေမဲ့ အငုံ့လန့်စိတ်ကတော့ မကုန်ချင်။ ဘေးနံရံတွေမှာ လျှောက်ကြည့်တော့ ထူးဆန်းလှစွာပင် ပိုးဟပ်တစ်ကောင်မှ ရှိမနေ။ ကြမ်းပြင်မှာတော့ ဆေးဖော လုပ်ပေးထားသည့် ပိုးဟပ် တားဆေးဖြူဖြူတွေ ဖွေးနေ၏။ အတော်ကြာကြာ စောင့်ကြည့်သည့်တိုင် တစ်ကောင်တစ်လေမှ ထွက်မလာကြ။ ရေချိုးခန်းထဲမှာရော…။ အသက်ကိုပင် ဖွဖွရှူကာ နားစွင့်ပေမဲ့ ထိုအကောင်တို့၏ ခြေသံ၊ တောင်ပံသံ လုံးဝ မကြားရ ။ သူမထံ၌ စွန့်စားလိုစိတ်တွေ ရှိနေပါလား။

အိပ်မက်မှာ ပိုးဟပ်ကြီးကို နိုင်ခဲ့တာပဲလေ။ ကိုယ်တိုင်ပင် သတိမမူမိစွာ သူမခြေလှမ်း တို့က ရေချိုးခန်းသို့ ဦးတည်နေသည်။ တံခါးတွန်းဖွင့် စဉ်မှာတော့ လန့်နေသေး၏။ သူမ၏ ဖိနပ်သံကလွဲ၍ ဘာသံမှရှိမနေ။ ရေချိုးခန်းထဲ ခြေလှမ်းသုံးလှမ်း အ၀င်မှာပဲ ရုတ်တရက် သူမအောက်ကို ပိုးဟပ် တစ်ကောင် ပြေးဝင်လာသည်။ ရှောင်ပေမဲ့ မမီတော့။ ဗျိကနဲ မြည်သံနှင့်အတူ ဖြူပျစ်ပျစ် အရည်တွေ ထွက်ကာ တစ်ကောင် မရှုမလှ သေသွားသည်။


ကြည့်နေရင်းပင် ထိုဖြူပျစ်ပျစ်အရည်တွေက နီစွေးသောသွေးတွေ ဖြစ်သွားပြန်၏။ သူမ ကျေကျေနပ်နပ်ပြုံးကာ ခြေဆက်လှမ်း၏။ ရုတ်တရက် နောက်တစ်ကောင် အိမ်သာကြွေခွက်မှ ပြေးဆင်းကာ သူမခြေလှမ်းအောက်ကို ၀င်လာပြန်၏။ နောက်တစ်ကောင် သွေးချင်းချင်း နီပြန်ပြီ။ တဖြည်းဖြည်း သူမ ပျော်လာ၏။ ဒီည ဘာဖြစ်နေသလဲ၊ ပိုးဟပ်တွေက သူမကို အရှုံးပေးကာ သူတို့ကိုယ်တိုင် အနင်းသတ် ခံနေကြတာပဲ။ ပြီးတော့ ပျော်စရာလည်း ကောင်းလှသည်။

မေမေ ဆူဦးမလား။ အစ်ကိုတွေက ပိုဆိုးတာနော်။ ဒုက္ခပဲ…။ သေသွားခဲ့သော ပိုးဟပ်နှစ်ကောင်ကို လှည့်ကြည့် မိ၏။

မြတ်စွာဘုရား… ပိုးဟပ်တစ်ကောင်က အစ်ကိုကြီးလို မျက်လုံးပြူးနှင့်၊ နောက်ထပ် တစ်ကောင်က အစ်ကိုလေး လို ခြေတံလက်တံရှည်ရှည်။ ဒါ ….. အစ်ကိုကြီးနဲ့ အစ်ကိုလေးပဲ။ သူမ သဘောကျသွားသည်။ နောက်ထပ် ပိုးဟပ်တွေ ၀င်ပြေးလာကြပြန်သည်။ သူမ မရှောင်တော့။ သူမ၏ မျက်လုံးထဲမှာ ပိုးဟပ်တွေ အတုံးအရုံး။ မောင်မောင်ဦး ၊ ကိုကိုကျော်နှင့် သူ၏ မိန်းမငယ်တို့ အတုံးအရုံး။

သူမနိုင်ပြီ ။ ၀မ်းသာအားရ အော်ဟစ်မိတော့သည်။
ကြည့်စမ်း...၊ ကြမ်းပြင်တစ်ခုလုံး သူမမုန်းသူတို့၏ ရုပ်အလောင်များဖွေးလို့၊ ၀မ်းမြောက် ကျေနပ်စွာ သူမ အသံကုန်ခြစ် ဟစ်အော်မိတော့သည်။

+++++++

သူမ၏ အော်ဟစ်သံအဆုံးမှာ တံခါးဖွင့်သံတွေ ဆက်တိုက်ကြားလိုက်ရသည်။ မေမေ … အစ်ကိုကြီး၊ အစ်ကိုလေး၊ ဆေးဖော နဲ့ မာလီကြီး။ လူတွေ အများကြီးပါလား။ လူတွေ မဟုတ်ပါဘူး။ ပိုးဟပ်တွေပါ။ ကြည့်ပါလား…. ညည်းတွားသံတွေပေးလို့ ပြေးဝင်လာကြတာ ။ သူမ ကြိုးစားပမ်းစား နင်းသတ်နေမိပြန်သည်။

အထွေးလေး သိပ်အခြေအနေဆိုးနေပြီတဲ့…။ သူမပါးစပ်ကို အစ်ကိုကြီးက အတင်းလာပိတ်သည်။ အိုး…. ကြမ်းတမ်းလိုက်တဲ့ အတွေ့။ ပိုးဟပ်အစစ်ပဲ။ မကောင်းဆိုးဝါးနံ့ကလည်း ရသေးရဲ့…။ အစ်ကိုလေးက အတင်း ဖမ်းချုပ်ပြန်၏။ ဆေးရုံပို့မယ်တဲ့။ ချက်ချင်းပဲ ခေါင်းထဲမှာ မူးဝေလာသည်။

+++++++

သူမ နောက်ဆုံး မြင်လိုက်ရသည်က သူမကိုယ်တိုင် ဖိနင်းသတ်ခဲ့သော အလောင်းကောင်များမှ အသက်ပြန် ၀င်ကာ ထိုပိုးဟပ်များက သူမကို တရွေ့ရွေ့ ဆွဲခေါ်သယ်ဆောင် သွားနေတာပဲဖြစ်သည်။ ထို့နောက်မှာတော့ အကြောက်ကြီး ကြောက်ကာ သူမ အရာရာကို မေ့သွားတော့သည်။

(ဒီက ပုံပါ)

မေငြိမ်း
၁၉၉၀၊ ဇန်န၀ါရီ၊ မဟေသီမဂ္ဂဇင်း။

6 comments:

တန်ခူး said...

'အထွေးလေး' မေမေကို မုန်းတယ်၊ အကိုနှစ်ယောက်ကို မုန်းတယ်၊ မောင်မောင်ဦးကို ရွံတယ်။ 'အထွေးလေး' ရဲ့မွန်းကြပ်ပိတ်လှောင် အထီးကျန်မှူတွေ ကိုယ့်ဆီကူးစက်ပြီး ဝတ္ထုဆုံးတော့ ပိုးဟပ်နံ့တွေရနေသလို အသက်ရှူမဝဘူး 'မ'ရယ်။

သက်ဝေ said...

အရမ်းကောင်းတာဘဲ။
အစ အဆုံး နှစ်ခေါက်ပြန်ဖတ်ပြီး ဘာစကားမှ မဆိုနိုင်အောင် တနင့်တပိုး ခံစားရပါတယ်။
ပိုးဟပ်ဆိုတဲ့ အကောင်ကိုလဲ ပိုရွံပြီး ပိုကြောက်သွားသလိုဘဲ...။

zayar said...

ur post hit my soul. count me as your usual blog audience, please. :)
but wanna say one thing! our traditional family type can't be the same as the one in this story. if i have opportunity to be there, i do kick ah htway lay's mother to the shit hole. u know she has responsible for her daughter. Thanks for the post. wish that i wanna write such a wonderful post as u did. :)

pandora said...

အစအဆုံးအသေအချာပြန်ဖတ်ရင်း အသက်မရှုနိုင်ပဲ မျောပါခံစားသွားပါတယ် အမရေ

မေငြိမ်း said...

တန်ခူး၊သက်ဝေ၊ဇေယျာ၊ပန်ပန်... တကယ်တော့ ကျမတို့ ၀န်းကျင်မှာ အဲလို စိတ်ဒုက္ခပေးတဲ့ ပိုးဟပ်တွေ အများကြီးးးးး အဲလို ခံစားနေခဲ့ရတာ နှစ်၂၀ရှိပီ..။

M.Y. said...

Cockroachphobia နဲ စိတ် ကူးယဉ် ကစားတတ်တဲ့ အရွယ် မိန်းမပျိုလေးတစ်ဦးရဲ့ သဘာဝ ကိုချယ်မှုန်းထားတဲ့ ရေးချက်ထဲမှာ စိတ်အလျဉ်အတိုင်းလိုက်ပါသွားမိတယ်..ပိုးဟပ်ကိုယ်ကထွက်ကျလာတဲ့အဖြူရောင်အရည်တွေကအမှန်တော့သွေးတွေပါပဲ..အဲဒိသွေးတွေစီးဆင်းသွားလိုက်ပုံများ..ဖတ်သူရဲ့ စိတ်ထဲမှာချောက်ခြားကျန်ရစ်လို့ ..

ပိုးဟပ်ကိုရွံ ကြောက်ကြောက်တတ်တဲ့ကျွန်တော့်အတွက်.. ၁၉၉၀၊ ဇန်န၀ါရီ၊ မဟေသီမဂ္ဂဇင်း မှာပါကထဲကဖတ်မိပြီး စွဲစွဲမြဲမြဲကျန်ရစ်ခဲ့တဲ့ဝတ္ထုတစ်ပုဒ်ပါ..ပြန်ဖတ်ခွင့်ရလို့  ကျေးဇူးပါ..စိတ်ကိုပိုင်နိုင်စွာချယ်မှုန်းနိုင်တယ်လို့ ဆိုပါရစေ..