Mar 19, 2008

ပိုးဟပ်(အပိုင်း-၂)


တကယ်တော့ ကိုကိုကျော်ကို စတွေ့ရသည်ကပင် ပိုးဟပ်များနှင့် ယှဉ်တွဲကာ နေခဲ့၏။
ထိုနေ့က သူမ၏ အိပ်ခန်းမှာ ပိုးဟပ်ပျံ တစ်ကောင် ရှိနေခဲ့၏။ ထို ပိုးဟပ်ပျံက တ၀ှီးဝှီးနှင့် ဟိုမှသည် ပြေးလိုက်၊ နားလိုက်၊ အိပ်ခန်းတံခါးကလည်း ပိတ်ထားသည်မို့ ထိုသတ္တ၀ါ အတွက် ထွက်ပေါက် ပိတ်နေပြန်သည်။
သူမက စာကြည့်စားပွဲမှာ အလုပ်ရှုပ်နေစဉ်ဖြစ်ရာ ရုတ်တရက် ဘယ်ကထွက်လာမှန်းမသိသည့် ထိုအကောင်ကို ကာကွယ်ဖို့ အချိန်မမီဖြစ်သွား၏။ ရုတ်တရက် သူမ ပခုံးစွန်ဖျားမှာ သူလာကပ်တော့မှ ကြောက်လန့်တကြား ထပြေးမိသည်။
ပြေးတော့လည်း သူမ အိပ်ယာနဲ့ ကပ်နေသော ခေါင်းရင်းက ပြတင်းပေါက်ဘေးကို ကပ်မိသည်။ ဟုတ်သားပေါ့။ ပြတင်းပေါက်ကို ဖွင့်လိုက်နိုင်လျှင် ထိုအကောင် အလွယ်တကူ ထွက်သွားနိုင်ဦးမည်။ ပြတင်းကို ဖျတ်ခနဲ လှမ်းဖွင့်ကာ လက်တစ်ကမ်းစာသာ ဝေးသော ခြင်ထောင်ကို မ တင်ကာ သူမ အိပ်ယာထဲ အမြန်ဆုံး ၀င်နိုင်ဖို့ သာ ကြိုးစားရမည်။ ၀ှီးခနဲအသံနှင့်အတူ ပိုးဟပ်က သူမ ဖွင့်လိုက်သော ပြတင်းပေါက်တံခါးရွက်မှာ သွားကပ် သည်။
တချိန်တည်းလိုပဲ သူမ အိပ်ယာထဲ အရောက် ၀င်လိုက်နိုင်သည်။ ပြီးတော့ သူမ၏ ဓလေ့အတိုင်း ခြင်ထောင် ကြောင့် လုံခြုံသွားမှုကို အားကိုးကာ သူမ ရွံ့မုန်းလှသော ထို အကောင်ကို လိုက်ကြည့်မိသည်။
ကြည့်ပါလား...၊ နှာမောင်းတံ တစ်စုံက လှုပ်ငြိမ့် လှုပ်ငြိမ့်နှင့် ခြေချောင်းတွေကလည်း အငြိမ်မနေ၊ တရွရွနှင့်။ အဲဒီ သူ့ခန္ဓာကိုယ်က အခွံမာ တောင်ပံကရော ဘယ်လောက် ခြောက်သယောင်းယောင်း နိုင်သလဲ။
အသည်းယားစရာ။ အပြင်လေထုထဲကို ပျံပါတော့လား။ နင့်အတွက် ပိုတောင် လွပ်လပ်ဦးမှာ။ သစ်ရွက်တွေ၊ ညပိုးဖလံတွေ ကိုတောင် စားရဦးမှာ။ ငါ့အခန်းထဲမှာဆို တော်ကြာနေရင် ဘွားလေးက Shell-tox တွေ၊ လေးညှင်းပွင့်တွေ ကြဲပက်ပစ်လိုက်မှာ။ နင့်ကို အန္တရာယ်တောင် ပေးနိုင်သေး။ ပိုးဟပ်ကတော့ ငြိမ်နေဆဲပင်။
သူမ စိတ်ပျက်လက်ပျက်နှင့် ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်နေမိသည်။ အဲသည် အချိန်မှာပဲပေါ့။ ကိုကိုကျော်က ပိုးဟပ်ပျံ ဘယ်နေရာကို ရောက်သွားသလဲ ဆိုတာကို သူမ မေ့သွားအောင် တတ်နိုင်ခဲ့တာ။
+++++
ခြင်ထောင်ထဲမှတဆင့် လှမ်းကြည့်လျှင် မြင်နိုင်သော တဘက်ခြံကို သူမ ငေးနေမိဆဲ။ သူမ၏ မျက်လုံးတွေကို အောက်ကို ကိုကိုကျော် ၀င်လာ ခဲ့တာပေါ့။
တဘက်ခြံမှ နှစ်ထပ်တိုက်၏ သူမ အိပ်ခန်း ပြတင်းထက် အနည်းငယ် နိမ့်သော ပြတင်းပေါက် တစ်ဖက်မှာ သူမကို လွှမ်းမိုးနိုင်သည့် လူငယ်တစ်ဦး ရှိနေသည်ဟု သူမ တခါမှ မသိဖူးခဲ့။ (ထိုလူငယ်ကို တစ်ယောက်က လှမ်းခေါ်သည်ကို သူမ ကြားရ၍ သူ့ အမည် ကိုကိုကျော်ဟု သိခဲ့ရသည်။)
ထိုစဉ်က နွေအပူကြောင့်ပဲလား မသိ။ ကိုကိုကျော်က အခန်းပြတင်း၏ ဇာခန်းဆီးကို ထောင့်ဘက်ကပ်ကာ စည်းနှောင်ထားခဲ့သည်။ ပြီးတော့ သူသည် စာကြည့် စားပွဲ၌ ထိုင်နေပုံ ရသည်။ မီးရောင်ကို မျက်နှာချင်းဆိုင် ထားရသည်မို့ သူ့မျက်နှာကို ထင်ထင်ရှားရှား လင်းလင်းပပ မြင်နေရသည်။ တခြံနှင့်တခြံ မဝေးလှသည်မို့ မျက်နှာရိပ်ကိုပင် မြင်သာ၏။ သူက စိတ်ပါဝင်စားစွာ စာဖတ်နေတာဖြစ်သည်။
သူ့ခန္ဓာကိုယ်အပေါ်ပိုင်းမှာ စွပ်ကျယ်ကလေးမျှပင် ဝတ်မထားခဲ့။ ကျစ်လျစ်သန်မာသော ရင်အုပ်နှင့် ပခုံးသား၊ လက်မောင်းကြွက်သားတို့မှာ မီးရောင်တွင် စိုလက်နေကြ၏။ စာဖတ်ရင်း တချက်တချက် မျက်နှာကိုမော့ကာ မျက်လုံးစုံမှိတ်ရင်း ငြိမ်သွားတတ်သေးသည်။
ထိုအခါတွင် သူမ အသက်ရှူပင် မှားမိသည်။ စေ့ယှက်နေကြသော မျက်တောင်ထူထူများ၏ အောက်က မြင်လွှာအာရုံဆီမှာ မိန်းမချောကလေး တယောက်ယောက်များ ရှိနေမှာလားဟင်။ သူမ ငိုမဲ့မဲ့ဖြစ်လာမိ သေးသည်။
သူမသည် အကိုနှစ်ယောက်နှင့် အမေတို့၏ တင်းကျပ်သောအုပ်ချုပ်မှုအောက်၌ နေရသူပီပီ၊ အလိုလိုက်သော ဖခင်နှင့် ခွဲခွာနေရသူပီပီ၊ ပြီးတော့ မိန်းမငယ်ကလေးပီပီ၊ စိတ်ငယ်လွန်းလှသူဖြစ်၏။ မယှဉ်ပြိုင်မီကပင် ဆုံးရှုံးမည်ဟု ထင်တတ်သူလည်းဖြစ်၏။
ပြီးတော့ လူငယ်တယောက်ကို ခုလို လွတ်လွတ်လပ်လပ် ကြည့်ခွင့်မရဖူးခဲ့သူ၊ ကံဆိုးချင်တော့ ထိုလူငယ် ကလည်း စွဲမက်ဖွယ်ချောမောသူ ဖြစ်နေ၏။ ထိုညမှစကာ... ညပေါင်းများ စာဖတ်နေသော၊ လမ်းလျှောက် နေသော၊ တွေငေးနေသော နွားနို့(ဖြစ်ဟန်တူသော) သောက်နေသော၊ ကံသိပ်ကောင်းလျှင် သူမ နှစ်သက် လှသည့်သီချင်းတို့ကို အဆိုမပါပဲ ဂစ်တာဖြင့် တီးရင်း လေချွန်နေတတ်သော ကိုကိုကျော်ကို ညစဉ် ခိုးစောင့် ကြည့်ခြင်းက သူမ၏အနှစ်သက်ဆုံး တာဝန်တခုဖြစ်လာခဲ့သည်။
ညခုနစ်နာရီတွင် ကိုကိုကျော် စာကြည့်စားပွဲထိုင်ကာ ညဆယ်နာရီတွင် ပြတင်းပေါက်ကို ပိတ်၏။
ညတိုင်း ခြင်ထောင်အတွင်း အိပ်ရာခေါင်းရင်းဘက်မှာ ထိုင်ကာ၊ ခေါင်းအုံးပေါ် စာအုပ်တအုပ်တင်ပြီး ဖတ်နေ ဟန်ဖြင့် ငြိမ်နေတတ်သော အခါတိုင်းလို ပိုးဟပ်ကြောင့် ပြေးလွှားနေသံ၊ အော်ငေါက်နေသံ၊ ညည်းညူသံတွေ မပေးတော့သော၊ သူမကို အမေတို့ကလည်း စိတ်ချလက်ချ လွှတ်ထားခဲ့ရာ သူမသည် ကိုကိုကျော့်ထံ လွတ်လပ်လွင့်မျောတော့သည်။
ကိုကိုကျော့်ကို မျက်လုံးမလွှဲတမ်းကြည့်ကာ အတွေးမှတဆင့် ကိုကိုကျော့်နံဘေးထိတိုင် သွားထိုင်နိုင်၏။ အမယ်...... သူ၏ ဖိပိတ်ထားသော မျက်လွှာအောက်ကိုပင် ဝင်ရောက် နိုင်သေး၏။ ထိုအခါမျိုး၌ ကိုကိုကျော့် မျက်လုံးအိမ်ထဲမှာ ဘယ်လိုကောင်မလေးမှ ရှိမနေ။ သူမတဦးတည်းသာ ဗိုလ်။ အကိုတွေနှင့် အမေက လျှပ်တပြက် ဝင်လာစစ်ဆေးရင်လည်း စာငုံ့ဖတ်နေရုံပဲ။ သို့ပေမဲ့ သူတို့က မရိပ်မိပါ။ သူမကို သတ္တိကောင်း လာပြီ ဟုပင် ချီးကျူး ကြသေး။
အချိန်တွေအများကြီး ကိုကိုကျော့်ထံပါး သူမစိတ်တို့ ယဉ်ပါးလွင့်မျောခဲ့ပါလျက်နှင့် ကိုကိုကျော်က သူမကို နည်းနည်းမျှ ငဲ့မကြည့်ခဲ့။
ဒါနဲ့ စိတ်ပညာရှင်တချို့ကပြောတော့ စိတ်၏အားစိုက်မှုဖြင့် လူတဦးနဲ့ တဦး ဆက်သွယ်နိုင်သည် ဆို။ သို့ပေမဲ့ နောက်ဆုံးအချိန်ထိ ကိုကိုကျော်က သူမကို တချက်ကလေးမျှပင် သတိ မပြုခဲ့။
သူမကတော့ အကိုတွေပြောသလို ခပ်ပေါက်ပေါက်ကောင်မလေးမို့ ထင်ပါရဲ့။ ဒါမှမဟုတ် မေမေ တခါက သူမ ကွယ်ရာမှာပြောသလို စိတ်သိပ်မကောင်းဘူးဆိုတာကြောင့် ဖြစ်မည် ထင်၏။
သူမ၏စိတ်စွမ်းအင်က ညံ့ဖျင်းနေတာ။ ဒါကြောင့် ကိုကိုကျော်က သူမ၏စိတ်ဆက်သွယ်မှုကို မသိနိုင်ခဲ့တာ ဖြစ်ရမည်။ ကိုကိုကျော့်ကို စ တွေ့စက နံနက်ခင်းတွေမှာလည်း ကိုကိုကျော်ကို ရှာမိသည်။ သို့ပေမဲ့ ကိုကိုကျော် တို့ ခြံထဲမှ ပိတ်ထားသောတံခါးရွက်များနှင့် တိတ်ဆိတ်နေသော သစ်ပင် ပန်းပင်များကသာ သူမကို ခပ်ငူငူ ကြည့်နေကြသည်ချည်းသာ။
သူမ အိပ်ရာထ နောက်ကျလို့လားဟု တွေးပြီး စောစောထပေမဲ့လည်း ကိုကိုကျော်၏ အရိပ်မျှကိုပင် မမြင်ရ။ သို့နှင့်ပင် သူမ ယခင်အချိန်များစွာမှာ ကြောက်ရွံ့ခဲ့ဖူးသော ညများကိုသာ တမက်တမော စောင့်မျှော် တတ်လာခဲ့တာ ဖြစ်သည်။
ထိုညများမှာတော့ သူမ၏ စိတ်အာရုံအလုံးစုံက ကိုကိုကျော့်ထံမှာသာ တည်နေတော့၏။ ဒါနဲ့တောင် ကိုကိုကျော်က သူမကို ရှာမတွေ့ခဲ့။ တခါတခါများ စိတ်တွင်းမှ ‘ကိုကိုကျော်ရေ.....’ ဟု အသံကုန် အော်ဟစ် ခေါ်မိသေးတာ အကြိမ်ပေါင်း များစွာ။
တကယ်ဆို… တယ်လီပသီဆို ရှိတယ်ဆို။
ကိုကိုကျော် သိသင့်ပါသည်။
တကယ်တမ်းကျတော့.....။
သူ့ထုံးစံအတိုင်း တကြိမ်မှာ ကိုကိုကျော်က မျက်နှာကိုမော့ကာ မျက်လုံးစုံမှိတ် ငြိမ်သက် နေခိုက် သူမကလည်း ငေးမောစူးစိုက်ငြိမ်သက်နေခိုက် ရုတ်တရက် ကိုကိုကျော့်မျက်လုံးတွေ ပွင့်လာ၏။ အိုးး.. ရင်တွေ တဆတ်ဆတ် တုန်ကာ သူမ သွေးရူးသွေးတန်းနိုင်စွာ ကုတင်ပေါ် ရုတ်တရက် မှောက်ချ ပုန်းကွယ် လိုက်မိသည်။
သူမြင်သွားလေသလား။
သူမ အသက်ရှူနှုန်းတွေ တအားမြန်လာပြီး ခေါင်းပင်မူးလာသည်။ နားထဲမှာလည်း တဝီဝီနှင့် ပိုးဟပ်တကောင် ပျံသန်းလေသလား။
ခဏကြာတော့ သူမကိုယ့်ကိုယ်ကို ပြန်သတိရကာ စိတ်တိုတော့သည်။ ကြည့်စမ်း သူရဲဘောကြောင်လိုက်တဲ့ မိန်းမ။ ဒါနဲ့များ ကိုကိုကျော်က အသိအမှတ်ပြုတာခံချင်သေး။ ညတိုင်း မီးဝါဝါတွေ လင်းလာချိန်မှ ဘယ်သူမှ မသိအောင် ပြတင်းပေါက်တွေက တဆင့် တယောက်မျက်နှာကိုတယောက် ငေးမောစိတ်ဝင်စားနေချင်သတဲ့။ ‘ကိုကိုကျော့်အနားမှာ အထွေးလေး သိပ်နေချင်တာပဲ’ လို့လည်း ပြောမတဲ့။ စိတ်ကူးယဉ်ခဲ့တာတွေလေ။
တကယ့်လက်တွေ့ကျတော့ ကိုကိုကျော် မြင်မှာကိုတောင် ကြောက်လန့်ပုန်းရှောင်တဲ့ မိန်းကလေးပဲ။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲနော်။ ကိုကိုကျော် မျက်လုံးတွေက ပွင့်လာချိန် တကယ်ပဲ သူမ တုန်လှုပ်ရတာပဲ။ ဘယ်လို ပြင်ဆင်ထားလို့မှ မရတာပဲ။
ပြီးတော့ ခေါင်းအုံးတွင်မျက်နှာအပ်ပြီး ငြိမ်သက်နေချိန်မှာ သူမခန္ဓာကိုယ်တခုလုံး သွက်သွက်ခါအောင် တုန်ယင်နေတော့သည်။
+++++
အဲသည်ညရဲ့ နောက်ပိုင်းမှာတော့ သူမကိုယ်တိုင်ကြောက်လန့်ခဲ့သော အမှောင်ကို ကိုယ်တိုင်ပဲ နွေးထွေးစွာ ကြိုဆိုတတ်ခဲ့သည်။
ကိုကိုကျော် သူမကို မမြင်ဖို့၊ အမေနှင့် အကိုတွေရန်ကိုလည်း ကာကွယ်နိုင်စွာ စောစောအိပ်သည်ဟု အကြောင်းပြပြီး သူမ၏ ညဦးပိုင်းများကို မီးမှောင်ချထားဖြစ်ခဲ့၏။ အမှောင်ထဲမှ နေ၍ အလင်းဝါအောက်မှ ကိုကိုကျော့်ကို ကြည့်နေရသည်က ပို၍ပင် ဆွတ်ပျံ့ ကြည်နူးဖွယ် ဖြစ်သည်။ ပြီးတော့ သူမ၏စိတ်ကို ပြီးပြည့်စုံသော လုံခြုံမှုလည်း ရစေ၏။ အမှောင်ထဲ၌ ရဲဝံ့နေသော သူမသည် တခါတရံ မျက်မှောင်ကုတ်လိုက်၊ တခါတရံ ပြုံးလိုက် လုပ်နေတတ်သော ကိုကိုကျော်နှင့် စကားတွေလည်း ဆိုနိုင်သည်။ ထိုအချိန်မှာတော့ အမှာင်ကိုပင် သူမ တွယ်တာလှသည်။
+++++
သုံးနှစ်သမီးမျှသာ အရွယ်ကတည်းက အိပ်ခန်းကျယ်ကြီးထဲမှာ တယောက်တည်း ခွဲအိပ်ခဲ့ရသော သူမက အိပ်ရာခွဲအိပ်စ ရက်မှာသိပ်ကြောက်လန့်နေခဲ့သည်။
ထိုအချိန်တုန်းကလည်း ဖေဖေက နယ်မှာအလုပ်လုပ်နေတာပဲဖြစ်သည်။ သူမငိုနေသည့် ကြားမှာ အကိုတွေက အခန်းတံခါးပိတ်သော့ချကာ မီးမှောင်ထဲမှာ သူမကိုပစ်ထားခဲ့သည်။
သူမကတော့ အိပ်ခန်းနှင့်ကပ်လျက် ထမင်းစားခန်းထဲမှာ မေမေတို့၏ဖဲဝိုင်းသံကြားနေရသည့်အထဲမှပင် အမှောင်ထဲမှာ ချွေးဒီးဒီးကျ ကြောက်လန့်နေခဲ့သည်။ ကြောက်လန့်လွန်းလာတော့ အိပ်ရာမှအသာထကာ အိပ်ခန်းဝင်ပေါက် တံခါးနား ကပ်သွား မိသည်။
ဆောင်းတွင်းအေးအေးကြောင့် သူမ အဝတ်ဖိနပ်ကလေး စီးထားခဲ့၏။ တံခါးရွက်တွေကို မှီရင်း သူမ အကြာကြီးပဲ ငိုနေခဲ့ရသည်။ နောက်မှ မောပန်းနွမ်းနယ်ကာ အိပ်ချင်လာ၍ အိပ်ရာထဲ ပြန်ဝင်ရ၏။ ပြီးတော့ လည်း အိပ်ပျော်သွားရတော့တာပဲ။
သို့ပေမဲ့ နံနက်အိပ်ခန်းတံခါးဖွင့်တော့ မေမေ့ဆူပူသံကို ရင်ဆိုင်ခံရသည်။ ကြမ်းပြင်ပေါ်မှာ ပိုးဟပ်သုံးကောင် ပိပြားသေနေကြသည်တဲ့။ ကြမ်းခင်းညစ်ပတ်သတဲ့။ ကလေးဖြစ်ပြီး ရက်စက်သတဲ့။ ဖအေ၏သမီးတဲ့။ မေမေ့မျက်နှာက မလိုအပ်ဘဲ တင်းမာလွန်းနေခဲ့၏။ နောက်တခါ ပိုးဟပ်သတ်ရင် နင့်ကို ရိုက်မယ်တဲ့၊ မေမေက နာနာကျည်းကျည်းဟန်ဖြင့် ပြောပြန်သည်။
ဘွားလေးက မေမေ့ကို ရင်ဆိုင်ကာ… ‘နေပါစေ မီမီ၊ ကလေးက ကြောက်လို့ သတ်မိတာဖြစ်မှာပေါ့။ ငါ အထွေးလေးနဲ့ တူတူအိပ်မယ်’ ဟု ၀င်ပြောတော့မှ သူမလည်း ဝမ်းသာသွား၍ မဆုံးခင် မေမေက ဘွားလေး၏အဆိုကို ကန့်ကွက်ခဲ့၏။
သေချာသည်ကတော့ ထိုအချိန်မှာတုန်းက သူမ ပိုးဟပ်ကို မကြောက်တတ်သေးတာပဲ ဖြစ်သည်။ နောင်မှ တယောက်တည်း ညတွေမှာ ထိုအကောင်တွေကို မနင်းမိဖို့ ရှောင်ရင်းပဲ တဖြည်းဖြည်း များပြားလာသော ထိုအကောင်တွေကို ရွံမုန်းလာတာဖြစ်သည်။
တကယ်လည်း ညမှောင်မှောင် အိပ်ခန်းကျယ်ကြီးအတွင်း စိတ်အေးချမ်းလွတ်ငြိမ်းရာရှာရင်း လမ်းလျှောက် သည့်အခါ… ပြတင်းပေါက်၌ ငေးမောနေသည့်အခါ… မေမေတို့ဖဲဝိုင်းမှ စကားသံတို့ကို သွားကပ်ပြီး နားထောင် သည့်အခါတွေမှာ ရှောင်မရနိုင်သောကြောင့် ပိုးဟပ်တွေကို နင်းမိမြဲ ဖြစ်၏။
မေမေက ပိုးဟပ်သေတွေကို တွေ့တိုင်း ဆံပင်ဆွဲ၊ နားရွက်လိမ်။ အကိုတွေက ရေချိုးခန်းမှာ မီးမှောင်ချ သော့ပိတ် ဒဏ်ပေး။ သူမဘဝကို မိသားစုနှင့်အတူ ညအမှောင်နှင့် ပိုးဟပ်ကလည်း ဒုက္ခပေး၏။ ဒါကို နားလည်တတ်လာသော အရွယ်ရောက်လာချိန်မှာတော့ သူမ ပိုးဟပ်တွေကို သိပ်ကြောက်နေခဲ့ပြီဖြစ်သည်။
ဖေဖေက သူမကို သိပ်ချစ်၏။ သူမသည် မွေးကတည်းကပင် အနေအေးသူဖြစ်သည်တဲ့။ အိပ်ရာက နိုး၍မှ မငိုတတ်။ သေးစို၍လည်း မငိုတတ်၊ နို့ဆာ၍လည်း မငိုတတ်ဘူးတဲ့။
အကိုနှစ်ယောက်နှုင့် ရှစ်နှစ်ခန့်ကွာပြီးမှ သူမကို မွေးသည့်အပြင် အကိုတွေက မေ့မေ့ အလိုလိုက်မှုကြောင့် ဆိုးသွမ်းလေရာ၊ ဖေဖေက သူမကို သိပ်ချစ်သည်တဲ့။ ဘွားလေးက ပြောပြ တတ်သည်။
အထွေးလေး ဖေဖေက သားဦးကိုတောင် မိန်းကလေးလိုချင်ခဲ့တာ။ ဒါကြောင့် သမီးကို တအားချစ်တာပေါ့။ နာမည်တောင် ‘အထွေးလေး’လို့ပေးတာ ကြည့်ပါလားတဲ့။
မိသားစုနှင့်အဝေးမှာ သားနှစ်ယောက်က လိမ္မာအေးချမ်းမှုမရှိသောအခါ ဖေဖေက ခေတ္တ ခဏ အိမ်ပြန်ရောက် ရသည့်တိုင် အစဉ်အမြဲ ဆူပူဆုံးမနေရတော့သည်။ ဆိုးသွမ်းလွန်းသော အကိုနှစ်ယောက်ကလည်း ရိုက်မှ ရတော့သည်တဲ့။ ထိုအခါ ဝင်တားတတ်သော မေမေနှင့် ရန်ဖြစ်ပြီး လူဖြောင့်စိတ်တိုဖေဖေက မေမေ့ကိုပါ ရိုက်မိတော့တာတဲ့။
သေချာသည်ကတော့ ဖေဖေ့စေတနာကို နားမလည်သော မေမေနှင့်အကိုနှစ်ယောက်က ဖေဖေ့ကို ရွံ့ကြောက်ကြကာ ဖေဖေချစ်တဲ့ အထွေးလေးကိုသာမဲပြီး အနိုင်ကျင့်ကြတော့တာ ဖြစ်သည်။
ဒါကိုပင် သူတို့က ကျေနပ်နှစ်သက် မြိန်ယှက်နေကြတာတဲ့။ မေမေ့အမေဖြစ်သော်လည်း အမှန်ကို မြင်တတ် သော ဘွားလေးက ပြန်ပြောပြ၍သာ ထိုအကြောင်းအရာတွေကို သူမ သိခွင့်ရခဲ့ခြင်းဖြစ်သည်။
+++++
မေမေ့အပြစ်ရှာမှုများသည် ဘာမှမဟုတ်သော အသေးအဖွဲကလေးများသာဖြစ်သည့် သူမ ထမင်းစားစဉ် ထမင်းလုံးဖိတ်မိခြင်း၊ ခြင်ထောင်ထဲခြင်ဝင်နေခြင်း၊ မှတ်ဉာဏ်ချို့တဲ့ကြောင်း ဆရာဝန်မှတ်ချက်ရှိလျက်နှင့် သူမအမှတ်နည်းရခြင်းတို့က အစ ပါတတ်၏။
အကိုတွေကျတော့ ပိုးဟပ်၊ အိမ်မြှောင်၊ ကြွက်၊ ဖားပျံ၊ စသည်တို့ကို သူမအလစ်မှာ ခြင်ထောင်ထဲ ထည့်ထားပြီး သူမလန့်လျှင်တော့ အပြစ်လုပ်ကာ နည်းအမျိုးမျိုးဖြင့် ဆုံးမ၏။ သူမကတော့ အဖေနှင့် အစ်ကိုတွေကို တုံ့ပြန်မရတိုင်း ထိုသို့အတူ မတုံ့ပြန်ရဲသည့်၊ သူမ အမုန်းတီးဆုံးဖြစ်သော ပိုးဟပ်ကိုသာ ကြောက်သထက် ကြောက်ပြီး မုန်းသထက် မုန်းလာတော့သည်။
သို့ပေမဲ့ ထိုစဉ်က အမုန်းကတော့ အိပ်မက်ထဲထိ မကျူးကျော်နိုင်ခဲ့။ မခြောက်လှန့်နိုင်ခဲ့။ မောင်မောင်ဦးနှင့် ကြုံခဲ့ရပြီးမှ ပိုးဟပ်ကိုကြောက်သော အကြောက်တရားမျိုးက အိပ်မက်ထဲထိတိုင် စွဲထင်ခြောက်လှန့်ခဲ့ခြင်း ဖြစ်သည်။
++++++
အချိန်အတော်ကြာကြာ သူမ၏အကြောက်တရားများအား မေ့နေနိုင်ခဲ့သော သူမကို လှုပ်နှိုး သတိပေးခဲ့သည် ကတော့ ကိုကိုကျော်ပဲ ဖြစ်ခဲ့သည်။ အတိအကျပြောရလျှင်တော့ သူမထက် အဆများစွာလှပသော အမျိုးသမီး ငယ်တစ်ဦးလည်း ပါဝင်ရလိမ့်မည်။
(Edvard Munch ရဲ့ The Kiss)

(ဇာတ်သိမ်းပိုင်းရှိသေးသည် :P )

No comments: