Aug 28, 2008

လွတ်လမ်း

ဘ၀က စိတ်ပျက်စရာကောင်းတယ်လို့ တကြိမ်မှာ တော်တော် ထင်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ၁၉၉၄။ လောကကြီးက ဘာမှ မပေးနိုင်။ ကိုယ်လုပ်တိုင်းလည်း မဖြစ်။ လူတွေကိုလည်း စိတ်ပျက်.... အမှန်တရား ဘက်မှာ လူသိပ်နည်း တာပဲ လို့ ထင်..။ အနုပညာသာ အားကိုးရာလို့ ထင်။ အဲဒီကာလမှာ ကျမ လွတ်လမ်းဝတ္ထုကို ရေးမိခဲ့တာပါ။ စံပယ်ဖြူမဂ္ဂဇင်း (၁၉၉၅)နဲ့ စတိုင်သစ် မဂ္ဂဇင်း (၂၀၀၅ ဇန်န၀ါရီ)တွေ မှာ ဖော်ပြခဲ့ဖူးပါတယ်။ မရင့်မာနိုင်သေးဘူးပဲဆိုဆို ခုထိလည်း တခါတလေ အဲလိုပဲ ခံစားရတတ်နေတုန်း ပါပဲ....


လွတ်လမ်း


(၁)
`ဒါကတော့ ကိုယ့်ရဲ့ လွတ်လမ်းပဲ´
ထိုစကားကို သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ပြီးတော့ ထိုသို့ ရွတ်ရခြင်း၌ အရသာတွေ့ကာ ထပ်ကာ ထပ်ကာ ရွတ်နေမိသည်။ သုံးလေးခါ ရွတ်ပြီးကာမှ သူ့ရှေ့မှာ ရှိနေသော ဇနီးသည် ကို သတိရ၏။
အို... နည်းနည်းတော့ သူ စိတ်ထိခိုက်သလို ခံစားလိုက်ရ၏။
ကြည့်လေ.... ဇနီးက အောက်နှုတ်ခမ်းကို တင်းတင်းဖိကိုက်လျက်မှပင် မျက်ရည်တို့ဖြင့်လည်း ၀ိုင်းလည်နေပြန် သော မျက်လုံးများဖြင့် သူ့ကို ကြည့်နေတာ။ အဲသည်မိန်းမ ဘာတွေ ခံစားနေရသလဲ။ သူ မသိတာကြာပြီပဲ။ အထူးသဖြင့် အဲဒီမိန်းမရဲ့ မျက်ရည်တွေ၊ အပြုံးအရယ်တွေ၊ သွေးနွေးရင်ခုန်မှုတွေ သူ မမြင်ရတာ ကြာလှပြီ။
ခုတော့ အဲဒီမိန်းမက မျက်ရည်များနှင့်....။ ပြီးတော့ နာကျင်ကြေကွဲဟန်ဖြင့်လည်း နှုတ်ခမ်းကို တင်းတင်း ကိုက်လို့။ ဒါဟာ ချစ်ခြင်းရဲ့ ပြယုဂ်လား၊ မုန်းခြင်းရဲ့ ပြယုဂ်လား၊ ဒါလည်း သူ မသိတော့။ သိလည်း မသိလိုတော့။
ပြီးတော့ ....ဒါဟာ ချစ်ခြင်းနှင့် မုန်းခြင်းတို့ ပြိုင်တူဖြစ်ပေါ်နေခြင်း၏ ပြယုဂ်လည်း ဖြစ်နိုင်သေးသည်ပဲ။
လူတွေဟာ သူရူးတွေပဲ မဟုတ်လား။
သူတို့ထံ၌ ဘာမဆို ဖြစ်ပျက်နိုင်သည် မဟုတ်လား။
...........................
`ဒါဟာ ကိုယ့်ရဲ့ လမ်းပဲ´
သူ့အသံက အောင်မြင်သူ တယောက်၏လေသံဖြင့် ၀ံ့ကြွားနေသည်ကို ကိုယ်တိုင်ပင် သိ၏။ အဲဒီစကားတွေကို ခုလို ထုတ်ပြောနိုင်ဖို့ သူဘယ်လောက် ရင်းခဲ့ရသလဲ။ အချိန်တွေ၊ ရှာဖွေမှုတွေ၊ တင်းကျပ်မှုတွေ၊ မွတ်သိပ်မှုတွေ၊ ချောင်ပိတ်ခံရခြင်းတွေ၊ မက်တာမော်ဖိုးဆစ် (metamorphosis) တွေ၊ ချည်နှောင်မှုများကို ဖြတ်တောက်ရခြင်း တွေလည်း ပါကြ၏။ ထို အရင်းအနှီးတွေထဲမှာ သူ ရုန်းကန်ဖောက်ထွက် မကြာခဏ ထွက်ထွက်ပြေး။ တခါတခါ လမ်းတွေလည်း မှားခဲ့ဖူးသည်။
(၂)
အခြေခံက `လူဘ၀ဆိုတာ ချောင်ပိတ်ခံရမှု တခု´ဟု သူ ယုံကြည်မိထားခြင်းမှ စခဲ့သည်။ အဲဒီ အယူအဆကို အသေအချာ တွေ့ရှိခံစားလိုက်ရချိန်မှ စကာ ခုချိန်တိုင် သူက ဒါဟာ အမှန်ပဲဟု ယုံကြည်ခဲ့၏။ (အယူအဆဆိုတာ သူများဆီ ချမပြခင် ကိုယ်တိုင်ကိုယ်ကျ ယုံကြည်ထားဖို့ အရေးကြီးသည်ဟု သူက ယူဆပြန်သည်။)
သူက မိဘတို့၏ တရားလွန်ဂရုစိုက်မှု၊ ထိန်းချုပ်မှု၊ ပိုးအိမ်ထဲမှာ ကြီးပြင်းအရွယ်ရလာရသူ ဖြစ်၏။ ထိုအခါ သူက ကိုယ့်ကိုယ်ကို အရွယ်ရလာသော်လည်း အရွယ်မရောက်ဟု မြင်ကာ နှောင်ဖွဲ့ခံရသော ဘ၀ထဲမှာ မပျော်ခဲ့။
သို့နှင့်.... အသက်ဆယ်နှစ်သားမျှနှင့်ပင် သူက ဘ၀ထဲမှ ချောင်ပိတ်ခံရသည်ဟု ခံစားတတ်လာခဲ့ကာ ထွက်ပေါက်ကို လိုက်ရှာတတ်ခဲ့၏။ ထိုအခိုက်မှာ သူရှာတွေ့ခဲ့သော ထွက်ပေါက်က အဖေ့စာအုပ်စင်မှ စာအုပ်တွေ ဖြစ်လာခဲ့သည်။
စာအုပ်များစွာထဲ သူမွေ့လျော်ပျော်ပါးကာ အသက်နှင့်မမျှသော စာအုပ်တွေကိုပင် နားလည်နိုင် စွမ်း ရှိလာခဲ့၏။ သမိုင်းရေးရာ၊ စိတ်ပညာဆိုင်ရာ၊ မြန်မာအနုစာပေဆိုင်ရာ။ နိုင်ငံရေးဆိုင်ရာ၊ ကမ္ဘာ့သမိုင်းဆိုင်ရာ တကယ့် အကြောင်းအရာတွေထဲမှာ သူထွက်ပေါက် ရခဲ့၏။
နောက်တော့ သူ၏ စာဖတ်နှုန်းက အဆမတန် မြင့်လာကာ အသက်ဆယ့်ငါးနှစ်သားမှာပင် ဓမ္မပဒ၊ ဗုဒ္ဓ၀ါဒပြဿနာများ၊ ဇိနတ္ထပကာသနီ၊ စွယ်စုံကျမ်းများမှသည် ဆစ်ဂမန်ဖရွိုက်ဒ်၏ စိတ်ပညာဆိုင်ရာ စာအုပ်များ၊ နန္ဒာသိန်းဇံ၏ အတွေးအမြင်များအထိ။ နောက်တော့ ကျူဘစ်ဇင်လို...၊ ဆာရီယယ်လစ်ဇင်လို....၊ နောက်ဆုံး ဂေါသစ်လို.... ပန်းချီပညာရပ်တွေ အထိ...။
တကယ်တော့ သူ့ရဲ့ ဆင့်ကဲဖြစ်စဉ်တွေက ပရမ်းပတာ နိုင်ခဲ့သလို မတန်တဆလည်း ဖြစ်ခဲ့တာ ပဲ။ ထိုအခါ သူက ကိုယ့်ကိုယ်ကို အယုံအကြည်လွန်ကာ အထင်ကြီးလွန်းသော စိတ်တို့ပါ ပွားများတတ်လာခဲ့သည်။
နောက်တော့ သူက အသက်ပင် နှစ်ဆယ်မပြည့်ခင်မှာ ဗီသိုဗင်နှင့် မိုးဇက်၏ စန္ဒရားသံတွေကို ခံစားတတ်နေခဲ့ပြီ။ နောက်တော့ ဗင်ဂိုးကို ကြိုက်၊ မွန်ရိုးကို ကြိုက်၊ မြို့မငြိမ်းကို ကြိုက်၊ ပရက်စလေရဲ့ အသံဝါကြီးကိုလည်း ဘာနဲ့မှ မလဲနိုင်ပြန်။
ထိုအခါတွေမှာ သူသည် အနုပညာနှင့် ထိတွေ့နေရသော ဘ၀ထဲမှာ အရသာတွေ့ကာ အချိန်များကို မြိန်ယှက်လာခဲ့သေးသည်။
အဲဒီ မြိန်ယှက်ခြင်းထဲမှာ နစ်မြုပ်သထက် နစ်မြုပ်၊ လူ့ဘ၀မှာ အနုပညာသာ အလိုအပ်ဆုံး၊ ဘ၀ရဲ့ အပြည့်စုံဆုံး ပြည့်စုံမှုဟာ အနုပညာထဲမှာသာရှိတယ်။ ဘာမှ မလို၊ သိပ္ပံပညာမလို၊ ရုပ်ဝတ္ထုတွေ မလို၊ ဂီတသံစဉ်တွေ၊ ပန်းချီကားချပ်တွေ၊ ရသစာပေတွေထဲမှာ အားလုံးကို ရှာ တွေ့ပိုင်ဆိုင်၏။
သူသည် အကြိမ်များစွာ သာယာလွင့်မျောလို့ အာဟာရသိဒ္ဓိပင် မြောက်နေသေးတော့၏။ ပတ္တလားခေါက်၊ စန္ဒရားတီး၊ ဂစ်တာကို Plucking တီး။ ထူးခြားသော အသံတွေလည်း တွေ့၏။
တခါတခါကျတော့ ရုတ်တရက် လွတ်မြောက်ပေါက်ထွက်ကာ Mode တွေထဲမှာ ပေါ့ပါး လွတ်လပ်ရ၏။ ဒါဟာ လူ့ဘ၀ရဲ့ အထွတ်ထိပ်သော ပီတိစည်းစိမ်ပေပဲ။
ညညတွေမှာ မီးမှောင်ချလို့ ရွှေပြည်အေးရဲ့ စန္ဒရားလက်သံတွေ၊ မိုးဇက်နဲ့ ဗီသိုဗင်ရဲ့ စန္ဒရားသံ တွေ၊ ဓါတ်ပြားဖွင့် နားထောင်။ တခါတခါတော့ ကက်ဆက်ထဲမှာ သူ့ဘာသာသွင်းထားသော မိုးဒေ၀ါ စန္ဒရားလက်သံတွေ၊ ဘုံပျံနေနန်းတွေ၊ ဘုန်းမိုးသွန်းလောင်းတွေလည်း နားထောင်မိသေး၏။
တယောက်တည်း ငြိမ်သက်တိတ်ဆိတ်လို့။ စန္ဒရားသံတွေ အပြေးမှာ စိတ်က လိုက်စီးလို့။ တလောကလုံးမှာ သူတယောက်တည်းသာ ရှိနေတော့၏။ သက်ရှိသက်မဲ့... ပတ်ဝန်းကျင်မဲ့... ဒါကိုပဲ ၀ိပဿနာဟု သူက ဆိုချင်ပြန်သည်။
တညမှာတော့ မှတ်မှတ်ရရ သူဖန်တီးထားဖြစ်တဲ့ တယောသံတွေကို ကက်ဆက်နဲ့ နားထောင်ရင်း အခန်းမှောင်ထဲမှာ ပိုလို့ ပိန်းပိတ်အောင် မှောင်ပြီး တိတ်ဆိတ်ခြင်းတို့ နက်ရှိုင်းသည့် ထုထည်ကြီးထဲ သူ စုန်းစုန်း မြုပ်ဝင်သွားခဲ့၏။
နောက်တော့......
အဲဒီ အတိတ်ဆိတ်တကာ့ အတိတ်ဆိတ်ဆုံးထဲမှာ..... ရုတ်တရက် သာယာသော တေးသံချိုမြက ညင်သာရာမှ တဖြည်းဖြည်းကျယ်လွင်ကာ ပန်းငုံတွေ တလွှာချင်း ပွင့်အာလာကြသလို၊ မြက်ပင်တွေ မြေထဲမှ တပင်ချင်း ထိုးပေါက်လာကြသလို သူ့အာရုံထဲကို စီးဝင်လာကြသည်။ ပြီးတော့ ထိုသံညောင်းက မကြုံစဖူး ထူးစွသော အသံတပါးလည်း ဖြစ်ပြန်၏။
နောက်တော့ အမှောင်မိုက်ထဲမှာပင် အေးမြလှသော ငွေရောင်အလင်းတန်းက သူ့ကို လွှမ်းခြုံပစ်လိုက်သည်။ ထူးဆန်းလှစွာပင် ထိုအလင်းတန်းကြားမှာ အေးမြခြင်းနှင့်အတူ လုံခြုံနွေးထွေး ခြင်းကိုလည်း ရ၏။
ပီတိအဟုန်ကလည်း မြင့်မားလိုက်လာသည်။ သူ့ခန္ဓာကိုယ်ထဲမှ သူကပင် လွင့်ပျံထွက်သွားပြီ ထင်၏။ ထိုအချိန်မှာ ခံစားရသော ငြိမ်းအေးခြင်းက ရမ္မက် ကိလေသာကိုပင် သတ်နိုင်နေ၏။
ကြားခဲ့ဖူးသမျှမှာ အထူးဆန်းဆုံးတေးသံ၊ အသာယာဆုံးတေးသံ၊ အဆွတ်ပျံ့ ဆုံးတေးသံ ကြည်နူးပီတိကို တစိမ့်စိမ့် ခံစားရစေသော တေးသံ။ ထိုတေးသံက ညင်းညင်းညံ့ညံ့ လွင့်ပျံ့။
အဲဒီ တညလုံး အမှောင်နက်နက်ထဲမှာပဲ သူ မျောလို့။ အိပ်ပျော်မသွားခဲ့တာ သေချာလျက်မှပင် အချိန်တို့ကို မသိတော့။ လူတို့ကိုထိန်းချုပ်သော`အချိန်` ဆိုတာထဲမှာလည်း သူ လွတ်မြောက် ခဲ့ပြန်ပြီ။
ဒါပေမဲ့ မနက်ခင်းမှာတော့ အလင်းရောင်ရဲရဲနှင့် အပြင်လောကရဲ့ ဆူညံမှုက သူ့ကို လှုပ်နှိုးလို့ သူ အိပ်ရေးဝသလို လန်းလန်းဆန်းဆန်း ပြန်နိုးတော့သည်။
တကယ်တော့ အဲဒီတော့မှ သူ သေဆုံးသွားခဲ့ရတာလို့ သူကတော့ ခံစားလိုက်ရ၏။ ဖြတ်ခဲ့ရသော ည၏ ပီတိကို လူတွေကြောင့် အထူးသဖြင့် သူ့လို မလွတ်မြောက်နိုင်သေးသူတို့ ရဲ့ ပုံမှန်လည်ပတ်မှုတွေကြောင့် သူ ပြန်လက်လွှတ်လိုက်ရတာကို သူ ခံစားသည်။
ထိုအခါ သူ လောဘကြီးလာ၏။
ခံစားဖူးလိုက်သော ပီတိ၊ လွတ်မြောက်ခြင်း ပီတိ သို့မဟုတ် ပြီးပြည့်စုံရမှု၊ ဒါကို သူ အမက်မော ကြီး မက်မောရပြီ၊ ထိုအခါ နေ့တို့က သူ့ကို စိတ်ပျက်စေခဲ့ပြီ။ နေ့တို့က ပူလောင်၊ ဆူညံ၊ မလိုအပ်တာတွေနဲ့ ဖွဲ့စည်းလို့။ လူတွေရဲ့ ရုပ်ဝတ္ထု တပ်မက်မှုကရော...။ ပြီးတော့ အဓိပ္ပါယ်မဲ့သော သင်ယူရခြင်း(ကျောင်းပညာရေး အပါအ၀င်) တွေရော၊ ဒါတွေ အားလုံးဟာ အရေးမပါတာတွေပဲ။
သူ ပတ်ဝန်းကျင်ထဲမှ လွင့်ထွက်သွားပြီထင်၏။ ပြီးတော့ သူ ပိုပျော်လာသည်။ ညထဲမှာ သူ့ဘ၀ ရှင်းသန်ခြင်း ရှိသည်။ ညညတွေမှာ သူ့အိပ်ခန်းကျဉ်းလေးကို တံခါးတွေ အလုံပိတ်၊ ခန်းဆီးတွေပိတ်၊ မီးမှောင်အောင် ပိတ်လို့။ သူက မြို့မငြိမ်း၏ သစ္စာသီချင်းကိုပဲ အထပ်ထပ် နားထောင်မိပြန်၏။
နောက်တော့ အဲလို နေ့နဲ့ည လွဲမှားစွာ နေ့အိပ်ပြီး ညမှာ လွင့်မျောသော ရက်များစွာတို့အလွန်၊ တည ဒါမှမဟုတ် အရုဏ်ချိန် ဖြစ်လိမ့်မည်။ ဘုံပျံနေနန်း စောင်းသံကို နားထောင်ဆဲ သူ့ဆံဖျားတွေ ရှိန်းမြကာသူ့အာရုံက ဖျတ်ကနဲမှောင်မိုက်သွားပြီး သူ့နားထဲမှာ စကားသံ တခွန်း ကြားလိုက်ရသလို ထင်၏။
ဘာတဲ့.... သူအာရုံ စိုက်လိုက်တော့.... `အဲဒါဟာ မှော်ပဲ´တဲ့။ တိုးတိုးသံကလေး၊ ဘယ်သူ ရွတ်လိုက်တာလဲ။
ထိုခဏမှာ သူ ၀ုန်းကနဲ ခုန်ထ၊ သူ့အာရုံမှာ လင်းပြက်ဝင်းထိန်လို့၊ ကြည်လင်ရှင်းသန့်လို့....။
ခန်းဆီးတွေ ဖယ်..... ပြတင်းတွေ တွန်းဖွင့်.... မလင်းတလင်းတလင်း အာရုဏ်ရောင်ကို မြင်၏။ အာရုဏ်ဆည်းဆာ၏ ပျို့တက်လာသော အသွေးအရောင်တွေကို ဘယ်ပန်းချီသမားက ဖွဲ့စည်းနိုင်မလဲ။ အဲဒီ အလင်းမပီ့တပီအောက်မှာပဲ သူ ထောက်ခုံနှင့် ကင်းဗတ်ကားကို ပြင်ကာ ဆေးခွက်တွေ ပြင်ကာ ကိုယ်တိုင်မသိဘဲလျက် စီစဉ်တကျနိုင်စွာ ပန်းချီရေးနေတော့သည်။
သူ့ကို ဗင်ဂိုးက စီးနင်း၊ ရေနွားက စီးနင်း၊ ဂေါ်ဂင်က စီးနင်း၊ ဒါလီက စီးနင်း၊ ပေါ်ဦးသက်က စီးနင်း၊ မြို့မငြိမ်းက စီးနင်း၊ တဂိုးက စီးနင်း၊ ဂျွန်လင်နွန်က စီးနင်း....။ ဒါမှမဟုတ် ပူးဝင်ကြတာပဲ ဖြစ်မည်။
သေချာသည်က သူဟာ သူမဟုတ်တော့။ ဒါပေမဲ့ ဘယ်သူရယ်လို့လဲ အတိအကျမသိ။ သူ့အသိမှာ ဘာမျှမရှိ။ ပေါ့ပါးလွင့်ပျံ့။ အချိန်တွေကတော့ သူ့ကို မစီးနင်းနိုင်ကြပြန်။
သူကတော့ အာကာသထဲထိအောင်ပင် လွင့်သွားတော့ပြီ ထင်၏။ အဲဒီမှာ သူစုံမက်ချစ်ခင်သော Space (ဟင်းလင်းပြင်) အရသာကိုပင် သူ ခံစားရသေးသည်။
နောက်တော့ သူ့ပန်းချီကားတွေကလည်း သူကိုယ်တိုင်ပင် အံ့သြရလောက်အောင် အမျိုးစုံလှသည်။ တချို့က အရောင်တွေချည်းပါ၏။
သို့ပေမဲ့ သေချာကြည့်တော့ဖြင့် ဆည်းဆာချိန်တွေဖြစ်နေသည်။ ညနေ ဆည်းဆာ၊ သန်းခေါင် ယံ ဆည်းဆာ၊ အာရုဏ်ဆည်းဆာ၊ မွန်းတည့်ဆည်းဆာ၊ ပူလောင်ခြင်း၊ သာယာခြင်း၊ အေးစက်သိပ်သည်းခြင်း၊ ဆန်းကြယ်ခမ်းနားခြင်းတွေ ခြုံလွှမ်းကြသော ဆည်းဆာတွေပေါ့။
နောက်တော့ မြို့ပျက်ပုံတွေ။ သို့ပေမဲ့ ခပ်ဝါးဝါး၊ မှောင်ရီရီ၊ အလဲလဲအပြိုပြိုဖြစ်နေသော ကျောက်ရုပ်ထုတွေလည်း ပါသေးသည်။
နောက်တော့ အေးခဲခြင်းကိုပြနေသော သမုဒ္ဒရာရေပြင်ပေါ်မှ ည၏အရောင်တွေ၊ အမှောင်တွေ၊ ရောထွေး ခြင်းတွေ။ တိမ်တွေကိုကျတော့ ကျူဘစ်ဇင် (Cubism) နည်းဖြင့် ရေးထား၏။
ဆာရီယယ်လဇင်မ်(Surrealism) ကားကတော့ ကောင်းကင်မှာ ကြယ်စုတွေကြားမှာ လူတယောက် ပျံသွားတာ ကိုပဲ ရေးခြစ်ထားသည်။ ပျံသွားတဲ့ သူကတော့ သူ့မျက်နှာနဲ့ပဲပေါ့။ တောင်ပံတစုံက ငွေရောင် လက်ပလို့။ ဟင်းလင်းပြင်အမှောင်ထုထည်နဲ့ ကြယ်ပျောက်တွေ ကြားမှာ သူ့ရဲ့ငွေရောင်ကိုယ်ထည်၏ အလင်းက ရင်ကို လှုပ်ခါ တုန်လှုပ်နေစေသည်။
ကြည့်စမ်း...
သူရေးသမျှ ပန်းချီကားများစွာ။ နေ့များစွာ.... ညများစွာ(သူ့အတွက် သီးသန့်ဆိုလျှင်တော့ နေ့ညဟူသည် သတ်မှတ်ချက်တို့ မလိုတော့ပြီ။)
အမေပို့ပေးသမျှ အစားအသောက်တို့ကိုလည်း အရသာ မသိဘဲ စားခဲ့လို့။ အဲဒီအချိန်မှာတော့ သူ ဘာကိုမျှ မသိ။ ခံစားရခြင်းတို့လည်း မရှိ။ ဒါဟာ ပြီးပြည့်စုံရခြင်းပဲ။ ပြီးတော့ အိပ်မက်လည်း ဆန်သေးသည်။ သို့ပေမဲ့ ထိုအိပ်မက်ကတော့ ထာဝရ တည်တံ့နိုင်စွမ်း ရှိ၏။
သို့ပေမဲ့ ထိုအိပ်မက်ကို အမေက ဖျက်ခဲ့၏။ အမေ့မျက်လုံးတို့ စိုစွတ်ဝေရီကာ အရောင်တမျိုး စွန်းပေလျက်...... `သား ဒီအတိုင်းနေလို့တော့ မဖြစ်တော့ဘူး´ဟု သူ့ကို စီရင်ချက်ချသလို ပြောပြီး သိပ်မကြာခင်မှာပဲ သူ့အိပ်မက်တို့ ပျက်ရကာ `တကယ်တော့ လူ့ဘ၀ဆိုတာ ချောင်ပိတ်ခံရခြင်း တခုပဲ′ဟု သူ စွဲလမ်းယုံကြည် လိုက်ရတော့တာ ဖြစ်သည်။

...............................
(ဆက်ရန်..)

2 comments:

Anonymous said...

ဆက်ရန်ကိုမျှော်လျက်

s0wha1 said...

အာ... ဆက်ရန်ကြီးနဲ့လား။ အဲလိုမှန်းသိ အားလုံးတင်ပြီးမှ လာဖတ်ပါတယ်။