Dec 24, 2008

မင်းသားကြီး ထွန်းထွန်းနိုင်အတွက် အမှတ်တရ ၀မ်းနည်းခြင်း


ရုပ်ရှင်မင်းသားထွန်းထွန်းနိုင်(ဒါရိုက်တာနောင်ထွန်းလွင်)ကို ကျမ စသိတာက ဖက်ဖူးရောင် ရုပ်ရှင်ကား။ ဒါရိုက်တာ ထွန်းမြင့်ထွန်း ရိုက်ကူးပြီး တက်သစ်စ သရုပ်ဆောင်တွေပါပြီး သရုပ်ဆောင်တွေက တော်ကြတယ်လို့ နာမည်ထွက်တာမို့ ငယ်ငယ်လေးကတည်းက ကြည့်ဖြစ်ခဲ့တဲ့ကား။ အဲ့ဒီကားမှာ ခင်သီတာထွန်း၊ ပပလင်း၊ ထွန်းထွန်းနိုင်၊ ထွန်းထွန်းဝင်းတို့ကို ရုပ်ရှင်မင်းသားဇော်လင်းနဲ့ တွဲကြည့်ခဲ့ရတာပါ။ အဲဒီတုန်းကတည်းက ထွန်းထွန်းနိုင်က မြန်မာရုပ်ရှင်သမိုင်းထဲမှာ အထင်ကရဖြစ်တဲ့ ဒါရိုက်တာရွှေဒုံးထွန်းလွင်ရဲ့ သားလို့လည်း သိထားခဲ့ပါတယ်။ ရုပ်ရှင်သူတို့တွေ သရုပ်ဆောင်အသစ်ပေမဲ့ မဆိုးဘူးလို့ ဖေဖေ မှတ်ချက်ချတာလည်း မှတ်မိနေပါတယ်။ အဲဒီတုန်းက ကျမတော်တော် ငယ်ငယ်လေး။ နောက်ပိုင်း မှတ်မှတ်ထင်ထင်ရှိတဲ့ အချိန်တွေရောက်လာတော့ ထွန်းထွန်းနိုင် ဆိုတာက ရုပ်ရှင်တွေအများကြီး ရိုက်ရတဲ့ ဇာတ်ပို့ကောင်းတယောက် ဖြစ်နေပြီ။ နောက်တော့ အဖေဖြစ်သူ ဒါရိုက်တာရွှေဒုံးထွန်းလွင်ရဲ့ဗီဇအမွေကို ဆက်ခံလို့ ရုပ်ရှင်ဒါရိုက်တာ လုပ်လာပါတယ်။ ဒါရိုက်တာအဖြစ်နဲ့လည်း ရုပ်ရှင်တွေ တော်တော်များများ ထွက်လာပါတယ်။

သူ့ကို ကျမ လူချင်းဆုံဖူးတာ သုံးလေးခါလောက်ပဲ ရှိမယ်ထင်ပါတယ်။ ရုပ်ရှင်ကန်တော့ပွဲမှာ (ဘယ်ပွဲလဲတော့ မမှတ်မိပါ)။ နောက် ၃၃လမ်း ၃၅လမ်းမှာ။ သူရယ် ကိုညီညီ (ညီညီထွန်းလွင်)ရယ်.. အလုပ်ကိစ္စနဲ့လာရင်း လေထန်ကုန်းဝင်ထိုင်.. လက်ဘက်ရည် ၀င်သောက်တာမျိုးဖြစ်မှာပါ့။ ထွန်းထွန်းနိုင်ရဲ့ ထူးခြားမှုတခုက မျက်နှာအေးတာပါ။ လူဆိုး လုပ်ဖို့ ခက်တဲ့ မျက်နှာ။ ပြီးတော့ သူရယ်ရင် မျက်လုံးတွေကပါ ရယ်တာမို့ စိတ်ကောင်း နှလုံးကောင်းရှိတဲ့ မျက်နှာ။ ဒါကြောင့်ပဲထင်ပါရဲ့.. သူ့ဆို လူကောင်းသူကောင်း နေရာမှာပဲ သရုပ်ဆောင်ရလေ့ရှိတာ သတိထားမိပါတယ်။ သူက တွေ့သမျှ သူနဲ့ မျက်နှာချင်း ဆိုင်မိတဲ့လူတွေကို ပြုံးပြတတ် တယ်။ ကျမနဲ့လည်း အဲလို ပြုံုးပြနှုတ်ဆက်ပေါ့။ ကျမကို နာမည်နဲ့တောင် တွဲသိချင်မှ သိမှာပါ။ ကျမပြောချင်တာက သူဟာ စက်မှုတက္ကသိုလ်ဆင်း အောင်မြင်တဲ့ ရုပ်ရှင် သရုပ်ဆောင်တယောက်ဖြစ်ပေမဲ့ မာန်မာနမရှိဘဲ ဖော်ရွေအေးချမ်းတဲ့ စိတ်နှလုံး သဘောထား ရှိတယ် ဆိုတာကို ပြောချင်တာပါ။ ပြီးတော့ သူယုံကြည်မြတ်နိုးရာာ ရုပ်ရှင်နယ်ပယ်ထဲ စွဲစွဲမြဲမြဲ.. သရုပ်ဆောင်နဲ့ ဒါရိုက်တာအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နေခဲ့.. ရပ်တည်နိုင်ခဲ့တာ။ ဒါဟာ သူကျင်လည်ရာ လောကအတွက် တန်ဖိုးတခု.. မှတ်တိုင်တခုလည်း ဖြစ်ပါတယ်။

+++++

၂၀၀၇ ထဲက ဇွန်လလောက်မှာ ကျမ online ကနေ မောင်လေးတယောက် ကောက်ရပါတယ်။ Blogging ကိစ္စတွေ မေးကြ မြန်းကြ ဆွေးနွေးကြ..။ နောက်တော့ သူ့ကို မင်းသားကြီး ထွန်းထွန်းနိုင်ရဲ့ သားလို့ သိတော့ စိတ်ထဲ ပိုရင်းနှီးသွားသလို ဖြစ်မိသေး။ သူကလည်း သူ့အဖေလိုပဲ စိတ်နှလုံး တကယ်အေးတဲ့ကလေးပါ။ ကျမက တစုံတယောက်ကို အပြစ်တင်တာမျိုး စိတ်ကွက်တာမျိုး စိတ်တိုတာမျိုး ဖြစ်တိုင်း သူက အကောင်းမြင်နဲ့ ကျမကို နှစ်သိမ့်တတ်ပါတယ်။ သူ့ကို ကျမက သူ့အိမ်နာမည် သားကြီးလို့ပဲ ခေါ်ပါတယ်။ သူကလည်း သူ့ထက် ၁၀နှစ်လောက်ကြီးတဲ့ ကျမကို မကြီးလို့ပဲ ခေါ်ပါတယ်။ ဒီလိုနဲ့ သူနဲ့ကျမ တကယ့်မောင်နှမတွေလို ဖြစ်သွားပါတယ်။ ကျမမှာ သူနဲ့ ပတ်သက်ပြီး ညီမလေး စနိုးကိုပါ ချစ်ရ။ အဲလိုနေခဲ့ကြတာ.. ခုထိပဲ..။ သူကတော့ Blogger မျိုးချစ်မြန်မာပေါ့။ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ စိတ်ထိခိုက်ပြီး အလုပ်ပျက်အကိုင်ပျက် အအိပ်အစားပျက်လောက်အောင် ဘလော့မှာ အချိန်ကုန်ခံပြီး အလုပ်တခုလို ကြိုးကြိုးစားစားလုပ်တာကြောင့် သူ့လက်ရှိအလုပ်ကနေတောင် ပြုတ်သွားရတဲ့ သူပေါ့။

+++++

ရုပ်ရှင်မင်းသားထွန်းထွန်းနိုင်ဆုံးပြီလို့ သတင်းရတော့ ကျမ ချက်ချင်းပဲ သားကြီးအတွက် စိတ်မကောင်း ဖြစ်သွားပါတယ်။ သူက တစ်ဦးတည်းသားမို့လားမသိ.. မိဘကို ချစ်တဲ့အပြင် ကျမတို့လို အစ်မအရွယ် တွေကိုလည်း သံယောဇဉ်ဖြစ်တတ်တဲ့ ကလေးပါ။ ဒီတော့ သူ့ခမျာ သူ့အဖေကို သိပ်ချစ်ရှာတာ။ အမေက သူ့အနားရှိနေပေမဲ့ အဖေက အဝေးမှာမို့ အမြဲ တလွမ်းလွမ်း ရှိနေတာ။ တလောက အမေ နေမကောင်း တော့လည်း သူ့ခမျာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ။ ခုတော့ ဗြုန်းစားကြီး အဖေဆုံးရပြီ။

(ဦး)ုထွန်းထွန်းနိုင်က ခုမှ ၅၇နှစ်တောင် မပြည့်သေးဘူးတဲ့။ အဲဒီအခါ ကျမ လွန်ခဲ့တဲ့ ၈နှစ်က ကွယ်လွန်ခဲ့တဲ့ ကျမအဖေကိုပါ သတိရသွားပါတယ်။ ဖေဖေဆုံးတုန်းကလည်း အသက်က ၅၆နှစ်ကျော်ရုံ။ တကယ်ဆို နောက်ထပ်အကြာကြီးနေလို့ ရသေးတဲ့ အရွယ်ပါ။ တကယ်ပဲ.. စောလွန်းပါတယ်။ တကယ်ဆို... သူလုပ်ချင်တဲ့ အလုပ်တွေအများကြီး လုပ်နိုင်ဦးမှာ...။ ခုတော့...။

ဆရာတင်မိုးစကားပဲ ငှားသုံးရပါဦးမယ်... ချစ်သောသူတို့ အသက်တိုကြ၏.. ဆိုတာ....။

မေငြိမ်း
၂၃ဒီဇင်ဘာ၂၀၀၈မှာ ကွယ်လွန်သော ရုပ်ရှင်မင်းသားကြီးထွန်းထွန်းနိုင်(ဒါရိုက်တာ နောင်ထွန်းလွင်) (ဘလော့ဂါ မျိုးချစ်မြန်မာရဲ့ ဖခင်ကြီး)အတွက် အမှတ်တရ။


8 comments:

:P said...

ထွန်းထွန်းနိုင်ဆုံးတာ စိတ်မကောင်းပါဘူး။

လင်း said...

အနုပညာကြယ်ပွင့်တွေ ကြွေရင် တကယ်နှမြောမိတယ်

Anonymous said...

ဟိုတစ်နေ့ညကတောင် ဦးထွန်းကြီးကားတစ်ကား ကြည့်လိုက်သေးတယ်။ "သုခဘုံ" တဲ့။ လူဆိုးခေါင်းဆောင်အနေနဲ့ သရုပ်ဆောင်ထားတာ။ ဟာကွက်မရှိ ပီပြင်လွန်းလို့သဘောကျနေတာ။ ဖြစ်ရလေဗျာ။ အနုပညာကြယ်ပွင့်ကြီး တစ်ပွင့်ကြွေးသွားပြန်ပါပကော။ စိတ်မကောင်းပါဘူး။ ကောင်းရာသုဂတိရောက်ပါစေဗျာ။

ကိုရင်နော်ခင်လေးငယ် said...

ကောင်းရာ သုဂတိလားစေဖို့..
တောင်းဆုချွေသည်...
မြတ်သော ဘုံ၌ရှိစေသား...!!

မေ့သမီး said...

ဦးထွန်းထွန်းနိုင်ရဲ့မျက်နှာကအစ်မပြောသလိုပဲ တကယ်အေးချမ်းတာ။ ညီမကြိုက်တဲ့သရုပ်ဆောင်ထဲမှာ ပါတာပေါ့။ သိလိုက်ရတာစိတ်မကောင်းဘူး။

Moe Cho Thinn said...

ကိုမျိုးချစ်တို့ မိသားစု နဲ့ ထပ်တူ စိတ်မကောင်း ဖြစ်ရပါတယ် ဆရာမရေ..

ThuHninSee said...

ထွန်းထွန်းနိုင်ကို နှမြောပါတယ်။ ကားရိုက်မယ်ဆို ဆက်ရိုက်လို့ ရသေးတယ်။
သြော်..ကိုမျိုးချစ်မြန်မာဆိုတာ.ဘယ်သူမှန်းအခုမှသိတယ်။
အထက်တန်း ကျောင်းမှာတုန်းက သူက စီနီယာ။

Swant said...

Sayama,
I think it's not wise to reveal the privacy of the blogger's real life identity. For his sake, shouldn't we keep quiet who he is?