Jun 25, 2008

နောက်ကျ မွေးနေ့ အမှတ်တရ

ပြီးခဲ့တဲ့ ရက်တွေတုန်းက ဆူဆူညံညံ ပူပူလောင်လောင်နိုင်လှတဲ့ မြို့တော်ကြီးတခုထဲမှာ ကျမ ပိတ်မိနေခဲ့ တယ်။ အင်တာနက်ကဖေးက မြန်မာဖောင့်မရှိ။ ကိုယ့် Laptop လေး သုံးမယ်လို့ ခွင့်တောင်းဖို့လည်း ဘာသာစကားပြဿနာကြောင့် အဆင်မပြေ။ ဒီလိုနဲ့ ကျမ အားခဲထားခဲ့တဲ့ ချစ်သူငယ်ချင်းမွေးနေ့ ၂၁ရက်နေ့ မှာ......... မွေးနေ့ဆုတောင်းလေးမှ မရေးနိုင်ခဲ့။ သူ့ Blog က စီဗုံးမှာပဲ ဘိုလို ဆုဝင်တောင်း ပေးရုံသာ တတ်နိုင်ခဲ့။ အဲလိုပဲ ၁၉ရက်နေ့မှာ ကျရောက်တဲ့ ချစ်တဲ့ အန်တီစုရဲ့ ၆၃နှစ်ပြည့် မွေးနေ့ အတွက်လည်း အမှတ်တရ post လေးမှမတင်နိုင်ခဲ့။

သူကတော့ ကျမမွေးနေ့ကျမယ့် ဇွန်၁၄ရက်မှာ ဦးဦးဖျားဖျားဆုတောင်းဖို့ ၁၃ရက်နေ့ည ၁၂နာရီကျော်ထိ စောင့်ပြီး သူ့ Blog မှာ ကျမအတွက် မွေးနေ့ဆုတောင်း post တင်ခဲ့တာ။ ခုတော့ ကျမရဲ့ နေရပ်ကို ပြန်ရောက်ပြီ။ သူ့အတွက် တကယ်တမ်း နောက်ကျနေပေမဲ့ (သိပ်ကြီးနောက်မကျသေးတဲ့ :P ) မွေးနေ့ ဆုတောင်းကို ရေးနိုင်ပြီပေါ့။

သူက ကျမထက် တပတ်တိတိ ငယ်တဲ့အတွက် ကျမက အမြဲ အစ်မကြီးလုပ်လေ့ရှိပေမဲ့ တကယ်တမ်းကျတော့ ကျမမှာ ရှုပ်ရှုပ်ထွေးထွေးပြဿနာရှိတိုင်း အရာရာ ဘာလေးမဆို သူနဲ့တိုင်ပင်ပြီးမှသာ ဆုံးဖြတ်နိုင်တာပါ။ ပြီးတော့ ကျမထက် သူက တပတ်တည်းသာ ငယ်ပေမဲ့ တော်တော် ငယ်တယ်လို့ ထင်ရတာ (အဲလို လူတော်တော် များများက ပြောကြတယ်.. အဲဒီအခါကျရင် သူက သွားကြီးဖြီးပြီး တဟဲဟဲနဲ့ပေါ့.. ကျမက မျက်စောင်း တထိုးထိုးနဲ့ပေါ့ :D )

သူ့မှာရှိတဲ့ ကျမအကြိုက်ဆုံး သဘောအကျဆုံး အတုယူရတဲ့ အချက်က မဟုတ်မမှန်တာကို နည်းနည်းမှ လက်ပိုက်ကြည့်မနေနိုင်တာပဲ။ အထူးသဖြင့် နိုင်ငံရေးမှာပေါ့..။ ပြီးတော့ အဲဒါကို ကာယကံရှင်ကို ပြောင် ပြောပြီး ထောက်ပြတာပဲ။ (ကျမကကျတော့ အဲလိုမဟုတ်ဘူး။ မဟုတ်တာလုပ်ရင် အဲဒီလူကို အထင်သေးပြီး အဆက်အဆံ မလုပ်တော့တာ၊ ပြီးတော့ အဲဒီလူမဟုတ်တာလုပ်ကြောင်း ပတ်ဝန်းကျင်သိအောင် ပြောတာ.. ဟီးး ဆိုးတယ်နော်..) တကယ်တော့ သူ့လိုလုပ်တာကသာ အပြုသဘောဆောင်တာပါ။ ဟဲဟဲ.. စွာတာကတော့ နှစ်ယောက်စလုံး လက်ရည်တူ..။ သူကတော့ ကျမက သူ့ထက်စာရင် ပျော့ပြောင်းတယ် ဆိုပဲ..။ သူကတော့ ပါးစပ်ဆိုးတယ်ဆိုပါတော့.. ဒါဆို ကျမကတော့ ပျော့ပျော့လေးနဲ့ တွယ်တဲ့ သူ.. ခိခိ။

တကယ်တမ်းကျတော့.. သူက လက်တွေ့ကျသူ.. ကျမက စိတ်ကူးယဉ်ဆန်သူ..။ သူက ခိုင်မာပြတ်သားသူ.. ကျမက တွေဝေပျော့ညံ့သူ..။ သူက စွန့်လွှတ်စွန့်စားရဲသူ.. ကျမက တုန်လှုပ်ပူပန်တတ်သူ။ ကိုယ့်ငါးချဉ်က တကယ်ချဉ်တာပါနော်.. :) ။ ဘာပဲဖြစ်ဖြစ်.. ကျမတို့နှစ်ယောက် ချစ်ခဲ့ကြတာ ကြာပြီ။ ခုချိန်ထိ တရံတဆစ် တောင် စိတ်အခန့်မသင့် မဖြစ်ဖူး..။ တခုခု ကွဲလွဲရင် ဖွင့်ပြောကြတာမို့ ဘာ အခုအတေးမှ မရှိ။ ကျမတို့ မိသားစု နှစ်စု အိမ်သေးသေးလေးထဲ တစ်လလောက်တူတူနေခဲ့တဲ့ ရက်တွေတုန်းကများ ပျော်စရာ ကောင်းလိုက်တာ..။

ဘ၀ထဲမှာ ခြေကုန်လက်ပမ်းကျစရာကြုံရတဲ့အခါ.. တချို့ကိစ္စတွေက ကိုယ့် ခင်ပွန်းကိုလည်း ပြောလို့မရ.. သားသမီးကိုလည်း ပြောလို့မရ.. အမိအဘ ညီအကို မောင်နှမတွေကိုလည်း ပြောလို့မရ..။ အဲဒီအချိန်မျိုးမှာ ကိုယ်နဲ့ ထပ်တူ ခံစားနားထောင်ပြီး အကြံပေးတတ်တဲ့.. တကယ်ဖြူစင်တဲ့မေတ္တာ ကိုယ့်အပေါ်ထားတဲ့.. တကယ် စေတနာရှိတဲ့ သူငယ်ချင်းတယောက် ရှိနေတာ... ဘယ်လောက် စိတ်အားရှိစရာကောင်းလိုက်လဲ..။ ကျမ အတွက်တော့ ဒါဟာ ဘုရားပေးတဲ့ လက်ဆောင်တွေထဲက တစ်ခုပါပဲ။ အဲဒါ သူပေါ့..။ သူ့ကို လူတွေက ချစ်စနိုးနဲ့ 'တရုတ်မ'လို့ ခေါ်ကြတယ်။ အဲဒီ တရုတ်မကြီးက မြန်မာပြည်ကို မြန်မာလူမျိုးကို ချစ်တာတော့ ဗမာမ ကျမထက် အများကြီးပိုသာ..။

ကဲ.. အဲဒီ ကျမသူငယ်ချင်း ဘယ်လောက်ချစ်စရာကောင်းလဲ.. နော်။

အဲဒီလောက်ချစ်စရာကောင်းတဲ့ သူငယ်ချင်း ခင်မင်းဇော်.. သူချစ်တဲ့ ကိုမင်းဇော်.. သားသား ပိုင်ပိုင် အပါအ၀င် သူချစ်တဲ့ မိသားစုနဲ့.. သူချစ်တဲ့သူတွေနဲ့ သူပျော်တဲ့ ပတ်ဝန်းကျင်မှာ စိတ်လက်ချမ်းသာ ပျော်ရွှင်စွာ အရှည်အကြာ နေခွင့်ရပါစေ..။ သက်ရှည် ကျန်းမာ အနာမဲ့ပါစေ..။ ဘ၀တလျှောက် ပိုပြီး အောင်မြင် အနိုင်ရပါစေ..။

(သူငယ်ချင်းရေ.. မွေးနေ့ Cake မမီလို့ ပန်းတွေပဲ ပို့လိုက်တော့တယ်နော်)


ချစ်တဲ့ - မေငြိမ်း၊ ရာကျော်၊
သားကြီး မောင်ထူးမြတ်၊
သမီး ကျဲကျဲ၊
သားငယ်လေး မင်းညို။

7 comments:

kay said...

ပိုင်ပိုင် သူငယ်ချင်းလေး..ဆုတောင်းပေး တာကို..သဘော ကျ လို့.. အမ ခင်မင်းဇော် ဘလော့မှာ..ဆုတောင်း တုန်းက..မပါ တဲ့.. ဟာလေး တခု ထဲ့လိုက် မယ်နော်...
` အန်တီ-တရုတ်မ..ရည်းစား များများ ရ ပါစေ´ ...

:D

JulyDream said...

` အန်တီ-တရုတ်မ..ရည်းစား များများ ရ ပါစေ´ ...

မကေ ပြောတဲ့အတိုင်းပါပဲ... မခင်မင်းဇော်ရေ...
အဟီး.. အပျင်းကြီးတာ.. ဘာမှ မဟုတ်ဘူး။

ခင်မင်းဇော် said...

အမ်မလေး.. ငါ့မှာတော့ ငါးချဉ်တုံးကြီးဖြစ်လို့...
မမကြီးရေ..ဟိဟိ
ဒီလိုပါပဲ.. ဘုတ် ကျီးမြှောက် ကျီးဘုတ်မြှောက် ပေါ့ ဟဟ

s0wha1 said...

မွေးနေ့ နှစ်တရာ့ နှစ်ဆယ် ရှည်စေသော်ဝ်...

ချစ်တဲ့
ကို@%#+မဆိုးဝှက် (ဟီးးး)

ayatesis.blogspot.com said...

ရာကျော်ဆိုတာက ဆရာမရဲ့ အမျိုးသား ကိုရာကျော်လို့ ဆိုလိုပါသလားခင်ဗျား

ayatesis.blogspot.com said...

ရာကျော်ဆိုတာက ဆရာမရဲ့ အမျိုးသား ကိုရာကျော်လို့ ဆိုလိုပါသလားခင်ဗျား

Nanda said...

ပျော်ရွှင်ကြည်နူးဖွယ်ရာ မွေးနေ့ဆုတောင်းလေး ပါလို့ခံစားရပါတယ်။ မခင်မင်းဇော် ရည်ရွယ်ရာလမ်းအတိုင်း မမှိတ်မသုန်လျှောက်လှမ်းနိုင်ပါစေ။

To whom it may be concerned: သူများကြည်နူးဖွယ်ရာ မွေးနေ့ဆုတောင်းမှာ မသက်ဆိုင်တဲ့ စိတ်ညစ်နူးဖွယ် comment တွေဝင်ဖွရလောက်အောင် စိတ်ဓါတ်အောက်တန်းမကျပါစေနဲ့ ဆုတောင်းပါတယ်