Jul 31, 2009

တာရာမင်းဝေ အမှတ်တရ

တကယ်တော့ ခု post တင်ဖို့ လုပ်နေတဲ့ အချိန်ဟာ ဗမာပြည်မှာ အန်တီစုကို စီရင်ချက်ချဖို့ စောင့်နေတဲ့ အချိန်ပါ။ ကျမ မအိပ်နိုင်ပါဘူး။ မအိပ်နိုင်မယ့်အတူတူ...
++++
တကယ်တော့ ဇူလိုင် ၃၁ဆိုတာ ကျမတို့ ဗမာပြည်အတွက် ကြယ်တွေ အများဆုံး ကြွေတဲ့ သြဂုတ်လကို ရောက်တော့မယ့် ရက်။
သြဂုတ်လရဲ့ ၅ရက်နေ့မှာ တာရာမင်းဝေဆိုတဲ့ ကြယ်တပွင့်.. ကြွေတယ်..။
သြဂုတ်လရဲ့ ၁၄ရက်နေ့မှာ ထူးအိမ်သင် ဆိုတဲ့ ကြယ်တပွင့် ကြွေတယ်..။
သြဂုတ်လရဲ့ ၁၅ရက်နေ့မှာ မင်းသုဝဏ်ဆိုတဲ့ မဟာကြယ်တပွင့် ကြွေတယ်..။
အဲဒီသြဂုတ်လထဲမှာ.. ရှစ်လေးလုံးအထိမ်းအမှတ်လို့ တွင်ရတဲ့ ကြယ်တွေ ကြွေတယ်..။
နက်ဖန်..အဲဒီ သြဂုတ်အကြို ဇူလိုင် ၃၁မှာ .. ကျမ အလင်းရောင်နိမိတ်တွေကိုပဲ မှတ်တမ်းတင်ချင်ပါတယ်။
+++++

ဘာပဲဖြစ်ဖြစ်.. အိပ်မရတဲ့အတူတူ.. ဒီညမှာ ကျမတို့နိုင်ငံ ဒေါင်းအလံကို ပန်းလို ပန်လို့ လှဖို့ နိမိတ်အနေနဲ့..
စာရေးဆရာ တာရာမင်းဝေ ကွယ်လွန်ခြင်း ၂နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ VOA ကနေ ကျမ စီစဉ် အသံလွှင့်ခဲ့တာလေးကို တင်ပေးချင်ပါတယ်။ အဲဒီအစီအစဉ်လုပ်ချိန်မှာ ကျမစိတ်ထဲ အင်အားတွေ ပူးဝင်နေသလို ခံစားနေခဲ့ရတာလည်း ထူးဆန်းပါတယ်။
ဒါကြောင့် ကျမစိတ်ထင် ကျမအသံတောင် မာနေတယ် ထင်ပါရဲ့။ အဲဒီနေ့က ကျမကို ကဗျာကူရွတ်ပေးတဲ့ ကိုသားညွန့်ဦး ကလည်း အကြိမ်ကြိမ် ကဗျာရွတ်ပေးခဲ့ဖူးသမျှ ခုတကြိမ်ဟာ အပီပြင်ဆုံးပါ။ အဲသလိုပဲ ကျမ အပူကပ်လို့ ကဗျာကူရွတ်ပေးတဲ့ ကဗျာဆရာ နှင်းခါးမိုးကလည်း မအားတဲ့ ကြားက တကူးတက လုပ်ပေးရ.. ပြီးတော့ တကယ့် ခံစားချက်အပြည့်နဲ့။ တိုက်တိုက်ဆိုင်ဆိုင် သူတို့ နှစ်ယောက်စလုံးကလည်း နိုင်ငံရေးအမှုနဲ့ပဲ တာရာမင်းဝေနဲ့ အတူ ထောင်ထဲမှာ နေခဲ့ရဖူးသူတွေ...။

ဒီ Piece လေးကို လုပ်တာမှာ အချွတ်အချော်လေးတချို့ရှိနေပေမဲ့ ကိုရွှေဘုန်းအတွက် အဲလို လုပ်ပေးလိုက်ရတာကို ကျမ ကျေနပ်ပါတယ်။ တခုခုများ လိုနေခဲ့တယ်ဆိုရင်.. အဲဒါဟာ ကျမရဲ့ ချို့ယွင်းချက်သာဖြစ်ပါတယ်..။
+++++

Get this widget | Track details | eSnips Social DNA

ကျောင်းသားအတ္ထုပ္ပတ္တိ
(၁)
မင်းရဲ့ ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်

အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံ ငါတို့ဆုတောင်း
မင်း.. ကောင်းရာသုဂတိလားပါစေ..လို့
ငါတို့ရဲ့
သွေးတစ်စက်ကို ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ရင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ..မို..က..ရေ..စီ..
ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်
ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။

(၂)
ရေငတ်သလို.. ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး”ဟာ
အကျဉ်းထောင်ထဲမှာ
သင်္ချိုင်းမြေမှာ
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ.. ရှိနေတယ်..
မင်း.. စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်...
မင်းအတွက်...
“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့
စာအုပ် မလုံလောက်မှု
ဖောင်တိန် မလုံလောက်မှု
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု.. စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်…
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ..
ခွပ်ဒေါင်းရဲ့
တစ်ကြောင်းစာချွန်
သမိုင်းစဉ်ကို ထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ... ။

(၃)
ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာမနက်ဦးများမှာ
ဒို့ ကမ္ဘာကို
ပြန်လာဦးမှာလား.. ဟင်...
“အမျိုး ဘာသာ သာသနာအတွက်
သား .. နှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်ယဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်..
မင်းရဲ့ မေမေဟာ
အခန်းထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတစ်ခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် “လု” နေရှာတော့မယ်။

“ကောင်းမွန်စွာ
သင်္ဂြိုဟ်ပြီးစီးပါကြောင်း” .. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်...
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့ အတ္ထုပ္ပတ္တိဟာ
အတောင်ပံပါတယ်
တိုက်ပွဲဝင်တယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာဘ၀အဆက်ဆက်မှာ
မင်း.. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ် ... ။

(၄)
အိမ်ထရံမှာ
တခါတခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေးခေတ်ဒဏ် သင့်နေရှာတယ်..
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး”ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆိုယင်
ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ်”
ဒါပေမဲ့ ...
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်..

ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်..
စစ်မောင်းသံကြားရင်
ခွာတရှပ်ရှပ်ဖြစ်ချင်တဲ့
ခေတ်ရဲ့ စစ်မြင်းကလေးလို မင်းဟာ
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ ညီလေးရေ
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံဝေ
မင်းရောက်ရာအရပ်က ကြားပါစေ...

(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်”တော့နော်
စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး
တလောကလုံး လင်းစေအားကွယ်..
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့ .. အောင်မြင်မှာပါ
ဗမာပြည်အတွက်
လိုအပ်တဲ့
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဘက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ
စစ်မြင်းတွေ ပြိုင်လာပြီ
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ..
ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့..
သြော်..
ဒေါင်းအလံကို ပန်းလို ပန်လို့
လှလို့ပါပဲ .. ညီလေးရယ်.... ။ ။

ရွှေဘုန်းလူ


+++++++



Jul 23, 2009

မြသီလာရဲ့ အဝေး

အဲဒီမှာ... အမေရိက... တဲ့။ လေယယာဉ်ပြတင်းပေါက်ကနေ ငုံ့ကြည့်တော့ သစ်ပင် အကိုင်းအခက် မည်းမည်းတွေနဲ့ ကောင်းကင်ပြာပြာက မလိုက်ဖက်။ စိမ်းစိုလန်းဆန်းတဲ့ မြန်မာပြည်နဲ့ ထိုင်းနိုင်ငံမှာ နေခဲ့တဲ့ ကျမအတွက်တော့ မြင်ကွင်းက ဘယ်လိုမှ ရင်ခုန် နွေးထွေးစရာ မရှိ။ ဘာပဲဖြစ်ဖြစ်.. ဒါ ကျမတို့ အခြေချရမယ့်မြေ။ ဆိုတော့ ကိုယ့်ကို နွေးနွေးထွေးထွေး လန်းလန်းဆန်းဆန်း ကြိုဆိုဖို့ မျှော်လင့်ထားပေမဲ့… ဖြစ်မလာလည်း ဒါဟာ လက်ခံရမယ့် အနေအထား။

အေးစက်စက် ခြောက်သွေ့သွေ့။ လေအေးစက်စက်က ကျမကို ဖြန်းကနဲ လှမ်းပက်တယ်။ ကျမရင်ထဲမလည်း တကယ်ပဲ အေးနေခဲ့တာ ၀န်ခံပါတယ်။ ဘာပဲဖြစ်ဖြစ်.. အပူထုထည် တွေနဲ့တော့ အတန်သင့် ဝေးခဲ့ပြီလို့ ပြောနိုင်တယ် မဟုတ်လားလေ..။ ပြီးတော့… မြသီလာရဲ့ အဝေး…. တကယ့်ကို အဝေးကြီး။ ပြီးတော့ ဒီလမ်းကို ကိုယ်တိုင်ပဲ ရွေးခဲ့တာ။ အဲဒီအချိန်မှာတော့ လာခဲ့ရရာလမ်းကို ပြန်စောင်းလို့ပင် မကြည်ချင်သေးပါ။ ခုထိ မောပမ်း နွမ်းနယ်ဆဲ..။ မောင်နေလင်းကတော့ စိတ်ဒုံးဒုံးချသလို ပေါ့ပါး ရယ်မောနေပါတယ်။ တကယ်တော့ အဲဒီအချိန်မှာမှ ကျမတို့ဆိုတဲ့ ၀န်ထုပ်ဝန်ပိုးကြီးက သူ့အပေါ် ပိသွားတာ။ ကျမစိတ်ထဲက အခိုက်အတန့်ပါ သားရယ်.. လို့ သူ့ကို အားနာနေမိခဲ့ပါတယ်။ ကြည့်ပါဦး။ တကယ့် ရေခြား မြေခြားမှာ… မိသားစု ၅ယောက်ကြီး… တဘ၀လုံးစာတွေ… ပြီးတော့ ကိုယ့်ဘာသာ လက်နဲ့ ယက်တက်ရမယ့် အနေအထား။ တကယ့်ကို အနှုတ်နဲ့ စရတဲ့ အနေအထားမှာလေ..။ ဒီနေရာမှာ အများသိသင့်တာလေး ပြောပြချင်ပါသေးတယ်။ DV လို့ အများသိကြတဲ့ Green Card Diversity Lottery အကြောင်းပါ။

များသောအားဖြင့်က DV ပေါက်တာကို အမေရိကန်က စရိတ်အကုန်အကျခံပြီး ခေါ်တယ်လို့ပဲ ထင်ကြပါတယ်။ သတင်းဌာနတွေက ပြောပြပေမဲ့လည်း မသိကြပါဘူး။ တကယ်တော့ DV lottery မှာ အမေရိကန်အစိုးရက Visa တခုတည်းကိုပဲ ထုတ်ပေးတာပါ။ အဲဒါတောင်မှ ရှောရှောရှူရှူ ထုတ်ပေးတာမျိုး မဟုတ်ပါဘူး။ လိုအပ်တဲ့ အချက်အလက်တွေ အကုန် ပြည့်စုံမှပါ။ ဒါဖြင့် ဘာတွေလဲ သေချာ ပြောပြချင်ပါတယ်။

+++++

ပထမဆုံး Online ကနေ DV လှမ်းလျှောက်တာကိုတော့ အားလုံး သိကြပါတယ်။ စက်တင်ဘာလကနေ နိုဝင်ဘာလအထိကြားထဲမှာ DV လျှောက်လွှာတွေ ခေါ်တာကို အချိန်မီ တင်ပေါ့။ အဲလို လျှောက်တဲ့အခါမှာ အချက်အလက်က အကုန် သေချာမှန်ဖို့ လိုပါတယ်။ နာမည်စာလုံးပေါင်း.. မွေးသက္ကရာဇ်.. ပညာအရည်အချင်း..။ အဲဒါဟာ တကယ်လို့ DV ပေါက်သွားခဲ့ရင် တောက်လျှောက် အတည်ဖြစ်သွားတာပါ။ မှားခဲ့ရင်လည်း မှားတဲ့အတိုင်း တောက်လျှောက်သာ လိုက်မှားပေရော့.. ဆိုပါတော့။ မဟုတ်ရင် အင်မတန် အလုပ်ရှုပ်အောင် ရှင်းရ လင်းရ ပါတော့တယ်။ အဲလို အောင်အောင်မြင်မြင် ထီထိုးပြီးသကာလ ပထမအဆင့် အရွေးချယ်ခံရပြီဟေ့ ဆိုရင်တော့ ကိုယ်ထီထိုးထားပြီး ၅လနဲ့ ၆လအတွင်းမှာ ပေါက်ကြောင်း အကြောင်းကြားစာနဲ့ အတူ Form တွေ ရောက်လာပါတယ်။ ကိုယ်က Single တင်ရင် Form တစုံ။ ကျမတို့တုန်းကတော့ မိသားစု ၅ယောက်စာ ၅စုံ တခါတည်း ရောက်လာပါတယ်။ ပြီးတော့ ဒါဟာ နောက်ဆုံးဆင့် ရွေးချယ်ဖို့ ကျန်သေးတယ်ဆိုတဲ့ သတိပေး တာလည်း ပါပါတယ်။ Form တွေကို သူတို့ စစ်ဦးမှာပါ။

သွားမယ်လို့ သေချာ ဆုံးဖြတ်ထားရင်တော့ Form တွေက သေချာဖြည့်ရမှာမို့ ဦးဆုံး copy ၂စုံလောက်ယူထားပြီး စမ်းဖြည့်ရပါတယ်။ ကိုယ့်ရှေ့မှာ DV ပေါက်ဖူးတဲ့သူ ရှိရင်တော့ မေးပြီး ဖြည့်တာ အကောင်းဆုံးပါ။ တချို့ နေရာတွေက နည်းနည်း ရှုပ်ထွေးတာမို့လို့ပါ။ နောက်တခုလိုတာက အမေရိကန်နိုင်ငံက Sponsor တယောက်ရဲ့ နာမည်တွေ လိပ်စာတွေ ဖြည့်ဖို့ လိုပါတယ်။ သေချာအောင်ဖြည့်ပြီးရင်တော့ စာတိုက်မှာ register လုပ်ပြီး သူတို့ အဆင်သင့် ထည့်ပေးထားတဲ့ လိပ်စာလေးကို ကပ်လိုက်ရုံပါပဲ။ ဖြစ်နိုင်ရင် အမြန်ဆုံးဖြည့် အမြန်ဆုံ ပြန်ပို့တာ ကောင်းပါတယ်။ ကျမတို့တုန်းက DV 2008 ကို ၂၀၀၆ နိုဝင်ဘာလကုန်ကာနီး Due date ကပ်မှ လှမ်းလျှောက်ခဲ့တာ ၂၀၀၇ ဧပြီလနောက်ဆုံးပတ်မှာ အကြောင်းကြားစာ ရောက်ပါတယ်။ ဇွန်လဆန်းမှာ Form တွေ ပြန်ပို့လိုက်ပါတယ်။ သူတို့ဆီက ကျမတို့ကို လုံးဝ လက်ခံကြောင်းစာက ကျမတို့ဆီကို ၂၀၀၈ ဇန်န၀ါရီလ နောက်ဆုံးပတ်ကျမှ ရောက်ပါတယ်။ ကျမတို့ ၂၀၀၈ စက်တင်ဘာ ၃၁ရက်နေ့ကို နောက်ဆုံးထားပြီး အမေရိကန်နိုင်ငံကို ရောက်ရမယ်။ မရောက်ရင် ဒီ ဗီဇာ သက်တမ်း ကုန်မှာ ဖြစ်တယ်လို့လည်း တပါတည်း သတိပေးတာ ပါပါတယ်။ ဒါကြောင့် အချိန် ၈လ ကျော်ကျော် ရပါတယ်။

အဲဒီစာပြန်ရောက်လာချိန်မှာ သံရုံးဝင်ဖို့ ရက်ချိန်းလည်း တခါတည်း ပါပြီးသားပါ။ ကျမတို့တုန်းက ဧပြီလ ၄ရက်နေ့ကို ချိန်းပါတယ်။ ပြီးတော့ လိုအပ်တဲ့ Requirement တွေနဲ့ သံရုံးမှာ ပေးရမယ့် ပိုက်ဆံ ဘယ်လောက်ဆိုတာကအစ ပါပါတယ်။ ဆိုတော့ ကြားထဲမှာ အချိန် ၂လလောက် ရပါတယ်။ ဗမာပြည်က လူတွေအနေနဲ့ဆိုရင်တော့ Passport မရှိသေးရင် လျှောက်ထားဖို့ အချိန်ရပါတယ်။ သံရုံးမ၀င်ခင် Passport မရလည်း သံရုံးကို လျှောက်ထားဆဲလို့ ပြောလို့ရပါတယ်။ သံရုံးဝင်တဲ့အချိန်မှာတော့ သူတို့ ကြိုတင်ပို့ပေးထားတဲ့ Requirements တွေ အကုန်ပါအောင် ယူသွားရပါတယ်။ မွေးစာရင်း.. အိမ်ထောင်စုစာရင်း.. ပညာရေး အဆင့်အတန်းအထောက်အထားတွေ.. ရဲစခန်းထောက်ခံစာ… နောက် ဆေးစစ်ထားတဲ့ စာရွက်စာတမ်း (ဆေးစစ်တာလည်း သူတို့ သတ်မှတ်ထားတဲ့ ဆေးရုံက သတ်မှတ် ထားတဲ့ ဆရာဝန်နဲ့သာ စစ်ရပါတယ်).. နောက် Passport နဲ့ ပတ်သက်တဲ့ အထောက်အထား.. ကိုယ့်ရဲ့ နိုင်ငံသားဖြစ်ကြောင်းအထောက်အထား..။ အဲဒီအဆင့်မှာတင် ပိုက်ဆံက တော်တော် ကုန်နေပါပြီ။ ဆေးစစ်တာကချည်းပဲ ဗမာပြည်မှာဆိုရင် သိန်းနဲ့ ချီပြီး ကုန်ပါတယ်။ သူက အသေးစိတ် အစုံ စစ်တာကိုး။

အဲဒီအထောက်အထားတွေကို စစ်ပြီးမှ သံရုံးက ဗီဇာပေးဖို့ ဆုံးဖြတ်တာပါ။ ဒီနေရာမှာ ပြောရမှာ တခုကတော့ ထုံးစံအတိုင်း သံရုံးကို ၀င်ရပြီဆိုတာနဲ့ တွေ့ခ တယောက် ဒေါ်လာ ၁၀၀ သွင်းလိုက်ရပါပြီ။ အဲဒီ ဒေါ်လာတွေ သွင်းလိုက်ချိန်မှာ ကျမတို့ Consular နဲ့ တွေ့ပြီး ဘာ ညာ ကွိကွ နည်းနည်းပြောပြီး သူ့လက်ထဲ ကိုယ့် requirements ထည့်လိုက်ရတဲ့ အဆင့်ပဲ ရှိသေးတာပါ။ သူ့လက်ထဲ အဲဒါတွေ ရောက်သွားပြီးတော့ သူက စောင့်ခိုင်းထားပါတယ်။ နောက် ၁နာရီလောက်ကြာတော့ (ကျမတို့က မိသားစု ၅ယောက်မို့ ပို ကြာတာပါ) Consular ပြန်ထွက်လာပြီး တချို့ အချက်တွေ သေချာ ပြန်မေးပါတယ်။ နောက်တော့ ပုံစံတချို့မှာ သူ ဟိုရေး ဒီမှတ်လုပ်ပြီး ငွေသွင်းခိုင်းပါပြီ။ (အဲဒီငွေက ဗီဇာထုတ်ပေးမှာမို့ သွင်းခိုင်းတာလား လည်း မသိပါ။ Consular ကတော့ ဘာမှမပြောဘဲ ငွေသွားသွင်းလို့ရပြီလို့ပဲ ပြောတာပါ။) အဲဒီအချိန်မှာတော့ တယောက်ကို ၆၇၅ ဒေါ်လာ သွင်းရပါပြီ။ (ဘုရား.. ဘုရား):P ကျမဆို ပိုက်ဆံပေးတော့ လက်တွေတောင် တုန်တယ်။ :D

အားလုံးပေါင်း တယောက် ၇၇၅ ဒေါ်လာနဲ့ ၅ယောက်စာ ၃၈၇၅ ဒေါ်လာကြီးများ သွင်းအပြီး ကျမခမျာ ဗီဇာလည်း မမြင်ရသေးလေတော့ ကတုန်ကယင်တောင် ဖြစ်ပါတယ်။ နောက်တခါ တနာရီလောက်ကြာပြန်တော့ Consular ပြန်ထွက်လာ.. ကျမတို့ကို ခေါ်။ မေးခွန်း နည်းနည်းမေး.. ပြီးတော့ ညာဘက်လက်ဖ၀ါးတွေထောင်.. ကျမ်းကျိန်ပြီးသကာလမှာတော့ ဒုံးဒုံးဒုံးဆို တံဆိပ်တုံးတွေ ထုပြီး ဗီဇာပေးမယ့်အကြောင်း ပြောပါတော့တယ်။ ဒါပေမဲ့ ကျမတို့မှာ လိုအပ်တာလေးတွေကို လာပေးဖို့ ထပ်ချိန်းပါတယ်။ အဲဒီ လိုအပ်ချက်တွေကတော့ တယောက်နဲ့တယောက် မတူပါဘူး။ ဥပမာ.. ကျမဆိုရင် သားကြီးအဖေဆုံးတဲ့ အထောက်အထား Death Certificate တောင်းပါတယ်။ နောက် သားကြီးနဲ့ ကျမရဲ့ DNA စစ်ဆေးချက် တောင်းပါတယ်။ (အဲဒီ DNA စစ်တာက ဒေါ်လာ တထောင်ကျပါတယ်)။ သားကြီးရဲ့ အဖေနာမည်နဲ့ ခု အိမ်ထောင်ဦးစီးနာမည် မတူ တာကြောင့်ပါ။ Step Father ဖြစ်နေတာကြောင့်ပါ။ တချို့ကတော့ TB ပိုး ရှိနေလို့ ဆေးသောက်ပြီး စောင့်ခိုင်း တာမျိုးလည်း ရှိပါတယ်။ တချို့ နာမည်လွဲနေတာတွေ..။ အဲလိုပေါ့။ တခါကဆိုရင် အတန်းပညာလိမ်ထားလို့ ပိုက်ဆံသွင်းပြီးမှ ဗီဇာမရတာတောင် ရှိတယ်လို့ ကြားဖူးပါတယ်။ အားလုံး သူတို့ လိုအပ်တာ ရပြီးပြီဆိုရင်တော့ ဗီဇာ ထုပေးလိုက်တာပါပဲ။ အနည်းဆုံးတော့ သံရုံးကို ၃ခါလောက် သွားကြရပါတယ်။ ဒါမဲ့ နောက် အခေါက်တွေကတော့ ပိုက်ဆံ မပေးရတော့ပါဘူး။

ဆိုတော့ လိုရင်းပြောရရင် DV ပေါက်လို့ သွားမယ်ဆိုရင် အရှုပ်အရှင်းဘာမှ မရှိတဲ့ လူတယောက်ကို ပျမ်းမျှ ဒေါ်လာ ၃၀၀၀လောက်ကုန်ရင် အမေရိက အရောက်ဆိုပါတော့။ သံရုံးအ၀င် ၇၇၅ဒေါ်လာ..။ ဆေးစစ်တာက ဒေါ်လာ ၁၀၀၀ ၀န်းကျင်လောက် ကုန်မယ်။ စာရွက်စာတမ်းကိစ္စတွေ… Passport လုပ်မယ့် စရိတ်နဲ့ လေယာဉ် လက်မှတ်ခ..။ အဲဒါပါပဲ။ (အမေရိကရောက်ရင် နေစရာ အဆင်သင့် ရှိထားဖို့တော့ လိုတာပေါ့လေ.. မဟုတ်ရင် နေစရိတ်ပါ ထည့်စဉ်းစားထားဖို့ လိုပါတယ်)။

+++++

အမေရိကရောက်ပြီဆိုရင်တော့ Green Card သမားရဲ့ အားသာချက်က စာရွက်စာတမ်းကိစ္စ ရှုပ်ရှုပ်ထွေးထွေး မရှိ။ ကိုယ်ပေးခဲ့တဲ့ လိပ်စာအတိုင်း Green Card တွေက စာတိုက်ကနေ ရောက်လာပါတယ်။ အဲလိုပဲ အမေရိကမှာ အလွန်အရေးပါသော Social Security Card တွေလည်း စာတိုက်ကနေ ရောက်လာပါတယ်။ နောက်အားသာချက်ကတော့ အလုပ်ရှာရ.. အလုပ်လျှောက်ရ လွယ်ကူတာပါပဲ။ ပြီးတော့ Benefit ရှိတဲ့ အလုပ်တွေလည်း (ရမယ်ဆို) တန်းလုပ်နိုင်တာပါပဲ။ ဒီတော့ ကြွေးရှိရင် မြန်မြန် ဆပ်နိုင်တာပေါ့နော်.. :P

တကယ်တော့လည်း စဉ်းစားကြည့်ရင် စိတ်ထဲ ကသိကအောက်ဖြစ်စရာပါ။ DV ခေါ်တယ် ဆိုတာက အနည်းဆုံး ၁၀တန်းအောင်ရမယ်လို့ ပညာအဆင့်သတ်မှတ်ထားတာမို့ သူတို့ တိုင်းပြည်ကို အနည်းဆုံး စာတတ်သူပဲ ရောက်လာမှာပါ။ အဲလိုပဲ အနည်းဆုံး ဒေါ်လာ ၃၀၀၀ တော့ သုံးပြီးလာနိုင်တာမို့ သိပ်အခြေနေမဲ့တော့ မဟုတ်ဘူးလို့လည်း ပြောရမှာပါ။ ဆိုတော့ အမေရိကန်ကလည်း လူလတ်တန်းစားအဆင့်လောက်ကို ရွေးယူလိုက်တာပါပဲ။ ခေတာတော့ မဟုတ်။ ဒီတော့ အနည်းဆုံး သူ့တိုင်းပြည်မှာ ပညာအခြေခံရှိသူတွေ တိုးပွား လာတာပါပဲ။ အဲဒီလူတွေရဲ့ မညံ့တဲ့ လုပ်အားတွေလည်း သူတို့ ရတာပေါ့လေ။ အမေရိကရောက်တော့လည်း သူတို့ရဲ့ စနစ် ယန္တယားထဲမှာ…. ၀ိုင်းပြီး လည်ပတ်ပေးရသလိုပဲ မဟုတ်လား..။

ဒါပေမဲ့.. ကျမကတော့ Green Card Lottery ကံစမ်းတာကို အားပေးချင်ပါတယ်။ သူများနိုင်ငံမှာ အလွယ်တကူနေခွင့်ရပြီး ကိုယ့်နိုင်ငံသားအဖြစ်ကိုလည်း စွန့်စရာ မလိုတာမို့ ကောင်းပါတယ်။ ပြီးတော့ ခုလို အချိန်မျိုးမှာ အနည်းဆုံး တိုးတက်တဲ့ နိုင်ငံတခုက ပညာရေး ကိုပဲဖြစ်ဖြစ် အတွေ့အကြုံကိုပဲဖြစ်ဖြစ် ရအောင် ယူနိုင်တဲ့ အခွင့်အရေးလို့ ထင်ပါတယ်။

+++++

ကျမတို့ နေဖို့ ရွေးချယ်လိုက်တာက Maryland ပြည်နယ်ထဲက Rockville ဆိုတဲ့ မြို့ငယ် လေးပါ။ ၀ါရှင်တန်ဒီစီနဲ့ နာရီဝက်စာ ကားမောင်းလာရတဲ့ မြို့ကလေးပေါ့။ နယ်မြို့တွေကို ချစ်တတ်တဲ့.. မေမြို့ကို စွဲလန်းတဲ့ ကျမအတွက်တော့ Rockville က မေမြို့ပါပဲ။ ဆရာ ဦးဝင်းဖေကတော့ ကျောက်မြို့လို့ ခေါ်တယ်။ ဆိုတော့လည်း ကျောက်မဲ အလွမ်းပြေပေါ့။ သစ်ပင် အုံ့အုံ့ဆိုင်းဆိုင်းတွေနဲ့.. ကျမ မကြိုက်တဲ့ တိုက်တာမြင့်မြင့်ကြီးတွေ မရှိတဲ့ ဒီမြို့လေးဟာ အေးလည်း သိပ် အေးချမ်းတာပါပဲ။

( Washington DC ကနေ Maryland ကို လာတဲ့ လမ်းတလမ်း)

ကျမ သဘောကျလို့ မောင်နေလင်း နေရာ ချပေးတဲ့ အိမ်ဝင်းဆိုရင် အိမ်နောက်ဘက်မှာ သစ်ပင်စိမ်းစိမ်းစိုစို ခင်တန်းလေးနဲ့.. သမင်လေးတွေကဆို အိမ်နားထိတောင် ကပ်ကပ်လာတာ..။

(အိမ်နောက်ဘက်ကို လာနေကျ သမင်လေးတွေ)

နောက် ဒီရောက်မှ မြင်ဖူးတဲ့ Raccoon လေးတွေ အုပ်လိုက်။ တောကြောင်ပေါက်လေးတွေ.. မြေခွေးပုလေးတွေလည်း ရှိရဲ့။ ရောက်စတုန်းကတော့ သမီးနဲ့ သားငယ်လေးက အဲဒါလေးတွေကိုပဲ အဆန်းတကြယ် ဖြစ်နေသေးတာ။ ငှက်ကလေးတွေကလည်း ရှားပါးမျိုးလေးတွေတောင် တွေ့ရတတ်တယ်။ သဘောအကျဆုံးကတော့ တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့ ပတ်ဝန်းကျင်နဲ့ နေရတာကိုပါပဲ။ အိမ်ဝင်းကနေ ၁၀မိနစ်လောက် လျှောက်ရင် ဘူတာရုံရောက်ပြီဆိုတော့ သွားလာရေးလည်း အဆင်ပြေ။

(ကျမတို့ရဲ့ ဘူတာရုံကလေး)

(ဒီလမ်းလေးဆုံးရင် ဘူတာရောက်ပြီ..။ အဲဒါ ရောက်စက ရိုက်ထားခဲ့တာ)

ရောက်စကတော့ တကယ့် အေးတဲ့ ရာသီနဲ့တိုးတာမို့ နေရခက်ပေမဲ့ ဘ၀မှာ အဆိုးတွေ အများကြီး ရင်ဆိုင်ခဲ့ဖူးတာမို့ ရာသီအေးတာလောက်တော့ စာမဖွဲ့ချင်တော့ပါ။

(ရောက်စက ကြုံရတဲ့ ဆောင်း)


(ခုတော့လည်း သူမဟုတ်သလို)

ဒါဖြင့် ဘာကို စာဖွဲ့ချင်သလဲဆိုရင်တော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်သစ်မှာ ရတဲ့ သင်ခန်းစာတွေ.. ခံစားချက် တွေကိုတော့ ဆင်ခြင်စရာဖြစ်အောင် စာဖွဲ့ချင်တာပေါ့။ ပြီးတော့ သူတို့နိုင်ငံရဲ့စနစ်ထဲ အပြေးအလွှားလိုက်ရလို့ မောတာတွေကို စာဖွဲ့ချင်တာပေါ့။ အဲဒီထဲမှာ အားသာချက်.. အားနည်းချက်တွေ….. ပါမှာပေါ့နော် ။


Jul 19, 2009

၆၂နှစ်မြောက် အာဇာနည်နေ့


အဲဒီ ဇူလိုင် ၁၉မှာ မြန်မာနိုင်ငံရဲ့ သူရဲကောင်း ပုဂ္ဂိုလ်မွန်တွေ ကျဆုံးတယ်။
အဲဒါဟာ... လင်းပတော့မယ့် အနာဂတ်နိမိတ်မိုးသောက်ကြယ်ကြီး လွင့်ကြွေတာလည်းဖြစ်တယ်။
အဲဒါဟာ... ဗိုလ်ချုပ် ဦးဆောင်မယ့် ထိပ်တန်းနိုင်ငံတခု ပြိုလဲသွားတာ..။
အဲဒါဟာ... ဦးဘ၀င်း ဦးဆောင်မယ့် ယဉ်ကျေးလိမ်မာတဲ့ လူ့အဖွဲ့အစည်းတခု ယိုင်လဲတာ...။
အဲဒါဟာ... မန်းဘခိုင် ဦးဆောင်မယ့် ကရင်ဗမာသွေးစည်းရေးကို တွန်းလှဲလိုက်တာ..။
အဲဒါဟာ... မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း ဦးဆောင်မယ့် တိုးတက်ထွန်းကားမယ့် တောင်ပေါ်ဒေသကြီးကို အက်ကြောင်းထင်စေခဲ့တာ...။
အဲဒါဟာ... ဦးရာဇတ် ဦးဆောင်မယ့် နိုင်ငံတကာအဆင့်မီ တတ်သိလိမ်မာစေမယ့် ပညာရေးစနစ်တခုကို ရိုက်ချိုး ဖျက်ဆီးလိုက်တာ...။
အဲဒါဟာ... ဒီးဒုတ်ဦးဘချို ဦးဆောင်မယ့် စာပေ ဂီတအနုပညာကောင်းတွေနဲ့ ဖွဲ့စည်းတဲ့ ကမ္ဘာ့သမိုင်းဝင် နိုင်ငံတော်ကြီးရဲ့ အဆင့်အတန်းကို တိုးတိမ် မှိန်ဖျော့သွား စေခဲ့တာ..။
အဲဒါဟာ... သခင်မြ ဦးဆောင်မယ့် သိမ်မွေ့လိမ်မာပြီး ပြတ်သားထက်မြက်တဲ့ သူတွေနဲ့ ဖွဲ့စည်းတဲ့ နိုင်ငံရေး လောက တခု အချေမှုန်းခံရတာ...။
အဲဒါဟာ... ဦးအုန်းမောင် ဦးဆောင်မယ့် တိုင်းပြည်ကောင်းစားရေး လိုလားတဲ့ ဦးဆောင်သူတွေနဲ့ ဖွဲ့စည်းမယ့် အုပ်ချုပ်ရေး အသိုင်းဝိုင်း တခု အဖြိုဖျက်ခံရတာ...။
အဲဒါဟာ ရဲဘော်ကိုထွေး ဦးဆောင်မယ့် ခေါင်းဆောင်ကောင်းတွေကို အသက်ပေး စောင့်ရှောက်တတ်တဲ့ စစ်သည်ရဲဘော်တွေရဲ့ အခန်းကဏ္ဍကို ပျောက်ကွယ်သွားစေခဲ့တာ..။

အဲဒါဟာ... မြန်မာနိုင်ငံရဲ့ လှပတော့မယ့် အနာဂတ်ကို ပစ်ချခံလိုက်ရတာလည်းဖြစ်တယ်။
အဲဒါဟာ...ခုချိန်ထိအောင် ၆၂နှစ်တိုင်တိုင် အရုဏ် မတက်နိုင်ဘဲ ရှိဆဲ...။ ဘယ်တော့ လင်းမလဲ.. စောင့်ဆဲ..။

အာဇာနည်ကြီးများအား အစဉ်အမြဲ ဦးညွှတ် အလေးပြုပါ၏..။

Jul 18, 2009

အာဇာနည်နေ့ အမှတ်တရ

Get this widget | Track details | eSnips Social DNA

၁၉၈၈ မတိုင်ခင်က…
ကျောင်းပိတ်ရက်ဆိုရင် နေမြင့်တဲ့အထိ တအိမ်လုံး အိပ်နေကျ။
အဖေက ရုံးသမား... အမေက ကျောင်းဆရာမ..
ကျမတို့တတွေက ကျောင်းသမားတွေမို့ ပိတ်ရက်တွေက
တကယ် အနားယူတဲ့ နေ့တွေပါပဲ။
ဒါပေမဲ့ အာဇာနည်နေ့ပိတ်ရက်မှာတော့ …
နှစ်လနာရီ… အခါရာသီ ရွေ့ပေမဲ့ ..
အာဇာနည်နေ့ကိုဖြင့်.. မမေ့သင့်ပါသလေ…
ဆိုတဲ့ အဆိုတော် ဒေါ်မေလှမြိုင်ရဲ့သီချင်းနဲ့ မနက် ၇နာရီမှာ နိုးရပြီ။
အဖေက ညကတည်းက ပြောပြထားပြီးသားလေ။
အာဇာနည်နေ့မှာ မနက်စောကြီး ထ ရမယ်။
လုပ်စရာရှိတာတွေ စောစောလုပ်ထားရမယ်…တဲ့ ။
မနက် ၁၀နာရီခွဲဆိုရင်တော့ ကျမတို့ မိသားစု အိမ်ရှေ့ဝရံတာမှာ ရောက်နေပြီ။

ကျမတို့က ရွှေဘုံသာလမ်း(မဂိုလမ်း)အောက်လမ်းမှာ နေတာပါ။ ကျမတို့တိုက်က ရွှေဘုံသာလမ်းရဲ့အဆုံးမှာ ရှိပြီးတော့ ကမ်းနားလမ်းမကြီးဘက်ကို မျက်နှာလှည့်ထားတာ။ ကျမတို့အိမ်က လေးထပ်တိုက်ရဲ့ အပေါ်ဆုံး ထပ်။ ကျမတို့အိမ် ၀ရံတာက လှမ်းကြည့်ရင် ရန်ကုန်မြစ်ကြီးနဲ့ တဘက်ကမ်းက ဒလမြို့နယ်လေးကို လှမ်းမြင်နေရပါတယ်။ ပြီးတော့ အိမ်ရှေ့ ကမ်းနားလမ်းမကြီးဘေးမှာတော့ ဆိပ်ကမ်းက ကုန်တင်ရထားတွဲတွေ သွားတဲ့ ရထားလမ်းကလေး ရှိပါတယ်။

အာဇာနည်နေ့မှာတော့ မနက်၁၀နာရီခွဲဆိုရင် ကျမတို့ တတိုက်လုံးက လူတွေအားလုံး ကိုယ့်အိမ်ရှေ့ ၀ရံတာ လေးတွေမှာ အသီးသီးနေရာယူထားပါပြီ။ အဲဒီနေ့မှာ.. မေမေက အိမ်ရှေ့မျက်နှာစာ ၀ရံတာဘေးဘက် ဘောင်ပေါ်မှာ ပန်းအိုးထိုးထားပါတယ်။ တခြား အခန်းတွေကတော့ အလံလေးတွေ ကိုယ်စီ တိုင်ဝက် လွှင့်လို့။
ကျမတို့ အိမ်ကတော့ အဖေက မဆလ အလံကို အသိအမှတ်မပြုဘူးဆိုလို့ အလံ မရှိပါ။

၁၀နာရီ၃၇မိနစ်ဆိုရင်တော့ ရန်ကုန်မြစ်ထဲမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောတွေက ဥသြ စဆွဲပါတော့တယ်။
တချိန်ထဲမှာပဲ လမ်းပေါ်မှာသွားနေတဲ့ မော်တော်ကားတွေက ရပ်လိုက်ပြီး ကားဟွန်းတွေ အရှည်ကြီး တီးပါတယ်။ (အစအဆုံး တစ်မိနစ်လောက်ကြာမယ် ထင်ပါတယ်) လမ်းလျှောက်လက်စ လူတွေက ရောက်တဲ့ နေရာမှာ ရပ်ပါတယ်။ တချို့က အလေးပါ ပြုပါသေးတယ်။ ကျမတို့ တမိသားစုလုံးလဲ ငြိမ်ပြီး အလေးပြုရပါတယ်။ ကျမတို့ တတိုက်လုံး.. ပြီးတော့ တလမ်းလုံး … မျက်စေ့တဆုံး.. အားလုံးငြိမ်… လို့။ ကျမအဖွား အသက်၇၀ ကတော့ နှစ်စဉ် ၀တ္တရားမပျက် အဲဒီအချိန်ဆို.. သူ့ပခုံးပေါ်က မျက်နှာသုတ်ပုဝါနဲ့ မျက်ရည်တွေ တို့သုတ်မြဲ။ ကျမ ကိုယ်တိုင်လည်း တော်တော် ငယ်ငယ်ကလေးတည်းက အဲဒီအချိန်လေးမှာ ကြက်သီးထ တတ်ခဲ့တာ။ ပြီးတော့ ငိုချင်နေခဲ့တာ။ အဖွားနဲ့ အဖေ ပြောပြထားလို့ ကောင်းကောင်း သိထားတဲ့ အာဇာနည်ကြီးတွေကို သတိရ လွမ်းတ နှမျောစိတ် နဲ့ ငိုချင်နေတတ်ခဲ့တာ။

ဥသြသံတွေ ရပ်သွားတာတောင် ကျမတို့ရဲ့ ငိုင်တွေ ငြိမ်သက်နေမှုက ပြန်လည် အသက်မ၀င်နိုင်သေးဘဲ ရှိနေ တတ်မြဲ။ ပြီးလျှင်တော့ အဖေက ဦးဆောင်ပြီး ကျမတို့ မိသားစု အာဇာနည်ကုန်းကို သွားတာပါပဲ။ အဲဒီတုန်းက လူတွေ သိပ်များတာပဲ။ အနယ်နယ် အရပ်ရပ်က လာကြတာပါ။ ကျမတို့တွေ စနစ်တကျ တန်းစီကြပါတယ်။ ကိုယ့်အလှည့်ရောက်ရင်တော့ ဗိုလ်ချုပ်တို့ရဲ့ အုတ်ဂူတွေရှေ့မှာ စနစ်တကျ တန်းစီပြီး ပန်းစည်းကလေးတွေ ချပြီး ကျမတို့ အလေးပြုကြပါတယ်။ အလေးပြုပြီးရင်တော့ တာဝါလိန်းလမ်း (ခု-ဗိုလ်ချုပ် ပြတိုက်လမ်း)က ဗိုလ်ချုပ်အိမ်ကို သွားကြပါတယ်။ တခါတလေ အဲဒီမှာ လူများလွန်း တန်းစီရလွန်းလို့ ဖေဖေက ရွှေတိဂုံ ဘုရား ဘက်ပဲ ဦးတည်ပါတယ်။

အိမ်ကို ညနေစောင်းပြန်ရောက်ရင်တော့ အိမ်ရှေ့ ၀ရံတာမှာ လေတဖြူးဖြူးနဲ့ ထိုင်ရင်း အဖွားပြောပြတဲ့ ဗိုလ်ချုပ်အကြောင်းတွေ နားထောင်ရပါတယ်။ ကျမ အဖွားက သူတို့ ပုသိမ် ကျောင်းကုန်းကို ဗိုလ်ချုပ် ရောက်တုန်းက အကြောင်းတွေ ၊ ဗိုလ်ချုပ်တို့ ကျဆုံးစဉ်က အကြောင်းတွေ.. အဖွားတို့ အော်ငိုကြရတာတွေကို ကျမတို့ မောင်နှမတွေ ၀ိုင်းဖွဲ့ နားထောင်ကြရတာ.. ခဏခဏ။

ည.. ၈နာရီ သတင်းအပြီးဆိုရင်တော့ ရေဒီယိုက ဗိုလ်ချုပ် မိန့်ခွန်းတွေ လွှင့်ပေးတာကို တအိမ်လုံး ငြိမ်ပြီး နားထောင်ကြပါတယ်။ သိပ်မသဲကွဲလို့ နားမရှင်းရင် အဖေက ပြန်ရှင်းပြပေးပါတယ်။ ရေဒီယိုက လွှင့်ပြီးသွားပေမဲ့
ကျမတို့ မောင်နှမတစုရဲ့ အမေးတွေ ကတော့ မပြီးနိုင်သေး။ အဖေ့မှာ ဆက်ပြီး ဖြေနေရတတ်ပါတယ်။

အဲဒီတုန်းကတည်းက အဖေက ဗိုလ်ချုပ်အကြောင်းကို ပြောရင်း ဦးနေ၀င်းရဲ့ အတ္တကြီးတာတွေ၊ မသမာမှုတွေ၊ တိုင်းပြည်အပေါ် စေတနာနည်းပါးမှုတွေနဲ့ တွဲပြောပြနေကျ။ ဒါကြောင့်ပဲ ဗိုလ်ချုပ်ဟာ ကျမတို့ နှလုံးသားထဲမှာ အမြင့်မြတ်ဆုံး ခေါင်းဆောင်အဖြစ် နေရာယူခဲ့တာပါ။ အဲလိုပဲ အာဇာနည်ကြီးတွေရဲ့ တိုင်းပြည်အတွက် စွန့်လွှတ် အနစ်နာခံမှုတွေ၊ သတ္တိ ဗျတ္တိတွေ၊ တိုင်းပြည်ချစ်စိတ်တွေကို မြတ်နိုးရကောင်းမှန်း လေးစား အားကျ ရ ကောင်းမှန်း သိခဲ့တာပါ။ မွန်မြတ်တဲ့ မြင့်မြတ် တဲ့ ခေါင်းဆောင်ကောင်းဆိုတာ ဒီလိုရှိရမှာပါလားလို့ သိတတ် မြင်တတ်ခဲ့တာပါ။

ခုတော့.. ကျမတို့ နိုင်ငံမှာ ဗိုလ်ချုပ်နဲ့တကွ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ဖူးသူတွေရဲ့ သမိုင်းကို တဖြည်းဖြည်း ပျောက်ကွယ်သွားအောင် လုပ်ကြံတာကို ခံနေရပြန်ပါပြီ။ ကျမတို့ မြန်မာနိုင်ငံသမိုင်းမှာ အရေးပါ လှတဲ့သူတွေကို စစ်အစိုးရက ပျောက်ပျက်အောင် သေသေချာချာကို လုပ်နေတာပါပဲ။

ဗိုလ်ချုပ်ပုံတွေကို ပိုက်ဆံတွေပေါ်ကနေ ဖျောက်ဖျက်ပစ်တာက စလို့ ကျောင်းတွေမှာ ဗိုလ်ချုပ်အကြောင်း မသင်ရ။ ဗိုလ်ချုပ်အကြောင်း မပြောရ။ စာနယ်ဇင်းတွေမှာ ဗိုလ်ချုပ်အကြောင်းမရေးရ.. ဆိုတာတွေ လုပ်လာ ပါတယ်။ အဲဒီအပြင် ဗိုလ်ချုပ်အောင်ဆန်းမိသားစုအကြောင်း ရေးပြီး စာအုပ်ထုတ်တဲ့ စာရေးဆရာ သန်းဝင်းလှိုင် ဟာ ၂၀၀၀ခုနှစ် ဇွန်လမှာ ထောင်ဒဏ် ၇နှစ် အပြစ်ပေးခံခဲ့ရပါတယ်။ အဲလိုပဲ ၂၀၀၅ခုနှစ် ကုန်ပိုင်းလောက်မှာ လည်း တွံတေးမြို့က ဆရာဦးအောင်ဖေဟာ ကျူရှင်မှာ ကျောင်းသားတွေကို ဗိုလ်ချုပ်အကြောင်း ပြောပြပြီး ဗိုလ်ချုပ်ပုံကို အလေးပြုတာကြောင့် ခုထိ ထောင်ကျခံနေရတာပါ။ ဒါတွေဟာ စစ်အစိုးရရဲ့ သိပ်ကို ပက်စက်တဲ့ ရုပ်ဆိုးတဲ့ အဖြစ်အပျက်တွေပါပဲ။

သူတို့ဟာ တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ်ရဲ့ အထင်ကရ သမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားနေတာပါ။ လွန်ခဲ့တဲ့ နှစ်၆၀တုန်းက ဂဠုန်ဦးစောက ရာထူးအာဏာအတွက် နိုင်ငံ့ခေါင်းဆောင် မီးရှူးတန်ဆောင်ကို လုပ်ကြံခဲ့တဲ့ အတွက် သမိုင်းမှာ သားစဉ်မြေးဆက် ရုပ်ဆိုးခဲ့ပါပြီ။ သားသမီး မြေးမြစ်ထိအောင် သိမ်ငယ်ခဲ့ရပါပြီ။ ဗိုလ်ချုပ်က တော့ လူသာ ကျဆုံးသွားခဲ့ပေမဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကတော့ ပိုတောင် တောက်ပလာခဲ့ပါတယ်။ အခု စစ်အစိုးရရဲ့ ခေါင်းဆောင်များကလည်း ဖခင်ဗိုလ်ချုပ်ရဲ့ကျေးဇူးကို လုပ်ကြံဖို့ ကြိုးစားနေပါပြီ။ သူတို့သမိုင်း ကတော့ဖြင့် ခု မသေခင်မှာတောင် အတော်ပုပ်ပွနေပါပြီ။

သူတို့ ဗိုလ်ချုပ်ကို ဘာကြောင့် ဖျောက်ဖျက်ချင်ရသလဲ..။
ကျမတွေးကြည့်တာတော့ ....
ဗိုလ်ချုပ်ဟာ သေသည့်ထိ ဂုဏ်သိက္ခာတန်ဖိုး အလွန်မြင့်မားခဲ့သူ။
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဟာလည်း ဂုဏ်သရေ တန်ဖိုး ကြီးမြင့်သူ။
ဗိုလ်ချုပ်ရဲ့ တဦးတည်းသောသမီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗိုလ်ချုပ်သာ
ခုထိ အသက်ထင်ရှား ရှိသေး ရင် လက်ခမောင်း တဖြောင်းဖြောင်းခတ်ပြီး ဂုဏ်ပြုရမယ့် သမီး..။

အင်းး သူတို့မှာကတော့……………………။

ကျမတို့ကတော့ သူတို့က ဗိုလ်ချုပ်တို့ရဲ့ အခန်းကဏ္ဍကို ဖျောက်ဖို့ ကြိုးစားလေလေ…
ဗိုလ်ချုပ်ရဲ့ တန်ဖိုးကို ပို သတိရလေလေ..။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို သူတို့ ဖျောက်ဖို့ မှေးမှိန်အောင်လုပ်ဖို့ ကြိုးစားလေလေ..
အန်တီစုရဲ့ အရောင်အ၀ါ ဂုဏ်ကျက်သရေက ပိုပြီး တောက်ပ-လာလေလေ…။
အမှောင်ထုနဲ့ ယှဉ်လို့ ပိုလင်းတဲ့ လမင်းလို.. ကြယ်စင်လို…။

မေငြိမ်း (ဇူလိုင်၁၇)

(အဟောင်းတွေပေမဲ့ အတွေးတွေ အဖြစ်အပျက်တွေက မပြောင်းသေးတာမို့ ပြန်တင်ပေးလိုက်ပါတယ်)

Jul 17, 2009

အာဇာနည်ဆိုတာ...



အာဇာနည်နေ့က ဘာလို့ အရေးကြီးရသလဲဆိုတဲ့ မေးခွန်းမျိုးကို ကျမခဏခဏ ကြုံရဖူးပါတယ်။
ကျမကတော့ အဲဒီမေးခွန်းကို အမြဲ အလွယ်တကူပဲ ဖြေဖြစ်ပါတယ်။
အာဇာနည်ဆိုတာက အရေးကြီးတဲ့အတွက် အာဇာနည်နေ့က အရေးကြီးရတာပါပဲ။
အာဇာနည်ဆိုတာက သူ့ဘ၀ကို အများအတွက် မြှုပ်နှံ အစတေးခံရဲသူ။ အသက်စွန့်ဝံ့သူ။ ကိုယ်ကျင့်တရား အမွန်အမြတ်ရှိသူ။ ကိုယ့်ဖြစ်တည်မှုကို မေ့ထားပြီး လူအများအတွက်သာ စဉ်းစားပြီး ဆောင်ရွက်လုပ်ကိုင်သူ။ လူအများကို စိတ်ခွန်အားဖြစ်စေသူ.. လူအများ လိုလားသောလမ်းကို ဖန်တီးပေးသူ။
ကျမတို့နိုင်ငံက အာဇာနည်နေ့ဟာ အဲဒီလို အာဇာနည်တွေကို မသမာသူတွေက လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ နေ့ပါ။ ကျမတို့ နိုင်ငံရဲ့ အာဇာနည်ကြီးတွေကို ဆုံးရှုံးလိုက်ရတဲ့ နေ့ပါ။ အာဇာနည်ဆိုတာ ခေတ်တခေတ်မှာ အလွန် ပေါ်ပေါက်ခဲတဲ့ ရတနာတွေပါပဲ။ အခု ကျဆုံးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ နေရာအသီးသီးမှာ သူ့နေရာနဲ့သူ ထူးချွန် ထက်မြက်ကြပြီးတော့ နိုင်ငံအတွက် တကယ့်ကို ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတော့ ရွပ်ရွပ်ချွံချွံ ကြိုးပမ်းနေကြသူ တွေချည်းပါပဲ။

နောက်တခုက အဲဒီပုဂ္ဂိုလ်ကြီးတွေဟာ နိုင်ငံခေါင်းဆောင် ပီသစွာပဲ ကိုယ်ကျင့်တရားအရာမှာ စံပြ လို့ ဆိုနိုင်တဲ့ သူတွေပါပဲ။ တကယ့် အာဇာနည် အင်္ဂါရပ်နဲ့ ပြည့်စုံကြသူတွေပါ။
အဲဒီလို အာဇာနည်တွေရဲ့အကြောင်းတွေကို ကျမတို့က နောက်မျိုးဆက်တွေ သိအောင် သေသေချာချာ လက်ဆင့်ကမ်းရမှာပါ။ ဒါမှပဲ အာဇာနည်ဆိုတာ ဒီလိုပါလား.. အာဇာနည်အဖြစ် ရပ်တည်မှ တန်ဖိုးရှိတာပါလား… လူဖြစ်ရကျိုး နပ်မှာပါလား… ဂုဏ်ယူစရာ ကောင်းတာပါလား…လို့ တွေးမိကြမှာပါ။

ပိုဆိုးတာကတော့ ခုချိန်မှာက ကျမတို့နိုင်ငံမှာ ခေါင်ကမှ မိုးမလုံတော့ တတိုင်းပြည်လုံး ကံဆိုးမိုးတွေ တုတ်တုတ် ရွှဲ နေရ။ ကလေးတွေ လူငယ်တွေရဲ့ မျက်စေ့ရှေ့မှာ မတရားသဖြင့် အုပ်ချုပ်နေတဲ့ အာဏာပိုင်ဆိုသူတွေ… လူထုကို နှိပ်စက်ညှင်းပမ်းတဲ့ အစိုးရ ဆိုသူတွေ.. အဂတိလိုက်စားတဲ့ အုပ်ချုပ်သူတွေ… ကိုယ်ကျင့်တရားပျက်တဲ့ ဦးဆောင်သူတွေ.. အရှက်အကြောက်နည်းပါးတဲ့ အောင်မြင် ကျော်ကြားသူတွေကိုသာ အတွေ့များနေတာမို့.. အတုယူတတ်တဲ့ အရွယ်တွေအတွက် အတုခိုးမှားမှာ သိပ် စိုးရိမ်စရာ ကောင်းပါတယ်။

ဒါကြောင့် ဘယ်လောက်မှ မဝေးကွာသေးတဲ့.. လွန်ခဲ့တဲ့ နှစ်၆၀ရဲ့ ဟိုဘက်မှာတင် စံပြုစရာ ကိုယ်ကျင့်တရားနဲ့ ပြည့်စုံပြီး လူထုအတွက် ကိုယ်ကျိုးစွန့်ဖို့ ၀န်မလေးတဲ့ ခေါင်းဆောင်ကောင်းတွေ ရှိခဲ့တာကို ကျမတို့ တလေးတစား ဖော်ထုတ်ရပါမယ်။ သတိတရ ချီးကျူးရပါမယ်။ မျိုးဆက်သစ် အဆက်ဆက်ဆီ လက်ဆင့်ကမ်း ရပါမယ်။ ဒါမှပဲ အဲဒီသူရဲကောင်းတွေရဲ့ ဂုဏ်ကျေးဇူးကို သိတတ်ရာ ကျပါလိမ့်မယ်။ အဲဒီတော့မှပဲ နောက်က မျိုးဆက်တွေအပေါ်လည်း တာဝန်ကျေရာ ရောက်ပါလိမ့်မယ်။ ဒါကြောင့်ပဲ အာဇာနည်နေ့ကို အာဇာနည် တွေကို.. သမိုင်းကြောင်းတခုအဖြစ် ဖော်ထုတ်ဖို့ အရေးကြီးရတာပဲ ဖြစ်ပါတယ်…။
အာဇာနည်မြတ်.. မမေ့အပ်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းအား အလေးပြု ။


Jul 8, 2009

ဆဲဗင်းဇူလိုင် နောက်ဆက်တွဲ

လွန်ခဲ့တဲ့ ၄၇နှစ်မှာတုန်းက ဒီနေ့လို ၈ရက်နေ့ မနက်မှာမှ ယူနီယံကြီး အဖြိုချခံရ.. ကျောင်းသား ကျောင်းသူ တွေကို ပစ်သတ်.. ဖမ်းဆီးတာတွေ အပြင်းထန်ဆုံး လုပ်ခဲ့တာပါ။ ဗိုလ်ချုပ် တည်ထောင်ခဲ့တဲ့ တပ်မတော်ကို ကျောင်းသားတွေ သိမ်းကျုံးပြီး မုန်းတတ်သွားစေတဲ့ အဖြစ်အပျက်တွေရဲ့ အစပါပဲ။ အဲဒီနေ့မှာ ဘက်နက်ဖျား ကနေ သီသီလေးလွတ်လာခဲ့တဲ့ ဒုတိယနှစ်ကျောင်းသားလေး ကျမအဖေဟာ အသက်၅၆မှာ ကွယ်လွန်သွားတဲ့ အထိ စစ်သားကို စစ်တပ်ကို မုန်းသွားခဲ့ပါတယ်။

အဲဒီ 7 July နောက်ပိုင်း တက္ကသိုလ်နယ်ထဲမှာ ရင်ဖွင့်သံ နှိုးဆော်သံ ငိုညည်းသံ ကဗျာတွေ စာတွေနဲ့အတူ သီချင်း တပုဒ်ကလည်း လွင့်ပျံ့ထင်ရှားလာခဲ့ပါတယ်။ အဲဒီ သီချင်းလေးကို အဖေ ခဏခဏဆိုပါတယ်။ ခု ဒီဘက် ရောက်လာတော့မှ ဆရာဂျမ်း(ကဗျာဆရာ တင်မိုး)နဲ့ တွေ့ချိန်တွေမှာ ဆရာက အဲဒီသီချင်းကို ဆိုဆိုပြပါတယ်။ ဆရာကပဲ အဲဒီသီချင်းကို ရုပ်ရှင်မင်းသားကြီး မြတ်လေးရေးခဲ့တာလို့ ပြောပြခဲ့ပါတယ်။ အဲဒီသီချင်းလေး တင်ပေးလိုက်ပါတယ်။

“တက္ကသိုလ် နယ်မြေတစ်နေရာ”

တက္ကသိုလ်.. ဒို့ကျောင်း.. တစ်နေရာ… အုတ်ပုံ အုတ်ပျက် စုလျက် ပုံလျက် နေပြန်တာ.. မြေမှာပြိုလဲ.. မသဲကွဲသော.. ထိုအချင်းအရာ သေချာကြည့်လျှင်.. အဖြေရှာ.. သိနိုင်ရာဇ၀င်.. အခိုင်အမာ.. ကျောက်စာမော်ကွန်း.. ထွန်းလျှက် ပေစာ.. မရှိပါ သော်လည်း.. အသဲအက်နာစရာ..(တရံတခါက တက္ကဝေယံ.. ဘုံပျံမဟာ.. ရှိပါလေငြား.. ကျောင်းသားယူနီယံ.. အိုးဝေကျူးသံနဲ့.. တောင်းဆုပြု.. ညီညီညာညာ မရွှင်နှိင်.. ခွေနွမ်း… လွမ်းစရာ့အခြေပါ.. စစ်မြေထိုတလင်း ကျင်းရက်လေရှာ)၂ သံကြော်ကြွေးလျက်သာ.. ရုံးစုလျှက် ညီညာကြရာ.. အပြစ်ရှာ မိုက်လုံးကြီးတာ.. သေနတ်ကို မောင်းတင်.. နှင်လေရှာ..။

မယုံကြည်နိုင်ပါလျှင်.. ကောင်းပါလိမ့်.. ရင်တသိမ့်သိမ့်ခုန် နာကျည်း ကြေကွဲဖွယ်ရာ.. အဖြစ်စစ် အဖြစ်မှန် ဆိုသည်မှာ ဘယ်ခါမှလဲ.. မလိုက်လျောပါ.. နှိပ်ကွပ်ဟန့်တား..တင်းတင်းမာမာ.. တယောက်ဆက်ကာ- တယောက်ပစ်တာ- သွေးတွေ ချောင်းစီးဆင်း.. အလောင်းချင်း ထပ်လျက်.. သေရရှာ မလန်းသော- သပြေနွမ်း ကြေပန်းပမာ.. အသည်းနာစရာ မြေမှာလျောင်း.. သက်ခန္ဓာ တောင် ပြောင်း… အကြောင်းက မပြေလည်ပါ.. မြတ်ဗုဒ္ဓ.. ထံတော်ပါး.. မခွဲ-ခွာပါ.. နေငြား အသည်းနာစရာ တမင်များ သခင်တပါးရယ်.. သနားငယ် မညှာ တက္ကသိုလ်ကျောင်းဝန်းက.. ချစ်ဆွေတသင်း.. ဒို့များခမျာ သစ္စာတော်ထား.. လှစ်ကြားနေဆဲ ဘာကမျှ.. မသိလေရှာ.. ကံအခြေမွဲသူပါ.. အသည်းနာစရာ.. အရေးရယ်က.. အမြဲစာနာ ဆွေးဘွယ်ပ ဖြစ်ရလေသည့်- ဆန်းထွေတလာ.. အာဏာမင်းတရား… ပထွေးက.. ကျောင်းသားမို့ဖြင့်.. ဘယ်လိုမှလဲ မသတ်လို့မဖြစ်ပါ.. ကလေးတွေ ဖြစ်လင့်ကစား ပြောမရလေက ဒေါပွချေသည်မှာ ရာဇဂုဏ် မောက်တဲ့မင်း.. တင်း သည်ချိန်ခါ နေလို လလို ဘုန်းသမ္ဘာ.. အရင့်အမာ… ငါလိုမင်းမှာ ဒင်းတို့က… မာန်ဖီလာ… ကျောင်းမြေတလင်းပြင်ထက်မှာ သေငြား..

(ဒေါသူပုန်ပွားကာ… ကျောင်းသားယူနီယံကြီးကို ဖြိုကာ… သေနတ်နှင့်ပစ်ရာ… ကျောင်းသားတွေမှာ.. အတုံးအရုံး သေရှာ )၂။ ကမ္ဘာရန် အမြဲသာ.. အသည်း.. နာ။

(သက်ဦးဆံပိုင်.. ဘုရင်အလား.. တမင်မသနား ကျောင်းသားတွေကို.. အရှင်မထား.. ကျောင်းမြေ တလင်းပြင် ထက်မှာ.. သေ ငြား.. တက္ကသိုလ်ဝင်းမှာ.. မပြေးသာ စတေးရှာ လေတော့တာ .. ရုတ်တရက်သာ သတ်ခဲ့တဲ့ ဒီနေရာ သွေးတွေ မြေကျသမို့ အသည်းမှာ တကယ် မချမ်းသာ )၂ ။

သင်ကြုံကြိုက်လို့ ရောက်တဲ့အခါ လာကြည့်စမ်းပါ.. (ယူနီယံအဆောက်အဦး.. တနေရာ..)၂။ မသဲမကွဲအမြဲရှိမှာ သဲသဲကွဲကွဲရှိလဲရှိမှာ.. သွေးကွက်တွေလဲ တ၀က် တပျက် ဆက်လက်ရှိအုံးမှာ.. ဖက်ဆစ်နယ်မြေ.. သင်ဖွေရှာ.. (ယူနီယံ အဆောက်အဦး အဲ့ဒီ တနေရာ- တက္ကသိုလ် ဒို့ကျောင်း အဲဒီ တစ်နေရာ..)၂။

(သက်ဦးဆံပိုင်.. ဘုရင်အလား.. တမင်မသနား ကျောင်းသားတွေကို.. အရှင်မထား.. ကျောင်းမြေတလင်းပြင် ထက်မှာ သေငြား.. တက္ကသိုလ်ဝန်းမှာ မပြေးသာ-စတေးရှာ လေတော့သာ.. ရုတ်တရက်သာ.. သတ်ခဲ့တဲ့ သည်နေရာ သွေးတွေမြေကျသမို့.. အသည်းမှာ တကယ်မချမ်းသာ )၂။

သင်ကြုံကြိုက်လို့ ရောက်တဲ့အခါ.. လာကြည့်စမ်းပါ (ယူနီယံအဆောက်အဦး တစ်နေရာ)၂။ မသဲမကွဲ.. အမြဲ ရှိမှာ သဲသဲကွဲကွဲ ရှိမြဲရှိမှာ.. ကျောက်စာတွေလဲ တ၀က် တပျက်.. ဆက်လက်ရှိအုံးမှာ.. ဖက်ဆစ်နယ်မြေ.. သင်ဖွေရှာ.. တက္ကသိုလ် ဒို့ကျောင်း.. အဲဒီ တနေရာ ။

(ဤသီချင်းသည် ဂီတစာဆို ကိုကျော့မှူး ရေးစပ်၍ တင်တင်မြသီဆိုသော “ပုဂံမြို့ဟောင်းတစ်နေရာ” သီချင်းသွားအတိုင်း စပ်ဆိုပါသည် ။ )


အဲဒီ ၁၉၆၂ကနေ ခုချိန်ထိ အမှန်တရားအတွက် တိုက်ပွဲဝင်တဲ့သူတွေ ကျောင်းသားတွေကို စစ်တပ်အစိုးရက ဘယ်လိုဒုက္ခပေးတယ်ဆိုတာ သက်သေပြနေတဲ့ စာလေးတစ်စောင်ကို ၇ဇူလိုင် အထိမ်းအမှတ်အတွက် နောက်ဆုံးပို့စ်အဖြစ် တင်ပေးလိုက်ပါတယ်။


ရန်ကုန်ထောင်မှ ရန်ကုန်တက္ကသိုလ်

သူငယ်ချင်း... ငါအခု ရန်ကုန်ထောင်မှာ ရောက်နေပြီ။ ငါ- ၀ံပုလွေတွေရဲ့ သားရဲတွင်းမှာ ရက်ပေါင်း(၂၀) တိတိ အညှင်းဆဲ ခံခဲ့ရတယ်။ ကြေးစားဝံပုလွေတွေက သိုးငယ်ကို အပြစ်ရှာသလို ငါ့ကို ၀ိုင်းပြီး စစ်ဆေးကြတယ်။ ငါ့အဖို့ ငရဲဆိုတာ ဒါပဲလို့ ပူပူနွေးနွေး အရှင်လတ်လတ် သိလိုက်ရတာပဲ။ ရက်ပေါင်း(၂၀)အတွင်း နေ့နဲ့ညကို ငါမသိလိုက်ဘူး၊ ငါ့ရှေ့မှာ မီးမောင်းရယ်၊ ယုတ်မာရက်စက်တဲ့ တိရစ္ဆာန်မျက်နှာတွေရယ်တို့သာ ငါမြင်ရတယ်။

ကြမ်းကြုတ်တဲ့၊ မာကျောတဲ့ အကြင်နာတရားကင်းတဲ့ မေးခွန်းတွေဟာ ငါ့နားထဲကို သံရည်ပူ လောင်းသလိုပဲ၊ ဒီရက်အတွင်း ငါအိပ်လည်း မအိပ်ခဲ့ရဘူး။ “မသိဘူး”ဆိုတဲ့ အဖြေကို အကြိမ်ပေါင်း တစ်ထောင်ကျော် အော်ပြော ရင်း ငါ ဗုံးဗုံး လဲကျသွားမှ ငရဲခန်းက လွတ်တော့တယ်။ အခု ရန်ကုန်ထောင်ကျတော့လည်း (စီ)အတန်းမှာ နေရ တယ်။ (ဘီ)အတန်း မရဘူး။ ဒါကြောင့် ပဲပင်ပေါက်ဟင်း၊ ထောင်အခေါ် နိုင်လွန်ဟင်းရယ်၊ ပဲဟင်းရယ်၊ လုံးတီး ရယ်၊ သဲရှပ်ရှပ် ငါးပိစိမ်းစားတွေကိုသာ အာဟာရအဖြစ် မှီဝဲနေရတယ်။ အခုရာသီမှာတော့ ဂုံနီအိတ်ဟာ ငါ့အတွက် ခြုံစောင်ပဲ။ ဒါပေမဲ့ ငါ့စိတ်ကတော့ လွတ်လပ်လျက်ပဲ၊ ငါ့ စိတ်ဓာတ်ကိုတော့ ဘယ်သူကမှ အာဏာ မသိမ်းနိုင်ဘူး။

မင်းတို့တတ်နိုင်ရင် ငါ့ကို တစ်ခုကူညီပါ၊ ရတဲ့နည်းနဲ့ ငါ့ထံကို ဗလာစာအုပ်ရယ်၊ ဆေးပေါ့လိပ် အနည်းငယ်ကို ပို့ပေးပါ။ မင်းတို့မှာ ငွေမရှိရင် ကျန်ရစ်တဲ့ ငါ့ဖေါင်တိန်ကို ရောင်းပြီး ၀ယ်ပေးပါ။ငါ့နှမအဆောင်သွားပြီး အားမငယ်ဖို့ သွားပြောပေးပါ။ မေ့မေ့ဆီကိုတော့ ငါ့အကြောင်း ဘာမှမရေးပါနဲ့လို့ သူ့ကို ပြောပါ။ ဘာဖြစ်လို့လဲဆိုတော့ ငါ့အမေမှာ နှလုံးရောဂါရှိနေတယ်။ ခင်မောင်အုန်း၊ ခင်မောင်ဦးနဲ့ ကုလားကလေး ငချို တို့ကို တွေ့ရင်လည်း ပြောလိုက်ပါကွာ၊ မင်းတို့ အာသာငမ်းငမ်း သွားရည် တမြားမြား ဖြစ်နေတဲ့ ဆိုရှယ်လစ် လမ်းစဉ်ဟာ အရသာ ခါးလှချည်လားလို့----

အခုနေဆို စခန်းမသာတဲ့ မြကျွန်း မသာအိမ်မှာ ကံ့ကော်တွေ ပွင့်နေရော့မယ်နော်။
လှေခွက်ချည်းကျန်၊ အလံမလှဲစတမ်းဟေ့---

မြင့်သိန်း
ခေတ္တ၊ ရန်ကုန်ထောင်




(ဇူလိုင်၇ အရေးတော်ပုံအပြီး ဖမ်းဆီးချုပ်နှောင်ခံရသော ရဲဘော်တစ်ဦး၏ ပေးစာကို တိုက်ရိုက် ကူးယူဖေါ်ပြ ပါသည်။ )(၁၉၆၃ခုနှစ် ဇန်န၀ါရီလထုတ် ရင်ပြင်နီ ကဗျာစာအုပ်မှ)

Jul 7, 2009

၄၇နှစ်မြောက် ၇ဇူလိုင်...


၇ဇူလိုင် အမှတ်တရ

စစ်အာဏာရှင်တွေက အနာဂတ်ရဲ့ မျိုးဆက်သစ် ပညာတတ် ကြယ်ပွင့်လေးတွေကို သိသိသာသာ သတ်ဖြတ်ခဲ့.. ဖိနှိပ်ခဲ့... အညွန့်ချိုးခဲ့တာ ခု ဇူလိုင် ၇ရက်ဆိုရင် ၄၇နှစ် ပြည့်ပြီ။ ခုထိ နည်းအမျိုးမျိုးနဲ့... အသတ်ခံနေရဆဲ... အဖိနှိပ်ခံနေရဆဲ... အညွန့်ချိုးခံနေရဆဲ...။ ပေးဆပ်သူတွေ ပေးဆပ်နေ.. ကျဆုံးသူတွေ ကျဆုံးခဲ့ပေမဲ့ ခုထိ ကျောင်းနံရံမှာ ဒေါင်းအလံ ပြန်မစိုက်နိုင်သေး... ကျမတို့ခေတ်မှာ အများစုက တာဝန်မကျေကြသေး...။


(ကဗျာဆရာ စာရေးဆရာ အောင်ပြည့်က
နာမည်ရင်း ခင်မောင်မြင့်(ပြွန်တန်ဆာ)နာမည်နဲ့
ရေးဆွဲခဲ့တဲ့ မူရင်း illustration ပါ။)

သွေးစီးပေတဲ့လက်တွေနဲ့

ရဲဘက်တော်တို့---
ခုနစ်ရက်နေ့က
ကြုံရတဲ့အဖြစ်
ပစ်လိုက်တဲ့မောင်းပြန်သေနတ်
ဒလစပ်ဆူညံ
မုန်တိုင်းသံ၊ တော်လဲသံ
ကျောင်းသားတွေ တပြုံလုံး
တုံးအရုံးမှောက်လှန်
သွေးပွက်ပွက်အန်ပါရော့
သွေးရောင်နောက်ခံ
ဒေါင်းအလံလဲ
အ၀ါခံဒေါင်းရုပ်ပျောက်
နောက်ကျိ ညိုမည်း
သွေးခဲသွေးတစ်
သွေးအိုင်မှာ နစ်ခဲ့ရပြီ ရဲဘော်တို့။

သွေးအိုင်ပွက်က
ဆယ်ယူလို့ရခဲ့တဲ့
သမဂ္ဂတံခွန်တော်
ငါတို့ရဲ့အလံတော်
သွေးအိုင်မှာ မြုပ်လို့
ဒေါင်းအရုပ် မပေါ်
အလံတော်တစ်ခုလုံး
သွေးနီရောင်ဖုံးပြီလို့
ရုံးကြ စုကြ
လာကြဟေ့ တပ်လှန့်ခေါ်
ရဲဘက်တော်နဲ့ ရဲဘော်တို့ ညီကြ
မောင်ကြီးတို့နှင့် အတူပ
ကျုပ်နှမတွေလည်း အတူလာ
အရေးတော်မဟာ
သွေးစည်းကြ ညီညီညာ
သွေးစည်းတွေပေတဲ့ လက်နဲ့
ပြုတ်မထွက်ရအောင်
လက်ချင်းဆက် လက်ချင်းတွဲ
မြတ်တရားပါတဲ့
ငါတို့ရဲ့ မဟာတိုက်ပွဲ
အားခဲကာ အနိုင်တိုက်မယ်ပ
ဦးမငိုက် မဆုတ်တမ်း
အောင်ကျော်လမ်းမှာ လူစု
ကျောင်းသားထု အလံတော်ကို
ခေါင်းပေါ်မှာ ပင့်ချီသွားတဲ့အောင်..
ဟေ့...
ဓါးဆွဲလို့ထွက်ခဲ့ကြ ရဲဘော်တို့။ ။

တိုးနီ(မြင်းခြံ)


(ဆရာအောင်ပြည့် လက်ရာပါပဲ)


အင်းဝဆောင် သဟာယအသင်းက ထုတ်ဝေခဲ့တဲ့ ကဗျာစာအုပ်ရဲ့မျက်နှာဖုံးပုံပါ။ ကျမအဖေ အခက်အခဲ အမျိုးမျိုး ကြားထဲက သိမ်းခဲ့ရတာမို့ စာအုပ်ကလေးကအနားလေးတွေ စုတ်နေပါပြီ။ ကျောင်းသားကြီးတွေရဲ့ ရဲရဲတောက်စိတ်ဓါတ်ကို မျိုးဆက်သစ်တွေ အမှတ်တရဖြစ်ရအောင် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။


မြကျွန်းသာဝယ်

မြကျွန်းသာတွင်
နေရာအနှံ့၊ ယမ်းငွေ့နံ့ရှင့်
ပျံ့ပျံ့သင်း၍ နေဘိခြင်း။
မြကျွန်းသာတွင်
ရွှေဝါဆန်းတင့်၊ ကံ့ကော်ပွင့်တို့
အရင့်အရဲ ပွင့်ဘိခြင်း။
မြကျွန်းသာတွင်
သံခွာဖိနပ်၊ မြက်ခင်းစပ်ဝယ်
ထပ်ထပ်ခါခါ နင်းဘိခြင်း။
မြကျွန်းသာဝယ်
ကျလာမျက်ရည်၊ မကြည်စိတ်ဝမ်း
ရောပွန်းဒေါသ ထဘိခြင်း။
မြကျွန်းသာဝယ်
ညင်သာစီးသွား၊ အင်းလျားသည်ပင်
ရေပြင်လှိုင်းစ ထဘိခြင်း။
မြကျွန်းသာဝယ်
ညီညာစုံဝေး၊ သွေးနှင့်အသိ
သတိပညာ၊ အာဏာတော်လှန်
ခွပ်ဒေါင်းပျံလျက်
နက်ဖြန် အောင်ပွဲခံကြစို့။

မိုးသလ္လာ

(တကယ်တော့ ကဗျာတွေက အများကြီးပါ... ကျမ ရွေးချယ်ပြီး တင်ပေးတာပါ)

Jul 6, 2009

ဆဲဗင်းဂျူလိုင် အမှတ်တရ


ဒီနေရာဟာ ကျမတို့ကျောင်းသားတွေအတွက် အရေးကြီးတဲ့ ဘ၀တစ်ခုပါ။
အဲဒီဘ၀တခုကို ကျမတို့ ဆုံးရှုံးခဲ့ရတာ.. ခုထိတိုင် ပြန်မရနိုင်သေး။

၁၉၆၂ ခုနှစ် ဇူလိုင် ၇ရက် အပြီး ကျောင်းတွေ ပိတ်သွားပြီးနောက်
ပြန်အဖွင့်မှာတော့ တက္ကသိုလ်ဟာ တစပြင်လိုပါပဲ တဲ့။
ပြီးတော့ လက်ကမ်းကဗျာစာအုပ်တွေ
အဆောင်လိုက် အလျှိုအလျှို ထွက်လာပါတော့တယ်။
အဲဒီကဗျာမူရင်းတွေ ကျမမှာ အများကြီး ရှိပါတယ်။
အခု အဲဒီထဲကနေ တပုဒ်စီ တင်ပေးသွားချင်ပါတယ်။


တက္ကသိုလ်၏အတ္တုပ္ပတ္တိ

နိုင်ငံခြားမှ
ကျောင်းသားမိတ်ဆွေ ၊ တက္ကသိုလ်မြေကို
ခြေချလည်ပတ် ၊ ကြည့်ရှုမှတ်ရန်
လာလတ်သည့်ခါ ၊ ဘယ်နေရာကို
ဦးစွာ အသင် ပြမည်လဲ။

အမေရိကန်မှ ၊ လက်ဆောင်ရသည့်
ခန်းမလိပ်ခုံး ၊ ကျောင်းတဆုံးကို
ဦးဆုံးအသင်ညွန်မည်လော။

သို့မဟုတ်လျှင်
“ကွန်ဗုတ်”ဆောက်ဦး ၊ ထုံးဖြူလူးသည်
ဦးစွာကြည့်ရှုစေမည်လော။

သို့မဟုတ်လျှင် ၊ ကံကော်ပင်လမ်း
ပိတောက်လမ်းကို ၊ လျှောက်လှမ်းစေဘိ
ပိဋကတ်တိုက် ၊ စာကြည့်တိုက်ကို
လိုက်၍ အသင်ပြမည်လော။

စာသင်ခန်းထဲ
စည်းဝေးပွဲနှင့် ၊ ဓါတ်ခွဲခန်းမှာ
အင်းလျားမှာနှင့် ၊ စာကြည့်တိုက်ထဲ
ကွင်းပြင်ထဲနှင့် ၊ အဆောင်ခန်းတူ
တွေ့ဆုံမူသည့် ၊ ကျောင်းသူကျောင်းသား
နိုင်ငံခြားမှ ၊ များပြားမိတ်ဆွေ
တက္ကသိုလ်မြေကို ၊ ခြေချလည်ပတ်
ကြည့်ရှုမှတ်ရန် ၊ လာလတ်သည့်အခါ
ဘယ်နေရာကို ဦးစွာ ခေါ်ဆောင်ပြမည်လဲ။

ကျွန်ုပ်ကတော့
အဆောတလျှင် ပြသချင်ဘိ
ဦးစွာကြည့်ရန် ၊ သွေးကျံလမ်းမ၊
တံခါးဝနား၊ ပိုင်းစအုတ်နီ
တောင်ပုံစီနှင့် ၊ သွေးညှီနံသက်
ဘိနပ်ပျက်များ ၊ ပန်းခွေများကို
ရှုစားကြည့်ပါ ၊ ပြသပါမည်
ထိုအခါဖြစ်ပျက် ၊ ဓိကချက်ကို
ထိန်ဝှက်မချန် ၊ “တရားခံ” နှင့်
မြန်ပြည်လူထု ၊ ကျောင်းသားထု၏
လူမှုဘ၀ ၊ ခေတ်ကာလကို
ဖွင့်ဟရှင်းပြ ၊ လင်းလှချင်ပါသည်။

မောင်ကြည်မွန်


(၂၀၀၇ ဇူလိုင်လမှာကတည်းက ဘလော့မှာ တင်ပေးခဲ့တဲ့ post တွေပါ.. ခုထိ အသက်ဝင်နေဆဲမို့ မဖတ်လိုက်ရသေးတဲ့သူတွေ ဖတ်ရအောင်.. ဖတ်ပြီးသူတွေ ပြန်အမှတ်ရအောင်.. ပြန်တင်လိုက်ပါတယ်..။)