Jul 17, 2009

အာဇာနည်ဆိုတာ...



အာဇာနည်နေ့က ဘာလို့ အရေးကြီးရသလဲဆိုတဲ့ မေးခွန်းမျိုးကို ကျမခဏခဏ ကြုံရဖူးပါတယ်။
ကျမကတော့ အဲဒီမေးခွန်းကို အမြဲ အလွယ်တကူပဲ ဖြေဖြစ်ပါတယ်။
အာဇာနည်ဆိုတာက အရေးကြီးတဲ့အတွက် အာဇာနည်နေ့က အရေးကြီးရတာပါပဲ။
အာဇာနည်ဆိုတာက သူ့ဘ၀ကို အများအတွက် မြှုပ်နှံ အစတေးခံရဲသူ။ အသက်စွန့်ဝံ့သူ။ ကိုယ်ကျင့်တရား အမွန်အမြတ်ရှိသူ။ ကိုယ့်ဖြစ်တည်မှုကို မေ့ထားပြီး လူအများအတွက်သာ စဉ်းစားပြီး ဆောင်ရွက်လုပ်ကိုင်သူ။ လူအများကို စိတ်ခွန်အားဖြစ်စေသူ.. လူအများ လိုလားသောလမ်းကို ဖန်တီးပေးသူ။
ကျမတို့နိုင်ငံက အာဇာနည်နေ့ဟာ အဲဒီလို အာဇာနည်တွေကို မသမာသူတွေက လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ နေ့ပါ။ ကျမတို့ နိုင်ငံရဲ့ အာဇာနည်ကြီးတွေကို ဆုံးရှုံးလိုက်ရတဲ့ နေ့ပါ။ အာဇာနည်ဆိုတာ ခေတ်တခေတ်မှာ အလွန် ပေါ်ပေါက်ခဲတဲ့ ရတနာတွေပါပဲ။ အခု ကျဆုံးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ နေရာအသီးသီးမှာ သူ့နေရာနဲ့သူ ထူးချွန် ထက်မြက်ကြပြီးတော့ နိုင်ငံအတွက် တကယ့်ကို ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတော့ ရွပ်ရွပ်ချွံချွံ ကြိုးပမ်းနေကြသူ တွေချည်းပါပဲ။

နောက်တခုက အဲဒီပုဂ္ဂိုလ်ကြီးတွေဟာ နိုင်ငံခေါင်းဆောင် ပီသစွာပဲ ကိုယ်ကျင့်တရားအရာမှာ စံပြ လို့ ဆိုနိုင်တဲ့ သူတွေပါပဲ။ တကယ့် အာဇာနည် အင်္ဂါရပ်နဲ့ ပြည့်စုံကြသူတွေပါ။
အဲဒီလို အာဇာနည်တွေရဲ့အကြောင်းတွေကို ကျမတို့က နောက်မျိုးဆက်တွေ သိအောင် သေသေချာချာ လက်ဆင့်ကမ်းရမှာပါ။ ဒါမှပဲ အာဇာနည်ဆိုတာ ဒီလိုပါလား.. အာဇာနည်အဖြစ် ရပ်တည်မှ တန်ဖိုးရှိတာပါလား… လူဖြစ်ရကျိုး နပ်မှာပါလား… ဂုဏ်ယူစရာ ကောင်းတာပါလား…လို့ တွေးမိကြမှာပါ။

ပိုဆိုးတာကတော့ ခုချိန်မှာက ကျမတို့နိုင်ငံမှာ ခေါင်ကမှ မိုးမလုံတော့ တတိုင်းပြည်လုံး ကံဆိုးမိုးတွေ တုတ်တုတ် ရွှဲ နေရ။ ကလေးတွေ လူငယ်တွေရဲ့ မျက်စေ့ရှေ့မှာ မတရားသဖြင့် အုပ်ချုပ်နေတဲ့ အာဏာပိုင်ဆိုသူတွေ… လူထုကို နှိပ်စက်ညှင်းပမ်းတဲ့ အစိုးရ ဆိုသူတွေ.. အဂတိလိုက်စားတဲ့ အုပ်ချုပ်သူတွေ… ကိုယ်ကျင့်တရားပျက်တဲ့ ဦးဆောင်သူတွေ.. အရှက်အကြောက်နည်းပါးတဲ့ အောင်မြင် ကျော်ကြားသူတွေကိုသာ အတွေ့များနေတာမို့.. အတုယူတတ်တဲ့ အရွယ်တွေအတွက် အတုခိုးမှားမှာ သိပ် စိုးရိမ်စရာ ကောင်းပါတယ်။

ဒါကြောင့် ဘယ်လောက်မှ မဝေးကွာသေးတဲ့.. လွန်ခဲ့တဲ့ နှစ်၆၀ရဲ့ ဟိုဘက်မှာတင် စံပြုစရာ ကိုယ်ကျင့်တရားနဲ့ ပြည့်စုံပြီး လူထုအတွက် ကိုယ်ကျိုးစွန့်ဖို့ ၀န်မလေးတဲ့ ခေါင်းဆောင်ကောင်းတွေ ရှိခဲ့တာကို ကျမတို့ တလေးတစား ဖော်ထုတ်ရပါမယ်။ သတိတရ ချီးကျူးရပါမယ်။ မျိုးဆက်သစ် အဆက်ဆက်ဆီ လက်ဆင့်ကမ်း ရပါမယ်။ ဒါမှပဲ အဲဒီသူရဲကောင်းတွေရဲ့ ဂုဏ်ကျေးဇူးကို သိတတ်ရာ ကျပါလိမ့်မယ်။ အဲဒီတော့မှပဲ နောက်က မျိုးဆက်တွေအပေါ်လည်း တာဝန်ကျေရာ ရောက်ပါလိမ့်မယ်။ ဒါကြောင့်ပဲ အာဇာနည်နေ့ကို အာဇာနည် တွေကို.. သမိုင်းကြောင်းတခုအဖြစ် ဖော်ထုတ်ဖို့ အရေးကြီးရတာပဲ ဖြစ်ပါတယ်…။
အာဇာနည်မြတ်.. မမေ့အပ်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းအား အလေးပြု ။


9 comments:

မေ့သမီး said...

အမရေ အာဇာနည်တွေကို သတိရ၊ ၀မ်းနည်းပြီး အလေးပြုသွားပါတယ်။

Moe Cho Thinn said...

ငယ်ငယ်က အာဇာနည်နေ့တွေမှာ ဥသြဆွဲသံကြားရင် ဆော့နေရာ၊ ကစားနေရာက မတ်တပ်ရပ် ခေါင်းငုံ့ အလေးပြုရတာ။ ရေဒီယိုလေးနားမှာ တမိသားစုလုံး ငြိမ်သက် တိတ်ဆိတ် နေရတာ။ အဲဒီတုန်းက အခုလောက် နားမလည်သေးပေမဲ့ လူကြီးတွေ ပြောပြလို့ တို့ချစ်တဲ့ ဗိုလ်ချုပ် နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ဆုံးတဲ့အချိန်လောက် သိတာမျိုး။

အခုတော့ အာဇာနည်ဆိုတာ ကိုယ်ကျိုးစွန့် အနစ်နာခံ၊ တိုင်းပြည်အကျိုး စွမ်းစွမ်းတမံ လုပ်ခဲ့သူတွေ၊ လူ့တန်ဖိုးဆိုတာ ဘာ ဆိုတာ သက်သေပြခဲ့တဲ့ လူတွေဆိုတာ ကြာလေ သိလေမို့ ပိုပြီး လေးလေးနက်နက် ရိုကျိုး အလေးပြုလျက်ပါ။

အာဇာနည်တိုင်း သမိုင်း မသေ။

Unknown said...

အာဇာနည်ဆိုတာ သေမှဖြစ်တာလား။
အကယ်၍ သူတို့ လုပ်ကြံခံရပြီး မသေခဲ့ရင် အာဇာနည်လို့ ခေါ်နိုင်လား။
ဥပမာ ရဲဘော်ကိုထွေးဆိုပါတော့ ..
အဲဒီနေ့မှာ မကျဆုံးခဲ့ရင် သူဟာအာဇာနည်ဖြစ်မလား။
ငယ်ငယ်ထဲက မရှင်းခဲ့လို့ ဆရာမ ရှင်းပြ ပေးစေချင်ပါတယ်။
ကျေးဇူး

မေငြိမ်း said...

အာဇာနည်ဆိုတာ.. အများအတွက် အလုပ်လုပ်ရင်း သေသွားရတဲ့သူ.. ပြီးတော့ အများအကျိုးကို သေသည့်အထိ အနစ်နာခံ လုပ်ရင်းကနေ သေသွားတဲ့သူ။ အာဇနြည်တွေဟာ မသေခင်မှာတော့ သူတော်ကောင်း သူရဲကောင်းအဆင့်ပဲ။ အဲဒီသူရဲကောင်းက အသေခံပြီး အများအတွက်လုပ်ရာက သေမှသာ သူ့ကို အာဇာနည်လို့ သမုတ်တာဖြစ်ပါတယ်။

mgngal said...
This comment has been removed by the author.
mgngal said...

အာဇာနည်များကို လေးမြတ်စွာ အလေးပြုသွား ပါတယ် ။

Nge Naing said...

ဆရာမရေ
လာဖတ်သွားပါတယ်။ အာဇာနည်ဆိုတာ မိမိအသက်ကို ပဓာမမထားပဲ အများအတွက် တိုင်းပြည်အတွက် ရဲရဲဝံ့ဝံ့ ပေးဆပ်သူ ဆိုပြီး ငယ်ငယ်က စာစီစာကုံး ရေးဖူးတာကို မှတ်မိနေတယ်။ Maung မေးတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး နည်းနည်း ဖြည့်ပြောပါရစေနော့်။ ကျွန်မတို့ ငယ်ငယ်ကလည်း အာဇာနည်နေ့အကြောင်း ဟောပြောတဲ့ ဆရာဆရာမတွေထဲမှာ ရဲဘော်ကိုထွေးနဲ့ ပတ်သက်ပြီး အာဇာနည် ရှစ်ဦးနဲ့ ဦးရာဇာတ်ရဲ့ သက်တော်စောင့် ရဲဘော်ကိုထွေး ကျဆုံးတဲ့နေ့လို့ ပြောသွားတာ ကြားဖူးတယ်။
ဒါပေမယ့် အာဇာနည်ဆိုတာ အငြတရ ဖြစ်စေ၊ အထင်ကရ ပုဂ္ဂိုလ် ဖြစ်စေ အများအတွက် ကိုယ်ကျိုးစွန့် အလုပ်လုပ်ရင်း သေဆုံးရသူ အားလုံးကို အာဇာနည်လို့ သတ်မှတ်တာ ဖြစ်လို့ အရေးအခင်းအသီးသီးမှာ ကျဆုံးသွားတဲ့ ကျောင်းသားပြည်သူတွေဟာလည်း အာဇာနည်တွေ ဖြစ်ပါတယ်။

rose of sharon said...

ကျဆုံးသွားခဲ့တဲ့အာဇာနည်များကို အလေးပြုသွား ပါတယ်

မေငြိမ်း said...

မငယ်ရေ..
ဟုတ်ပါတယ်..။ အရေးအခင်းတိုင်း တော်လှန်ရေးတိုင်းမှာ ကျဆုံးသူတိုင်းဟာ အာဇာနည်ပါပဲ..။ အဲဒီမှာမှ သူ့ရဲ့ အများအကျိုးဆောင်မှု သက်တမ်းကို လိုက်ပြီး ထင်ရှားတဲ့ အာဇာနည်ရယ်လို့သာ ရှိသွားတာပါ။ ပြောရရင် ဆရာမင်းသုဝဏ်ရဲ့ သူ့မှာတမ်းကဗျာထဲက ပြောက်ကျားစစ်သည်လေးဟာလည်း အာဇာနည်ပါပဲ။