Apr 16, 2010

ဝမ်းနည်းစကား

ဒီကနေ့ Duty Off မို့ မနက်အစောကြီးမထမိဘဲ အိပ်နေလိုက်တာ.. Australia ရောက်နေတဲ့ မောင်လေးတယောက်က ဖုန်းဆက်လို့ နိုးသွားတယ်။ ရန်ကုန်မှာဗုံးပေါက်တယ်ဆိုလို့တဲ့..။ လူတော်တော် သေတယ်တဲ့..။ ဒါနဲ့.. ကျမလည်း ပြူးပြူးပျာပျာထမိတယ်။ ကွန်ပျူတာရှေ့ ထိုင်လိုက်တော့ ဖွင့်ထားတဲ့ gmail မှာ အဲဒီသတင်းတွေ အစီအရီတက်နေပြီ။ ဘုရားဘုရား… သင်္ကြန်အကြတ်နေ့ကြီး.. ကလေးတွေ ပျော်နေကြရှာမှာ.. လို့ ချက်ချင်း တွေးမိတယ်။ ဘာပဲဖြစ်ဖြစ် သူတို့လေးတွေမှာ အပြစ်မရှိတာ သေချာပါတယ်။ နောက်တော့ တက်နေတဲ့ chat box တွေထဲက ပေးထားတဲ့ ဦးဦးဖျားဖျား သတင်းတင်တယ်ဆိုတဲ့ Blog ကို ရောက်သွားတော့ ဓာတ်ပုံနဲ့တကွ တွေ့ရတော့ သေချာပြီပေါ့…။

ဓာတ်ပုံတွေလိုက်ကြည့်ရင်း ငိုအားထက် ရယ်အားသန်ဆိုသလို ပုံစာတခုကြောင့် အံ့သြပြီး ပြုံးမိတယ်..။ ပြည်သူ့ရဲတွေ တဲ့။ ရဲတွေရောက်လာတော့ သောင်းသောင်းဖြဖြကြိုကြတယ်.. တဲ့။ အရေးထဲ ဒီကလေးနှယ် .. ရိနေသေးတယ်လို့ တွေးမိတာ..။ နောက်တော့ သေချာ အဆုံးထိကြည့်တော့ သူက အတည် ရေးတာနဲ့ တူတယ်ဗျ..။ ဒီတော့မှ “သြော်… တခုခုကြောင့် အချုပ်ကျရင် အချုပ်ထဲမှာ အချုပ်သားကိုရော.. သူမိသားစု တွေကိုပါ အမျိုးမျိုး ဒုက္ခပေးတတ်တဲ့..၊ ပြီးတော့ အင်းလျားလမ်းက သနားစရာကောင်းလှတဲ့ ၅လောင်းပြိုင် လူသတ်မှုမျိုးလို ပြည်သူတွေ မတရားသဖြင့် အမှုဆင်ခံနေရတာတွေကို မကာကွယ်နိုင်တဲ့ မြန်မာနိုင်ငံက ရဲတွေကို ပြည်သူ့ရဲ.. ခေါ်ထိုက်သလား..” လို့ တွေးမိပြီး စိတ်ထဲ နင်တင်တင်..။ ပြီးတော့ အဲဒီရဲတွေ သောင်းသောင်းဖြဖြ ကြိုတယ်ဆိုတဲ့လူတွေကို ဓာတ်ပုံထဲ သေချာမမြင်ရပေမဲ့ မြင်ဖူးချင်လို့ လိုက်ကြည့်မိသေးတယ်။ ဘာလို့ဆို စက်တင်ဘာ ရွှေဝါရောင်လူထုလှုပ်ရှားမှုတုန်းက လူထုကို ခပ်တည်တည်နဲ့ ရိုက်လားနှက်လားလုပ်ပြခဲ့တာ သူတို့လည်း အပါအ၀င်..။ ဒါကိုတောင်မှ ဘယ်လိုလူတွေကများ သောင်းသောင်းဖြဖြ ကြိုသလဲပေါ့..။ လူတွေက သူတို့ဘာသာ အခင်းဖြစ်နေရာကို ၀ိုင်းကြည့်နေတာ မဟုတ်ဘူး လားပေါ့။ သောင်းသောင်းဖြဖြ လို့ သုံးရင် လက်ခုတ်လက်ဝါးတီး အားပေးတာမျိုး.. အဲဒီလူတွေ ကို သိသိသာသာ ကြိုဆိုတဲ့ အမူအယာတွေနဲ့ ဟစ်အော်အားပေးတာမျိုးတွေ ရှိလို့ ဖြစ်မှာပဲ ဆိုပြီး ဓာတ်ပုံတွေကို လိုက်ကြည့်တော့လည်း အဲလိုမျိုးတော့ မတွေ့မိပြန်..။ ခက်တော့ နေပါပြီ… မင်္ဂလာအခါရက်ကြီး.. မနက်စောစောစီးစီး.. ကျမတယောက်တည်း အတွေးတွေနဲ့ ထိပ်တိုက်တွေ့နေတာ။

++++

နောက်တော့ comment တွေမှာ ဟိုလိုလို ဒီလိုလိုတွေ ရေးပြန်တော့ စိတ်ထဲ ပိုပြီး မအီမသာ ဖြစ်ရပြန်ပါတယ်။ ဘာဖြစ်လို့များ သေချာ မစဉ်းစားကြပါလိမ့်.. ဒါကြောင့်ပဲ ဒီလို အစိုးရမျိုး သက်ဇိုးရှည်နေတာပဲလို့လည်း တွေးနေမိပါတယ်။ ဘယ်သူ ဗုံးဖောက်သလဲ…..။ မဟုတ်တာလုပ်သူတွေပီပီ.. သူတို့အသက်အတွက် ကြောက်တတ်ကြလေတော့ အထပ်ထပ် အစစ်အဆေးတွေနဲ့ ဒီလောက် နယ်စပ်တွေ ပိတ်ရှာ..။ အဲဒီကြားထဲကမှ ရန်ကုန်မြို့လယ် ခေါင်ကို ဗုံးသုံးလုံးဝင်အောင်သယ်နိုင်တဲ့ “တာ..” က ဘယ်က ဖြစ်မလဲ..။ အတွင်းရေးမှူး ၂- ဗိုလ်ချုပ်တင်ဦး အိမ် ဗုံးပေါက်တာ.. ခုထိ ဘာလို့ တရားခံမပေါ်..။ လေယာဉ်ပျက်ကျတာ… အဖြေရှာမရ…။ သေသမျှက သူတို့ သေစေချင်တဲ့ သူတွေရယ်... သူတို့နဲ့ ဘာမှမဆိုင်သူတွေရယ်…။ ခုလိုသင်္ကြန် ကြပ်ပြေးတောင် အတားအဆီးမရှိဝင်နိုင်နေတာ.. ။ တခြားသူလုပ်တယ်ဆို အားလုံးက သတ်ချင်နေတာ တယောက်တည်း.. တဆွေတမျိုးတည်း ရှိတာ..။ (သူတို့ကလွဲလို့) ဘယ်သူမှ လူထုကို ဒုက္ခမပေးဘူး။ အဆက်ဆက် လူထုကို သတ်လာတာ.. ၁၉၆၂ ကနေ ၇၂.. ၇၄.. ၇၆… ၈၈.. ၉၆.. ၂၀၀၃ (ဒီပဲယင်း).. ၂၀၀၇.. နောက်ဆုံး ၂၀၀၈ မေလ နာဂစ်မုန်တိုင်းကိစ္စမှာ မုန်တိုင်းကြောင့် လူသေဘ၀ပျက်တာ တသိန်းဆိုရင် အဲဒီထဲမှာ တ၀က်လောက်က အကူညီတွေ အချိန်မီမရဘဲ မသေသင့်ဘဲ သေခဲ့ရတာ.. ဒင့်တို့ကြောင့်ပဲ..။ အထူးသဖြင့် တာဝန်ရှိတဲ့ တပ်ချုပ်ဆိုတာကြီးကြောင့်ပဲ..။ သူတို့ သတ်တာ..။ မသေသေအောင် သတ်ပစ်တာ…။ ဒါတွေက ကမ္ဘာသိ တရားဝင် သတ်နေတာတွေ..။

တရားမ၀င်သတ်နေတာတွေ ပြောရဦးမလား..။ လူငယ်တွေကို မူးယစ်ဆေးနဲ့ သတ်တယ်..။ အောက်တန်းကျ ညံ့ဖျင်းတဲ့ ပညာရေးစနစ်ပေးပြီး ဘ၀တွေ အနာဂတ်တွေက်ု သတ်တယ်..။ လူထုရဲ့ ကျန်းမာရေးကို စောင့်ရှောက်မှုမပေးတဲ့အပြင် တမင်လျစ်လျူရှုထားပြီး သက်တမ်းစေ့ မနေရအောင် လုပ်တယ်.. ဒါလည်း.. သတ်တာတမျိုးပဲ်။ သားပျို သမီးပျိုလေးတွေကို ဘ၀ပျက်အောင် ဖျက်ဆီးတယ်..။ တိုင်းရင်းသားရွာတွေကို အမျိုးဖြုတ် သတ်တယ်…။ ကျမ ကျောင်းဆရာမ လုပ်လာတဲ့ အနှစ် ၂၀နီးပါးတလျှောက် မျက်မြင် ကြုံခဲ့သမျှနဲ့ ကျမ ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတဲ့ ဘိန်းဖြူကြောင့် မောင်လေးတယောက်နဲ့ လင်ယောက်ျားတယောက် ဆုံးခဲ့ဖူးတာဟာ လက်တွေ့သာဓကပဲ..။ (ကာယကံရှင်တွေ ညံ့ဖျင်းလို့ ဆိုတာကို လက်ခံသလို.. အုပ်ချုပ်တဲ့ အစိုးရမှာ တာဝန်ရှိတယ်ဆိုတာကိုလည်း ကျမ သေချာ အထောက်အထားနဲ့ ပြောနိုင်တယ်)။ ဒါတွေကို အများကြီး ပြောခဲ့ ရေးခဲ့ဖူးပြီ။ ကိုယ့်အဖြစ်အပျက် မဟုတ်လို့မို့ ပြောပိုင်ခွင့် မရှိလို့ ချန်ထားခဲ့ရတဲ့ မျက်မြင်အဖြစ်အပျက် တွေလည်း အများကြီး ရှိသေးတယ်။ ဒီတော့ ကျမပြောချင်တာက အဲသလောက် လက်ရဲ ဇက်ရဲ သတ်ဖြတ်ရဲတာ.. ဒင့်တို့အပြင် နှစ်ယောက်မရှိလို့ ထင်မိတာ.. ။ ထင်မိတဲ့သူ အပြစ်လား…။

+++++

ဖြစ်ပါတော့လား.. သူ့မြေး မျောက်လောင်းရဲ့ မဏ္ဍပ်..။ ဖြစ်ပါတော့လား ကြပ်ပြေးက VIP မဏ္ဍပ်တွေ..။ ဖြစ်ပါတော့လား.. တေဇတို့ မဏ္ဍပ်တွေ..လို့ တချို့က comment ရေးတယ်။ ကျမက အဲလိုတော့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ ဘယ်သူကများ အဲလိုမဏ္ဍပ်တွေကျတော့ ရှောင်ပါလိမ့်လို့တော့ တွေးမိသား…။ အင်း ဗုံးဖောက်သူတွေက တာလီဘန်တွေ မဟုတ်လို့ ဖြစ်မှာပါနော်..။ (အရင်ဗုံးဖောက်မှုတွေတုန်းကတော့ တိုက်ဆိုင်တာလားမသိ.. အဲလိုတွေ ဖြစ်ပြီး လပိုင်းအတွင်းဆို အမြဲတမ်းလိုလို “ကစလ” မှာ အလုပ်ပြုတ်သွားသူတွေ တော်တော်များဆိုပဲ)

+++++

ဘာပဲဖြစ်ဖြစ် ကိုယ်တိုင် သားသမီး ၃ယောက်ရဲ့အမေဖြစ်လေတော့ ခု အဖြစ်အပျက်မှာ သေဆုံးသွားကြရတဲ့ ကလေးတွေကို သနားပြီး စိတ်ထိခိုက်နေမိပါတယ်။ ကောင်းရာသုဂတိ လားကြပါစေ..။ ဘ၀အဆက်ဆက် ဒီလို မင်းဆိုး စနစ်ဆိုး အခြေနေဆိုးတွေနဲ့ မကြုံကြိုက်ကြရပါစေနဲ့…။

+++++

31 comments:

Moe Cho Thinn said...

ဒီသတင်းကြားကြားချင်း စိတ်ထိခိုက်မိပါတယ်။
မလုပ်သင့် မလုပ်ထိုက်တဲ့ အကျည်းတန်လုပ်ရပ်ပါ။
တရားခံအစစ်ကို ရှာဖွေနိုင်ပါစေ။ တရားဥပဒေ မစိုးမိုးတဲ့ နိုင်ငံမှာ တရားသဖြင့် အမှုမှန်ပေါ်ပါစေ လို့ ဆုတောင်းပါတယ်။

phoenix said...

ဆရာမခင်ဗျာ...
ဆရာမ အသက်အရွယ် အတွေ့ အကြုံနဲ့  အမှန်ကို အတိအကျ မသိပဲ ဒီလို မစွပ်စွဲသင့်ဘူးလို့  ထင်ပါတယ်...။ဒီနေ့ အဖြစ်အပျက်အတွက် အာလုံး ထပ်တူ ထပ်မျှ စိတ်မကောင် ဖြစ်နေကြတာပါပဲ။ ဒါပေမဲ့ အထောက်အထား မရှိပဲ လမ်းဘေး အတင်းပြောနေတဲ့ပုံနဲ့  စွပ်စွဲတာမျိုး ဆရာမလို ပညာတတ် တက္ကသိုလ်ဆရာမ တစ်ယောက်အနေနဲ့  မဖြစ်သင့်ဘူးလို့  ထင်ပါတယ်။ အခု ဆရာမ ရေးလိုက်တာက တပ်မတော်အစိုးရက တစ်ခုခုဖြစ်တာနဲ့  နယ်စပ်က အဖွဲ့ အစည်းတွေကို လက်ညှိုးထိုးပြနေသလို ထပ်တူထပ်မျှပဲ မဟုတ်ဘူးလားခင်ဗျာ။ ဒီအဖြစ်အပျက်ကို ဘယ်သူ ဘယ်ဘက်ကပဲ လုပ်လုပ် ရှုတ်ချရမဲ့ လူမဆန်တဲ့ အပြုအမူပါ။ ဒါပေမဲ့ တိကျတဲ့ အထောက်အထားမရှိပဲ ပြောနေတာကတော့ လမ်းဘေးမှာ အတင်းပြောတဲ့အဆင့်လောက်ပဲ ရှိတယ်ဆိုတာ ဆရာမ အနေနဲ့  သတိပြုစေချင်ပါတယ်ခင်ဗျာ...။

Ghost said...

phoenix ပြောတာ မှန်တယ်။
အတိအကျမသိဘဲ ရမ်းစွပ်စွဲပီး ခေါင်းစဉ်က ၀မ်းနည်းစကားလို့ တပ်ထားတယ်။ ရေးတဲ့စာက ၀မ်းနည်းစကားနဲ့မတူဘူး။ သတင်းကို ဦးဦးဖျားဖျားတင်ပေးတဲ့ ညီလင်းဆက်ကိုလဲ ရိတိတိရေးထားသေးတယ်။ လမ်းဘေးအတင်းတုပ်နေကျ အကျင့်က မပျောက်သေးပုံဘဲ။ ပြည့်သူ့ရဲလို့ ရေးတော့ ဘာဖြစ်လဲ။ ဒီစကားလုံးက သုံးနေကျမို့ ရေးတာနေမှာပေါ့။ နအဖရဲလို့ရေးရမှာလား။ အရေးထဲ စကားလုံးအထအနကလဲ ကောက်နေသေးတယ်။
လက်ခုပ်လက်ဝါးတီး အားပေးမှ သောင်းသောင်းဖြဖြကြိုတာလား။ ဒီလောက် လူတွေသေပြီး ဒုတ်ခရောက်နေတဲ့ဟာ ရဲလာတာနဲ့ ရုပ်ရှင်ထဲကလို လက်ခေါက်မှုတ် လက်ခုတ်တီးပီး ဘယ်သူက အားပေးမှာလဲ။ ဒါပေမဲ့ ဘယ်သူမှ ဘာမှလဲ မလုပ်တတ်၊ လုပ်လဲ မလုပ်နိုင်ချိန်မှာ ရဲရောက်လာလို့ အားလုံးက ၀မ်းသာသြွားကမှာတော့ အမှန်ပဲ။ သောင်းသောင်းဖြဖြ ဆိုတာနဲ့ ဟစ်အော် အားပေးရမယ်ဆိုတာကတော့ မဟုတ်သေးပါဘူး။ မြန်မာစာကထိက ဆိုတော့ မြန်မာစာလုံးတခုမြင်တာနဲ့ အနက်တွေ လှေ?ာက်ပြန်တော့တာပဲ။ သောင်းသောင်းဖြဖြဆိုတဲ့ စကားလုံးနဲ့ ဓာတ်ပုံနြဲ့ တိုက်ကည့်ပီး ဓာတ်ပုံ ကွက်ကွက်ကလေးမြင်ပီးလဲ ဝေဖန်လို့မရဘူး ဒေါ်မေငြိမ်း။ နဲနဲပါးပါးလဲ တွေးအုံး။
နအဖက သတ်တာကတမျိုး ခင်ဗျားတို့လို ဟိုမရောက်ဒီမရောက် အောက်ကလိအာတွေက သတ်တာကတမျိုးနဲ့ ပြည်သူတွေပဲ ကြားတဲက မြေဇာပင် ဖြစ်တယ်။ ဒီလိုပုံစံမျိုးနဲ့တော့ ၀မ်းနည်းစကား ရေးမနေပါနဲ့။ တကယ်ဝမ်းနည်းရင် ရန်ကုန်ပြန်သွားပြီး ပြည်သူတွေနဲ့ တသားတဲ ဒုတ်ခသုတ်ခ ခံပေါ့။

ဆောင်းယွန်းလ said...

ဟုတ်တယ်အမရေ..
ကျနော်လည်း တကယ့်ကို စိတ်မကောင်းဖြစ်မိတယ်ဗျာ။
ဘယ်သူ့ကြောင့်ပဲ ဗုံးကွဲကွဲ ကော်ပတ်ရုပ်မဟုတ်တဲ့ သက်ရှိလူသားတွေကို သခါင်္ရတရားက အချိန်မတိုင်ခင် ဆွဲခေါ်သွားတာဆိုတော့ ဘယ်စိတ်ကောင်းနိုင်ပါ့မလဲဗျာ...
မမှန်ကန်သူတွေပြုတဲ့ အမှုဆိုရင်တော့ အမှုမှန်ကပေါ်မှာကိုမဟုတ်ဘူး အမရေ။

Anonymous said...

ဘယ်နေရာ ဘဲ သွားသွား သခင် ထိရင် ထဟောင် တတ် တဲ့ သတ္တဝါတွေ ကလဲ တမျိုး ....။

AboutMe said...

phoenix နဲ့ ghost ရေးထားတာကို 100% ထောက်ခံပါတယ်..
ဆရာမရေ.. အစိုးရက မဖော်ထုတ်နိုင်တဲ့ လူသတ်မှုဆိုတာ မရှိပါဘူး..
ပြည်သူကို ထုတ်မပြတာပါ.. သတင်းကို ဘာလို့လျှို့ဝှက်ထားလဲဆိုတာ စဉ်းစားစရာမဟုတ်ဘူးလားရှင်..
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ဆောင်ခွင့်ရှိသူသည် အစိုးရအဖွဲ့အစည်းများနှင့် စစ်တပ်တစ်ခုပဲရှိတာမဟုတ်ပါဘူးနော်..
အခုလို ငြိမ်းချမ်းရေးအဖွဲ့အစည်းများနဲ့ အစိုးရ သဘောထားတင်းမာနေချိန်မှာ ဘယ်သူတွေဘာလုပ်သွားတယ်ဆိုတာ မြင်တတ်ရင် အသိသာကြီးပါ.. မျက်စိမှိတ်ထားရင်တော့ အမှန်ကိုဘယ်မြင်နိုင်ပါ့မလဲ.. နောက်တစ်ခုပြောချင်တာကတော့ ဆရာမရေ.. မြန်မာနိုင်ငံသားတွေကို အမေရိကားကနေ ထိုင်ပြီး သနားနေလို့ ဘာမှအရာမရောက်ဘူးရှင့်.. ဆရာမတစ်သက်နဲ့တစ်ကိုယ် အဝေးကနေပြီး နအဖမကောင်းကြောင်း ထိုင်အော်နေရုံကလွဲလို့ ဘာများတိုင်းပြည်အတွက်လုပ်ဖူးပါသလဲ.. ကိုယ့်နိုင်ငံမှာငတ်လို့ သူများနိုင်ငံသွားလုပ်ချင်လဲလုပ်.. အောက်လမ်းကပဲသွားသွား.. အသနားခံပြီးပဲနေနေ.. ခါတော်မှီနိုင်ငံရေးသမားတော့ ဖြစ်နိုင်ရင်မလုပ်ပါနဲ့ရှင်.. ဆရာမ လိပ်ပြာသန့်သန့်နဲ့ စာကောင်းပေမွန်များ ဆက်လက်ရေးသားနိုင်ပါစေရှင်...

Anonymous said...

ဆရာ မရေ အပင် မြင့်လေ ခွေးဟောင် လေ ဘဲ
ထမကြည့်နဲ့ အိပ်ရေးပျက် တယ် နယ် စပ် ကအဖွဲ့ တွေ နဲ့ ဘာမှ ဆိုင် ဘူး......။


စနေသား

Pie Min Swe said...

ဝမ်းနည်းစွာ လာဖတ်သွားပါတယ်ဗျာ။

linn said...

အမ ရေ .. ကျော်ဆန်းရဲ့  မီဒီယာ ကို မီဒီယာ နဲ့ တိုက်မယ် ဆိုတဲ့ စကားကတော့ ဟုတ် နေပါပြီ ( နာမည်မျိုးစုံနဲ့ လာလာ ဟောင် နေကြတာ ) အပေါ်က ခွေး တွေ ဟောင် တိုင်း ထ မကြည့်မိစေနဲ့ ... ဘယ်သူက ခွေး ( ခွေးတောင် အားနာတယ် ) ဘယ်သူက လူ ဆိုတာ စစ်ခွေး အနှိပ်စက်ခံနေရတဲ့ ဗမာလူမျိုးတိုင်း သိ ပါတယ် .

Unknown said...

ဆရာမပြောတာအသေအချာကိုလက်ခံတယ်၊၊ စာပိုဒ်တိုင်းကို၊ စစ်အစိုးရဘဲလူတွေကိုသတ်နေတာ၊ တစ်ခုမဟုတ်တစ်ခုနဲ့ ၊၊ ဒီဗုံးလဲ သူတို့ ဘဲဖောက်တာ၊ လူသတ်စစ်အစိုးရ ဆိုတာ မြန်မာပြည်သူတွေတင်မဟုတ်ဘူး၊၊ တလောကလုံးအခုဆို သိနေကြပြီ၊၊ ပြည်သူကို မကာကွယ်နိုင်ဘဲ ပြည်သူ့ အာဏာကို လူသတ်ပြီး ဓမြတိုက်ထားတဲ့ အစိုးရ၊ လူမဟုတ်တဲ့လူသတ်အစိုးရ အမြန်ကျဆုံးပါစေ၊၊

Anonymous said...
This comment has been removed by the author.
ဖိုးတုတ် said...

မမေငြိမ်းခင်ဗျာ---
ကျွန်တော်ဦးစွာပြောလိုသည်မှာ ကျွန်တော် မည်သည့်ဖက်က လူ မဟုတ်ပါ၊ အမှန်တရားကို ပြောချင်သူ ဖြစ်ပါတယ်၊ ရဲများ မကောင်းသည်ကို ရေးထားသည်မှာ စိတ်ပျက်ဖွယ်ကောင်းလှပါသည်၊ ကောင်းသည်ဟု မဆိုချင်သော်လည်း ရဲတိုင်းမကောင်းသည် ဟုပြောရန်မသင့်ပါ၊ အဖွဲ.အစည်းတိုင်းတွင် ကောင်းသည်လူရှိသလို၊ မကောင်းသည်လူများလည်းရှိပါသည်၊ အနည်းဆုံး လူအများအနားယူ၊ပျော်ရွင် နေချိန် ၊ သူတို့မှာ တာဝန်ချိန် အဖြစ် မနား ရပါ၊ ဆရာမက ဒီလိုရေးထားပါတယ်...(သူ့မြေး မျောက်လောင်းရဲ့ မဏ္ဍပ်..။ ဖြစ်ပါတော့လား ကြပ်ပြေးက VIP မဏ္ဍပ်တွေ..။ ဖြစ်ပါတော့လား.. တေဇတို့ မဏ္ဍပ်တွေ..လို့ တချို့က comment ရေးတယ်။ ကျမက အဲလိုတော့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ ဘယ်သူကများ အဲလိုမဏ္ဍပ်တွေကျတော့ ရှောင်ပါလိမ့်လို့တော့ တွေးမိသား…။ အင်း ဗုံးဖောက်သူတွေက တာလီဘန်တွေ မဟုတ်လို့ ဖြစ်မှာပါနော်..။)-- ဆရာမ ရယ်၊ စာရေးဆရာ ပီပီ၊ သူများရေးသလိုလိုနဲ. မရေးပါနှင့် ၊ ဗုဒ္စဘာသာအရ သူတစ်ဖက်သား ကို သေစေလိုရင် အကုသိုလ် ဖြစ်တယ်နော်၊ မကောင်းတာ လုပ်ခဲ့သူများ က သူတို.ရဲ. အကုသိုလ်ကံ သူတို့ကို ပြန်ပြီး အကျိုးပြန်ပေးမဲ့ အချိန် ရောက်လာ ဦးမှာပါ ၊ စိတ်မပူပါနဲ.၊ အရင်က မမေငြိမ်း ရဲ. စာကိုဖတ်ပြီးတော့ တော်တော် လေးစားတယ်၊ အရေးအသား က ပြောင်မြောက်ပါတယ်၊ အခုရေးထားတာနဲ.တခြားစီပါ၊ နအဖ က လုပ်သည်ဟု တစ်ဖက်သတ် မစွပ်စွဲသင့်ပါ၊ ပြည်သူလူထု ရဲ့လုံခြုံရေးကို ထိန်းသိမ်းမှု ပေါ့လျော.သည်ကို ထောက်ပြ သင့်ပါသည်၊ အပြစ်မဲ့သူများ သေဆုံးခြင်း အား စိတ်မကောင်းပါ၊ အကြမ်းဖက်လုပ်ရပ်အား ပြင်းထန်စွာ ဆန်.ကျင်ပါသည်၊ ကျွန်တော် နအဖ ဘလော့၊ ဆန့်ကျင်ဘက် ဒီမို အဖွဲ. ဘလော့ များ ဖတ်မိတိုင်း၊ စဉ်းစားမိတိုင်း နားထောင် ဖြစ် တဲ့ ခိုင်ထူးရဲ. သီချင်း တစ်ပုဒ် ရဲ. အဓိပ္ပါယ်ကို စဉ်းစားမိပါတယ်၊ သီချင်းရဲ. အမည်က - ဘယ်သူမှ မကောင်းဘူး- ၊ တစ်ယောက်ယောက် က ကျွန်တော် ကို မေးလာနိုင်ပါတယ်၊ မင်းရော ကောင်းလို့လား - လို့ - ကျွန်တော်ဒီလို ပြန်ဖြေ ပါ့မယ်၊ နောက် သီချင်းလေးတစ်ပုဒ် ကျွန်တော် ကြိုက်ပါတယ်၊ နားထောင်ဖြစ်ပါတယ်၊ သီချင်းရဲ. အမည်ကတော့ ဂျေမောင်မောင် ရဲ. --ကျွန်တော်မကောင်းဘူး--

kamarlan999 said...

AboutMe ပြောတဲ့ အစိုးရက မဖော်ထုတ်နိုင်တဲ့ လူသတ်မှူဆိုတာမရှိဘူးတဲ့ ဟုတ်လား ကျွန်တော်မေးပါရစေ စိမ်းလဲ့ကန်သာ လူသတ်မှူ အမူမှန်ပေါ်ပြီလားဗျာ ..တရားခံဘယ်သူလဲ..

kamarlan999 said...

စိတ်မကောင်းပါဘူးဗျာ

kamarlan999 said...

စိတ်မကောင်းပါဘူးဗျာ

သတိ said...

အားလုံးသတိ

အင်း.. ဒီဆောင်းပါးကတော့ ဒေါ်မေငြိမ်းကို အကြီးအကျယ် ထိစေတဲ့ဆောင်းပါးလို့ မြင်ပါတယ်ဗျာ.. ခုကော်မန့်အရေးအသားတွေ ကြည့်ရင်ကိုပဲ ဘယ်လိုအရေးအသားအဆင့်တန်း ပိုင်ရှင်တွေက ထောက်ပြဝေဖန်ကြပီး ဘယ်လိုအရေးအသားပိုင်ရှင်တွေက ထောက်ခံခဲ့ကြတယ်ဆိုတာ မြင်သာပါရဲ့..

ကျွန်တော်မြင်တာတော့ ဒီအဖြစ်ဟာ ကိုယ့်လူမဖြစ်စေချင်တာနဲ့ သူပဲနေမှာပေါ့ဆိုပီး လျောချလိုက်ရုံနဲ့ ပီးသင့်လိုက်တဲ့ ကိစ္စမဟုတ်ပါဘူး.. အဓိကကတော့ အဲဒီပက်စက်တဲ့ လုပ်ရပ်လုပ်ခဲ့သူကို ကျွန်တော်တို့အားလုံး တတ်နိုင်ရင် ၀ိုင်းဝန်းဖော်ထုတ်၊ မတတ်နိုင်ရင်လဲ ဒါဟာ ဘယ်သူမှလက်မခံတဲ့ ကိစ္စဆိုတာ ပေါ်လွင်အောင် ရှုံးချကြရအောင်လားဗျာ..

အားလုံးသက်သာ
မောင်သတိ

Ghost said...

အပင်မြင့်လေ ခွေးဟောင်လေ ဆိုပါလား။ မှတ်သားစရာကော်းင်းလိုက်တာ။ နာမည်တပ်တော့ Burmese news တဲ့။ အပင်မြင့်ကို ဘယ်ခွေးက တက်ဟောင်မှာတုန်း။ ဖြစ်မှဖြစ်ရလေ။
မသိရင် စကားပုံတွေကို မြန်မာစာဆရာမဆီမှာ အရင်ငသင်လိုက်အုံး။ ပြီးမှကော်မန့်ရေးတာပေါ့။
ခွေးဟောင်တယ် ခွေးဟောင်တယ်နဲ့ ပြောတတ်လိုက်ကြတာ။ ခွေးစကားနားလည်တယ်ထင်ပါ့။

ချိုချို said...

အကြမ်းဖက်မှု့ မှန်သမျှကိုရော အစွန်းရောက်တဲ့ အတွေးအခေါ် အပြောအဆို အပြုအမူမှန်သမျှကိုရော လုံးဝဆန့်ကျင်ရှုံ့ချပါတယ်ခင်ဗျားးးးးးးးး
မြန်မာတွေရဲ့ အထွဋ်အမြတ် နှစ်ကူးပွဲမှာ ပေါက်တဲ့ဗုံးမှ မဟုတ်ပါဘူး၊ ဟိုးနယ်စပ်တွေမှာ မကြာခနပေါက်တဲ့ ဗုံးတွေအတွက်ရော အရင့်အရင်က လက်သယ်ပေါ်တဲ့အခါပေါ် မပေါ်တဲ့အခါ မပေါ်တဲ့ အရပ်သားတွေကြားပေါက်ထားတဲ့ ဗုံးတွေအတွက်ရောပဲ အမြဲတန်းစိတ်ထိခိုက်ရပါတယ်။ ဘယ်အချိန်အခါ၊ ဘယ်နေရာဘယ်ဒေသမှာပဲ ပေါက်ပေါက် ဗုံးဆန်ဟာ လူတွေကို ဆုံးရှုံးမှု့ ၀မ်းနည်းကြေကွဲမှု့တွေ ဖြစ်စေတာ အတူတူပါပဲ။
တရားခံအစစ်ကို အမြန်ဆုံးရှာတွေ့စေချင်ပါတယ်။
တကယ်လို့များ ဒီဗုံးဟာ ကန်တော်ကြီးနားမှာ မပေါက်ပဲ အရေးကြီးပုဂ္ဂိုလ်ရဲ့ ချစ်သောမိသားစုတွေ နားမှာ ပေါက်ခဲ့ရင်တော့ အဖြေမှန်ကို သိဖို့ ပိုမြန်နိုင်ပါတယ်။ ဒါပေမဲ့ သာမန်အရပ်သားနားမှာမှ ပေါက်ကိုပေါက်ရမဲ့ ဗုံးဖြစ်ခဲ့တာဆိုရင်တော့လဲ...
ဘယ်သူ့ကိုမှ သေချာမစွပ်စွဲရဲပါဘူးခင်ဗျား..

Anonymous said...

ဆရာ မရေ myanmar (news) ကရေး တဲ့
စာ တုတ်တချောင်းဆို ရင် သူလွှင့်ပစ် လိုက်တဲ့
အရာ ကခွေးတွေ ကို ထိသွားပုံ ရပါတယ်
ခွေးတွေ များဟောင်လိုက်တာ လွန်ရောဘဲ.....


ွှအမှန်တရား ကို လိုလားသော အရာရှိဟောင်း

ko said...

“ရန်ကုန်မဟာသင်္ကြန်ကတော့ သွေးတွေနဲ့ အရုပ်ဆိုး အကျည်းတန်သွားပြီ” လို့ ပြောသူက ပြော၊ “အပြစ်မဲ့ ပြည်သူတွေတော့ ခံရရှာပြန်ပြီ၊ ဘယ်သူတွေပဲလုပ်လုပ် ရှုတ်ချပါတယ်” လို့ ဆိုသူက ဆို၊ သူ လုပ်သယောင် အမည်ခံချင်သူက ခံချင်၊ ဒါကတော့ မြန်မာစစ်အစိုးရရဲ့ ပက်စက်လှတဲ့အကြံလို့ ဝေဖန်သူတွေကလည်း ဝေဖန် ကြနဲ့ပေါ့။

မြန်မာပြည်မှာ သင်္ကြန်လို ရက်တိုတိုလေးထဲက မိနစ်ပိုင်းလေးမှာမှ အရုပ်ဆိုး အကျည်းတန်ခဲ့တာ မဟုတ်ပါ ဘူး။ နှစ်ပေါင်းများစွာကတည်းက အပြစ်မဲ့တဲ့ ပြည်သူတွေ သေခဲ့ရ၊ ဘ၀တွေပျက်ခဲ့ရ၊ နှိပ်စက်ညှင်းပန်းခံခဲ့ရနဲ့ ဒီနေ့ထိ မပြီးဆုံးသေးတဲ့ နာတာရှည်ဝေဒနာတွေနဲ့ နှစ်ရှည်ငရဲထဲ ဖြတ်သန်းနေရတာတွေကို ပြန်ပြောင်းသတိ ရနေမယ်ဆိုရင် မနေ့တနေ့က လူ (၉) ယောက်လောက် သေတာဟာ ဘာမှဟုတ်လောက်တဲ့အရာတွေ မ ဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။

မြန်မာပြည်ကြီးထဲက အပြစ်မဲ့ ပြည်သူတွေအဖို့တော့ အရုပ်ဆိုး အကျည်တန်တဲ့ ဖြစ်ရပ်တွေ ဖြစ်နေတာဟာ ကြာခဲ့ပါပြီလို့လည်း ပြောရမှာပါ။ တရားသဘောနဲ့ ရှုမြင်ရင် ဘယ်သူမဆို သေကြေဒဏ်ရာရတယ်ဆိုတာ မ ကောင်းပါဘူး။ ဒါပေမယ့် သူတို့အကုသိုလ် ကံတရားတွေကြောင့် အကြောင်းရှိလို့ အကျိုးတွေဖြစ်လာတယ် ဆို တာကတော့ ဘာသာတရားအရ မငြင်းပယ်နိုင်တဲ့ အရာတွေပါ။

“လူမသိ သူမသိ သေခဲ့ရတဲ့ ဘ၀တွေ၊ လူသိသူသိ နှိပ်စက်ရိုက်နှက်လို့ သေခဲ့ရတဲ့ ပြည်သူတွေ၊ လက်ပြန်ကြိုးတုပ်ပြီး စစ်ခွေးတိုက်က လောကငရဲ ခံနေရတဲ့၊ ခံနေရဆဲ နိုင်ငံရေးအကျဉ်းသားတွေ၊ ပူပင်သောကတွေနဲ့ သားသမီးတွေအတွက် ဒုက္ခပင်လယ်ဝေနေရတဲ့ မိဘတွေ ... သူတို့တွေ သူတို့တွေအတွက် ကိုယ်ချင်စာတရား ထားနိုင်ကြဖို့ အသိတရားတွေရှိဖို့ အားလုံးက မကြိုးစားသင့်ဘူးလား”

လူမသိ သူမသိ သေခဲ့ရတဲ့ ဘ၀တွေ၊ လူသိသူသိ နှိပ်စက်ရိုက်နှက်လို့ သေခဲ့ရတဲ့ ပြည်သူတွေ၊ လက်ပြန်ကြိုး တုပ်ပြီး စစ်ခွေးတိုက်က လောကငရဲ ခံနေရတဲ့၊ ခံနေရဆဲ နိုင်ငံရေးအကျဉ်းသားတွေ၊ ပူပင်သောကတွေနဲ့ သား သမီးတွေအတွက် ဒုက္ခပင်လယ်ဝေနေရတဲ့ မိဘတွေ .. သူတို့တွေ သူတို့တွေအတွက် ကိုယ်ချင်စာတရား ထား နိုင်ကြဖို့ အသိတရားတွေရှိဖို့ အားလုံးက မကြိုးစားသင့်ဘူးလား။

စားဝတ်နေရေးအတွက် တိရိစ္ဆာန်တွေလို ရုန်းကန်နေရတဲ့ ပြည်သူတွေက အခုလို ပျော်ပျော်ရွှင်ရွှင်ကြီး ရေက စားနေနိုင်ကြပ့ါမလား။ အဲဒီတော့ အပြစ်ရှိ ပြည်သူတွေ စတေးခံရတာလို့ပဲ မှတ်ရလေမလားပဲ။ ဘာကြောင့်လဲ ဆိုတော့ အဲဒီလို ငွေသိန်းနဲ့ချီပြီး ပျော်ပွဲကျင်းပနိုင်တဲ့ ရေကစားမဏ္ဍပ်ကြီးတွေမှာ ရေကစားနိုင်ကြသူတွေက လူတွေကို လူလိုမထင်တဲ့ အသိုင်းအ၀န်းက လူတွေဖြစ်နေလို့ပါပဲ။ အဲဒီနားမှာ လုံခြုံရေးနဲ့ တာဝန်ယူပေးနေရ သူတွေက ကောက်ကျစ်ယုတ်မာမူတဲ့ အာဏာရှင်တွေရဲ့ လက်ပါးစေတွေဖြစ်သလို သူတို့ရဲ့ လူလွန်မသား သားသမီးတွေ ပျော်ပါးဖို့ လုပ်ပေးနေရသူတွေ၊ စစ်တပ်ရဲ့ပါမစ်ရလို့ ကောင်းစားနေတဲ့ အနုပညာလောကသား တွေဆိုတော့ ကြင်နာသနားစိတ်တွေ ပျောက်ကွယ်သွားမိတယ်။

သတင်းတွေကတော့ နိုင်သူတွေ ရေးစတမ်း ခေတ်ကြီးထဲမှာ အခွင့်ရေးရသူတွေက လိုသလို ရေးကြပါလိမ့် မယ်။ အမှန်တရားကို လိုလားသူတွေကလည်း သူ့နည်းသူဟန်နဲ့ ဖော်ထုတ်ကြပါလိမ့်မယ်။ သမိုင်းဆိုတာက ခေတ်ကာလ ဘယ်လောက်ကြာကြာ လိမ်ညာလို့မရတာတော့ အမှန်ပါပဲ။

အက်စစ်

ဖိုးတုတ် said...

ဆရာမရယ်...

ကျွန်တော် က ဆရာမရေးတဲ့ တက္ကသိုလ် အကြောင်း၊ နိုင်ငံရေး အကြောင်းတွေကို နှစ်ချိုက်သူပါ၊ ဆရာမ ရဲ. ၀မ်းနည်းစကား ဆောင်းပါး ဖတ်ပြီးတဲ.က ကျွန်တော်တို့ စာဖတ်သူ ပရိတ်သတ်ရဲ. ဘ၀ကလဲ ဘုရားမှတ်လို့ ကိုးကွယ် မိပါတယ်၊ ခြထွက်လာမှ ဘဲ တောင်ပို့ မှန်း သိရပါတယ်..ဆိုတဲ့ ...စကားပုံလို ဖြစ်နေပါပြီ၊

ko said...

Ko Ko Sanလေးရယ်..

ကျွန်တော်တို့စာဖတ်ပရိသတ်လိုသိမ်းကြုံးမပြောပါနဲ့
ကွယ်..

တောင်ပို့ ဘုရားမှတ်တယ် ဆိုကတည်းက မင်း ငထုံမှန်းသိနေပါပြီ..

သိပ်လည်းစိတ်မကောင်းဖြစ်ပြီးသူများချည်းပဲအပြစ်တင်
မနေနဲ့ဦး..

ဖိုးတုတ် said...

အထင်ကြီး မိတဲ့ ကိုယ်ရဲ. အပြစ်ပါ --- "ကို" လေးရယ် ၊ "ကို" ကတော့ သိပ်တော်တယ်ပေါ.. နှစ်သစ်မှာ ကျန်းမာရွင်လန်းကျပါစေ၊

ဖိုးတုတ် said...

"KO" လေးရယ်၊ ကျွန်တော် ၀န်ခံပါတယ်၊ ကျွန်တော် ခင်ဗျား လောက် မတော်ပါဘူး၊ ကျွန်တော် နအဖ blog မှာ comment ၀င်ရေးနေပါတယ်၊ blog က http://kyeesaytaman.blogspot.com/ ပါ၊ ကျွန်တော်ရယ်၊ သခင်မျိုးဟေ.ဒို့ဗမာ၊ ဗဟန်း ၊ (၃) ဦးဘဲ ၀င်ရေးနေကြပါတယ်၊ အချက်ကျကျ ပြန်လည် ချေပမဲ. "KO"တို့လို တကယ် တော်တဲ့ လူတွေ တကယ်ကို လိုအပ်နေပါတယ်၊ IP မှတ်မှာ ကြောက်ပြီး နအဖ blog ကိုရှောင်တာတော့ မလုပ်ကြပါနဲ.၊
ဒုက္ခရောက်၊ ပြဿနာ တက်တော.လည်း အတူတူပေါ.၊ အမှန်တရား ပြောရဲရင် ဘယ်နေရာ၊ ဘယ် blog မှာ မဆိုပြောရဲ ကြရမှာပေါ.၊ ကျွန်တော် ရိုးသားစွာ ဖိတ်ခေါ် အပ်ပါတယ် ၊ ကျွန်တော် ခုလေးတင် အဲဒီ blog မှာ comment ရေးပြီး ပြန်လာတာပါ၊

Ghost said...

ဖွတ်ထွက်မှ တောင်ပို့မှန်းသိပဲ ကြားဖူးခဲ့တာ။
ခြထွက်မှ တောင်ပို့မှန်းသိ စကားပုံကပိုမိုက်တယ်။
ဖွတ်ကမှ အကောင်ကြီးသေးတယ်။
ခြတောင်ပို့ဆိုတော့ ခြလိုဖျက်စီးတတ်တဲ့သူတွေ ခိုအောင်တဲ့ နေရာဒေသပဲ။ ကိုကိုဆန်း ပြောတက်လိုက်တာ။း)

Talkii said...

ဆရာမလည်း ဝမ်းနည်းလွန်ပြီး စကားလုံးကို အထအန အကောက်လွန်သွားတာလား၊ ဒာမှမဟုတ် မြန်မာပြည်က ဘလော့ဂ်ဂာတွေရဲ့ ရေးနိုင်ခွင့်အတိုင်းအတာကိုများ (ထည့်တွက်ဖို့) မေ့သွားတာလားဗျာ။

ဝမ်းနည်းတာကတော့ ဖောက်ခွဲဖို့ ကြံစည်တဲ့သူတွေကလွဲရင် ကျန်တဲ့သူတွေအားလုံး ဝမ်းနည်းကြမှာပာ။

မဂဿငလာနှစ်သစ်ဖြစ်ပာစေ။

the watcher said...

"စားဝတ်နေရေးအတွက် တိရိစ္ဆာန်တွေလို ရုန်းကန်နေရတဲ့ ပြည်သူတွေက အခုလို ပျော်ပျော်ရွှင်ရွှင်ကြီး ရေက စားနေနိုင်ကြပ့ါမလား။ အဲဒီတော့ အပြစ်ရှိ ပြည်သူတွေ စတေးခံရတာလို့ပဲ မှတ်ရလေမလားပဲ။ ဘာကြောင့်လဲ ဆိုတော့ အဲဒီလို ငွေသိန်းနဲ့ချီပြီး ပျော်ပွဲကျင်းပနိုင်တဲ့ ရေကစားမဏ္ဍပ်ကြီးတွေမှာ ရေကစားနိုင်ကြသူတွေက လူတွေကို လူလိုမထင်တဲ့ အသိုင်းအ၀န်းက လူတွေဖြစ်နေလို့ပါပဲ။"
စိတ်ပျက်တယ် မြန်မာပြည်နဲ့ ကင်းကွာနေတာ အတော်ကြာနေပြီဆိုတာ သိသာလိုက်တာ။ စိတ်မကောင်းဘူးတကယ်။ ပြန်လာခဲ့ပါ တစ်ခေါက်လောက် ဒိုးတူဘောင်ဖက်ဘဝကို ဒါမှ စာနာစိတ်နဲနဲ ပြန်ဝင်လာမယ်။ ပြန်မလာချင်လည်း အဲလို စကားလုံးတွေနဲ့ နှိပ်စက်နေမယ့်အစား မေ့လိုက်ပါတော့ ကျေးဇူးတင်မယ်။ တို့တတွေအများစုကတော့ ဒီလိုအင်တာနက်တက်ပြီး မဖတ်ဘူးလေ။ ဖတ်မိရင် သေသူမိသားစုတွေက အကြီးအကျယ် ဒေါသထွက်ကြမှာအမှန်ပဲ။ လာသေးတယ်.. အပြစ်ရှိပြည်သူတွေတဲ့။ ။ ဘုရားရေ။

Hteink Min said...

i read about someone from foreign n related wth democractic then famous writer.. ehhehee.. i know it is u aldy... i found that post here lol..

လေပြေ said...

ဒုတိယပို့စ်ကို..ဖတ်ပြီးမှ ဒီပို့စ်ကိုလာဖတ်လာပါဗျာ...
ကိုညီလင်းဆက် မှန်ပါတယ်။
စဉ်းစားကြည့်ပါ။ သွေးသံရဲရဲ လဲကျသေကြေနေကြတဲ့ အချိန်မှာ ကူဖို.လာတဲ့သူတွေကို ဘယ်သူမဆို ကြိုဆိုမိ
မှာပါ။ ကောက်ရိုးတမျှင်ဆိုတဲ့ စကားပုံကို တွေးကြည့်ပါဗျာ။ ကူဖို.လာတဲ့ သူကို နအဖ ဒီမိုတံဆိပ်ကပ်ပြီးမှ ကြိုရမယ်တဲ့လား။ ကိုညီလင်းဆက်ရေးတာ ဘာမှ အမှားမပါပါ။ ပုံမှန်အတွေးနဲ့ ရေးလိုက်တာပါပဲ။ ဒေါ်မေငြိမ်းသာလျှင် ကိုယ့်စိတ်ထဲက ခံစားချက်တွေကြောင့် အတွေးလွန်နေတာပါ။ ကျနော်နိုင်ငံရေး မရေးလိုပါ။ ဒေါ်မေငြိမ်း sensitive ဖြစ်လွန်းလို့ ကောင်းမွန်တဲ့ မိတ်ဆွေတစ်ယောက် ရပ်တည်ချက်မှန်တဲ့ လူတစ်ယောက်(ညီလင်းဆက်)ရဲ့ လေးစားမှုကို ဆုံးရှုံးရတာလို့ပဲ ပြောပါရစေ..။

Unknown said...

When I read NLS post, I thought that he mistakenly choose that word. But now I realized that he still don't think that was wrong until now. And so surprise there are some other guys still telling that word is suitable. 2 possibilities:
1) Their Burmese level is too low to know the meaning of such a usual word.
2) They really like to use that word.

Unknown said...

ဒေါ်မေငြိမ်းရေ..အပြင်မှာထိုင်ပြီးပေါက်ကရတွေပဲပြောမနေပါနဲ့ရှင်.တစ်ခုဖြစ်တိုင်းအစိုးရလုပ်မနေပါနဲ့..စားကောင်းအောင်လျှောက်ပြောမနေနဲ့..