Oct 10, 2014

ဂျွန် ရေ...

ဒီနေ့တော့ သူ့ကို သတိအရဆုံးပေါ့..။
သူ့ကို ကျမစသိတာက ကျမအရွယ်နဲ့ဆိုရင် အတော်စောတယ် ပြောရ မယ်၊ ထုံးစံအတိုင်း ကျမအဖေဆီက စရတော့မှာပဲ။
ကျမနဲ့အဖေက အသက် ၂၀ပဲ ကွာတာမို့ တခါတလေ သူငယ်ချင်းလိုပဲ..။ ကျမ တို့ခေတ်မှာ ၈တန်းက အစိုးရ စစ်။ အဲဒီမှာ ကျမ အဆင့်ကောင်းကောင်းနဲ့ အောင်လို့ ဆိုပြီး အဖေက ကျမ ပူဆာထားတဲ့ ဂစ်တာ ၀ယ်ပေး တယ်။ မှတ်မိ သေးတယ်။ လိုက်ဝယ်ပေးတာက ဖေဖေ့ဌာနမှာ အလုပ် လုပ်တဲ့ အဆိုတော် စန္ဒယား ကွန်းဇော်။ အဲဒီခေတ် က အင်မတန် နာမည်ကြီးတဲ့ ကျင်စု အိုး ကိုမှ ၀ယ်ပေးတာ။ ဆိုတော့ ဂစ်တာ စသင်တာ စန္ဒယား ကွန်းဇော် နဲ့။ နောက်တော့ စာအုပ်ကြည့်တီးလိုက်.. အစ်ကိုတွေ တီးတာ ကြည့် လိုက်ပေါ့။ ဒီကြားထဲ တချို့သီချင်းတွေ အတီး သင်ပေးတာက ခု တူဒေးစာအုပ်တိုက်ပိုင်ရှင် ဒေါက်တာ သာထွန်းဦး..။ သူတို့မိသားစု နဲ့ ကျမတို့မိသားစုက အပေါ်ထပ် အောက်ထပ်.. ဆွေမျိုး လို နေ ခဲ့ကြတာ။ ဆိုပါတော့ စိုင်းထီးဆိုင်သီချင်းတွေ စတီးတော့ သဘာဝ သီချင်းတို့.. ခိုင်ထူးရဲ့ စိုးစံစားစေ တို့ ပေါ့။ ဒီကြားထဲ ဂစ်တာ လုလုတီးတာက အဖေပါ။ သူက ဂစ်တာအတီး ကောင်း မဟုတ်ပေမဲ့ အဆိုးကြီးတော့လည်း မဟုတ် ပါဘူး။ အဲဒီအချိန် သူတီးတဲ့သီချင်းတွေက Linda Ronstadt ရဲ့ Blue Bayou တို့ .. Beatles ရဲ့ Yesterday တို့ဗျ..။ တခါတခါ ဆိုချင်လွန်းလို့ မတီးတတ် တီးတတ်နဲ့ တီးတာကတော့ ဒီ Imagine ပေါ့။ ကျမကတော့ အားပေးတယ်.. ဖေဖေ့ Imagine ကလည်း ကင်းတဲက သံချောင်းခေါက်တာ ကျနေတာပဲလို့..။ 
တကယ်တော့ အဲဒီအချိန်မှာ ကျမကို အိမ်စာလုပ်ခိုင်းပြီး ဂစ်တာကို အဖေက ယူတီးနေလို့လေ

ပြောချင်တာက အဲဒီတုန်းကတည်းက ကျမကိုယ်တိုင်လည်း အိမ်စာလုပ်ရင်း သင်္ချာတွက်ရင်း အဖေဆိုနေကျ သီချင်းတွေကို နားရည်ဝပြီး ကြိုက်တတ်ခဲ့တာ..။ အဖေက John Lennon ကို သိပ်ကြိုက်တာ။ သူ ငြိမ်းချမ်းရေး ကိစ္စလုပ်တာတွေဆို သိပ်သဘောကျတာပေါ့။ ယိုကိုအိုနို နဲ့ နှစ်ယောက် ဗီယက်နမ်စစ် ရပ်စဲရေး ဆန္ဒပြကြတဲ့ ပုံတွေကို Time တို့ Newsweek တို့ မဂ္ဂဇင်းတွေထဲကနေဖြတ်ပြီး ပိုစတာတွေလို ပန်းချီကားတွေလို လုပ်သိမ်း တယ်၊ John Lennon က တကယ့် Artist လို့ ခဏခဏပြောတယ်။ ဒီတော့ အဖေက ယိုကိုအိုနို ကိုလည်း သိပ်ကြိုက် တော့တာပေါ့။ ကျမကိုလည်း အင်္ဂလိပ်သီချင်းတွေ နားထောင်တဲ့အခါ တခါတည်း နားလည်အောင် ကြိုးစားဖို့ အမြဲပြောတာမို့ ကျမခမျာ သီချင်းတွေကို သေသေချာချာ နားထောင်ရတော့တယ်။ အဖေက သီချင်းစာအုပ်တွေ လည်း ၀ယ်လာပေးတာမို့ အဲဒီကတည်းက သီချင်းတွေ ကျက်ခဲ့တာ။ Imagine ကို ကြိုက်ချိန်မှာ Blue Bayou ကို ကြိုက်တဲ့ ကျမက Country road,Take me home ကိုလည်း ကြိုက်တတ်ပြီ။ အဲဒီအချိန်တွေတုန်းက Grammy  Award ရတဲ့ You light up my life .. သီချင်းကိုတောင် ခံစားတတ်နေတာမို့ အသက် ၁၅ နှစ်မှာ ကောင်းကောင်း ရင်ခုန်တတ်နေပြီဆိုပါတော့။

အဲဒီတုန်းကတော့ Beatles တွေ ရဲ့ သီချင်းတွေ အတော် များများကို ကြိုက်တာ မှတ်မိတယ်။ နောက် ABBA, Boney M , Bee Gees  ကျမခေတ်လိုလို အဖေ့ခေတ် လိုလို နဲ့ပဲ ကျမက အဲလို သီချင်းတွေနဲ့ နေခဲ့တာ။ ၁၉၈၀ ဒီဇင်ဘာလဆန်းထဲ ကျမ ကောလိပ် ပထမ နှစ် တက်ပြီ..။ အဲဒီနေ့က ဒီဇင်ဘာ ၈ရက်နေ့ ည.. အဖေက တကယ်ကြီးကို စိတ်ထိထိခိုက်ခိုက်နဲ့ ပြောတယ်။ John Lennon အသတ်ခံရတယ် တဲ့။ အဲဒီည .. အဖေက အိမ်မှာ ကက်ဆက်လေးနဲ့ Beatles သီချင်းတွေ ဖွင့်တယ်။ ကျမ မှတ်မိနေတယ်.. ။ အဖေ အဲလို စိတ်မကောင်း ဖြစ်တာ အဆိုတော် စိန်လွင် လေယာဉ်ပျက်ကျလို့ ဆုံးတုန်းက တခါ..။ ကျမအဖေက အဲလို ခံစားသူ..။
ကျမ ကတော့ ဂျွန်မရှိတော့တာကို အဖေ့ထက် နှစ် ၃၀လောက် နောက်ကျပြီးမှ ပို စိတ်ထိခိုက်တတ် လာခဲ့ တာပါ၊
ဘာဖြစ်လို့လဲဆိုတော့ ဂျွန့်ကို သတိရလွမ်းဆွတ်ရလောက်အောင် ဂျွန် မုန်းခဲ့တဲ့ စစ်တွေက ကျမတို့ ၀န်းကျင်မှာ ပိုပိုပြီး ထူပြောလာတာမို့ပါပဲ။
ပြီးတော့ အဲဒီ စစ်တွေကို ကျမကလည်း သိပ်မုန်းတယ်လေ.. ဂျွန်။
ဂျွန်ကတော့ စစ်တွေကို မလိုလားကြောင်း ၁၉၇၀ နှစ်တွေကတည်းက ပြောခဲ့တာပါလေ..။

Imagine there's no heaven 
It's easy if you try
No hell below us 
Above us only sky 
Imagine all the people 
Living for today...
 +++++++

ဂျွန် စိတ်ကူးယဉ်သလို ဘာတိုင်းပြည်.. ဘာနယ်နိမိတ်.. ဘာလူမျိုး.. ဘာ ဘာသာရေးအစွဲမှ မရှိတဲ့ ကမ္ဘာ ဆိုရင် သိပ်နေလို့ ကောင်းမှာပဲလို့..။ ဒါပေမဲ့ ငြိမ်းချမ်းတဲ့ တရားကိုယ် သဘောတော့ ရှိဖို့ လိုမှာပေါ့ နော်။ ဒါမှပဲ လူတိုင်းက ဘာကိုမှ မမက်မော.. မလုယက်.. မဖျက်ဆီး .. မသတ်ဖြတ်ဘဲ ငြိမ်းချမ်းခြင်းထဲ မွေ့လျော်လို့ အနုပညာ တွေသာ ဖန်တီးကြမယ်.. မကောင်းဘူးလား..။ အနုပညာသမားစစ်ရင်တော့ ငြိမ်းချမ်းရေးကို ချစ်မှာပဲ လို့လည်း ယုံတယ်..။ ဟုတ်တယ်မို့လား ဂျွန် …။
Imagine there's no country 
It isn't hard to do 
Nothing to kill or die for 
And no religion too 
Imagine all the people 
Living life in peace...
++++++++

အတူတူပါပဲ ဂျွန်ရယ်.. ကျမကိုလည်း ခပ်ကြောင်ကြောင် ခပ်ပျော့ပျော့ကောင်လို့ ပြောကြတာပါပဲ..။ ဥပမာ ကိုယ့်ကို ထိပါးရမ်းကားထားသူတွေကိုလည်း အလွယ် ခွင့်လွှတ်ပြုံးပြနိုင်သတဲ့။ ဘယ်လို ဥစ္စာ ပစ္စည်းမှလည်း မမက်မောဘူး တဲ့။ တကယ်တော့ အဲလို နေနိုင်ဖို့ ဘယ်လောက်အတိုင်းအတာထိ ရင်းထားခဲ့ရဖူးသလဲ.. နာကျင်ခံခက်ခဲ့ရပြီလဲဆိုတာကို သူတို့တွေ နားမလည်နိုင်ကြတာပါ..။ တကယ်လို့ သူတို့သာ နားလည်ပြီ ဆိုရင်တော့ ကျမတို့အားလုံး သီချင်းတပုဒ်ကို အတူဆိုကြဖို့သာ..။
You may say I'm a dreamer 
But I'm not the only one 
I hope someday you'll join us 
And the world will be as one
+++++++

ဒါပေမဲ့ ဂျွန်ရေ ခု ကမ္ဘာကြီးကတော့ဖြင့် ကြာလေလေ.. ပိုဆိုးလေလေ..။ ငြိမ်းချမ်းမှုဟာ နေရာအနှံ့မှာ အခြိမ်းခြောက် ခံနေရတယ် … ။ မေတ္တာတရားက အစော်ကား ခံနေရ တယ်..။ ဂုဏ်သိက္ခာတွေက အလှောင် ပြောင် ခံနေရတယ်။ နည်းပညာအောက်မှာ အသိပညာတွေက မှိန်ဖျော့..။ လက်နက်မျိုးစုံအောက်မှာ လူ့အသက်တာ ဆိုတာတွေ က စမ်းသပ်ပစ်ကွင်းတွေဖြစ်လာ..။ တန်ဖိုးဆိုတာကလည်း အဖိုးတန်မှု မဟုတ် တော့။ အချစ်ဆိုတာက အသက်ရှူသံပြင်းပြင်းနဲ့ လောဘ.. လို့ အဓိပ္ပါယ် ထွက်လာပြီ။  ပိုဆိုးတာက တချို့ အနုပညာတွေကို ဟားစရာ ရှုတ်ချစရာလို့ သတ်မှတ်လာကြတဲ့ ကိစ္စပဲ.. ။ ပြောကြတာတော့ ကမ္ဘာကြီးက ရွာကြီးဖြစ်လာပြီဆိုပဲ ဂျွန်ရယ်..။ အင်း ကျမမြင်တာတော့ ကမ္ဘာကြီးက ရွာလောက်သာသာ နီးစပ်လာချိန်မှာ အမုန်မီးတွေ အလွယ်တကူ ကူးစက်လာတာသာ ရှိတာပဲ မြင်ပါတယ်။ မေတ္တာတရား ကတော့ဖြင့် ကူးစက်ခဲ လေခြင်း ဂျွန်ရေ။ အဲဒီအခါ ကျမမှာ ဂျွန့်ကို လွမ်းဆွတ်မိတာကလွဲလို့ ဖြေ ပြေစရာမရှိ
Imagine no possessions 
I wonder if you can 
No need for greed or hunger 
A brotherhood of man 
Imagine all the people 
Sharing all the world...
+++++

ကျမတို့ရဲ့ ဗုဒ္ဓကတော့ ပြောထားတယ် ဂျွန်.. ကိုယ်တစ်ဦးချင်း ကောင်းဖို့ အဓိက လုပ်ပါ တဲ့။ ဟုတ်တာပေါ့ နော်.. အဲလို လူအများကြီးက တစ်ဦးချင်းကောင်းဖို့ လုပ်လာရင် လူကောင်းတွေ အများကြီး အများကြီး ရှိလာ မှာ။ အဲလိုနည်းနဲ့ပဲ တစက်တပေါက်ချင်းစုရာက အေးမြတဲ့ ရေပြင်ကြီး.. သဲတစ်ပွင့်ချင်း စုရာက သာယာ ပြန့်ပျူးတဲ့ သဲသောင်ပြင်ကြီးလို ပျော်စရာ ကမ္ဘာကြီး ဖြစ်လာမှာပေါ့နော်..။
အင်း.. ပြောနိုင်ပါတယ်..။ ကျမတို့ စိတ်ကူးယဉ် အိပ်မက် မက်နေတယ်.. လို့။
ဒါပေမဲ့ ဒီလို ငြိမ်းချမ်းရေး စိတ်ကူးယဉ် အိပ်မက် မျိုးတော့ လူတိုင်း လူတိုင်း လူတိုင်း ကိုတောင် မက်စေချင်တာပါနော်.. ဂျွန်ရယ်.
You may say I'm a dreamer 
But I'm not the only one 
I hope someday you'll join us 
And the world will live as one

https://www.youtube.com/watch?v=yRhq-yO1KN8

+++++


John Lennon ရဲ့ ၇၄ နှစ်ပြည့် မွေးနေ့ (အောက်တိုဘာ ၉ ရက် ၁၉၄၀) အတွက် သတိတရ

Photo credit to http://justin-stroh.blogspot.com/2014/06/john-lennons-false-vision-of-peace.html



1 comment:

Unknown said...

ကျေးဇူးတင်ပါတယ် ဆရာမရေ ဆရာမရေးတဲ့ စာတွေကိုလွမ်းနေတုန်းဖတ်ရလို့ :)