သေချာတာက ကြည်အေးရဲ့ မောင်
ကိုကို နဲ့ မြနန္ဒာ မှာ ပိုငြိတာ...
ကိုယ်နေတဲ့
ဝါရှင်တန်ဒီစီကို ကြီးကျယ်သေသပ်လှပတယ်လို့ ပြောရရင် .. လန်ဒန်ကိုတော့ ခမ်းနားထည်ဝါဟိတ်ဟန်ကြီးတယ်လို့
ပြောရမယ်။
ဝါရှင်တန်ဒီစီကို
သူငယ်ချင်းကဗျာဆရာ အောင်သူငြိမ်းက ....
ကျမအတွက် လန်ဒန်ဟာ နေရာတိုင်းမှာ
အငွေ့အသက်တခုရှိတယ်.. ရှေးကျတဲ့ ဆိုင်းဘုတ်တွေ.. လမ်းတွေကစပြီး ခုကာလပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေ အငှားယာဉ်တွေအထိ လန်ဒန်ဟာ ခမ်းနားတယ်.. သူ့ကိုယ်ပိုင်ဟန်ပန် ရှိတယ်။
လန်ဒန်သူလန်ဒန်သားတွေဟာ သူတို့ရဲ့ အစဉ်အလာကြီးတဲ့ သမိုင်းကို ခုထိ တယုတယ ထွေးပိုက်ထားတုန်းဆိုတာ သိသာတယ်။ အသက် ၇၀ ဝန်းကျင် ဗြိတိသျှတွေရဲ့ မျက်နှာမှာ မာန်တမျိုးရှိနေတယ်လို့ ကျမ ခံစားရတယ်။ အနည်းဆုံးတော့ လူကြီးလူကောင်းဆန်ချင်စိတ်မာန်.. ဒါမှမဟုတ် လူမျိုူကြီးမာန်.. ရှိတယ်။ သာမန်အရပ်သားတွေမှာတောင် အဲလို မာန်အရိပ်အယောင်က သိသိသာသာရှိနေရင် တော်ဝင်မိသားစုတွေဆိုရင်တော့ ဘာပြောကောင်းမလဲပေါ့နော်။ ဘာကင်ဟမ်နန်းတော်ဝန်းကျင်မြင်ကွင်းဟာ အဲဒီ တော်ဝင်စိတ်ကို ပိုပေါ်လွင်စေတယ်ထင်မိတယ်။ ဟိုးရှေးတုန်းက အတိုင်း ဝတ်စားထားတဲ့ အစောင့်တပ်သားတွေနဲ့ .. ခမ်းနားထည်ဝါတဲ့ နန်းတော်တိုက်နဲ့ တောက်ပတဲ့ အပြင်အဆင်တွေနဲ့။ အုံ့အုံ့မှိုင်းမှိုင်း ဆန်တဲ့ အဆောက်အဦးတွေကတောင် ခရီးသွားတွေကို ခပ်နှိမ်နှိမ်ငုံ့ကြည့်နေသလိုမျိုး အငွေ့အသက်နဲ့။
နန်းတော်တဝိုက်မှာ
လမ်းလျှောက်နေတုန်း သတိအရဆုံးက တော်ဝင်မိသားစုထဲက တော်လှန်သူလေးကိုပဲ။
ဒိုင်ယာနာကို တော်ဝင် မဆန်ချင်ရကောင်းလားလို့ အပြစ်တင်ချင်တဲ့သူတွေ ရှိပေမဲ့
ကျမကတော့ ဦးညွှတ်တယ်.. Shy Di ဟာ ခေတ်စနစ်အရ
အသုံးမတည့်တော့တဲ့.. ခွဲခြားဆက်ဆံမှုဆန်တဲ့ အခွင့်ထူးခံလူတန်းစားဉာဉ်ကို
တော်လှန်လိုသူလို့ ကျမက မြင်တယ်။ သူ့ကို ချစ်တယ်.. သနားတယ်.. နားလည်တယ် .. သူဟာ
အဆိပ်အတောက် မဟုတ်။
+++++
လန်ဒန်ရဲ့ ဒီဇင်ဘာက
မိုးလည်းရွာသေးတယ်။ အဲဒါကြောင့် လန်ဒန်ပိုဆန်သွားတာလည်း ဖြစ်မယ်။
ထီးကုတ်ကုတ်မည်းမည်းကြီးတွေ ဆောင်းထားတဲ့ အသက်ကြီးပိုင်း လန်ဒန်သူ လန်ဒန်သားတွေဟာ
ရှားလော့ဟုမ်းဝတ္ထုတွေထဲ ခုန်ထွက်လာသလို ဂဝံခင်းလမ်းတွေပေါ်မှာ... လန်ဒန်မှာ ညက
ပိုမှောင်တယ်.. ဂန္ဓဝင်မြို့တော်မို့ ဂန္ဓဝင်ဆန်ဆန် နီကျင်ကျင် နီယွန်မီးတွေသာ ထွန်းညှိတယ်။
ဒါပေမဲ့ ခေတ်နဲ့အမီလိုက်တဲ့ ထွန်းကားမှုအရာမှာတော့လည်း မလျော့တဲ့ မြို့ပါ။ ဂန္ဓဝင်
နဲ့ ခေတ်ပေါ်တိုးတက်မှုကို တွဲပြီး ခင်းကျင်းထားတာကတော့ အစောကြီးကတည်းက
နေမဝင်အင်ပါယာထူထောင်ခဲ့တဲ့ လူမျိုးတမျိုးရဲ့ ဗီဇ ဉာဏ်ရည်မြင့်မားမှုကို ပြနေတာပဲ
မဟုတ်လား.. ဒီတချက်ကလည်း ယူနိုက်တက်ကင်းဒမ်း ရယ်လို့ တည်မြဲတဲ့
သမိုင်းဖြစ်စေတဲ့အထဲက တချက်ပေါ့။
သမိုင်းဝင်အထင်ကရ အဆောက်အဦးတွေ ပြတိုက်တွေ တံတားတွေ ပန်းခြံတွေ .. ။ ရောက်လေရာနေရာတိုင်းမှာ သတိရတာက.. လွန်ခဲ့တဲ့ နှစ် တရာကျော်မှာ ကိုယ့်ထီးကိုယ့်နန်းနဲ့ အေးအေးဆေးဆေးနေလို့ရပါလျက်နဲ့ မိုင်ထောင်ချီဝေးတဲ့ နိုင်ငံတွေနဲ့.. ငါတို့ နိုင်ငံသေးသေးလေးကိုတောင် မချန် ကျူးကျော်ခဲ့တဲ့ လောဘရှိသူတွေရဲ့ ဌာနေပဲလို့ တွေးမိတာပဲ။ ဒါဟာ အာဃာတမဟုတ်.. ပုဂ္ဂိုလ်ရေးမှတ်ချက်တစ်ခုသာပါ။
လန်ဒန်ကအပြန်မှာ
ဘာခံစားချက်ကျန်ခဲ့လဲဆိုရင် ... အောက်စ်ဖို့ ကအပြန် လမ်းမှာ တွေ့ခဲ့ရတဲ့
တိုက်ခန်းဟောင်းလေး။ ခရီးသွားလမ်းညွှန်က ပြတယ်.. ဒီအခန်းလေးမှာ ဂျွန်လင်နွန် နဲ့
ယိုကို Imagine တီးခဲ့ကြတာတဲ့။ ညနေဘက်ဆိုတော့ အခန်းလေးထဲ နည်းနည်းမှောင်...
ပြတင်းပေါက်တွေ ကတော့ ခန်းစီးတွေကာမထားကြပါဘူး... အဖြူရောင် တိုက်ခန်းလေးထဲမှာ နံရံဖြူလေးတစ်ခု
လှမ်းမြင်ရတယ်.. စန္ဒယားလေးရော ရှိသေးလားလို့ လမ်းညွှန်ကို မေးမကြည့် ဖြစ်ဘူး။ သူတို့နှစ်ယောက်
ဒီအခန်းလေးမှာ ကမ္ဘာ့ငြိမ်းချမ်းရေးကို အိပ်မက် မက်ခဲ့ကြတာ... ကျမအတွက်တော့ Imagine ဟာ ကမ္ဘာ့နိုင်ငံတော် သီချင်းပဲ..။ အဲဒီအခါ အဲဒီအခန်းလေးထဲ ဝင်ကြည့်ပြီး
ဂျွန့်ကို မှန်းကြည့်ချင်တဲ့ လွမ်းစိတ်က လန်ဒန်က အပြန်မှာ ပါလာတယ်။
နောက်တခေါက်ပေါ့... ဂျွန်ရေ....
No comments:
Post a Comment