Almost heaven, West Virginia
Blue Ridge Mountains, Shenandoah River
Life is old there, older than the trees
Blue Ridge Mountains နဲ့ Shenandoah ဧရိယာက အကြီးကြီးမို့ ကျမတို့ သွားလေ့ရှိတဲ့ နေရာလေးကို ဘယ်လို ပြောပြရမယ်တောင်မသိပါဘူး.. ကျမတို့နေတဲ့ Maryland ကနေ West Virginia ဘက်ကို သွားမယ်ဆိုရင် West Virginia အစနားလောက်ဆီက Blue Ridge Mountains တွေဘက်ဆီ တိုးဝင်သွားရတာပါ၊ ကျမအတွက်ကတော့ ကျိုက်ထီးရိုးတောင်တက်ရတဲ့ ခံစားချက်ကို ပေးတဲ့ နေရာလေးပေါ့။ တောင်တန်းတွေရှိတဲ့ နေရာမှာ တောတောင်ကို သဘာဝအတိုင်း ထားထားတာမို့ လျှပ်စစ်မီးမရှိ.. ကားလမ်းမရှိ.. တောင်တက်လမ်းတွေကလည်း ပြုပြင်ထားတာမဟုတ်ဘဲ လူသွားဖို့လောက်သာ ရှင်းထားတဲ့ တောလမ်းလေးအတိုင်းသာ တောင်ပေါ်ကို တက်နိုင်ပါတယ်။ သဘာဝတောမို့ ညနေစောင်းလို့ မှောင်ပြီဆိုရင် ဘာမှမမြင်ရအောင် တကယ်မှောင်တာမျိုးမို့ ကျမတို့ အဲဒီနေရာလေးကိုသွားတိုင်း မနက်ပိုင်းပဲ အရောက်သွားပါတယ်။ ကားကို တောင်ခြေမှာ ရပ်ခဲ့ပြီး တောင်ပေါ်ကို ပစ္စည်းတွေ သယ်ရပါတယ်။
ကျမတို့ နေနေကျ cabin လေးက တောင်ခြေနဲ့ တမိုင်လောက်ပဲ ဝေးပါတယ်။ တောင်ခါးပန်းကနေ ပတ်တက်ဖို့ လူသွားလမ်းပြေပြေလေးရှိတာမို့ မပင်ပန်းလှပါဘူး။ ကျမတို့ အဓိက သယ်ရတဲ့ ပစ္စည်းတွေက အစားအသောက်.. အလင်းရောင်အတွက်လိုတာတွေ.. တကိုယ်ရည်သန့်ရှင်းရေးပစ္စည်းတွေ နဲ့ အိပ်ရာတွေပါ။ အစားအသောက်ချက်ဖို့ မီးဖိုချောင်သုံး ပစ္စည်း.. ဂက်စ်မီးဖို.. အိုးခွက်တချို့နဲ့ ဇွန်း ပန်းကန် ကော်ဖီခွက် တွေကတော့ အဲ့မှာ ရှိပါတယ်၊ ဒါပေမဲ့ ဂက်စ်အိုးတော့ ယူသွားဖို့ လိုပါတယ်။ အေးတဲ့ရာသီဆိုရင် မီးလင်းဖိုအတွက် ထင်းလည်း သယ်ရပါတယ်။ အိပ်ဖို့အတွက် မွေ့ရာအပါးတွေနဲ့ စောင်တချို့အဆင်သင့်ရှိပေမဲ့ ကျမတို့က ကိုယ့်ဘာသာပဲ Sleeping Bag တွေ သယ်သွားပါတယ်။ ကျမ သားသမီးတွေက တောင်တက် လမ်းလျှောက်တာ သိပ်ကြိုက်ကြတာမို့ ခုလိုခရီးဟာ သူတို့အတွက် ဘယ်တော့မှ မငြီးငွေ့တဲ့ ခရီးပေါ့။
အိမ်ကလေးက အတွင်းမှာ ကျမတို့ မြန်မာပြည်က အိမ်တွေလို အခန်းပြည့် ထပ်ခိုးလေး ရှိပြီး ခေါင်အမြင့်မို့ လူ ၅ ယောက်စာ ချောင်ချောင်ချိချိ အိပ်လို့ရပါတယ်။ အောက်ထပ်မှာလည်း မီးလင်းဖိုနဲ့ နီးနီးမှာ တစ်ယောက်အိပ်စာ ကုတင် နှစ်လုံး ရှိပါသေးတယ်။ များသောအားဖြင့်တော့ ကျမတို့က ၃ ရက်လောက်ပဲ နေလေ့ရှိတာမို့ အဲဒီမှာစားဖို့ ကြိုချက်ပြီး ယူသွားပါတယ်။ အဲဒီရောက်ရင် နွှေးစားရုံ အစားအသောက်တွေပေါ့။ အမြဲပါလေ့ရှိတာက ချဉ်ပေါင်ကြော်.. ကြက်ဟင်းခါးသီးကြော်.. အမဲကြော်.. ငါးခြောက်ဖုတ်.. ဆိတ်သားခြောက်ဖုတ်.. ဝက်နံရိုးကင်.. ကြက်သားကင်.. အမဲသားကင်.. ကောက်ညှင်းငချိတ်ပေါင်း.. ဆီထမင်း.. ပဲပြုတ်.. လဘက်သုပ်.. ဂျင်းသုပ်.. မုန့်ဟင်းခါးထုပ်.. ရခိုင်မုန့်တီထုပ်.. ဆီချက်ခေါက်ဆွဲထုပ် နဲ့ ဟင်းချိုလုပ်ဖို့ အရိုးတွေ (ကြက်/ဝက်).. ဟင်းသီးဟင်းရွက်တွေ.. အသီးအနှံတွေ.. သံပုရာသီး.. ဆီ.. ငံပြာရည်.. ကြက်သွန်ဖြူ/နီ ရပြီ။ ရေခဲပုံး ၂ပုံးဆို အစုံပါပြီ။
အဲဒီမှာဆို အစားအသောက်ပြင်ဖို့ အချိန်များများမပေးချင်ပါဘူး၊ တောင်တက် လမ်းလျှောက်ဖို့ .. စမ်းချောင်းဘေးထိုင်ပြီး စိတ်အပန်းဖြေဖို့ နဲ့ ဝရံတာလေးမှာထိုင်ပြီး ငှက်တွေနဲ့ အကောင်ပလောင်လေးတွေကို ကြည့်ဖို့ပဲ အချိန်များများပေးချင်လို့ပါ။
ခုတခါက ဆောင်းတွင်းသွားတာမို့ ညနေ ၄ နာရီဆို သစ်သားအိမ်လေးထဲမှာ မှောင်ပြီ။ မီးလင်းဖိုမှာ မီးထည့်.. အိမ်ထဲမှာ ဖယောင်းတိုင် နဲ့ ဘက်ထရီသုံး မီးသီးလေးတွေ စထွန်းပြီး အပြင်ဘက် သစ်ပင်တွေကြားက နေဝင်ချိန်ကို ကြည့်မယ်.. ည မှောင်ရင်တော့ အိမ်ထဲ ဖဲကစားရင် ကစား.. ဂစ်တာတီးသီချင်းဆိုချင်ဆို.. မီးအိမ်လေးနဲ့ စာဖတ်ရင်ဖတ်.. လဘက်သုပ် ဂျင်းသုပ်စားပြီး စကားတွေထိုင်ပြော။ သေချာတာက တီဗီမကြည့် ဖုန်းမကြည့်မို့ WiFi မရှိမို့ သိပ်အရသာရှိတဲ့ သဘာဝကျကျ လွတ်လပ်မှုတမျိုးကို ရစေပါတယ်။
ညအိပ်ချိန်ကတေ့ ကျမ သဘောအကျဆုံးပါ။ Cabin တွေ တလုံးနဲ့ တလုံးက မိုင်ဝက်လောက် ဝေးတာမို့ ဘာမှမမြင်ရ မကြားရ အမှောင်ထဲ .. မီးလင်းဖိုက အလင်းပဲ ရှိတဲ့ အိမ်ထဲ အပြင်အမှောင်ထုရဲ့ ငြိမ်သက်မှု နဲ့ တောတောင်သံ.. စမ်းရေစီးသံ .. သစ်ရွက်လေတိုးသံ.. မီးလင်းဖိုဆီက ထင်းမီးလောင်သံ တဖျစ်ဖျစ်.. အဲလိုညမှာ တော်တော် နဲ့ အိပ်မပျော်လည်း စိတ်မညစ်ဘဲ သာယာ.. တရားလည်း မမှတ်ချင်.. သဘာဝအသံတွေကိုပဲ နာခံလို့.. တောတောင်အမှောင်ရဲ့ တိတ်ဆိတ်သံထဲ မွေ့လျော်လို့ The sound of silence ကိုပဲ သတိတရ။
Hello darkness, my old friend
I've come to talk with you again
Because a vision softly creeping
Left its seeds while I was sleeping
And the vision that was planted in my brain
Still remains
Within the sound of silence
And touched the sound of silence…
မနက်ဆို အရုဏ်မပျို့ခင်ကတည်းက ငှက်ကလေးတွေရဲ့ ကျီကျီကျာကျာသံနဲ့ နိုးရပြီ.. သစ်ပင်တွေကြားက ရောင်နီကို ငေးနိုင်ပြီ.. ထပ်ခိုးအိပ်ရာပေါ်က မြင်နေတဲ့ မှန်ပြတင်းက ခပ်ကျယ်ကျယ်မို့ ရောင်နီလာတာကို အိမ်အပြင်က ဆောင်းအေးအေးထဲ ထွက်စရာမလိုဘဲ သေချာ မြင်ရတာ ကျေနပ်စရာပဲ.. မနေ့တနေ့ကအထိ ဖိစီးခဲ့သမျှတွေကို လုံးဝမတွေး.. အားရပါးရတောင် ပြုံးလိုက်သေး.. ကဲ.. ဒါနဲ့ပဲ သဘာဝထဲက မနက်ခင်းဟာ အလိုလို မင်္ဂလာ ရှိပါပေါ့။
+++++
ကျမတို့မိသားစုကသာ အဲလိုပျော်ပေမဲ့ တချို့ကတော့ တရက်တောင် မနေနိုင်ပါဘူး.. ဘာလို့လဲဆိုတော့ အိမ်သာနဲ့ ရေချိုးခန်းက အိမ်ကလေး နဲ့ ခပ်လှမ်းလှမ်းမှာမို့။ ပြီးတော့ သုံးရေ ချိုးရေကို ကိုယ့်ဘာသာ စမ်းချောင်းလေးကနေ သယ်ရ.. အိမ်သာကလည်း သဘာဝတွင်းအိမ်သာ (ဒါပေမဲ့ တွင်းနက်နက်တူးထားတဲ့အပြင် အိမ်သာသုံးပြီးရင် ရေပေါ်စာမှုန့် နဲ့ ဝါးဖတ်စလေးတွေ ဖြူးရတာမို့ ဘာအနံ့အသက်မှ မရှိ).. တောင်စောင်းမှာမို့ လေအေးတဖြူးဖြူး... ကျမတို့မိသားစုကတော့ဖြင့် သဘောတွေကျ။
ပြောရရင် ကျမအတွက်ကတော့ သာယာပြည့်စုံမှုဆိုတာက ပစ္စည်းဥစ္စာချမ်းသာမှုမဟုတ်၊ သဘာဝနဲ့ နီးနီးမှာ စိတ်လက်ပေါ့ပါးနေခွင့်ရချိန်လေးပါပဲလို့။
ဇန်နဝါရီ (၁၃-၁၅) အမှတ်တရ
No comments:
Post a Comment