Oct 15, 2009

အလွမ်းပြေ (၂)...

အဲဒီ ၁၉၉၅လောက်တုန်းက ကျမ ဘားအံမှာ တာဝန်ကျနေချိန်။ ရန်ကုန်တချက်ပြန်ရောက်လို့ လေထန်ကုန်းဘက် ရောက်ပြီဆိုရင် အင်တာဗျူးတွေ တော်တော်များများ ဖြေခဲ့ရတာ မှတ်မိတယ်..။ (သဘောကတော့ နောက်ထပ် တင်ဦးမှာလို့ ကြိုကြေညာထားတဲ့ သဘော.. :P) ဒါမဲ့ မဂ္ဂဇင်းအုပ်လိုက် သိမ်းမထားမိတော့ လပိုင်းတွေ သိပ်မမှတ်မိတော့ပါဘူး။ ခု ပြန်ကြည့်တော့ ဒီအင်တာဗျူးလည်း ၁၉၉၅ပဲ..။ ပထမတခုထက်တောင် စောနေပါသေးတယ်။ ဒီတုန်းက ဖြူး မိတ်ဆွေများစာကြည့်အသင်းရဲ့ ဆုပေးပွဲကို သွားတုန်း လုပ်ခဲ့တဲ့ အင်တာဗျူးပါ။ မှတ်မှတ်ရရ.. အဲဒီပွဲမှာ တာရာမင်းဝေရဲ့ "အာလူးစားသူများ" ၀တ္ထုတို ဆုရပါတယ်။ (မတ်လ ထင်တယ်)။ ကျမရဲ့ ပထမဆုံး အင်တာဗျူးကြီးက ၁၉၈၉ မဟေသီမှာ ကိုဟိန်းလတ်နဲ့ လုပ်ခဲ့တာပါ။ တကယ်တော့ ကျမကို စာရေးသက်အဲလောက်လေးနဲ့ အင်တာဗျူးလုပ်ခဲ့တာ သိပ်စောတာပေါ့။ ဒါနဲ့ ဂျက်(ကွမ်းခြံကုန်း) (မောင်သာချို)က ဘုစုခရုများနဲ့ အင်တာဗျူးခြင်းဆိုပြီး ရွှေအမြုတေကနေ ဆော်ပါရောလား..။ ခုပြန်တွေးတော့ တကယ့်ကို လွမ်းစရာလေးတွေပါ..။



(တကယ်တော့ ပကတိမြား.. ၀တ္ထုထဲက ဇာတ်ကောင်နာမည်က မိုးလတ်.. ပါ။ ကိုခေတ်ထွန်း အကြားလွဲသွားပုံ ရတယ်။)

အလွမ်းပြေ... (၁၉၉၅)





Oct 8, 2009

ကယ်တင်ရှင်တို့ဆွဲနှစ်တဲ့ ရေတိမ်

ကယ်တင်ခြင်း ပေါချောင်ကောင်းတွေ
ဈေးကြီးနာကြီးနဲ့ ငါတို့ ဆီအရောက်လာခဲ့တာ
ဂုဏ်သိက္ခာနဲ့ လွတ်မြောက်ရေးက လွဲလို့
တပတ်နွမ်းတန်ဆာတွေ ဆင်ခွင့်တော့
ပေါပေါသီသီ ရခဲ့သပေါ့....။

ဒီမယ် ဘုရားသခင်နဲ့မအပ်စပ်တဲ့
သေနတ်တွေမကိုင်ကြပါနဲ့

ကရုဏာတော် တနင့်တပိုးနဲ့
မြင့်မြတ်သူကြီးများက လူယဉ်ကျေးအဆီတက်နေတဲ့
မျက်နှာတွေ တဖြဲဖြဲပေါ့....
ချော့မော့လိုက် သတိပေးလိုက်
ထောက်ပံ့ကြေးဖြတ်လိုက်ပေါ့....

ဒီမှာတော့
တောင်ယာ ပျက်
ရွာမီးလောင် ........
နေစရာတောင် မရှိတော့ချိန်မှ
ကိုယ့်ကိုယ်ကို ကာကွယ်ခွင့်ကို
ကရုဏာ တိုရေရှားရေနဲ့ လဲ ယူ ကြရဦးမှာလား.....

ကရုဏာသမားတွေဟာ
တိုယိုတာဖိုးဝှီးနဲ့လာတယ်
တန်ဘိုးကြီး ယမကာတွေ လုပ်ငန်းသဘောအရ မှီဝဲတယ်...

နယ်စပ်တကြောက ဘ၀အမောတွေနဲ့
တောင်တန်းတွေကို
ငါလိုကယ်တင်ရှင်တွေမှမရှိရင် ခက်ရချည်ရဲ့လို့
မဲ့မဲ့ရွဲ့ရွဲ့ ပိုပိုသာသာ လိုရာဆွဲ မှတ်ချက်ချတယ်...။

ဒီမှာ ကရင်တွေဟာ
ညာအူးထီးနဲ့ ဘီလူးစီးလာတဲ့
စစ်အာဏာရှင်ကို ထီမထင် တော်လှန်ခဲ့ကြတာ

ဒီမှာ ရှမ်းတွေဟာ
ပဲပုတ်ရေကြဲ နဲ့
စစ်သရဲတွေကို ဆွဲလှဲခဲ့ကြတာ

နင်တို့ ကရုဏာ တထွာတမိုက်နဲ့
လာလိုက်တော့မှပဲ ......................။

ကိုထွေးညို (တမာတန်း)


(အရှေ့မိုးကောင်းကင်.. မှ)

(ဒီဆောင်းပါးကိုလည်း တွဲဖတ်စေချင်ပါတယ်)



Oct 1, 2009

ကြွက်ထောင်ချောက်


အီမေလ်ထဲကနေ ဒီစာလေး ရောက်လာတာ ကြာပါပြီ။
ဒီတလောတော့ ဒီစာလေးကို ခဏခဏ ပြန်သတိရနေလို့ ဝေမျှချင်တာနဲ့ တင်ပေးလိုက်ပါတယ်။ ဖတ်ပြီးတဲ့သူ များမယ်ထင်ပါတယ်။


ကြွက်ထောင်ချောက်
ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ် ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲလို့ စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမဲ့ သူ စိတ်ပျက်စွာ မြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက တစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရ အော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့ အသိပေးတဲ့ သဘောပေါ့။
အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊
အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။

မြေကြီးကို ခြေထောက်နဲ့ ယက်ပြီး အစာရှာနေတဲ့ ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး
စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။ အော် ... ကိုကြွက်ရယ်၊ မင်းအတွက်တော့ သေတွင်းပဲလို့
ငါ ပြောလို့ရပါတယ်။ ဒါပေမဲ့ ငါ့အတွက်တော့ အလကားပါ။ ဘာမှ မဟုတ်တဲ့ကိစ္စနဲ့
ငါ့ ခေါင်းလာမရှုပ်နဲ့ကွာ။

ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု
ရှိတယ်ဗျလို့ ပြောလိုက်တယ်။ ၀က်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး
ပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။ ကယ်တော့ ကျနော်အနေနဲ့
ခင်ဗျားကို ဆုတောင်းပေရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။
သေချာတာတစ်ခုက ခင်ဗျားအတွက် ကျနော် အမြဲ ဆုတောင်းပေးနေပါတယ်။

ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့ အကြောင်း
ထပ်ပြောလိုက်တယ်။ နွားက ၀ိုး ... ၀မ်းနည်းပါတယ်ဗျာ။ ဒါပေမဲ့ ကျနော့်နှာခေါင်းကိုတော့
ညှပ်စရာ အကြောင်း မရှိဘူးလေ .. လို့ ပြန်ပြောလိုက်တယ်။

ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ချပြီး အိမ်ထဲကို
ပြန်ဝင်လာခဲ့တယ်။ အော် ... လယ်သမားကြီးရဲ့ ကြွက်ထောင်ချောက်ကို ငါတစ်ကောင်တည်း ရင်ဆိုင်ရတော့မှာ ပါလား။

တစ်ညတော့ "ဗြောင်း" ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။
အကောင်တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့ အသံလိုပဲ။

လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့
ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့
အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။

အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံလိုက်ရတော့တယ်။
ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်ရတယ်။
အိမ်ပြန်ရောက်တော့ မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။

အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ်
လုပ်တိုက်ရတယ် ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီးဟာ
ကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။

ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။
အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့
နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။
သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။

နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲ ကွယ်လွန်သွားရှာတယ်။
နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။
လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကို
စီစဉ်ရတော့တယ်။

ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ
စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။

.............................................................................

နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါ
ငါနဲ့မဆိုင်ပါဘူးလို့ တွေးလိုက်မိရင် ... သတိရပါ။ ကျနော်တို့ထဲက
တစ်ယောက်ယောက်ဟာ ခြိမ်းခြောက် ခံနေရပြီ ဆိုရင် အဲဒီ အန္တရာယ်ဟာ ကျနော်တို့
အားလုံးအပေါ် ကျရောက်လာတာပဲ။ တခြားသူတွေ အပေါ်မှာ မျက်စိဒေါက်ထောက်ပြီး
ဂရုတစိုက် ရှိသင့်သလို တစ်ယောက်ကို တစ်ယောက်လည်း အားပေးပြီး အစွမ်းကုန်
ကူညီတတ်ဖို့ လိုပါတယ်။ ကျနော်တို့ အားလုံးဟာ ဘ၀လို့ ခေါ်တဲ့ ခရီးစဉ်ထဲက
တစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။

++++++


"မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင် ... သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့
ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ"


"If you are neutral in a situation of injustice,
you have chosen to side with the oppressor."

(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)

ဒါကတော့ တောင်အာဖရိက က နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့
စကားပါ။ ရှေ့ကပုံပြင်နဲ့မတူပေမဲ့ မဆိုင်သလိုနေတဲ့သူတွေအတွက်
ဥပမာပေးရာမှာတော့ နီးစပ်မှုရှိပါတယ်။


Sep 18, 2009

အရင်အတိုင်း ရန်ကုန်



ရန်ကုန်ဟာ ကျမရဲ့ မွေးရပ်မြေ...။
စည်ကားတဲ့လမ်းတွေပေါ် မက်မက်မောမော လျှောက်ခဲ့တာပဲ။
မြို့လယ်ခေါင်ကစ ဆင်ခြေဖုံးမြို့သစ်တွေဆီအထိ... ချစ်ခဲ့တာပါပဲ။
ပြီးတော့ ကျောင်းတက်ခဲ့ရာ ရန်ကုန်တက္ကသိုလ်ဝင်း၊ ဆရာမ လုပ်ခဲ့ရာ လှိုင်တက္ကသိုလ်၊ နေခဲ့ဖူးတဲ့ စက်မှုတက္ကသိုလ်ဝင်း... အားလုံးဟာ စွဲလန်းစရာ..။

ဒီလိုပါပဲ... ဘယ်သူမဆို ကိုယ့်ဇာတိမြေကို ရှာကြံစွဲလန်းကြမှာပါပဲ..နော်။


ရန်ကုန်ရဲ့ဘ၀ထဲ မွန်းကျပ်မှုတွေ ဘယ်အချိန်လောက်က စရောက်လာခဲ့သလဲ.. မမှတ်မိချင်တော့။ သတိထားမိတဲ့အချိန်မှာတော့ အုံ့မှိုင်းမှောင်ဝေနေတဲ့ နိမိတ်ပုံကို တွေ့လိုက်ရပြီ။
ရပ်တည်ရာ ဘ၀အခန်းကျဉ်းလေးတောင် မှောင်လို့..........

"ငါ့အခန်းလေးထဲမှာ အလင်းတန်းများ ပျောက်ကွယ်...
ကြာလာရင် အမှောင်နဲ့ နေသားကျတော့မယ်...
ငါ့အခန်းထဲကနေ အပြင်ကို ထွက်...
ရန်ကုန်မြို့ကြီးလည်း ငါ့အတိုင်းပဲ..."

စာသင်ခန်းထဲက တပည့်တွေမျက်လုံးက အေးစက်မှောင်မိုက်..
သူတို့က ပညာရချင်တာမဟုတ်ဘဲ ဘွဲ့တခုသာ ရချင်ကြတာတဲ့။
ဒါဟာ တန်ဖိုးမဟုတ်ဘူးလို့ ကျမပြောတဲ့အခါ သူတို့က လက်မခံချင်ကြ။
စာမေးပွဲအဖြေလွှာပေါ်မှာ မေးခွန်းတွေ ချည်း ရေးကူးပေးလိုက်တဲ့ ကျောင်းသားလည်း စာမေးပွဲအောင်ပါတယ်။
န၀ဒေးရဲ့ကဗျာဖြေခိုင်းတာကို နတ်သျှင်နောင်ကဗျာရေးထည့်ထားလည်း စာမေးပွဲ အောင်ပါတယ်။ အင်္ဂလိပ်မြန်မာ ပထမစစ်အကြောင်းမေးတာကို ဒိုင်အာခီအုပ်ချုပ်ရေးပဲရလို့ ဖြေခဲ့တယ်ဆိုတဲ့သူကိုလည်း အအောင်ပေးရမယ်တဲ့။

နောက်တော့ အောင်စာရင်းထွက်တဲ့အခါ မဖြေနိုင်ခဲ့တဲ့ကျောင်းသားတွေက အောင်စာရင်းပေါ်က သူတို့နာမည် တွေကို အော်ဖတ်ပြီး ဆရာမတွေရှေ့မှာ လှောင်တောင်တောင် ရယ်ကြ။
အဲဒီအခါ ကျမရဲ့ ကိုယ်ပိုင်အခန်းလေးက မှောင်အတိကျ..။
ကိုယ့်ရဲ့ဆရာမဘ၀ထဲ..ရှက်ရွံ့ကြေကွဲလာ..။
ဒါဖြင့် ကျမရဲ့ နံဘေးဝန်းကျင်မှာကော..။
ကျူရှင်တ၀ိုင်း တစ်သိန်း... ရုံးးတွေမှာလည်း အဆင်ပြေချင်ရင် တစ်သိန်း.. ဆေးရုံမှာလည်း တစ်သိန်းလောက် တော့ပေး..။ ဘာပဲ မဟုတ်တာလုပ်လုပ်ရတယ်.. ပေး(x)သိန်း..။ ဒီလိုနဲ့ အမှောင်ထုက တဖြည်းဖြည်းသိပ်သည်း ကြီးစိုးလာခဲ့။
ရိုးသား ကြိုးစားမှုက ထမင်းလာ မကျွေးဘူးဆိုပဲ..။
အဲဒီအခါ ကျမကိုယ်တိုင် အမှောင်နဲ့ ကျင့်သားရမှာ ကြောက်လာခဲ့။

+++++

"ငါ့အတ္တကို အိတ်နဲ့ ထုပ်လိုက်တယ်...
လူမမြင်အောင် ယူကာ အမှိုက်ပုံးလေးထဲထည့်...
ကွဲသွားတဲ့ ငါ့ရင်ခုန်သံတွေ ပြန့်ကျဲ...
ရန်ကုန်မြို့ကြီးးလည်း ဒီအတိုင်းပဲ..."

ရိုးသားဖို့ ကြိုးစားတဲ့အခါ ဘ၀ထဲမှာ ရေဆာရတာ.. ထမင်းဆာရတာတွေ များလာတယ်။
ကျောင်းသားတွေက "ရော့ဆရာမ..ကျူရှင်လခ" လို့ ခပ်ပြုံးပြုံးပေးတဲ့အခါတွေမှာ
အတ္တက တကယ်ပဲ အမှိုက်ပုံးထဲ ရောက်ရောက်သွားတယ်။
ရှက်စရာကောင်းလိုက်တဲ့ဘ၀လို့ ခံစားရတဲ့အခါ အမှောင်ထဲ တိတ်တဆိတ် ကြေကွဲ...။
အတ္တတခုလုံး အမှိုက်ပုံးထဲ ရောက်သွားချိန်မှာ လူကတော့ စိန်ရောင်ရွှေရောင် ပြိုးပြိုးပြက်ပြက် လက်ပ..လို့၊ ရန်ကုန်မြို့ကြီးရဲ့ လမ်းတွေပေါ် ပပလွှားလွှားလျှောက်ခဲ့..။
ကဲ... အဲဒါကကော တကယ်ပဲ ကျေနပ်ဝင့်ကြွားစရာလား။
(ရင်ထဲမှာတော့ တိတ်တိတ် အသည်းကွဲနေခဲ့ရတာ ကိုယ်သာ အသိဆုံးပေါ့)

+++++

"အချိန်တွေ ဖြုန်းတီးပစ်ခဲ့တယ်...
တမင်တကာ ကာရံထား...
ဒီတံတိုင်းများ ခြားရင်းနဲ့...
ဘ၀ရဲ့ ထွက်ပေါက်အဖြေမှန်ကို ရှာဆဲပဲ...
ရန်ကုန်မြို့ကြီးလည်း နာဖျားဆဲ..."

နှစ်လေးဆယ်..။
ရန်ကုန်မြို့ကြီးဆီမှာ မွန်းကျပ်လွန်းလို့ဆိုပြီးတော့ ..

သူ့ဆီကနေ မကြာခဏ ခွာပြီး မြန်မာပြည်တနံတလျား.. သွားသွားလာလာ..လည်လည်ပတ်ပတ်။
အိမ်ပြင် ခဏဘ၀ထဲ ပျော်ပျော်ပိုက်ပိုက် နေခဲ့။
ပြီးတော့လည်း အချိန်တန်ရင် အိမ်ရှိရာ ရန်ကုန်မြို့ကြီးဆီကို ပြန်..။ ကိုယ့်အခန်းကျဉ်းလေးဆီကို ပြန်..။
ဘ၀ကျဉ်းမှောင်မှောင်လေးဆီ ပြန်..။
ခပ်မှိန်မှိန်အပြုံးတွေဆီကို ပြန်...။
ကျပ်ကျပ်သိပ်သိပ်ရယ်သံတွေရှိရာ ပလက်ဖောင်းတွေဆီကို ပြန်..။


+++++

"ငါအချိန်တွေ ဖြုန်းတီးပစ်ခဲ့တယ်...
အိမ်အပြင်မှာ လုံခြုံလည်း အိမ်ထဲက နှင်းကျတယ်...
ဘ၀ရဲ့ ထွက်ပေါက် အဖြေမှန်ကို ရှာဆဲပဲ...
ရန်ကုန်မြို့ကြီးလည်း အရင်အတိုင်းပဲ.."

ဘာပဲဖြစ်ဖြစ်.. ရန်ကုန်ကို စနစ်တကျ ခင်းကျင်းပေးဖို့ ကြိုးစားခဲ့ဖူးပါတယ်။
တကယ့်အလှဆိုတာနဲ့ ချစ်ခြင်းမေတ္တာစေတနာဆိုတာတွေကသာ လောကကို အလှဆင်နိုင်မယ်ဆိုတာကို လူငယ်မျိုးဆက်တွေနားလည်လက်ခံဖို့ ပြင်ဆင်ပြသခဲ့ဖူးပါတယ်။

ဗင်ဂိုးက ချစ်ခြင်းမေတ္တာအတွက် နားရွက်ဖြတ်ခဲ့တာဟာ.. လှောင်ပြောင်ရယ်မောစရာ မဟုတ်တဲ့အကြောင်း..၊
မြို့မငြိမ်းက လူတွေက သူ့ဦးနှောက်နဲ့ မတန်တော့ဘူးလို့ ခံစားရတာကြောင့်ပဲ မောင်းလာတဲ့ကားအောက် ခေါင်းထိုးထည့်ခဲ့လေသလားဆိုတာတွေ တွေးပြီး အနုပညာရှင်ရဲ့တန်ဖိုးကို နားလည်သင့်တဲ့အကြောင်း...၊
ရိုးသားလို့ ဆင်းရဲရတာဟာ နှာခေါင်းရှုံ့စရာမဟုတ်တဲ့အပြင် ထုတ်ဖော်ချီးကျူးဖို့တောင် လိုတယ်ဆိုတဲ့ အကြောင်း..။
ကောက်ကျစ်ယုတ်မာမှုကို ကိုယ်တိုင်မပြုပေမဲ့ ဒီအတိုင်းလက်ပိုက်ကြည့်နေတာဟာလည်း အလိုတူရာရောက်ကြောင်း..၊
"ပြည်သူဟာ ကိုယ်နဲ့တန်တဲ့အစိုးရကိုပဲ ရတယ်"ဆိုတဲ့စကားအတွက် 'ဒီနေ့လူငယ်တွေမှာတာဝန်ရှိတယ်' ဆိုတဲ့ အကြောင်းတွေ...

အများကြီး ပြောပြီးတဲ့နောက်မှာတော့.... ရယ်သွမ်းသွေးသံတွေကြားထဲက ထွက်ပြေးခဲ့ရ။ ထွက်ပြေးခဲ့ရတဲ့ အပြင်မှာမှ ပို လုံခြုံနေရတဲ့ ဘ၀တွေ...။
အဲဒီအခါ.. လက်တွေ့ဘ၀ အိမ်ခန်းကျဉ်းလေးထဲမှာ... နှင်းမုန်တိုင်းတွေ သည်းသည်းကျ..။

+++++

"လူတိုင်းကမင်းကို ချစ်တော့ချစ်ကြမယ်...
ပြန်အဆင်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ကွယ်...
မင်းအပြစ်မဟုတ်ခဲ့တာ ငါတို့ နားလည်...
ရန်ကုန်မြို့ကြီးရယ် မငိုလိုက်နဲ့..."


ကျမကိုယ်တိုင်တောင် ရန်ကုန်မြို့ကြီးက စိတ်ပျက်စရာလို့ ညည်းညူငြိုငြင်ဖူးခဲ့ပါတယ်။
ကြည့်ပါဦးး... ကျမလည်း သူ့အပေါ်မှာ ရက်စက်စော်ကားခဲ့တာပဲ..။
တကယ်မှာတော့ သူ့ခမျာက လူတွေပြုသမျှ နုရသူ။
ဗိုလ်အောင်ကျော်.. ဗိုလ်ချုပ်တို့ သွေးတွေ ပေကျံခဲ့ရရှာတာလည်း သူ..။
၆၂သွေးတွေလည်း သူ့ဆီမှာပဲ ကျခဲ့။
၇၄..၇၆ သွေးတွေချွေးတွေလည်း သူ့ဆီမှာပဲ ကျခဲ့။
ရှစ်လေးလုံးသွေးတွေလည်း..
ရွှေဝါရောင်သွေးတွေလည်း...
နာဂစ်ရဲ့သွေးတွေလည်း...
ပြည်သူတွေရဲ့ ဘ၀ထဲ ငတ်ရသမျှ မျက်ရည်တွေကလည်း သူ့ဆီမှာပဲ ကျခဲ့..။
တော်လှန်သွေးတွေလည်း သူ့အပေါ်မှာပဲ ကျခဲ့။
မြန်မာပြည်ကြီးရဲ့ ချစ်လှတဲ့ ရင်သွေးရင်နှစ် ဗိုလ်ချုပ်ရဲ့သမီးလေးကိုလည်း သူ့ဆီမှာပဲ သိမ်းထားခဲ့ရ..။
ဒီလောက်ပုန်ကန်တဲ့မြို့ ပျက်သွားအောင် ပစ်ထားလိုက်ကြစမ်း.. ဆိုတဲ့ အာဏာရူးတွေရဲ့အမုန်းကလည်း သူ့အပေါ်မှာပဲ ကျရောက်ခဲ့..။

+++++


ခုတော့ ...
သစ်ပင်အကျိုးအကြေတွေ... ယင်တလောင်းလောင်းအမှိုက်ပုံတွေ.. ။
အလုပ်လက်မဲ့ လေလွင့် လူငယ်လေးတွေ.. ကလေးအလုပ်သမားလေးတွေ..။
ထမင်းငတ်နေတဲ့ သက်ကြီးရွယ်အိုတွေ..။ ခိုးစား လုစားနေရတဲ့ ၀န်ထမ်းတွေ..။
မိဘ ဆရာ အဿပြာပူးပေါင်း ကလေးပညာကောင်း.. ဆိုသလို ပိုက်ဆံကိုပဲ မျက်စေ့စုံမှိတ်ကြည့်နေရလို့ အနန္တောအနန္တ ငါးပါးဆိုတဲ့နေရာမှာ အထိုင်ရခက်နေတဲ့ ဆရာတွေ..။
စိတ်ညစ်သမျှ ဒါချလိုက်ရင် မေ့တယ် ဆိုတဲ့ စိတ်ကြွဆေးပြားတွေ...။
ပါတီမှာ ဘာကျွေးမှာလဲ.. ထုံးစံအတိုင်း ကြယ်သီး(မူးယစ်ဆေးပြား)ပေါ့..တဲ့။
ကြယ်သီးညတွေထဲမှာ ဘ၀ဆိုတာ ပျော်စရာ.. ခေါင်းလေးတခါခါနဲ့ ငြိမ့်လို့ဆိုပဲ..။
လူစုလိုက်ပါ.. ၁၀ယောက်ပြည့်ရင် တ၀ိုင်းစာလုပ်ပေးမယ်ဆိုတဲ့ ကိုယ်လုံးတီး မြန်မာမ ပြပွဲတွေ..။
'အကို ကျမကိုခေါ်ပါ ဈေးဦးမပေါက်သေးလို့ပါ.. လျှော့ပေးပါ့မယ်'ဆိုတဲ့ ဈေးရောင်းပွဲတွေ..။
တိုင်းသူပြည်သား ပညာမတတ်လေ..ဒုက္ခရောက်လေ.. အုပ်ချုပ်ရတာ လွယ်လေဆိုတဲ့ အာဏာရှင်စနစ်တွေ...။
ရိုးသားနေလို့ မရတဲ့ခေတ်ဗျ... မရူးစမ်းပါနဲ့ .. ဆိုတာတွေ။
ကမ္ဘာမီးလောင် သားကောင်ချနင်း.. ဆိုတာတွေ။
တော်ပါသေးရဲ့..၊ သမီးလေးက လှလို့.. ကျမတို့ အသက်ရှူချောင်နေတာ.. သမီးရဲ့ 'စပွန်စာ' က မဆိုးဘူး ဆိုတာတွေ။
အဲဒါတွေကို ရန်ကုန်မြို့ကြီးက ရွက်ထားရတာ..။
သူ့ခမျာလည်း နံစော်ပေပွလို့..၊ ရီဝေမူးယစ်လို့..၊ နာကျင်ငိုကြွေးလို့ ရှိရှာမှာ..။

+++++

ဒါပေမဲ့
လောလောဆယ်မှာ ဘာမှမတတ်နိုင်တဲ့ဘ၀တွေ..။
ကျမ မွေးဖွားခဲ့... ကြီးပြင်းနေထိုင်ခဲ့... စွန့်ပစ်ထွက်ပြေးခဲ့တဲ့ ရန်ကုန်..။
သူ့ဘ၀ ဘာမှမပြောင်းမလဲ..နာကျင်ပေးဆပ် .. စွန့်လွှတ်ကြေကွဲနေရဆဲ..။

"လူတိုင်းကမင်းကို ချစ်တော့ချစ်ကြမယ်...
ပြန်အဆင်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ကွယ်...
မင်းအပြစ်မဟုတ်ခဲ့တာ ငါတို့ နားလည်...
ရန်ကုန်မြို့ကြီးရယ် မငိုလိုက်နဲ့..."


++++

Big Bag Band က ကျားပေါက်(ဟန်ထူးလွင်)ရဲ့ သီချင်းလေးပါ။
AD 3000 ဆိုတဲ့ Album ကို နားထောင်ရာက အဲဒီ "အရင်အတိုင်းရန်ကုန်"ဆိုတဲ့ သီချင်းလေးကို တွေ့တာပါ။
ကျားပေါက်က ဘယ်လို ခံစားချက်နဲ့ဆိုတယ်မသိပေမဲ့ ခံစားသူတွေဘက်ကတော့ ကိုယ့်အမြင်အတွေးနဲ့ ခံစားမြဲမဟုတ်လား..။
အဲဒီအခါ ကျားပေါက်ရဲ့သီချင်းကို နားထောင်ရင်း.. ညည်းရင်း.. ကျမခံစားလာရတာတွေကို ချရေးဖြစ်လိုက်တာပါပဲ။



(၂၀၀၈ ဇွန် ၁၆)

Sep 15, 2009

နီရိုး

ဒီရက်ပိုင်းတွေထဲ သဘောအကျကြီးကျပြီး ကျေကျေနပ်နပ် ဆဲနေရသလို မြိန်မြိန်ကြီး တဖွဖွ ရွတ်နေမိတဲ့ ကဗျာ...




နီရိုး

အနုပညာဝါသနာပါတာတော့ မဖြစ်နိုင်ဘူး
တယောထိုးလိုက ထိုးစေ
ငကြောင်...။

မိနှောင်း

(၂၀၀၉ ဇူလိုင် "ပိတောက်ပွင့်သစ်"ထဲက...)

(ပုံကို ဒီက ယူပါတယ်)