May 18, 2010

ကွမ်းစကားရှင်အတွက် အလွမ်းစကား


နောက်ထပ် လုံးဝ မရေးချင်တော့တာ ၀မ်းနည်းမှတ်တမ်းတွေပဲ..။
လောကကြီးမှာ နှမျောတသစရာတွေကိုချည်း ဆုံးရှုံးနေရတာ.. တရား.. ဟုတ်ရဲ့လား..။
တရားကို သံသယမဖြစ်ပေမဲ့ အဲဒီတရားက ကိုယ်တွေကိုချည်း ပြနေတော့ စိတ်ထဲ အထိနာလှတယ်..။ ဆန်ရင်း နာနာဖွတ်သတဲ့လား.. တရား…..။
တကယ်စဉ်းစားကြည့်တော့ သွားနှင့်သူတွေကို နှမျောနေမိတာကရော.. တရားပါရဲ့လား..။

နေပြင်းတဲ့ လောက..
မိုးမရွာတဲ့ လောက…
သေမင်းက အကောင်းကြိုက်တဲ့လောက..
ရေငတ် အစာငတ် အလင်းရောင်ငတ်တဲ့လောက..
မင်းဆိုးမင်းညစ် နှိပ်စက်နေတဲ့လောက..
အမြီးကျက်အမြီးစား လောက..
ရေများရာ မိုးရွာတဲ့ လောက..
ဗူးတောင်းတွေ နစ်လို့ ဇောင်းခြမ်းတွေပေါ်တဲ့ လောက…
ဘုရားကားအောက် မျောက်ကားအထက် လောက..
ကောသလအိပ်မက်ထဲက လောက….
အဲဒီ လောကထဲက ထွက်သွားသူတွေဟာ အနည်းဆုံးတော့ ငြိမ်းအေးရာရသွားမှာအမှန်..။

တကယ်တော့
ဒီတလော မြန်မာပြည်က ရာသီဥတုအပူ.. လူတွေရဲ့ ရင်ထဲက သောကအပူတွေ ကူးစက်လို့ အပူတွေ ဖိစီးနေတာ…။ တကယ်တော့ ဘာစာတလုံးမှ မရေးချင်..။


+++++

ပြီးခဲ့တဲ့ မေ ၁၅ မှာ ဘလော့ရေးသက်လေး ၃နှစ်ပြည့်လို့မို့ အမှတ်တရလေး တခုခု ရေးချင်တယ် လို့ တွေးထားခဲ့ပေမဲ့ မေ ၁၁ မှာ ပန်းချီ သန်းမြင့်အောင် ဆုံးတဲ့ သတင်း ၀င်လာတာမှာ.. ဘာမှ မရေးချင် မတွေးချင်တော့..။ ဒီခေတ်ထဲ အင်မတန် ရိုးသားအေးချမ်းတဲ့ အဲဒီလူငယ်လေးကို တချိန်လုံးမြင်ယောင်နေမိတယ်။ ဘယ်သူ့ကိုမဆို လေးလေးစားစား ဆက်ဆံတတ်တဲ့ လူငယ်လေးပေါ့။ ၂၀၀၇မှာ ဂျူး၊ မေငြိမ်း၊ ခက်မာ၊ မိုချာ့… စာရေးဆရာမလေးယောက်ရဲ့ ၀တ္ထုတွေကို စုပြီး ရောင်စဉ်များနဲ့ ကစားခြင်း ဆိုတဲ့ စာအုပ်ထုတ်ခဲ့တာ သူနဲ့ သူငယ်ချင်းတစုပေါ့။ သူက ဒိုင်ခံ.. စီစဉ်ရတာ..။ အဲဒီထဲပါတဲ့ စာရေးဆရာတွေရဲ့ ပုံတူ Sketch တွေလည်း သူပဲ ရေးတာ..။ ပြီးတော့ ကျမ အတွန့်တက်သမျှ.. ဗိုလ်ကျသမျှ.. ခံရရှာတာလည်း သူ ပေါ့..။ အမြဲ ပြုံးပြုံး ပြုံးပြုံးနဲ့ သီးခံတတ်တဲ့ လူငယ်လေး..။ ကျမထက်နောက်ကျပြီးမှာ လူ့လောကထဲ ရောက်လာတဲ့ အဲဒီလူငယ်လေးက ကျမထက်စောပြီး ပြန်ထွက်သွားခဲ့တာ..။ ဗြုန်းစားကြီး..။ ဒီတလော သူ ပန်းချီရေးတာတွေ Tone ပြောင်းလာလို့.. ပြီးတော့ ပန်းချီတွေ အများကြီး ရေးဖြစ်နေတာ တွေ့နေရလို့ စိတ်ချမ်းသာနေလို့မှ မဆုံးခင်.. သူကတော့ ဆုံးခဲ့ပြီ။

+++++

ကိုအောင်ဝေးက သန်းမြင့်အောင်အကြောင်း အမှတ်တရ ရေးပါဦးတဲ့..။ မရေးချင်တော့ပါဘူး အကိုရာ.. စိတ် တော်တော်ထိခိုက်တယ်.. လို့ပဲ ပြန်ပြောမိတယ်။ နောက်တော့ သူ့အတွက် တခုခုလေး အမှတ်တရဖြစ်ချင်လို့ ရေးမယ်လို့ စိတ်ကူးပြန်တယ်..။ နောက်တော့ ရေပြဿနာတွေ.. အပူပြဿနာတွေ မနိုင်ရင်ကာ လူတွေ သေနေတယ်ဆိုတဲ့ သတင်းတွေထဲ လူက ပျော့ခွေနေနေတုန်း…. အဲဒီတုန်းပဲ ဗြုန်းဆို.. သုမောင်.. ဆုံးပြီ.. တဲ့။ ၁၆ မေ တနင်္ဂနွေည.. တဲ့။

+++++

သုမောင်ဆုံးပြီဆိုတဲ့ သတင်း ၀င်လာတော့ ပထမဆုံး သတိရတာ ဖေဖေ့ကိုပဲ..။ (ဦး) သုမောင်ထက် ၅နှစ်ပဲ ကြီးပြီး ဦးသုမောင်ထက် ၉နှစ်ကျော် စောပြီး လူ့လောကထဲက ထွက်သွားခဲ့တဲ့ ကျမအဖေက သုမောင်ကို စာရော.. အသံရော.. သရုပ်ဆောင်တာကိုရော အင်မတန်ကြိုက်တာပါ။ နောက်ပိုင်း ဗမာရုပ်ရှင်တွေကို မကြိုက်တော့တဲ့ အဖေက သဘာဝအုပ်စုရဲ့ ရုပ်ရှင်တွေဆိုရင်တော့ မလွတ်တမ်း..။ အဲဒီအခါတိုင်း အဖေ့ရဲ့ ရုပ်ရှင်ကြည့်ဖော်က ကျမ..။ ကျမက သာဓု… ဆိုတဲ့ သူတို့ အဖေနဲ့ မောင်ဝဏ္ဏ၊ သုမောင်၊ မောင်ရူပ၊ မင်းလူဆိုတဲ့ ညီအကို လေးယောက်စလုံးကို စီးရီးလိုက် ကြိုက်တာ…။ (ဦး)သုမောင်ရေးတဲ့ စာတွေဖတ်ပြီး သူ့မိသားစုဝင်တွေကို အလိုလို ရင်းနှီးနေပြီး ပြောရရင် ခု ဖိုးသောကြာခေတ်ရောက်တော့လည်း ကိုယ့်အမျိုးလိုပဲ စိတ်ထဲ ရင်းနှင်္ီးနေတော့တာ။ တကယ်တော့ ကျမက (ဦး)သုမောင်နဲ့ လူချင်းတခါမျှ မဆုံဖူးခဲ့။ ကျမက ကိုမင်းလူ နဲ့ ကိုဝဏ္ဏ တို့နဲ့သာ ဆုံတတ်တာ။ ဒါပေမဲ့ သုမောင် ကျတော့ အကြင်တို့ လင်မယားကတည်းက .. နှောင်းတမြေ့မြေ့ကတည်းက… အချစ်နဲ့သူ၏ကိုကိုကတည်းက..။ ပြောရရင်.. အချစ် ဆိုတဲ့ လုံးချင်းဝတ္ထုကတည်းကပဲ ဆိုပါတော့။ နောက် ကျမ ကြိုက်တဲ့ ဗမာသံ အမျိုးသား အဆိုတော်တွေထဲ ကိုအံ့ကြီးတို့ စန္တယားလှထွတ်တို့နဲ့အတူ (ဦး)သုမောင်.. ကိုလည်း ကြိုက်လှတာဆိုတော့ …။ ခုချိန်မှာ တော်တော်ပဲ စိတ်ထိခိုက်တာ ခံစားရပါတယ်။

+++++

ကျမ နှမျောလိုက်တာ..။ ခေတ်တွေကို တနည်းတဖုံ မှတ်တမ်းတင်နေတဲ့ .. လူတွေကို ရသစာပေနဲ့ စိတ်အမောဖြေပေးနေတဲ့.. အနုပညာနဲ့ ဖျော်ဖြေပေးနေတဲ့ စာရေးဆရာတွေ ကဗျာဆရာတွေ.. ပန်းချီဆရာတွေ.. ဂီတသမားတွေ စောစော ကြွေတဲ့အခါ…… လောကအတွက် သိပ်ကိုနစ်နာတာပဲလို့ ကျမ ခံစားရပါတယ်..။ အဲဒီအခါ ကျမ မျက်ရည် ကျမိပါတယ်..။

+++++

လွမ်းပါတယ်.. ဦးဗလရေ…
“အချစ်..” ကို လွမ်းတယ်..။ “ကိုယ့်အချစ်ဦးခေါင်းမှာ ပန်းလေးတွေ ဝေ” ကို လွမ်းတယ်..။
“လယ်တောကအပြန် ပန်ချင်တယ် ခရေဖူးဆိုလို့..” ကို လွမ်းတယ်..။
“ဒီကမ္ဘာမှာ လူတိုင်း မပြောဖူးတဲ့သူ မရှိပါဘူးကွယ်.. အဲဒါဟာ ချစ်တယ်….” ကို လွမ်းတယ်။
နှောင်းတမြေ့မြေ့ထဲမှာ ကံကြမ္မာကို စိတ်နာနာနဲ့ ခဲလုံးလေးကို ကျုံးကန်လိုက်တဲ့ ရဲဘော်စိုးနိုင်လေးကို လွမ်းတယ်..။
ရှင်နေမင်းသို့ ပေးသောစာကို လွမ်းတယ်..။
သုမောင် ရဲ့ မအေးဘုံကို လွမ်းတယ်..။
သူ့ရဲ့ စာတွေ သီချင်းတွေ.. ရုပ်ရှင်တွေ…။
တကယ့်ကို ခုနစ်စဉ်အလွမ်းလို လွမ်းစရာတွေ များလှပါတယ် ….။

+++++

ကျမ နောက်ထပ် အလွမ်းစာတွေ မရေးချင်တော့ကြောင်း ဘယ်သူ့ကို တိုင်တည်ရပါ့…။

May 14, 2010

တရားခံရှာနေသူများ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီပြန်လည် မှတ်ပုံတင်ခြင်းကို မလုက်တော့ဘူးဆိုတော့ စစ်အစိုးရ ရဲ့ ဥပဒေ အရဆိုရင် တရားဝင်နိုင်ငံရေး ပါတီဘဝကနေ တရားမဝင်ပါတီအဖြစ် ရောက်ရပါတော့မယ်။ ခုထိတော့ ရန်ကုန် က အန်အယ်ဒီ ဆိုင်းပုတ်ကို ဇွတ်အတင်း ဖြုတ်ချနေပြီလို့တော့ မကြားရသေး ပါဘူး။ သို့သော် ရေရှည်မှာတော့ အန်အယ်ဒီဟာ တရားဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရဖို့ ဆိုတာကတော့ မသေချာလှပါဘူး။

ကိုင်း အန်အယ်ဒီဟာ တရားဝင်ပါတီအဖြစ် မရှိတော့ဘူး ဆိုပါစို့။ တရားဝင်နိုင်ငံရေး ဇာတ်ခုံကနေ ပျောက်ကွယ် သွားပြီ ဆိုပါစို့။

နှစ်ပေါင်းများစွာ ဒေါ်စုကို မကောင်းပြောခဲ့တဲ့ သူတွေ ဘာဆက်ပြောကြဦးမလဲဆိုတာ နားထောင် ကြည့်ချင်ပါ သေးတယ်။ ဒေါ်စုခေါင်းမာနေလို့ မြန်မာပြည် ဒီမိုကရေစီအရေးဟာ နှောင့်နှေးနေတယ်လို့ ပြောခဲ့တဲ့သူများ ဘာများဆက်ပြောကြပါဦးမလဲ။ သူတို့ပြောတဲ့ ခေါင်းမာသူရဲ့ ပါတီက တရားဝင် နိုင်ငံရေးပါတီ မဟုတ်တော့ ဘူးဆိုရင် အဲသည့်လူများ ဘယ်သူ့ကို အပြစ်တင်ကြဦးမလဲ။ မြန်မာပြည်မှာ ဒီမိုကရေစီ ဖြစ်ထွန်းမှု နှေးကွေးတာ ဒေါ်စုကြောင့်ဆိုပြီး အပြစ်ပုံချနေသူများ အခုတော့ ဘယ်သူ့ကို တရားခံရှာကြဦးမလဲ။

လက်လှမ်းမှီသလောက် ကျနော် နာမည်တွေနဲ့ တပ်ပြောပါ့မယ်။ တလောက ကွယ်လွန်သွားတဲ့ ရန်ကုန်က ဦးရဲထွန်း။ သူဟာ ဦးသုဝေနဲ့လည်း အလွန်နီးစပ်တဲ့ နိုင်ငံရေးသမား တဦးပါ။ နောက် သည်ဗွိုက်စ်ဝိခ်လီး ဂျာနယ်ကို ထုတ်ဝေနေဲ့ ဒေါက်တာ နေဝင်းမောင်တို့နဲ့ သူတိုရဲ့ အီးဂရာ့စ်လို့ခေါ်တဲ့ တတိယလှိုင်း အဖွဲ့၊ ချင်းမိုင် ဘီအမ်အေ ကွန်ဖရင့်ကို လာသွားတဲ့ ဒေါက်တာ ခင်ဇော်ဝင်း၊ ပါမောက္ခ ကျော်ရင်လှိုင် စတဲ့သူများဟာ နိုင်ငံ တကာခရီးစဉ်တွေ၊ ကွန်ဖရင့်တွေ တက်ရောက်နိုင်ခွင့် ရှိတဲ့သူတွေ ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ထိတွေ့ဖို့ အခွင့်အလမ်း ရှိသူတွေ ဆိုရင်လည်း မမှားပါဘူး။ အဆိုပါ ပုဂ္ဂိုလ်များမှာ သူတို့ယုံကြည်တဲ့ နိုင်ငံရေးလမ်းစဉ် အယူအဆတွေ ရှိပါလိမ့်မယ်။ ဒါဟာ သူတို့ရဲ့ အခွင့် အရေးဖြစ်ပါတယ်။ ဘယ်သူကမှ ပိတ်ပင်လို့မရပါဘူး။ ပိတ်ပင်လို့လည်း တရားမှာ မဟုတ်ပါဘူး။ သူတို့နဲ့ ဒေါ်အောင်စုဆန်းစုကြည် အကြားမှာ မတူညီတဲ့ အတွေး အမြင်တွေလည်း ရှိပါလိမ့်မယ်။ မတူတာလည်း ပြဿနာ မဟုတ်ပါဖူး။

ဒီမိုကရေစီ ဖြစ်ထွန်းမှုအတွက် မတူညီတဲ့ အတွေးအမြင် အယူအဆတွေ ရှိနေတာဟာ အပြစ်တင် ရမဲ့ ကိစ္စ မဟုတ်ဘူး ဆိုတာ ဒီမိုကရေစီကို နားလည်သဘောပေါက်သူတိုင်း သိပါတယ်။

သို့သော် အထက်မှာ ကျနော်ဖော်ပြထားတဲ့ လူပုဂ္ဂိုလ်များဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက် လာရင် လူချောင်းရိုက်သလို အလုပ်များ လုပ်တတ်ပါတယ်။ ဒေါ်စုကြောင့် မြန်မာပြည်ကြီး ဒီမိုကရေစီ ရဖို့ နှေးနေ တယ်လို့ သူတို့ပြောကြပါတယ်။ စစ်အာဏာရှင်တွေကြောင့် ဒီမိုကရေစီ ဆိတ်သုဉ်း နေတယ်လို့ သူတို့တခါမှ ထောက်မပြဘူးပါ။ သူတို့ပြောသလို ဒေါ်စုတဦးတည်း မှာသာ တာဝန်ရှိ တယ်ဆိုရင် စစ်အာဏာရှင်တွေက အပြစ်ကင်းစင်သူကြီးတွေလို ဖြစ်နေပါတယ်။ သူတို့အပြောအရ ဆိုရင် အပြစ်ရှိသူက ဒေါ်စုသာ ဖြစ်နေပါတယ်။ သို့သော် အဲသည့် စကားများကို သူတို့က ဒီမိုကရေစီ လိုလားသူများ ရှေ့မှောက်မှာ ပြောခဲပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားများကိုသာ သူတို့က ရင်ဖွင့်လေ့ရှိပါတယ်။ မြန်မာပြည်အကြောင်း ကောင်းကောင်း မသိတဲ့ နိုင်ငံခြားသား တချို့ကတော့ သူတို့အပြောကြောင့် ဒေါ်စုကို ခေါင်းမာသူအဖြစ် မြင်ကြပြန် ပါတယ်။ ဒါတွေက ကျနော်တို့အနေနဲ့ တချို့နိုင်ငံခြားသားတွေဆီက ပြန်ကြားရတာပါ။

ပါမောက္ခ ကျော်ရင်လှိုင်ကတော့ ကျနော့်ကို နှစ်ဦးချင်း မေးခွန်းတခု မေးပါတယ်။ ဒေါ်စုမပါဘဲ စစ်တပ်က ဒီမိုကရေစီပေးရင် ခင်ဗျားတို့ မယူကြတော့ဘူးလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ကျနော်တို့ ဒီမိုကရေစီ အကြောင်းကို ပြောတဲ့နေရာမှာ လူပုဂ္ဂိုလ် ကိုးကွယ်မှု မပါပါဘူး။ ထည့်သွင်းစဉ်းစား ခြင်းလည်း မရှိပါဘူး။ ကျနော့်ကို မေးခွန်းအဲသလို မေးတာကိုက ကျနော်တို့က ဒေါ်စုဘာလုပ်လုပ် မျက်စေ့မှိတ် ထောက်ခံနေတဲ့ သူများဖြစ်လို့ မေးရတယ်ဆိုတဲ့ သဘောမျိုး ပေါက်နေပါတယ်။

စစ်တပ်က ဒေါ်စုမပါရင် တကယ်ဘဲ ဒီမိုကရေစီ ပေးမယ်လို့ ထင်ပါသလား။ မထင်ပါဘူး။ သူတို့ ကတော့ ဒေါ်စုမပါတော့ရင် တရန်အေးတယ်လို့တောင် ပြောကြဦးမှာပါ။ ထားပါတော့။ အကယ်၍၊ ကျနော် အကယ်၍လို့ စကားခံထားပါတယ်။ ဒေါ်စုမပါရင် ခေါင်းဆောင်နေရာကနေ နုတ်ထွက်သွားရင် စစ်တပ်က အမှန်ကတယ် ဒီမိုကရေစီပေးမယ် ဆိုပါတော့။ အဲသလိုသာ တကယ်ဖြစ်မယ်ဆိုရင် ကျနော် ပြောရဲပါတယ်။ ဒေါ်စုက ကျမ ကိုငဲ့မနေပါနဲ့ ကျမမပါဘဲ ဒီမိုကရေစီပေးမယ်ဆိုရင်လည်း ယူလိုက်ပါ။ ကျမ မပါပါဘူးလို့တောင့် သဘောထား ကြီးကြီးနဲ့ ပြောပြီး ခေါင်းဆောင်နေရာက နုတ်ထွက်တောင် ပေးပါလိမ့်မယ်။

ဒီဆောင်းပါးထဲမှာ အခုလို လူနာမည်တွေနဲ့ တပ်ရေးရတာကတော့ ကျနော်လည်း စိတ်မကောင်းပါ။ သို့သော် မျိုးဆက်သစ်တွေ ကြားမှာ နောင်အတွက် ရှုတ်ရှုတ်ထွေးထွေး မဖြစ်ရလေအောင် အခု ကတည်းက ဘွင်းဘွင်းရေးဖို့ အချိန်တန်ပြီလို့ ယူဆပြီး ရေးတာဖြစ်ပါတယ်။ နောက်တချက်လည်း ဒီလိုမှ ပွင့်ပွင့်လင်းလင်း မရေးကြဘူးဆိုရင် နောင်မှာ သည့်ထက်ပိုပြီး ရောင့်တက်လာမှာ စိုးတဲ့ အတွက်လည်း ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ အဝှမ်း ကိုယ့်တိုင်းသူပြည်သားတွေကိုတောင် ရက်ရက် စက်စက် သတ်ဖြတ် အုပ်ချုပ်နေတဲ့ အာဏာရှင်အစိုးရနဲ့ သူတို့နောက်လိုက်တွေကို ရှေ့ရှောက် ဘာကိုမှ ထောက်ထားပြီး အားနာစရာ၊ နုတ်ဆိတ်နေစရာ မလိုတော့ ဘူးလို့ ပြောပါရစေ။

နိုင်ငံရေး ဇာတ်ခုံပေါ်မှာ အဲန်အယ်ဒီပါတီ တရားဝင်မရှိတော့တဲ့ နောက်ပိုင်း မြန်မာပြည်ရဲ့ ဒီမိုကရေစီ အရေး ဟာ ဆက်ပြီးနှေးကွေးနေတယ်ဆိုရင် ဒီတခါတော့ အဆိုပါပုဂ္ဂိုလ်များ ဘယ်သူဘယ်ဝါကို တရားခံ ရှာကြဦးမလဲ ဆိုတာ ဆက်ပြီးစောင့်ကြည့်ကြတာပေါ့။ သေချာတာကတော့ စစ်တပ်ကြောင့် ဒီမိုကရေစီရေးဟာ နှေးရပါ တယ်လို့တော့ ဒီလူတွေ ပြောမှာမဟုတ်ပါဘူး။

ဇော်မင်း (လူ့ဘောင်သစ်)
၁၂ ရက် မေလ ၂ဝ၁ဝ ခုနှစ်

Apr 17, 2010

အင်တာနက်ထဲ ပျံ့နေတဲ့ စာတစောင်

ဒီတခါ ဖြန့်ဝေတဲ့ စာက ပြောရရင် သက်သေပြလို့ မရ.. ယုံရခက်ခက်ကိစ္စ..။ ဒါပေမဲ့လည်း ကျမတို့ နိုင်ငံမှာ အဲလို ကိစ္စတွေဖြစ်နေတာ တပုံတပင်..။ အုပ်ချုပ်သူ လူတစုက ရူးရူးမိုက်မိုက်မို့ ပြည်သူတွေခမျာ ရူးရူးနှမ်းနှမ်းကိစ္စတွေကို ရင်စီးခံခဲ့ကြရ.. ခံနေကြရတာလည်း အပုံ မဟုတ်လား..။ ဒါကြောင့် ခု ကက်ကင်းဆိုတဲ့ ကိစ္စကလည်း ဖြစ်နိုင်တယ်လို့ ခေါင်းညိတ်ရမယ့်အထဲ ပါတယ်လို့ ကျမတော့ ထင်တာပဲ..။

The junta’s obsession with astrology and numerology in 2010 Rangoon Thingyan Blast...

"2010 ကတ်ကင်း ရိုက်တဲ့ ဗုံးတွေ ပေါက်ပြန်ပြ"ီ
2010 ခုနှစ်မှာ လူထုအုံကြွပေါက်ကွဲမှု တွေ ဖြစ်မှာကို ကြောက်တဲ့ နအဖက
2010 ကို တန်ပြန်ယတြာချေတဲ့ အနေနဲ့  2010 ရဲ့ ပြောင်းပြန်ဂဏန်း> 1020 ဖြစ်တဲ့နေရာမှာ
အကြံပက်စက်စွာ လူသေစေတဲ့ဗုံးတွေ ဖေါက်ခွဲခဲ့လေပြီ။2010 ရဲ့ ပြောင်းပြန်ဂဏန်း> 1020 ဖြစ်တဲ့နေရာက ဘယ်နေရာလဲ။
X2O လို့ အမည်ရတဲ့ ရေကစားမဏ္ဍပ်မှာပါ။အဲဒီ X2O လို့ အမည်ရတဲ့ ရေကစားမဏ္ဍပ်ကိုမှ တမင်ရွေးချယ်ကာ လူ့ အသက်တွေ သွေးတွေကို ဓါးစာခံလုပ်ကာ အာဏာရူး နအဖတွေ မပြုတ်ဖို့ အတွက်၊ နအဖ စစ်အာဏာဆက်မြဲဖို့ အတွက် အကြံပက်စက်ကြတာပါ။

ဗုံးပေါက်ကွဲတဲ့ နေရာက X2O လို့ အမည်ရတဲ့ ရေကစားမဏ္ဍပ်မှာပါ။
X2O ဟာ 1020 ဖြစ်ပါတယ် ။
1020 ဖြစ်တဲ့နေရာဟာ X2O ပါ။

ရှင်းပြပါ့မယ်။ ရောမဂဏန်း X ဟာ သင်္ချာဂဏန်း =10 ဖြစ်ပါတယ်။
(X=10)
X 2O = 10 20
ဒါ့ကြောင့် 2010 တန်ပြန် = 1020 =X 2O နေရာကိုမှ ကံဆိုးမဲ ကျစွာ နအဖ ကိုးကွယ်တဲ့ အောက်လမ်းဘိုးတော်တွေ ရွေးချယ်ပေးလိုက်တာပါပဲ။

ဒီဗုံးတွေကို ဘယ်သူတွေက ဘယ်လိုပဲဖောက်ခွဲခွဲ ...လူ့ ယဉ်ကျေးမှုအရ ကြည့်မယ်ဆိုရင် လုံးဝရှု့ံချရမယ့်
အဆင့်မှာ ရှိပါတယ်။ မြန်မာ့ရိုးရာသင်္ကြန်အခါ အကြတ်နေ့ မှာ အရပ်သားအများစု ရှင်သန်နေတဲ့ နေရာမျိုးမှာ
လူ့ အခွင့်အရေးချိုးဖောက်ခါ တမင်သက်သက် အကြမ်းဖက်တဲ့ လုပ်ရပ်ဆိုးတွေကို လုပ်တဲ့သူတိုင်းကို ဒီနေရာကနေ ထပ်မံအပြစ်တင်ပါတယ်။ခင်ဗျားတို့  သူရဲဘောကြောင်တဲ့ လုပ်ရပ်ဆိုးတွေကို ရပ်တန်းကရပ်ကြပါတော့။အချိန်မှီမရပ်တန့် ကြရင် လောကစောင့်နတ်တွေက ဒီတိုင်းနေတော့မှာ မဟုတ်ပါဘူး။ကမ္ဘာ့နေရာအနှံ့ မှာ သဘာဝဘေးဒဏ် ကပ်တွေ ဆိုက်ရောက်လာနေသလိုမျိုး ခင်ဗျားတို့  အာဏာရမ္မက် လောဘရမ္နက် ဒေါသရမ္မက်တွေကြောင့် အပြစ်မဲ့တဲ့  မြန်မာပြည်သား တိုင်းရင်းသားညီကိုမောင်နှမတွေပါ ကပ်ဆိုးဘေးဆိုးဒဏ်တွေ ခံခဲ့ကြရပြီ။ခံကြရဦးမယ်။
လုပ်ရပ်ဆိုးတွေ ရပ်ပြီး လူ့ သိစိတ်အမှန်နဲ့  ပြင်ချိန်တန်ပြီ။ပြင်ကြပါတော့။ခင်ဗျားတို့  စစ်အာဏာရူးတွေအတွက်နဲ့ 
ပြည်သူတွေပါ အဖျားခတ် ဘေးဒဏ် မသင့်ပါစေနဲ့ တော့။

ဗုံးသတင်း အတိအကျက ဒီလိုပါ။
2010 April 15 ရက် ကြာသပတေးနေ့  (သင်္ကြန်အကြတ်နေ့ ) ညနေ ၃နာရီလောက်မှာ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့ နယ် ကန်တော်ကြီးစောင်း- ကရ၀ိတ် အ၀င်အ၀အနီး- သိမ်ဖြူကွင်း ကားမောင်း လေ့ကျင့်ကွင်းကို မေးတင်ဆောက်လုပ်ထားတဲ့
X 2 O(အိတ်ခ်စ် တူး အို) ရေကစား မဏ္ဍပ် လက်ဝဲဘက်ဒေါင့်မှာ ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့တယ်။သေဆုံးသူ ၁၀ဦးလောက်ရှိမယ်...ထိခိုက်ဒဏ်ရာရသူ တော်တော်များတယ်လို့  ရန်ကုန်ကို ဖုန်းဆက်ရင်း သိခဲ့ရတာ ဖြစ်ပါတယ် ။
ချစ်ခြင်း မုန်းခြင်းများစွာဖြင့်-
မောင်အိုး
၂၀၁၀ သင်္ကြန်ကာလ

Apr 16, 2010

ဗုံးဖောက်မှု နောက်ဆက်တွဲ နအဖ အကျိုးအမြတ်နှင့် ပြည်သူ့ခေါင်းဆောင်များအပေါ် ကျလာနိုင်မည့် အန္တရာယ်

ဗုံးပေါက်ကွဲမှု အပေါ် ဘယ်သူခွဲတယ်၊ ဘယ်သူလုပ်တယ်၊ ထိခိုက်တဲ့ လူတွေ အတွက် ဝမ်းနည်းတာတွေ အပါအဝင် ပြောဆိုနေတာတွေ မျိုးစုံပါပဲ။

ကျွန်တော်လည်း အပြစ်မဲ့တဲ့ ပြည်သူတွေ ထိခိုက် သေဆုံးရတာကို ဝမ်းနည်းမိပါတယ်။

ဒါပေမယ့် နောက်ဆက်တွဲ ဖြစ်လာမယ့် ကိစ္စတွေ အတွက်အကျိုးကျေးဇူး ရှိနေတာကတော့ အကြမ်းဖက် နအဖ အဖွဲ့ ဖြစ်တယ် ဆိုတာ မမေ့သင့်ပါဘူး။

ဗုံးကွဲလို့ အပြစ်မဲ့ ပြည်သူတွေ ထိခိုက် သေဆုံးတော့ အားလုံးဝမ်းနည်းရတယ်။ ဖောက်တဲ့ လူကို ဒေါသ ဖြစ်တယ်။ ဒါက သဘာဝပါ။ ထုံးစံအတိုင်း မြန်မာနိုင်ငံမှာ ကွဲသမျှ၊ ပေါက်သမျှ ဗုံးတွေကို ဘယ်သူခွဲမှန်း ဘယ်တုန်းကမှ မမိခဲ့ပါဘူး။ ဒီတော့ နအဖက ထစ်ခနဲ့ရှိ နယ်စပ်က လက်နက်ကိုင်တွေလို့ စွပ်စွဲတော့တာပါပဲ။

(အဲ တခါတလေ လက်နက်ကိုင်ဆောင်ထားခြင်း မရှိတဲ့ လူတွေတို့ (ဥပမာ နယ်စပ်ရောက် သံဃာတော်တွေ)၊ လက်နက်နဲ့ ပက်သက်ခြင်း မရှိတဲ့ အဖွဲ့တွေတို့ (ဥပမာ NLD-LA, BLC)၊ .... တခါတလေ သူတို့ ပြောတဲ့ ရက်တွေမှာ နယ်စပ်မှာ မရှိဘဲ အခြားတနေရာရာမှာ ရောက်နေတဲ့ အဲဒီ လူတွေက နယ်စပ်မှာ အစည်းအဝေးလုပ်ပြီး ခိုင်းတယ် ဆိုတာမျိုးတွေက အစ ရေးချင်ရာ ရေး၊ ပြောချင်ရာ ပြောနေတာ အကြောင်းအရာ အရ မှားယွင်းပြီး ထူးဆန်းနေပေမယ့် နအဖ ပါးစပ်က ထွက်တာဆိုတာ မထူးဆန်းတော့ပါဘူး။)

အခုလည်း ဒီလို ပြောချင်ရာ ပြော၊ စွပ်စွဲချင်ရာ စွပ်စွဲဦးမှာပါပဲ။ အရှက်မရှိ၊ အရေထူနေတဲ့ မျက်နှာနဲ့ စကားတွေ တောင်ရောက် မြောက်ရောက်ပြောပြီး သတင်းစာ ရှင်းလင်းပွဲလုပ်ဦးမှာပါပဲ။

ဒါက ဖြစ်ရိုး ဖြစ်စဉ်တွေပါပဲ။

ဒါပေမယ့် နအဖ အတွက် အချက် ၃ ချက် မြတ်ပြီး ကျွန်တော်တို့အတွက် သတိထားရမယ့် ကိစ္စတွေကို ပြောချင်ပါတယ်။

၁။ ဗုံးဖောက်တာကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်တယ်၊ ဒါကြောင့် စစ်တပ်က တိုင်းပြည်ရဲ့ အုပ်ချုပ်မှုကို ယူကို ယူရမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ နဂိုကတည်းက အာဏာမက်ပြီး ရယူထားတဲ့ နေရာကနေ မဖယ်ရေးကို ပို ခိုင်မာအောင် ပြောမယ်။ ပါလီမန်မှာ တမတ်သား စစ်သား ပါသင့်တယ်ဆိုတာကို ပိုခိုင်မာအောင် လုပ်လို့ရတဲ့ အမြတ်ထွက်မယ်။

၂။ အခု ဗုံးပေါက်တာက VIP ဆိုတဲ့ နအဖနဲ့ ပက်သက်ရာ အခွင့်ထူးခံ လူတန်းစားတွေနေရာမှာ ဆိုတော့ ... စစ်တပ်က ရာထူးရာခံ ရှိတဲ့ လူတန်းစားနဲ့ ပက်သက်သူတွေ အနည်းနဲ့အများ ထိခိုက်တာတွေ ရှိနိုင်တယ်။ ဒီတော့ ... တပ်ထဲမှာ .. ငါတို့ တွေ အချင်းချင်း စည်းရုံးပြီး အဖျက်သမားတွေကို တိုက်ပစ်ရမယ် ဆိုတဲ့ စစ်ဝါဒီ အတွေးအခေါ်နဲ့ မျက်ကန်းမျိုးချစ် Brain Wash လုပ်လို့ရတဲ့ အမြတ်ထွက်မယ်။

၃။ အခု နောက်ဆုံး အချက်ကတော့ တိုင်းပြည်အတွက်၊ ဒီမိုကရေစီနဲ့ လူအခွင့်အရေး အတွက်၊ အများအတွက် စတာတွေကို လုပ်ကိုင်နေတဲ့ လူတွေ အန္တရယ် ရှိလာနိုင်တဲ့ အချက်ပါပဲ။

အဲဒါကတော့ နအဖ လုပ်လာမယ့် လူဖမ်းပွဲကြောင့်ပါပဲ။

အခုလို အချိန်မှာ သူ့တို့ မဟုတ်တာ လုပ်တာကို မဟုတ်တာ လုပ်တယ်ဆိုပြီး ဥပဒေဘောင်ထဲက ပြောမယ့်လူ၊ အများက လေးစားကြည်ညိုနေတဲ့ လူတွေကို ဖမ်းဖို့ ဂွင်(ခွင်) ဖြစ်လာတာပါပဲ။

လူလေးစားခံရပြီ အများအကျိုးအတွက်ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေ အန္တရာယ် ဖြစ်လာလို့နေပါပြီ။ ဥပမာ ... အဘ ဦးဝင်းတင်လို လူမျိုးကအစ၊ မဖြူဖြူသင်း၊ ပဲခူးက လမ်းပြကြယ် ဦးအေးမြင့်၊ တနိုင်ငံလုံးမှာ ရှိတဲ့ NLD အဖွဲ့ခွဲ ခေါင်းဆောင်များ၊ အနယ်နယ် အရပ်ရပ်က ကလေးစစ်သားကိစ္စ၊ မတရား လုပ်အားပေးခံရတဲ့ ကိစ္စတွေ လိုက်လံဆောင်ရွက်ပေးနေတဲ့ NLD အဖွဲ့ဝင်များတွေ ... အဲဒီ လူတွေ အားလုံး မတရားဖမ်းခံရမယ့် အန္တရာယ်နဲ့ နီးလာနေပြီလို့ မြင်နေရလို့ပါပဲ။ (ထင်ရှားသော ဥပမာ ... လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ယက်က ဦးအေးမြင့်ကို ထင်ရှားတဲ့ သက်သေ မရှိဘဲ ဗုံးခွဲမှုနဲ့ ထောင်နှစ်ရှည် ချထားတဲ့ ဖြစ်ရပ်ပါ။)

နအဖက အထက်ပါ ပုဂ္ဂိုလ်တွေကို သူတို့ အကျိုးစီးပွား ပျက်ပြားအောင် လုပ်နေတယ် ဆိုပြီး ဖမ်းချင် နေတာ ကြာပါပြီ။ ဗုံးပေါက်တယ် ဆိုရင်တော့ နအဖအတွက် အဲဒီလူတွေကို ထောင်နှစ်ရှည် ဖမ်းလို့ရမယ့် အမြတ်ထွက်လာလို့ နေတယ် ဆိုတာ အားလုံး သတိထားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ကိုထိုက်

ဝမ်းနည်းစကား

ဒီကနေ့ Duty Off မို့ မနက်အစောကြီးမထမိဘဲ အိပ်နေလိုက်တာ.. Australia ရောက်နေတဲ့ မောင်လေးတယောက်က ဖုန်းဆက်လို့ နိုးသွားတယ်။ ရန်ကုန်မှာဗုံးပေါက်တယ်ဆိုလို့တဲ့..။ လူတော်တော် သေတယ်တဲ့..။ ဒါနဲ့.. ကျမလည်း ပြူးပြူးပျာပျာထမိတယ်။ ကွန်ပျူတာရှေ့ ထိုင်လိုက်တော့ ဖွင့်ထားတဲ့ gmail မှာ အဲဒီသတင်းတွေ အစီအရီတက်နေပြီ။ ဘုရားဘုရား… သင်္ကြန်အကြတ်နေ့ကြီး.. ကလေးတွေ ပျော်နေကြရှာမှာ.. လို့ ချက်ချင်း တွေးမိတယ်။ ဘာပဲဖြစ်ဖြစ် သူတို့လေးတွေမှာ အပြစ်မရှိတာ သေချာပါတယ်။ နောက်တော့ တက်နေတဲ့ chat box တွေထဲက ပေးထားတဲ့ ဦးဦးဖျားဖျား သတင်းတင်တယ်ဆိုတဲ့ Blog ကို ရောက်သွားတော့ ဓာတ်ပုံနဲ့တကွ တွေ့ရတော့ သေချာပြီပေါ့…။

ဓာတ်ပုံတွေလိုက်ကြည့်ရင်း ငိုအားထက် ရယ်အားသန်ဆိုသလို ပုံစာတခုကြောင့် အံ့သြပြီး ပြုံးမိတယ်..။ ပြည်သူ့ရဲတွေ တဲ့။ ရဲတွေရောက်လာတော့ သောင်းသောင်းဖြဖြကြိုကြတယ်.. တဲ့။ အရေးထဲ ဒီကလေးနှယ် .. ရိနေသေးတယ်လို့ တွေးမိတာ..။ နောက်တော့ သေချာ အဆုံးထိကြည့်တော့ သူက အတည် ရေးတာနဲ့ တူတယ်ဗျ..။ ဒီတော့မှ “သြော်… တခုခုကြောင့် အချုပ်ကျရင် အချုပ်ထဲမှာ အချုပ်သားကိုရော.. သူမိသားစု တွေကိုပါ အမျိုးမျိုး ဒုက္ခပေးတတ်တဲ့..၊ ပြီးတော့ အင်းလျားလမ်းက သနားစရာကောင်းလှတဲ့ ၅လောင်းပြိုင် လူသတ်မှုမျိုးလို ပြည်သူတွေ မတရားသဖြင့် အမှုဆင်ခံနေရတာတွေကို မကာကွယ်နိုင်တဲ့ မြန်မာနိုင်ငံက ရဲတွေကို ပြည်သူ့ရဲ.. ခေါ်ထိုက်သလား..” လို့ တွေးမိပြီး စိတ်ထဲ နင်တင်တင်..။ ပြီးတော့ အဲဒီရဲတွေ သောင်းသောင်းဖြဖြ ကြိုတယ်ဆိုတဲ့လူတွေကို ဓာတ်ပုံထဲ သေချာမမြင်ရပေမဲ့ မြင်ဖူးချင်လို့ လိုက်ကြည့်မိသေးတယ်။ ဘာလို့ဆို စက်တင်ဘာ ရွှေဝါရောင်လူထုလှုပ်ရှားမှုတုန်းက လူထုကို ခပ်တည်တည်နဲ့ ရိုက်လားနှက်လားလုပ်ပြခဲ့တာ သူတို့လည်း အပါအ၀င်..။ ဒါကိုတောင်မှ ဘယ်လိုလူတွေကများ သောင်းသောင်းဖြဖြ ကြိုသလဲပေါ့..။ လူတွေက သူတို့ဘာသာ အခင်းဖြစ်နေရာကို ၀ိုင်းကြည့်နေတာ မဟုတ်ဘူး လားပေါ့။ သောင်းသောင်းဖြဖြ လို့ သုံးရင် လက်ခုတ်လက်ဝါးတီး အားပေးတာမျိုး.. အဲဒီလူတွေ ကို သိသိသာသာ ကြိုဆိုတဲ့ အမူအယာတွေနဲ့ ဟစ်အော်အားပေးတာမျိုးတွေ ရှိလို့ ဖြစ်မှာပဲ ဆိုပြီး ဓာတ်ပုံတွေကို လိုက်ကြည့်တော့လည်း အဲလိုမျိုးတော့ မတွေ့မိပြန်..။ ခက်တော့ နေပါပြီ… မင်္ဂလာအခါရက်ကြီး.. မနက်စောစောစီးစီး.. ကျမတယောက်တည်း အတွေးတွေနဲ့ ထိပ်တိုက်တွေ့နေတာ။

++++

နောက်တော့ comment တွေမှာ ဟိုလိုလို ဒီလိုလိုတွေ ရေးပြန်တော့ စိတ်ထဲ ပိုပြီး မအီမသာ ဖြစ်ရပြန်ပါတယ်။ ဘာဖြစ်လို့များ သေချာ မစဉ်းစားကြပါလိမ့်.. ဒါကြောင့်ပဲ ဒီလို အစိုးရမျိုး သက်ဇိုးရှည်နေတာပဲလို့လည်း တွေးနေမိပါတယ်။ ဘယ်သူ ဗုံးဖောက်သလဲ…..။ မဟုတ်တာလုပ်သူတွေပီပီ.. သူတို့အသက်အတွက် ကြောက်တတ်ကြလေတော့ အထပ်ထပ် အစစ်အဆေးတွေနဲ့ ဒီလောက် နယ်စပ်တွေ ပိတ်ရှာ..။ အဲဒီကြားထဲကမှ ရန်ကုန်မြို့လယ် ခေါင်ကို ဗုံးသုံးလုံးဝင်အောင်သယ်နိုင်တဲ့ “တာ..” က ဘယ်က ဖြစ်မလဲ..။ အတွင်းရေးမှူး ၂- ဗိုလ်ချုပ်တင်ဦး အိမ် ဗုံးပေါက်တာ.. ခုထိ ဘာလို့ တရားခံမပေါ်..။ လေယာဉ်ပျက်ကျတာ… အဖြေရှာမရ…။ သေသမျှက သူတို့ သေစေချင်တဲ့ သူတွေရယ်... သူတို့နဲ့ ဘာမှမဆိုင်သူတွေရယ်…။ ခုလိုသင်္ကြန် ကြပ်ပြေးတောင် အတားအဆီးမရှိဝင်နိုင်နေတာ.. ။ တခြားသူလုပ်တယ်ဆို အားလုံးက သတ်ချင်နေတာ တယောက်တည်း.. တဆွေတမျိုးတည်း ရှိတာ..။ (သူတို့ကလွဲလို့) ဘယ်သူမှ လူထုကို ဒုက္ခမပေးဘူး။ အဆက်ဆက် လူထုကို သတ်လာတာ.. ၁၉၆၂ ကနေ ၇၂.. ၇၄.. ၇၆… ၈၈.. ၉၆.. ၂၀၀၃ (ဒီပဲယင်း).. ၂၀၀၇.. နောက်ဆုံး ၂၀၀၈ မေလ နာဂစ်မုန်တိုင်းကိစ္စမှာ မုန်တိုင်းကြောင့် လူသေဘ၀ပျက်တာ တသိန်းဆိုရင် အဲဒီထဲမှာ တ၀က်လောက်က အကူညီတွေ အချိန်မီမရဘဲ မသေသင့်ဘဲ သေခဲ့ရတာ.. ဒင့်တို့ကြောင့်ပဲ..။ အထူးသဖြင့် တာဝန်ရှိတဲ့ တပ်ချုပ်ဆိုတာကြီးကြောင့်ပဲ..။ သူတို့ သတ်တာ..။ မသေသေအောင် သတ်ပစ်တာ…။ ဒါတွေက ကမ္ဘာသိ တရားဝင် သတ်နေတာတွေ..။

တရားမ၀င်သတ်နေတာတွေ ပြောရဦးမလား..။ လူငယ်တွေကို မူးယစ်ဆေးနဲ့ သတ်တယ်..။ အောက်တန်းကျ ညံ့ဖျင်းတဲ့ ပညာရေးစနစ်ပေးပြီး ဘ၀တွေ အနာဂတ်တွေက်ု သတ်တယ်..။ လူထုရဲ့ ကျန်းမာရေးကို စောင့်ရှောက်မှုမပေးတဲ့အပြင် တမင်လျစ်လျူရှုထားပြီး သက်တမ်းစေ့ မနေရအောင် လုပ်တယ်.. ဒါလည်း.. သတ်တာတမျိုးပဲ်။ သားပျို သမီးပျိုလေးတွေကို ဘ၀ပျက်အောင် ဖျက်ဆီးတယ်..။ တိုင်းရင်းသားရွာတွေကို အမျိုးဖြုတ် သတ်တယ်…။ ကျမ ကျောင်းဆရာမ လုပ်လာတဲ့ အနှစ် ၂၀နီးပါးတလျှောက် မျက်မြင် ကြုံခဲ့သမျှနဲ့ ကျမ ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတဲ့ ဘိန်းဖြူကြောင့် မောင်လေးတယောက်နဲ့ လင်ယောက်ျားတယောက် ဆုံးခဲ့ဖူးတာဟာ လက်တွေ့သာဓကပဲ..။ (ကာယကံရှင်တွေ ညံ့ဖျင်းလို့ ဆိုတာကို လက်ခံသလို.. အုပ်ချုပ်တဲ့ အစိုးရမှာ တာဝန်ရှိတယ်ဆိုတာကိုလည်း ကျမ သေချာ အထောက်အထားနဲ့ ပြောနိုင်တယ်)။ ဒါတွေကို အများကြီး ပြောခဲ့ ရေးခဲ့ဖူးပြီ။ ကိုယ့်အဖြစ်အပျက် မဟုတ်လို့မို့ ပြောပိုင်ခွင့် မရှိလို့ ချန်ထားခဲ့ရတဲ့ မျက်မြင်အဖြစ်အပျက် တွေလည်း အများကြီး ရှိသေးတယ်။ ဒီတော့ ကျမပြောချင်တာက အဲသလောက် လက်ရဲ ဇက်ရဲ သတ်ဖြတ်ရဲတာ.. ဒင့်တို့အပြင် နှစ်ယောက်မရှိလို့ ထင်မိတာ.. ။ ထင်မိတဲ့သူ အပြစ်လား…။

+++++

ဖြစ်ပါတော့လား.. သူ့မြေး မျောက်လောင်းရဲ့ မဏ္ဍပ်..။ ဖြစ်ပါတော့လား ကြပ်ပြေးက VIP မဏ္ဍပ်တွေ..။ ဖြစ်ပါတော့လား.. တေဇတို့ မဏ္ဍပ်တွေ..လို့ တချို့က comment ရေးတယ်။ ကျမက အဲလိုတော့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ ဘယ်သူကများ အဲလိုမဏ္ဍပ်တွေကျတော့ ရှောင်ပါလိမ့်လို့တော့ တွေးမိသား…။ အင်း ဗုံးဖောက်သူတွေက တာလီဘန်တွေ မဟုတ်လို့ ဖြစ်မှာပါနော်..။ (အရင်ဗုံးဖောက်မှုတွေတုန်းကတော့ တိုက်ဆိုင်တာလားမသိ.. အဲလိုတွေ ဖြစ်ပြီး လပိုင်းအတွင်းဆို အမြဲတမ်းလိုလို “ကစလ” မှာ အလုပ်ပြုတ်သွားသူတွေ တော်တော်များဆိုပဲ)

+++++

ဘာပဲဖြစ်ဖြစ် ကိုယ်တိုင် သားသမီး ၃ယောက်ရဲ့အမေဖြစ်လေတော့ ခု အဖြစ်အပျက်မှာ သေဆုံးသွားကြရတဲ့ ကလေးတွေကို သနားပြီး စိတ်ထိခိုက်နေမိပါတယ်။ ကောင်းရာသုဂတိ လားကြပါစေ..။ ဘ၀အဆက်ဆက် ဒီလို မင်းဆိုး စနစ်ဆိုး အခြေနေဆိုးတွေနဲ့ မကြုံကြိုက်ကြရပါစေနဲ့…။

+++++

Apr 15, 2010

သင်္ကြန်ကဗျာတွေ...

Get this widget | Track details | eSnips Social DNA


ဒီကနေ့ မနက် (ကြာသပတေးမနက်)မှာ လွှင့်ခဲ့တာပါ။
တကယ်တော့ အရှည်ကြီး လုပ်ထားတာ.. အချိန်မလောက်လို့ ဖြတ်ချလိုက်ရတယ်...စိတ်ထဲမှာ ဆတ်တငံ့ငံ့။

Apr 8, 2010

နောက်ဆုတ်နေတဲ့ တပ်၊ နောက်ဆုတ်နေတဲ့ ခြေထောက်

“ကျနော့်အမြင်တော့ တပ်က နောက်ဆုတ်နေတာ၊ ရှေ့တိုးတာ မဟုတ်ဘူး။ တပ်မှူးကောင်းတို့မည်သည်ကား တပ်ကို ဆုတ်တဲ့အခါမှာ အစီအစဉ်တကျ ဆုတ်ရပါတယ်။ အခု ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို နောက်ခံထားပြီး ဆုတ်တာဖြစ်တယ်။”
အဲသလို ပြောသွားသူကတော့ ၂၀၁၀ ရွေးကောက်ပွဲအတွက် နန့်နန့်တက်ဖြစ်နေတဲ့ ဦးသုဝေပဲဖြစ်ပါတယ်။

ဒီနေရာမှာ ရှင်းရှင်းသိထားဖို့က နအဖတပ်မှာ နောက်ဆုတ်တယ်ဆိုတာ မရှိပါဘူး။ ခွာစစ်ဆင်တယ်ဆိုတာပဲ ရှိပါတယ်။ နအဖတပ်ဟာ ဂျပန်ဖက်ဆစ်တပ်က မွေးထုတ်ထားတာဖြစ်လို့ ဂျပန်ဖက်ဆစ်တပ်လိုပဲ တပ်ဆုတ်တဲ့ ဘာသာရပ်ကို သူ့စစ်ဗျူဟာမှာ လက်မခံပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာ့တပ်မတော်ကို စတင်တည်ထောင်တုန်းက ဂျပန်စစ်တပ်ရဲ့ တပ်,မဆုတ်ရေး အားနည်းချက်ကို သိမြင်ပြီး ဗမာ့တပ်မတော်ရဲ့ စစ်သဘောတရားမှာ တပ်ဆုတ်ရေးဗျူဟာနဲ့ သဘောတရားကို အသေအချာ ထည့်သွင်းဖို့ လမ်းညွှန်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဗမာ့တပ်မတော်ရဲ့ စစ်ပါရဂူဖြစ်လာတဲ့ ဗိုလ်မှူးချုပ်ကျော်ဇော၊ ဗမာ့တပ်မတော်ရဲ့ သဘောတရားပါရဂူ လုပ်ခဲ့တဲ့ ဗိုလ်မှူးချုပ်မောင်မောင်တို့ကလည်း တပ်ဆုတ်ခွာခြင်းသဘောတရားနဲ့ လက်တွေ့ကို စစ်မဟာဗျူဟာ နည်းဗျူဟာတွေထဲ စနစ်တကျ ထည့်သွင်းချမှတ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီမိုကရေစီအစိုးရကို ဖြတ်လမ်းနည်းနဲ့ အင်အားသုံးဖြုတ်ချခဲ့တဲ့ ဗိုလ်နေဝင်းရဲ့ စစ်အာဏာသိမ်းပွဲနောက်ပိုင်းမှာတော့ ဗမာ့တပ်မတော်ဟာ ဖက်ဆစ်တပ်မတော် မူလဇာတိရုပ်ကို ပြန်လည်ရုပ်လုံးဖော်လာခဲ့ပါတယ်။ အခြေခံစစ်ပညာလေ့ကျင့်ရေး တပ်ကအစ ဗိုလ်သင်တန်းကျောင်း၊ စစ်တက္ကသိုလ်၊ စစ်ဦးစီးတက္ကသိုလ်အလယ်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်အဆုံး တပ်မတော်စစ်မဟာဗျူဟာ စစ်နည်းဗျူဟာ သင်ကြားပို့ချမှုအားလုံးဟာ မဆုတ်ရေးကိုဘဲ ဦးစားပေးလာပြီး တပ်ဆုတ်ရေးကို လုံးဝလျစ်လျူရှုခဲ့ပါတော့တယ်။ တပ်ဆုတ်ရေးအစား ခွာစစ်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ အကန့်အသတ် ကြီးကြီးမားမားနဲ့ သွတ်သွင်းလာပါတော့တယ်။ အင်္ဂလိပ်လို military retreat လို့ သုံးနှုန်းပေမယ့် မြန်မာလိုတော့ စကားလုံးအဓိပ္ပာယ်အရကို ယာယီခွာထားတဲ့သဘော၊ ပြန်ထိုးမယ့်သဘောဖြစ်ပါတယ်။

နအဖစစ်တပ် သတ်မှတ်ထားတဲ့ ခွာစစ်ဆင်ဖို့ အကြောင်းတရားတွေကတော့ (က) ရန်သူအား နှောင့်ယှက်ရန်၊ အင်အားယုတ်လျော့စေရန်၊ (ခ) ရန်သူအား ကျုံးသွင်း၍ ဖျက်ဆီးရန်၊ (ဂ) အဆုံးအဖြတ်တိုက်ပွဲများအတွက် ပြင်ဆင်ချိန် ပိုရရန်၊ (ဃ) မိမိတပ်များ တပ်ဖြန့်ပုံနှင့် တညီတစည်းတည်းဖြစ်ရန်၊ (င) မိမိတပ်အစိတ်အပိုင်းကို အခြားတဒေသတွင် သုံးနိုင်ရန်၊ (စ) ရန်သူ့ထိုးစစ်ကို ရင်ဆိုင်နိုင်စွမ်းမရှိလို့ မိမိအင်အား လုံးဝချေမှုန်းခံရမယ့် အခြေအနေမျိုး မိမိအကျိုးယုတ်စေမယ့် အခြေအနေမျိုးကို ရှောင်ရှားရန်တို့ဖြစ်ပါတယ်။ ဒီကနေ့ နအဖလုပ်နေတာဟာ အဲဒီအချက် (၆) ချက်နဲ့တောင် အကျုံးမဝင်သေးပါဘူး။ တကယ်လို့ အကျုံးဝင်မယ်ဆိုရင်လည်း ဘယ်လိုမှ နောက်ဆုတ်တာမဟုတ်ဘဲ ကိုက်မယ့်ခွေး နောက်တလှမ်းဆုတ်တာလောက် ဆိုတဲ့သဘောပဲဖြစ်ပါလိမ့်မယ်။

လက်တွေ့ရှေ့တန်းစစ်မြေပြင်မှာဆိုရင် နအဖစစ်တပ်ဟာ မဆုတ်တမ်း ခံစစ်စခန်း ဆိုတာတွေ တည်ဆောက်ထားပါတယ်။ ခ-အဆင့် မဆုတ်တမ်းခံစစ်စခန်းဆိုတာ တိုင်းစစ်ဌာနချုပ်အမိန့်မရဘဲ ဆုတ်ခွင့်မရှိတဲ့ စခန်းဖြစ်ပြီး က-အဆင့် မဆုတ်တမ်း ခံစစ်စခန်းဆိုရင်တော့ ကကကြည်းအမိန့်မရဘဲ ဆုတ်ခွင့်မရှိတဲ့ စခန်းဖြစ်ပါတယ်။ ကကကြည်းဟာ ဘယ်တော့မှ ဆုတ်မိန့်ပေးတဲ့ ထုံးစံမရှိလို့ တကယ်တော့ လုံးဝမဆုတ်ဘဲ အသေခံရတဲ့ စခန်းတွေသာဖြစ်ပါတယ်။ ဒီလိုစခန်းမျိုးတွေက ဆုတ်ရင် သေချာပေါက် စစ်ခုံရုံးနဲ့ တွေ့တော့မှာဖြစ်ပါတယ်။

ဗမာစစ်တပ်မှာ လူကို အလေးထားတာ မဟုတ်တဲ့အတွက် လူမသေဘဲ လက်နက်ဆုံးရင် စစ်ခုံရုံးရောက်တာချည်း ဖြစ်ပါတယ်။ လေတပ်မှာဆိုရင် ပျံနေရင်း လေယာဉ်ပျက်လို့ လေယာဉ်မှူး လေထီးနဲ့ ခုန်ဆင်းရင် စစ်ခုံရုံးနဲ့ တွေ့ပါတယ်။ နာဂစ်မုန်တိုင်းတုန်းက ရေတပ်အရာရှိတွေ၊ စစ်သည်တွေဟာ အခြေအနေကို သေချာသိလျက်နဲ့ စစ်ခုံရုံးကို ကြောက်လို့ စစ်သင်္ဘောအစုတ်ကလေးတွေ ပေါ်မှာပဲ တွယ်ကပ်နေကြရတဲ့အတွက် ရေတပ်ရဲဘော် ရာနဲ့ချီပြီး အသက်ဆုံးခဲ့ကြပါတယ်။ ဒါဟာ နအဖစစ်တပ်ရဲ့ မဆုတ်ရေးသဘောတရားအပေါ် အခြေခံတာဖြစ်ပါတယ်။

ဒီလိုလက်နက်ကလေးတလက်၊ စခန်းလေးတခု၊ လှေကလေးတစီးကိုတောင် ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် စွန့်လွှတ်ဖို့ စိတ်မကူးတဲ့ နအဖဟာ တနှစ်ကို အနည်းဆုံးဒေါ်လာ သန်း (၂,၀၀၀) လောက်ဝင်နေတဲ့ သဘာဝဓာတ်ငွေ့တွေ၊ ဒေါ်လာသန်းချီရတဲ့ ကျောက်စိမ်း၊ ကျောက်နီ၊ ကြေးနီ၊ ကျွန်း၊ ပိတောက်၊ ငါးပုစွန်၊ ရွှေနဲ့တကွ တပြည်လုံးက လူထုတွေ လုပ်ငန်းရှင်တွေဆီက ဆက်ကြေးတွေကို စွန့်လွှတ် ဆုတ်ခွာပြီး သဟိတ်ဂ်မြို့ သို့မဟုတ် ဘရပ်ဆဲမြို့က စစ်ရာဇဝတ်မှုအထူးခုံရုံး သို့မဟုတ် လူသားမျိုးနွယ် ဆန့်ကျင်ရေးရာဇဝတ်မှု အထူးခုံရုံးဆီ ချီတက်ဖို့ ဘယ်တော့မှ မလုပ်ပါဘူး။

အခုဆိုရင် ဗိုလ်ချုပ်ကြီးများ အဓိကရှယ်ယာပါတဲ့ စီးပွားရေးကုမ္ပဏီတွေ၊ ဦးပိုင်နာမည်ခံထားတဲ့ မြန်မာ့စီးပွားရေး ဗိုလ်ပိုင်လီမိတက်နဲ့ တခြားစစ်တပ်ကုမ္ပဏီက ဗမာပြည်စီးပွားရေး အဆောက်အအုံကြီးကို စိတ်ပိုင်းခွဲခြမ်းပြီး အိတ်တွေထဲ ထည့်နေကြတာ တွေ့ရသလို အနှစ် (၂၀) လုံးလုံး စီးပွားရေးထဲ နစ်နေတဲ့ တိုင်းရင်းသားအပစ်ရပ်တွေရဲ့ ခေါင်းပိုင်းတွေကို မညှာမတာ ကိုယ်ချင်းမစာ ကန်ထုတ်ပြီး ပင်လုံအခွင့်အရေး တခုမှမပေးဘဲ ရှိသမျှ လူ-လက်နက်-နယ်မြေ အားလုံး မောင်ပိုင်စီး အခွံခွာဖို့လုပ်နေတာ တွေ့ရပါတယ်။

ရွေးကောက်ပွဲဥပဒေ၊ ပါတီမှတ်ပုံတင်ဥပဒေတွေကို ကြည့်လိုက်တဲ့အခါ လက်ရှိထောင်ကျနေတဲ့ ပါတီဝင်တွေကို ဖယ်ထုတ်ဖို့တင်မက ထောင်ကျခဲ့ဖူးပြီး နအဖရဲ့ ‘သက်ဆိုင်ရာ’ က အမတ်အဖြစ် ပယ်ဖျက်ထားသူတွေပါ ရွေးကောက်ပွဲ မဝင်နိုင်အောင် လုပ်ထားတာတွေ့ရပါတယ်။ ၂၀၀၈ နာဂစ်အခြေခံဥပဒေဆိုတာ တမျိုးသားလုံး၊ တိုင်းရင်းသားပြည်သူ အားလုံးကို ကျွန်ပြုမယ့်ဥပဒေလို့ အများက သတ်မှတ်ထားပေမယ့် အခု ၂၀၁၀ ရွေးကောက်ပွဲဥပဒေတွေကတော့ နိုင်ငံရေးသမားတွေ နိုင်ငံရေးပါတီတွေကို အထူးသီးသန့်ရွေးပြီး ကျွန်ပြုဖို့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေ ဖြစ်နေပါတယ်။

ဒါ့အပြင် ခွာစစ်မှာ လုပ်ရကိုင်ရမယ့် လုပ်ငန်းစဉ်တွေကို သတ်မှတ်ထားတာလည်း ရှိပါသေးတယ်။ အဲဒီထဲပါတာတွေကတော့ ရန်သူနဲ့ အဆက်ဖြတ်ခြင်း၊ အမြောက်ပစ်ကူပေးခြင်း၊ လှည့်စားခြင်း၊ နောက်ချန်တပ်ခွဲထုတ်ခြင်း၊ ဒေသန္တရ တန်ပြန်တိုက်ခိုက်မှုပြုခြင်း၊ ဟန့်စစ်ဆင်ခြင်း၊ ဖုံးကွယ်လျှို့ဝှက်ခြင်း၊ အတားအဆီးများချခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း (ဆက်သွယ်ရေးလမ်းများ၊ ပစ္စည်းကိရိယာများ၊ မြေလှန်စနစ်) တို့ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အစပိုင်းက အင်္ဂလိပ်စစ်တပ်တွေ မြေလှန်စနစ်ကျင့်သုံးပြီး ဗမာပြည်ကနေ ‘အောင်မြင်စွာ’ ဆုတ်ခွာသွားရာမှာ ဗမာပြည်တခုလုံး ဖွတ်ဖွတ်ကြေသွားခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ အခုလည်း အင်္ဂလိပ်ထက် အဆတထောင်မက ပိုဆိုးတဲ့ နအဖတွေ ဒီလိုဆုတ်ခွာမှာကို ပြောနေတာဆိုရင်တော့ ကျနော်တို့ မြန်မာပြည်သူတွေ ထိုင်း၊ မလေးရှား၊ ဘင်္ဂလား၊ တရုတ် ရရာနိုင်ငံကို ရတဲ့အပေါက်ကနေ အသားကုန်ပြေးဖို့၊ မပြေးနိုင်ရင်တော့ ကမ္ဘာမှာရှိသမျှ ဘုရားအားလုံးကို တ,နေဖို့ပဲရှိပါတော့တယ်။

ခံစစ်အကြောင်းတရား ခံစစ်လက္ခဏာတွေကတော့ (က) ထိုးစစ်ဆင်ဖို့ ပိုအခွင့်သာတဲ့ အခြေအနေများပေါ်ပေါက်ရန် (စစ်ကူ-အချိန်) စောင့်ခြင်း (ခ) တနေရာတွင် စစ်အင်အားခြိုးခြံခြင်း၊ ရန်သူကို ထိန်းချုပ်/တားဆီးထားခြင်း၊ အမှည့်ခြွေထားခြင်းဖြင့် အခြားတနေရာတွင် ရန်သူ့ထက်သာလွန်တဲ့ အင်အားများ စုရုံး၍ ပြတ်သားစွာ ထိုးစစ်ဆင်နိုင်ရန်၊ (ဂ) အချက်အချာနေရာတခုကို ရန်သူမသိမ်းနိုင်အောင် ကာကွယ်ရန်၊ (ဃ) စစ်နံကို ကာကွယ်ရန်တို့ဖြစ်ပါတယ်။

တိုက်စစ်အကြောင်းတရား တိုက်စစ်လက္ခဏာတွေကို ကြည့်တဲ့အခါ (က) ရန်သူ့အင်အားများကို ဖျက်ဆီးရန်၊ (ခ) ရန်သူ့နယ်များ သိမ်းပိုက်ရန်၊ (ဂ) ရန်သူက မိမိတပ်မှူးသဘောကို လိုက်နာစေရန်၊ (ဃ) ရန်သူကို ပထမအဆင့် ထိန်းချုပ်ထား၊ ဒုတိယအဆင့် စစ်ကစားထားပြီး တတိယအဆင့် ဖိဖိစီးစီး တိုက်ခိုက်ဖျက်ဆီးရန်၊ (င) ခံစစ်၊ ခွာစစ်၊ ချီစစ်များဖြင့် လိုအပ်သလို ကျွမ်းကျင်ပါးနပ်စွာ ပေါင်းစပ်ပြီး စစ်အောင်စေရန်လို့ တွေ့ရပါတယ်။ ဒါ့အပြင် ရန်သူနဲ့ လူထုကို ချောက်ချားတုန်လှုပ်စေတာ၊ ရန်သူ့ပစ္စည်းကိရိယာ အဆောက်အဦ လမ်းပန်းဆက်သွယ်ရေးတွေကို ဖျက်ဆီးလုယူတာ၊ ရန်သူ့လှုပ်ရှားမှု ကျွံသွားစေတာ၊ ရန်သူ့လှုပ်ရှားခွင် ကျဉ်းသွားစေတာ၊ ရန်သူ့အင်အား ပြန့်ကျဲသွားစေတာလည်း တိုက်စစ်ဖြစ်ပါတယ်။

ဒါတွေနဲ့ အခု ၂၀၁၀ ရွေးကောက်ပွဲအတွက် နအဖ လုပ်နေတာတွေကို ချိန်ထိုးကြည့်ရင် နအဖ အခုလုပ်နေတာ ခွာစစ်လား၊ ခံစစ်လား၊ တိုက်စစ်လား သိနိုင်ပါတယ်။ မဆလ-နဝတ-နအဖ စစ်အုပ်စုဟာ တပ်ဆုတ်ဖို့ မပြောနဲ့၊ ခွာစစ်ဆင်နေတဲ့ အရိပ်အယောင်တောင် နည်းနည်းလေးမှ မတွေ့ရပါဘူး။ ကမ္ဘာပေါ်က ဖက်ဆစ်စစ်တပ်တိုင်းမှာ တပ်ဆုတ်တယ်ဆိုတာမရှိဘဲ သေတာတောင် ချေးပန်းမရပ်ဘူးဆိုတဲ့ စရိုက်လက္ခဏာ တင်းပြည့်ကျပ်ပြည့် ရှိပါတယ်။

ဒါပေမယ့် တချိန်က ဦးနုရဲ့ ပီဒီပီ လက်နက်ကိုင်တော်လှန်ရေးသမားအဖြစ်ကနေ မဆလ မောင်နေဝင်းထံ လက်နက်ချခဲ့၊ ရှစ်လေးလုံးအရေးတော်ပုံရဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းရေး တောင်းဆိုချက်ကို ပထမဆုံးစွန့်လွှတ်ပြီး ၉၀ ရွေးကောက်ပွဲအတွက် ဒီမိုကရေစီပါတီအဖြစ် အဦးဆုံး မှတ်ပုံတင်ခဲ့၊ နောက်တခါ ၂၀၀၈ နာဂစ်အခြေခံဥပဒေ အတည်ဖြစ်သွားတဲ့နောက်မှာ ရန်ကုန်နဲ့ ကနေဒါ စီးပွားရေးလောကမှာ နာမည်ပျက်လှတဲ့ မူးယစ်ရာဇာတဖြစ်လဲ ဖိုးတွမ်တီး ထောင်ပြေး မိုက်ကယ်ချူးဟွာကျော်မြင့် လက်ဝေခံအဖြစ် ယူဒီပီပါတီလုပ်ခဲ့၊ အခုနောက်ဆုံးမှာတော့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီအဖြစ်ဝင်ဖို့ ရွပိုးထိုးနေတဲ့ ဆရာကြီးကသာ ရောင်စုံအလံတွေ လွှင့်ထားတဲ့ ၈၈ ပျက်၊ ၇၄ ပျက်၊ ၆၂ ပျက်၊ မဆလ ပျက်၊ အလံနီပျက်၊ ဗကပပျက်၊ ပြည်ပြေးပျက်၊ အန်အယ်လ်ဒီ ပျက် စတဲ့ တွင်းတူကျင်းဆို့ တသိုက်နဲ့အတူ ဖရိုဖရဲ ပရမ်းပတာနဲ့ တပ်ဆုတ်ပြီးရင်း ဆုတ်လိုက်တာ နောက်ဆုံး ဝက်တို့ပျော်စံရာ တွင်းသာယာထဲအထိ ရောက်သွားတာတွေ့ရပါကြောင်း …။ ။


ဂါမဏိ
၇/ ဧပြီ ၂၀၁၀


ရည်ညွှန်း။ ။ (၁) ဦး-ရေး-ထောက်ဆိုင်ရာ အရာရှိများလက်စွဲစာစောင်
(၂) စစ်မြေပြင်လက်စွဲကျမ်း
(၃) ပြည်သူ့စစ်မဟာဗျူဟာကျင့်သုံးမှုလက်စွဲ

ခေတ်ပြိုင်..ကနေ ကူးယူဖော်ပြပါတယ်..။