ဘလော့မှာ အသစ်တင်ပါဦးလို့ ပြောကြတဲ့ သူတွေကို နေ့နေ့ညည အားနာ..။
Scan လုပ်ပြီး ပြန်တင်ရမယ့် ၀တ္ထုတိုတွေလည်း မရှိတော့။ ခက်ပါရဲ့..။
ပြန်ကြည့်တော့ စိတ်နှစ်ကိုယ်နှစ်နဲ့ စာလုံးဝ မရေးဖြစ်ခဲ့တာ.. တနှစ်တောင် ပြည့်ကာနီး…။
စိတ်ထဲ ဗလာနယ်ဖြစ်နေခဲ့တာတော့လည်း မဟုတ်…။
ရေးချင်တာလေးတွေ တွေ့တာမှ အကြိမ်ကြိမ်…။
ဒါပေမဲ့ စုစည်းဆောက်တည် မရတာပါ…။
ပြီးခဲ့တဲ့ တနှစ်မှာ ပန်းချီဆရာမ Louise Bourgeois ရဲ့ ပြပွဲကြည့်ရတုန်းကလည်း Feminism နဲ့ ပတ်သက်ပြီး တွေးမိတာလေးတွေ.. ရေးစရာတွေအစီအရီ….
နောက်တော့ Fall ရာသီမှာ ရောင်စုံ သစ်ပင်တွေထဲ ဘာကြောင့်မှန်းမသိ.. ဗန်ဂိုးကို လွမ်းလွမ်းနဲ့ ပန်းချီတွေပဲ ရေးချင်လာပြန်ရော..။
နောက်တော့ ခရီးတွေ သွားဖြစ်..
သိပ်လှတဲ့ San Francisco…
ချစ်စရာကောင်းတဲ့ Los Angeles …
အေးစက်စက်နိုင်တဲ့ တောမြို့လေး Fort Wayne…
နှင်းတွေ ဖုံးနေတဲ့ Chicago မြို့ကြီး …
တကယ်ဆို ရေးစရာတွေအများကြီးပေါ့…။
ဒါပေမဲ့ မရေးနိုင်ခဲ့..။ တကယ့်ကို ရင်ထဲမှာ ဗလာ.. ဗလာ.. ဗလာ…။
ဒါဖြင့် ကျမက ဘာဖြစ်နေတာလဲ..။
အင်း.. အဲဒါကိုပဲ သိချင်နေခဲ့တာ…။
+++++
“ဘ၀မှာ နေမပျော်ဘူးဆိုရင်.. ဘာကို နေမပျော်တာလဲဆိုတာ သိအောင်ရှာ…”
တကယ်တော့ အဲဒါ ကျမအနီးအနားက စိတ်ဓာတ်ကျနေတဲ့သူတွေကို ကျမ ပြောလေ့ရှိတဲ့ စကားးး။
ခုတော့ ကျမကိုယ်တိုင်..။ ကဲ.. ရှာ စမ်း.. ရှာ စမ်း.. ဆိုတော့…………
တွေ့ပါပြီ… ကျမကို မပျော်စေတဲ့အရာတွေ…
အာဖဂန်စစ်… အီရတ်စစ်… အသေခံဗုံးခွဲ သတင်းတွေ… မြောက်ကိုရီးယားဒုံးကျည်များ.. အီရန်နျူကလီးယား… ကျမတို့ရဲ့ အတ္တရူးစစ်ဗိုကြီးများ…
ဟေတီငလျင်ကလည်း ဗမာပြည်နာဂစ်ကို ပြန်ပြီး နာနာကျင်ကျင် သတိရစေ…
ကိုယ်တိုင် အပေါ်ကိုလည်း မော့မကြည့်နိုင်.. အောက်ခြေကိုလည်း ငုံ့မကြည့်ရဲ.. လက်ထဲမှာလည်း ဗလာ..။
အင်းးး ဘ၀ထဲ ဆိုးလှပါပေါ့…
ဒီကြားထဲ စိတ်အဆင်းရဲရဆုံးနဲ့ တွေးတွေးပြီး ရှက်နေရတာက ဦးအောင်ဆန်းဦး ကိစ္စ..
(ကျမ သူ့ကို သိပ်စက်ဆုပ်မိပေမဲ့ .. ဗိုလ်ချုပ်နဲ့ မေမေကြီး မျက်နှာကို မြင်ယောင်ပြီး ခုထိ ရိုင်းရိုင်းပျပျ မသုံးနှုန်းရက်သေးပါ)။
သူ့ကို စိတ်ပျက်တာနဲ့ ဆက်နွယ်ပြီး နဂိုတည်းက မကြိုက်တဲ့ သူ့ကတော်ကို ပို ခါးသီး..။ သူ့ဆောင်းပါးပါတဲ့ ရွှေအမြုတေကိုတောင် သပိတ်မှောက်တဲ့အနေနဲ့ မဖတ်ချင်တော့။(လောလောဆယ်တော့ တလ ၁၅အုပ်မှာပြီးဖတ်တဲ့ မဂ္ဂဇင်းစာရင်းထဲကနေ ထုတ်လိုက်ပီ)။
ဒီကြားထဲ ခင်မောင်အေး(မန္တလေး)ကလည်း အိမ်အမွေရလိုပြန်သတဲ့..။ ရှက်စရာ ကောင်းလှချည့်..။ စိတ်ပေါက်ပေါက်နဲ့ သူ့ဝတ္ထုကို ရုပ်ရှင်ရိုက်တဲ့ .. ကျမ သိပ်ကြိုက်တဲ့ "သင်္ကြန်မိုး" ကိုတောင် မကြည့်ချင်တော့သလိုဖြစ်..။
ကျမဖြင့် တယောက်တည်း အဲဒီလူကြီးဆိုသူတွေအစား ရှက်… စိတ်တွေတိုနဲ့ ဗျာကို များလို့။
ကိုယ့်အသက်ပြန်ကြည့်တော့ဖြင့် လူ့သက်တမ်းရဲ့ ၃ပုံ၂ပုံထဲ ရောက်နေပြီ..။ စိတ်တွေက ပျံ့လွင့်ချင်တတ်တုန်း…။
အလိုမကျ…..
အဲဒီစကားလုံးကိုတော့ သတိပြုမိသားပါ..။
ဒါဖြင့် ကျမ ဘာကို အလိုမကျသလဲ..။
နှင်းမုန်တိုင်းတွေကြားထဲ အိမ်တွင်းအောင်းနေရတာကိုတော့လည်း အလိုမကျမဖြစ်မိပါ။ စာအုပ်တွေ စိမ်ပြေနပြေဖတ်..
Drama နဲ့ Romance ရုပ်ရှင်တွေ တကားပြီး တကားကြည့်..။
ကျောင်းပိတ်ထားတဲ့ သားသမီးတွေကို စားစရာတွေ တမျိုးပြီးတမျိုး လုပ်ကျွေး..။
ဘ၀ထဲ အရသာရှိရှိနေနိုင်သားပင်..။
မြန်မာပြည်ထဲက မဂ္ဂဇင်းတွေ ဖတ်ရတာလည်း ဒီတလောကို အရသာရှိနေတယ် ထင်မိ။
ဒီလ အသွင်ပြောင်းထွက်တဲ့ ပန်းအလင်္ကာမဂ္ဂဇင်းဆို အဲဒီတအုပ်ထဲမှာကို ဖတ်စရာတွေ တပုံတပင်..။
မောင်သာနိုးနဲ့ မောင်စူးစမ်းရဲ့ ဆောင်းပါးတွေကို အချက်ကျကျ တုံ့ပြန် ဝေဖန်တာတွေ ဖတ်ရတာ တော်တော် ဗဟုသုတရ.. သံဝေဂရ.. ပညာရ.. အရသာရှိ။
ဒီကြားထဲ… ရုပ်ရှင်လေးတကားကြည့်မိတာ The Mirror has two faces ဆိုတာလေး.. ။ ကျမကြိုက်တဲ့ Barbra Streisand ပါလို့မို့ ကြည့်မိတာပါ။ မင်းသားက.. Jeff Bridges ။ သူတို့က Columbia University က Professor တွေ..။ Jeff Bridges က Math Professor, Barbra Streisand က Literature Professor တကိုယ်ရည်နေလာကြပြီး ဆရာဆရာမကြီးတွေ ဖြစ်ကာမှ အရွယ်အတော်ရမှ ချစ်မိကြ... လက်ထပ်ဖြစ် ကြရာ ကနေ အခန့်မသင့်ဖြစ်ရပီးမှ အဆင်ပြေသွားကြတာကို ရိုက်ထားတဲ့ ဇာတ်ပျော်လေးပါပဲ..။ ကျမပြောချင်တာက အဲဒီကားထဲမှာ ကျမငြိသွားတဲ့ တချက်ကလေး။ ပထမပိုင်းမှာ Jeff Bridges က Math ဆရာအနေနဲ့ စာသင်တာမှာ သူက Theory တွေပြော.. Blackboard ဘက် လှည့်ပြီး သူ့ဘာသာသူ ပုစ္ဆာတွေတွက်.. ကျောင်းသားတွေ သူ့နောက်မှာ ဘာဖြစ်နေလဲ မကြည့်.. ဆိုတော့ ကျောင်းသားတွေက သူစာသင်တာကို မကြိုက်ကြဘူး.. စာသင်ချိန်မှာ သမ်းဝေ ပျင်းရိ နေကြတယ် ဆိုတာကို ပြပါတယ်။ Barbra Streisand ကကျတော့ တကယ်အောင်မြင်တဲ့ Literature ဆရာမ။ သူ့ Lecture ချိန်မှာ ကျောင်းသားတွေကို တက်တက်ကြွကြွ စိတ်ပါဝင်စား.. အပြန်အလှန် မေးကြ ဖြေကြ ဆွေးနွေးကြ..။ အတန်းပြည့် အတန်းလျှံ..။ အဲဒီမှာပဲ ကျမရဲ့ စာသင်ချိန်တွေကို သတိရသွားပြီး လွမ်းဆွတ်သွားတာ…။ ပြန်မရနိုင်တော့တဲ့ အချိန်တွေ......
သေချာပြီ.. နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်ဆိုသလို.. ကျမက မြသီလာကိုပဲ လွမ်းနေတာ.. မြကျွန်းသာရဲ့ နေ့ရက်တွေထဲ မနေရတော့တာကိုပဲ အလိုမကျဖြစ်နေတာကိုးးး…။ ဒီကြားထဲမှာပဲပေါ့၊ တင်မင်းထက်က "ကဗျာမြစ်တို့ ဆုံစည်းဝေးကွာ…" ကို ရေးတော့ သူနဲ့ ကျမက တကယ့် မောင်နှမတတွေလို ကာလတခုကို တူတူဖြတ်ခဲ့ရလေတော့ အဖြစ်အပျက်တွေ မြင်ကွင်းတွေက အတူတူ။ ဆိုတော့ သူရေးသမျှက ကျမအတွက် လွမ်းစရာချည်း…။ သူက လူငယ်ဆိုတော့ အသေးစိတ်ပိုမှတ်မိလေတော့.. တချို့ အချက်အလက်တွေဆို သူရေးတော့မှ ပြန်ပြန်သတိရ…။ အဲဒီအခါ ကျမ ချစ်ရတဲ့သူတွေ.. ကျမ မုန်းရတဲ့ သူတွေ… ကျမ စိတ်ပျက်ရတဲ့ သူတွေကိုလည်း ပြန် ပြန် သတိရ..။ ခုချိန်ကျတော့လည်း အားလုံး အားလုံးက လွမ်းစရာဖြစ်နေတာပါ။ အလွမ်းတွေကိုတော့လည်း စာမရေးချင်…..။ ကျမ ပန်းချီပြန်ရေးချင်နေတာ…။ နှစ်ပေါင်းများစွာ ခွဲချန်ထားခဲ့ဖူးတဲ့ ချစ်သူတယောက်ကို ပြန်တွေ့ဖို့ ကြိုးစားသလို… ကျမ ပန်းချီပြန်ရေးဖို့ပဲ ကြိုးစားနေပါတယ်…။
သေချာပါတယ်… ကျမ တော်တော်နဲ့ စာရေးနိုင်ဦးမှာ မဟုတ်ပါ…။
Feb 17, 2010
Jan 31, 2010
ကဗျာမဟုတ်....
စိတ်ကျ… ဆိုတာ ဆိုလို့ ကောင်းတဲ့ သီချင်းတပုဒ်မဟုတ်။
ကဗျာရေးစရာ စကားလုံးတလုံး မဟုတ်..။
ပန်းချီရေးမယ်ဆိုရင်တောင် Surrealism နဲ့သာ ရေးလို့ကောင်းမယ့် အဖြစ်..။
ဒါပေမဲ့
စကားလုံးတွေနဲ့ ရေးတဲ့ ပန်းချီတကားတော့ ဖြစ်နိုင်မှာပါ…။
ခုနေခါ…
သစ်ပင်တွေ အရွက်မဲ့ ရိုးတံပြိုင်းရုံနဲ့..
နှင်းတွေ ထူထဲလွန်းရုံနဲ့..
ပေးဆပ်စရာတွေ အချိန်မှန်လွန်းနေရုံနဲ့….
ပေါက်မဲမပါ ဗလာတွေ များလွန်းနေရုံနဲ့...
အနားက ပကတိအပြုံးတွေ မှိန်ဖျော့နေကြရုံလောက်နဲ့…
ဒီလောက်နဲ့တော့
Sylvia Plath ကို သတိရဖို့ မသင့်…
Virginia Woolf ကို တမ်းတလို့ မဖြစ်..။
ညည်းက ဘယ်လောက်များ ပြီးမြောက်ခဲ့ပြီမို့လို့လဲ…
တကယ်ရော လွတ်မြောက်တယ်လား…
အားနာစရာ… နော် ။
ဒီတလောမှာ ..
ရာရာစစနဲ့…
Kurt and Courtney ကို ပြန်ကြည့်…
Frida Khalo ကို ပြန်ကြည့်…
Vincent & Theo ကို ပြန်ကြည့်…
ပြီးတော့
လျှောကွင်းချည်မရခဲ့ဖူးတဲ့ တရက်ဆီ… ပြန်ကြည့်..
ဘာပဲဖြစ်ဖြစ် အဓိပ္ပါယ်တခု ရှိခဲ့ရာ….။
ခုတော့ ဒီမှာလေ..
စိတ်လက်ခန္ဓာတွေ… အထပ်ထပ် တုပ်နှောင်ခံထားရ…
ရုန်းမရ… ဖယ်မရ…
တကယ်တမ်းက ပိုးသားမျှင်လေးတွေမျှ…။
ဒါနဲ့ပဲ နောက်ဆုံးတော့...
"ကျမချစ်မြဲ သံသာဝဲမှ
ခွဲထွက်ချင်ဘူး တပ်မက်ဦးမည်.. "ဆိုတဲ့
ကြည်အေးရဲ့ သစ္စာသစ်ကိုပဲ သီချင်းလုပ်ဆို...။
++++++
Jan 29, 2010
ရုပ်ပုံ (ပုံတူ)
လက်စသတ်တော့
ဗင်ဂိုးရဲ့ နေကြာပန်းအိုးဟာ
အာလူးစားသူများရဲ့
စားပွဲအလယ်မှာ
ရှိနေတာပါပဲ။
အလျှံညီးညီး
မီးကျီးခဲလို တောက်ပ
ဘ၀ဟာ ပူလောင်လှချည့်
ဒါပေမဲ့
နေကြာလို ခေါင်းထောင် ထရ
ကံကြမ္မာရဲ့ ငရဲမှာ
အဖန်ဖန် တွားတက်ကြရ။
မျက်လုံးတွေကတော့
ပွင့်ဖတ်ဝါ၀ါတွေ
နေကို မော့မျှော်သလို
ပူလောင်ခြင်းကိုသော်မှ
အာသာ တငန်းငန်းနဲ့ပေါ့။
ရိုးတံ ပိန်မြှောင်းတွေက
ငတ်မွတ်ခြင်းရဲ့အကြောင်း
ကောင်းကောင်းသိစွာ
အာလူးကို ဖက်တွယ်ရတဲ့ လက်ချောင်းတွေ။
အောက်ခြေမှာတော့
လှပသယောင်ယောင်နဲ့
ကိုယ့်ကို ချုပ်နှောင်ပြီး
ရိရွဲ ပုပ်ပွအောင်လုပ်မယ့်
ဘ၀တဏှာ ပန်းစိုက်အိုးက
ခပ်မိုက်မိုက်ပြုံးလို့။ ။
[ မူရင်း - စာပေဂျာနယ်၊ ၁၉၉၅ မတ်လ ]
Van gogh - Potato Eaters
ဗင်ဂိုးရဲ့ နေကြာပန်းအိုးဟာ
အာလူးစားသူများရဲ့
စားပွဲအလယ်မှာ
ရှိနေတာပါပဲ။
အလျှံညီးညီး
မီးကျီးခဲလို တောက်ပ
ဘ၀ဟာ ပူလောင်လှချည့်
ဒါပေမဲ့
နေကြာလို ခေါင်းထောင် ထရ
ကံကြမ္မာရဲ့ ငရဲမှာ
အဖန်ဖန် တွားတက်ကြရ။
မျက်လုံးတွေကတော့
ပွင့်ဖတ်ဝါ၀ါတွေ
နေကို မော့မျှော်သလို
ပူလောင်ခြင်းကိုသော်မှ
အာသာ တငန်းငန်းနဲ့ပေါ့။
ရိုးတံ ပိန်မြှောင်းတွေက
ငတ်မွတ်ခြင်းရဲ့အကြောင်း
ကောင်းကောင်းသိစွာ
အာလူးကို ဖက်တွယ်ရတဲ့ လက်ချောင်းတွေ။
အောက်ခြေမှာတော့
လှပသယောင်ယောင်နဲ့
ကိုယ့်ကို ချုပ်နှောင်ပြီး
ရိရွဲ ပုပ်ပွအောင်လုပ်မယ့်
ဘ၀တဏှာ ပန်းစိုက်အိုးက
ခပ်မိုက်မိုက်ပြုံးလို့။ ။
[ မူရင်း - စာပေဂျာနယ်၊ ၁၉၉၅ မတ်လ ]
Van gogh - Potato Eatersကိုယ့်ဆီမှာ မရှိတော့တာကြာပြီဖြစ်တဲ့ ကဗျာ.. ဒီဇင်ဘာ ၃၀၊ ၂၀၀၈ တုန်းက မိုးမခစာမျက်နှာမှာ ပြန်တွေ့ရလို့ ကျေးဇူးတင်ရပါတယ်။ ပိုခံစားလို့ကောင်းအောင် ကျမကို Inspiration ရစေခဲ့တဲ့ Van Gogh ရဲ့ ပန်းချီကားတွေကိုပါ တင်ပေးလိုက်ပါတယ်။
Jan 27, 2010
အလွမ်းပြေ...


ကျမရဲ့ အင်မတန်ချစ်တဲ့ သူငယ်ချင်းတယောက်က email ကနေ ပို့ပေးလိုက်တဲ့.. ကျမကိုယ်တိုင်တောင် မေ့တေ့တေ့ဖြစ်နေတဲ့ ကဗျာလေးတွေ.. တင်ပေးလိုက်ပါတယ်။ အဲဒီမှာ ပုံတူဆိုတဲ့ကဗျာက စိစစ်ရေးက ဖြဲဆုတ်လိုက်တဲ့ မူရင်းပထမကဗျာပါ။ မှတ်မိသလောက်တော့ ၁၉၉၅ နှစ်ဦးပိုင်း ၀န်းကျင်လောက်တုန်းက ရေးတာပါ။ နောက်ပိုင်း ပုံတူလို့ နောက်တပုဒ် ထပ်ရေးဖြစ်တော့ လွတ်သွားပြီး စာပေဂျာနယ်မှာ ပါသွားခဲ့ပါတယ်..။
ခုလည်း စာ ဘယ်လိုမှ မရေးနိုင်တာ .. မရေးဖြစ်တာ.. အကြာကြီးကြာနေတာကို ကိုယ့်ဘာသာ ၀မ်းနည်းနေချိန်.. ဒီကဗျာလေးကို ကိုယ့်လက်ရေးနဲ့ ပြန်တွေ့ရတော့ စိတ်ထဲ လွမ်းသွားလို့ ဒီတိုင်းပဲ ပြန်တင်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အမှတ်တရ အလွမ်းပြေဆိုပါတော့..။
Jan 21, 2010
အိပ်မက်တိုင်းပြည်
|
ဒီဇင်ဘာ ၃၀ရက်နေ့တုန်းက VOA ရသစာအုပ်စင် အစီအစဉ်မှာ အသံလွှင့်ခဲ့တာပါ။
Jan 17, 2010
Subscribe to:
Posts (Atom)
-
ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်… ပြီးတော့ တော်ရုံဆို ၀င်မပြောချင်.. လို့ ထားထားလိုက်တာ။ ခုတော့ နည်းနည်းလည်း အားပြီ။ ပြီးတော့ ပြောချင် စိတ် လည်...
-
ဆောင်းတွင်းကို ဖြတ်သန်းချိန်မှာ ရာသီဥတုက ချမ်း .. လေတွေများ တိုက်လိုက်လို့ တုန်ခိုက် သွားပြီဆိုရင် အမြဲတမ်း ပထမဆုံး သတိရတာက...


