Mar 25, 2008

ချစ်သူဖွဲ့


(၁)
သွေးမရှိသည့်နှယ် ဖြူသောအသားအရည်၊ မနိမ့်မမြင့်အရပ်နှင့် နီထွေးသော နှုတ်ခမ်းပါး တို့သည် ချစ်သူ၏ အသွင်အပြင်များ ဖြစ်ပါသည်။ ကိုယ့်အနေနှင့်ဆိုလျှင်မူ ချစ်သူ၏ စူးရှသည်နှင့်အမျှ သိမ်မွေ့တည်ငြိမ်သော ထိုမျက်လုံးအစုံတို့ကို ပိုမိုထည်ဝါစေသော မျက်မှန်တစ်လက်နှင့် ပိန်လျသည်နှင့်အမျှ ချည့်နဲ့ဟန်အပြည့်ရှိသော လက်အစုံတို့ကိုသာ ပိုမိုစွဲမက်သည်ဟု ဆိုချင်ပါသည်။

တည်ငြိမ်ထည်ဝါသည့်မျက်ဝန်းအစုံက ကိုယ့်အပေါ်တွယ်တာမှုကိုပြပြီး ချည့်နဲ့ဟန်အပြည့်ရှိသော လက်အစုံက ကိုယ့်လက်ဖ၀ါးကို ဆုပ်ကိုင်ကာ အားအင်အပြည့် ရရှိစေသောကြောင့်ပင် ဖြစ်သည်။ ကိုယ့်ချစ်သူတွင် မိန်းမလှလေးများမက်မောလေ့ရှိသည့် အရှိန်အ၀ါများ မရှိလှပါ။ သို့သော် မိန်းမကောင်းများ မက်မောတတ် သည့် အရည်အသွေး များကိုမူ ချစ်သူ ပိုင်ဆိုင်ထားပါသည်။ စိတ်ဖြူသောချစ်သူသည် ရိုးသားသည်နှင့်အမျှ ပတ်ဝန်းကျင်၏ လှည့်စားမှုကို နားမလည်တတ်သူ၊ မခံယူနိုင်သူလည်း ဖြစ်ပါသည်။

(၂)

ချစ်သူသည် ဦးနှောက်ကောင်းကောင်းတစ်စုံကို ပိုင်ဆိုင်သည်။ ရိုးသားသော မျက်လုံး အစုံက ပတ်ဝန်းကျင်၏ ရုပ်ဒြပ်အလှကို ကြည့်မြင်နိုင်သည်။ နှုတ်ခမ်းပါးပါးက အမှန်တရားကိုသာ ပြောတတ်သည်။ (ထို့ကြောင့် လောကနှင့် အဆင်မပြေ)။ ချည့်နဲ့နဲ့လက်တစုံက အနုပညာများစွာကို ဖန်တီးသည်။ (သီချင်းရေး၊ ကဗျာရေး၊ ပန်းချီဆွဲသည်)။ သန်မာသော ခြေအစုံက ဦးတည်ရာကိုတည့်မတ်စွာ လှမ်းကာ ခန္ဓာကိုယ်ကို ခိုင်မာအောင် ပံ့ပိုးသည်။

စိတ်ဓါတ်မာကျောသည်နှင့်အမျှ စိတ်ထားသိမ်မွေ့သည့် ချစ်သူသည် လောက၀န်းကျင်အတွင်းတွင် ၀င့်ကြွား လောက်ဖွယ်ဟူ၍ မိန်းမပျိုတို့ရင်ခုန်နိုင်ဖွယ် မျက်နှာအသွင်အပြင်နှင့် ဆံနွယ်ခွေလေးများ ရှိသည်။ ထို့အပြင် သ၀န်တိုတတ်သော ချစ်သူတစ်ယောက်လည်း ရှိသည်။ ထိုချစ်သူကတော့ ကိုယ်ပဲ ဖြစ်ပါသည်။

(၃)

အနုပညာအလှအပများစွာ ဖန်တီးနိုင်စွမ်းသည့် ချစ်သူတွင် မလှမပသော ချစ်သူများစွာရှိနေသည်မှာ ထူးဆန်း သယောင် ဖြစ်သည်။ သို့သော် ကိုယ်သည် ချစ်သူကို အလွန်တရာ ချစ်ကြောင်း သိနိုင်လျှင်မူ ကိုယ်နှင့်ချစ်သူ တို့၏ နှစ်ယောက်တွဲဘ၀က ထူးဆန်းတော့မည်မဟုတ်ပါ။

ကိုယ် ချစ်သူကို သိပ်ချစ်ပါသည်။ ဖြူစင်သောချစ်သူကို ကလေးငယ်သဖွယ်လည်း သံယောဇဉ် ကြီးရပါသည်။ အင်အားမျှဝေပေးသူဖြစ်၍လည်း အားကိုးတွယ်တာရပါသည်။ ထို့ကြောင့်ပင် ချစ်သူနှင့်ကိုယ်သည် အဆင်မပြေ လှသည့်ကြားမှပင် တည်မြဲနေကြ ရပါသည်။

(၄)

ချစ်သူသည် မပြည့်မစုံသူတစ်ယောက်လည်း ဖြစ်ပါသည်။ စိတ်အင်အားချို့တဲ့ကာ ဘ၀ကို တစောင်းတိုက် ဖြတ်နေရသူလည်း ဖြစ်ပါသည်။ ချစ်သူ၏ဘ၀သည် ကျဉ်းကျဉ်းလေး ဖြစ်သည်။ ချစ်သူ၏ဘ၀လေးထဲတွင် သားသမီးကို စည်းစနစ်ကြီးလွန်းစွာ အုပ်ချုပ်သော (ချုပ်ချယ်လှစွာသော) အဖေနှင့် သားကို အလွန်ချစ်သည်နှင့်အမျှ လင်ယောက်ျားကို အလွန်ရိုးကျိုးသော အမေတို့ ရှိနေပါသည်။ (ချစ်သူဘ၀တွင် ညီနှင့် ညီမလေးက အရေးမပါလှပါ)။

ဖခင်ထံမှ နည်းစံနစ်မမှန်သော မိဘမေတ္တာပေးအပ်မှုနှင့် လင်ယောက်ျားနှင့် သားအကြား ဗျာများရတတ်သည့် မိခင်မေတ္တာ အကြားတွင် ချစ်သူလူလားမြောက်ခဲ့ရပါသည်။ ချစ်သူ၏ ငယ်ဘ၀သည် ကျန်းမာရေးချို့တဲ့မှု၊ အပြင်းအထန် စာကြိုးစားရကာ အိမ်တွင်းအောင်း နေရမှုနှင့် လူငယ်ဘ၀ ပျော်ရွှင်လွတ်လပ်ခြင်းဟူသည်ကို မသိရမှုတို့နှင့်အတူ စိတ်ပျက် ငြီးငွေ့ဖွယ် ကုန်ဆုံးသွားခဲ့ရပါသည်။

ပညာသင်အဆင့် အတန်အသင့် မြင့်လာကာ အတန်လွတ်လပ်စွာ ပျော်ရွှင်ရသော တက္ကသိုလ် ပညာသင်နှစ် များသို့ ရောက်လာသောအခါတွင်ကား ချစ်သူသည် မည်သည့် လူငယ်များနှင့်မှ မတူလှစွာ အလွန် ပျော်ပါးခဲ့သည်။ လှောင်အိမ်အတွင်းမှလွတ်လာသော ငှက်သို့ပင် ဖြစ်သည်။

သို့သော် ချစ်သူ၏ရင်တွင်း၌မူကား ငယ်စဉ်ဘ၀ဒဏ်ရာများစွာက နေရာယူခဲ့ပြီဖြစ်သည်။ ငယ်စဉ် ကလေးဘ၀ က ကစားရမည့် အရွယ်တွင် စာအုပ်များနှင့် ကျင်လည်ခဲ့ရသော ချစ်သူသည် ပတ်ဝန်းကျင်သဘောကို နားမလည်နိုင်သည့် စိတ်သဘောနှင့် အရာရာကို သိနိုင်စွမ်းသော ဆင်ခြင်ဥာဏ်တို့ကို ပိုင်ဆိုင်ကာ အဆင်မပြေဖွယ် ဘ၀အတွင်း၌ ဘာသာ ပျော်မွေ့နေရရှာပါသည်။ ချစ်သူသည် လွတ်မြောက်ခြင်းနှင့် လွတ်လပ်ခြင်းတို့ကို ခွဲခြား မသိစွာ ပျော်နေရှာသူလည်း ဖြစ်ပါသည်။


(၅)

တဘက်စွန်းရောက်သော မိဘမေတ္တာ၏ ချစ်ခြင်းသည် သားသမီး၏စိတ်အင်အားဖွံ့ဖြိုးမှုနှင့် စိတ်ဓါတ်လုံခြုံမှုကို ထိပါးစေနိုင်ကြောင်း ချစ်သူ၏ ပညာတတ်မိဘများက မသိကြပါ။ သားဖြစ်သူကို စည်းဘောင်များစွာအတွင်း တင်းကျပ်စွာ ထိန်းသိမ်းပျိုးထောင်ခြင်းကြောင့် ရင်သွေးတွင် စိတ်အင်အားချို့တဲ့မှု၊ ကိုယ့်ကိုယ်ကို မယုံကြည်မှု နှင့် အတွေးအခေါ် မညီမျမှုများဖြစ်တတ်ပါသည်။ ဒါကိုလည်း ဒက်ဒီနှင့် မာမီ (ချစ်သူက အဲသည်လို ခေါ်ပါ သည်) မသိကြပါ။

စာအဖတ်များမှုကြောင့် ဆင်ခြင်နားလည်နိုင်စွမ်း ထက်မြက်လှသော ချစ်သူသည်၊ တချိန်တည်းတွင်ပင် မသိစိတ်၏ သိမ်ငယ်မှု၊ စိတ်ဓါတ်နိမ့်ကျမှုတို့ကို အားဖြည့် မွမ်းမံပေးဖို့ရာ ကိုယ်သည် ချစ်သူ၏နံဘေးတွင် အဖော် ဖြစ်ခဲ့ရပါသည်။

ချစ်သူက ကိုယ့်ကို အလွန် တွယ်တာပါသည်။ ချစ်သူ၏ လိုအပ်သရွေ့သော လပ်ဟာမှုများစွာကို ကိုယ်ကသာ ဖြည့်ဆည်းပေးနိုင်သည်ဟု ကိုယ်နှင့်အတူ ချစ်သူကလည်း ယုံကြည်စွာ လက်ခံထားပါသည်။ ကိုယ်သည်လည်း တဘက်စွန်းရောက်တတ်သော ချစ်သူ၏ ချစ်ခြင်း၊ မချစ်ခြင်းများကြားတွင် စိတ်ညစ်တခါ၊ ၀မ်းသာကြည်နူး တလှည့်ဖြင့် ကျေနပ်စွာ ရှိနေခဲ့ပါသည်။

(၆)

တခါတခါ ချစ်သူသည် အတွေးလွဲကာ အသည်းကြောင်တတ်ပြန်ပါသည်။ ၀န်းကျင်နှင့် လိုက်လျော ညီထွေမှုမရှိ၍ စိတ်အခန့်မသင့်ရသည့်အခါ ချစ်သူသည် အတိုက်အခိုက်များအတွင်းတွင် တုန်လှုပ်တတ် ပြန်သည်။ ထိုအခါ ကိုယ်၏ မလှမပခြင်းနှင့် ချစ်သူ၏မပြည့်စုံမှု၊ ကိုယ်၏ပြည့်စုံမှုနှင့် ချစ်သူ၏ အလိုမကျမှုတို့က အစဉ်အမြဲ ပဋိပက္ခအဖြစ် ကြုံကြရပါသည်။ ထိုအခါ... “မောင်ရယ် စိတ်ကိုဖော့ထားပါ... လူပြောမသန်.. လူသန်မပြော.. ဆိုတဲ့ အတိုင်းပဲ သဘောထားလိုက်ပါနော်ဟု ချစ်သူ့စိတ်ကို ပြေလျော့စေရပါသည်။ ထို့အပြင်... “မောင့်ကို ကိုယ်သိပ်ချစ်တယ်ဟူသော စကားကို ဂါထာရွတ်သကဲ့သို့ ကိုယ်ရွတ်သည့် အခါတွင်လည်း မောင်က စိတ်တုန်လှုပ်မှုတို့ လွင့်ပါးကာ ကြည်လင်လာပြန်ပါသည်။ ချစ်သူ၏ ငယ်ဘ၀ အငုံ့စိတ်များ ရိုက်ခတ်လာသည့်အခါတွင်လည်း ချစ်သူသည် ကိုယ့်အား သူစိမ်းသဖွယ်ကြည့်ကာ ကျနော် ခင်ဗျားကို ချစ်သူမတော် ချင်တော့ဘူး... တယောက်တည်းပဲ အေးအေးနေချင်တယ်ဟု ဆိုတတ် ပါသေးသည်။ ထိုစကားသည် ပင်ကိုယ်စိတ် ခက်ထန်မာကြောသော ကိုယ့်အတွက် စိတ်ပျက်ဖွယ် ဖြစ်သော် လည်း ချစ်သူကိုသိသော ကိုယ်သည် နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ မောင်မချစ်လည်း ကိုယ်ကတော့ ချစ်မှာပဲဟု မောင့်လည်ကို ခိုဖက်ကာ မောင့်ရင်တွင်းသို့ တိုးဝင်မှီခိုကာ ပြန်ပြောဖြစ်သည်။ ထိုအခါ မောင်သည် အပြစ်ကင်းစင်စွာပြုံးကာ ကိုယ့်လက်ဖ၀ါးကို ဆုပ်ဖျစ်တတ်ပါသည်။

သို့နှင့်ပင် ချစ်သူနှင့်ကိုယ်သည် ခဏခဏ နှုတ်ဆက်လျက်က တစ်လက်မမျှပင် အဝေး မခံနိုင်ကြသော ချစ်သူစစ်များအဖြစ် ပို၍ ပီပြင်လာခဲ့ပါသည်။

(၇)

ချစ်သူ၏ ဦးနှောက်တွင် တဘက်စွန်းရောက်သော အတွေးအခေါ်များစွာ ဖွဲ့စည်း ပါဝင်နေသည်။ ချစ်သူသည် မိဘ၏အရှိန်အ၀ါ တင့်တယ်မှုဖြင့် လုံခြုံနေရသည်နှင့်အတူ တချိန်တည်းတွင်ပင် ပျက်စီးမည့်အရာများပဲဟု တွေးကာ စိတ်သောက ရောက်နေတတ်သော တဘက်စွန်းရောက်သူဖြစ်ပါသည်။ ထိုသို့သော အတွေးအခေါ် မှားယွင်းမှုများ ချစ်သူထံတွင် ရှိနေပါသည်။ မိခင်ဖြစ်သူက ချစ်သူ၏ကျန်းမာရေးကို အလွန် ဂရုစိုက်ပါသည်။ ချစ်သူတွင် သုံးနှစ်ကြာပြီဖြစ်သော အစာအိမ်နာရောဂါ ရှိနေခဲ့ပါသည်။ ထိုရောဂါကို ချစ်သူက အလွန် မုန်းတီးပါသည်။

သို့သော် မိခင်ဖြစ်သူက ထိုရောဂါကို ဂရုတစိုက်ဖြင့် ဆေးမှန်မှန်သောက်ခိုင်းတတ်ရာ ချစ်သူသည် မိခင်၏ ဂရုစိုက်မှုကို လိုလားစွာ အစာအိမ်နာရောဂါကို မွေးမြူထားပြန်သည်။ ချစ်သူသည် သနားစဖွယ် အစွဲအလန်း ကြီးသူလည်း ဖြစ်သည်။ ထိုစိတ်အခြေအနေကြောင့်ပင် သူ၏ စိတ်ခန္ဓာကို လုံခြုံမှု ပေးထားနိုင်သည် ဖြစ်သော်လည်း သူ့ထက် အသက်အတန်းငယ်ကြီးမှု၊ ပညာအနည်းငယ်မြင့်မားမှုတို့ကို အကြောင်းပြုကာ ကိုယ့်ကို ချစ်သူမဖြစ်စေချင်သော မာနကို မွေးမြူသူလည်း ဖြစ်သည်။ ထိုမာနတို့ ကြီးမားလာသည့် အခါ-မောင်က မိဖုရားတစ်ပါးပဲလိုချင်တာ... ဘုရင်မကိုတော့ မလိုချင်ဘူး...” ဟု ကိုယ့်နှလုံးကို မငဲ့ညှာစွာ ပြောတတ်ပါသေးသည်။ ထိုကြောင့် ချစ်သူသည် အလွန် စိတ်ပျက်အားမရဖွယ်ကောင်းသူလည်း ဖြစ်ပြန် ပါသည်။

(၈)

ကိုယ်ကတော့ သူ့နွံအတွင်းမှ မလွတ်မြောက်နိုင်သူပဲ ဖြစ်ပါသည်။ စိတ်နိမ့်ကျမှုနှင့် စိတ်ရောဂါ ရိုက်ခတ်မှုတို့ ရှိနေသော ချစ်သူကို ကြင်နာစွာ မစွန့်ပစ်နိုင်သော သံယောဇဉ်တို့ဖြင့် ချစ်သူ့နွံအတွင်း နစ်နေသူလည်း ဖြစ်ပါသည်။

ချစ်သူတွင် လိုအပ်နေသော နွေးထွေးသည့် မိဘအချစ်နှင့် သိပ်သည်းသော ချစ်သူတို့ကို ကိုယ်ကသာ နားလည်စွာ ပေးအပ်နိုင်သည်ဟူသော သူရဲကောင်းစိတ် (ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်)တို့ဖြင့် မောင့်နံဘေး တွင် ရပ်တည်နေမိသည်။

ဝန်းကျင်တခုတွင် အတိုင်းအတာတစ်ခုအထိ လူသိများသော၊ ၀န်းကျင်က သဘောကျသော ချစ်သူစုံတွဲဘ၀ကို တပ်မက်လှစွာ နားလည်နိုင်သူတို့သာ တန်ဖိုးထားသော မောင့်အနုပညာအောင်မြင်မှုကို မြတ်နိုးစွာ မောင့်ချစ်သူဘ၀ကို ခုံမင်စွာ ကိုယ်သည် ဘ၀တွင် ကျေနပ်စွာနေထိုင်နေခဲ့ပါသည်။

ကိုယ်အတွက်မူ အချစ်ဆိုသည်မှာ မောင်ဖြစ်ပါသည်။ ချစ်သူဖြစ်ပါသည်။ ချစ်သူနှင့်ကိုယ်၏ ယိုင်လိုက် တည့်မတ်လိုက်ရှိနေသော ဘ၀လေးပင် ဖြစ်ပါသည်။ ချစ်သူ၏စိတ်ကို ထိန်းမတ်ပေးရသော ၀တ္တရားလေးလည်း ဖြစ်ပါသည်။

(၉)

ပန်းချီသမားပီသလှစွာသော ချစ်သူသည် များသောအားဖြင့် ကိုယ့်ကို အလိုမကျ ဖြစ်နေတတ်သည်။ လှပသော မိန်းမပျိုလေးများကို ပန်းချီကားချပ်များကဲ့သို့ ငေးမော ကြည့်လိုသော ချစ်သူနှင့် အလွန် သ၀န်တိုတတ်သော ကိုယ်သည် မကြာခဏ ပဋိပက္ခဖြစ်တတ်ပါသည်။ ထိုအခါများတွင် ကိုယ်သည် ချစ်သူကို ဖေါက်ပြန်လိုသူဟု ရင်တွင်းမှ အကြိမ်ကြိမ် စွပ်စွဲကာ အလွန် သောကများရပါသည်။

နှုတ်မှ ဖွင့်ပြောလျှင် အေးဆေးသော ချစ်သူ စိတ်ညစ်မည်ကို စိုးမိပါသည်။ သို့သော် ချစ်သူ၏ပွင့်လင်းရိုးစင်းမှုကို သိသော ကိုယ်ဖြစ်သည့်အတွက်ကြောင့်လည်း အဆုံးတွင် ချစ်သူနှင့်အတူ အလှအပတို့ကို လိုက်ပါ ခံစား ရစမြဲပင် ဖြစ်သည်။

(၁၀)

ချစ်သူသည် မောင် အချစ်ကို သိပ်တွယ်တာတာပဲ၊ သိပ်အားကိုးတာပဲ၊ အချစ်ရှိနေရင် သိပ်လုံခြုံတာပဲဟု တဖွဖွပြောခြင်းဖြင့် ကိုယ့်ရင်ကို ချည်နှောင်နိုင်ပါသည်။ ကိုယ်ကလည်း ချစ်သူ့အပေါ် သံယောဇဉ်ကြီးစွာ သူ၏ဆိုးမျိုးကို သည်းးခံနိုင်ခြင်းဖြင့် ချစ်သူကို ချည်နှောင်ထားပါသည်။ ထိုချည်တွယ်မှုသည်ပင် အချစ် ဖြစ်သည်ကို အလွန် ရိုးစင်းသောမောင်က နားမလည်တတ်သေးပါ။ ထို့ကြောင့်ပင် ကိုယ့်ကိုချစ်သည် ဟူသော အသုံးအနှုံးမျိုးမသုံးခြင်းဖြစ်မည်ဟု ကိုယ်က ယူဆပါသည်။

ချစ်သူသည် မည်သို့မျှ အစားထိုးမရနိုင်သော အရည်အချင်းများစွာကို ပိုင်ဆိုင်သည်။ ချစ်သူပီသသော အပြုအမူ အနေအထိုင်နှင့်တကွ စကားချိုတို့ကို မဖေါ်ပြတတ်သော မောင်သည် ဘ၀ဖွဲ့ အချစ်ဖွဲ့ကဗျာများစွာကို အောင်မြင်နိုင်စွာ သီကုံးနိုင်သည်။

ဖန်တီးရခက်ခဲဟန်ရှိသော ပန်းချီအလှများစွာကိုလည်း ဖန်ဆင်းနိုင်သည်။ နက်နဲသိမ်မွေ့သော အသိတရား များစွာကိုလည်း ဆင်ခြင်နိုင်စွမ်းသည်။ အထူးသဖြင့် အကြည့်တစ်ချက် အပြုံးတစ်ချက်မျှနှင့်ပင် သူ၏ချစ်သူ (ကိုယ့်)ကို စည်းရုံးနိုင်စွမ်းသူ ဖြစ်ပါသည်။

(၁၁)

ချစ်သူသည် ဆန့်ကျင်ခြင်းများစွာနှင့် ဒွန်တွဲဖြစ်တည်နေသူဖြစ်သည်နှင့်အတူ ကြောက်ရွံ့ နာကျင်နေခြင်း၊ မိမိပိုင်အရည်အချင်းကို ယုံကြည်စွာ ပတ်ဝန်းကျင်တွင် နေပျော်သည်နှင့်အတူ ၀န်းကျင်၏ပုပ်အဲ့မှုကို ရွံမုန်းစွာ စိတ်ပျက်နေတတ်ခြင်း၊ ချစ်သူ(ကိုယ့်)ကို ချစ်ခင် တွယ်တာမှုနှင့်အတူ အပူအပင်ကင်းစွာ အနှောင်အဖွဲ့ကင်းစွာ နေလိုခြင်းတို့နှင့် မောင်သည် ပူလောင်ခြင်းတလှည့် ငြိမ်းအေးခြင်းတလှည့်နှင့် နေရသူပင် ဖြစ်ပါသည်။ ချစ်သူသည် အလိုလောဘကြီးစွာဖြင့် ပူလောင်တတ်သူလည်း ဖြစ်ပါသည်။

ချစ်သူကို မာမီနှင့်ဒက်ဒီ နားမလည်နိုင်ပါ။ ညီနှင့်ညီမကလည်း နားမလည်နိုင်ပါ။ ချစ်သူ၏ ရည်းစားဦးကလည်း နားမလည်နိုင်ပါ။ ထို့အပြင် ကိုယ်ကလည်း နားမလည် နိုင်ခဲ့ပါ။ အဆုံးတွင် ချစ်သူသည် ကိုယ့်ကိုယ်ကိုပင် နားမလည်ပါ။ ထိုအခါ သူ၏ အလိုမပြည့်သော ဘ၀ကို တပ်မက်ဖက်တွယ်ကာ မသိခြင်းများအကြားတွင် ချစ်သူ သည် ယဉ်ပါး နေခဲ့ပါသည်။


(၁၂)

ချစ်သူနံဘေးတွင် ကိုယ် အမြဲရှိနေပါသည်။ ချစ်သူ၏စိတ်အာရုံနှင့် နှလုံးသည်းပွတ်တွင် ကိုယ် အမြဲ ရှိနေပါသည်။ ချစ်သူ၏ နှုတ်ဖျားတွင် မည်သူ့ကိုမျှ မချစ်ကြောင်းများ ရှိနေပါမည်။ (ချစ်သူက မည်သူ့ကှိုမျှ မယုံပါ။) ချစ်သူ၏ ရင်တွင်းတွင် လောကအတွင်း အနေရခက်မှုဟူသော ဝေဒနာများ ရှိနေပါမည်။ ချစ်သူ၏ နက်ရှိုင်းလှသော ရင်တွင်း တနေရာတွင် သိမ်မွေ့သိုဝှက်လှသော အချစ်တရား ရှိနေပါမည်။ ထိုအချစ်သည် ကိုယ် မဟုတ်ပါ။ ဒက်ဒီ မဟုတ်ပါ။ မာမီ မဟုတ်ပါ။ ညီနှင့်ညီမလည်း မဟုတ်ပါ။ ရည်းစားဦးလည်း မဟုတ်ပါ။ ချစ်သူကိုယ်တိုင် လည်း မဟုတ်ပါ။ သေချာသည်မှာ ချစ်သူကိုယ်တိုင်ပင် မသိသော လိုအင်ဆန္ဒတစ်ခုသာ ဖြစ်ပါသည်။

(၁၃)

သေချာသည်မှာ ချစ်သူ၏ရင်တွင်း၌ ပုပ်သိုးသော စိတ်ထားမရှိပါ။ ကောက်ကျစ်သော စိတ်ထား အကြံအစည် မရှိပါ။ ညစ်ညမ်းသော စကားလုံးများလည်း မရှိပါ။ ထိုအခါ... ကိုယ်သည် ချစ်သူကို တန်ဖိုးထားစွာ မြတ်နိုးလှ ပါသည်။ ထို့ကြောင့် ချစ်သူ၏လိုအင်ဆန္ဒ ကို ကိုယ် ဖြည့်ဆည်းရပါသည်။

ချစ်သူအတွက် စာကြိုးစားရပါသည်။ အလှပြင်ရပါသည်။ ချစ်သူနှင့်အတူ လမ်းလျှောက်ရပါသည်။ စိတ်ကောက်တတ်သည့်အကျင့်ကို ဖျောက်ရပါသည်။ ကဗျာရေး စာရေးခြင်းကို ချစ်သူလောက် မချစ်ဘဲ နေရပါသည်။ မိန်းမပီသစွာ နူးညံ့ သိမ်မွေ့ရပါသည်။ ထို့အပြင် ချစ်သူအလိုမကျ၍ ဖြုတ်သောလက်တွဲကို ဘာသာ လိုက်လံဖမ်းယူ ဆုပ်တွဲရပါသည်။ ချစ်သူ၏လက်ဖ၀ါးကို ကိုင်ဆုပ်ကာ လမ်းလျှောက်ရပါသည်။ ၀မ်းနည်းသော်လည်း မငိုသည့် စိတ်ခိုင်မာမှုကို မွေးယူရပါသည်။ တနည်းတဖုံဖြင့်မူ ချစ်သူသည် ကိုယ့်ကို လက်နက်ကောင်းများစွာ တပ်ဆင်ပေးသည်ဟုပင် ဆိုရမည် ဖြစ်ပါသည်။

(၁၄)

ကိုယ့်အမြင်ဖြင့်မူ ချစ်သူသည် အရာရာကို ဖန်တီးနိုင်စွမ်းသော ဖန်ဆင်းရှင် ဖြစ်ပါသည်။ လောကကို အနုပညာဖြင့် အနိုင်ရနေသော သူရဲကောင်းလည်း ဖြစ်ပါသည်။ ချစ်သူမိန်းကလေးတစ်ဦးကို လိုရာပုံ သွင်းနိုင်သော ပန်းပုဆရာကောင်းတစ်ယောက်လည်း ဖြစ်ပါသည်။ ချစ်သူသည် ကိုယ့်ဘ၀တွင် ပန်းများကို ပွင့်စေသူ၊ နေခြည်သာကို ထွန်းတောက်စေသူ၊ စမ်းရေသံသာကို စီးဆင်းစေသူဟု ကိုယ်က ယူဆပါသည်။ ထိုအခါ... ချစ်သူသည် ကိုယ့်လူမှုလောကအတွင်းတွင် ကြီးကျယ်မြင့်မြတ်စွာ ခိုင်မာစွာ စွဲမြဲနေပါ တော့သည်။

ချစ်သူဟူသည် ချစ်ရသောသူတဦးဖြစ်ရန်သာ လိုအပ်သည်ဟုလည်း ကိုယ်က ယူဆသည်လေ။

မေငြိမ်း
စံပယ်ဖြူမဂ္ဂဇင်း

စက်တင်ဘာလ၊ ၁၉၈၇။

(ကိုခင်ဝမ်းရဲ့ ပန်းချီကားတွေ ယူသုံးထားတာပါ..။ မူရင်းဝတ္ထုတိုမှာတုန်းကလည်း ကိုခင်ဝမ်းရဲ့ Illustration နဲ့ပါပဲ)

2 comments:

တန်ခူး said...

ချစ်သူကို နားလည်ပေးတတ်တာကပဲ အချစ်လား။ သူ့ချစ်သူကို ရေးဖွဲ့ထားတဲ့ချစ်သူဖွဲ့ပေမယ့် သူ့အချစ်ရဲ့အလှတရားကို တွေ့လိုက်ရတယ်။

Hteink Min said...

ဒီမနက် ဆီဗုံးတွေ အလုပ်မလုပ်ဘူး။ ဒီမှာရေးသွားတယ်။။ ဟဲဟဲ ၂ရက်နေ့ ရောက်ရန် ရက်ပိုင်းသာ လိုတော့သည်။း) အားလုံးအဆင်ပြေပါစေဗျာ