သေသွားတဲ့ ပန်းပွင့်
(here)
(၁)
အဖေက ပြောရိုးပြောစဉ် စီးပွားရေးကိစ္စမျိုးလို ပြောလာသည်မို့သာ တော်တော့သည်။ မဟုတ်လျှင် သွေးပျက်လု များ ရင်ခုန်သွားဖြစ်မလား မသိ။ ‘သမီိးကို မောင်နိုင်ဦးနဲ့ လက်ထပ်ပေးချင်လို့’ တဲ့။ အို... သူမ စိတ်ကူးခဲ့ဖူးသော အဖြစ်အပျက်တစ်ခုပဲမဟုတ်လား။ ဒါပေမယ့် သူမ စိတ်ကူးခဲ့ဖူးတာထက် ကိုနိုင်ဦိးကိုယ်တိုင်က သူမကို ချစ်တယ်ဟု ဖွင့်ဟပြောဆိုစေချင်ခဲ့တာ။ ဒါပေမယ့် ကိုနိုင်ဦိးကိုယ်တိုင်က ချစ်မြတ်နိုးလို့သာ ခုလို တောင်းဆို လာတာပဲ ဖြစ်မှာပါနော်။ ဘာပဲဖြစ်ဖြစ် သူမ ဟန်ဆောင်၍ပင် မငြင်းဆန်ရဲခဲ့။
ကိုနိုင်ဦးကို သူမသဘောကျသည်။ ပို၍ လေးနက်ရလျှင် သူမ ဘ၀တလျှောက် ကြုံခဲ့ရသော အမျိုးသားနှစ်ဦိး အပေါ် စိတ်ဝင်စားခဲ့ဖူးသလိုပင် သူမ ကိုနိုင်ဦိးကိုလည်း စိတ်ဝင်စားသည်။ ရင်ခုန်သည်။ ကုန်ခဲ့သော တက္ကသိုလ် ပညာသင်နှစ်တွေကို ပြန်သတိရလျှင်တော့ တစုံတရာကို လတ်လတ်ဆတ်ဆတ် နာကျည်းမိမြဲ ဖြစ်ဆဲပင်။ ထိုတစုံတရာသည် လူတချို့ဖြစ်သလိုပင် သူမကိုယ်တိုင်လည်း ဖြစ်တတ်၏။ ထို့ပြင်၊ သူမ၏ ကံကြမ္မာလည်း ဖြစ်တတ်၏။
အဖေ့ကို တစုံတရာ မတုံ့ပြန်ဖြစ်ဘဲ ငေးမောနေမိသည်။ အသားဖြူဖြူ၊ အရပ်မြင့်မြင့်နှင့် ရုပ်ရည် မချောလှသော်လည်း သူမထက်ပို၍ ကြည့်ကောင်းအဆင်ပြေသော ကိုနိုင်ဦးသည် သူမ၏မိသားစုနှင့် အံဝင် ခွင်ကျစွာ ကျွမ်းကျင်သော စီးပွားရေးသမားလည်း ဖြစ်ပြန်သည်။ နောက်တော့ သူမထက်ပင် မြင့်သော ပညာဘွဲ့တစ်ခု ပိုင်ရှင်။
‘ဘယ်လိုလဲ ကျော်ကျော်’အဖေ့အမေးကို ဖြေဖို့ ရှက်နေမိပြန်သေးသည်။ သို့ပေမဲ့၊ သူမသည် ပညာတတ်ပီသစွာ ဟန်လုပ် တတ်၏။
'အဖေတို့က ကောင်းမယ်လို့ထင်တယ် မဟုတ်လား'အဖေက သူ့ကို ပြုံးပြသည်။ အဖေ့အပြုံးဟာ တမျိုးပါပဲဟု ထင်မိတော့ စိတ်တိုချင်ချင် ဖြစ်သေး၏။
‘ညည်းအမေကလည်း သဘောကျတယ်၊ အဲဒါ ညည်းသဘောကျရင် စီစဉ်ဖို့’တကယ်ဆို သူမ ထုံးစံအတိုင်း ဆင်ခြေပေး အတွန့်တက်ကာ စကားမများသင့်လား...။ ‘ကျော်နဲ့ဖြစ်ပါ့မလား အဖေ’ ဆိုတာတို့၊ ‘ကိုနိုင်ဦး သဘောထားရော ဘယ်လိုရှိလဲ’ဆိုတာတို့၊ ‘ကိုနိုင်ဦး မိဘတွေက စီစဉ်ချင်တာလား အဖေ’ ဆိုတာတို့ ပြောရမှာ ဖြစ်သည်။
ဒါပေမဲ့၊ ဒီတစ်ကြိမ်မှာတော့ သူမ ဟန်မလုပ်လိုတော့ပါ။ ‘အချစ်’နှင့်ပတ်သက်လျှင် ဟန်မဆောင်ပါဘဲ၊ မလိမ်ညာပါဘဲ စစ်မှန်ခဲ့ပါလျက် ကံဆိုးလေ့ရှိခဲ့ရသော သူမအတွက်တော့ အသက်သုံးဆယ်အရွယ်မှာ ကံကောင်းဖို့ သင့်ပါပြီ။
‘အဖေ့ သဘောပဲလေ’တကယ့်ကို တုန်လှုပ် တိုးတိမ်စွာ အဖေ့ကို စကားပြန်ဖြစ်ခဲ့သည်။ ပိုင်ဆိုင်ရဖို့ မြင်နေပါလျက်နဲ့ ဆုံးရှုံးလိုက်ရခြင်း မျိုး ကို ထပ်မံ ရင်ဆိုင်ရမှာ စိုးရိမ်မိသော၊ တုန်လှုပ်မိသော တိုးတိမ်မှုပဲ ဖြစ်ပါလိမ့်မည်။
‘လက်ထပ်ပြီးစီးခြင်း’ဟူသော စာလုံးတွေကို မြင်ယောင်မိတော၊့ ပြုံးလိုက်မိသော သူမအပြုံးမှာ မျက်ရည်စတို့ စွန်းပေ၏။
‘မောင်နိုင်ဦိး- မခင်ကျော်ကျော်’
ယောက်ျားလေးတစ်ယောက်လို ကြံ့ခိုင်ထက်မြက်သော သူမသည် စင်စစ်တော့ ၀မ်းနည်းလျှင် အံကြိတ် ခံစားတတ်သော်လည်း ၀မ်းသာကျေနပ်လျင်တော့ မျက်ရည်ကျတတ်သော နူးညံ့သည့် မိန်းမငယ် တစ်ယောက်ပဲ မဟုတ်လား။(၂)
တက္ကသိုလ်၏ ပညာသင်ချိန်များက သူမကို အတန်သင့် ပျော်ရွှင်ကျေနပ်မှုပေးခဲ့သည်။ သူမသည် တက္ကသိုလ် တတိယနှစ်တွင် အသက်နှစ်ဆယ့်ငါးနှစ်ကျော်ပြီဖြစ်ရာ သူမ၏ သူငယ်ချင်းအဖွဲ့တွင် အစ်မကြီးသဖွယ် ဖြစ်ခဲ့သည်။ ပင်ကို ပျော်တတ်သော်လည်း ဣနြေ္ဒနှင့် နေတတ်သော သူမအတွက် စိတ်ထိခိုက်ခံစားခဲ့ရသမျှတို့ကို ဣနြေ္ဒမပျက် ရင်ဆိုင်နိုင်ခဲ့သည်ကိုတော့ ခုတိုင် သူမ ကျေနပ်ရသည်။
+++++
တကယ်တော့၊ ‘ဝေလွင်’က စခဲ့တာဟု ခုတိုင် ယြုံကည်သည်။ သူမနှင့် အတန်းဖော် ဝေလွင်ဆိုသော ကောင်လေးသည် သူမထက် သုံးနှစ်ခန့်ငယ်နိုင်သည်။ ပြီးတော့၊ ရုပ်ရည်မလှပရုံမျှမက ကြည့်ပျော်ရှုပျော် အသွင်အပြင်ပင်မရှိသော သူမကို ကောင်မလေးတချို့၏ စိတ်ဝင်စားခြင်းခံရသော ‘ဝေလွင်’က နှစ်သက် ပါ့မလားဟုပင် သူမကတော့ (ရိုးသားလှစွာ) မတွေးမိခဲ့။ သူမက ယောက်ျားတို့သည် မိန်းမတို့၏ ‘အရည်အချင်း’ကို အလေးထားလိမ့်မည်ဟု ထင်ခဲ့ဖူးသည်ကိုး။ သူမက စိတ်ကောင်းရှိသည်။ ငွေကြေး ပြည့်စုံပါလျက် မာန်မာန မရှိ။ ရိုးသားသည်။ ထိုအရည်အချင်းတို့ကြောင့် သူမအတွက် ‘အချစ်’ဆိုတာက ရောက်ရှိ ဖြစ်ပေါ်နိုင်သည်ဟု ယုံကြည်ထားခဲ့သည်။
အသားညိုညိုနှင့် အရပ်သိပ်မမြင့်သကဲ့သို့ ရုပ်ရည်လည်း မချောလှသော ဝေလွင့်ကို သူမ ဘာကြောင့် ချစ်ခဲ့မိသည်ကို ခုထိတိုင် ကိုယ့်ကိုယ်ကိုနားမလည်သေး။ ဝေလွင်က သူမကို ခိုးခိုးကြည့်တတ်သည်ဟု ထင်သည်။ ပြီိးတော့ လှစ်ခနဲလည်း ပြုံးပြတတ်သေးသည်။ ပထမတော့ သူမရှက်ရွံ့ကာ ထိုအဖြစ်အပျက်ကို ဖုံးကွယ်ထားခဲ့သေးသည်။ ဒါပေမဲ့၊ သူမတို့အဖွဲ့ထဲမှ ရည်းစားပျက်ထားသော ညီိမကဲ့သို့ ခင်မင်သော မိန်းကလေးက ဝေလွင့်ကို အရေးအရာလုပ်ချိန်မှာတော့ သူမတစ်သက်လုံး ထိန်းထားခဲ့သမျှတို့ ယိုယွင်းကာ မလုံမလဲနိုင်စွာ ဝေလွင်နှင့် သူမ၏ပတ်သက်နေမှုကို ပြောပြဖြစ်ခဲ့သည်။
ထိုစဉ်မှာတော့ အဖွဲ့သားတွေက ပြုံးရယ်ကျီစယ်ခဲ့ကြသေး၏။ နောက်တော့၊ ဝေလွင်ကို သူမ၏ တဘက်သတ်ပိုင် ပစ္စည်းအဖြစ် သတ်မှတ်လိုက်ကြတော့၏။ ဝေလွင်ကလည်း ပိုကဲလာသလိုပင်။ သူမကို မကြားတကြားပင် စလာသည်။ အကျည်းတန်ချစ်သူ.. ဘာ.. ညာ.. နှင့်။ သူမကတော့ စိတ်မဆိုးနိုင်ခဲ့။ ဒီိဂရီမျက်မှန်အောက်က ဝေလွင့်မျက်လုံး အရောင်လက်လက်၌ ရင်ခုန်ကာ စက္ကန့်တွေကို မေ့ခဲ့သည်။ အို... ပတ်သက်ခဲ့ကြတာ အကြာကြီးမှ တကယ့်ကို အကြာကြီးပါ။
တတိယနှစ် တစ်နှစ်လုံးလိုလို၊ လများစွာကြာအောင် ‘အချစ်’ဆိုတာ၌ သူမ မေ့လျော့မိန်းမောနေခဲ့သည်။ အချစ်ကို သူမ ထိုစဉ်ကျမှ တွေ့ဖူးခြင်းလည်းဖြစ်သည်။ ဝေလွင့်ကြောင့် အိပ်မက်တွေ လှခဲ့သည်။ အချိန်တွေ လှခဲ့သည်။ ပစ္စပ္ပန်တွေ၊ စိတ်ကူးတွေ လှခဲ့သည်။ သူမကို ဘယ်သူတွေ လှောင်ပြောင်နေကြလဲ။ ဘယ်သူတွေ စုပ်သပ်နေကြလဲ။ ဘယ်သူတွေစိတ်ပျက်နေကြလဲ။ ဘယ်သူတွေ နောက်ကျော ဓါးနဲ့ထိုးနေကြသလဲ... လုံးဝ သတိ မမူမိခဲ့။
သို့ပေမဲ့၊ သူမ၏ကံကြမ္မာကတော့ ကြည့်မနေခဲ့ပါ။ သူမ၏ ရည်းစားပျက် သူငယ်ချင်းမလေး ‘ငြိမ်း’နှင့် ဝေလွင်တို့ ပတ်သက်နေကြတဲ့။ ကာယကံရှင် သူငယ်ချင်းမကိုယ်တိုင် ပြောနေသော စကားလုံးတွေက အန်ဖတ်တွေလိုပဲ။ ပြီးတော့၊ ထိုကောင်မလေးကို အညစ်အကြေးပုံကြီိးအဖြစ် မြင်သည်။ ရက်စက်လိုက်တာ။ အရှက်တရားကို သူမ လူးလိမ့်နေအောင် ခံစားရစဉ်မှာပင် စိတ်မာသော သူမ၏ ‘အချစ်’က အလွယ်တကူ ပျက်စီးနိုင်ခဲ့သည်။ နောက်တော့၊ ဝေလွင်နှင့် ငြိမ်းမဟုတ်သော နောက်ထပ်ချစ်သူတစ်ဦိးကိုပင် သူမ ပြုံးရယ် ကြည့်နိုင်ခဲ့တော့ သည်။
ဒါပေမဲ့၊ ကုန်ခဲ့သော အချိန်တချို့မှ သူမ၏ မျက်ရည်မဲ့ငိုကြွေးခဲ့ရခြင်းတို့ကြောင့် သူမ၏ ချစ်ခြင်းမှာ အက်ကြောင်းရာ ထင်ခဲ့ရတာကတော့ သေချာလှသည်။
(၃)
‘အချစ်’ကို ကြောက်သွားသော သူမအတွက် ကိုစိုးသစ်က ဒုတိယဒဏ်ရာ ဖြစ်ခဲ့ရသည်မှာတော့ ချစ်မိပြန်သော သူမ၏ အပြစ်သာ ဖြစ်သည်။ သူမထက် အတန်းကြီးသော ကိုစိုးသစ်က သူမတို့အဖွဲ့၏ နားမလည်သော ကျောင်းစာတို့ကို ရှင်းပြလေ့ရှိသည်။ စာတော်သော ကိုစိုးသစ်သည် စာရိတ္တကောင်းမွန်ခြင်း၊ သူမကဲ့သို့ အနုပညာ၌ မွေ့လျော်ခြင်းတို့ဖြင့် သူမ၏အချစ်ကို ဒုတိယအကြိမ် ဆွဲငင်ရယူခဲ့သည်။
မလိုအပ်ပါဘဲနှင့် ရိုးသားချင်ပြန်သည်လား။ သို့မဟုတ်၊ သေဖူးခဲ့သူလို သူငယ်ချင်းမတို့ကို စိတ်မချသည်လား။ သူမကိုယ်တိုင်ပင် မသေချာစွာ အဖွဲ့ကို ကြေညာမိပြန်သည်။ ‘ကိုစိုးသစ်’ကို သူမ သဘောကျသည်ဟု ထုတ်ပြောတော့ သူမရင်၌ ကိုစိုးသစ်၏ချစ်ခြင်းကို ပိုင်ဆိုင်ခွင့်ရဖို့ ဆန္ဒပြင်းပျနေခဲ့၏။ သူမမျက်နှာ၌ ထိုချစ်အရိပ်တို့ကို သိသာစွာ တွေ့နိုင်ကြပါလိမ့်မည်။ သည်တကြိမ်တော့ဖြင့် သူမပျော်ရွှင်ရမည် ထင်ခဲ့သည်။
ကိုစိုးသစ် ပြောလာမည့် ‘ချစ်တယ်’ဆိုတာကို သူမကြားယောင်ရုံမျှနှင့်ပင် နှလုံးသွေးတို့ လှိုက်လှိုက်ဆူသည်။ ဒါကလည်း ‘ချစ်တယ်’ဆိုသော စကားတိုးဖွကို ရင်ခုန်ဖိုလှိုက် လက်ခံလိုတာ တစ်ခုတည်းကြောင့်သာ ဖြစ်၏။
+++++
သည်တကြိမ်၊ ‘ငြိမ်း’၏ ပတ်သက်မှုကတော့ သူမကို ဘယ်လိုမှ ခွင့်မလွှတ်နိုင်အောင် ဖြစ်စေခဲ့သည်။ ငြိမ်းသည် အချစ်၌ သူမထက် ကံကောင်းသူဖြစ်ပါလျက် ကိုစိုးသစ်ကိုမှ ရွေးချယ် ပတ်သက်ခဲ့ပြန်သည်။ သူမ၏ ရင်တွင်းအမုန်း၌ ထိုကောင်မလေး မီိးလောင်ပြာကျခဲ့သည်။ သူမ၏ ကိုစိုးသစ်ကတော့ သူမ၏အချစ်ကိုပင် မြင်တွေ့တတ်သူ မဟုတ်ခဲ့ပါ။ ထိုကြောင့်၊ ချစ်မိသူထံ၌မူ သူမ သိက္ခာ မယွင်းခဲ့ပါ။ သို့ပေမဲ့၊ သူငယ်ချင်းဒဏ်ကို လိမ့်နေအောင်ခံရသော သူမကတော့ အားလုံးနှင့်ဝေးရာ ဇာတိမြို့လေးဆီကို ထွက်ပြေးရတော့သည်။ သည်လိုနှင့် သူမ မက်မောလှသော အချစ်နှင့် သူမ အဝေးကြီး ဝေးခဲ့ရပြန်သည်။
+++++
နောက်တော့ ချစ်ခြင်း၏ ဒုတိယဒဏ်ရာဖြင့် သူမ ငါးနှစ်နီးပါး လေလွင့်ခဲ့ရသည်။ ရှက်ခြင်း၊ နာကျည်းခြင်း၊ စက်ဆုပ်ရွံရှာခြင်းတွေက ကိုယ်၏ကံကြမ္မာနှင့်တကွ သစ္စာပျက်သော သူငယ်ချင်းမနှင့် ချစ်ခဲ့ဖူးသူတို့အပေါ်၌ လှည့်လည်နေခဲ့သည်။ ထက်မြက်သော ခင်ကျော်ကျော်သည် မိသားစုစီးပွားရေးကိုသာ စိတ်နှစ်နေရသည်။ သူမကြောင့် တိုးတက်လာသော စီိးပွါးရေးမှာ ဂုဏ်ယူတတ်လာသောအခါ တခါက အချစ်၌ ယစ်မူးခဲ့ဖူးသမျှကိုပင် ခပ်ဖွဖွ ရယ်ချင်တတ်ခဲ့ပြီ။
(၄)
ကိုနိုင်ဦးကို စတွေ့တော့ ဝေလွင်ကို မြင်စဉ်ကလိုလည်း ရင်မခုန်ခဲ့။ ကိုစိုးသစ်ထံ၌ ခိုလှုံချင်သလိုမျိုးလည်း အားကိုးစိတ် မ၀င်ခဲ့။ စီိးပွါးရေးအရ ဖြောင့်မတ်သော တည်ကြည်သော ယောကျာ်းကောင်းတစ်ယောက် အဖြစ်သာ မြင်ခဲ့သည်။ ဒါကလည်း သူမ၏ အချစ်ကို ကြောက်လန့်ကာ ပုန်းကွယ်နေမိခြင်းကြောင့် အများကြီး ဖြစ်နိုင်သည်။
ထင်မှတ်မထားသည်က ကိုနိုင်ဦိးကို စာဖတ်ဝါသနာပါသူဟု သိလိုက်ရခြင်းပါပဲ။ သူမတို့နှစ်ယောက်၏ စကားဝိုင်းက ရုတ်ချည်း စိုပြည်လာသည်။ ဖတ်ဖူးခဲ့သမျှ စာအုပ်တွေအကြောင်း၊ ဂန္တ၀င် မြန်မာရုပ်ရှင်တွေ အကြောင်း ကိုနိုင်ဦး၏ မျက်ဝန်းများက ထိုအချိန်များ၌ စိုလက်နေတတ်၏။ သူမကတော့ ကျောင်းပြီးကတည်းက ခြောက်သွေ့ခဲ့သော ပတ်ဝန်းကျင်၌ အိုအေစစ်တစ်ခု တွေ့လိုက်ရသလို ကိုနိုင်ဦီးထံ၌ သာယာခဲ့တာသာ ဖြစ်မည်။
သို့ပေမဲ့ အချစ်၏အရသာကို စားသုံးဖူးပြီိးဖြစ်သည့် သူမ၏နှလုံးသားကတော့ ကိုနိုင်ဦး၏ သဘောကျဖွယ်များကို သူမလို ကျောမခိုင်းခဲ့။ သူမ ကိုနိုင်ဦိးကို ချစ်မိပြန်ပြီိ ထင်သည်။ အချစ်ဟူသည် အစဉ်အမြဲ အသစ် အသစ် မွေးဖွား၏။ ငါးနှစ်နီးပါးသေနေခဲ့သော အိပ်မက်တွေက ပြန်လည် လှပလာပြန်သည်။ သည်တကြိမ် အိပ်မက်များရှိ ဇာတ်လမ်းစဉ်တို့ကတော့ အစီးအဆင်း သိမ်မွေ့ညင်သာလှသည်။ အပြုံးတွေ အနမ်းတွေသက်သက်သာ ပါလှတတ်သည့် အရင်ကလို အိပ်မက်ပျော် ချစ်သူဘ၀တွေမျှသာမဟုတ်တော့ဘဲ စိတ်ချမ်းမြေ့ဖွယ် မိသားစုဘ၀ တစ်ခုထိတိုင်အောင် ပါဝင်တတ်သည်။
သူမ၏ မလှပလွန်းသော ရုပ်ရည်သွင်ပြင်အတွက် ကိုနိုင်ဦးကို တဘက်သတ် အားနာနေမိတာမျိုးလည်း ရြှိပန်သေးသည်။ ပြီိးတော့ ကိုနိုင်ဦးက သူမကို နှစ်ခြိုက်နေသလားဟုလည်း မတွေးရဲဘဲ ရှိပြန်၏။ ဝေလွင့်ကို ခံစားရသလို၊ သူ ငါ့ကို ချစ်နေတာပါဟုလည်း မပိုင်နိုင်။ ကိုစိုးသစ်ကို ခံစားစဉ်ကလို ငါ့ကို ချစ်လာအောင်ကြိုးစားမယ်ဟုလည်း မတွေးဝံ့။ ကံကြမ္မာကိုလည်း လွှဲမချတော့ဘဲ တစ်လတစ်ကြိမ် ကုန်ဝယ်လာရောက်မည့် ကိုနိုင်ဦးကို ဖော်ရွေဆီးကြိုဖို့ပဲ ဆန္ဒရှိတော့၏။၊ ပို၍ အတ္တကင်းလာခြင်း ဖြစ်ပါလိမ့်မည်။
သို့ပေမဲ့ ထိုသူနဲ့ယှဉ်တွဲရင်ဆိုင်ရမည့် အိမ်ထောင်ရေးတစ်ခုကိုတော့ မကြာခဏ စိတ်ကူးဖြစ်ခဲ့တာ ကိုတော့ ၀န်ခံရပါမည်။(၅)
စေ့စပ်ပြီးစ ရက်တွေမှာ သူမ ကိုနိုင်ဦးကို ရှက်နေမိသည်။ တကယ့် မြီးကောင်ပေါက်ကလေးလိုပါပဲ။ နောက်သုံးလအတွင်း သူမတို့ မင်္ဂလာဧည့်ခံပွဲ လုပ်မည်။ ကိုနိုင်ဦီးက သွက်လက်ဖျတ်လတ်လို့။ သည်တစ်ကြိမ်တော့ဖြင့် လောကမှာ ‘အချစ်’တစ်ခုကို သူမ ပိုင်ဆိုင်ရဖူးဖို့ သေချာပြီ ထင်၏။ သူမ မက်မောလှသော အချစ်လေ။ သူမ တင်စားထားဖူးသလို၊ ပျားရည်လို ချိုမြပြီး ပန်းပွင့်ချပ်လို နူးညံ့ချောမွေ့သည့် ‘အချစ်’လေ။ ပစ္စည်းတွေလျှောက်ဝယ်၊ သူမတို့နေမည့် အိမ်အောက်ထပ်ကို စိတ်ကြိုက် မွမ်းမံ။ အချိန်အား မရနိုင်လောက်အောင်ပင် ကိုနိုင်ဦး ရောက်နေခိုက်မှာ သူမတို့ လှုပ်ရှား သွားလာနေရသည်။ ညများတွင်လည်း တော်ရုံဖြင့် အိပ်ရာစောမ၀င်ဖြစ်ဘဲ စကားမပြတ်နိုင်ကြ။ ခုထိတိုင် ထွက်လက်စ မဂ္ဂဇင်းပါ ဆောင်းပါး ၀တ္တု ကဗျာတွေ အကြောင်းဆွေးနွေး၊ သီချင်းနားထောင်၊ အတူတူနေကြရင် ရန်မဖြစ်ကြကြေးနော် ဟူသော နုနုနော့နော့တွေပင် ပါသေး။
အိမ်ရှေ့မြေကွက်လပ်က ကွပ်ပျစ်ပေါ်မှာ သူမက ထိုင်တော့ နံဘေး ပက်လက်ကုလားထိုင်မှာ သူက ထိုင်။ တချက်တချက် လေပြည်က အေးလို့။ ထိုအခါများ၌ ခြံဝသနပ်ခါးပန်းရုံမှ သနပ်ခါးနံ့လှိုင်လာပြန်သည်။ သူမကတော့ ‘အချစ်ည’ဟု စိတ်ကူးယဉ် အမည်တပ်မိသေးသည်။
သို့ပေမဲ့၊ သူမရင်၌ တစုံတရာ လိုအပ်နေသည့် ခံစားမှုကတော့ ရှိနေခဲ့သည်။ သူမ ကိုယ်တိုင်ပင် နားမလည်နိုင်သည့် ခံစားရမှုပါပဲ။(၆)
မင်္ဂလာဦးညသည် သူမတို့၏ ပုံမှန် ညဦးအစဉ်အလာကို မထိခိုက်စေခဲ့။ ညဦင်္းလေပြည်နှင့် သနပ်ခါးပန်းနံ့ကို သူမ ထိတွေ့ခွင့်ရမြဲ။ ထိုည စကားဝိုင်းမှာတော့ အောင်မြင်ပြီးစီိးခဲ့သည့် မင်္ဂလာပွဲအကြောင်းတွေနှင့် ပို၍ ပျော်စရာ ကောင်းနေသည်။ ညဆယ့်တစ်နာရီထိုးတဲ့အခါမှာတော့ ပြာဖျော့ဖျော့ မီိးချောင်းဝိုင်းလေး ထွန်းထားသည့် အိပ်ခန်းထဲမှာ သူမတို့ ရောက်နေရပြီိ။
ပြတင်းဝမှာ ရပ်တော့ သူမ စိတ်ကြိုက် ဇာခန်းဆီးပြာကလေးက လေမှာလွင့်ကာ ပါးပြင်ကို လာရိုက်သည်။ ကိုနိုင်ဦးက စာကြည့်စားပွဲမှာ သော့တစ်တွဲဖြင့် အလုပ်ရှုပ်နေ၏။ ရင်၌ တလှပ်လှပ် တုန်လာသည်။ သည်တစ်ကြိမ် ဝေ့သောလေ၌ ညမွေးပန်းရနံ့ပါ ပါလာသည်။ သူမနံဘေးမှာ ကိုနိုင်ဦိး လာရပ်သည်။
‘ကျော်’အို... ဟုတ်ပါရဲ့၊ သူမကရော သူ့ကို ဘယ်လိုခေါ်ရပါ့။ အရင်လို ‘ကိုနိုင်ဦိး’ ဆိုတာကြီိးကတော့ သူမဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးသော ခင်ပွန်းအပေါ် ဆက်ဆံရေးမျိုးကြီိးပဲနော်။
သူမ လှည့်ပြီး မော့ကြည့်တော့ ကိုနိုင်ဦိးမျက်နှာမှာ အနည်းငယ် တွန့်ဆုတ်သော အမူအရာရှိနေသည်။
‘ပြတင်းပေါက်ဖွင့်အိပ်မလို့လား’ကိုနိုင်ဦး အသံကလည်း ကြောင်အအ နိုင်နေသည်။ သူမ တစ်ခုခု ပြန်ပြောဖို့ အသံမဲ့နေသည်။
‘အင်းပေါ့’ဟော... ဘာထူးလို့လဲ။ သူမ အသံကလည်း ပေါ့ရှရှပါပဲ။
သူမ ပခုံးကို ဖက်ပွေ့ကာ အိပ်ယာဆီကို အတူလမ်းလျှောက်လာသော အမျိုးသားသည် သူမ၏ လင်ယောက်ျား ဖြစ်၏။ သူမ၏ နောက်ဆုံး ဖြစ်ပေါ်သောအချစ်ကို ပိုင်ဆိုင်ရသူဖြစ်၏။ သူမ၏ချစ်ခြင်းကို တရားဝင် ပေးအပ်ခွင့်ရခဲ့သော တစ်ဦိးတည်းသော ချစ်သူ ဖြစ်သည်။ အို... သူမအတွေးတို့ ရပ်တန့်သွားသည်။ ချစ်သူ... ဟုတ်လား။ ဒါဖြင့်၊ သူမ သူ့ကို ချစ်တယ်လို့ ပြောခဲ့ပြီးပြီလား။ သူကရော... သူမကို ချစ်တယ်လို့ ပြောခဲ့ပြီး ပြီလား...။
ရုပ်ဆိုးသော မိန်းမတစ်ယောက်၏ ပါးပြင်ကို သူစိမ်းတစ်ယောက်က ပိုင်ပိုင်နိုင်နိုင် နမ်းခဲ့ပြီ။ သူမ၏ ပါးပြင်ပေါ်မှာ ကိုနိုင်ဦိး၏ အသက်ရှူငွေ့က အနည်းငယ် အေးစက်နေသည် ထင်၏။ သူမ အထိတ်တလန့်နိုင်စွာ မျက်လုံးကို စုံမှိတ်လိုက်မိသည်။ “ရှင်ကျမကို ချစ်တယ်”လို့ ပြောဖို့ လိုသေးတယ်လို့ သူ့ကိုပြောရမှာလား။ သူက ‘လိုသေးလို့လားကွာ’လို့များ ပြန်ပြောမှာလား။ ကျမဟာ ချစ်တယ်ဆိုတာကိုပဲ မွတ်သိပ်ခဲ့သူပါ။ ပြီင်္းတော့၊ ရှင် ကျမကို ချစ်တာပဲ မဟုတ်လားဟင်။ သူမ ရင်ထဲမှာ ဗလောင်ဆူလာသည်။
သူ့အနမ်းတွေက သိမ်မွေ့သည်။ သို့ပေမဲ့၊ နဖူးထက်က အနမ်းကတော့လည်း အေးစက်စက်နိုင်နေတုန်းပဲ။ ချစ်တယ်လို့ ဖွင့်ပြောလိုက်ရင်တော့ ချက်ချင်း ပူနွေးသွားမှာ ထင်ပါရဲ့။ ရုပ်သိပ်ဆိုးတဲ့ မိန်းမတစ်ယောက်ကို ရုပ်သိပ်မဆိုးတဲ့ ယောက်ျား (အထူးသဖြင့်၊ သူ့ရဲ့ ခင်ပွန်းသည်)က ချစ်တယ်လို့ မူးမူးမေ့မေ့ပြောတာဟာ ဘယ်လောက် တန်ဖိုးရှိလိုက်မလဲ။
အချိန်တွေ သိပ်ကြာနေပြီဟု ထင်နေမိသည်။ သူ ချစ်တယ်လို့ ဖွင့်ပြောလာမှာကို သူမ စောင့်နေတယ်လေ။
သူမ မျက်ခွံတွေ လေးလာသည်။ အိပ်မပျော်လေးခင်မှာတော့ ဘ၀၏ အထွက်အမြတ်ညမှာ သူမတပ်မက်သော ‘ချစ်တယ်’ဆိုတာနဲ့ မွေ့ပျော်လိုက်ချင်ပါသည်။ အိပ်မက်ယောင်သူလို သူမ တစတစနှင့် ကယောင်ကတမ်း နိုင်လာချိန်မှာတော့ စကားသံတိတ်ဆိတ်နေမှုကို သည်းမခံနိုင်စွာ သူ့လက်မောင်းကို မျက်နှာအပ်၍ ချစ်တယ် ချစ်တယ်..ဟု ဖွဖွ ရွတ်နေမိတော့သည်။ ပြီိးတော့ သူ့ရဲ့ တုံ့ပြန် ‘ချစ်တယ်’ ကို အငမ်းမရ မွတ်သိပ်နေမိ၏။
+++++
ရုတ်တရက် သူမနှူတ်ခမ်းတို့ ဆွံ့အ ပိတ်ဆို့သွားရသည်။ မျှော်လင့်ခဲ့သမျှတို့လည်း ပိတ်ဆို့ခဲ့ပြီိပေါ့။ ပြီးတော့၊ အချစ်မဲ့နှူတ်ခမ်းနဲ့ အေးစက်တဲ့အနမ်းအောက်တွေမှာ အိပ်မွေ့ချခံရသူလို ခံစားချက်ကင်းစွာ သူမ အိပ်ပျော် သွားရတော့မည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားလုသွားခင်ကလေးမှာပင် မျက်လုံးအိမ်မှ မျက်ရည်တို့ကို သူမ တိတ်တဆိတ် သုတ်ပစ်ခဲ့ရသေးသည်။ တဖန်၊ နင့်နင့်သီးသီး ရှိုက်ငင်မိတော့ ကိုနိုင်ဦိးက ခပ်ဟဟ ပြုံးရယ်ကာ ‘ကြည့်စမ်း၊ ကျော်လည်း တခြားမိန်းကလေးတွေလိုပဲ၊ မင်္ဂလာဦးညမှာ ငိုတယ်ဟုတ်လား ’ဟု အံ့သြနေပြန်သည်။
သည်တစ်ကြိမ်ကျသော မျက်ရည်တို့ကတော့ ထိခိုက်ကြေကွဲရခြင်းအတွက်သာ ဖြစ်ခဲ့၏။ သူမ၏ဘ၀၌ သူမ မွတ်သိပ်လှသော ‘ချစ်တယ်’ကို ဘယ်တော့မှ ရယူခံစားခွင့် မရှိနိုင်တော့တာ သိပ်သေချာခဲ့ပြီဖြစ်သည်။
မေငြိမ်း
၁၉၉၁၊ ဇန်န၀ါရီ စပယ်ဖြူမဂ္ဂဇင်းအထူးထုတ်။
5 comments:
ဟင်းးး... ဆိုးလိုက်တာ... ကျော်ကရော ဘာလို့ တဖက်သတ် လိုက်ချစ်နေရတာလဲ...
ရုပ်မလှလို့ပါဆိုမှ သမီးကလည်း...
အမရေ .. ဒီဟာလေးဖတ်ပြီး အဆုံးလည်းကျရော ရင် ထဲ နင့် ....
နူးညံ့တဲ့အချစ်ကို လေးလေးနက်နက်တောင့်တတတ်ကြတာကပဲ မိန်းမတယောက်ရဲ့သဘာဝ ထင်ပါရဲ့နော်…
Post a Comment