Jul 28, 2008

လယ်တောကအပြန်

"လယ်တောကအပြန်
ပန်ချင်တယ်ခရေဖူးဆိုလို့
မောင်ခူးကာပေး
မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး.."
ဆိုတဲ့ ဆရာမင်းသုဝဏ်ရဲ့ ကဗျာတစ်စကို ဦးသုမောင်က သီချင်း လုပ် ဆိုထားတာ။ အသံထည့်တာက စန္ဒယား(ဦး)လှထွတ် ထင်ပါရဲ့။ တနင်္ဂနွေနေ့က အဲဒီ သီချင်းကို ကျမ ညည်းနေမိတာ.. လယ်ကွင်းပြင်တခုရဲ့ အစပ်နားမှာ ရပ်ပြီးတော့ပေါ့။


တကယ်တော့ အဲဒီသီချင်းကို သတိရလို့သာ ဆိုမိရော..။ အဲဒီနားမှာ ခရေ မရှိ၊ နှင်းဆီ မရှိပါ..။ ဒါပေမဲ့ ကျမအတွက် ရွာကို လွမ်းသွားစေတဲ့ ပြောင်းပင်တချို့တော့ ရှိရဲ့။


ပြီးတော့ နောက်တပုဒ်..။

"ရှုမဆုံးတော့သည်.. စိမ်းလဲ့လဲ့နှစ်စဉ်.. လယ်ကွင်းတွေက တမျှော်တခေါ်စိုပြေလွင်.... ရိတ်သိမ်းချိန် ဆိုပြန်လျှင်.. ၀င်းမှည့်ရွှေစင်အိလို့ပင်.. စပါးအနှံတွေက အသီးတွေ သန်မြန် အောင်မြင်"
ဘာရယ်မဟုတ်.. လျှောက်ညည်းနေတာ။ တကယ်က ကျမ လွမ်းနေတာ။ ကျမတို့ ထားပစ်ခဲ့ရတဲ့ ဇွဲကပင် တောင်ခြေ သံလွင်မြစ်ကမ်းဘေးက ကျမတို့ရဲ့ တမျှော်တခေါ် လယ်ကွင်းပြင်ကြီးဆီကို လွမ်းနေတာပါ..။ ခုတော့ ရိုင်းမြေတွေများ ဖြစ်ကုန်ပလား..။

+++++

ကျမမိတ်ဆွေ အမေရိကန်လူမျိုးတယောက်က မြို့အစွန်မှာ လယ်တဧကကျော်ကျော် ၀ယ်ထားပြီး အပျော် အနေနဲ့ လယ်လုပ်နေပါတယ်။ တကယ်တော့ သူ့အဓိက အလုပ်က Environmental Journalist ပါ။ သူက လယ်လုပ် ရတာ စိတ်ချမ်းသာလို့ တဲ့။ အဲဒီနေ့က သူ့လယ်မှာ စပါး စ စိုက်ပါတယ်။ အတူတူ စပါးဆင်းစိုက်ကြဖို့ ပျော်ပွဲကလေးတခုအနေနဲ့ မိတ်ဆွေတွေကို ဖိတ်ပါတယ်။ ကလေးတွေပါ အသီးသီး ခေါ်ခဲ့ကြတဲ့ ဆုံပွဲလေးမို့ တကယ်လည်း ပျော်စရာပါပဲ..။ မိတ်ဆွေတွေ အယောက် ၂၀လောက်လာတော့ လယ်တဧက ခဏနဲ့ စိုက်ပြီး တာပေါ့။ (အဲဒီတ၀ိုက်မှာ အနောက်တိုင်းသား တွေ အများစုပဲ လယ်လုပ် ခြံလုပ် နေကြတာ တွေ့ရပါတယ်)။


ကျမမိတ်ဆွေက ကျမကို အရင်က ခုလို စပါးစိုက်ဖူးလားလို့ မေးပါတယ်။ ဒါနဲ့ ဗမာပြည်မှာတုန်းက ကျမယောက်ျားက လယ်လုပ်တာလို့ သူ့ကို ပြောပြတော့ သူက စိတ်ဝင်စားသဘောကျတဲ့ မျက်လုံးတွေနဲ့ Oh .. great တဲ့။ ကျမကတော့ စိတ်ထဲ မသက်မသာနဲ့ ကျိတ်ပြုံးမိပါတယ်။ ကျမတို့မှာတော့ oh.. great မဖြစ်ဘဲ No ! break သာဖြစ်တာလို့ တွေးမိလို့ပေါ့။

သတိရနေမိသေးတယ်။ ကျမက လယ်ကွင်းထဲက အနံ့ကိုကို ချစ်တာ..။ ပြီးတော့ လယ်ထဲမှာမှ တဟူးဟူး တိုက်တတ်တဲ့ လေ..။ နောက် စပါးပင်တွေကို ချစ်တာ။ ပြီးတော့ ပြောင်းခင်းနဲ့ ဖရဲခင်းတွေ။ ကျမကတော့ လယ်လည်း လယ်မို့ ကိုင်းလည်းကိုင်းမို့ သဘောကျနေတာ။ ယောက်ျားကို အမြဲ စတယ်.. မင်း လယ်လုပ် ယာလုပ်တတ်လို့ .. မင်း လယ်တွေ ယာတွေကို မက်လို့ ယူတာ.. လို့။ ဗမာပြည်မှာတုန်းကဆိုရင် ယောက်ျားက ဘာလုပ်လဲမေးတဲ့အခါ ကျမယောက်ျားက လယ်လုပ်တာလို့ ပြောရတာကို အရသာရှိနေခဲ့သေး။ 'မြေနဲ့အတူ' ဆိုပြီး လယ်သမားကို ဇာတ်လိုက်လုပ်ပြီး အချစ်ဝတ္ထုလတ်တပုဒ်တောင် ရေးဖူးပါသေးတယ်။

ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကိုယ့်လယ်ကလေး ကိုယ်လုပ်ဖို့ ကိုယ့်တအိမ်စာလေး စားဖို့တောင်မရဘဲ မိုက်ကြေးခွဲတဲ့ အစိုးရစပါးဆိုတာတွေ..။ 'နွေစပါးမစိုက်မနေရ.. ရေသွင်းဖို့ စက်သုံးဆီ ပေးမယ်'ဆိုပြီး တကယ် မပေးလို့ အိတ်စိုက်ရင်း ရှုံးရတာတွေ..။ နောက်ဆုံး... ကျမတို့လယ်က ရွှေထွက်တယ်လို့ ပြောရတဲ့ဘ၀ ရောက်ရော..။ ကျမမှာ စုထားသမျှ ရွှေတို ရွှေစတွေ အကုန် ထွက်ကုန်တာလေ.. ဟဲဟဲ..။ ကျမယောက်ျား ကတော့ လယ်အလုပ်ကို စုံမက်တာမို့ ဆက်မလုပ်နိုင်တော့တာကို စိတ်မကောင်း ဖြစ်နေသေးတာ။ (တို့နှစ်ယောက် အသက်ကြီးရင်တော့ ရွာပြန်ပြီး လယ်တွေ ကိုင်းတွေ ပြန်လုပ်ကြမယ်.. လို့သာ နှစ်သိမ့် ရတာပါပဲ)

ခု လယ်အပျော်စိုက်တဲ့ ကျမမိတ်ဆွေကတော့ ဒီလယ်ကလေးကနေ စပါး ၈၀လောက် ထွက်တာမို့ သူတို့ မိသားစုသုံးယောက်နဲ့ အလုပ်သမား၂ယောက်လောက် တနှစ် စားလောက်ရုံသာမက မိတ်ဆွေတွေကို ခဏခဏ ထမင်း ဖိတ်ကျွေးနိုင်ပါသေးသတဲ့။ အင်း ကိုယ့်လယ်မြေ ကိုယ်ပိုင်ခွင့်ဆိုတာ အဲဒါပဲပေါ့နော်။ အနည်းဆုံးတော့ ကိုယ်စိုက်တဲ့စပါး ကိုယ့်ဘာသာစားရသေး။ ကျမတို့မှာတော့ ၀မ်းစာစပါးတောင် အနိုင်နိုင် ချန်ပြီး အစိုးရက သတ်မှတ်တဲ့အတိုင်း ပြည့်အောင် ဈေးလျှော့ပြီး ရောင်းပေးရ။ နောက်ဆုံး ကိုယ်စားဖို့ တောင် မကျန်တော့တဲ့အခါတွေမှာဆို လယ်သမားအိမ်ဖြစ်ပြီး ဆန်ဝယ်စားရသေး။ ခုနောက်ပိုင်းမှာတော့ ရာသီဥတုက ဖောက်ပြန်ပြီး မိုးဦးစောလိုစော.. မိုးနှောင်းနောက်ကျလို နောက်ကျနဲ့မို့ စပါးတွေပျက်တာကို ကြုံရတာလည်း ခဏခဏ။ အထူးသဖြင့် ကရင်ပြည်နယ် မွန်ပြည်နယ်က သစ်ခုတ်ခံရတဲ့ အကျိုးဆက်ကို ပိုခံရတယ်နဲ့ တူပါရဲ့.. မိုးလေ မမှန်ဘဲ ရာသီဥတု ပိုပျက်လာတယ်။ ဒါနဲ့ပဲ ကျမတို့ ကရင်ပြည်နယ် မွန်ပြည်နယ်မှာ တဖြည်းဖြည်းနဲ့ လယ်လုပ်မယ့်သူ မရှိတော့တာ။ ဒီလိုနဲ့ပဲ တစတစ လယ်မြေတွေ ဆုတ်ယုတ်ကုန်တော့တာပေါ့လေ။

+++++

ကျမက ပုသိမ်ဆက်မို့ တချိန်တည်းမှာ ဟိုတွေးဒီတွေးနဲ့ ဧရာဝတီတိုင်းဆီက အကောင်းဆုံး လယ်မြေတွေကို သတိရနေမိပြန်ပါတယ်။ ခုတော့ နာဂစ်အလွန် ကျမတို့ မြစ်ဝကျွန်းပေါ်မှာရော..။ လယ်တွေ ဘယ်သူ လုပ်နေမှာပါလိမ့်။ ကိုယ်ပြည်နဲ့ အနီးဆုံးနိုင်ငံမှာ လယ်ကို အပျော်စိုက်ကြသတဲ့။ အနောက်တိုင်းသားတွေက ဒီနိုင်ငံလေးဆီလာပြီး ပိုက်ဆံရှိရင် လယ်မြေ ၀ယ်.. ယာမြေ ၀ယ်.. ဥယျာဉ်မြေ ၀ယ်။ စပါး စိုက်.. ကိုင်း စိုက်.. ပန်း စိုက်။ ပျော်လို့... တဲ့။ ဒါနဲ့ပဲ ဒီနိုင်ငံမှာ ဆန် ပေါ.. ကောက်ပဲ သီးနှံ ပေါ.. ပန်းတွေ ပေါ..။ ဒါလောက်ဆိုရင်ပဲ ထိုက်တန်တဲ့ အကျိုးခံစားခွင့်တခုလို့ ပြောနိုင်ပြီ။ ကျမတို့ မြန်မာပြည်မှာတော့ အဲလောက်ရိုးစင်းတဲ့ ကိုယ့်အလုပ် အကျိုးကိုတောင် ကိုယ်ပြန်ခံစားပိုင်ခွင့်မှ မရှိတဲ့ အနေအထားမှာ..။ ခုတော့.. ကိုယ့်ကိုယ်ပိုင် အလုပ်ကလေးတွေကိုတောင် ကိုယ်ပြန်မလုပ်နိုင်တော့တဲ့ ဘ၀တွေထဲမှာ..။ ရေမျောနေတဲ့ စပါးကျီတွေ.. ရေမျောနေတဲ့ ကျွမ်းကျင်လက်တွေ.. ရေမျောနေတဲ့ သန်မာကြံ့ခိုင်တဲ့ ခြေတိုင်တွေ..။ ရေမျောနေတဲ့ လယ်လုပ်သား ကျွဲ နွားတွေ..။ ရေမျောနေတဲ့ ဘ၀တွေ..။ ကူညီဆယ်ယူမယ့်သူတွေကိုယ်တိုင်လည်း ရေမျော နေကြရ။ အားလုံးဟာ ဘ၀ရေစုန်မှာ မျောနေကြရတာ..။ နောက်ထပ် ဘယ်လောက်ကြာကြာ... ... ...။ တကယ်ပဲ ကျမ အဖြေကို မသိပါ။ 'ပန်ဒိုရာ'ကတော့ ဒီစစ်ပွဲကြီးပြီးရင်... တဲ့။

+++++

လယ်တောကအပြန် လမ်းမှာတော့ ကျမ သီချင်းမဆိုနိုင်တော့ပါ။



7 comments:

ကိုပေါ said...

ဟုတ်ပါရဲ့ဗျာ။ ကျနော်တို့ အညာဘက်မှာလည်း အဲဒီ တာဝန်ကျ စပါးအကျေ မသွင်းနိုင်လို့ အသက်အရွယ်ကြီးကောင်းကြီးမှ အချုပ်ကျတဲ့ လယ်သမားကြီးတွေရှိတယ်။ ကျနော်သိတဲ့ဦးကြီးဆိုရင်….(အမေတို့က “ကိုရင်တင်” လို့ခေါ်တယ်။) သူ့မှာ သားယောင်္ကျားလေးကလည်းမရှိတော့ သမီးအပျိုကြီးတွေနဲ့ မိန်းမဘဲ ရှိတာ။ တာဝန်ကျစပါးမကျေလို့ အိုကြီးအိုမကျမှ ကုန်းဇောင်းရဲစခန်းမှာ အချုပ်ခံရရှာတယ်။ ရွာမှာရှိတဲ့ အဆွေအမျိုးတွေကလည်း တောင်မင်းကို မြောက်မင်းမကယ်နိုင်ပေါ့။ သနားလိုက်တာ ဆရာမရယ်။ သူ့ခမြာ ရှက်လည်းရှက်၊ ၀မ်းလည်းနည်းပေါ့။

အညာဘက်မှာ မြေတိုင်းစာရေးတွေနဲ့ စပါးဒိုင်တွေကလည်း မြွေပူရာကင်းမှောင့်ဆိုသလို ဒုက္ခပေးတယ်။ အခုတော့မသိ။ မဆလ လက်ထက်က လယ်တကွက်ရဲ့ စပါးထွက်နှုန်းကို မြေတိုင်းစာရေးက ကွင်းစွပ်ပြီးတိုင်းထွာတယ်။ သူ့နဲ့ အလွမ်းသင့်သူတွေဆိုရင် လယ်ကောင်းလျက်နဲ့ အပျက်ပြတယ်။ သူ့ကို မကပ်တဲ့သူတွေဆိုရင် လယ်ပျက်ပေမယ့် အထွက်တိုးပြတတ်တာမျိုး။

စပါးဒိုင်တွေကလည်း တာဝန်ကျ စပါးသွားသွင်းရင် “ဖုန်၊ သဲ၊ ခဲ” နဲ့ “အစိုဓါတ်” ဆိုတာတွေအတွက် နှုတ်ပြီး စပါးကို ပိုသွင်းခိုင်းသေးတယ်။

ဒါကြောင့် စပါးဒိုင်မှူးတွေ ပိုက်ဆံထောလို့ မော်တော်ဆိုင်ကယ်ဝယ်စီးရင် သူတို့ ဆိုင်ကယ်က ဘုတ်၊ဘုတ်၊ဘုတ် မမြည်ဘဲ “ဖုန်၊သဲ၊ခဲ” “ဖုန်၊သဲ၊ခဲ” ဆိုပြီး မြည်သတဲ့။ နောက်စက်ပျက်လို့ ထိုးရပ်သွားရင်တောင်မှ မရပ်ခင် “အစိုဓါတ်”ဆိုပြီး တချက်မြည်ပြီးမှ ထိုးရပ်တယ်လို့ နယ်ကလူတွေ ပြောကြတယ်။

ကျနော်တို့ တိုင်းပြည်က လယ်သမားဆိုတဲ့လူတွေက သနားစရာ အကောင်းဆုံးပါဘဲဗျာ။ လူတွေလည်း (နအဖ နဲ့ သူတို့ လက်ပါးစေတွေ) ဘယ်လို စိတ်ကြမ်းစိတ်ရမ်းတွေနဲ့များ လူကိုလူချင်း တက်နင်းပြီး ကိုယ့်ချမ်းသာမှုကို ရှာချင်ကြသလဲ မတွေးတတ်တော့ပါဘူးဗျာ။

လင်း said...

ဟုတ်တယ်နော် ဆရာ မ လယ်ကွင်းကိုဖြတ်တိုက်လာတဲ့လေအေးအေးလေးရယ်၊ ကန်သင်းရိုးပေါ်မှာလမ်းလျှောက်ရတဲ့အရသာရယ်၊ ကတွတ်ပေါက်ကရေစီးသံရယ်၊ မျက်စိတဆုံးလယ်ကွင်းပြင်ကြီးရယ် အဲဒါတွေကို အရမ်းသဘောကျတာပဲ။ ရန်ကုန်မှာတုံးက စိတ်တွေသိပ်ညစ်လာရင် မြို့ ပြင်ကိုထွက်ပြီး လယ်ကွင်းတွေဆီကို ထွက်ထွက်သွားတတ်တယ်။

Anonymous said...

ဒါဖတ်ပီး လယ် စိုက် ဖူး ချင် လာ ပီး)

yannaing said...

ဆရာမရေ....ဒီပိုစ့်လေးကိုဖတ်ပြီးတော့ကျွန်တော်ရောက်ခဲ့တဲ့ဒေးဒရဲအပိုင်ထဲကလယ်သမားဦးကြီးပြောပြတဲ့နာဂစ်အတွင်းက
သူပိုင်ဝမ်းစာစပါးနဲ့မျိုးစပါးတွေစပါးကျီ ( ဒေသအခေါ်
စေ့ )ထဲကတစ၊တစနဲ့လေနဲ့အတူလွင့်ပါသွားတာကိုပြန်
မြင်ပြီးမျက်ရည်များတောင်ဝဲမိပါရဲ့ ။။။။။။။
ရင်ဘတ်ကြီးနဲ့ခံစားမိခဲ့ပြန်ပေါ့ဗျာ။။။။။။

တန်ခူး said...

လယ်အပျော်စိုက်တယ်တဲ့လား မ ရယ်။ စိတ်သွားတိုင်း ကိုယ်ပါတဲ့ သူတို့ ဘ၀ကို အားကျလိုက်ပါဘိ။ ကျွန်မလဲ မ လို လယ်ရနံ့ လေးကို ချစ်တတ်သူမို့ ။

ကလိုစေးထူး said...

အမရေးမှဘဲ ဘားအံဘက်က ရှုခင်းတွေကို မျက်လုံးထဲ ပြန်မြင်ယောင်လာပြီ။ ဇွဲကပင် ဘုရားပွဲနဲ့ ဘားအံအကြောင်း တခုခုရေးမယ် ရေးမယ်နဲ့ ရေးမယ်ချည်းဖြစ်ဖြစ်နေတာလဲ ကြာလှပေါ့။
လယ်ကွင်း အနံ့ဆိုလို့ ကျနော် ကြံကြံဖန်ဖန် သတိရတာ ရှိသေးတယ်။ အဲဒါကတော့ လယ်တဲမှာထိုင်၊ ချောင်းထဲက ဖမ်းလာတဲ့ ဖားလောင်းဟင်း ကပေါက်တိ ကပေါက်ချာချက်ရယ် တောအရက်ရယ်ကို လယ်ကွင်းထဲက တိုက်တဲ့လေ တဟူးဟူးကိုခံပြီး ညီအကိုတွေ အရသာခံဖူးတာလေ။ :D

YeKyawAungMDY said...

A Ma Yae!! Miss alot this Scenery!