Jul 24, 2008

သစ္စာ

ဇော်ဇော်အောင်ရဲ့ ယုဇနမခင်ပျိုဝတ္ထုတိုပေါင်းချုပ်ထဲက "ပင်လယ်ထဲကညသည် ပိတောက်ပန်းဖြစ်၏" ကို ကျမက တော်တော်ကြိုက်။ နောက်(ဒေါ်)ကြည်အေးရဲ့ "မောင် ကိုကိုနဲ့ မြနန္ဒာ" နဲ့ "တမ်းတတတ်သည်" ကို ကြိုက်..။ ဆရာတာရာရဲ့ "တဟီတီသွားရအောင်" ကို ကြိုက်။ အဲဒီအချိန်မှာပဲ ကျမ မောင်လေးလိုဖြစ်နေတဲ့ ကဗျာဆရာ (သီချင်းလည်းရေးတဲ့) ညီရိုင်းရဲ့ "အချစ်အကြောင်းပြောရအောင်"ဆိုတဲ့ သီချင်းကို ကျမ ကြိုက်သွား ရာက ဒီဝတ္ထုလေး ရေးဖြစ်ပါတယ်။ (နောက်တော့ သူ့ခေါင်းစဉ်ကို တောင်းပြီး လုံးချင်းဝတ္ထုအနေနဲ့ပါ ရေးဖြစ် ပါတယ်)။ တကယ်တော့ ဒီဘက်ခေတ်ပိုင်း လူငယ်တွေထဲမှာ အချစ်ဆိုတာက ရုပ်ဆန်လာတယ်.. ပေါ့တန် လာတယ်လို့ ကိုယ့်ဘာသာထင်မိရာကနေ "သစ္စာ"ဆိုတာကို ပြောချင်လာတာပါပဲ။
ဒီနေရာမှာ နောက်တခုပြောချင်တာက ဒီဝတ္ထုလေးကို မဟေသီကိုပေးတော့ ကျမရဲ့ မိတ်ဆွေ လည်း ဖြစ်.. သိပ်ကြိုက်တဲ့ ပန်းချီဆရာလည်းဖြစ်တဲ့ ကေမြိုး(ကွယ်လွန်)က illustration ရေးပေးတာက ကျမအတွက် အဖိုးမဖြတ်နိုင်ဖြစ်သွားရတာပါပဲ။ (ကဲ ဒီဝတ္ထုတင်ပေးဖို့ သတိတရ ပြောတဲ့ အိန္ဒြာ နဲ့ တိုက်တိုက်ဆိုင်ဆိုင် Original ကို Scan ဖတ်ပြီး ပို့ပေးလာတဲ့ ကိုဇာနည်တို့ကိုပါ တလက်စတည်း ကျေးဇူးတင်ကြောင်း)


သစ္စာ



ပြန်လှည့်ကြည့်တဲ့အခါ
ကမ်းစပ်မှာ
ကျန်ခဲ့တဲ့ ခြေရာတွေလို
ကိုယ့်အသည်းနှလုံးမှာ
သူ့အပြုံးတို့ စွန်းထင်းငြိစွဲ
အသည်းအမည်း ချစ်ခြင်းတို့နဲ့ အတူ
အဲသည်ကမ်းစပ်မှာ ငွေလရောင်ကို မျှော်ကြည့်ကြ၊ ငွေလှိုင်းဖြူတွေကို ငေးကြည့်ကြ၊ ငွေသောင်ယံမှာ မျောရွေ့ကြ၊ လွမ်းစရာ ပုံပြင်တွေ ပြောကြ၊ ပျော်ခဲ့ကြသလား။ လွမ်းဆွတ်ခြင်းနှင့် ယှဉ်သော အပျော်များ။
တခါ တခါ ဇော်ဇော်အောင်ရဲ့ "ပင်လယ်ထဲက ညသည် ပိတောက်ပန်း ဖြစ်၏" ၀တ္ထုတိုထဲက စာသားအချို့ကို ကိုယ်က ရွတ်မိ။ ဒါပေမဲ့ သက်သေပြစရာ ပိတောက်တို့ ပွင့်ခွင့် မရခဲ့။ မောင်က သိပ်နားမလည်ပေမဲ့ မျက်ရည်ကျ။ ဒါပေမဲ့ ကိုယ်တို့ရဲ့ ပင်လယ်ညမှာ သစ္စာပန်းတော့ ပွင့်ခဲ့တယ်နော် မောင်။ ပြီးတော့ မောင့်အပြုံး တွေထဲမှာ ရင်ကွဲနာကျ။
မေ့လို့ရမတဲ့လား...
အဲဒီရက်တွေထဲမှာ... မျက်ရည်ရယ်...
အချစ်ရယ်...
ကြင်နာခြင်းနဲ့
နွေးထွေး လှိုက်လှဲခြင်းတွေရယ်...
ပြီးတော့ ...
ခွဲခွာရမှုရယ် ဖွဲ့စည်းလို့
ဘယ်လောက်များ သိပ်သည်းလိုက်သလဲကွယ်
ဒါဟာ...
အင်မတန်ချိုမြိန်တဲ့ အချစ်ပါပဲ။
မကြာခင် ကျောခိုင်းရမယ့် အပြုံးတွေ၊ မျက်ရည်တွေ၊ ကမ်းစပ်မှာ ထင်ကျန်ရစ်တဲ့ ခြေရာတွေကို လှိုင်းတွေက ဖျက်မယ်။ တို့နှစ်ယောက်ရဲ့ ဘ၀လေးကို ကံကြမ္မာက ဖျက်မယ်။ နောက်ဆုံးကျ ခြေရာတောင် မကျန်ရစ်ရတော့ ဘူး တဲ့လား။ စိတ်ကိုတော့ ကန့်သတ် တားမြစ်လို့ မရဘူးနော်။


++++++++++++++

ပင်လယ်ထဲက ညဟာ အုန်းစိမ်းရည် ထည့်စိမ်ထားတဲ့ ဘီယာပျက်ပျက်နဲ့ မူးယစ်ရတဲ့ နွေးထွေး ချိုမြိန်ခြင်းပဲ။
အချစ်ဟာ
ဘီယာလို ခါးသက်
ပြီးတော့ စွဲမက်စရာလည်း ကောင်း...
ဒီလိုနဲ့ ချိုမြိန်ပြန်ရဲ့။
ခက်ခဲလောင်မြိုက်တဲ့ အချစ်ဘ၀ထဲမှာ ဘယ်သူ အသည်းမကွဲဘဲ နေမလဲ။ "တကယ့်အချစ်" ဆိုရုံနဲ့ ကျော်ဖြတ်လို့ မရနိုင်တဲ့ စည်းမျဉ်းတွေ၊ "တခါ တခါ လိမ္မာရတာ အသည်းကွဲတယ်" လို့ ကိုယ်ပြောတော့ မောင်က မျက်ရည်ကျ။ သားသမီးတွေရဲ့ ငဲ့ညှာတတ်မှုကို မိဘတွေက မယုံကြည်ကြ၊ သားသမီးတွေရဲ့ နားလည်ပါးနပ်မှုကို မိဘတွေက လက်မခံတတ်ကြ၊ ဒါပေမဲ့ တို့ ပေးဆပ်ကြရမယ်။
တကယ်တမ်းကျတော့ ရင်နှင့်အမျှ သယ်ပိုးလို့ ရင်းနှီး ပေးဆပ်ကြရတာပါ။ တို့နှစ်ယောက်ကို "သဘောမတူ နိုင်ဘူး" ဆိုတဲ့ အမေတစ်ယောက်ရဲ့ နှလုံးသားအတွက်၊ ဒါမှမဟုတ် စေတနာကြီးတတ်တဲ့ အမေတွေရဲ့ နှလုံးသား တွေအတွက် တို့နှစ်ယောက် ခွဲခွာကြရမယ်။
အဲဒီတွဲလက် နှစ်ခုဟာ
တချိန်မှာ
ပြေလျော့ ဖြုတ်ခွဲ ကြရမတဲ့
ကံကြမ္မာရဲ့ စီရင်ချက်နဲ့ အတူ။
သဲပြင်ပွပွမှာ လက်နှစ်ဖက်တို့ ဆုပ်ဖျစ်... ပြေးလွှားကြ၊ ဟိုး မိုးကုပ်စက်ဝိုင်းအထိ ပြေးချင်တာ၊ အားလုံးကို ကျောခိုင်းလို့၊ ဒါပေမဲ့ ကိုယ်တို့ရဲ့ ခြေထောက်တွေကို ကိုယ်တို့ ကိုယ်တိုင်ပဲ ရိုက်ချိုး။ ဆို့နစ် ကြေကွဲစွာနဲ့ ကိုယ်က "နောက်ဘ၀ဆိုတာကိုပဲ ယုံကြစို့မောင်" လို့ ညာပြီး ချော့။ မောင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၊ သဲပြင်ကို လက်သီးနဲ့ ထိုးခွဲတော့ ကျမက တဟားဟား ရယ်ပြီး "အဲဒီ ကံကြမ္မာဟာ သေသွားပြီနော် မောင်..." လို့ အရူးတစ်ယောက်လို စာဆန်ဆန်နဲ့ ပြောမိသေးရဲ့။ ပြီးတော့ ရယ်နေတဲ့ကြားက စို့ စို့ တက်လာတဲ့ မျက်ရည်တွေ အတင်း မျို မျိုချ။ မောင်ကတော့ "ဒါဟာ ၀ဋ်ပဲ" တဲ့။ ကိုယ်က "ကျိန်စာ" လို့ ဖြည့်ပြောတော့ မောင်က ကြေကြေကွဲကွဲ ခေါင်းညှိတ်တယ်။
"ဒါပေမဲ့ ဘ၀တွေကိုပဲ တားလို့ရမယ်၊ စိတ်ကိုတော့ တားလို့မရပါဘူးကွယ်" လို့ပြောရင်တော့ မောင်က နာနာကျင်ကျင် ပြုံးတယ်။
အချစ်ရေ...
တကယ့်တကယ်မှာ
အချစ်စစ်ဆိုတာ
နိဂုံးမရှိပါကွယ်
ဟိုးအဝေးကြီးအထိ
လွင့်မျောသွားနိုင်တယ်။
ဘ၀မှာ ကိုယ်အမုန်းဆုံး စကားလုံးဟာ "ငဲ့ညှာမှု" ဆိုတာပဲလို့ ပြောမိပြန်တော့လည်း မောင်က ကိုယ့်ကို တင်းကျပ်နေအောင် ပွေ့ဖက်ပြီး လှိုက်လှိုက်လှဲလှဲ ထောက်ခံရှာတယ်။ 
အဲဒီပင်လယ်ထဲ 
နှစ်ဦးသဘောတူ နစ်မြုတ်..
ဘ၀ထဲ သိပ်မွမ်းကျပ်လာတဲ့အခါ လမဲ့ညထဲက ပင်လယ်ရေ အေးအေးထဲမှာ ဆင်းစိမ်ရတာဟာ အထိရောက်ဆုံး ထွက်ပေါက်တခုပဲ ဆိုတာ လက်ခံကြပါ့မလား အေးမြမြ၊ စိုစိမ့်စိမ့် သဲမြေပေါ်ကို ခြေဗလာနဲ့ နင်းဖြတ်၊ ဖြည်းဖြည်းချင်း လျှောက်၊ ရေထဲ တစ တစ နစ်ဝင်လို့ ရင်ခွင် တစ်ခုလုံး နစ်မြုပ်သွားတဲ့အထိ ဆင်းလို့ စိမ်တဲ့အခါ ညအမှောင်နဲ့ ပင်လယ်ရေထုဟာ လူကို ဖိစီးရင်း ရင်မှာ ကျပ်သိပ် လေးလံ။ အဲဒီ ဖိစီးမှုဟာ သောက ဖိစီးခံ နေရတဲ့ နှလုံးသား အတွက်တော့ လုံလောက်တဲ့ တန်ပြန် အာသာဖြေမှု တစ်ခုပဲ။ သိပ်လိုအပ်ရင် "မောင့်ကို ချစ်တယ်" လို့ ရင်ပွင့်အောင် အော်လိုက်လို့ လည်း ရသေးတယ်။ ပင်လယ်လှိုင်းသံတွေနဲ့ အဆုံးမရှိ ဟင်းလင်းပြင်ကြောင့် ကိုယ့်အသံက ဘယ်သူမှ မသိလိုက်ရပဲ လွတ်လွတ်လပ်လပ်နဲ့ ဟိုး ဝေးဝေးကို လွင့်သွား မှာ။ ဟိုး... စကြ၀ဠာအပြင်ဘက်ဆီအထိပေါ့။
ပြီးရင်...
မျက်ရည်တွေနဲ့ ပေါင်းစည်းလို့
ဲဒီသောက မြစ်ထဲ
နှစ်နှစ်ခြိုက်ခြိုက် မျှောလိုက်ကြမယ်...
ဒါပဲ... အချစ်ပေါ့ကွယ်။


ပင်လယ်ကမ်းခြေ ညရဲ့ နွေးထွေးအေးမြမှုထဲ ချစ်တဲ့သူနဲ့အတူ ကျစ်ကျစ် ပွေ့ဖက်လို့ အချိန်တွေကို၊ ဘ၀တွေကို လှည့်စားဖူးပါသလား။ အဲဒါဟာ ဖြေဆေးတစ်မျိုး ဖြစ်သလို အဆိပ် တစ်မျိုးလည်း ဖြစ်တယ်။ အဲဒီ အဆိပ်ကို ၀ိုင်တစ်ခွက်လို တို့နှစ်ယောက် တစ်ရှိုက်မက်မက် သောက်။ ဘ၀ဆိုတဲ့ ဆေးခါးကို အချစ်ဆိုတဲ့ အချိုနဲ့ ငုံပါရစေ။ ပြီးတော့ "ခွဲကြရမှာ" ဆိုတဲ့ အနာဂတ် အဆိပ်ရည်ကို ၀ိုင်တစ်ခွက်လို မူးယစ်မေ့လျော့ပါရစေ။
ဘယ်လောက် မိုက်မဲကြသလဲကွယ်။ အဆုံးမှာ ကြေကြေကွဲကွဲ နိုးထကြရမယ်လို့ သိရက်နဲ့ အဲဒီအိပ်မက်တွေကို နှစ်ယောက်အတူ စုံစုံမက်မက် မက်ခဲ့တာ။
သောကမြစ်ထဲ ...
နှစ်နှစ်ခြိုက်ခြိုက် မျှောလိုက်...
တကယ်ပဲ မျောချင်ရာမျော၊ သောင်မမြင် ကမ်းမမြင် လွင့်ချင်ပါတယ်။ ဟောဟိုက တွဲလွဲကျနေတဲ့ တိမ်မျှင်တွေ ပင်လယ်ဆီ ရေငုပ်ဆင်းတဲ့အခါ တို့ ခိုလိုက်သွားစို့လား မောင်။ ဒါမှမဟုတ် ပင်လယ်ထဲ အပြီးတိုင်ငုပ်ဆင်းသလို ပျောက်သွားမဲ့ နေလုံးနီနီကြီးနဲ့အတူ မြင်ကွင်းတွေထဲကနေ ပျောက်ချင်ယောင် ဆောင်ကြစို့ရဲ့။ နာရီတွေ လွှင့်ပစ်၊ ပြက္ခဒိန် ရက်တွေ ၀ှက်ထား၊ အထိမ်းအမှတ်တွေ၊ သတ်မှတ်ချက်တွေကို လူတွေကသာ ဖန်တီးတာပါ မောင်ရဲ့။ ဘာဖြစ်သလဲ... မောင်။ ဧပြီ ၁၄ရက်နေ့ နေ့လည်ခင်းမှာမှ တကယ် သင်္ကြန်ကျတယ် လို့ ကိုယ် ပြောမယ်။ သင်္ကြန်ပွဲတော်တွေ ကိုယ်မသိပါဘူးကွယ်။ ကိုယ်သိတာ ဧပြီ ၁၄ရက်နေ့ နေ့လယ် မှာ မောင်လောင်းခဲ့တဲ့ ရေသန့်ဗူးထဲက ရေနွေးနွေးတွေကမှ သိပ်ကို စည်ကားသိုက်မြိုက်တဲ့ အေးမြ သင်္ကြန်အဖြစ် ကိုယ့်ကို ဆင်နွှဲစေ ခဲ့တာ။ အဲဒီမှာမှ တကယ့် "အခါ"... ဘယ်တော့မှ မေ့မရစေရ။
ဒါနဲ့ပဲ အသည်းနှလုံးတွေ မွမွကြေ။ တကယ်တော့ မလွယ်ပါဘူး... အန်တီ (မောင့်အမေ)။ ရင်အကွဲ ခံပြီး ကျမတို့ စွန့်လွှတ်ကြရတာပါ။ မိဘဆိုတာ တစထက် တစ ယုတ်လျော့ ကျဆင်းသွားကြရသူတွေ။ လိုအပ်ချက်တွေကို ကိုယ်တိုင် အပြည့် မဖြည့်နိုင်ကြတော့တဲ့ သူတွေ။ ပြီးတော့ သားသမီးတွေကို ပင်ပန်း တကြီးနဲ့ ဖြည့်ဆည်း ငဲ့ညှာခဲ့ကြ သူတွေလို့ နားလည်တဲ့ အခါ ကျမတို့နှစ်ယောက် နာကျင် ပင်ပန်းခဲ့ကြရ ပါတယ်။

"မောင်... ဟိုးဝေးဝေးမှာ အိမ်လေးတစ်လုံး ရှိနေတယ်။ အိမ်ကလေးက သာတောင့် သာယာနဲ့ သိပ်နေချင်စရာ ကောင်းတာပဲ။ အေးမြခြင်းရယ်၊ အလင်းရောင်ရယ်၊ လှိုက်လှဲမှုရယ်၊ လုံခြုံမှုတွေရယ်နဲ့ အတိပြီးလို့။ ဒါပေမဲ့ အဲဒီအိမ်လေးမှာ ကိုယ်နေခွင့်မရနိုင်ဘူးတဲ့။ အတားအဆီး အနှောင့်အယှက်တွေက အခိုင်အမာနဲ့။ ဒါဆို ဒီအိမ်လေးဆီ ရောက်အောင် ကိုယ်ဘာလို့ အမောခံသွားမလဲနော်။ ဒါပေမဲ့ သွားချင်နေတာပဲ။ တမက်တမော ငေးချင်သေးတာပဲ။ ခဏလေး ဖြစ်ဖြစ်လည်း နေဖူးချင်လိုက်တာပဲ။ ဒါမှ နောင်အခါ လွမ်းရင်ရရင် ငါနေခဲ့ဖူးတဲ့ အိမ်ကလေးလို့ အလွမ်းပြေနိုင်တယ်ပေါ့။ ဒါဟာ မိုက်မဲတာဆိုရင်လည်း အဲဒီ မိုက်မဲရတာဟာ သာယာစရာ ပါကွယ်။ ပြီးတော့ ကိုယ်ပိုင်ချင်တဲ့အရာ တခုကို လုံးဝ မရဖူးလိုက်တာထက် စာရင် ခဏလေးဖြစ်ဖြစ် ပိုင်ဆိုင်ဖူး လိုက်တာက ပိုအဖိုးတန်တယ်လို့ ကိုယ်က ယူဆတယ်လေ။ အဲဒါ မှားသလားဟင်။ အဲဒီအိမ်ကလေးဟာ "မောင်နဲ့ ဘ၀" ပေါ့။ တံတိုင်းတွေ အထပ်ထပ်နဲ့ အိမ်ကလေးလေ"
သဲပူပူသောင်ပြင်မှာ
မောင်နဲ့ ကျမ ဘ၀အတူတူ
ကိုယ့်ဘာသာ ကန့်သတ်ရတဲ့
ကမ်းစပ်နဲ့
ဒါပေမဲ့...
အဆုံးအစမဲ့ ကျယ်ပြော...
လှိုင်းထန်။
အဲဒီကာလလေး တစ်ခုထဲမှာ ဘယ်လိုမှ ရန်မဖြစ်ကြတဲ့ ချစ်သူနှစ်ဦး ရှိတယ်။ ချိုမြိန်တဲ့ အရယ်အပြုံးတွေ ရှိတယ်။ မျက်ရည်ကျ မရလောက်အောင် ပြင်းပျတဲ့ ငိုကြွေးခြင်းတွေ ရှိတယ်။ အယ်လ်ဖာနဲ့ အိုမီဂါလို တစ်ယောက် မျက်လုံးတွေထဲ တစ်ယောက် ခုန်ဝင် နစ်မြုပ်ကြတယ်။ သူတို့ နှစ်ယောက်ဟာ ကြည့်မှန် မလို။ စာချုပ် မလို။ ပူလောင်သော ကတိစကားများလည်း မလို။ နှုတ်ဆက်စကားလည်း မလို။
"တို့ရဲ့ ဒုက္ခတွေ ခဏမေ့လိုက်ပြီး အနာဂတ်အကြောင်းတွေကို မစဉ်းစားချင်ဘူး... ဒီနေ့တော့လေ မင်းအချစ် အကြောင်း ပြောကြရအောင်... မင်းရဲ့ ဆံပင်ရှည်တွေကို ဖြီးမပေးဖြစ်တာ... ရက်များ လများ ကျော်သွားခဲ့တာ... လွမ်းလိုက်တာ ကွယ်... ခေါင်းလေး မော့လို့ မျက်လုံးလေး မှိတ်ပါကွယ် ... အရင်တုန်း ကလိုပဲ နဖူးလေး နမ်းကာရယ် .... တို့ရဲ့ ကမ္ဘာလေး ဒီနေ့ ပြန်ယူကြမယ် ...
တိုက်အိုတိုက်ပျက်တွေ ကြားထဲမှာပဲ... တို့ရဲ့ ပခုံးမှာ ခေါင်းလေးမှီကာ မှေးနေကွယ်... အချစ်အကြောင်း ပြောကြ မယ် ... ကြယ်တွေကို ငေးမောရင်းလေ... မင်းချစ်တဲ့ ရှယ်လီရဲ့ ကဗျာတွေ ရွတ်ပြနေမယ်... ပန်းပွင့်တို့ ကြား လဲလျောင်းအိပ်စက်ရာ သောကတို့ရဲ့ အနူးညံ့ဆုံး မြှုပ်နှံရာ တို့ရဲ့ဂီတ ဒီနေ့ ရှင်သန်ကြမယ်...

***အချစ်အကြောင်း ပြောမယ်လေ ... တို့ရဲ့ လက်ချင်း ဆုပ်ကိုင်ထားတာ ... အချစ်အကြောင်း ပြောမယ် ဆိုရင် ဘယ်နေ့များ ဆုံးမလဲ ... မမောဘူးကွယ် ***

ပူလောင်တဲ့ မီးများ ငြိမ်းစေသား... နာရီများ တို့နှစ်ယောက် မေ့လို့ထား... ဖြူစင်တဲ့ အပြစ်မဲ့ တေးသံများ ရင်ထဲ နက်ရှိုင်းစွာ... နေရောင်များ နူးညံ့ဝင်းပသွားအောင် ကြည်လင်တဲ့ အချစ်နဲ့ ညှိ့ယူထားမယ်... ဒီတသက်လုံး အမှတ်တရ ဖြစ်စေမယ် ... ဒီနေ့ အချစ်အကြောင်း ပြောကြမယ် ..."
သီချင်းတွေဟာ ကျဉ်းကျပ်တဲ့စိတ်တို့အတွက် ပွင့်အန် လွတ်မြောက်ရာ။ သူငယ်ချင်း "ညီရိုင်း" ရေးတဲ့ အဲဒီ "အချစ်အကြောင်း ပြောရအောင်" သီချင်းကို သိပ်ကြိုက်တဲ့ ကိုယ်က သီချင်းစာသားတွေကို ကဗျာရွတ်သလို ရွတ်ရင်း သောင်ပြင်မှာ လရောင်အားကိုး၊ မောင့်လက်ဖ၀ါးတွေ အားကိုးနဲ့ လမ်းလျှောက်ရတာ လွတ်လမ်း တစ ပဲ။ မောင် သီချင်းဆိုရမယ့် အလှည့်ကျရင်တော့ မောင်က သူ့အသံ ကွဲရှရှလေးနဲ့ သိပ်မလိုက်ဖက်ဘဲနဲ့ ထူးအိမ်သင်ရဲ့ "ချစ်တိုင်းလည်း မညား" ကိုပဲ ရွေးတယ်။
"ချစ်တိုင်းလည်း မညား.... စကားကိုသာ တီးတိုးရေရွတ်မိကာ ကိုယ့်နှလုံး အသည်းအိမ်မှာ အချစ်များစွာ... သူပေးတဲ့ အချစ် များကိုသာ ထွေးပိုက်နေတုန်း အခိုက်မှာ ကိုယ့်နှလုံးသား အသည်းတနေရာ သူပေးတဲ့ ဒဏ်ရာများ...အိုး...အချစ်...."
ဆိုတဲ့ Chorus အပိုဒ်ရောက်ရင် မောင်က မျက်စိကို စုံမှိတ်လို့ ဖွင့်အော်တော့တာ။ ကိုယ်ကတော့ ငိုချင်ပါတယ် ကွယ်။ ဒါပေမဲ့ တို့ ကျေနပ်ကြရမယ်။ ဒါမှမဟုတ် သက်သာရာရဖို့ တို့ မေ့ကြမလား၊ မုန်းကြမလား။ မောင်ကသာ မချစ်ဘူး ဆိုရင်တော့ လမ်းခွဲကြစို့ကွယ်။



"မောင်... မချစ်ဘူးလို့ပြော"
"မပြောဘူး"
"ဒါဖြင့် ချစ်တယ်လို့ပြော"
"ပြောမယ်"
မောင်က ငြိမ်တိတ်သွားတယ်။
ပြီးမှ ...
"ချစ်တယ်... နော်... ချစ်တယ်" တဲ့။ 
တိုးတိုးလေး။ ကျမရင်ထဲမှာတော့ ပဲ့တင်ရိုက်လောက်အောင် မြည်ဟီးလို့။ မချိမဆံ့။ ဒါဖြင့် ဘယ်လိုများ ခွဲခွာကြမလဲကွယ်။
နေရောင်များ နူးညံ့ဝင်းပသွားအောင်
ကြည်လင်တဲ့ အချစ်နဲ့
ညှိ့ယူထားမယ်
ဒီတသက်လုံး အမှတ်တရ
ဖြစ်စေမယ်
ဒီနေ့
အချစ်အကြောင်းပြောကြမယ်...
ခဏလောက် အားလုံးကို မေ့စမ်း။ လှိုင်းတွေထဲ ပြေးဆင်း၊ လှိုင်းသယ်ရာ လိုက်၊ လှိုင်းပို့ရာ ပါ။ ကံကြမ္မာဆိုတာ လှိုင်းတွေပဲ။ ကဲ... လုပ်ချင်ရာ လုပ်စမ်းတော့။ မောင်ကတော့ လှိုင်းတွေကို နိုင်ချင်သတဲ့။ တို့နှစ်ယောက်ရဲ့ ရာဘာလှေက လှိုင်းတွေပေါ်မှာ တလိမ့်လိမ့်။ မောင်နဲ့ ကိုယ်က ပကတိ ရယ်မော။ လှိုင်းက ၀ုန်းခနဲ ရိုက်တော့ လှေကလေးမှောက်သွားတယ်။ ရေနစ်ရတာလည်း မောင့်နံဘေးမှာတော့ လွမ်းစရာပဲ။ မောင်က လှစ်ခနဲ ခိုးနမ်း။ ဟင့်အင်း... အဲဒါ အနမ်းမဟုတ်ဘူး။ အချစ်။ အင်မတန်ဖြူစင် မွန်မြတ်စွာ ရင်းနှီးပေးဆပ်ထားရတဲ့ အချစ်။ နေကျဲကျဲကို မော့ကြည့် ပြုံးပြကြ။ ဘာကိုမှ မကြောက်ချင်တော့။
ဒါနဲ့ပဲ
ချစ်ခြင်းတရားထဲ
အားပါးတရ လဲသေ...
ဟော... နေ၀င်တော့မယ်။ တနေကုန်တော့မယ်။ သတ်မှတ်ချက်တွေအရ နာရီတွေ ရက်စွဲတွေ ပြန်ရောက် လာကြ တော့မယ်။ ရှောင်ပြေးမရ။ ကဲ... ပြေးတွေ့လိုက်ကြစို့ရဲ့ကွယ်။ အဲဒီအခါ ... အလွမ်းတွေရယ်၊ အချစ်တွေရယ်ကို မခြွင်းမချန် ထုပ်ပိုးလို့ သယ်သွားကြမယ်နော် မောင်။ တစ်ဘ၀စာ။
နောက်ဆုံးကျတော့...
ခပ်ဝေးဝေး သဲပြင်ပေါ်က
ခြေရာတွေသာ
ဒဏ်ရာတွေအဖြစ်
လွမ်းဆွတ်ဖွယ် ကျန်ရစ်။
+++++++++++++
၁၉၉၆၊ အောက်တိုဘာလ၊ မဟေသီမဂ္ဂဇင်း။

10 comments:

s0wha1 said...

( သားသမီးတွေရဲ့ ငဲ့ညှာတတ်မှုကို မိဘတွေက မယုံကြည်ကြ၊ သားသမီးတွေရဲ့ နားလည်ပါးနပ်မှုကို မိဘတွေက လက်မခံတတ်ကြ၊ ဒါပေမဲ့ တို့ ပေးဆပ်ကြရမယ်။

တကယ်တမ်းကျတော့ ရင်နှင့်အမျှ သယ်ပိုးလို့ ရင်းနှီး ပေးဆပ်ကြရတာပါ။ တို့နှစ်ယောက်ကို "သဘောမတူ နိုင်ဘူး" ဆိုတဲ့ အမေတစ်ယောက်ရဲ့ နှလုံးသားအတွက်၊ ဒါမှမဟုတ် စေတနာကြီးတတ်တဲ့ အမေတွေရဲ့ နှလုံးသား တွေအတွက် )

စောင်းရေးထားတာလားလို့ ပြောရအောင်ကလည်း (၁၉၉၆) ၈တန်း ကျောင်းသူအရွယ်သာ ရှိသေးတာ... =))

လင်း said...

ဘယ်လောက် မိုက်မဲကြသလဲကွယ်။ အဆုံးမှာ ကြေကြေကွဲကွဲ နိုးထကြရမယ်လို့ သိရက်နဲ့ အဲဒီအိပ်မက်တွေကို နှစ်ယောက်အတူ စုံစုံမက်မက် မက်ခဲ့တာ။

ဒီစာကြောင်းလေးက လူကို အတိတ်ကိုပြန်လက်တို့ လိုက်သလိုပဲ ဆရာမရေ =(

တန်ခူး said...

မ ရေ… ချစ်တိုင်းလည်းမညားသီချင်းကို ဒီနေ့ ပဲ တိုက်တိုက်ဆိုင်ဆိုင် နားထောင်မိပြီး "သစ္စာ"ကို ခံစားမိတော့ မျက်ရည်ရစ်ဝဲ… ကျွန်မကတော့ ချစ်တိုင်းညားအောင် အတင်းတိုးဝင်ခဲ့တာ… နို့ မို့  မေတို့ ဖေတို့  ဒီအချိန်မြေးချီရသေးမှာတောင် မဟုတ်ဘူး…

သက်ဝေ said...

အဆုံးမှာ ကြေကြေကွဲကွဲ နိုးထကြရမယ်လို့ သိရက်နဲ့ အိပ်မက်တွေကို စုံစုံမက်မက် အတူတူမက်ခဲ့ကြတဲ့.. ဒီသင်္ကြန်ရက် လေးရက်ဟာ တစ်သက်စာလဲ ဖြစ်သွားနိုင်တာဘဲ လို့  ကြေကွဲခဲ့ကြဘူးတဲ့...
ပင်လယ်ကမ်းစပ်ကနေ ဟိုး မိုးကုပ်စက်ဝိုင်းအထိ ထွက်ပြေးချင်ခဲ့ကြတဲ့... နေရောင် နဲ့  မလေးမြိုင် တို့ ရဲ့  အချစ်အကြောင်း အတိုစား ၀တ္ထုလေး တစ်ပုဒ်ပေါ့နော်...။

နောက်ဆုံးကျတော့...
ခပ်ဝေးဝေး သဲပြင်ပေါ်က
ခြေရာတွေသာ
ဒဏ်ရာတွေအဖြစ်
လွမ်းဆွတ်ဖွယ် ကျန်ရစ်။ ။

သက်ဝေ said...

P.S.
ဇော်ဇော်အောင်ရဲ့ "ပင်လယ်ထဲက ညသည် ပိတောက်ပန်း ဖြစ်၏" ၀တ္ထုတိုထဲက စာသားအချို့ကို ကိုယ်က ရွတ်မိ။ ဒါပေမဲ့ သက်သေပြစရာ ပိတောက်တို့ ပွင့်ခွင့် မရခဲ့။ မောင်က သိပ်နားလည်ပေမဲ့ မျက်ရည်ကျ။

အဲဒီနေရာမှာ...
မောင်က သိပ်နား "မ" လည်ပေမဲ့ မျက်ရည်ကျ။

အဲဒီလို မဟုတ်ဖူးလားဟင်..။
ဆရာမ.. စိတ်မရှိပါနဲ့ နော်... သက်ဝေက ကိုယ်ထင်တာလေးကို ပြောကြည့်တာပါ...။

မေငြိမ်း said...

s0wha1.. ဟီးး အမိုက်မ မလုပ်နဲ့နော်..။
လင်းရေ..ဒါဆို ကြေကွဲစရာအတိတ်တခု ရှိခဲ့ဖူးတယ်ပေါ့.. လွမ်းစရာပြ။
တန်ခူးရေ.. ဘ၀ဆိုတာကို စရမယ့်အတူတူ စောစောစတော့ စောစော တာဝန်တခု ပြီးတာပေါ့.. :)
သက်ဝေရေ.. မလေးမြိုင်နဲ့ နေရောင်ကို မှတ်မိနေတာ ကျေးဇူး။ ဟုတ်တယ်တော့ သက်ဝေပြောတာမှန်တယ်.. " သိပ်နားမလည်ပေ မဲ့" ဟုတ်တယ်။ ပြင်လိုက်မယ်.. ကျေးဇးးး again...

Unknown said...

မောင်... မချစ်ဘူးလို့ပြော"
"မပြောဘူး"
"ဒါဖြင့် ချစ်တယ်လို့ပြော"
"ပြောမယ်"
မောင်က ငြိမ်တိတ်သွားတယ်။ ပြီးမှ ...
"ချစ်တယ်... နော်... ချစ်တယ်"
တဲ့။ တိုးတိုးလေး။ ကျမရင်ထဲမှာတော့ ပဲ့တင်ရိုက်လောက်အောင် မြည်ဟီးလို့။ မချိမဆံ့။ ဒါဖြင့် ဘယ်လိုများ ခွဲခွာကြမလဲကွယ်။
( အမရေ...သိပ်ကျေးဇူးတင်တာပဲ......၊ ဒီဝတ္ထုလေးပြန်ဖတ်လိုက်ရတာ...လွမ်းရတာတောင်ချိုလာသလိုပဲ......)

Unknown said...
This comment has been removed by a blog administrator.
Unknown said...
This comment has been removed by a blog administrator.
Eaindra said...

ထပ်ဖတ်
ထပ်ခံစား
ထပ်ကြိုက်