Jul 31, 2008

အနှစ်နှစ်ဆယ်ဒဏ်ရာ


သြဂုတ်လ.... တဲ့။ ရှစ်လေးလုံး အထိမ်းအမှတ်...တဲ့။ ၈၈... အနှစ်၂၀ တဲ့....။
ပြန်တွေးကြည့်ရတာ.... ကြေကွဲစရာကောင်းလိုက်လေ။
အနှစ်၂၀ဆိုတာ... မနည်းမနော အကြာ။
လွန်ခဲ့တဲ့ နှစ်၂၀တုန်းက သြဂုတ်လတွေရဲ့ ရက်တွေထဲမှာ နက်ဖြန် သဘက်ခါဆို ငါတို့ စံနစ် ကြီး သေသေချာချာ ပြောင်းပြီလို့ တကယ်ယုံခဲ့တာ။ ပြည်သူလူထုအားကို ယုံတယ်။
ဒါပေမဲ့ ပြည်သူ့အားမှာ ဘာများလိုသွားသလဲ...။ တခုခုတော့ တခုခုပဲ။ ကိုယ်ကလည်း နိုင်ငံရေးမိုးလေ၀သကို နားမလည်။ ရှေ့မှာ ဦးဆောင်သူရှိရင်တော့ ရဲရဲဝံ့ဝံ့လိုက်ဖို့ ၀န်မလေး။ ကိုယ်ကိုယ်တိုင်ကိုက နောက်လိုက်သာ ဖြစ်နိုင်ခဲ့လို့မို့ နိုင်ငံမလွတ်လပ်နိုင် သေးတာအပေါ် ဘာမှ မတတ်နိုင်တာအပေါ် ခုပြန်လှည့်ကြည့်တော့ စိတ်ဆင်းရဲရုံ..။ မချင့်မရဲ ဖြစ်ရုံ...။ ကြေကွဲ ၀မ်းနည်းရုံ...။ ဒါ့အပြင်တော့ ဘာလုပ်နိုင်ခဲ့သေးသလဲ....။

နှစ်၂၀မှာ ကိုယ့်ဘာသာ ပြန်ဝေဖန်သုံးသပ်ကြည့်တော့ အနှစ်၂၀နီးပါး ကျောင်းဆရာမဘ၀မှာ တပည့်တွေကို သိသင့်သိထိုက်တာတွေ မှန်မှန်ကန်ကန် ပြောပြနိုင်ခဲ့။ အနာဂတ်တိုင်းပြည်ကို ဆင်ခြင်တုံတရားရှိတဲ့ တကယ့် အသိ ပညာရှိတဲ့ လူငယ်တွေနဲ့သာ တည်ဆောက်ရမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ လူငယ်တွေကို အတတ်နိုင်ဆုံး ကူညီလမ်းပြခဲ့နိုင်တယ်ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံအတွက် ကောင်းရာကောင်းကြောင်းတွေကို ကိုယ်နိုင် သလောက် ၀ိုင်းပံ့ပိုးဖို့ လိုတဲ့ အင်အားတွေထဲ ကိုယ်က လက်တစ်ဖက်တော့ ဖြစ်နေသေးတယ် ထင်တာပါပဲ။ ပြီးတော့ ကိုယ့်နိုင်ငံသားတွေ ကောင်းရာကောင်းကြောင်းအတွက် ရောက်တဲ့နေရာလေးမှာ လုပ်။ ဒီလောက်နဲ့ပဲ ကျေနပ်တော့မလား မေးလာရင်လည်း အဖြေက မရှိပြီ။

အနှစ် ၂၀ထဲမှာ... ကိုယ့်တိုင်းပြည်လူထုကတော့ ၉၀ သံဃာကံဆောင်ပွဲတွေ၊ ၉၆ကျောင်းသားလှုပ်ရှားမှုတွေ၊ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတွေ.. ဆင်နွှဲခဲ့လျက်နဲ့ အဖြေမထွက်နိုင်ခဲ့။ နာဂစ်နဲ့မှာတော့... ဘ၀တွေ အဆိုးဆုံး အထိ နာခဲ့ကြရ။ ပြည်သူတွေ ဒုက္ခကြီးလှပါပေ့။ ခုထိလည်း လက်ပစ်ကူးဆဲ အနှစ် ၂၀။

တကယ်တော့... အနှစ်၂၀ဆိုတာ ထောင်ကျရင်တောင် လူသတ်မှုလို အမှုကြီးတွေအတွက် လုံလောက်တဲ့ တသက်တကျွန်းနဲ့ညီတဲ့ ပြစ်ဒဏ်ပါ... တဲ့။ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံမှာဆိုရင်တော့... တကယ်အပြစ်ရှိခဲ့တဲ့ သူတောင် ခု သြဂုတ်လဟာ လွတ်ရက်စေ့တဲ့လ ပေါ့။ ခု ကျမတို့ ပြည်သူတွေမှာတော့ ဘာအပြစ်တွေများ ရှိလို့... ဘယ်လောက်များ အပြစ်ကြီးလို့ အနှစ်၂၀စာ ပြစ်ဒဏ် ကျခံခဲ့ရပါလိမ့်။ ပြီးတော့ ခုထိတောင်မှ လွတ်ရက်ကို မှန်း မရသေး။

ကျမတို့ ငယ်ငယ်တုန်းက အနှစ်၂၀တေးဆိုရင် တော်တော် ဟောင်းတဲ့... အဖိုးကြီး အဖွားကြီးတွေသာ ကြိုက်တဲ့ သီချင်းတွေပေါ့။ အဲဒီသီချင်းတွေကို ဆိုရင် ရယ်ရယ်မောမော ပြောပြောပြီး ဆိုခဲ့ကြတာ။ ခုတော့ဖြင့် ကျန်ခဲ့တဲ့ အနှစ်၂၀တုန်းက ကြေကြေကွဲကွဲ အော်ခဲ့ရတဲ့ "ကမ္ဘာမကြေဘူး" တေးက အသစ် အသစ် ဖြစ်နေဆဲ...။ တကယ်တွေးကြည့်ရင်တော့ဖြင့် ရိုးသွား ဟောင်းသွားသင့်ပြီ။ အနိုင်ရသူတို့ လေသံမျိုးနဲ့ "တို့ခေတ်မှာ အဲဒီ တေးဆိုရင်း အနိုင်ရအောင် ဘယ်လိုနွှဲခဲ့တာ"လို့ ပြောနိုင်ဖို့ ကောင်းပြီ။ အဲဒီအခါ နှစ် ၂၀က ကျမကို လှောင်တယ်။ မင်းကိုယ်တိုင်က ဘာလုပ်နိုင်ခဲ့လို့လဲ... တဲ့။
သေချာတာကတော့ နှစ် ၂၀မှာ တာဝန်မကျေတဲ့ လူကြီးတွေစာရင်းထဲ ကျမ ပါနေတာ အသေအချာ။

6 comments:

yannaing said...

ဆရာမရေ...အ၇ာအားလုံးဟာမှတ်မှတ်ယယတွေပါပဲ
ကျွန်တော်ဘလော့လည်းလာလည်ပါနော
http://yannaing-thinking.blogspot.com ပါ။

yannaing said...

အမှန်ဆိုရရင်..ကျွန်တော်တို့အားလုံးညီညွတ်မှုမရှိလို့
ပြောရမှပေါ့ဗျာ.....
ညီညွတ်ခြင်းရဲ့တန်ဖိုးကို အနှစ် ၂၀ ကြာမှသိရတာတော့
မကောင်းဘူးလို့ထင်ပါတယ်..ဒါပေမဲ့လည်း.........

ATN said...

ဆရာမရေ အဲဒီစာရင်းထဲမှာ ကျနော့်ကိုလည်း ထည့်ထားလိုက်ပါ

ကလူသစ် said...

ကိုယ့်ကိုကိုယ် မလွတ်လပ်သေးဘူးဆိုတာသိရင် လွတ်လပ်ဖို့ တော်တော်နီးနေပါပြီ။ သေသေချာချာဖတ်သွားပါတယ်ဗျား။

Moe Cho Thinn said...

ဆရာမရေ
ဆရာမ ပို့စ်လေးက ကောင်းလိုက်တာ။
ချိုသင်းတို့ အုတ်တချပ် သဲတပွင့်တော့ အသေအချာ ဖြစ်ခဲ့ပါတယ်။ အားမလျှော့ပါနဲ့။
အမှန်တရားဟာ တနေ့တော့ အနိုင်ရ ရမှာပါ။ ဒါပေမဲ့ ကြာလွန်းတယ်။ အရင်းအနှီး ကြီးလွန်းတယ်။ ဒါပေမဲ့ ပြိုင်တူတွန်းရင်တော့ ရွေ့  ပါတယ်။ ပြိုင်တူ တွန်းဖို့ပဲ လိုတာပါ။
ချစ်သော
ချိုသင်း

Thargyi(Gyobingauk) said...

ဆရာမရေ... ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့စိတ်တွေရွဲ့လွတ်လပ်ခွင့်ကိုတော့သူတို့တားဆီးလို့မရသေးပါဘူး..
ကျွန်တောင်တို့ ကသူတို့တွေကို brainwash လုပ် ခွင့်မပေးသ၍တော့လွတ်လပ်နေအုံးမှာပါ...
ဆရာမရေ... ခွင့်မတောင်းဘဲဆရာမ Blog ကိုလင့်ထားတာကို တစ်ခါတည်းတောင်းပန်လိုက်ပါတယ်..