Aug 15, 2008

ဆရာကြီးမင်းသုဝဏ်သို့ ဂါရ၀အလွမ်း


လွန်ခဲ့တဲ့ ၄နှစ်.. မိုးဖွဲဖွဲရွာနေတတ်တဲ့ သြဂုတ်လရဲ့ မိုးရေစက်တွေထဲမှာ လူမစည်ကားအပ်ဘူးဆိုတဲ့ သင်္ချိုင်းမြေမှာ နှစ်ရက်ဆက်တိုက် လူစည်ကားခဲ့တယ်။ အဲဒါက လူ့လောကထဲက ရက်ဆက်ပြီး ထွက်သွားခဲ့ကြတဲ့ ထူးအိမ်သင်နဲ့ ဆရာကြီး မင်းသုဝဏ်တို့ကို လိုက်ပို့ နှုတ်ဆက်ကြသူတွေကြောင့် စည်ကားသွားခဲ့တာပါ..။ တိုက်တိုက်ဆိုင်ဆိုင် နှစ်ယောက်စလုံး က မြန်မာ့နိုင်ငံရေးမှာ သမိုင်းဝင်ဖြစ်တဲ့ သြဂုတ်လ အရေးတော်ပုံကြီးရဲ့ သူရဲကောင်းစာရင်းဝင် တွေ..။

ထူးအိမ်သင်က သေသည့်အထိ စစ်အစိုးရ သစ္စာခံ လုံးဝ မလုပ်ခဲ့.. ပေါ်လစီသီချင်းတောင် မဆိုခဲ့သူ...။ ဒီလိုပဲ ဆရာကြီးကလည်း ကွယ်လွန်သည်အထိ စစ်အစိုးရကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သူ။ အဲဒီအခါ.. သြဂုတ်လရဲ့ သမိုင်းကြောင်းထဲ အဲဒီ သူရဲကောင်းနှစ်ဦးရဲ့ နှုတ်ဆက်ချိန် ၁၄ရက်နဲ့ ၁၅ရက်ကလည်း အမှတ်အသားတခု ဖြစ်တော့တယ်။

သူတို့ဟာ နိုင်ငံအပေါ်.. လူမျိုးအပေါ်.. ယဉ်ကျေးမှုအပေါ်.. စာပေအပေါ်.. သူတို့ကျင်လည်ရာနယ်ပယ်အပေါ်.. သစ္စာရှိ.. တာဝန်ကျေသူတွေ.. သူတို့ ကျင်လည်ခဲ့ရာ လောကအပေါ် အကောင်းဆုံး လက်ဆောင်တွေသာ ပေးအပ်ခဲ့သူတွေ။

သူတို့နှစ်ဦး လဲလျောင်းရာ မြေနေရာချင်းကလည်း ကပ်လျက်..။ ခေတ်ချင်း အသက်အရွယ်ချင်း ကွာပေမဲ့ ဘာသာစကားတူ.. နှလုံးသားတူသူချင်း ပြောစရာစကားတွေ... သူတို့အကြားမှာ စီးဆင်းနေလိမ့်မယ်..။
ခေတ်အဆက်ဆက် စီးဆင်းလာတဲ့ စာပေယဉ်ကျေးမှုစီးကြောင်းတွေ... ဂီတစီးကြောင်းတွေ... နိုင်ငံရေး လက္ခဏာတွေအကြောင်း ပြောနေကြလေမလား..။

သေချာတာကတော့ အဲဒီဝန်းကျင်တ၀ိုက်မှာ ..
ပိုင်ဆိုင်မှုအတွက် စစ်မက်များ... ရင်ဆိုင်တိုက်ခိုက်ခဲ့ကြရ...
ဂန္ဓ၀င်မြောက်တဲ့ အချစ်နဲ့ .... ကာကွယ်သူ တို့ရဲ့ဓားတွေ...
သူရဲကောင်းတို့ မွေးဖွား.... ဒါဟာ ငါတို့ သမိုင်းရဲ့တောက်ပခဲ့တဲ့ နေ့ရက်များ...
ဧရာဝတီ............
ရာဇ၀င်များရဲ့ သတို့သမီးး ငါတို့ရဲ့ မိခင်..... ဧရာဝတီ.....
ရာဇ၀င်များရဲ့ သတို့သမီးး ငါတို့ရဲ့ ၀ိဥာဉ် ....... ဧရာဝတီ......
ဆိုတဲ့ ကြွေးကျော်သံတွေ... တိတ်တဆိတ် ညံနေပေလိမ့်မယ်။ အဲလိုပဲ ...
ခရီးမတ်တတ် လမ်းခုလပ်တွင်
ကိုယ်လွတ်ရှောင်ခွာခဲ့ရပါ၍
အားနာခဲ့ကြောင်းပြောပါလေ...
ဆိုတဲ့ "သူ့မှာတမ်း"ကဗျာတစလည်း လွင့်ပျံ့နေပေလိမ့်မယ်..။

ဒါတွေဟာ.. ခုချိန်ထိ 'ဘကြီးအောင်'ညာတာကို ခံနေရဆဲဖြစ်တဲ့ မြန်မာပြည်သူတွေကို ရွှေရုပ်ကလေး ပြန်ရဖို့အရေး... ပြီးတော့ 'ဧရာဝတီ'ကို ဆုံးရှုံး မသွားရဖို့အရေးတွေအတွက် အမြဲ ကြိုးစားနေစေဖို့ သတိပေးနေတဲ့ တေးသံတွေလည်း ဖြစ်တယ်..။

ဆရာကြီးရေ..
သူ့ခေါင်းမှာလည်း သပြေညို
ကိုယ့်ခေါင်းမှာလည်း သပြေညို
သပြေညို ရွှေဘိုပန်းရယ်..
လန်းလျက်ပါကို..
ဆိုတဲ့ကဗျာလေး ပိုင်ပိုင်ဆိုဖို့...... ....... .........


5 comments:

ကိုပေါ said...

………………
ထိုပင်ငုတ်တို
ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ
ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ
နေလျှံလည်းတိုက်
လေပြင်းခိုက်လျက်
မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ
ရွက်သစ်ဝေ၍
လေပြည်ထဲတွင်
ငယ်ရုပ်ဆင်သည်
အသင်ယောက်ျားကောင်းတကား။

Moe Cho Thinn said...

ဆရာမရေ
ပို့စ်လေးက ကောင်းလိုက်တာ။
အဖေရှိရင်လဲ ဒီနေ့ဒီအချိန်ဆို ကဗျာနဲ့ သူရဲကောင်း မှတ်တမ်း ရေးအုံးမှာပါပဲ။
ကျေးဇူးတင်ပါတယ် ဆရာမ။

ညီလင်းသစ် said...

အမရေ...တကယ်ပါပဲ၊ ဟောဒီ သြဂုတ်လမှာတော့ ကျနော်တို့ လေးစားတန်ဖိုးထားရတဲ့ ပညာရှင်တွေကို လွမ်းဆွတ်တမ်းတ လို့ပဲ မဆုံးနိုင်ပါဘူး၊ မြန်မာစာပေနဲ့ မြန်မာ့ဂီတဟာ ဆရာကြီးဝဏ်နဲ့ ကိုငှက် သူတို့ဆီမှာ ရှိမနေတော့ဘူးဆိုတဲ့ အဖြစ်မှန်ကို သြဂုတ်လကြည့်မှန်ထဲမှာ ကြည့်တိုင်း အခါခါ ကြေကွဲ၊ တမ်းတရစမြဲ ပါပဲ...။

တန်ခူး said...

မ ရေ… ရင်ထဲမှာတော့ ရှင်သန်နေဆဲပါ…

စမ်းသပ်ခံမြေ.... said...

ဟားဟား...မနက်ဖြန် ဘယ်သူ့အလှည့်လဲ ဗျို့.. ဒေါ်မေငြိမ်း တော့ မဟုတ်ပါဘူးနော်....