Aug 21, 2008

မြေနဲ့အတူ(အပိုင်း-၃)


.................

မောင့်အမေကတော့ သူမ၏ လှပသော မျက်ခုံးတို့ကို အတွန့်ချိုး၍......

`သေချာစဉ်းစားပါ သမီးရယ်..... ဘ၀ပုံစံချင်း၊ ပတ်ဝန်းကျင်ချင်း ကွာလွန်းလို့ တချိန်မှာ စိတ်ညစ်ကြရမှာ စိုးတယ်...´ဟု ပြောသည်။ ကျမကတော့ အတွေးတွေထဲမှာ.....။ ဆိတ်ငြိမ်သော မောင့်ရွာကလေးမှာ ကျမ ၀တ္ထုတွေ အများကြီးရေးဖို့၊ မောင်အားလပ်တဲ့အခါ ရန်ကုန်မှာ တလှည့်သွားနေကြ မှာပေါ့။

ပတ်ဝန်းကျင်ကျယ်ကျယ်မှာမှ ကိုယ့်အတွက် စာရေးစရာတွေ များများရမှာ မောင်ရဲ့ ... လို့ မောင့်ကို ပြောပြရမှာပေါ့။ ကုန်ကြမ်းတွေကို ပွေ့ပိုက်ပြီး ရွာကလေးရဲ့ ရင်ခွင်ကို ပြန်လာ စာရေးမှာပေါ့။

မောင်က `မင်းမပျော်တော့တဲ့အခါ မောင့်ကို အချိန်မရွေးထားခဲ့ပါ´တဲ့။ မောင် ထိုသို့အပြောမှာ ကျမ မောင့်နဖူးဆံစပ်မှ နုလွသော ဆံစလေးတွေကို လှမ်းနမ်းရင်း `မောင့်ကို ကိုယ် ဘယ်လောက် ချစ်သလဲ´ဟုပင် မောင့်ကို ပြန်မေးလိုက်သေးသည်။ `မောင့်ဘ၀ကိုလည်း ပြန်ချစ်နိုင်ပါစေ´ဟု မောင် ပြန်ပြောသည်အထိ ကျမ မောင့်ထံမှာ ယုံကြည်ဆဲ.... ကိုယ့်ကိုယ်ကို ယုံကြည်ဆဲ။

`မောင့်ဘ၀ထဲမှာ ကိုယ်ပျော်ပါတယ်´ဟု ကျမ ပြန်ပြောတော့ မောင်က `စိတ်ကူးယဉ်ဆန်တယ်ဆိုတာ တသက်လုံး စိတ်ကူးယဉ်ဆန်နိုင်ရင်တော့ အကောင်းဆုံးပဲကွယ်´တဲ့။ ကျမကတော့ ကျမကို စိတ်ကူးယဉ် ဆန်တယ် ပြောသော မောင့်ကို စိတ်တိုကာ `အချစ်ဆိုတာကိုက Romanticism ပဲ မောင်ရဲ့၊ စိတ်ကူးယဉ် မှာပေါ့၊ စိတ်ကူးယဉ် မဆန်ချင်ရင်တော့ နဂိုထဲက အချစ်ဆိုတာနဲ့ မပတ်သက်အောင် နေကြဖို့ပဲ´ဟု ရန်တွေ့သံဖြင့် ပြောမိခဲ့သေးသည်။

သိုပေမဲ့ တကယ်တန်းမှာတော့ ကျမရင်ဆိုင်ရသည့် လက်တွေ့ဘ၀က ကျမ ကိုးကွယ်ယုံကြည်ရာ Romanticism နှင့် အလှမ်းကွာနေခဲ့လေသည်။

.................

ကျမနှင့် မောင်၏ဝေးကွာရမှုကို မောင်ကတော့ ဟိုးအရင်ကတည်းက သူ ယူဆခဲ့သည့် အလွှာမတူမှု၊ လူနေမှုစရိုက်ကွာဟမှုတို့ကြောင့်ဟု ဆုံးဖြတ်သည်။ ကျမကတော့ မောင်ပေးသော အချစ်နှင့် ကျမရလိုသော အချစ် ဒါမှမဟုတ် ကျမ ပေးသော အချစ်နှင့် မောင်ရလာသော အချစ်တို့ ပုံသဏ္ဍာန်ချင်း ကွဲပြားမှုကြောင့်သာ မောင်နှင့် ကျမတို့ ကွဲကွာရသည်ဟု ယူဆသည်။ ဘယ်သူက မှန် သလဲ။ နှစ်ယောက်စလုံးလည်း မှန်နိုင်ပါသည်။ ထိုသို့ဆိုလျှင်တော့ ကျမကတော့ ကျမ ပိုမှန်သည်ဟုသာ ယုံကြည်သည်။ ဘာလို့ဆို ချစ်သူနှစ်ဦး၏ ဘ၀မှာ အချစ်ကသာ အခြေခံအကျဆုံးမဟုတ်လားလေ။

..................

မြို့တော်ကြီးမှာ ကားတ၀ီဝီနှင့် လူဆူညံ ဈေးစည်ကားတွေထဲ သွားလာကျင်လည်နေကျ ကျမက မောင်တို့ရွာကလေးထံမှာ စိတ်ညစ်မှာပဲဟု မောင်က ထင်ခဲ့သည်။ ကျမကတော့ အဲသည် မြို့ကြီးရှိရာဆီကို မကြာခဏ သွားနိုင်တာပဲ။ မလွမ်းလောက်ပါဘူးဟုပင် မောင့်ကို နှစ်သိမ့်ခဲ့သေးသည်။ `မောင်ရယ်... ကိုယ် က အနုပညာသမားပဲ၊ စိတ်အေးလက်အေးနဲ့ သဘာဝနဲ့ နီးနီးနေရတာကို သဘောကျမှာပါ´ဟုလည်း ပြောခဲ့သည်။ တကယ်တမ်း အဲဒီ့ သဘာဝလေးထဲမှာ ကျမ ပျော်နိုင်ခဲ့သားပင်။ တကယ်ဆို ကျမ မပျော်နိုင်ခဲ့တာက မောင်ထင်သလို ကျေးလက်ဘ၀မှာမဟုတ်ဘဲ မောင်နှင့် ကျမ၏ လက်တွေ့ဘ၀ အနာဂတ်ထဲမှာ ဆိုတာကိုလည်း နားလည်စေချင်ပါသည်။

မနက်မိုးလင်းလျှင် ကျမက မောင်စားဖို့ နံနက်စာကို ဂရုတစိုက် ပြင်ဆင်ပေးမည်။ မုန့်တီဖြစ်ဖြစ်၊ ထမင်းကြော် ဖြစ်ဖြစ်၊ ပဲပြုတ်နံပြား ဖြစ်ဖြစ်၊ ပေါင်မုန့်ကြော် ဖြစ်ဖြစ်၊ မောင်ကြိုက်သော အစားအစာများသာ ဖြစ်စေရမည်ပေါ့။ ကျမ၏ ဂရုစိုက်သော ချစ်ခြင်းကို မောင် အသိအမှတ်ပြုရမည်။ အဲသည် မင်္ဂလာနံနက်က ကျမနှင့်မောင့်ကို ဖမ်းစားရမည်။ ပြီးလျှင်တော့ မောင်က လယ်ထဲသွားပေါ့။ ကျမက နေ့လယ်စာအတွက် ချက်ပြုတ်ရင်း ကျန်ခဲ့။ နေ့လယ်ကိုတော့ မောင်က ထမင်းပြန်လာစားပေါ့။ တခါတရံ ကျမက လယ်ထဲ လိုက်ခဲ့မှာပေါ့။ အားလပ်တဲ့ နေ့လယ်ချိန်တွေမှာ အ၀တ်လျှော်.... တရေးအိပ်... စာရေးဖြင့် ကျမ၏ ကိုယ်ပိုင် အချိန်ကိုလည်း ရနိုင်မည်။ ညနေ မောင်ပြန်လာလျှင် ထမင်းစားပြီး ရွာရိုးတလျှောက် ဒါမှမဟုတ် မြစ်ကမ်းပါးဆီ လမ်းလျှောက်ကြမည်။ ထိုနေ့ တနေ့တာက ကျမတွေးကြည့်မိခဲ့ဖူးသော မောင်နှင့် ကျမ၏ အိမ်ထောင်ဘ၀ ဖြစ်သည်။

တကယ့်လက်တွေ့မှာကျတော့ဖြင့် မောင်က မိုးပင်မလင်းခင် လယ်ထဲ ဆင်းချင်နေပြီ။ နံနက်စာ ဆိုတာကိုလည်း မောင်က မမက်။ အလုပ်လုပ်ရင်း သိပ် ဆာလာမှ ငပိထောင်းနှင့် တို့စရာနှင့် ရေနွေးကြမ်းနှင့် ဖြစ်သလို စားရတာ ပိုမြိန် သတဲ့။ ထိုသို့ မောင့်အပြောမှာ ကျမ၏ လင်သားအပေါ် ဂရုတစိုက် ကျွေးမွေးချင် သမျှ ဆန္ဒတွေပင် ပေါ့ပျက်ပျက်ဖြစ်ရသည်ဟု ကျမ စွပ်စွဲချင်လှသည်။ နေ့လယ်နေ့ခင်း မှန်မှန် ထမင်းစား မပြန်တာလည်း ကျမ၏နှလုံးကို ထိခိုက်လှသည်။

`လယ်အလုပ်ဆိုတာ အချိန်သတ်မှတ်လို့မှ မရဘဲ မေရယ်၊ လယ်ထဲ ရောက်တာနဲ့ လည်ခံနေတာ ပျင်းချိန်တောင် မရဘူး´
ဟိုးကတည်းက မောင် ပြောပြခဲ့ဖူးတာ ခုသတိရတော့ နောင်တပင် ရချင်သည်။

လယ်ထဲကို ကျမလိုက်သွားလျှင်လည်း မောင်တို့လယ်တဲကလေးမှာ ငုတ်တုတ်ထိုင်ရင်း ပျင်းနေရုံမှအပ ဘာမှ မထူးခြားပေ။ မောင်က လယ်အလုပ်ကို ကျမနှင့် ဘယ်လိုမှ မပတ်သက်စေရပါ။ တခါတခါတော့ လယ်တဲကလေးမှာ ပျင်း ပျင်းနှင့် လဲလျောင်းရင်း ကျမပျင်းနေသည်ကို သိသားပင်။ ထိုအခါ ပုဇွန်လုံးတွေ နှိုက်လာပြီး သူကိုယ်တိုင် မီးမွှေးကာ ကင်ကျွေးခြင်းဖြင့် ဟိုတုန်းက ချစ်သူဘ၀ကို ပြန်လည်တသစေပြန်သည်။ တခါတလေကျတော့ မောင့်လက်ထဲမှာ မသေမရှင်ဖြင့် တွန့်လိမ်လျက်ပါလာသော လင်းမြွေတွေ တွေ့သည်။ မြွေကို ဂုတ်ဆက်နေရာမှ သန်မာစွာဖျစ်ရင်း မောင်လမ်းလျှောက်လာလျှင်တော့ ကျမက အဲဒီ သဘာဝ အရိုင်းဆန်သော လူတယောက်ကို ချစ်ရတာ ရင်ခုန်စရာပဲဟုတော့ ခံစားရသေးသည်။

`မေပျင်းရင် ဒီမြွေကို ဟင်းချက်ပေးလေကွာ... နော်´ဟု ပြောရင်း မောင် ကျွမ်းကျင်စွာ မြွေကို ဖျက်ပေးလျှင်တော့လည်း ကျမမှာ အသည်းတယားယားကြားကပင် မောင့်ကို တအံ့တသြ သဘောကျ ရသားပင်။ အဲဒီ လူငယ်လေးဟာ ခုလို အကြမ်းပတမ်းနိုင်လိမ့်မည်ဟု အရင်က ကျမ နည်းနည်းမှ မထင်ခဲ့ပေ။ မောင်က ကျမကို အမြဲ အံ့သြဆန်းကျယ်မှုကို ပေးလေသည်။ ကျမကလည်း အံ့သြဆန်းကျယ်မှုတွေထဲ ရင်ခုန် ချင်သူပေ။

သို့သော် ထိုရင်ခုန်မှုတွေထဲမှာ ကျမ ကြာကြာ နစ်မျောမနေနိုင်တော့လောက်အောင် မောင်က ကျမထက် ပို၍ သူ၏လယ်မြေတွေနှင့် အကျွမ်းတ၀င် နေလွန်းလာသည်အခါမှာတော့ ကျမနှင့် မောင်၏ တိုက်ပွဲတွေက စလာခဲ့တော့သည်။ ကျမက လယ်မြေအတွက် အဲလောက် အချိန်များများ မောင့်ကို ပေးထားရလိမ့်မည်ဟု နည်းနည်းမှ ထင်မထားဖူးခဲ့ချေ။ ခုတော့.......

တဖြည်းဖြည်းနှင့် မောင့်အသားအရည်တို့က ညိုမောင်းကာ မောင့်မျက်နှာရိပ်တွေက အေးစက်လာပြီး မောင့်မျက်နှာမှာ အရေးအကြောင်းတွေ များပြားလာသည်ဟု ထင် ထင်လာဆဲ တကယ်လည်း မောင်က လယ်မြေကြောင့် ပင်ပန်းနွမ်းနယ်နေခဲ့ပြီ။

မောင်က နေရာတကာ ကိုယ်တိုင်လုပ်ရမှ စိတ်တိုင်းကျလေသည်။ အဖေ့ကိုပင် စိတ်မချဘဲ အစစအရာရာ ကိုယ်တိုင်ပါ၏။ ကျမမှာတော့ မျိုးကျဲ (ပျိုးကျဲ)၊ ကောက်စိုက်ချိန်ကျော်လွန်လို့ ကောက်ပင်တွေ ခေါင်းထောင်လျှင်ဖြင့် မောင် နားလေမလား၊ အပင်တွေ ဒူးဆစ်လောက်ရောက်လျှင်များ မောင် နားလေမလား နှင့် တစောင့်စောင့်။

မောင်ကတော့ဖြင့် နေ့နေ့ ညည လယ်အတွက်သာ စိတ်ဝင်စားနေခဲ့လေသည်။ လယ်မြေ `တာ´ တွက်တာက အစ၊ စပါးပင်တွေ ပြင်တာ တမန်းနှိုးတာအဆုံး သူပါသည်။ ညညတိုင် မောင် အိပ်ပျော် နေသည့်အခါ မောင့် ပါးရိုးတွေကျနေတာ မျက်တွင်းတွေ ချောင်နေတာ မောင် ကိုယ်ရည်တွေ စစ်စစ် သွားတာတွေကို ကြည့်ကာ ကျမ ၀မ်းနည်းဆဲ၊ မောင်ကတော့ဖြင့် မောပန်းနွမ်းနယ်စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လို့။ အနားမှာ ကျမ ရှိနေတာကိုလည်း မောင် မသိတော့ပြီ။ ခုဆို ညညဦးတွေ မောင့်အိမ်ပြန်ချိန်ကို မျှော်ရင်း ကျမကြေကွဲ နေရတာကို မောင်မသိတာ ဘယ်လောက်ကြာခဲ့ပြီလဲ။ အလုပ်ပင်ပန်းလွန်းလို့ မောင် ထန်းရည်နံ့တသင်းသင်းနဲ့ အိမ်ပြန်လာတဲ့မောင့်ကို အပြစ်မတင်ရက်ဘဲ ကျိတ်ငိုရတာလည်း မောင် မသိတော့ ပြီ။ အလုပ်ထဲ စိတ်ပါဝင်စားလျက် ဇနီးမယားအပေါ် သွေးဆိုးတာမျိုးလည်း မရှိသော ယောက်ျားအပေါ် ကျမက ဘယ်လို အပြစ်မျိုး တင်ရမလဲ။

`နားပါဦးလားမောင်ရယ်၊ နေပူမိုးရွာထဲ ခုလောက် အသက်ငယ်ငယ်ထဲက အဲလောက် ပေခံရင် ကြီးလာတော့ ထိမှာ..... တော်ရုံ မလိုအပ်တာဆို အပင်ပန်း မခံပါနဲ့ကွယ်..... အလုပ်သမားတွေ ခိုင်းပေါ့´

မောင်က ကျမဆံပင်ကို ဖွဖွပွတ်သပ်ကာ....

`မောင်က ကျန်းမာရေး ကောင်းပါတယ်။ သိပ်လည်းမပင်ပန်းပါဘူး မေရဲ့`
ဟုတော့ နူးနူးညံ့ညံ့ ပြန်ပြောသားပင်။ သို့ပေမဲ့ ကျမရင်ထဲမှာတော့ မောင့်ကို ကျမ သိပ်မပိုင်ရတာကိုပဲ ခံစားလာရသည်။ မောင်ကတော့ တဖြည်းဖြည်းနှင့် အပြုံးအရယ်နည်းလာသည်နှင့်အမျှ စကားပါ နည်းလာ ခဲ့သည်။ တချိန်တည်းမှာ ကျမကတော့ မောင်နှင့်ဆန့်ကျင်စွာ စကားများလာခဲ့သည်။

`မောင်တို့ လယ်အလုပ်က ပင်ပန်းရသလောက် အကျိုးအမြတ်ကျတော့ သိပ်မခံစားရ သလိုပဲ´
ဟု ကျမပြောသောနေ့မှာ မောင်က ကျမစကားကို ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့လေသည်။

`အလုပ်တခုဟာ ဒီလောက်ပဲ အကျိုးအမြတ်ရတော့မှာပေါ့ မေရဲ့... ကိုယ်တို့ဆီမှာ ခု တဖြည်းဖြည်းနဲ့ လယ်ဧကတွေ တိုးလာတာ၊ စက်တွေ တိုးလာတာ။ စက်တွေ တိုးလာတာ၊ အလုပ်အကိုင်တွေ တိုးတက်လာတွေဟာ အကျိုးအမြတ်ပေါ့´

`ဒါပေမဲ့ ရုပ်ပိုင်းအရ ဆုတ်ယုတ်တာကျတော့ရော´

`ဒါကလည်း မေ ထင်လို့ပါကွာ.... မောင်တို့ ဘိုးစဉ်ဘောင်ဆက် လယ်လုပ်လာတာ ထူးပြီး အသက်တိုသွားတာ မရှိပါဘူးကွာ´

`ဒါဖြင့် မောင်တို့က ထမင်းစားဖို့၊ လယ်ဧကတွေ တိုးဖို့အတွက် သက်သက်ပဲ လယ်လုပ်နေ ကြတာပေါ့..... ဟုတ်လားမောင်´

မောင်က ကျမစကားကို နားမလည်သလို ကြည့်သည်။

`ကိုယ်ကတော့ အလုပ်တခုကို လုပ်ခြင်းကြောင့် ပိုက်ဆံရသလို... လူနေမှုစနစ်တွေ၊ စီးပွားရေးစနစ် တွေ မြင်ဖို့၊ အမြင်တွေကျယ်ဖို့အထိ လိုတယ် ထင်တာပဲ´

ထိုညနေမှာ ကံကောင်းထောက်မစွာ မောင် စောစောပြန်လာခဲ့သည်မို့ ကျမ မောင့်ကို စကားတွေ ပြောခွင့်ရတာ။ မောင်က ဆေးလိပ်တိုကို ဖိ၍ ရှိုက်ဖွာရင်း ကျမစကားကို မတုံ့ပြန်ပဲ နေ၏။ ကျမကတော့ ကျမ တမက်တမော နမ်းရှိုက်ခဲ့ဖူးသည့် မောင့်လက်ဖမိုးတွေကိုပဲ လွမ်းလွမ်းဆွတ်ဆွတ် ကြည့်ကာ ငိုချင်လာမိသည်။ တချိန်ကတော့ မောင်နှင့်ကျမ တကယ့်ကို ကြည်နူးစွာ ပျော်ခဲ့ကြရဖူးပါသည်။

`မောင်က ကိုယ့်လယ်ကိုလုပ်ပြီး ရိုးရိုးပဲ လယ်ပိုင်ရှင် သူဌေးဖြစ်... ကလေးတွေမွေး... အဲဒီ ကလေးတွေကလည်း မောင့်လိုပဲ ရိုးရိုးဘွဲ့တခုရ။ ပြီးရင် လယ်ထဲဆင်း၊ အဲဒီလိုပဲ မီးမရှိ၊ တယ်လီဖုန်းမရှိ ရွာကလေးမှာ ကြီးပြင်းကြ၊ သေကြ၊ ဒါပဲလားမောင်..... ဘ၀တွေဟာ ဒါလောက်နဲ့ ပြီးရောလား....´

မောင်က မျက်မှောင်ကျုံ့၏။

`ဒါဖြင့် လယ်သမားဘ၀ဟာ ဘာမှ မဟုတ်ဘူးပေါ့ ဟုတ်လားမေ.... ပြီးတော့ ပညာတတ် လယ်သမားတယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာကိုရော ဘယ်သူကမှ အသိအမှတ်မပြုဘူးတဲ့လား.... ဟုတ်လား´

မောင့်အသံက မကျေနပ်သံ အပြည့်ပါနေ၏။

`ကိုယ်ဆိုလိုတာက ပညာတတ်ဟာ လုပ်အားစိုက်ထုတ်စရာမလိုဘဲ ဦးနှောက်ပဲ သုံးရမယ်၊ ပညာတတ်တယောက်အတွက် ဘ၀မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ ဒါကိုပြောတာ´

`မောင့်အဖေရော အမေရော ဘွဲ့ရ ပညာတတ်၊ မောင့်ကိုလည်း ပညာ တတ်ဖြစ်အောင် လုပ်ပေးတယ်။ မောင်တို့ဟာ ပညာအရရော ကိုယ်ကျင့်တရားအရရော မြင့်မားတယ်။ တော်ပြီပေါ့ မေ... ကျန်တာ မလိုဘူး။ ဘ၀ဆိုတာကရော ဘယ်လောက်များ လိုအပ်လို့လဲ....´

`လိုတယ် မောင်.. `ဘ၀´ရယ်လို့ဖြစ်လာမှတော့ အပျော် လိုတယ်၊ အချစ် လိုတယ်၊ မျှော်လင့်ချက် လိုတယ်၊ အောင်မြင်မှု လိုတယ်´

`ခုလည်း မောင်ပျော်နေတာပဲ၊ ကိုယ့်ဘ၀ထဲမှာ အောင်မြင်နေတာပဲ၊ ပြီးတော့ မောင့်ဘ၀မှာ မျှော်လင့်စရာမှ မရှိဘဲမေ´

`ဒါပဲလား မောင်။ ကိုယ်တို့နှစ်ယောက်ရဲ့ ဘ၀ဆိုတာ..။ မောင်ပေးတဲ့ အဲဒီ ဘ၀မှာ ကျမ ပျော်တယ် မပျော်ဘူးဆိုတာကရော အရေးမပါတော့ဘူးတဲ့လား....´

မောင့်မျက်လုံးတွေက တဖျတ်ဖျတ် တောက်လာသည်။

`မောင့်ဘ၀ထဲမှာ မင်းမပျော်နိုင်ဘူးလို့ မောင်ပြောခဲ့သားပဲ မေ´

မောင့်အသံကတော့ဖြင့် မောင့်မျက်လုံးတွေနှင့်ဆန့်ကျင်စွာ ပျော့ပြောင်း တိုးညှင်းနေခဲ့သည်။ သို့ပေမဲ့ ထို လေသံအေးအေးက ကျမကိုတော့ ခါးသက်စေလေသည်။

'ကိုယ်မျှော်လင့်ခဲ့တာ မိန်းမကို အိမ်မှာ ချောင်ထိုးထားပြီး အပြင်မှာ အချိန်ကုန်တဲ့၊ ကိုယ့်ဘာသာ ပျော်သလိုနေတဲ့ သာမန်လယ်သမားတယောက်ရဲ့ ဇနီးမယားဘ၀ မဟုတ်ဘူးမောင်။ ပြီးတော့ ပညာတတ်ယောက်ျားတယောက်ရဲ့ မိန်းမဘ၀ဟာ အဲသလောက်ထိ ကျဉ်းမြောင်း လိမ့်မယ်လို့လည်း ထင်မထားခဲ့ဘူး´

မောင်က နံရံကို ခေါင်းမှီကာ မျက်လုံးတို့ကို စုံမှိတ်လျက် ငြိမ်တွေသွား၏။ ဟိုယခင်ကတော့ မောင် အဲသလို ငြိမ်သွားပြီဆိုလျှင် မောင့်မေးဖျားကို ကျမ လှမ်းပြီး နမ်းမွှေးနေကျ။ ခုတော့ဖြင့် စိမ်းခဲ့ပြီ။ ခဏကြာမှ မောင်က ကျမကို မျက်လုံး ဖွင့်ကြည့်လာ၏။ မောင့်မျက်လုံးတို့က နီကျင်လို့။ ကျမရင်ထဲ လှိုက်ခနဲ ၀မ်းနည်း သွားမိသည်။ ကျမနဲ့ပတ်သက်လို့ မောင် ထိခိုက်ခံစားသေးတယ် ဆိုပါတော့။ ဟိုး အရင်ချစ်သူဘ၀မှာတုန်းတော့ ကျမနှင့် မောင်က`တို့နှစ်ယောက်က ခွဲကြရမှာပါ´ဟုပြောဖြစ်တိုင်း မောင့်ထံမှာ အဲဒီ မျက်လုံးနီနီတွေကို တွေ့နေရကျ။ အဲလို မောင်ခံစားတိုင်း ကျမကပါ လှိုက်လှဲဝမ်းနည်းကာ လမ်းခွဲစကားတွေကို ရုတ်သိမ်းလို့ ရှေ့ဆက် လျှောက်ဖြစ်ခဲ့ကြတာ။

မောင်က ကျမကို ငေးကြည့်နေသော်လည်း မောင်မျက်လုံးတို့က မြင်ဟန်မတူ။ ခဏကြာမှ...`ဒါဖြင့် မောင် ဘာလုပ်ရမလဲ´ဟု မောင်က ညည်းတွားသလို ရေရွတ်သည်။ ကျမကို မေးသလိုလို.... ပြီးတော့ သူ့ကိုယ်သူပဲ မေးနေသလိုလို။

ဟုတ်တာပေါ့မောင်... အဲဒီမေးခွန်းရဲ့ အဖြေကို ကျမကိုယ်တိုင်လည်း သိချင်နေတာပဲလေ။

`ကိုယ်ကတော့ မောင်နဲ့ကိုယ်နဲ့က မွေးလာမယ့် သားသမီးတွေကို လူနေမှုအဆင့် မြင့်မြင့်နဲ့ ကျောင်းကောင်းကောင်းမှာ ထားချင်တယ်။ ဟိုး နိုင်ငံတကာအထိ အမြင်ကျယ်စေ ချင်တယ်။ ပြီးတော့ အဲဒါဟာ ဂုဏ်ပကာသနအတွက် မဟုတ်ဘူးမောင်၊ တယေက်ချင်းမြင့်မားမှ လူမျိုး မြင့်မှာ၊ တိုင်းပြည် မြင့်မှာ။ မောင် ကြည့်စမ်း.... မောင်တို့ရွာမှာ လူတွေချမ်းသာကြပြီး အိမ်မှာ တီဗွီကြီးတွေ၊ ဗွီဒီယိုတွေသာ ရှိတာ၊ အိမ်သာကျတော့ ကောင်းကောင်း ဆောက်သင့် တယ်လို့ ဘယ်နှစ်ယောက် သိလို့လဲ၊ သိတဲ့မောင်တို့ကကော ဘယ်လောက် စည်းရုံးနိုင်လဲ၊ တကယ်လို့ မောင်တို့ရွာမှာ လူအများကြီးသာ တိုးတက်တဲ့အမြင်ရှိရင် ခုလောက် ချမ်းသာ ပုံမျိုးနဲ့ဆို မြို့တမြို့အဆင့် ရောက်လောက်ပြီ။ အနည်းဆုံး ဆက်သွယ်ရေးကောင်းတဲ့ မြို့ အဆင့်ပေါ့မောင်၊ အနောက်နိုင်ငံတွေမှာလည်း လယ်သမားရှိပါတယ် မောင်ရဲ့။ ဒါပေမဲ့ လူနေမှုအဆင့်ကျတော့ ကွာတယ်။ အဲဒါဟာ ဉာဏ်ပညာနဲ့ အမြင်ပဲ အဓိကပေါ့ မောင်ရဲ့။ ဒါတွေ မောင်လည်း သိသားပဲကွယ်´

ဘာပဲဖြစ်ဖြစ် ကျမက မောင့်ကို စိတ်မညစ်စေချင်ပါ။ ဒါကြောင့်ပဲ လေသံ အေးအေးနှင့်သာ ပြောပြနေမိသည်။ မောင်ကတော့ မျက်နှာကျက်ဆီကိုသာ ရည်ရွယ်ရာမဲ့ ငေးနေဆဲ။

`မောင့်ရဲ့ လယ်တွေ ယာတွေကို ပစ်သွားဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ ဆိုတာ မင်းလည်း သိပြီးသားပဲ၊ မောင့်ဘ၀မှာက ရွေးချယ်စရာကို မရှိဘူး။ မောင်လုပ်ရမှာက ဒါပဲ။ မောင် ဒါကိုပဲ ကျွမ်းကျင်တယ်။ ဒီအလုပ်ကပဲ မောင့်ကို စိတ်ချမ်းသာ စေတယ်။ ဒါဟာ ကုသိုလ်ရ ၀မ်းဝအလုပ်လည်း ဖြစ်တယ်။ မြိုပြဟာ မောင့်အတွက် မလိုအပ်ဘူး။ ဒါတွေကို မင်းကိုယ်တိုင် လည်း သိခဲ့လျက်နဲ့။ ခုကျမှ စိတ်ဆင်းရဲတယ်ဆိုတော့ မောင် စိတ်မကောင်းဘူး။ ဒါပေမဲ့ မောင် ဖြေရှင်းမပေးတတ်ဘူး။ အဲဒီအတွက်လည်း မောင့်ကို ခွင့်လွှတ်ပါ။ မင်းမျှော်လင့်သလို မောင်လည်း မျှော်လင့်ခဲ့တာပါ.....။ မောင့်ကို မင်းချစ်တဲ့အတွက် မောင့်ဘ၀ကိုလည်း ချစ်နိုင်မလားလို့´

မောင့်အသံတို့က ကြေကြေမွမွ။ ကျမကတော့ ရင်ထဲမှာပါ ကြေမွလိုက်လာသည်။

`ကိုယ်ပြောချင်တာက တော်ရုံမျက်နှာလွှဲလို့ရတာကို အလုပ်သမားတွေနဲ့ မျက်နှာလွှဲပြီး မောင့်ဘ၀ကို ဒါထက်ပို မွေးမြူဖို့ပါကွယ်။ ခုတော့ မောင်က လယ်ရာသီ.. ပြီးပြန်တော့ `ကိုင်း´။ ကိုင်းအလုပ်ပြီးတော့ `လယ်´နဲ့ ကိုယ် အမေ့အိမ်ပြန် မရောက်တာ ဘယ်လောက်ကြာပြီလဲကော မောင် သိသေးရဲ့လား´

`မေ ရန်ကုန်ကို သွားဖို့ မောင်ပြောနေသားပဲ´

`မောင်နဲ့ မခွဲချင်လို့တောင် မောင့်ဘ၀ထဲ ဆင်းလာခဲ့တာပဲ.. မောင်မို့ ပြောထွက် တယ်ကွယ်၊ ပြီးတော့ ကိုယ်က ဟိုးအရင်ကလို ညစာစားပွဲတွေ၊ ကပွဲတွေ၊ စတိုးဆိုင်တွေ၊ အပျော်အပါးတွေကို ငတ်မွတ်လို့ မဟုတ်ဘူးမောင်၊ ခေတ်နဲ့ မျက်ခြေမပြတ်အောင်လို့ သွားချင်တာ.... မောင်နဲ့အတူ´

`မင်းတို့ မြို့ကြီးမှာ မောင်မပျော်နိုင်ဘူး၊ မလိုက်ရဲဘူးဆိုတာ မေ အသိဆုံး ပဲ´

မောင့်အသံက ညည်းညူသံ ဆန်လာပြန်သည်။

`မောင်ဟာ အဲလောက် ညံ့ဖျင်းတဲ့ယောက်ျားမှ မဟုတ်ဘဲ။ ကိုယ်က ကိုယ်တို့ရဲ့မိသားစု အဆင့်အတန်း မြင့်ဖို့အတွက် ပြောနေတာကို မောင်က ညံ့ဖျင်းပြပြီး မချေဖျက်ပါနဲ့ကွယ်'
`မင်း မောင့်ကို နားမလည်ဘူး´

ကျမ မျက်လုံးတွေထဲ စိုက်ကြည့်တော့ မောင်ကလည်း ပြန်ကြည့်သည်။

`မှားနေပြီမောင်၊ မင်းကသာ ကိုယ့်ကို နားမလည်တာ၊ ကိုယ့်စေတနာကို နားမလည်တာ၊ မင်းက ကိုယ့်ကို မင်းရဲ့ရွာမှာ မပျော်ဘူးလို့ ထင်နေတာ။ တကယ်က ကိုယ်က မင်းဖန်တီးနေတဲ့ ကိုယ်တို့ရဲ့ ဘ၀ထဲမှာကို မပျော်တာ´

`ခုဆိုမောင့်မျက်လုံးတွေထဲကို ကိုယ်မမြင်ရတာ ဘယ်လောက်ကြာပြီလဲ´
မောင်က နားမလည်နိုင်သည့် အံ့သြရိပ်ဖြင့် ကျမကို ငေးကြောင်ကြောင် ကြည့်သည်။။ ကျမရင်ထဲ ရှက်ရွံ့လာပြန်သည်၊ မိန်းမ တယောက်က ချစ်သူတယောက်၏အချစ်ကို အိမ်ထောင်သည်ဘ၀ထိ တောင့်တ နေတာဟာ အံ့သြစရာလားမောင်ရယ်..။

`ကိုယ် မေ့ကို ချစ်တာပဲ၊ ပြီးတော့ ကိုယ်နဲ့မေ အတူတူ နေနေကြရပြီပဲ´

မောင့်စကားအဆုံးမှာ ကျမမျက်နှာက ဖြန်းကနဲ ပူနွေးသွားသည်။

`အတူတူနေခြင်းဟာ အချစ်ရဲ့ပန်းတိုင်ပေါ့ ဟုတ်လား...မောင်´။
ကျမရဲ့ အသံက သနားစရာ သိပ်ကောင်းနေမည် ထင်သည်။

`ဒါဖြင့် မနက်ခင်းအစောကြီး ထပြီး မောင့်အတွက် မနက်စာ သေသေချာချာ ပြင်ပေးတာလည်း မလိုဘူးပေါ့။ မောင့်ပြန်အလာကို သနပ်ခါးမွှေးအောင် လိမ်းပြီးကြိုတာလည်း အဓိပ္ပါယ်မရှိဘူးပေါ့။ မောင်မျက်လုံးတွေထဲ စိုက်ကြည့်ပြီး `ချစ်တယ်´ လို့ပြောတာလည်း အတူတူ နေချင်မှပေါ့ ဟုတ်လား´

ကျမအသံက သွေးရူးသွေးတန်း ဆန်လာသည်။ မောင်လည်း ကျမကို အံ့သြတကြီးဟန်ဖြင့်သာ ငေးဆဲ။ ကျမရင်တို့က အရှက်ခွဲခံရသူ၏ နှလုံးမျိုးဖြင့် နာကျင်နေခဲ့ပြီ။ မောင်က ခေါင်းကို ငိုက်စိုက်ချထား၏။

`ဟုတ်တယ်နော်၊ မင်းကို မောင် နားမလည်ဘူး´
ဟု မောင်က ခံဝန်ချက် ပေးနေသလို ပြောသည့်အခါမှာတော့ ကျမက.....

`မောင်ရယ်... အဲဒါ အချစ်ပါပဲ´
ဟု တီးတိုးရေရွတ်မိကာ.... ခုမှပဲ ကျမက လှိုက်လှိုက်လှဲလှဲ ဆို့နစ်လာသည်။ မောင်က ငြိမ်တွေဆဲ...... ကျမက မောင့်ကို ကျမလိုချင်သည့်ဘ၀ဆိုတာကို မောင်မြင်အောင် ပြချင်နေဆဲရှိသည်။

`မောင်....ကျမတို့ ခုထိ ဘာလို့ကလေးမရှိသေးတာလဲ ဆိုတာကော... မောင် သတိထားမိ ရဲ့လားဟင်´

မောင်က ကျမကို တအံ့တသြ လှည့်ကြည့်သည်။ ကျမ အံ တချက် ကြိတ်မိသေး၏။

`ကျမ တားထားလို့ပေါ့မောင်၊ ရွာကလေးတရွာက သာမန် လယ်ပိုင်ရှင် တယောက်ရဲ့ သားသမီးတွေဖြစ်ဖို့လောက်နဲ့တော့၊ ကိုယ် ကလေးမွေးလို့ မဖြစ်သေးဘူးလေ´

ရုတ်တရက် မောင်က ၀ုန်းကနဲ ထရပ်၏။ ပြီးတော့ ကျမကို စူးစူးရဲရဲကြည့် ကာ....

`မင်း အဲလောက်တောင် ကိုယ့်အပေါ် နာနေခဲ့တယ်လို့ ကိုယ်မသိခဲ့ဘူး´
ဟု အတန်ငယ်မာကျောစွာပြောပြီး လှည့်ထွက်၏။ ကျမရင်ထဲမှာလည်း နာလိုခံခက်ခြင်းတွေ။ ကျမ မောင့်နောက်ကို ချက်ချင်းပဲ ထလိုက်သွားမိ၏။

`နေဦးမောင်´

မောင်က နေရာမှာ တုံ့ကနဲ ရပ်၏။ ထိုစဉ်မှာ ကျမက မောင့်နံဘေးမှ ယုဇနပန်းရုံက ပန်းရနံ့တွေ မွှေးပျံ့မှုက ကျမနှင့်မောင်တို့ကို မဖြားယောင်းနိုင်တော့တာ သတိထားမိလိုက်သေးသည်။

`အဲဒါ နာ နေခဲ့တာမဟုတ်ဘူး။ စေတနာ မောင်ရဲ့၊ မိန်းမတယောက်ရဲ့ .. မိခင် တယောက်ရဲ့ စေတနာ´

မောင်က တွေနေဆဲ..။ ကျမကတော့ ရုတ်ချည်းပင် ၀ုန်းကနဲ လဲပြိုသေဆုံးကာ မျက်ရည်တွေ ကျလာမိ သည်။ သည်တော့လည်း မောင်က ကျမ၏ပခုံးတို့ကို ပွေ့ဖက်ကာ နှစ်သိမ့်သားပင်။ ပြီးတော့ သက်ပြင်းဖွဖွ လည်း ရှိုက်သေး၏။

`မေ့ပတ်ဝန်းကျင်ထဲ မောင်လိုက်တဲ့အခါ မင်းပျော်မယ် ဟုတ်လား မေ´

`ကိုယ့်ပတ်ဝန်းကျင်ထဲကို မဟုတ်ပါဘူး မောင်ရယ်။ တိုးတက်ခေတ်မီတဲ့ ဘ၀တခုထဲကိုပါ`

`မောင်ကတော့ မထင်ပါဘူးကွယ်၊ မောင် ထွက်ပြေးလာရလိမ့်မယ်။ မင်းရဲ့ ပတ်ဝန်းကျင်နဲ့ မောင့်ပတ်ဝန်းကျင် ဘယ်လောက် တခြားစီဖြစ်တယ်ဆိုတာ မင်း တကယ်ပဲ မသိလို့လား´

မောင်က တယောက်ထဲ ရေရွတ်သလို ပြောနေပြန်သည်။ ကျမက မောင့် ကို တင်းတင်းဖက်ထားပြီး ခုပင် ခွဲကြရတော့မလို ထင်လာမိသေးသည်။

`ယောက်ျားဆိုတာ ကိုယ် အရှင်သခင်ဖြစ်တဲ့နေရာမှာပဲ နေချင်ကြပါတယ်။ ဒါဟာ တကိုယ်ကောင်း ဆန်တာ၊ အတ္တဆန်တာဆိုရင်တော့ ကိုယ်မင်းကို ချစ်တဲ့အတွက် တခုခုကို စွန့်လွှတ်ရမှာပေါ့´

ထိုအချိန်မှာ ကျမကတော့ စပါးပင်တွေကိုကြည့်ရင်း သမီးလေးမွေးရင် `မနော်ဟရီ´လို့ နာမည်ပေး မယ်... သားလေးမွေးရင် `ရာကျော်သွေး´လို့ နာမည်ပေးမယ်... ဟု ရေရွတ်ကြုံးဝါးနေခဲ့ဖူးသော မောင့်ကိုပင် ထိုအချိန်မှာ သတိရသွားခဲ့သေးသည်။

ထိုည... ကျမတို့နှစ်ယောက်စလုံး အိပ်မပျော်နိုင်ခဲ့ကြပေ။

................................

အိပ်မပျော်သောည၏ အတွေးတွေထဲမှာ ကျမက ကျမနှင့် လက်ထပ်ပြီးခါစ မောင်နှင့်ကျမ ရန်ကုန်မှာ နေခဲ့ဖူးကြသော ကာလတချို့ကို ပြန် သတိရနေမိသည်။ တကယ်ပဲ ထိုစဉ်က မောင်မပျော်ခဲ့ချေ။ မြို့ပြမှာ မျက်စေ့နောက်ကာ လူတွေ ကျဉ်းကျဉ်းကျပ်ကျပ်နေနေရတာ၊ အမောတကော လှုပ်ရှားနေကြရတာ၊ လူတန်းစား မညီမျှမှုတွေ တွေ့နေရတာ၊ သူစိမ်းဆန်ခြင်းကို ခံစားရတာ။ ပြီးတော့ လူသိများသောကျမရဲ့ နံဘေးမှာ မောင်က ဘာမှမဟုတ်သလို ရှိနေခဲ့ရတာ။ ဒါတွေကို မောင်စိတ်ညစ်နေခဲ့သည်။ မောင်က ရိုးသားပွင့်လင်းသူမို့ သူ ခံစားရတာတွေအကုန် ကျမကိုပြောပြတော့ ကျမပင် မောင့်အတွက် စိတ်မကောင်းဖြစ်ခဲ့တာ။ ဒါပေမဲ့ ခုတခေါက်မှာတော့ ဒီလို ဘယ်ဖြစ်စေရပါ့မလဲကွယ်။ မောင်က တော်တဲ့ ယောက်ျားပဲ။ အလုပ်တခုခု အဆင်ပြေဖို့ ကြိုးစားကြမှာပေါ့။ ကျမတို့က ခြေမဲ့လက်မဲ့မှ မဟုတ်ဘဲကွယ်ဟု မောင့်ကို အားပေးရမည်။ တွေးရင်းနှင့်ပင် အားရှိလာကာ ကျမက တဘက်လှည့်ပြီး ငြိမ်သက်နေသော မောင့် ဘယ်ဘက်လက်မောင်းကိုပင် နမ်းမွှေးလိုက်မိသေး၏။ မောင်က ကျမဘက်ကို လှည့်လာပြီး ကျမနဖူးကို ပြန်လည် ငုံ့နမ်းသည့်အခါမှာတော့ မောင်နှင့်ကျမ ရှေ့လျှောက်ဘ၀မှာ ပျော်ကြရမှာပါ... ဟု ကျမက ယုံကြည်လိုက်မိပြန်သေးသည်။

++++++

(ဆက်ရန်ရှိပါသေး၏)

6 comments:

pandora said...

ဇာတ်လိုက်တွေကို မျက်စိထဲမှာလည်း မြင်ယောင်ကြည့်ရင်း ဖတ်ရင်း အရည်ပျော်ဆင်းရတယ်။ အဲဒီစာအုပ်ကို အရင်က မဖတ်ဖြစ်ခဲ့ဘူး။ စောင့်နေမယ် နောက်တစ်ပိုင်းကို။

ရွာသားလေးဝိုင်တီယူ said...

မိခင်တစ်ယောက်ရဲ့စေတနာဆိုတဲ့စကားက နားထဲမှာပဲ့တင်ထပ်နေပါတယ်ဆရာမရယ်

သက်ဝေ said...

အရင်ကထဲက ဖတ်ဖူးပြီးသား၊ ကြိုက်လဲ အရမ်းကြိုက်တဲ့ ၀တ္ထုလေးတစ်ပုဒ်ပါ...။
အခုလို ပြန်ဖတ်ခွင့်ရတာ ကျေးဇူးအထူးပါ ဆရာမရေ...။

Moe Cho Thinn said...

ဘ၀ဆိုတာ ဒီလိုပဲ အမြဲ ညှိယူနေရတာနော် ဆရာမ။
တခါတလေကျတော့လဲ တကယ်ပဲ စိတ်မော တယ်။

MyoeThu said...

I've read all. Very nice. I have no more blame on "May". Just lack of understanding. Please listen "Maung Gyi Khaw Yar" song. http://tw.youtube.com/watch?v=vuEuuD3m70o&feature=related

MyoeThu said...

http://www.youtube.com/watch?v=vuEuuD3m70o&feature=related