Aug 20, 2008

မြေနဲ့အတူ(အပိုင်း-၂)

(သံလွင်)

မောင်တို့ရွာကို ရောက်ဖို့အတွက် သံလွင်မြစ်ရိုးတလျှောက်ကို သင်္ဘောနှင့် စုန်ဆင်းရသည်။ ကျမစိတ်ထဲမတော့ အဲသည် သံလွင်မြစ်ရိုးတလျှောက်က သာယာလှပလွန်းသည်။ ကျောက်တောင်တွေ ပတ်လည်ရံလျက် မနီးမဝေးမှာ `ဇွဲကပင်တောင်´က ပေါ်လာလိုက် ပျောက်သွားလိုက်၊ မြစ်ရေပေါ်မှာ မြူထုတန်းနေတာကပင် ကျမအတွက်တော့ အဆန်းတကြယ် ဖြစ်လို့။ မောင်ကတော့ ကလေးတယောက်ကို ကြည့်သောမျက်လုံးများနှင့် ကျမကို တကြည့်ကြည့် ရှိ၏။ မောင်က `ရောက်တော့မယ်´ဟုပြောတော့ ကျမက ပိုလို့ ရင်ခုန်လာသေးသည်။

....................

သင်္ဘောပေါ်ကအဆင်း ဆိပ်ခံဗောတံတားပေါ်အတက်မှာ မောင့်လက်ကို ဆုပ်ကိုင်အားပြုတော့ မောင့်ရဲ့ ကြမ်းတမ်းသော လက်ဖ၀ါးတွေက ကျမကို တင်းတင်း ဆုပ်ဖျစ်၏။ မောင်ရော စိတ်လှုပ်ရှားနေတာလား...၊ မောင့်မျက်လုံးတွေကတော့ ပိုလို့ လင်းလက်တောက်ပနေသလိုပါပဲ။

`မင်းပျော်ပါ့မလား´ဟု မောင်က တယောက်တည်း ရေရွတ်သလို ခပ်တိုးတိုး ပြောသည်။ ကျမသည် လူတွေနှင့် ကျိတ်တိုးနေရသည်၌ အခွင့်ကောင်းယူကာ မောင့်လက်ပြင်ကျောစပ်ကို တချက်ခိုးနမ်းမှ မောင်က အပြုံးနှင့် လှည့်ကြည့်သည်။

မောင်တို့ရွာက တကယ်တော့ ရွာကြီးတရွာပင်။ အိမ်ခြေ ထောင်နှင့်ချီရှိပြီး လူနေမှုအဆင့်ကလည်း မနိမ့်လှပေ။ ပြီးတော့ ရွာကလေးက သန့်ရှင်းကျယ်ဝန်းလေသည်။ ကျမပင် အနည်းငယ် အံ့သြသွားမိသေး၏။ ကျမအတွက် ပို အံ့သြစရာ ကောင်းတာကတော့ မောင်ပဲ ဖြစ်သည်။ မောင်က သူ့မြေပေါ်အရောက်မှာ ပိုလို့ တက်ကြွ ဖျတ်လတ်သွား၏။ ကျမကတော့ ပီဘိ ကလေးသူငယ်လေးလို အားပျော့သွားကာ မောင့်ဘ၀လေးကိုပဲ ငေးမောနေမိသည်။

မောင်တို့တောရွာကလေးမှာတော့ မောင့်အိမ်ကလေးက ခေတ်မီ ကြီးကျယ်လေသည်။ ပြတင်း အမြင့်ကြီးများနှင့် နံရံဖောက်ဗီရိုများနှင့် ဘယ်လို ပရိဘောဂမျိုး၏ အနှောင့်အယှက်တို့မှ ရှိမနေသော ဧည့်ခန်းဖွဲ့စည်းပုံက ကျမ စိတ်ကိုတော့ လွတ်လပ်ခြင်းကို ခံစားရစေသည်။ အိမ်ပတ်လည်ဝရံတာတလျှောက် ရှိ နွယ်ပင်မျိုးစုံကတော့ နှစ်သက်ကြည်နူးစေလေသည်။

မောင်က ကျမကို အိမ်ရှေ့ဝရံတာမှ ထန်းပက်လက်ကုလားထိုင်မှာ ထိုင်စေပြီး ကလေးတယောက်ကို မုန့်ကျွေးသလို စိမ်းစားဥတွေ၊ ပြောင်းဖူးပြုတ်တွေ၊ မြေပဲပြုတ်တွေကို ကျမအနားမှာ ပုံတိုက် အောတိုက် လာထားပေး၏။ မောင့် အိမ်က မြစ်ပြင်ဘက် မျက်နှာပြုထားသောကြောင့် မြစ်ရေနံ့ပါသောလေကို ကျမ ရှုရှိုက်ရသည်။ မြစ်ရေနံ့က ညှီအဲ့အဲ့ပေမဲ့ ကျမကတော့ ဒါ သဘာဝရနံ့ပဲဟု စာဆန်ဆန် တွေးမိသေးသည်။ ၀ရန်တာကနေ မတ်တပ်ရပ်ကြည့်တော့ နေရောင်ဖြင့် ဖိတ်ဖိတ်လက်နေသော သံလွင်မြစ်ပြင်ရယ်၊ ပျံ့ပျူး သာယာသော သောင်ကမ်းရယ်၊ ခပ်ဝေးဝေးမှာ စင်ယော်ငှက်တွေ အုပ်ဖွဲ့ပျံနေတာရယ်ကို မြင်ရ သည်။

လွတ်လပ်ပွင့်လင်းခြင်းနှင့်အတူ
သဘာဝရဲ့ ရနံ့ကိုရှူ
ချစ်သူရေ.....
ဘ၀မှာ လိုအပ်သမျှ...
အဲသည်မြစ်ရေက ရမယ်.......
သောင်ကမ်းက ရမယ်........
စင်ယော်တွေဆီက ရမယ်.......
အဲဒါ.... မင်းဆီက ရသမျှ
အချစ်ဘ၀လည်း ဖြစ်တယ်။

ကျမရင်ထဲ ညံ့သက်လာကာ အတွေးမှာ ကဗျာတပိုင်းကို ရေးနေမိသည်။ ပြီးတော့ စိတ်ထဲ ဆွတ်ဆွတ်ပျံ့ပျံ့ရှိကာ မောင့်ကိုရှာတော့ ခြံဝင်းထဲမှာ ရွှေနီရောင် နွားကြီးနှစ်ကောင်နားမှာ အလုပ်ရှုပ်နေသော မောင့်ကို တွေ့ရသည်။ ၀ဖြိုးလှပသော နွားကြီးတွေက ကျွန်မစိတ်ထဲမှာတော့ ချစ်စဖွယ် ခမ်းနားလှသည်။

`မောင်ရေ နွားလှည်းစီးချင်တယ်`ဟု ပူဆာတော့ မောင်က ပြုံးသည်။ ခဏကြာတော့ လှည်းပေါ်မှာ ကောက်ရိုးခင်း.... နွားလှည်းပြင်နှင့် မောင် တယောက် အလုပ်ပိုရှုပ်သွားတော့သည်။ ကျမကတော့ လှည်းပေါ် ရင်တခုန်ခုန်နှင့် တက်ရတာကို ပျော်လို့။ နွားတပ်ပြီး လှည်းဦးမော့သွားတော့ ချားရဟတ်စီးရသလို ရင်ထဲ သိမ့်ကနဲ ဖိုသွားတာကိုလည်း ပျော်နေပြန်သည်။

`ပျော်လိုက်တာမောင်´ဟု ကျမက ကလေးတယောက်လို တတွတ်တွတ် ရွတ်နေမိသည်။ မောင်က `တခါမှ မကြုံဖူးသေးလို့ပါ၊ ကြာတော့လည်း ရိုးသွားမှာ´ဟု လှည့်ပြောတော့ ကျမမောင့်ကို စိတ်ကောက်ချင် သွားမိသည်။ ထိုအခါ....`အဲဒါပဲ၊ မောင်တယောက်ဟာ..၊ ကြာရင် ရိုးရိုး မရိုးရိုး လောလောဆယ် ကိုယ် ပျော်တယ်လေ...... မောင်ဝမ်းမသာဘူးလား´ ဟု စိတ်ကောက်သံဖြင့် ပြောကာ မောင့် လက်ကိုပြင်ကို ဖွဖွ ရိုက်မိတော့သည်။ သည်တော့လည်း မောင်က.... `အေးပါကွာ ၀မ်းသာပါတယ်.. ၀မ်းသာပါတယ်´ ဟု နောက်ပြောင်ရိပ်စွန်းသော အသံဖြင့် ပြော၏။

မောင်က `ကိုင်း´ထဲ လိုက်ပို့မယ်တဲ့။ ကျမသိထားတဲ့ `ကိုင်း´ဆိုတာက မြေကို တွယ်ပြီးရှင်သန်သော နွယ်ပင်တွေ။ `ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ´ ဆိုတဲ့အထဲက `ကိုင်း´။ `ကိုင်းထဲမှာဆို မင်းပျော်မှာ´ ဟု မောင်ပြောတော့ ကျမက`ကိုင်း´ ဆိုတာ စိုက်ခင်းတမျိုးဖြစ်လိမ့်မည်ဟုတော့ ထင်သားပင်။

ရွာလမ်းတလျှောက် နွားလှည်းဖြင့် ဖြတ်တော့ ရွာလမ်းခနိုးခနောင့်တွေကြောင့် လှည်းက တအိအိ ဆောင့်၏။ မောင်က `ကိုယ်လက်နာတတ်တယ်´ ဟု ပြောသော်လည်း ကျမကတော့ လှည်းဆောင့်သည်ကိုပင် ပျော်ရွှင်စွာ လှည်းအဆောင့်နှင့် အလိုက်သင့် ကိုယ်ကိုဆောင့်ချပြီး မောင့်ကိုစကာ `အမလေးတော်´ဟု တ.တ ပြပြီး ရယ်မောနေမိသေးသည်။ ရွာလမ်းတွေကို အလွန်မှာတော့ ရုတ်တရက်နိုင်လှစွာ မျက်စေ့တဆုံးတိုင် ကျယ်ပြောနေသော ကွင်းပြင်ကြီးတွေက ကျမကို ဘွားကနဲ ပွေ့ဖက်လိုက်သည်။ ကွင်းပြင်ကျယ်ကြီး ထဲမှာ အပင်မြင့်ဆိုလို့ ဇီးပင်(ဆီးပင်)အနည်းအကျဉ်းမှလွဲ၍ ဘာမှရှိမနေဘဲ ဟိုးအဝေး မျက်စေ့တဆုံးမှာကျမှ တောင်နံရံတွေက အနားသတ်ထားပေးသလို ရှိလေသည်။


`လှလိုက်တာ´ဟု ကျမ အသံထွက်ရေရွတ်မိလောက်အောင် ဟင်းလင်းပြင်နှင့် အနားသတ်မျဉ်းတွေက လိုက်ဖက်ညီလှသည်။ တကယ်တမ်းဆိုလျှင်ဖြင့် နေရောင်ပူတောက်တောက်အောက်က ကွင်းပြင်ကျယ်တွေ၊ တောင်နံရံတွေက ဘယ်လောက်မှ မဆန်းကျယ်သော်လည်း ကျမက ကွင်းပြင်၏ ကျယ်ပြော လွတ်လပ်ခြင်း ရယ်။ တောင်တန်း၏ အေးမြရိပ်ရှိသော စိမ်းညို့ညို့အနားသတ်ရယ်နှင့် တိကျခိုင်မာမှု၊ လုံခြုံမှုတို့ကို ခံစားရစေသော ကောင်းကင်ကြည်ကြည်၏ အုပ်မိုးထားမှုရယ်တို့ကို အင်မတန် Composition မှန်သော ပန်းချီကားလို ခံစားမိသည်လေ။

ကွင်းပြင်ထဲမှာတော့ လူတွေ တလှုပ်လှုပ် ရှိသည်။ ထိုလူတွေကို ကျမ ငေးဆဲ..... မောင်က.... `သူတို့ ဘာလုပ်နေကြတာလဲ သိလား´ ဟု လှမ်းမေးသည်။ သေချာကြည့်တော့ သူတို့က မြေပဲနှုတ်နေတာ၊ သွက်လက် ကျွမ်းကျင်စွာ နွယ်ပင်တချို့ကို ဖယ်ရှားပြီး အမြစ်နေရာမှ မြေပဲလေးတွေကို ချွေယူကြတာ သိပ်မြန်တာပဲ။ အဲဒီ မြေပဲပင်တွေပေါ်မှာတော့ ပဲကြားတွေ သီးနေသော အပင်လေးတွေ။

`အဲဒီ မြေပဲနဲ့ ပဲကြားက အတူတူပေါက်တာလား မောင်´

`အတူတူစိုက်တာပါ မေရဲ့။ မြေကို မြောင်းဖော်ပြီး မြေပဲမျိုးစေ့ကို အကွာအဝေး မှန်းပြီး စိုက်တယ်၊ ပြီးတော့ ပဲကြားမျိုးစေ့ကို ကျဲပြီးတော့၊ ၀ဲ(ဓါတ်မြေသြဇာ)ကျဲ ပြီး စိုက်တာ´

`ဒါဖြင့် ခု မြေပဲနှုတ်တော့ အဲဒီ ပဲကြားကို မထိခိုက်ဘူးလား´

'သိပ် အထိခိုက်ကြီးတော့ မဖြစ်ပါဘူး။ သူ့အတွက် ပေါင်းလိုက်ပေးသလိုတောင် ဖြစ်တာပေါ့၊ မတွေ့ဘူးလား။ အဲဒီမှာ နွယ်တွေ၊ မြက်တွေ ဖယ်ပစ်တာ၊ ပြီးတော့ သူတို့နှစ်မျိုးက မရှေးမနှောင်း ဆွတ်ရ တာလေ´`

ကျမကတော့ မောင့်ကို အံ့သြငေးမောနေမိသည်။ ကြည့်စမ်း ကျမ အင်မတန် ရင်ခုန်ရသည့် အဲသည် လူငယ်လေးက ခုတော့လည်း တကယ့် လယ်သမားကြီးလို ကျွမ်းကျင်မှုတွေနဲ့ တောက်ပလို့။ ကျမကတော့ဖြင့် မောင် နွားလှည်းမောင်းတာကိုပင် တအံ့တသြ သဘောကျ မဆုံးပြီ။ မောင်နှင့်တွေ့စက မောင့်လို လူငယ် ချောချောလေးက ခြေသည်းတွေ ပဲ့နေတာ၊ လက်ဖ၀ါးတွေ ကြမ်းထော်နေတာ၊ ဆံပင်တွေ နီကျင်ကျင် ဖြစ်နေတာ၊ အသားတွေနေလောင်နေတာတွေကို အံ့သြမိဖူးတာကိုလည်း သတိရနေမိသေးသည်။ တကယ်ဆို ကျမက လူတွေရဲ့ အသားအရည်၊ ခြေလက်စင်ကြယ်မှုကို စိတ်ဝင်တစား ရှိတတ်သော မိန်းမသာ ဖြစ်သည်။ မောင်နှင့်ကျကာမှ`ခြေတွေ လက်တွေ ကြမ်းတော့ အားရှိတာပေါ့´ ဟု ပြောင်းလဲခဲ့တာ။ `အဲဒါဟာ အချစ်ရဲ့ ဆန်းကြယ်တဲ့ လှည့်စားမှုပဲ´ဟုပင် မောင့်ကို ပြောမိခဲ့ဖူးသည်။

ခုလည်း မောင်က သူ့လက်မောင်းကြွက်သားတွေကို ပေါ်ပေါ်လွင်လွင် မြင်နေရစေသော တီရှပ် လက်ပြတ်နှင့် ပုဆိုးကို တိုတိုဝတ်လို့၊ ခြေထောက်မှာ ဖိနပ်မပါဘဲ နွားလှည်းမောင်းနေတာ။ ကျမသည် လူငယ်တယောက်၏ သန်စွမ်း မှုနှင့် သဘာဝဆန်မှုထဲမှာ ရင်ခုန်ရပြန်သည်။ အခါများစွာမှာ ကျမတွေ့နေရတာ က မြို့ပြထဲက ခေတ်မီသော လူငယ်လေးတယောက်ကိုသာဖြစ်သည်။ မောင်များ တီရှပ်လက်ပြတ်နှင့် ဂျင်းဘောင်ဘီကို တွဲဝတ်လိုက်လျှင် ဘာတခုမှ ထပ်မံ ဖြည့်စွက်ဖို့ မလိုလောက်အောင် မောင်က ခမ်းနား ပေါ်လွင်သွားလေသည်။ မောင့် ဆံပင်နွယ်နွယ်တွေနှင့် အထူးတလည် တောက်ပသော မျက်လုံးနက်နက်တို့ ကတော့ မောင့်ရဲ့ပင်ကိုတန်ဖိုးကို ပိုထင်ရှားစေသည့် အမှတ်အသားတွေပဲ ဖြစ်မည်။ အဲသည် လူငယ်ကလေးက ခုတော့လည်း တကယ့်ကို အရိုင်းဆန်ဆန် ဒါမှမဟုတ် မြေသား ဆန်ဆန်။ ကျမစိတ်ထဲမှာတော့ မောင့်ကို သူ့မြေနှင့် တသားတည်းကျကာ မြေဆီမြေနှစ်လို၊ မြေသြဇာလို ဒါမှမဟုတ် သူကိုယ်တိုင်သည်ပင် မြေကို ဖက်တွယ်သော ကိုင်းပင်တပင်လို မြင်လာမိသည်။

ထိုအခါ..... `မောင့်ကို အဖေက ရာကျော်စပါး စစိုက်တဲ့နေ့မှာ မွေးလို့ `ရာကျော်´လို့ နာမည်ပေးတာ။ အဲဒီ နာမည်နဲ့ ဘယ်လို ပတ်သက်လဲတော့ မပြောတတ်ဘူး။ မောင်တို့ရွယ်တူတွေထဲမှာတော့ မောင်က လယ်တွေ၊ ကိုင်းတွေ လုပ်ရတာကို ထူးထူးခြားခြားကို ပျော်တယ်။ စပါးစိုက်နေရတဲ့ ဘ၀ကို ကျေနပ်တယ်။ ရွာမှာ ကျန်တဲ့ကောင်တွေက လယ်အလုပ်ကို သိပ်စိတ်မ၀င်စားကြဘူး´ဟု ပြောပြခဲ့ဖူးတာကို သတိရသည်။ တကယ်လည်း မောင်က စပါးပင်တွေကို သူကိုယ်တိုင် စိုက် ရတာ၊ သူ့မျက်စေ့ရှေ့မှာ စပါးပင်တွေ တက်လာတာ သူကိုယ်တိုင် မြေသြဇာ ကျွေး၊ ပိုးတွေရန်က ကာကွယ်ရင်း စပါးပင်တွေ ဖြစ်ထွန်းလာတာကို ခံစားရတာ သိပ်ပျော်သူ။

လယ်ကိစ္စများ အရေးပေါ်လျှင် ကျမကိုပင် မှန်မှန် လာမတွေ့ဘဲ နေနိုင်ခဲ့တာ။ သတိရလျှင်တော့ ကျမက အဲသည့်လယ်မြေတွေကို မနာလိုဖြစ်ကာ ငိုချင်ခဲ့ဖူးသေးသည်။ တခါကများဆိုလျှင် ကျမကို စက်မှုလယ်ယာပစ္စည်း အရောင်းဆိုင်ထဲ ခေါ်သွားကာ `ဒါက ရိပ်သိမ်းချွေလှေ့စက်။ ဒါက လယ်ထွန်စက်၊ ဒါက ထော်လာဂျီ၊ ဒါက ပေါင်းလိုက် သမန်းနှိုးစက်´ဆိုပြီး တခုချင်းပြကာ ဘယ်နေရာမှာ သုံးတယ်ဆိုတာကိုလည်း သေချာ ပြောပြနေသေးသည်။ ပြီးတော့ `လယ်သမားကို ရည်းစားထားရင် ဒါတွေတော့ သိထားရမယ်ကွ၊ နော်´ဟုလည်း ကျမကို စည်းရုံးသေးသည်။ ကျမမှာ သူ့ကိုချစ်သည်နှင့်ပင် အဲဒီပစ္စည်းတွေကို စိတ်ဝင်စား ခဲ့ရသေး၏။ ပြီးတော့ စာမေးပွဲစစ်သလို အင်တာဗျူးလုပ်သလိုလည်း `ပြန်ပြောစမ်းမေ၊ ပေါင်းလိုက် သမန်းနှိုး စက် က ဘာလုပ်ရတာလဲ´ဟု မေးတတ် ပြန်သည်။

အတွေးထဲ နစ်မျောဆဲ မောင်က `ဟိုမှာကြည့်စမ်းမေ´ဟု ဆိုတော့ သူ ညွှန်ပြရာကို လှမ်းကြည့်မှ ကျမ ကိုယ့်ကိုယ်ကို အပြစ်တင်မိတော့သည်။ စောစောက မမြင်မိခဲ့သော မြင်ကွင်း။ ကွင်းပြင်ကျယ်၏ အလယ်လောက်မှာ ရှိနေသော တောင်နံရံ..... ကြုံကြိုက်တိုင်း ကျမ အမြဲ သဘောတကျ ငေးမောနေကျ ကရင် အမျိုးသား အဘိုးကြီးနှင့် အဘွားကြီး မတ်တပ်ရပ်နေဟန် အထင်အရှား ပုံပေါ်နေသည့် တောင်ကမ္ဘားရံကို တွေ့ရသည်။ ကြည့်စမ်း... ဒါဖြင့် ကျမ ခု မြင်နေရတာက ဇွဲကပင်တောင်ပေါ့။ ဇွဲကပင်တောင် က`မာယာတောင်´ဟု အမည်ပေးရသည့်အတိုင်း ပုံစံအမျိုးမျိုး ပြောင်းသည့် တောင်ပေပဲ။


`ကြည့်စမ်း ကိုင်းထဲက လှမ်းကြည့်ရင် ဒီနေရာကို လှမ်းမြင်ရတယ်လို့ မောင်က တခါမှလည်း ပြောမပြဖူးဘူး´
ဟု ကျမက စူပွပွလုပ်ပြီး ပြောမိတော့သည်။

`ကြိုပြောထားရင် ခုလောက်ခံစားလို့ ကောင်းပါ့မလားကွာ´
ဟု မောင်ပြောတော့လည်း မှန်နေတာမို့ ကျမ စိတ်ပြေလိုက်ရသည်။

`ကိုယ်သာ မောင့်နေရာမှာဆိုရင်တော့ ဒီကနေားအံဘက်ကို မှန်းကြည့် ပြီး ရည်းစားကို လွမ်းမှာပဲ။ မောင်ကတော့ လွမ်းမှာမဟုတ်ပါဘူး။ လယ်ထဲမှာဆို ကိုယ့်ကို မေ့နေတာ´
ဟု ကျမက ကြုံကြိုက်တုန်း စွပ်စွဲသလို အပိုင်ပြောလိုက်သည်။ သည်တော့လည်း မောင်က အသံထွက်အောင် ရယ်မောကာ......

`ဟ ဘယ့်နှယ်ရန်ထောင်နေရတာလဲ ကောင်မလေးရ အဲဒီလယ်က တခြား ကောင်မလေး တွေမှ မဟုတ်တာကွာ´
ဟု ပြန်ပြော၏။

`ဟာ မရပါဘူး၊ မောင့်ဘ၀မှာ ကိုယ်ပဲ အချိန်ပြည့် အရေးပါ ရမှ´

မောင်က ကျမခေါင်းကို ခပ်ဖွဖွ ပုတ်ရင်း ပြုံးနေခဲ့သည်။

နောက်တော့လည်း ငေးမောပျော်ရွှင်ကာ စိတ်တိုဖို့ မေ့ရပြန်သည်။ မြေပဲခင်းတွေကို လွန်တော့ စိမ်းလန်းသော အပင်မြင့်မြင့်တွေကို တသီတတန်း တွေ့သည်။ အနားနီးတော့မှ အပင်တွေမှာ ပြောင်းဖူးတွေ တွဲရွဲခိုနေတာ မြင်သည်။ တုတ်ခိုင်သန်မာသော ပြောင်းဖူးကြီးတွေ အပင်မှာ ဖူးနေတာကို ကျမ ပထမဦးဆုံး တွေ့ဖူးခြင်းလည်း ဖြစ်သည်။


`ပြောင်းစိုက်မယ့်မြေက နုံးနည်းနည်း ပါရတယ်။ မြေပဲကျတော့ သဲနည်းနည်း ပါရတယ်။ ခု ဒီဘက်ပိုင်းက မြစ်နဲ့ ပိုနီးပြီး နုံးတင်မြေလည်း ဖြစ်လို့ `ပြောင်း´စိုက်တာ.....´

မောင်ကတော့ ကျမကို စာသင်နေသလို စိတ်ပါလက်ပါ ရှင်းပြလေသည်။ ကျမကလည်း မောင့်ရည်းစား ပေပဲ၊ ကိုယ်အားသန်ရာကိုသာ ၀င်စားလေသည်။

`ဒီနေရာကိုရောက်တော့ ဗန်ဂိုးကို သတိရလိုက်တာကွယ်´

တကယ်ပဲ ကျမရင်ထဲ ဆွတ်ပျံ့ပျံ့ဖြစ်လာကာ ဗင်းဆင့်ဗန်ဂိုးကို လွမ်းသွားခဲ့တာ။ အဲသည်တုန်းမှာပဲ

`ပြောင်းပင်တိုင်းကတော့ လူတရပ်စာ မမြင့်ဘူး မေရဲ့။ အောင်တဲ့အခင်းကျမှ သန်တာ၊ သိပ်မကောင်းရင် ခါးလောက်ပဲ ရှိတာ၊ အဲဒါဆို အဖူးကလည်း သေးတယ်´
ဟု မောင်က ပြောတော့တာ။ ကြည်ပါဦး ကျမနှင့် မောင်ကွာခြားပုံများ ကျမ၏ စိတ်ကူးယဉ်ဆန်မှုနှင့် သူ၏လက်တွေ့ကျမှု။ ခုလည်း ပြောရင်းဆိုရင်း လှည်းပေါ်မှ လွှားခနဲ ခုန်ဆင်းကာ ပြောင်းဖူးတွေ ချိုးနေပြန် သည်။ ကျစ်လျစ် သန်မာလှသော လူငယ်လေးကို ကျမ ငေးမိနေဆဲ လူငယ်လေးက သွက်လက်စွာ လှည်းပေါ် ပြန်ခုန်တက်ပြီး ခရီးဆက်ပြန်သည်။ ပြောင်းခင်းတွေ လွန်တော့ ကွင်းပြင်ကျယ်ထဲ ရောက်သွားပြန်သည်။

`နေသိပ်ပူနေပြီလားမေ´ဟု မောင်လှမ်းမေးလိုက်ဆဲမှာပင် ကွင်းပြင်ကျယ်တို့အလယ်မှာ ရှိနေသော တောအုပ်ကလေးတခုကို ကျမ လှမ်းမြင်လိုက်တာ။

`ဟယ်မောင်ရေ.... အဲဒါ ဘာပင်တွေလဲဟင်၊ အမရပူရက မယ်ဇယ်ပင်တန်းနဲ့ တူလိုက်တာ´

အုံ့ဆိုင်းမှိုင်းဝေလျက်ရှိသော အရွယ်တူအပင်တွေ ထောင်နှင့်ချီလိမ့်မည်။ မောင်က `သရက်ခြံ´ဟု ပြန်ဖြေစဉ်မှာပင် စိမ်းမြသော သရက်နံ့က လေနှင့် အတူ ကျမထံ လွင့်လာသည်။

မောင်က လှည်းကို ထိုတောအုပ်လေးဆီ ဦးတည်၏။ သရက်ရွက်ကျိုးကျဲတို့ကို ထိုးဖောက်ကာ နေရောင်က မြေပေါ်မျာ ပြိုးပြိုးပြောက်ပြောက် ကျနေ၏။ ဒါကိုက အလှတပါးပဲ။ မြေပေါ်မှာ သရက်သီးကင်းတွေ ဖွေးနေအောင် ကြွေကျနေတာမြင်တော့ ကျမက ရန်ကုန်မှာ ဈေးကြီးပေးဝယ်စားရတာကို သတိတရဖြင့် နှမြောနေမိသေးသည်။ သရက်ပင်တို့၏အခြေမှာ မြေပြင်ကလည်း ညီညာပြန့်ပျူး၏။


`ဒီမှာပဲ နားစို့မောင်ရယ်´

`ဒီနေရာမှာက ရေမရှိဘူး မေရဲ့၊ ရှေ့မှာ နားဖို့တဲ ရှိတယ်။ အရိပ်လည်း ကောင်းတယ်၊ အဲဒီ သွားမယ်နော်´

မောင်ရွေးချယ်သောနေရာက သောင်ပြင်နှင့်နီးနီး သရက်ပင်ကြီးတပင်အောက်က ဖက်မိုးတဲလေး ဖြစ်သည်။ အနားမှာတော့ ကိုင်းခရမ်းချဉ်တွေ၊ ငရုတ် တွေ၊ ဖရဲတွေ၊ သခွားတွေ သီးနေသော အချင်းရှိသည်။

တဲကလေး၏ ၀ါးကြမ်းခင်းမှာထိုင်ရင်း သရက်ပွင့်နံ့ကို ရှုရှိုက်ကာ သဲအိုးထဲမှ ရေအေးအေးကို သောက်ရင်း ကျမ နားနေတုန်း မောင်ကတော့ နွားတွေကိုဖြုတ်ကာ သရက်တောအုပ်ထဲမှာ လှန်ထား လေသည်။ ပြီးတော့ တဲကလေးနှင့် မလှမ်းမကမ်း မြေပြန့်ပြန့်မှာ ရှိနေသော မီးသွေးဖိုလေးနှင့် မီးမွှေးနေသည်။

`မောင်ရေ.. ဘာလုပ်မလို့လဲ.... လာကွယ် ... ကိုယ့်နားမှာ လာထိုင်နားပါဦးကွယ်၊ ဘာမှ မလုပ်နဲ့´

မောင်က လက်ကာပြပြီး ဆက် အလုပ်ရှုပ်နေ၏။ ခဏအကြာတော့ မီးဖိုမှ မီးတောက်လေးတွေ လွင့်တက်လာသည်။

`ကြည့်စမ်း..... ကိုယ့်မောင်က သိပ်တော်တာပဲ၊ မီးမွှေးတာများ ခဏလေးရယ်.... ကိုယ်ဆို လုံးဝ မမွှေးတတ်ဘူး´

`အောင်မာကွာ...... မတတ်ရင် တတ်အောင် သင်ရမှာပေါ့´ ဟု ပြုံးစစဖြင့် ကြိမ်းရင်း မောင်က သူချိုးလာသော ပြောင်းဖူးတွေကို အခွံမခွာဘဲ မီးဖိုထဲ ထည့်နေပြန်သည်။ ပြီးတော့ မီးဖိုက လေ၀င်ပေါက် တွေကို ပိတ်ပြီး မီးညွန့်မတက်အောင် လုပ်ပြန်သည်။ ကျမအတွက်တော့ မောင်က ထိုနေ့မှာ စိတ်ဝင်စားစရာ တွေဖြင့်သာ ကျမကို ဖမ်းစားနေသလိုပါပဲ။ ပြီးမှ မောင်က ကျမဆီ လျှောက်လာသည်။

`အဲလို အခွံပါထည့် မီးဖုတ်ပြီး စားဖူးလား´

`ဟင့်အင်း.... မြင်တာတောင် ခုမှ မြင်ဖူးတာ´
ဟု ကျမဖြေတော့ မောင်က သဘောတကျ ပြုံး၏။

`အဲလို မီးဖုတ်ရင် သူ့အရည်ဓါတ်နဲ့ သူနူးပြီး သိပ်ချိုတာ´
တဲ့။ တကယ်လည်း စားဖူးသမျှ အနူးညံ့ဆုံးနှင့် အမွှေးပျံ့ဆုံး ပြောင်းဖူးကို ကျမစားခဲ့ရလေသည်။

နောက်တော့ သခွားမွှေးခင်းတွေကို ဖြတ်ပြီး သောင်ပြင်ဆီ နေပူပူထဲ လမ်းလျှောက်ရတာကလည်း ပျော်စရာ ကောင်းနေပြန်သည်။ မောင်က ဖရဲသီးတလုံးကို မြေမှာ ပေါက်ခွဲပေးပြီး ဒီအတိုင်း ဖဲ့ ဖဲ့ ယူစားရတာက ပျော်စရာကောင်းသည့်အပြင် ဖရဲသီးကလည်း ရန်ကုန်သူကျမအတွက်တော့ အံ့သြစရာကောင်းလောက်အောင် ချိုလေသည်။

သောင်အစပ်မှာ လှေကလေးတစင်း ရှိ၏။ ပြီးတော့ ထိုနေရာလေးမှာ သံလွင်မြစ်က ကျဉ်းသည်။ `မောင် ကိုကို နှင့် မြနန္ဒာ´ထဲက လင်းနှင့် မြနန္ဒာ အင်းလျားကန်ထဲ လှေလှော်ကြတာကိုပင် သတိတရ လွမ်းဆွတ်သွားမိသေး၏။ တဖက်မှာ ပျံ့ပျူး လွင်ပြင်။ ကျမ မျှော်ကြည့်တော့ မောင်က `အဲဒါ ဖရဲခင်း´ဟု ပြောပြသည်။ ကျမကတော့ ထိုနေ့ကလေးမှာ သဘာဝ၏ ဖမ်းစားမှုထဲ အရူးအမူး ဖြစ်လို့။ မောင့် မျက်လုံးပြုံးပြုံးတွေကလည်း ကျမ၏ ရူးသွပ်မှုကို အားပေးအားမြှောက်လုပ်သေး၏။ နောက်တော့ အပြန်လမ်းမှာ ကျမက အဲဒါပဲ တကယ့်ဘ၀ဟု ထင်နေခဲ့တော့သည်။

.................

(ဆက်ရန် ရှိပါသေးသည်)


4 comments:

ရွာသားလေးဝိုင်တီယူ said...

ဆက်ရန်ရှိပါသေးသည်ကိုတောင်မေ့သွားပါသည်ခင်ဗျာ

ဂျစ်တူး - gyit_tu said...

အမ.. ရွာက ပျော်စရာကြီးနော် ။ သွားချင်စရာ ။

တန်ခူး said...

မ ရေ အဲဒီဝတ္ထုလေးကို အရင်က ဖတ်ဖူးတယ် ခုလိုပြန်တင်ပေးတော့ ဖတ်လို့ ကောင်းနေပြန်ရော လတ်ဆတ်တဲ့ မြေရနံ့ လေးပါ ရှုရှိုက်မိသလို ခံစားရအောင် ရေးတတ်လိုက်တာ

Moe Cho Thinn said...

ကိုရာကျော်က သူ့ရွာရဲ့ သဘာဝအလှအပနဲ့ပါ ပေါင်းပြီး ဆရာမကို ဖမ်းစားလိုက်တာကိုး။
စာရော ပုံတွေရော လှလိုက်တာ။