Aug 21, 2008

မြေနဲ့အတူ(ဇာတ်သိမ်း)


နောက်ပိုင်းရက်မှာတော့ ဘ၀ထဲ အကျဉ်းကျရသူက ကျမတယောက်တည်းမဟုတ်တော့ဘဲ မောင်ပါ ပါလာခဲ့ပြီ။ မောင်က ကျမနံဘေးမှာ စက်ရုပ်တရုပ်လို။ ကျမကိုလည်း သိပ်မျက်နှာချင်းမဆိုင်ဘဲ နေ၏။ ကျမက အထီးကျန်ခြင်းနှင့်အတူ သင်းကွဲခြင်းကိုပါ ခံစားလာရသည့်အခါမှာတော့ ဒီအခြေအနေထဲ ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဟု ထင်လာသည်။ နေ့ရက်တို့က တနေ့ထက်တနေ့ ချောက်ချား တိတ်ဆိတ် လာဆဲ.........။ တနေ့မှာတော့ နေ့လယ်ခင်း မောင်ထမင်းပြန်မစားသည့်အကြောင်းအရာက ကျမကို ဒေါသဖြစ် စေခဲ့လေသည်။

နေ့ခင်းနေပူပူထဲ ကျမလယ်ထဲလိုက်လာမည်ကိုတော့ မောင်က စိတ်ပူလေသည်။ အိမ်နှင့် တမိုင် ခရီးလောက် ဝေးသော လယ်ကွင်းဆီရောက်ဖို့ လမ်းလျှောက်လာရသည့်အတွက် သည်တကြိမ်မှာတော့ ကျမက စိတ်ဇောနှင့် မမောမိပေ။ လယ်ထဲရောက်တော့ မောင်နှင့်အလုပ်သမားတွေ လယ်ထွန်စက်နားမှာ အလုပ်ရှုပ် နေကြ၏။ တဲမှာတော့ ပွက်ပွက်ဆူနေသော ထမင်းအိုး။ နံဘေးမှာ ငါးပိထောင်းလက်စ ငရုတ်ဆုံတလုံး။ သခွားသီးတွေ၊ ငရုတ်သီးစိမ်းတောင့်တွေနှင့်။ ခဏကြာမှ မောင့်အလုပ်သမားတယောက်က ထမင်းအိုး လာကြည့်ရင်း ကျမကို တွေ့သွားသည်။ သူက လှမ်းခေါ်မှ မောင်က ကျမဆီရောက်လာသည်။ ကျမကတော့ မောင့်ကို တုန်တုန်လှုပ်လှုပ် ငေးကြည့်နေမိသည်။

ဖျင်အင်္ကျီလက်ရှည်နှင့် ဂျင်းဘောင်းဘီနှင့် ခမောက်နှင့် မောင်က ချွေးတို့ ရွှဲနစ်လို့။ အဲဒါ ကျမ ယောက်ျားပေါ့လေ၊ အဲလိုဘ၀ထဲမှာ သူက ရိုးမြကျ နေသွားတော့မှာလား၊ ကျမရဲ့အချစ်က သူ့ကို မဖြားယောင်း နိုင်ဘူးတဲ့လား။ မောင်က ကျမကို နူးနူးညံ့ညံ့ ပြုံးပြ၏။ ဟိုးအရင်က မင်းသားတပါးလို ချစ်စရာကောင်းခဲ့သူ၊ ခုတော့ သူ့ရဲ့ရွေးချယ်မှုကြောင့် ဘာတန်ဖိုးမှ မရှိတော့သလို။

`မောင်ထမင်းပြန်မစားလို့´
မောင်က ကျမဘေးမှာ ခြေပစ်လက်ပစ် ထိုင်ချ လိုက်သည်။

`ဟုတ်တယ်... ထွန်စက်ပျက်လို့´

`ခု ပြန်စားမလား မောင်..... အိမ်မှာ အဆင်သင့်ပဲ´

မောင်က ကျမကို လှည့်ကြည့်ပြီး.....

`ခုပဲ စားလိုက်တယ်၊ ဗိုက်လည်း ဆာလာပြီ၊ စက်ကလည်း မရသေးတော့ ဒီမှာပဲ စားလိုက်တယ်၊ မောင် ဒီမှာ စားလိုက်တာနဲ့ ထမင်းတောင် ထပ် ချက်ရတာ´

သေချာတာကတော့..... အဲသည်အချိန်မှာ ကျမမောင့်ကို စကားတစုံတရာ မပြောချင်တော့ခြင်းပင်။

`မေက ဘာလို့လိုက်လာရသလဲကွာ၊ နေပူကြီးထဲမှာ´

ကျမ ဘာကိုမှ မတုံ့ပြန်ချင်တော့၊ ဒါဟာ မောင့်ရဲ့ကြင်နာခြင်းဟုလည်း ကျမ မတွေးချင်တော့ပြီ။

`ကဲ.... ကိုယ်ပြန်မယ်´

`လှည်းနဲ့ ပြန်ပါလားမေ.... မောင် တယောက်ယောက်ကို ပို့ခိုင်းမယ်လေ´

ကျမ မောင့်ကို ခေါင်းညိတ်ခေါင်းခါပင် မတုံ့ပြန်ချင်တော့ဘဲ လှည့်ထွက်လာမိသည်။ ကျမစိတ်ထဲ မောင့်ကို ဆုံးရှုံးလိုက်ရသလိုပင်။ မောင့်ဘ၀မှာ ကျမဟာ ဘာအတွက်မှ မလိုအပ်တော့။ ကန်သင်းရိုးတွေကို အဖြတ်မှာ မောင် ကျန်ခဲ့ရာဆီ လှည့်ကြည့်စဉ် မောင်က ကျမမျှော်လင့်သလို ကျမဆီ ကြည့်မနေဘဲ စပါးပင်တပင်ကို ငုံ့ကြည့်စစ်ဆေးနေသည်ကို တွေ့လိုက်သည့်အခါမှာတော့ ကျမ၏မျက်ရည်တို့က ကျလာ ခဲ့တော့သည်။ မောင်က ကျမကိုပင် နောက်ဆံ မတင်းတတ်တော့ပြီ။

တကယ်တော့ ကျမ မောင့်ဘ၀ထဲမှာ မပျော်တော့တာ`အချစ်´ ကြောင့်လည်း ပါပါတယ် မောင်ရယ်။ မောင့်ဆီမှာ ကျမအပေါ် အရိပ်ကြည့်အချစ်မှ မရှိတော့ဘဲ။ ဒါဖြင့် ကျမတို့ ဘာအတွက် ဆက် အသက်ရှင် နေကြတာလဲဟင်။ ကျမက မောင့်အတွက်...... ဒါမှမဟုတ် မောင်က ကျမအတွက်..... ဘယ်သူက ဘယ်သူ့ အတွက်မှ မဖြစ်တော့ဘူးဆိုရင် အဲဒီနှစ်ယောက်ဟာ.....။

အဲဒီညမှာပဲ ကျမတို့နှစ်ယောက်ရဲ့ ခြောက်အိပ်မက် စသည်။

..............

အဲသည်ညနေမှာတော့ မောင်က နေ့လယ်ခင်းက အရှိန်ကြောင့်ဖြစ်လိမ့်မည်။ အိမ်ပြန်စောခဲ့၏။ ပြီးတော့ ကျမနံဘေးကိုလာကာ စကားမရှိ စကားရှာ ပြောနေခဲ့သည်။

`မောင် အလုပ်နည်းနည်းပါးတဲ့အခါ မောင်တို့ဟန်းနီးမွန်းတုန်းကလို စက်စဲဘက်မှာ ရက်ကြာကြာ သွားနားရအောင်နော်..... မေ´

ဒါဟာ တို့နှစ်ယောက်ရဲ့ ရောဂါအတွက် ထိရောက်တဲ့ကုသနည်းလို့ မောင်က ထင်နေသလား။

မောင်က ကျမပခုံးစွန်းမှာ မေးတင်လိုက်၏။ ကျမ ရင်တောင် ခုန်ချင်လာသလို။ ဒါပေမဲ့ အရင်ကလို ပျော်ရမှာတဲ့လား။ ကျမစိတ်တို့ ပုံမှန် ငြိမ်သက်သွားပြန် သည်။

`ကိုယ်တို့ ဆွေးနွေးရမှာ အဲလောက် ပေါ့ပါးတဲ့ ကိစ္စတော့ မဟုတ်ဘူး မောင်´

ကျမပခုံးဆီမှာ မောင့်မေးဖျားကွာသွားသည်။ မောင်က ကြမ်းပြင်ဆီ ငေးစိုက်ရင်း အတန်ကြာ ငြိမ်သက် နေသေးသည်။

`မဟာရံတံတိုင်းထဲက `အယ်လီနာ´ကို မောင်သိပ်သဘောကျခဲ့တာ... မေ့ကိုလည်း `အယ်လီနာ့´လို မျှော်လင့်ခဲ့တယ်´

ဒါဟာ ဟိုးရည်းစားဘ၀ကတည်းက မောင် မကြာခဏ ပြောနေကျစကား။

`ဟုတ်တာပေါ့မောင်.... ဒါပေမဲ့ သူတို့ဆီက လယ်သမား၊ ယာသမားတွေရဲ့ ဘ၀ဟာ မြို့ပြလူတွေနဲ့ အဆင့်အတန်းမကွာဘူး။ မျက်ခြေမပြတ်ဘူးလေ´

`ဒါပဲပေါ့မေ.... မောင်တို့ရည်းစားဘ၀မှာ မောင် အကြောက်အကန် ပြောခဲ့တဲ့ တို့နှစ်ယောက်ကြားထဲက ကွာဟမှုဆိုတာ´

မောင်နှင့်ကျမတို့၏ စကားဝိုင်းက ရုတ်ချည်းပဲ ပုံစံပြောင်းကာ တင်းမာလာသည်။

`အဲဒီကွာဟမှုကို ဆက်စပ်ပေးဖို့ ဘယ်သူက ကြိုးစားခဲ့သလဲ၊ ပြီးတော့ ဘယ်သူက ပိုမှန်သလဲ မောင်´

နှစ်ယောက်ကြားမှာ အကြာကြီး တိတ်ဆိတ်သွားပြန်သည်။

`မေက ပိုမှန်တယ်ဆိုရင် မောင့်ရဲ့အမှားအတွက် မောင်တောင်းပန်ပါတယ်´ မောင့်အသံက ခြောက်ချားစရာ ကောင်းလှသည်။ ပြီးတော့ အဖြေတခုကလည်း တွဲပါနေသလိုပင်။

`ဒါဖြင့် တောင်းပန်တာထက်ပိုလို့ မောင့်ဘက်က....´

ကျမ စကားမဆက်နိုင်တော့လောက်အောင် ဆို့နစ်ဆဲ.... မောင်က ကျမ ဦးခေါင်းကို သူ့ရင်မှာ အပ်စေလျက် ဖက်ပွေ့လိုက်သည်။ ပြီးမှ...

`မေ့အတွက်က မြို့ပြက တကယ်လိုအပ်ပါတယ်။ မောင့်အတွက်ကျတော့ မြို့ပြကို မလိုအပ်သလို မောင့်ကိုလည်း အဲသည်မြို့ပြက မလိုအပ်ပါဘူး။ ဒါပေမဲ့ မေ၊ မောင့်လယ်မြေ အတွက်ကျတော့ မောင်မရှိလို့ မဖြစ်ဘူး။ ဟုတ်တယ်၊ ဒါဟာ မောင့်မြေပဲ၊ မောင်ပိုင်တယ်လို့ ခံစားရတဲ့မြေပဲ။ မောင့်ကို အားမာန်တွေ၊ ယုံကြည်မှုတွေ ပေးတဲ့မြေပဲ။ မြို့ပြက မပေးနိုင်တဲ့ လူ့တန်ဖိုးကို မောင် ဒီမြေမှာ ခံစားရတယ်။ လာမယ့် အနာဂတ်တချိန်မှာ မေမျှော်လင့်တဲ့ တိုးတက်တဲ့ဖွံ့ဖြိုးမှုမျိုး ရအောင် မောင် ဒီမြေပေါ်မှာပဲ ကြိုးစားမယ်။ ဒါပေမဲ့ မေလည်း မောင့်လိုပဲ ယုံကြည်ရမယ်လို့ မချုပ်နှောင်ပါဘူး။ မောင်ပြောပြခဲ့ဖူးသလိုပါပဲ။ မောင့်ဆီမှာ မပျော်တော့တဲ့အခါ မောင့်ကို အချိန်မရွေး ထားသွားခဲ့ပါလို့။ ဒါပေမဲ့ မောင်ပြောတာ တွေကိုတော့ စဉ်းစားပါ မေရယ်။ လူတယောက်ဟာ သူ့ဘ၀ကို သူယုံကြည် ရဲတဲ့နေရာမှာသာ နေချင်တယ်ဆိုတာ..... အထူးသဖြင့် ယောက်ျားတယောက် အနေနဲ့ပေါ့။ ဒီမြေကို မောင်မွေးကတည်းက သိလာရတာ၊ ဒီမြေဟာ မောင့်အပေါ် မပြောင်းလဲခဲ့ဘူး၊ မောင့်ဘ၀မှာ မောင်စိတ်ထက်တောင် ဒီမြေအကြောင်းကို ပိုသိခဲ့ရတာ.... ကျွမ်းဝင်ခဲ့ရတာ.... ပိုင်နိုင်ခဲ့ရတာ.... ဒါဟာ ယောက်ျားတယောက်ရဲ့ ရတောင့်ရခဲ ကိုယ်ပိုင်နယ်မြေ ပါ။ ဒါကို မောင်ဖက်တွယ်တဲ့ အတွက် မောင့်ကို မေကြိုက်သလို အပြစ်ပေးပါ´

မောင့်စကားသံက တိမ်ဝင်ပျောက်ကွယ်သွားသည်။ မောင့်ရင်ခွင်က မျက်နှာကို ခွာယူပြီး မောင့်ကို ကျမမော့ကြည့်တော့ မောင့်ပါးမှာ မျက်ရည်တွေ။ သို့ပေမဲ့ ကျမ မတုန်လှုပ်ချင်တော့။ မောင်ပေးသောဘ၀က ကျမကို ခါးသက်အေးစက်တတ်စေခဲ့ပြီ။ ကျမ မျက်လုံးထဲမှာ လယ်မြေတွေကို တစွဲတလမ်း ငေးမောနေတတ် သည့် ကျမ မကြာခဏ မြင်တွေ့နေကျ မောင့်ပုံရိပ်တွေကိုပဲ မြင်ယောင်ကာ ရင်ထဲမှာ တစတစ အေးခဲလာသည် ထင်၏။

`တကယ်တော့ ကိုယ်နဲ့မင်းဟာ အင်မတန် လွဲချော်နေတာပါပဲ။ တကယ်လို့ မနက် လယ်ထဲ မဆင်းခင် ကိုယ့်ပါးကိုနမ်းလို့ နေ့လယ်ခင်း ကိုယ်နဲ့အတူ ထမင်းလက်ဆုံ ပြန်စားလို့.... ညနေ အိမ်ပြန်ချိန် ကိုယ့်သနပ်ခါးနံ့ကို နမ်းမွှေးလို့ နေခဲ့ရင်တောင် ကိုယ် ဒီလောက် ချောက်ချားခဲ့မှာ မဟုတ်ဘူးမောင်။ တကယ်တော့ `အချစ်´မှာကိုက မင်းနဲ့ကိုယ်က လွဲနေခဲ့တာ။ ခုတော့လည်း မောင်က ကိုယ်တိုင်ရဲ့ စိတ်ချမ်းသာမှုကိုပဲ ရွေးချယ်ခဲ့တာပဲ´

အံ့သြစရာကောင်းသည်က ထိုညမှာ ကျမ မျက်ရည်မကျခဲ့ခြင်းပင် ဖြစ်သည်။

ဒီအဖြစ်အပျက်မှာ အပြစ်ရှိသူက ကျမဆိုရင်၊ ကျမရဲ့အပြစ်က မောင် ပေးတဲ့ဘ၀ထဲမှာ တသက်လုံး ပျော်ဖို့ မကြိုးစာခဲ့တဲ့ ပြောင်းလဲသွားခဲ့တဲ့ အပြစ်ပဲ။ ....ဆိုရင်.... မောင်ကျတော့......။

ကျမကိုယ်တိုင်က မောင့်ဘ၀ထဲ ဆင်းနေပေးခဲ့ဖူးလျက်နဲ့ မောင်ကျတော့ ကျမဘ၀ထဲကို လိုက်ကြည့် ဖို့တောင် မစဉ်းစားခဲ့တာ။ ကျမထက်ပိုလို့ မောင့်မြေ ကို ခင်တွယ်သာယာတာတွေက အပြစ်ပဲ။

ဘယ်သူက ပိုမှားသလဲကွယ်... ဒါမှမဟုတ်... ဘယ်သူက ပိုမှန်သလဲ။

တခုပဲ ကျမ မယုံနိုင်တာ။ ကျမတို့နှစ်ယောက်ကြားက ရှောင်ပြေးဖျက်ဆီးလို့တောင် မရခဲ့တဲ့ အချစ်တွေ.....။ ခုချိန်မှာ ဘယ်ရောက်သွားကြသလဲ ဆိုတာကိုပေါ့။

မောင်က `မင်းကို အမေ့အိမ်အရောက် မောင်ပို့ပေးပါရစေ´တဲ့။

လိုသေးလို့လားကွယ်...။ အရာအားလုံးဟာ မှုန်ဝါး သေဆုံးခဲ့ပြီပဲ။ မောင့်ကိုတောင် ခွဲထား ချန်ရစ်ခဲ့ရမှတော့..... ကျမဘ၀မှာ.. အပြန်ခရီးကို မောင်လိုက်ပို့ခြင်း မပို့ခြင်းကလည်း အရေးမပါတော့ပါဘူးကွယ်....

နေခဲ့ပါ မောင်ရယ်.........။

.....................

ကမ်းဦးထိပ်မှာ သူက ခိုင်ခိုင်မာမာရပ်လို့ ကျန်ခဲ့ပြီ။ ခပ်ဝါးဝါးသာ မြင်နေရသော်လည်း တောက်ပ နေသော သူ့မျက်လုံးတွေထဲက နာကျင်ကြေကွဲမှုကိုတော့ ကျမ ခံစားရပါသည်။

မောင် ဘာတွေ တွေးနေမလဲဟင်။ `မေ့ကိုလွမ်းနေတော့မှာ´လို့များ ပြောလိုက်ပါလားကွယ်......

သင်္ဘောဥသြမှုတ်တော့ ကျမရင်ခုန်သံတွေက ပိုလို့ ပြင်းထန်လာသည်။ ခုနေ အရင်ကလို မောင် တချက်လောက် နူးနူးညံ့ညံ့ ပြုံးပြလိုက်ရင်တောင် ကျမ ဆုံးဖြတ်ချက်ကို လျှော့မိမယ်ထင်ပါရဲ့ မောင်၊ ဒါမှမဟုတ် လက်ကလေး တချက် ပြကွယ်။ ကျမ မောင့်ဆီ ပြန်ပြေးလာခဲ့မယ်လေ။

အတွေးတွေထဲ ပေါက်ကွာ ဘလောင်ဆူဆဲ..... သင်္ဘောက ဗောတံတားမှ ခွာသည်။ မောင်က လက်နှစ်ဖက်ကို တင်းတင်းပိုက်ဆဲ..... တရွေ့ရွေ့... ဝေး....။ ကျမ ပျော်ခဲ့ဖူးရာ ကိုင်းခင်းတွေ သောင်ပြင်တွေ ကလည်း မှုန်ဝါး.....။

အဲဒီနေရာလေးမှာ... မောင့်စက်ဘီးနောက် ကယ်ရီယာခုံပေါ်ကနေ မောင့် ကျောပြင်ကို ခိုးနမ်းခဲ့တာ၊ ကျမတို့နှစ်ယောက် ဘယ်လောက်ချစ်ခဲ့ဖူးသလဲ....။

အဲဒီနေရာလေးမှာ... ကျမက မောင့်ခါးကိုဖက်လို့.... မောင်က ကျမပခုံးကို ဖက်လို့ ညမှောင်မှောင် မီးမရှိတဲ့ရွာလမ်းမမှာ တယောက်ကိုတယောက် လုံခြုံစေခဲ့ဖူးတာ။

အဲဒီနေရာလေးမှာ..... မောင်နဲ့ ကျမ စက်မှုလက်မှုလယ်ယာခေတ်နဲ့ ခေတ်မီတဲ့လယ်သမားတို့ရဲ့ မြို့ကလေးဆိုတာကို အိပ်မက် မက်ခဲ့ဖူးကြတာ။

အဲဒီနေရာလေးမှာ.....
အဲဒီနေရာလေးမှာ.....

ကြည့်ပါဦး....။ တခါမှ ရန်မဖြစ်ခဲ့၊ စိတ်တောင် မကောက်ခဲ့ဖူးခဲ့ကြတဲ့ ချစ်သူနှစ်ယောက်က လမ်းခွဲကြရ သတဲ့။

ကျမ နှုတ်ခမ်းကိုက်မိစဉ်မှာ တင်းထားခဲ့သမျှ မျက်ရည်တို့က ပါးပေါ်လိမ့် ဆင်းလာကြ၏။

တဖြည်းဖြည်း ဝေးကျန်ခဲ့သော မောင့်ထံမှာ ကျမ၏အချစ်တို့လည်း ကုန်ဆုံး ကျန်ရစ်ခဲ့ပြီထင်၏။

သင်္ဘော အဝေးကြီး ရောက်သည်အထိ ....။

အစက်အပြောက်မျှသာ တွေ့ရတော့သော မောင့်ခန္ဓာကိုယ်က အဲဒီ ကမ်းဦးထိပ်မှာ စွဲစွဲမြဲမြဲ ရပ်ဆဲ...... အဲဒီမြေနဲ့ သူ ခွဲမရတော့သလို...........။

နေခဲ့တော့ အချစ်ရေ....

ရှင့်ရဲ့ မြေကြီးတွေနဲ့ အတူ.........။


+++++

(ပြီးပါပြီ)

14 comments:

pandora said...

ချာမကလည်း ဘာလဲဗျ။ တကယ့်တကယ်က အဲလိုဇာတ်သိမ်းမှ မဟုတ်တာကို။ နောက်ဆက်တွဲတွေ ရှိသေးတယ်လေ။ အခုဆက်ရေး ဒါပဲ။ ဟီဟိ။

Exit of thinking mind said...

ဆရာမရယ်... ကောင်းလိုက်တဲ့ ဝတ္ထုလေးပဲ.....
မတူညီတဲ့ ဘဝနှစ်ခု...အခြေအနေနှစ်ခုကို ညှိယူဖို့ဆိုတာ လွယ်သလိုလိုနဲ့ အတော်ခက်ခဲတယ်..... အထူးသဖြင့် အတွေးအခေါ်နဲ့ စိတ်ဓာတ်ရေးရာ မတူညီမှုက ပိုဆိုးပါတယ်.... ဆရာမ ရေးသမျှထဲမှာ အကြိုက်ဆုံးပဲ.....

ရွာသားလေးဝိုင်တီယူ said...

ဘ၀ဆိုတာ ဆိုတဲ့စကားကိုပဲကောက်ချက်ချရတော့မှာပါလေ

သက်ဝေ said...

ဆရာမရေ...

ဟိုးအရင်တုန်းကတော့ သိပ်မသိတော့ မြေနဲ့  အတူကို ဒီလိုဘဲ ၀တ္ထု တစ်ပုဒ်အနေနဲ့  ဖတ်ခဲ့ ကြိုက်ခဲ့တာ..။ ခုတော့ နဲနဲ သိလာပြီ ဆိုတော့ ပွဲထဲက လူပျက်တွေ ပျက်သလို
ဟာ... ဟာ... ဟုတ်လဲ ဟုတ်ပဲနဲ့ ...
ဟာ... ဟာ... ဟုတ်လဲ ဟုတ်ပဲနဲ့ ... လို့ ပြောမှာနော်..။

ချစ်ခင်စွာဖြင့်

သက်ဝေ

သိင်္ဂါရ said...

တစ်ဖက်စွန်း ရောက်လွန်းသလားလို့...
comment တွေထဲမှာ ရေးထားတဲ့ တကယ့်ဇာတ်သိမ်းကို သိချင်လိုက်တာနော်...

မေငြိမ်း said...

ဒေါ်ပန်... သက်ဝေ...တကယ်ပဲ စိတ်ကုးယဉ်ဇာတ်ပါတော်..။
etm ... ကျေးဇူးတင်ပါတယ်။ အားပေးတဲ့အတွက်..
ရွာသားလေးရေ.. ဟုတ်ပါတယ်..။ ဘ၀ဆိုတာ.. မထင်တာတွေဖြစ်တတ်..။
သိင်္ဂါရရေ..အဲလို တဘက်စွန်းရောက်တာတွေကြောင့်ပဲ ခက်ကုန်ကြတာထင်ပါရဲ့။ တကယ့်ဘ၀မှာ ဘယ်လိုဖြစ်မလဲ.. ကျမလည်း မပြောတတ်ပါဘူး..။ သိပ်ချစ်ရင်တော့ ညှိကြမယ်ထင်ပါရဲ့။

တန်ခူး said...

မ ရေ မိန်းမနဲ့ ယောင်္ကျားရဲ့ အချစ်ပေါ်ခံယူပုံခြင်း ကွာခြားမှုက မြစ်ဖျားခံတဲ့ ပဋိပက္ခများလား… အသေးစိတ်ခံစားတတ်သူ ကျွန်မတို့ အတွက် နာကျင်စရာတွေပေါ့နော်… တကယ့်ဇာတ်သိမ်းက မောင်က မြေထက်မက မေ့ကို ချစ်တာပေါ့… ဟုတ်တယ်ဟုတ်…

မေငြိမ်း said...

အင်းး မတန်ခူးရေ.. တကယ်ပါပဲ..။ ယောက်ျားနဲ့ မိန်းမ အချစ်နဲ့ပတ်သက်ရင် ချဉ်းကပ်ပုံမတူတာ..၊ နောက်ပြီးတော့ နောက်ခံရေမြေမတူတာ..။ ဒါပေမဲ့ နောက်ဆုံးတော့ အချစ်မရှိရင် မဖြစ်ဆိုတာကို ဒီကိုယ်တော်လေး သိသွားပုံရပါတယ်..။ ဒါက တကယ့်ဇာတ်သိမ်း... :P

ဂျစ်တူး - gyit_tu said...

အမ .. အဲလိုပုံစံဖြစ်လာတိုင်း အဲလို ဇာတ်သိမ်းပဲ ဖြစ်တော့မယ်လားလို့ စဉ်းစားစရာပါပဲ ... ။

မေ said...

အစ်မရေ ဒီဝတ္ထုလေး ပြန်ဖတ်ရတဲ့အတွက် ကျေးဇူး အရမ်းတင်ပါတယ်။ အရင်က ဖတ်ခဲ့ဘူးပြီး ကြိုက်ခဲ့ပေမဲ့ ခုဖတ်ရတာ ပိုပြီး ခံစားရပါတယ်။ ကော်မန့်ထဲမှာ အစ်မ ပြောသလိုပဲ ယောကျာ်းနဲ့ မိန်းမဟာ အချစ်ကို နားလည်တတ်ပုံခြင်း၊ ချည်းကပ်ပုံခြင်းမတူဘူးဆိုတာ အမှန်ပဲနော်။ ကိုယ့်မှာရှိတဲ့ အတ္တကို ကိုယ်စီလျှော့ပြီး မညှိနိုင်သမျှ ဘယ်လောက်ချစ်တယ်ပြောပြော အချစ်က သပ်သပ် ဘ၀က သပ်သပ်စီပါပဲ။

May Burma said...

တောနဲ့ မြို့  တနေ့ မှာ အသွင်တူကြပါစေလို့ ဆုတောင်းမိပါတယ်။

Kay said...

အမရေ-
ခုမှပဲ..ဖတ်ရတော့တယ်.. ဆက်တိုက်ဖတ် လိုက် ရတော့..မောလည်း မော.. ရင်တွေ လည်း တုန် ( ခုန်တာထင်တယ်း) .

ပြောလိုက်မယ်- အမ ဟာ- တကယ့် အချစ် စာရေးဆရာမ ကြီး ပါပဲ ..တကယ်..။ အချစ် ကတော့ ဖြင့်-

မေသဇင် said...

ဆရာမရေ... အကုန်လုံးပြီးမှပဲ လာဖတ်ရတော့တယ်။ တကယ့်ဇာတ်သိမ်းပိုင်းလှလှလေးကို နောက်ဆက်တွဲအဖြစ်ဆက်ရေးပေးပါလား။

Prosper & Peace said...

Sayama,
Thanks for the beautiful story. Very romantic and touching!