Aug 30, 2008

လွတ်လမ်း(အပိုင်း-၂)


အိပ်မက် အပျက်မှာ..... သူ့ဘ၀ တနည်းအားဖြင့် သူ့အိပ်ခန်းထဲကို သူစိမ်းမိန်းမတယောက် ရောက်လာခဲ့သည်။ အစမှာတော့ သူက ရှက်ရွံ့သွေးပျက်လျက်။ တပြိုင်တည်းမှာ ထို့အတွက် ကိုယ့်ကိုယ်ကို အထင်သေးပြန်သည်။
ဘာပဲဖြစ်ဖြစ် ငါဟာ ယောက်ျားပဲဟုပင် မနည်း အားတင်းတွေး တွေးနေရသည်။ အဲဒီ မိန်းမက သူ့ဇနီးတဲ့။ နာမည်က `နု
´တဲ့။ နုသည် လှပသည်ဟု မဆိုနိုင်သောလည်း သူနှစ်သက်နိုင်သော မိန်းမတယောက်တော့ ဖြစ်နေ ခဲ့ပါသည်။
သူက မိန်းမဆိုလျှင် ထက်မြက်သည်နှင့်အမျှ နူးညံ့သိမ်မွေ့ရမည်။ ထူးချွန်သည်နှင့်အမျှ ယဉ်ကျေးလိမ္မာရမည်။ လွတ်လပ်ပွင့်လင်းသည်နှင့်အမျှ ထိန်းသိမ်းမှန်ကန်တတ်ရမည်ဟု သတ်မှတ်ခဲ့ဖူးရာ ခု နုက အဲလို မိန်းမမျိုး ဖြစ်သည်။ နု၏ ပညာတတ်ဖြစ်ခြင်း၊ သူ စိတ်မ၀င်စားနိုင်သော သူ့မိဘ၏ စီးပွားရေးကို ကူညီနိုင်ခြင်း၊ သူ့ အပေါ် နားလည်ဟန် မျက်လုံးများ ရှိခြင်း၊ လှိုက်လှဲ ချိုသာသော ပြုံးနှုတ်ခမ်းများရှိခြင်းတို့နှင့်ပင် သူက ဇနီးအပေါ် ကျေနပ်ခဲ့ပြီ။
ထိုအခါ သူက လုံးဝ လွတ်မြောက်နိုင်ခြင်း မရသေးသည်ကိုပင် ခါတိုင်းလို မချင့်မရဲ မဖြစ်ဘဲ ရှိနေပြန်၏။
ထိုအခါ.... သူ၏ အိမ်ထောင်သည်ဘ၀က ပထမပိုင်းမှာတော့ ပျော်မွေ့ဖွယ်ကောင်းသားပင်။ တကယ်တော့ သူက မိန်းမဆိုတာကို အရင်က ရုပ်ဝတ္ထုတခုလောက်သာ သဘောထားခဲ့တာ။ တကယ့်လက်တွေ့ကျတော့ မိန်းမ ဆိုတာ သူ့အတွက်ဆန်းကျယ်လှကာ ညွှတ်နူးဖွယ် ကောင်းသော အနုပညာသစ်တရပ်လို ဖြစ်နေခဲ့သည်။
သနပ်ခါးနံ့ သင်းထုံသော၊ ရှည်ပျော့နက်မှောင်၍ မွှေးပျံ့သော ဆံခက်တို့ဖြင့် သာယာဖွယ်ဖြစ်သော၊ နူးညံ့ ချောမွေ့သည့် အာရုံကို ပေးသော၊ အရှက်တို့ ပါဝင်သော်လည်း ချိုမြနွေးထွေးသည့်အတွေ့ကို ပေးသော ဇနီးသည်က သူ့အတွက် ဘ၀ထဲက ရှင်ကွက်တကွက်လို ဖြစ်လာပြန်သည်။
သူသည် တကယ့်ကမ္ဘာသစ် တခုထဲ ရောက်သွားရသူလို နု၏ ဆံပင်တွေကို မ၀ံ့မရဲ ကိုင်တွယ် ကြည့်၊ နုပါးပြင်ကို မထိတထိ နမ်းမွှေး။ နု၏ တောက်ပ ဆွဲငင်သော မျက်လုံးတွေထဲ တိုးဝင် ကြည့်၊ နုက သူ၏ အိပ်မက်၊ ဂီတ၊ ပြီးတော့ ပန်းချီလို ဖြစ်နေတော့သည်။
တကယ်တော့ မိန်းမငယ်တယောက်၏ အယူအဆဆိုတာ သူနှင့် အင်အတန်အလှမ်းဝေး ခဲ့တာပဲ။ အိမ်ထောင်သက် နှစ်လလောက်မှာပဲ သူက အိမ်ထောင်ထဲမှာ ပျော်မွေ့လာခဲ့ပြီ။ ပန်းချီတွေ၊ ဂီတတွေနှင့် ပိုလို့ အသားကျလာခဲ့သည်။
ဒါဟာ နုရဲ့ ကျေးဇူးပဲ၊ အချစ်ရဲ့ ကျေးဇူးပဲ၊ အိမ်ထောင်ဘ၀ရဲ့ ကျေးဇူးပဲ၊ ကိလေသာရဲ့ ကျေးဇူးပဲ ဟုပင် သူ တဖွဖွ တွေးထင်နေမိပြန်၏။
သူ ပန်းချီရေးနေသည့် အချိန်တွေမှာ နုက နေရောင်ဖြာသော ပြတင်းဝ၌ ခပ်လျော့လျော့ထိုင်ရင်း အပြင်ကို ငေးနေတတ်သည်။ အဲဒီ နုကို သူက ပုံတူရေး။ သူ အိပ်ရာမှာ လှဲလို့ စာဖတ်သည့်အခါ နုက သူ့နံဘေးမှာ ၀င်လှဲလို့၊ အိပ်ပျော်သည်လည်း မဟုတ်ဘဲ မျက်လုံးတို့ကို စုံမှိတ်လို့ ငြိမ်နေတတ်၏။ သူကတော့ ပန်းချီရေး ဖြစ် ပြန်တာပါပဲ။
နုက မျက်ခွံသား သိပ်လှသည်။ မျက်လုံးမှိတ်ထားသည့်အခါ နု မျက်ခွံလေး မို့နေပုံက အင်မတန်ပြေပြစ်ပြီး ထိုမျက်ခွံသားပေါ်မှာ အစိမ်းရောင်၊ အနီရောင် သွေးကြောလေးတွေ မြင်နေရ၏။ အဲဒီ မျက်ခွံလေးတွေကို ပုံတူရေးတော့ ခက်လှသည်။ ထိုအချိန်များမှာတော့ ဖိုင်း(fine) ရေး ရတာကိုပင် သူက ပျော်မိနေတတ်ခဲ့သည်။
အဲဒီလို ပုံတူရေးသော အချိန်တွေမှာဆိုလျှင် သူက နုကို သူကိုယ်တိုင်မွေးထုတ်ထားရသော သမီးကလေး လိုလည်း ကြင်နာနေမိတတ်သည်။ အင်မတန် ဆန်းကြယ်သား၊ နားလည်ရခက် သောအချစ်ပေပဲ။
ထို့နောက်မှာတော့ သိပ်မဆိုင်လှပါဘဲ သူက သူချစ်ဖို့ နုနှင့်သူတို့၏ ရင်သွေးတွေကိုလည်း မျှော်မှန်းတတ်လာ တော့သည်။ ကိုယ်တိုင် တဦးတည်းသောသားမို့ အဖော်အပေါင်း အသိုင်းအ၀ိုင်း ငတ်ခဲ့သမျှ သူ ဖခင်ဖြစ်လျှင် တော့ သားသမီး များများ လိုချင်သည်။ နုကိုပြောတော့ နုကလည်း သဘောတူသတဲ့။
ထိုအခါ သူက ထိုနေ့မှာ သားသမီးတကယ် မရှိသေးပါဘဲ နုကို `အမေကြီး´ ဟုခေါ်ပြီး ရင်တွေပင် ခုန်လာခဲ့သေး သည်။ ထိုကာလတွေက တကယ့်ကို စိတ်ချမ်းမြေ့စရာပဲ ဖြစ်၏။ သူ ပန်းချီရေးလျှင် နုက သူ့အကြိုက် ကော်ဖီခါး ပင် ဖျော်ပေးသေး။ ပန်းချီ၌ အာရုံညောင်းလာစဉ် စန္ဒရားတီးလျှင်လည်း နုက နားထောင်နေတတ်သေး၏။ တခါတရံ နုကပင် လိုလိုချင်ချင် တယောထိုးပြဖို့ တောင်းဆိုတတ်သေး၏။ သူနှင့် နုတို့ အကြား၌ ချစ်ခြင်းအတိ ပြည့်နေသော အချိန်များဖြစ်သည်။
အဲဒီကာလတွေကို ပြောင်းလဲသွားစေသူကတော့ နုပဲ ဖြစ်သည်ဟု သူက ထင်သည်။ ဘာလို့ဆို အဖြစ်အပျက် တွေ၊ စရိုက်တွေ၊ အယူအဆတွေ ပြောင်းသွားတာက နုပဲ မဟုတ်လား။ သူကတော့ အရင်တုန်းကအတိုင်း ဘာတခုမှ မပြောင်းလဲခဲ့။ နုကတော့ `ရှင်တို့ ကျမကို မတရားသဖြင့် ညာယူခဲ့ကြတယ်´ဟု စွပ်စွဲရက်ခဲ့သည်။
...............................
အပြောင်းအလဲ၏ အစမှာ သူနှင့် နုတို့ အိမ်ထောင်သက် ဆယ်လအရမှာ နဂိုကတည်းက တရှောင်ရှောင် နေမကောင်းခဲ့သော အဖေဆုံးသွားခြင်းမှ စသည်။ အဖေ မဆုံးခင်ကတည်းက ယိုင်နဲ့ခဲ့သော အဖေ့အလုပ် မိသားစုစီးပွားရေး ပန်းထိမ်လုပ်ငန်းက အဖေဆုံးသောအခါ တပါတည်း လိုက်ပါ ချုပ်ငြိမ်းသွားခဲ့သည်။
အမြဲလို သူတို့ မိသားစုကို ဦးဆောင်ခဲ့သော အဖေ ဆုံးတော့ တသက်လုံး အပူပင်မဲ့နေခဲ့သော အမေက အဖေ့ထံမှာ စည်းစိမ်ဘယ်လောက် ကျန်ခဲ့တယ် မသိ။ စီးပွားရေးကို ဘယ်လို ဆက်လုပ်ရမယ် မသိ။ အမေ့ထံ၌ ပူဆွေးသောက သက်သက်သာ အဖေ့အမွေအဖြစ် ကျန်ခဲ့ သည်ဟု ဆိုရမည်။ သူကတော့လား အမေနှင့် ထပ်တူ (သို့မဟုတ်) အမေ့ထက်ပင် ပို၍ အပူအပင် ကင်းတတ်ခဲ့ သူမို့ အဖေနှင့် ပတ်သက်တော့ သူစိမ်းတယောက်လို ဖြစ်နေခဲ့သည်။
အဲဒီမှာ အလွန်မြန်ဆန်လှစွာ နုက အိမ်ထောင်ဦးစီး နေရာကို ရောက်မှန်းမသိ ရောက်သွားတော့သည်။ မိသားစုထံမှာ အဖတ်တင်ကျန်ရစ်သမျှ ရွှေစတို့နှင့် ရှိသမျှငွေတို့ကို စုဆောင်းလို့ နုက ဈေးထဲမှာ အထည်ဆိုင် ကလေး ဖွင့်မတဲ့။ မနက်လင်းလျှင် အမေက တချွတ်ချွတ်ဖြင့် မီးဖိုထဲ ချက်ပြုတ်။ နုက ရေမိုးချိုး၊ သနပ်ခါးလိမ်း ပြင်ဆင်လို့ ရပ်ကွက်ဈေးကလေးထဲက ဆိုင်ကိုသွား၊ နု နံဘေးမှာ သူက အိပ်ရေးမ၀ဟန် မျက်နှာတခုဖြင့် လိုက်ပါ..... ဆိုင်ဖွင့်...... အထည်တွေ ခင်းကျင်းပေး။ ပြီးတော့ အိမ်ပြန်၊ အိပ်မောကျ၊ တညလုံး အလုပ်လုပ်ခဲ့သမျှ နေ့တွေထဲမှာတော့ သူက တွင်းအောင်းမြဲ။ ခုတော့ အိမ်ထောင့်ဝန်ကြောင့် နုက သူနှင့် အနုပညာအနားမှာ သိပ်မရှိတော့။
ဘ၀ဆိုတာ စက်ဆုပ်စရာ ပုံမှန်ယန္တရားကြီးပဲဟု မြင်လာဆဲ။ သူ့စိတ်ကျညတွေ မြင်ရာမှ ရုတ်တရက် နု ကိုယ်ဝန်ရှိလာသည်။ ဟော... ဘ၀ဆိုတာ အဓိပ္ပါယ်ရှိလာပြန်ပြီ။ သူပါဝင်ဖန်တီးသော လူကလေးတယောက် ရှိလာတော့မည်။ ထိုလူငယ်ကလေး လွယ်ထားသော နုကို သူ ပိုလို့ တန်ဖိုးထားနေမိသေးသည်။
ဒါပေမဲ့ နုကတော့ လက်တွေ့ဘ၀ထဲမှာ ပြောင်းလဲစ ပြုလာခဲ့ပြီ။ ချိုသောအပြုံးတို့ ကွယ်ပကာ ခပ်ထေ့ထေ့ နိုင်သော အပြုံးဖြင့်.... `ရှင်ကတော့ ပျော်တာပေါ့၊ ကိုယ်တိုင် မွေးရ၊ ထိန်းရ၊ ပိုက်ဆံရှာရတာမှ မဟုတ်တာ´ဟု ပြောခဲ့ပြီ။
သူဘယ်လောက် ကြေကွဲ တုန်လှုပ်ခဲ့ရသလဲ....။ ထိုနေ့ရဲ့ ညမှာ နု ကိုယ်ဝန်ကြီးနှင့် အိပ်မာကျနေစဉ် သူ ပုံတူရေးထားဖူးသည့် ပန်းချီကားတွေကို တစိမ့်စိမ့်ထိုင်ကြည့်ရင်း တိတ်တဆိတ် ကြေမွ အက်ကွဲနေခဲ့ရသည်။ `ပိုက်ဆံရှာ´ဆိုတဲ့ စကားလုံးကြီးက သူ့ကို ပထမဆုံး အကြိမ်အဖြစ် ခြောက်လှန့်ခဲ့ပြီ။
သူ ဘာလုပ်ရမလဲ။ အဲဒီ မေးခွန်းကလည်း တစ္ဆေသရဲပဲ။ သားကလေး မွေးတော့ အမေက ဆိုင်ထွက်သည်။ ကလေး တဘက်။ ဗာဟီရ တဘက်နှင့် ပင်ပန်းသော နု။ ဆိုင်တဘက်၊ မီးဖိုချောင်တဘက်နှင့် ပင်ပန်းသော အမေ....။ သူကတော့ ကိုယ့်ကိုယ်ကိုပင် ရှာမတွေ့ဘဲ ဖြစ်နေပြန်သည်။ သားပုံတူတွေ... ကယ်ရီကေးချား တွေတော့ အများကြီး ရေးဖြစ်သားပင်။ သားကို နို့တိုက်နေသော နုကိုပင် Cubism ဖြင့် ပုံ ရေးဖြစ်သေး။
တရက်တော့ ဘ၀မှာ မိုးမှောင်ကြီးကျ၏။ သား ဆယ်လသားမှာ ဖြစ်၏။ အမေ ရုတ်တရက် လဲကျလို့။ အမေ ဆုံးပြီတဲ့။ သူ ကြောင် အ တုန်လှုပ်။ သေခြင်းဟာ အဲသလောက် လွယ်ကူမြန်ဆန်သတဲ့လား။ ဘယ်လောက် ပစ်စလက်ခတ်နိုင်တဲ့ လူ့ဘ၀လဲလို့။ နုကတော့ အားပါးတရ ရှိုက်ငို၏။ `အမေ နုကို တယောက်ထဲ ထားခဲ့ပြီ´ဟုလည်း ဟစ်ပြောသေး၏။ သူကတော့ နု၏စကားထဲမှာ ပိုလို့ တုန်လှုပ်သွားရသည်။ နုဘ၀ထဲမှာ သူ မရှိတော့ပြီလား။
ဈေးထဲက ဆိုင်ကလေးကို ပိတ်လိုက်ရသည်။ အိမ်မှာ ကုန်စုံဆိုင်ကလေး ရောက်လာသည်။ နု မျက်နှာက ပို၍ ကျောက်ဆစ်ရုပ်ဆန်လာသည်။ သားလေး မွေးပြီးကတည်းက နု၏ သွေးသားကို သူ မတွေ့ရတော့တာကို တခါတခါတော့ သူ သတိရတတ်၏။ ဒါပေမဲ့ ထို သတိရခြင်းထဲမှာ နု၏ အေးစက်၍ အဓိပ္ပါယ်မဲ့နေတတ်သော မျက်နှာက ပါပါလာတတ်သည်။
တညမှာ နုငို၏။
`ကျမ သိပ်ပင်ပန်းနေပြီ။ ရှင် ဒါကို မသိဘူး မဟုတ်လား။ ရှင့်မိဘက ငွေတပြားမှ မထားခဲ့တာ၊ သူတို့အတွက် အစုတ်ထုတ်ကြီးဖြစ်တဲ့ ရှင့်ကို ကျမလက်ထဲ ထားပြီး သူတို့ စိတ်ချလက်ချ ဖြစ်သွားတာတွေကလည်း ကျမကို သိပ်နှိပ်စက်တာပဲ။ ကျမကို ရှင်တို့ မတရားသဖြင့် ညာယူ ခဲ့တာပဲ´
အဲဒီညမှာတော့ နုနှင့် သားတို့ရှိရာ မိသားစု အိပ်ခန်းထဲသို့ပင် ၀င်မအိပ်ရဲတော့ဘဲ ပန်းချီခန်းထဲမှာသာ နေခဲ့ရတော့သည်။ ပြီးတော့ တညလုံး ငုတ်တုတ်၊ ခေါင်းငိုက်စိုက်ချ ထိုင်နေမိကာ ငါ ဘာလုပ်ရမလဲဟု ထပ်ကာ ထပ်ကာ စဉ်းစားနေခဲ့ရသည်။
နောက်တော့ ကိုယ်တိုင် မနှစ်သက်သော တောင်တန်း၊ ထန်းတော၊ ထုံးစေတီနှင့် တိမ်ရောင်စုံ တို့ ပါသော ပန်းချီကားတွေကိုပဲ အရောင်မျိုးစုံတို့ဖြင့် ရေးခြယ်၍ ပြခန်းတင်ရောင်းဖို့ စဉ်းစားတော့၏။ သို့ပေမဲ့ ဒါဟာ သူ ညာတာပဲ ဖြစ်မည်။ အနုပညာဆိုတာ တကယ့် ယုံကြည်ချက်ဖြင့် ခံစားချက်ဖြင့်သာ ဖြစ်ပေါ်သင့်တာဟု ယုံကြည်သူ သူ့အတွက်တော့ ဒါဟာ ဖောက်ပြန်ခြင်းပဲ မဟုတ်လား။ သူ့လက်တို့ပင် နာကျင်ကိုက်ခဲလာ သည်ထင်၏။
သူ့ရဲ့ မရောင်းရသေးသော ပန်းချီကားတွေက မီးလိုပဲ လောင်ကျွမ်းကြသည်။ လူတွေက သူတို့နားမလည်သော၊ ပြီးတော့ အနိဋ္ဌာရုံဘက် နွယ်သော၊ လှပရှုချင့်ဖွယ် မိန်းမရုပ် သို့မဟုတ် ရှုခင်းမဟုတ်သော ပန်းချီကားတို့ကို ငွေပေး၍ မ၀ယ်ကြဘူးတဲ့။ သူ အော်ရယ်ဖြစ်ခဲ့ဖူးသည်။
နောက်တော့ သူ မပြေပျောက်နိုင်သော ဒဏ်ရာတို့ဖြင့် နာကျင်ကာ စန္ဒရားပဲ ဖိတီးဖြစ်သေးသည်။ ထိုအချိန်မှာတော့ ဗျိုင်းတောင်ဆန်ဆန်သာ တီးရတာ အရသာတွေ့၏။ နောက်တော့ သီချင်တွေ ရေးမိလို့။ ရေးဖြစ်သော သီချင်းတွေက သံစဉ်ဦးဆောင်မှုဖြင့် ဖွဲ့တည်သော သီချင်းများ၊ သီချင်းကို စာသားဖြင့် အဆုံးသတ် မရဘဲ သံစဉ်ဖြင့်သာ ဆုံး၍ ရမည့်သီချင်းတွေ။
နုက `နေပါဦး... ရှင် အဲလောက် ကြိုးစားပမ်းစား လုပ်နေတာတွေက ဘာ့အတွက်လဲ။ ရှင့်ပန်းချီကားတွေ သီချင်းတွေဆီက ရတဲ့ ပိုက်ဆံနဲ့ ကျမ ရေတခွက်လောက်ပဲ ဖြစ်ဖြစ် ၀ယ်သောက်ရဖူးချင်ပါရဲ့´တဲ့။ နု၏ အဲဒီ စကားအဆုံးမှာတော့ သူက သီချင်းတွေ၊ ပန်းချီကားတွေကို မျက်နှာ ငယ်ငယ်ဖြင့် လည်ရောင်းနေသော ကိုယ့်ကိုယ်ကို မြင်ယောင်ကာ မူးယစ်ချင်လာခဲ့သေးသည်။
ထိုအခါ ဆော့ခရတ္တိစ်၊ ဂေါ်ဂင်၊ ဗီသိုဗင်၊ ဗင်ဂိုး၊ မွန်ရိုးတို့ကို အော်ခေါ် မိတော့သည်။ျွန်လင်နွန်၊ မြို့မငြိမ်း၊ ပေါ်ဦးသက်၊ ကြည်အေးတို့ကို လွမ်းဆွတ်တမ်းတကာ ဘ၀ထဲမှာ သူ ကြိုးစားရမှာ... အနုပညာတွေ ဖန်တီးနိုင်ဖို့လား။ ကျော်ကြားဖို့လား ဟူသော အမေးတို့ဖြင့် ငိုကြွေးပြန်သည်။
ဘယ်မှာလဲ ....လွတ်လမ်း။

++++++
(ဆက်ရန်ရှိသေး..)

2 comments:

ရွာသားလေးဝိုင်တီယူ said...

ဆရာမရေ ဆက်ရန်ရှိသေးသည်တဲ့ဗျာ..။ ဘယ်သူကမှန်ပြီး ဘယ်သူကမှား မယ်မသိနိုင်ပြန်သေး...

Moe Cho Thinn said...

လွတ်လမ်းက ဘယ်သူ့လွတ်လမ်းကို ပြောတာလဲ ဆရာမ။ နုလား သူ့ယောကျာင်္းလား။ နှစ်ယောက်စလုံးရဲ့ လွတ်လမ်းချင်း မတူတာတော့ အသေအချာပဲ။