Aug 31, 2008

လွတ်လမ်း (ဇာတ်သိမ်း)


တဖြည်းဖြည်းနှင့် သူနှင့်နုက ဝေးဝေး လိုက်လာသည်။ သူ့အနုပညာခန်းလေးထဲကို နုက ယောင်လို့မှ ၀င်မလာ သလို နု၏ အခန်းတို့ကလည်း သူ့အတွက် တံခါးတွေ ပိတ်ပြီ။
သူကတော့ နုအားလပ်သည့် အချိန်ကလေးတွေမှာ အရင်ကလို နုအပါးမှာ တယောထိုးရင်း၊ ပန်းချီကားရေးရင်း၊ သားကို ချော့မြူရင်း၊ မြို့မငြိမ်းနဲ့ ဇနီးဒေါ်သန်းသန်းရဲ့ အကြောင်း၊ ဆာ့တ်နဲ့ ဒီဗူးဗွားတို့အကြောင်း၊ ဂျွန်လင်နွန်နဲ့ ယိုကိုအိုနိုတို့ အကြောင်းတွေပြောပြရင်း အနုပညာ သမားစစ်စစ်တို့ရဲ့ ဇနီးမယားတွေကို တော်လေး၀၀င်အဖြစ် သတ်မှတ်သင့်ကြောင်းတွေ ပြောပြ ချင်နေဆဲပင်။
သို့ပေမဲ့ နုကတော့ ငြင်းဆန်ခဲ့ပြီ။ ငြင်းဆန်သည်ထက် ပိုလို့ပင် ဆန့်ကျင်ပြတ်တောက်ကာ နုက သူ့ကို စိမ်းခဲ့ပြီ။ နုက သားကိုပင် သူနှင့် ကင်းအောင် ထားတတ်ခဲ့ပြီ။ သားအပေါ် သူက စိတ် မ၀င်စားဟု နုက စွပ်စွဲခဲ့၏။ အေးချမ်းသော လွတ်လပ်စေလိုသော ချုပ်ချယ်ထိန်းသိမ်းခြင်းကို မုန်းသော သူ၏ မေတ္တာထားပုံကို နုက အေးစက်သတဲ့။ ရှင်က အရူးပဲတဲ့။ စင်စစ် စော်ကားသော စကားဖြစ်သော်လည်း သူ နုကို စိတ်မဆိုးပါ။ ဒါ အမှန်ပဲ မဟုတ်လား။
သူက အနုပညာ၌ ရူးသွပ်သူလေ။ ရူးသွပ်ခြင်းဟာ တကယ်တော့ စစ်မှန်ခြင်းရဲ့ ပြယုဂ်ပဲ။ ဟန်ဆောင် အလိမ်အညာတို့ဖြင့် ဖွဲ့စည်းသော လောကမှာ မှန်လွန်းသော လူကို အရူးလို့ သတ်မှတ်ကြစမြဲပဲ မဟုတ်လား။ သူနေထိုင်ခွင့်ရသော နယ်ပယ်က တဖြည်းဖြည်းနှင့် ကျဉ်းကျဉ်းလိုက်လာသည်။ နု မျက်နှာမှာလည်း အရေးအကြောင်းတွေ အလျင်အမြန် ရောက်လာသည်။
`အိမ်မှာ ဘယ်လောက် ကျပ်တည်းနေသလဲ၊ ရှင်သိရဲ့လား´
နုအသံက ငိုကြွေးသံတွေ လှိုင်းထနေ၏။ သို့ပေမဲ့ တကယ်တမ်းတော့ နု မငို။
`ကျမ တယောက်တည်း ရုန်းရတာ ခုပုံအတိုင်းသာ နောက် တနှစ်လောက် ဆက်သွားရရင် ကျမ ရူးရင်ရူး၊ မရူးရင် ကိုယ့်ဘာသာ သတ်သေမိတော့မယ်´
နုအသံက တိုးတိမ်သွားသော်လည်း သူ့အတွက်တော့ အကျယ်လောင်ဆုံး ပေါက်ကွဲမှုပေပဲ။
ထိုအခါကျမှ ထိန့်လန့်ရကောင်းမှန်း သိခဲ့ပြီ။ နုသည် အသက်နှင့် မမျှအောင် အိုစာနေခဲ့ပြီပဲ။
'ကိုယ်ဘာလုပ်ရမလဲဟင် နု၊ ပြီးတော့ ကိုယ်ဘာမှ မလုပ်တတ်ဘူး ထင်တယ်´
သည်တော့မှ နုက ချုံးပွဲချ ငိုလိုက်တော့၏။
အဲဒီ နောက်ပိုင်းမှာတော့ သူသည် ကိုယ်နှင့် အဆင်မပြေသော လုပ်ငန်းတွေထဲမှာ အံမ၀င် ခွင်မကျစွာ စိတ်ဆင်းရဲခြင်း များစွာဖြင့် ကျင်လည်ရတော့သည်။
ပြီးတော့ မယုံချင်စရာ ကောင်းလောက်အောင်ပင် ကံဆိုးစွာ ဘယ်နေရာမှာမှလည်း အဆင်မပြေခဲ့ပြန်၊ ရက်တွေ၊ လတွေ အများကြီးကို သူ အပန်းတကြီး ဖြတ်၏။ ထိုရက်တွေထဲမှာ နု၏ ငိုရှိုက်သံတွေက အကျယ်လောင်ဆုံး။
အိမ်ကဆိုင်မှာ ပစ္စည်းများ ထပ်မတင်နိုင်တော့၊ သား၏ စရိတ်က မြင့်တက်လာသည်။ သားက ပူဆာ တောင့်တတတ်သော အရွယ်။ နုကတော့ သားသမီး အလိုကို အပြည့်အ၀ ဖြည့်ဆည်းပေးသည့် မိခင်စိတ်အပြည့် ရှိသော အမေ။
သည်တော့ နုမှာ သောကတွေ များလှတော့၏။ သူကတော့ ညံ့ဖျင်းသော ယောက်ျားသာပဲ။
`ရှင်ဟာ အတော် အသုံးမကျတာပဲ´
နု၏စကားက သူ့အတွက် သေမိန့်ဆန်ခဲ့သည်။ ပြီးတော့ သူညံ့သမျှအတွက် ထိုက်တန်သော ပြစ်ဒဏ်။ ထိုပြစ်ဒဏ်ကို ခံရမှာပဲ။ သူ ရောင့်ရဲနိုင်တော့သည်။
တကယ်တမ်းကျတော့ ငိုစရာရှိ ငိုခွင့်ရသော စိတ်ဆင်းရဲသမျှ သူ့ကို ရန်ဖြစ်လိုက်ခြင်းဖြင့် ကုသခွင့်ရသော နုက ဘ၀ထဲမှာ ရှင်သန်နိုင်နေဆဲ။
သူကသာ စိတ်ကျ လောင်မြိုက်ခြင်းတို့ နင်းသတ်ခြင်း၏ အောက်မှာ အခါခါ လဲကျသေဆုံးလို့။
ညညတွေမှာ ပင်ပန်းတကြီး အိပ်ပျော်နေသော နုကို မကြာခဏ သွားသွားခိုးကြည့်ရင်း ယောက်ျားမို့ တရားဝင် ငိုကြွေးခွင့် မရသော သူ၏ ကျိတ်ငိုသံတွေကပင် ခြောက်ကပ် အက်ကွဲ လာခဲ့ပြီ။ သို့ပေမဲ့ သူ့ကို နားလည် သနားမည့်သူ မရှိ။
လွတ်လမ်းက ဘယ်မှာလဲ။ ရှာကြည့်သမျှ ဘယ်နေရာမှာမှ မတွေ့။ မူးယစ်ခြင်း၊ သွေးသားဖျော်ဖြေခြင်း ဘယ်အထဲမှာမှ မရှိ။ တကယ်လွတ်လမ်းက ငွေကြေးပဲဟု တွေးမိလျှင်တော့ တကယ် ရူးသွပ်သွားဖို့သာ ရှိ၏။
ခုတလော တယောက်တည်း စကားတပြောပြောဖြင့် စိတ်အေးချမ်းသာနေသော၊ တယောက်တည်း လွတ်လွတ်လပ်လပ် ရယ်မောနေသော၊ လမ်းလယ်ခေါင်မှာ ဘယ်သူ့ကိုမှ မမှုစွာ အော်ဆဲနေနိုင်သော ပလက်ဖောင်းပေါ် အားလျားမှောက်ကာ ငိုကြွေးနေသော စိတ်ရောဂါသည် တွေ အများကြီး တွေ့လာ၏။
သူက ထိုလူများကိုပင် အားကျနေမိသေးသည်။ ဒါဟာ လွတ်ခြင်း တမျိုးပဲ မဟုတ်လား။
ထိုညမှာတော့ နုက မျက်ရည်မရှိတော့သော မျက်ဝန်းအေးစက်တို့ဖြင့် သူ့ကို စူးစိုက်ကြည့်လျက် ပြော၏။
`ကျမဟာ ကို့အတွက် ပါရမီဖြည့်ဖက်တယောက် မဖြစ်နိုင်တော့တာ သေချာပါပြီ။ ကျမ ပတ်ဝန်းကျင်ထဲမှာ အသိမ်ငယ်ခံပြီး အငတ်မွတ်ခံပြီး လုံးလုံးမနေနိုင်ဘူး။ ခု ကျမ....ကျမဘေးက ရှင့်ရဲ့ အခန်းကဏ္ဍကို ဖြုတ်ဖြုတ်ကြည့်နေတယ်၊ ရှင်မပါဘဲ လောကထဲမှာ နေလို့ ဖြစ်အောင် နေကြည့်တာပေါ့လေ၊ အဲဒါ အောင်မြင်တဲ့ တနေ့ကျရင်တော့ ရှင် ကျမကို ကွာရှင်းပေးပါ´
သူ၏ ဦးခေါင်းထိပ် ဆံပင်ဖျားမှ ပူကနဲ ကြက်သီးတွေ ဖြာကာ ထို သွေးပူရှိန်းတို့က တကိုယ်လုံးကို ဖြတ်လျက် မြန်ဆန်စွာ စီးဆင်းသွားကြ၏။ သူ့မျက်လုံးထဲမှာ ကိုယ့်ကိုယ်ကို လှံသွားတဆုံး စိုက်နစ်နေလျက် ဒူးထောက်လဲကျ သေဆုံးသွားတာ မြင်ယောင်လာသည်။ နားထဲမှပင် အာဖရိကဓလေ့ ယဇ်ပူဇော်သော ဗုံသံတွေ ကြားလာသည် ထင်၏။
ယောက်ျားတယောက်ရဲ့ ခွန်အားကို အစွမ်းကုန် ဖျက်ဆီးနှုတ်ယူလိုက်တဲ့ စကား နု ပြောလိုက် တာပဲ။
`တကယ်တော့ ရှင် ယူသင့်တာ ရှင့် အနုပညာကို ဘာမှန်းညာမှန်းမသိဘဲ အထင်ကြီးဖို့ပဲ သိတဲ့ ခပ်အအ မိန်းမ တယောက်ပဲ´
ဟု နုက ထပ်ပြောလိုက်သည့် အခါမှာတော့ သူ နုရှေ့မှ ကလေးလေး တယောက်လို ထွက်ပြေးမိတော့သည်။ါထက်ပိုလို့တော့ဖြင့် မိန်းမတယောက်ရှေ့မှာ အထူးဖြင့် ကိုယ့်ဇနီးမယားရှေ့မှာ အသိမ်ငယ်ခံဖို့ မသင့်တော့ပြီ။ နုက သူ့မာန၊ အထူးသဖြင့် သူ့အနုပညာကို အစွမ်းကုန် စော်ကား ထိခိုက်ခဲ့ပြီ။ ဒါကိုတော့ သူ လက်မခံလိုပါ။ သူ၏ ထားခဲ့ဖူးသမျှ ငဲ့ညှာ သည်းခံမှုတို့သည် နုအပေါ် ထားသော ချစ်ခြင်းမေတ္တာ တခုတည်းကြောင့် ဆိုတာကို နု မသိလေခြင်း။
ခုတော့ လမ်းဆုံးပြီ။
.......................................
တောင်တန်း၏ အေးရိပ်က အခါများစွာကလို သူ့ကို ကြိုဆိုဆဲ။ ဟိုးတချိန်က သူ့စိတ်တွေ များစွာ အေးရိပ်ရခဲ့ဖူးသည်ကို သတိရသည်။ တောင်တန်း၏ အေးရိပ်ထုထည်နှင့် သူတော်စင် တို့၏ ဆိတ်ငြိမ်ခြင်း ထုထည်ထဲမှာ သူ ကြည်မွေ့လာပြီ။
ပြီးတော့ ထိုအေးရိပ်က အနုပညာဆန်၏။ နုနယ်သိမ်မွေ့သော ချမ်းသာခြင်းနှင့် စိတ်ကြည်နူးဖွယ် သဘာဝ အလှတို့ကို ပေးနိုင်သည် မဟုတ်လား။ ဆိတ်ငြိမ်ခြင်းက ဘာဝနာကို အားပေးသည်။ ရက်တွေ၊ နာရီတွေ သူ သိစရာ မလိုတော့။ မသိတော့။ အနေအစားဆင်းရဲခြင်းကလည်း သူ့ကို မတိုက်ခိုက်နိုင်။ ငွေကြေးတန်ဖိုးဆိုတာ လည်း မရှိတော့။ အနှောင်အဖွဲ့အတွက် လောင်မြိုက် ခဲ့ရခြင်းတို့လည်း ကင်းပ ကြပြီ။ ချစ်သော အရောင်တွေထဲ ကိုယ်တိုင်စီးဝင် ပူးပေါင်းလို့။ သူချစ်သော ဂီတ၏ အတွင်းထဲ မျောနစ်လို့။ အလင်းတွေထဲမှာ လွင့်ဝဲပျံသန်းလို့။ အနုပညာ၏ အနှစ်ထဲ စိမ့်ဝင်ရတာပဲ။ ဒါမှ တကယ့်ကို နူးညံ့နုနယ်ကာ ဆန်းကြယ် သိုဝှက်သော အနုပညာနယ်။ တရားရှာ ကိုယ်မှာတွေ့.....တဲ့။ အနုပညာရှာ တရားမှာတွေ့ဟု သူတွေးမိလာသော တနေ့မှာတော့ ခံစားခဲ့ ရဖူးသည့် အထွတ်အထိပ် ပီတိတို့ထက် များစွာ မြင့်မားလွန်မြောက်သော အေးချမ်းခြင်းကို သူ တွေ့ပြီဟု သိလိုက်တော့သည်။
ထိုအခါ နုကို နှောင်ကြိုးမှ တရားဝင် ဖြေလွှတ်ပေးဖို့ သူတို့ထံ ပြန်ခဲ့တော့သည်။
..................................
(၃)
တကိုယ်လုံး ပေါ့ပါးလန်းဆန်းကာ အရာရာတိုင်းက ကြည်စင်လျက် အနှောင်အဖွဲ့တို့ ကင်းလှသည်။ ထိုအချိန်များမှာ မကြာခဏဆိုသလိုပင် ဗုဒ္ဓ၏ မျက်နှာတော်ကို ဖူးမြော်မြင်ယောင်ကာ အတ္တဘ၀အမှန် ဟူသော ဝေါဟာရတခုကို ကြားယောင် ကရုဏာသက်နေလိုက်သေး၏။
`အမြင့်ဆုံး အနုပညာတရားကို ကိုယ်တွေ့ပြီ´
နုက အနည်းငယ် မဲ့ဟန်ဖြင့် ပြုံး၏။
`ရှင်တွေ့တာ တရားလား၊ မတရားလား ဆိုတာကော ရှင်တကယ် သိရဲ့လား´
နုအသံက အနည်းငယ် တုန်လှုပ်သော်လည်း တင်းမာဆဲ။ သူကတော့ မိန်းမတယောက်၏ အတ္တကိုပင် စန္ဒရားသံဖြင့် ဖွဲ့စည်းချင်လာသေး၏။
ထိုအခိုက်မှာ ပြိုးပြက်ပီသသော စန္ဒရားသံကို သူ ခံစားလာရသည်။ ပြီးမြောက်သော အသံပဲ။ ပြီးတော့ လက်ခုပ်သြဘာတွေလို ကိုယ့်ရဲ့ စိတ်အေးငြိမ်းရာ ပီတိ။
ခုပဲ တောတန်းစပ်ဆီ ပြေးချင်လာပါပြီ။ သစ်ရွက်တို့၏ စည်းချက်၊ လေပြည်တို့၏ ဂီတ၊ သဘာဝရဲ့ ပုံတူ၊ အနုပညာတို့ရဲ့ နိဗ္ဗာန်ဟာ တရား၌ မွေ့လျော်ရခြင်း။
ဒါ အမှန်ပဲ။ သူ ကျေနပ်သထက် ကျေနပ်လာ၏။
.................................
`ကိုယ်လွတ်မြောက်ပြီ နု´
ဒါဟာ ကိုယ့်ရဲ့ လွတ်လမ်းပဲ...
ဒါဟာ ကိုယ့်ရဲ့ လွတ်လမ်းပဲ...
ဒါဟာ ကိုယ့်ရဲ့ လွတ်လမ်းပဲ...
သူ နောက်ဆုံးအကြိမ်အဖြစ် နုကို နှုတ်ဆက်ရေရွတ်သည်။ ထိုနောက်မှာတော့ သူက ကိုယ်ရောင်ကိုယ်ဝါ တင့်တယ်စွာဖြင့် လေထဲမှာ လွင့်မျောလျက် စိတ်၏ စေရာအတိုင်း တကယ်လွတ်မြောက်နိုင်ခဲ့ပြီ ဖြစ်သည်။ ။


+++++

(ပြီးပါပြီ)


8 comments:

ရွာသားလေးဝိုင်တီယူ said...

တကယ်ကို လွတ်မြောက်သွားတာကိုး................

ရွာသားလေးဝိုင်တီယူ said...

တကယ်ကို လွတ်မြောက်သွားတာကိုး................

မေ said...

အနုပညာသမားတစ်ယောက်ရဲ့ လက်တွဲဖော် လုပ်ရတာ တော်ရုံ စိတ်နဲ့မလွယ်ဘူးနော် အစ်မ။ နည်းတဲ့ပါရမီ မဟုတ်ဘူး။

Kay said...

အမရေ- မောလိုက်တာ-
လူတွေ အားလုံး..သူ့စိတ်..သူ့ဝါသနာ..အရာ အားလုံးက..မွေးတကည်း ကတော့..မျိုးစေ့ အညှောင့် ပါပြီးသား ဖြစ်မှာပါ။ ကိုယ်နေ ချင် သလို နေမရ တဲ့ အခါ..ပတ်ဝန်းကျင် နဲ့..အံမ၀င် ခွင် မကျ ဖြစ်လာ ခဲ့ ရင်သာ- ---

ရသ မြောက် ပါ၏။း)

မလေးမေ said...

အန်တီရဲ့ .. သူ ကတောထွက်သွားတာလားဟင်..
ဘယ်လိုစား ဘယ်လိုသောက် ဘယ်လိုနေမှာလဲ ဟင်..
တမျိုးပဲသိပ်မရှင်းဘူး ..
အစ ပိုင်းတုန်းက သေသွားတာထင်လို့ .

ငြိမ်းဝေ said...

i have goose pimples on the ending of...

great...

Exit of thinking mind said...

ဇာတ်သိမ်းလေး သိပ်လှတယ်..ဆရာမ

သိင်္ဂါရ said...

ဒီလို လွတ်လမ်း ရှာချင်သူ နှစ်ယောက်မှာ သားသမီး မရှိတာ တော်သေးတယ်လို့ တွေးမိပါတယ်...