Aug 3, 2008

၈လေးလုံးအမှတ်တရ ရင်ဖွင့်တဲ့စာ

နိုင်ငံရေးနဲ့ ပတ်သက်ပြီး မရေး မရေးနဲ့ နေလိုက်တာ၊ ခုတော့ တကယ် ရှည်ရှည်ဝေးဝေး ရေးချင်စိတ်တွေ ပေါ်လာတာနဲ့ ရေးလိုက်ရပါပြီ။ (သည်းခံဖတ်ကြပါကုန်......)။ ရေးချင်စိတ်ပေါ်လာရတဲ့အကြောင်းကိုလည်း ပြောပြပါဦးမယ်။

မနေ့က ကျမသူငယ်ချင်း ခင်မင်းဇော်ရဲ့ ၈လေးလုံး post ကို ဖတ်ရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီအချိန်မှာ ကျမက Radio Free Asia အပတ်စဉ်ပညာရေးကဏ္ဍ အတွက် စာရေးနေတာက စစ်အစိုးရက ဆယ်တန်းမြန်မာစာသင်ရိုးထဲကနေ ဖြုတ်ပစ်လိုက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ "ပြည်သူ့ညီလာခံ" ကောက်နုတ်ချက်အကြောင်းပါ။ ကျမစိတ်ထဲ ပြည်သူ့ညီလာခံကောက်နုတ်ချက်ကို ပြန်ဖတ်ရင်း ကျောင်းသား တွေ သင်ခွင့်မရတော့တဲ့အတွက်ကို နှမျောနေမိပါတယ်။ အဲဒီအချိန် ခင်မင်းဇော်ရဲ့ post ကို ဖတ်ရတော့ အင်းး.. ဗိုလ်ချုပ် ဗိုလ်ချုပ်.. သိတတ် မြင်တတ်လိုက်လေခြင်း..၊ ပြောတတ် ဆိုတတ်လိုက်လေခြင်း..၊ တိုင်းပြည်အတွက် စေတနာရှိလိုက်လေခြင်းလို့ အကြည်ညိုပွားနေမိပြန်ပါတယ်။ ဒါနဲ့ပဲ တခုခု ပြောချင် ရေးချင် စိတ် ပေါ်လာတာပါပဲ။

လောလောဆယ် "ပြည်သူ့ညီလာခံ"အကြောင်း ပြောပြချင်ပါတယ်။ အဲဒီ စကားပြေက ဖဆပလအဖွဲ့ချုပ်ရဲ့ ပြည်သူ့ညီလာခံမှာ ဗိုလ်ချုပ် ပြောခဲ့တဲ့ မိန့်ခွန်းကို ကောက်နုတ်ထားတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ဗိုလ်ချုပ်က ပြောခဲ့တာတွေထဲက တချို့ကို ပြောပြချင်တာပါ။ ဗိုလ်ချုပ်က ပြောခဲ့ပါတယ်။

ကမ္ဘာသူကမ္ဘာသားတို့ ရှေးရိုးစဉ်လာ ဥာဏ်မျက်စေ့ကျယ်စွာဖြင့် ပြုလုပ် ဆောင်ရွက်ခဲ့ကြသော နည်းနာနိဿယအတိုင်းဖြစ်ရကား လျော်ကန်သင့်မြတ် ဖြောင့်ဖြူးသော စုဝေးခြင်းပေတည်း၊ ရှေးပဝေသဏီကစ၍ ကမ္ဘာသူကမ္ဘာသားတို့သည် ပြဿနာတခုကို ကြုံတွေ့ရလျှင် ဤကဲ့သို့ပင် စုဝေးဆွေးနွေးဖြေရှင်းခဲ့ကြပေသည်...
တဲ့။ ကြည့်ပါဦး။ အဲဒီတုန်းကတည်းက တွေ့ဆုံဆွေးနွေးရေးအဖြေရှာရေးကို စဉ်းစားခဲ့တာ။ နောက်ပြီးတော့
ကျွန်ုပ်တို့၏လူမျိုးအတွက် သတ္တိဗျတ္တိနှင့် အံ့ဖွယ်ဘနန်း သက်စွန့်ကြိုးပမ်း အမှုထမ်းခဲ့ကြသည့် မရေမတွက်နိုင်သော သွားလေသူ မျိုးချစ်ပုဂ္ဂိုလ်အပေါင်းတို့နှင့်တကွ ထိုပုဂ္ဂိုလ်တို့ ပေးအပ်ခဲ့သည့် အမွေအနှစ်တည်းဟူသော အာဇာနည်စိတ် စသည်တို့ကို ယခုအချိန် အခါ၌ သတိရကြပေလိမ့် မည်။ သို့ သတိရကြသည့်အားလျော်စွာ ထိုထိုသော အာဇာနည်ပုဂ္ဂိုလ် အပေါင်းတို့အား ကျွန်ုပ်တို့သည် ခဏတာမျှ အရိုအသေပြုပြီးလျှင် ထိုထိုသော အာဇာနည်ပုဂ္ဂိုလ်တို့၏ အဆင့်အတန်းကို မီအောင် အားထုတ်လုံးပမ်းမည်။ ထိုထိုသော အာဇာနည်ပုဂ္ဂိုလ်တို့၏ လုပ်ငန်းကို ဆုံးခန်းတိုင် ဆက်လက်၍ ဆောင်ရွက်မည်ဟု သစ္စာပြုကြပါစို့ ...
တဲ့။

အင်းးး ကျမတို့မှာလည်း ဝေးဝေးမကြည့်နဲ့၊ ၈၈ကိုပဲ ကြည့်ရင်တောင် ကျမတို့ အရိုအသေပြုရမယ့် သစ္စာပြုရမယ့် အာဇာနည်တွေ အများကြီး။ ကျမတို့ ဘယ်လောက် တာဝန်ကျေနိုင်ပြီလဲ..။ (ဗိုလ်ချုပ်စကားတွေက အဲလို ကွက်တိကျတာ)

ဗိုလ်ချူပ်အောင်ဆန်းက အဲဒီမိန့်ခွန်းမှာပဲ

လွတ်လပ်ရေးရဖို့အတွက်ဆိုရင် မျက်စေ့တမှိတ် လျှပ်တပြက် အတွင်းမှာတော့ မရနိုင်၊ အဆင့်ဆင့်အခြေအနေကို ကြည့်ရှုပြီး လုံးပန်းနိုင်မှ တိုးတက်အောင်မြင်မှုရှိနိုင်မယ်...
လို့လည်း ပြောခဲ့ပါသေးတယ်။

အင်းး ကြာတတ်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ပြောသလိုရော တချိန်လုံး လုံးပန်းနေကြရဲ့လား။
ပြီးတော့ ဗိုလ်ချုပ်က ပြောထားသေးတယ်။

သတ္တိဗျတ္တိရှိသူများကိုသာ အားမကိုးမူ၍ လူတိုင်း လူတိုင်းပင် မိမိတို့ကိုယ်တိုင် သတ္တိဗျတ္တိ ရှိသော သူရဲကောင်းများဖြစ်အောင် စွန့်စားရပေလိမ့်မည်၊ သို့မှသာလျှင် ကျွန်ုပ်တို့အားလုံး လွတ်လပ်ရေး အစစ် ကို ခံစားခွင့်ရပေလိမ့်မည်...
တဲ့။ အင်းးး အန်တီစု၊ NLD ၊ ၈၈မျိုးဆက်ကျောင်းသားများမှသည် မျိုးဆက်သစ် ဗကသ နဲ့ Generation Wave တွေအထိ သူရဲကောင်းတွေ ပြိုးပြိုးပြောက်ပြောက် ထွက်ခဲ့။ ဒါပေမဲ့ လူတိုင်းလူတိုင်းဆိုတဲ့ အခြေအနေထိတော့ မဟုတ်သေး။ ကျမကိုယ်တိုင်က အဝေးကြီးမှာ..။

နောက်ပြောထားတာက

အမျိုးသားညီညွတ်ရေးဆိုသည်မှာ ခေါင်းဆောင်များသာ ညီညွတ်ခြင်းကို မဆိုလို။ လူမျိုး ဘာသာ ယောက်ျားမိန်းမ၊ ဂိုဏ်းဂဏမရွေး၊ တနိုင်ငံလုံး ပြည်သူပြည်သား လူထုတခုလုံး အပြောသာမဟုတ်၊ အလုပ်နှင့်တကွ အမျိုးသားတို့၏ အလိုဆန္ဒများကို ပြည့်ဝနိုင်ရန် အမျိုးသားတို့၏ လုပ်ငန်းများတွင် သောင်းသောင်းဖျဖျ စိတ်ရောကိုယ်ပါ ညီညွတ်ကြသည်ကို ဆိုလိုသည်...
တဲ့။ အင်းးး ခုချိန်ထိတော့ ဗမာတွေက သုံးယောက်ရှိရင် နှစ်ဖွဲ့ကွဲပြီလို့ အပြောခံနေရတုန်း..။

နောက်တခု အဲဒီ မိန့်ခွန်းရဲ့အချုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းက

ရဲဘော်တို့... ခြေလှမ်းမှန်မှန်နှင့် သွားနိုင်ရန် စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်ကြလော့၊ ကျွန်ုပ်တို့၏ လွတ်လပ်ရေးကို ကျွန်ုပ်တို့ မကြာမြင့်မီ ရရှိမည်ဟု တထစ်ချ ယုံကြည်ကြလော့။ အပ္ပမာဒေန သမ္ပာဒေထ....

လို့ ပြောပြီးမိန့်ခွန်းကို နိဂုံးချုပ်ပါတယ်။ မိန့်ခွန်းရဲ့ အဆုံးသတ်မှာ အပ္ပမာဒေန သမ္ပာဒေထ လို့ ဆိုထားတာဟာ ဗုဒ္ဓရဲ့ တရားအဆုံးအမတို့ကို လိုက်နာသလို လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုကိုလည်း "မမေ့မလျော့ခြင်းနဲ့ ကောင်းစွာပြည့်စုံကြ စေကုန်လော့"လို့ အခိုင်အမာ သတိပေးတိုက်တွန်းလိုက်တာပဲ ဖြစ်ပါတယ်။

ကျမတို့မှာ အဲသလို ဗိုလ်ချုပ်ပြောတဲ့ အခိုင်အမာ ယုံကြည်ခြင်းမျိုးတွေ ရှိပြီလား။ ကျမ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်နေမိပါတယ်။ ကျမက ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးအမြင်မရှိသူ..။ ခေါင်းဆောင်နိုင်မှု နဲ့ စီမံခန့်ခွဲနိုင်စွမ်းတွေ မရှိသူလို့ သတ်မှတ်တဲ့အတွက် ကိုယ်နိုင်တဲ့ ပညာရေးပိုင်းနဲ့ လူငယ်တွေကို ကူညီ ပံ့ပိုး ပေးဖို့လောက်သာ ကိုယ့်တာဝန်လို့ ထင်သူပါ။ ကျမက ခေါင်းဆောင်မလုပ်တတ်သူမို့ တနိုင်တပိုင် တာဝန်ယူတယ်လို့သာ စိတ်ထဲမှာ မှတ်ထား ခဲ့ပါတယ်။ ပိုဆိုးတာက ပစ္စလက္ခတ်ဖြစ်နေတဲ့ ပညာရေးစနစ်နဲ့ ကျောင်းသားအများစုကို စိတ်ကုန်ပြီး ကိုယ့်တာဝန်တခုကို စွန့်ပစ်ခဲ့တာ။ ဒါဟာ.. ကျမ ဇွဲမရှိခဲ့တာများလား..။

ဗိုလ်ချုပ်ကတော့ ပြောခဲ့သား။ လွတ်လပ်ရေးရဖို့အတွက်ဆိုရင် မျက်စေ့တမှိတ် လျှပ်တပြက်အတွင်း မှာတော့ မရနိုင်၊ အဆင့်ဆင့်အခြေအနေကို ကြည့်ရှုပြီး လုံးပန်းနိုင်မှ တိုးတက် အောင်မြင်မှု ရှိနိုင်မယ် ဆိုတာ..။

ခုတော့ အနှစ်နှစ်ဆယ်မှာ ကိုယ့်ကိုယ်ကိုယ် တော်တော် အားမရ။ နောက်မျိုးဆက်တွေရှေ့မှာ.. ရှက်လည်း ရှက်မိနေသလိုလို။

ဒါနဲ့ပဲ ကျမသူငယ်ချင်း ခင်မင်းဇော်သုံးသပ်ထားတဲ့ မေးခွန်းတွေကို ကိုယ့်အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ပြန်စဉ်းစား ကြည့်သွားမိပါတယ်။ ခင်မင်းဇော်က ပြောထားပါတယ်...

ဘက်တဘက်တည်း ရှိနေတဲ့ အချိန်အခါမှာ တောင်မှ…
ငါ နဲ့သူနဲ့ သူတို့နဲ့ ငါတို့နဲ့ စစ်အုပ်စုကို ပြုတ်ကျစေချင်တဲ့ ဆန္ဒတွေ ထပ်တူညီနေကြပြီ။
ဒီအခါမှာ ငါတို့ ရွေးချယ်တဲ့လမ်းနဲ့ သူတို့ရွေးချယ်တဲ့လမ်း မတူတဲ့အတွက် ငါတို့မှန်နေတယ် သူတို့မှားနေတယ်။ ငါတို့ ကိုထောက်ခံသူများတယ်။ ဒါ့ကြောင့် ငါတို့နဲ့လာပေါင်း ငါတို့ လမ်းစဉ်လိုက် နင်တို့ကို ငါတို့ တာဝန်ယူတယ် ဒီလို ညီညွတ်စေခဲ့သလား….။
(ကျမ ဒီဘက်ကို ထွက်လာတော့ ကိုယ့်ကိုယ့်ကို အနှစ်၂၀လောက် တာဝန်ကျေလာတဲ့ ဆရာမကြီးပေါ့.. လူတွေက ကြိုဆိုကြမှာပဲပေါ့..(မြောက်နေတာ မြောက်နေတာ)။ ဒီဘက်က ပညာရေးအတွက် လိုသမျှ ကူမယ်ပေါ့... (ဟဲဟဲ..)။ ခုထိတော့ ကိုယ်ပေးတဲ့အကြံ ကိုယ့်ဘာသာကိုယ် ထုပ်သိမ်း..၊ တော်ပါသေးရဲ့ RFA ကနေ ပြောနေရပေလို့။ ကျမရင်းနှီးခဲ့သမျှ အတွေ့အကြုံတွေက ဒီဘက်မှာ သုံးမရဆိုပဲ.. )
ငါတို့နဲ့မတူတဲ့ သူတို့ဆီ ထောက်ခံကူညီနေသူတွေကို ငါတို့ဆီလာအောင် စည်းရုံးရမယ်။ ငါတို့ မှန်တယ် ဆိုတာ သက်သေပြဖို့ ငါတို့ ကြိုးစားရမယ်။ ငါတို့ ခုလိုဖြစ်နေအောင် နှောင့်ယှက်နေတဲ့ သူတို့ကို အရင်ရှင်းပြီး ငါတို့လမ်းဆက်မှ ခရီးပေါက်မယ် ဒီလိုစည်းရုံးရေး ဆင်းနေမိသလား…။
ဒီနေရာမှာတော့ ပြဿနာ တခုရှိပါတယ်။ ရန် ငါ စည်းပြတ်ရမှာလား မပြတ်ရဘူးလား.. ဆိုတဲ့ ပြဿနာပါ။ ရန်သူနဲ့ ပတ်သက်တဲ့သူ လုံးဝရှောင်.. ဆိုတာမျိုးကိုပဲ ကျမတို့ လုပ်ဖြစ်နေသေးတယ် ထင်ပါရဲ့။
ငါတို့တွေးတာတွေ အကုန်မှန်နေတယ်… သူတို့လုပ်နေတာတွေ ဟိုဟာလဲ မှား ဒီဟာလဲမှား.. ငါတို့ပြောသလို လုပ်သင့်တယ်…။ ဒီလိုလုပ်မှကို မှန်မယ်….. ငါတို့ကမှ.... ငါတို့ကမှ…… ငါတို့ကမှ…… ဒီလိုနည်းနဲ့ ညီညွတ်အောင် စည်းရုံးမိနေ သလား..။
အင်း..ဒီနေရာမှာလည်း အမှန်ဆိုတာဟာ ပြည်သူလူထုရဲ့လက်ခံနိုင်မှုနဲ့ နိုင်ငံရေးအခြေအနေ ရေချိန်အပေါ် မူတည်ဆုံးဖြတ်ရမှာမို့လို့ နည်းပေါင်းစုံနဲ့ တိုက်ပွဲဝင်သင့်တယ်ဆိုတာကိုတောင် တညီတညွတ်တည်း လက်ခံနိုင်ပြီလားဆိုတာ စဉ်းစားကြည့်ကြရပါဦးမယ်။ (ဥပမာ- ဗိုလ်ချုပ်က လက်နက်ကိုင်တိုက်ဖို့ ရွေးချယ်ကြိုးစားချိန်မှာ သခင်ကိုယ်တော်မှိုင်းက နှလုံးရည်နဲ့ တိုက်နေတာမျိုး.. မဟတ္တမဂန္ဒီက ငြိမ်းချမ်းစွာ ဆန္ဒပြနေချိန်မှာ ဆူဘတ်ချန္ဒရာဘို့စ်ရဲ့ တပ်တွေက အသင့်ပြင်ဆင်ထားပြီး ရှိနေတာမျိုး.. ကျမတို့ ဟန်ချက်ညီ ညီညွတ်ကြပြီလား..။)
ငါတို့က တကယ်လုပ်နေတာလေ။ သူတို့တကယ်လာလုပ်ကြည့်ပါလား… ခဏနဲ့ အော်သွား မယ်… လက်တွေ့မရှိပဲ အာကျယ်နေကြတယ်….။ ဒီလိုနည်းနဲ့ ညီညွတ်ဖို့ ကြိုးစားမိနေသလား…။
အဲဒါတော့ ကျမ အကြုံရဆုံးပေါ့။ ကျမဒီဘက်ကို ရောက်တော့ Democratic Voice of Burma က အစီအစဉ်လေးတခုပေးလို့ "ခေတ်ရေးခေတ်ရာ"ဆိုတဲ့ခေါင်းစဉ်နဲ့ အထဲမှာတုန်းက မပြောရတဲ့.. အထဲမှာကတည်းက ပြောဖို့ အားခဲထားခဲ့တဲ့.. စစ်အစိုးရနဲ့ သူ့လက်ကိုင်တုတ်အနွယ်တော်တွေရဲ့ ပြည်သူအပေါ်နှိပ်စက် အနိုင်ကျင့်မှုတွေ..၊ လူထုရဲ့အခြေအနေတွေကို ခံစားချက်တွေအပြည့်နဲ့ ပြောတော့တာပေါ့။ စာရေးဆရာကလည်း ဖြစ်.. ကျောင်းဆရာမကလည်းဖြစ်.. နိုင်ငံရေးလည်း နားမလည် ဆိုတော့ တခါတလေ ဆရာသံတွေ.. ကရုဏာဒေါသသံတွေ ပါသွားတာလည်း ၀န်ခံပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ ငါ တာဝန်ကျေနိုင်ပြီလို့ ကျေနပ်နေခဲ့တာ..။ (ဒါပေမဲ့ တကယ်တမ်းကျတော့.."ဒီမိန်းမက တယ်စွာနေပါလား.. သူ့မှာ ဘာနိုင်ငံရေးအစဉ်အလာရှိလို့ ဒါတွေပြောနေတာလဲ.. ဒီဘက်ရောက်မှ အသံလာကျယ်နေတယ်.. ငါတို့က လုပ်လာတာ ၁၈နှစ်ရှိပြီ.." ဆိုတာတွေပဲ ပြန်ကြားရတော့ ကိုယ့်ဘက်မှာ လူတယောက် သေသေချာချာ တိုးလာတာပဲလို့ ဘာလို့ မတွေးကြပါလိမ့်လို့ စဉ်းစားရင်း မျက်ရည်တောင် ကျမိခဲ့ဖူးသေး ..)

ဝေဖန်တာ လက်မခံဘူးလား... လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်ရှိတယ်…… ဆိုပြီး အပြစ်တွေချည်း ရှာကြံပြောလို့ ညီညွတ်ဖို့ ကြိုးစားမိနေသလား…။
အဲဒါကတော့ ကွက်တိပေါ့။ တယောက်ကို တယောက် နားလည်ပေးဖို့ လိုအပ်လှတဲ့ နိုင်ငံရေးနယ်ပယ်ထဲမှာ အချင်းချင်း ပါဝါပြိုင်ကြ.. လုပ်ပိုင်ခွင့်တွေပြိုင်ကြ.. မခန့်လေးစားတွေ ဖြစ်ကြ.. သရော်ကြ.. ကိုယ်လုပ်တာမှပဲ အကောင်းလို့ ထင်ကြ..။ နည်းနည်းလေးမှ မနှိမ့်ချနိုင်ကြ..။ မညှိနှိုင်းနိုင်ကြ။

ပြောရရင် ကျမမှာကလည်း သိပ်ဆိုးတဲ့ အကျင့် တခုရှိပါတယ်.. အဲဒါက နိုင်ငံအတွက် လုပ်နေပါတယ်ဆိုတဲ့ လူတွေက လိမ်ညာတာ.. လူထုနဲ့ပတ်သက်ပြီး တခုခု အလွဲသုံးစားလုပ်တာမျိုးကို ဘယ်လိုမှ သီးမခံနိုင်တာပါ..။ ဘယ်လိုမှ လက်ပိုက်ကြည့် မနေနိုင်တာပါ..။ အဲဒီတော့ ကာယကံရှင်တွေ ရှေ့မှာလည်းပြော.. ကွယ်ရာလည်း ပြောတဲ့ အကျင့် ရှိပါတယ်။ (တကယ်တော့ သူတို့ကို သေသေချာချာ ဆွေးနွေးတာမျိုးသာ လုပ်သင့်တာပါ..)။ အဲဒီအတွက် ရလာတဲ့အဖြေကတော့ ကျမကို ပစ်သတ်မယ်တို့... ကားနဲ့တိုက်သတ်ခံရမယ်တို့... ကျွန်းပင်ကြီးအောက် ဆယ်ခါပြန် ရောက်သွားမယ်တို့.. ကျမက ရန်သူ့လူလို့ သတင်းလွှင့် အခြိမ်းခြောက် ခံရတာပါပဲ။ ကျမခမျာ ကျောင်းဆရာမ လုပ်လာပြီး ခုကျကာမှ စေတနာအစော်ကား ခံရလေခြင်း ဆိုပြီး စိတ်ကျခဲ့ရတဲ့ အထိပါပဲ။ (အင်းး လွတ်လပ်စွာ ဝေဖန်ခွင့်ဆိုတာ... ဒီမိုကရေစီရဲ့ သဘာဝတခု မဟုတ်ဘူးလား... :P) အဲလို စုန်းပြူးတွေကြောင့်ပဲ ခက်တာ။ ပြီးတော့ အဲဒါက ကျမ တယောက်တည်း ကြုံနေရတာ လည်း မဟုတ်ပြန်.. ခက်တာပါပဲ။

ဒီလိုနဲ့ ညီညွတ်ရေးဆိုတာ.. ကိုယ့်အနားလေးမှာတောင် ဝေးနေသေး..။ ဗိုလ်ချုပ်ကတော့ ညီညွတ်ရေးက အရေးကြီးဆုံးတဲ့..။

ဒီနေရာမှာ ညီညွတ်ရေးအတွက်ကတော့ ခင်မင်းဇော်ပြောသလို ကိုယ်စီ တလွဲမာနတွေ လျှော့ကြဖို့ဆိုတာကို ကျမ လုံးလုံး သဘောတူပါတယ်။ ဒါဟာ ခုထိ မညီညွတ်နိုင် မပေါင်းစည်းနိုင်ကြသေးတာရဲ့ အခြေခံအကြောင်း လည်းဖြစ်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် "မိမိကိုယ်ထက် တိုင်းပြည်ကို ချစ်သူတွေ ပေါများနိုင်ပါစေ…." ဆိုတဲ့ ခင်မင်းဇော်ရဲ့ စကားကိုပဲ ကိုယ်တိုင် ဆင်ခြင်နေမိပါတယ်။ အင်းးး ကျမကိုယ်တိုင် ..........

၃ သြဂုတ်။

(မှတ်ချက် - ကေသွယ်သတိပေးလို့ နာမည်ပြောင်းရပြန်ပါတယ်)

9 comments:

yannaing said...

ေ၇းပြစမ်းပါဆရာမရယ် proxy ခံပြီးတော့ ကျော်ခွပြီး
လိုက်ကြည့်နေရတာပါ

yannaing said...

ဒီနေ့ဆိုရင်တနေ့လုံးအိမ်မှာအားနေတာကိုယ်ဘလော့
လေးကိုပို့စ်တွေတင်လိုက် ကိုယ် လင့်ထားတဲ့ ယူအာအယ်တွေမှပို့စ်အသစ်တွေများရှိလားနေလားမွေ
နောက်လိုက်နဲ့ ရှားရှားပါးပါး ဆရာမနဲ့ မသဒ္ဒါပဲရှိတယ်
မမိုးချိုကို လည်းပြောလိုက်ပါ အသစ်တွေများများရေးပါ
လို့ နေကောင်းငါစေ / နေကောင်းပါ၏ ။

ငြိမ်းဝေ said...

အောင်မယ်လေးဟဲ့ ...
“ရေးတော့မယ်တဲ့ ရေးတော့မယ်” လို့ဆိုတော့
ကျနော့်စိတ်ထဲ ဆရာမလေး ထမိန်စွန်တောင်ဆွဲပြီး
ထွက်လာမလားပေါ့။ ဒါနဲ့ဆက်ပြီး ကလစ်ကြည့်တော့
“တကယ်ချစ်ရဲ့လား ... ” တဲ့။ ဗုဒ္ဓေါ ...
ဒါနဲ့ ဆက်ဖတ်တော့ “ညီညွှတ်ရေး” ... တဲ့။
ဂလိုကိုး ... ... ။

Moe Cho Thinn said...

ဆရာမရေ
တကယ်ချစ်ဖို့ တကယ်လိုနေပါသေးတယ်။ အဲဒါ အနှစ် နှစ်ဆယ် တေး ပါ။

Shweaung said...

"မိမိကိုယ်ထက် တိုင်းပြည်ကို ချစ်သူတွေ ပေါများနိုင်ပါစေ…."
ဆရာမရေ... ဆရာမဆုတောင်းလေးများ မြန်မာပြည်သား ၁၀၀ မှာ ၁၀ယောက်ပဲရှိစမ်းပါကျွန်တော်တို့နိုင်ငံကြီးဟာ လွတ်လပ်မှုနဲ့ အေးချမ်းမှုတွေ အပြည့်နဲ့ပေါ့..
အခုတော့....... ဟင်း.....................

M.Y. said...

ဒီလိုနဲ့ ပဲ နှစ်ပေါင်းနှစ်ဆယ်...
အစဉ်အလာရှိသူဆိုသူများ လဲ.ငွေရတု..ရွှေရတုတွေထိစောင့်ကြဦးမည်လားမသိ..
မေးသင့်ပါတယ်..
တကယ်ချစ်ရဲ့ လား

Kay said...

မမေငြိမ်းရေ-
ခေါင်းစဉ်က..မူပိုင်ခွင့် ညိနေတယ်း)
ပြည်တွင်းမှာ ..အထင်ကရ ရေးသားနေသော.. မြမြ၀င်း ( တကယ်ချစ်ရဲ့လား) ဆိုတာ..ခွင့်တောင်းအုံးလေ..အဟဲ -

အောင်သာငယ် said...

ဆရာမရေ ညီညွတ်ရေး ဆိုတာ စာ ၃ လုံးတည်းမို့ပါပဲ လူ့အခွင့်အရေး လိုများ ၅ လုံးဆိုရင် ------

Ko Paw said...

အထူးကြေညာချက် အမှတ်(၁)

ယနေ့ မြန်မာဘလော့ဂ်လောကကြီးတွင် အယူအဆ မတူသူများ ပြင်းထန်စွာ ငြင်းခုန်ခြင်း၊ ကိုယ်သဘောမကျသူများအား ကိုယ့်ဘလော့ဂ်စာမျက်နှာပေါ်တွင် စောင်းမြောင်းရေးခြင်း၊ အတင်းတုပ်ခြင်း၊ အုပ်စုဖွဲ့ခြင်းများဖြင့် မတည်မငြိမ်မှုများ ဖြစ်ပေါ်နေပါသဖြင့် ဘလော့ဂ်လောကကြီး အစိတ်စိတ်အမွှာမွှာ မပြိုကွဲစိမ့်အံ့သောငှာ ကျွန်ုပ်ညောင်ရမ်းဂွတို ဦးဆောင်သော မြန်မာဘလော့ဂ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကြီး(မ၀တ)မှ အချိန်မှီ တာဝန်ယူထိန်းသိမ်းလိုက်ပါကြောင်း။

ပုံ
ညောင်ရမ်းဂွတို။