ကျမ တရားစခန်းဝင်တယ်ဆိုတော့ အကြောင်းသိတချို့က အံ့ဩကြတာလည်း ရှိ.. သာဓုခေါ်ကြတာလည်း ရှိပါတယ်။
ဟုတ်တာပေါ့... ကျမက
တရားထိုင်တယ်ဆိုတဲ့ ဘာဝနာကိစ္စနဲ့ အတော်အလှမ်းဝေးသူကိုး။
မနှစ်ကအထိတော့ ကျမက ဒါနနဲ့
သီလမှာ အတော်အတန်ဖြည့်ဆီးထားသူမို့ ဘာဝနာကိုလုပ်နိုင်ရင်ဖြင့် အပိုဆုပဲလို့သာ
ထင်မှတ်ခဲ့တာပါ။
ဒါပေမဲ့ မနှစ်က
အခိုက်အတန့်ကာလတခုမှာ ကျမ လူမှုသောကတချို့ကို ကြုံကြိုက်ရပြီး ဒေါသ မောဟ
မာန်မာနတွေနဲ့ လောင်မြိုက်ခဲ့ဖူးပါတယ်။
အဲဒီကာလတွေအတွင်းမှာပဲ တရားထိုင်အလေ့ရှိတဲ့သူငယ်ချင်းတချို့ရဲ့ အတွေ့အကြုံတွေကို ကြားရပြီး ကျမရဲ့ သောကတွေဆီကနေ ခွာနိုင်ဖို့အတွက်
တရားထိုင်ကြည့်ရင်ကောင်းမလားလို့ စိတ်ညွှတ်သွားခဲ့ပါတယ်။ စဉ်းစားကြည့်တော့ အသက်က
၆၀နီး.. မိသားစုဘဝအခြေနေက နောက်ဆံတင်းစရာမရှိ.. ကိုယ်လုပ်သမျှ
ပံ့ပိုးဖို့အသင့်ချည်း။ ဆိုတော့ ဘာကြောင့် မလုပ်နိုင်ရမလဲပေါ့....
ဘဝတလျှောက်
အခွင့်သင့်တိုင်း ဟိုစပ်စပ်ဒီစပ်စပ် လေ့လာခဲ့ဖူးတဲ့ တရားထိုင်နည်းတွေ၊
စမ်းသပ်ခဲ့ဖူးတဲ့ တရားထိုင်နည်းတွေ ရှိခဲ့ပေမဲ့ ကျမ ဇွဲမခတ်နိုင်ခဲ့လေတော့ ရ-ပျောက်တရားတွေသာဖြစ်ခဲ့တာ
(တကယ်ရခဲ့ပုံလည်း မရပါဘူး).. နောက်တချက်က
ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓကို သိလှပြီလို့ ထင်နေခဲ့တာလည်းပါတာပေါ့။ ဘဝမှာ
တေပေလေလွင့်ခဲ့ဖူးပေမဲ့ သူတပါးကို တစုံတရာထိခိုက်အောင် တခါမှ မလုပ်ခဲ့ဖူးတာကိုပဲ အကုသိုလ်ကင်းလှပြီထင်ပြီး
ကျေနပ်နေခဲ့တာလည်း ပါတာပေါ့။ တခုပဲ.. ကိုယ့်ရဲ့ ထိခိုက်ခံစားလွယ်မှုကိုတော့
မကြိုက်ဘူး.. ဒါကြောင့် ကျမစာတွေဖတ်လေ့ရှိတဲ့လူတွေဆို သတိထားမိပါလိမ့်မယ်... ကျမ စာတွေထဲ
မကြာခဏရေးလေ့ရှိတာတခု .. ဓမ္မပဒထဲက ဗုဒ္ဓစကား “ငါသည် နာကျင်သောကိုယ် ရှိသူဖြစ်လျက်
နာကျင်သောစိတ် ကင်းသူဖြစ်လတ္တံ့”ဆိုတာ။ ကျမက ကိုယ်ခန္ဓာသာ နာတတ်ပေမဲ့ စိတ်ခံစားချက်မှာတော့
နာကျင်ခံခက် ဒဏ်ရာတွေ မရချင်တာလောက်သာ။ အဲဒီတုန်းက
ရောဂါအနာဝေဒနာဆိုတဲ့အထိရောက်အောင် မတွေးတတ်ခဲ့။ အဲဒီတုန်းကတော့ စိတ်ထိရှလွယ်တာကို
ထိန်းကွပ်ဖို့ ကြိုးစားရတာကတောင် ကျမအတွက် သိပ်ခက်ခဲ့ပါတယ်။
++++
ကျမနားမှာ အောင်လံဆရာတော်ဘုရားရဲ့ ကျင့်စဉ်နဲ့ တရားအားထုတ်တဲ့ တိုက်ခွဲ ၃၂ သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာရဲ့ တရားစခန်းမှာတရားကျင့်ထားတဲ့ သူငယ်ချင်းတွေ ရှိပါတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေ ကျမ ကြားနေရပေမဲ့ အဲဒီ တရားကျင့်စဉ်အပေါ်ညွှတ်စိတ်
ကျမဆီမရောက်သေးပါ.. တနေ့မှာတော့ သူငယ်ချင်းတယောက်က ပြောတဲ့အထဲ ကျမ တရားထိုင်တာ
အချိန်တွေဘယ်လိုကုန်သွားမှန်းမသိလိုက်ဘူးတဲ့.. ဟယ် မနာမကျင်ဘူးလားဆိုတော့ နာတာကို
မသိတော့တာလေ.. နာတာကိုတောင် မှတ်လို့ ရှုလို့ကောင်းနေတာတဲ့...။ အဲဒီတချက်မှာ ကျမ
ငြိသွားတာ... တကယ်တော့ ကျမရဲ့ တရားဆီရောက်သော အစက အတ္တနဲ့ပါ.. အနာဆိုတဲ့ ဝေဒနာကို
ကျော်နိုင်ချင်တာဆိုတဲ့ စိတ်နဲ့ပါ။
အများစု မျှော်ရည်သလို
မဂ်တရား ဖိုရ်တရား နိဗ္ဗာန်ချမ်းသာဆိုတာတွေ မပါခဲ့ပါဘူး။
ကံကောင်းတာက သဲအင်းကျင့်စဉ်နဲ့
တရားထိုင်ချင်တယ်ဆိုရင် အခြေခံတရားကို ကျင့်ဖို့ online နဲ့ တရားပြတဲ့ အစီအစဉ် ရှိနေတယ်
ဆိုတာပါပဲ။ တကယ် ရေကန်အသင့်ကြာအသင့်.. ကျမအတွက် အချိန်ကိုက်ရောက်လာတာမျိုးပါပဲ။
ပြီးခဲ့တဲ့ မတ်လလောက်ကစလို့ ကျမ online
ကနေ ညတိုင်းနီးပါး
တရားစထိုင်ပါတယ်။ တရားပြဆရာမ မသူသူရဲ့ အသေးစိတ်စောင့်ကြည့်နည်းပြ ရှင်းပြပေးမှုနဲ့
ကျမ တရားထိုင်တာမှာ မွေ့လျော်နိုင်ခဲ့ပါတယ်။
တရားထိုင်တာမှာ
ကျင့်သားရလာရင် တရားစခန်းလေး လုပ်ပေးမယ်တဲ့။ ကျမနားမှာ ကျမလို
တရားထိုင်သူအသစ်တွေလည်း အားကောင်း လာပါပြီ။ ၂၀၂၄ ဩဂုတ်လမှာ ၉
ရက်တရားစခန်းလုပ်မယ်ဆိုတော့ ကျမတို့ ရပ်ကွက်ထဲက တရားထိုင်ဖော်အဖွဲ့တွေအတွက်
တရားဖော် ထဲကပဲ ဇနီးမောင်နှံတစ်တွဲက သူတို့အိမ်မှာ တစ်လတစ်ရက် စုပြီး တနေကုန် onsite တရားထိုင်ဖို့ စီစဉ်ပေးပါတယ်။ အင်မတန် ကျေးဇူး တင်စရာပါ။ အဲဒီမှာ ကူညီပေးတဲ့
စီနီယာတရားထောက်တွေရဲ့ စောင့်ရှောက်ကြတ်မတ်ပေးမှုနဲ့ ကျမတို့ ၅လလောက် အလေ့အကျင့်
ရလိုက်တာမှာ ၉ရက်တာ ဝင်ရမယ့် တရားစခန်းအတွက် ကျမ သက်လုံကောင်းလာပြီလို့ ခံစားလာရပါတယ်။
+++++
သဲအင်းကျင့်စဉ် နဲ့
အောင်လံဆရာတော်ကြီးရဲ့ လမ်းညွှန်မှုတွေနဲ့ တရားစကျင့်ကာစမှာတော့ တရားကျင့်ရမှာ
အဓိကအကျဆုံး အခြေခံဖြစ်တဲ့ အာနာပါနနဲ့ပဲ စတင်ရတာပေမဲ့ လေကို ခပ်ပြင်းပြင်းအားပါပါရှူပြီး
သမာဓိအားကောင်းအောင် ကျင့်ရတာမို့ တချို့က သဲအင်းကျင့်စဉ်က ပြင်းတယ်ရယ်လို့
ပြောကြတာတွေကို ကြားရပါတယ်။ ကျမအတွက်ကတော့ အင်မတန် စိတ်ပျံ့လွင့်လွယ်ပြီး
စာရေးဆရာပီပီ စိတ်နောက် အလွန်လိုက်လွယ်သူဖြစ်လေတော့ သဲအင်းအာနာပါနအရှူစနစ်ဟာ
ကျမကို အာရုံမပျံ့လွင့်အောင် ထိန်းရာမှာ အင်မတန် ထိရောက်စေ ပါတယ်။
အာနာပါနအဆင့်မှာတောင်မှပဲ ကျမဟာ နာရီပိုင်းနဲ့တရားထိုင်ရလို့ ခံစားလာရတဲ့ တော်ရုံ
နာကျင်မှုဝေဒနာတွေကို အရှူနဲ့ သမာဓိယူပြီး တစထက်တစ သီးခံလာနိုင်တာကို ပီတိဖြစ်နေရပါပြီ။
အာနာပါနအဆင့်နဲ့တင် ၆လလောက်ထိုင်ခဲ့ရပေမဲ့ ကျမ မငြီးမငွေ့ဘဲ စိတ်တည်ငြိမ်ပြီး အနာဝေဒနာအပေါ်
သီးခံနိုင်လာမှုကို သိသိသာသာ ခံစားလာရတာမို့ ကျမ အတော်လေး ကျေနပ်နေမိခဲ့ပါတယ်။
ကျမက နာကျင်တဲ့ ဒီဂရီတစ်ခုမှာ သတိလစ်မေ့မျောသွားလေ့ရှိတာမို့ ကျမမှာ အဲဒါကို
စိုးရိမ်တဲ့စိတ် ရှိပါတယ်။ အဲဒီအခါ အာနာပါနအဆင့်မှာတင် အနာဝေဒနာကို ဆင်းရဲတယ်လို့
မခံစားရအောင် ရှုတတ်လာတာမို့ မသေခင်ခံစားရမယ့် အဆုံးစွန် ဝေဒနာကို တရားမှတ်ရင်း
ဖြတ်ကျော် နိုင်မယ့် သမာဓိအားကို လေ့ကျင့်နိုင်ပြီရယ်လို့ စိတ်ချမ်းသာနေခဲ့ပါတယ်။
ဒါတောင် ကျမက ဗုဒ္ဓမြတ်စွာရဲ့ ဝိပဿနာလမ်းမှာ ခြေစချပြီး ခြေလှမ်းလေး စလှမ်းကျင့်တဲ့အဆင့်လေးပဲ
ရှိသေးတာပါ။
ဒီလိုနဲ့ ၉ရက်စခန်းဝင်ရမယ့်အချိန်ကို
ရောက်လာတာပါပဲ။
တကယ်တော့ စခန်းမဝင်ခင်က
စခန်းမှာ ဘာတွေ ဘယ်လို ထပ်ပြီး ကျင့်ကြံအားထုတ်ရမယ်ဆိုတာ မသိသလို ဘာမှလည်း ကြီးကြီးမားမား
မျှော်လင့်မထားခဲ့ပါဘူး။ အနည်းဆုံး ခုထက်ပိုတဲ့ စိတ်အေးချမ်းရာ နဲ့ အနာကို
လျစ်လျူရှူနိုင်မယ့် စိတ်ခွန်အားရဖို့လောက်သာ ရည်မှန်းခဲ့တာပါ။ လမ်းညွှန်ဆရာတော်တွေရဲ့
သင်ကြားလေ့ကျင့်ပေးမှုကို တသဝေမတိမ်းလိုက်နာအားထုတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကတော့
ရှိထားပြီးသားပါ။ ဒါပေမဲ့ .. တရားစခန်းဖွင့်တဲ့ ပထမရက်မှာပဲ
အောင်လံဆရာတော်ကြီးကိုယ်စား ဦးဆောင်ဆရာတော် အရှင်ဓမ္မပါရဂူ ဟောတဲ့ “ကိုယ်သာ နာပြီး
စိတ်မနာစေတဲ့ တရား” ကို ကျင့်ကြမှာ.. ဆိုတာကို တိတိကျကျ သေသေချာချာ ရှင်းပြတဲ့
တရားက ကျမစိတ်ထဲ ထုတ်ချင်းပေါက်ရောက်သွားပြီး အဲဒီတရားကို
ကြိုးစားကျင့်ကြံချင်စိတ်တိုးလာပါတယ်။ ဝိပဿနာကို ကျင့်ကြံအားထုတ်ရှုမြင်ဖို့အတွက်
သမာဓိ အားကောင်းအောင် မတည်ဆောက်နိုင်ဘဲနဲ့တော့ လိုရင်းမရောက်ဘူးဆိုတာကို ဆရာတော်နှစ်ပါးရဲ့
တရားအပြ နဲ့ ကိုယ်တွေ့အရမှာ သေသေချာချာ နားလည်လက်ခံလာပါတယ်။ ဒါကြောင့် သတိကပ်ရာမှာ
စိတ်ကလေးမြဲဖို့ အားထုတ်ခြင်းမှာ ပိုဝီရိယစိုက်ခဲ့ပါတယ်။
ဒီလိုနဲ့ တနေ့ ၂နာရီ
လေးကြိမ် ထိုင်ရတဲ့ တရားထိုင်ချိန်တွေမှာ တကြိမ်ထက်တကြိမ် သိသာတဲ့
တိုးတက်မှုတွေရလာပါတယ်။ ဒီကြားထဲမှာ ပုထုဇဉ်တို့ရဲ့ ထုံးစံအတိုင်း ခန္ဓာဝေဒနာနဲ့အတူ
စိတ်တွေက တက်လိုက်ကျလိုက် သမာဓိကလည်း တက်လိုက်ကျလိုက်တွေတော့ ရှိခဲ့တာပါပဲ။
ဒါပေမဲ့ အဲဒီ ဟိုရောက်ဒီရောက်စိတ်တွေဟာ တကယ် သတိကပ်နိုင်ပြီဆိုတဲ့ အခါမှာတော့
နင်နေတော့ ငါသွားတော့ ဆိုသလို သိသာတဲ့ ပေါ့ပါး လွတ်မြောက်မှုကိုရတာဟာ
ပြောမပြတတ်တဲ့ အေးချမ်းမှုပါပဲ။
ခန္ဓာရှိလို့
ဝေဒနာရှိသော်လည်း စိတ်သတိကို အစဉ်မပြတ်သိနေသမျှ နာကျင်မှုဝေဒနာက သတ်သတ်..
ကိုယ့်ရဲ့ ခံစားမှု စိတ်အာရုံက သတ်သတ်... မပတ်သက်ဘဲ နေလို့ရတာကို အာနာပါနကတဆင့် ဘဝင်ပိုင်းရှုစဉ်၊
စိတ္တနုပဿနာကျင့်စဉ်၊ ကာယနုပဿနာကျင့်စဉ်၊ လျောင်းကမ္မဌာန်းကျင့်စဉ်၊
ရုပ်ထောက်နာမ်ရှုကျင့်စဉ်တွေကနေ ကိုးရက်တာလောက်ကလေးအတွင်း တဆင့်ပြီးတဆင့် သိလာ ရလာ
တာတွေဟာ အံ့ဩဘနန်းပါပဲ။ ဒါတောင် ကျမ သိနားလည်တာနဲ့ ကျမလက်တွေ့ကြုံရသမျှဟာ
ရေပေါ်ပေါ်နေတဲ့ ရေခဲတောင်ကြီးရဲ့
အပေါ်စွန်းလေးမျှသာပါ.. နက်ရှိုင်းလှတဲ့ အောက်ခြေကို မှန်းတောင် ကြည့်နိုင်စွမ်း
မရှိသေးတဲ့ ပမာဏပါ။ ဒီရက်ပိုင်းလေးမှာ တရားထိုင်ဖော်တွေထဲ ကျမထက်ပို
တိုးတက်ရရှိသွားသူတွေလည်း အများကြီး တွေ့ခဲ့ရပါတယ်။
ဒီလိုနဲ့ ၅ရက်မြောက်နေ့မှာတော့
မဟာပလ္လင် ပထမအဆင့် နှစ်နာရီထိုင်ရမယ့်နေ့ ရောက်လာပါတယ်။ နှစ်နာရီဆိုတဲ့အချိန်က
ထိုင်သားကျ နေပြီဖြစ်ပေမဲ့ ခန္ဓာဝေဒနာကို တိုး လှုံ့ဆော်မယ့် မဟာပလ္လင်ပုံစံခွင်နဲ့
ထိုင်ရမှာမို့ စိတ်လှုပ်ရှားမိပါတယ်၊ ကြောက်တော့ မကြောက်လှပါဘူး၊ တကယ်ကြောက်တာက
၅နာရီ မဟာပလ္လင်ကိုပါ။ မဟာပလ္လင် ၂နာရီဟာ အောင်လံဆရာတော်ကြီး ရဲ့ တိကျလှတဲ့
ညွှန်ကြားချက်ကို အာရုံပြုနာခံရင်းကျင့်ရတာမို့ ထိုင်ရတဲ့ ခြေနှစ်ဖက်ချိတ် မဟာပလ္လင်
ပုံစံခွင်ကြောင့် နာကျင်ရ သမျှဟာ စိတ်နှလုံးကို မရိုက်ပုတ်နိုင်တော့ဘဲ ၂ နာရီဟာ
ခဏလေးနဲ့ ပြီးသွားတာပါပဲ။ အဲဒါဟာ ၅နာရီ မဟာပလ္လင်အတွက် ကြောက်နေတဲ့ အကြောက်ကို
လျော့ပါးစေပါတယ်။
+++++
ကိုယ်သာ နာပြီး စိတ်မနာ...
ဗုဒ္ဓမြတ်စွာ
သာသာလေးထိုင်နေကျ မဟာပလ္လင်ခွင်ဟာ ကျမတို့ လူသာမန်တွေအတွက်တော့ အင်မတန်
ပင်ပင်ပန်းပန်း ထိုင်ရပါတယ်။ နာလာကျင်လာရင် ယောင်ရမ်းလှုပ်ရှားမိရာက ပြုတ်ကျပြီး
သမာဓိပျက်နိုင်တာမို့ ချိတ်ထားတဲ့ ခြေခွင်ကို ပုဝါပိုင်နဲ့ ပတ်ချည်ပြီး
ထိန်းပေးထားရပါတယ်။ အဲဒီအခါ ကျမစိတ်ထဲမှာ နာလာကျင်လာရင်တောင်မှ
ခြေပြုတ်မကျတော့ဘူးလို့ စိတ်ချရတာမို့ စိတ်တပိုင်းကို
လှည့်ကြည့်စရာမလိုတော့ဘူးလို့ ခံစားရပါတယ်။ မဟာပလ္လင်မှာ ဘယ်လောက်နာမလဲ ကျမ
သိပါတယ်.. ဒါပေမဲ့ အဲလိုအနာဟာ ၅နာရီလောက်ထက်ပိုမကြာဘူးဆိုတဲ့ အဖြေရှိပါတယ်..
သေကာနီး ဝေဒနာမှာတော့ အချိန်ဘယ်လောက်ကြာမလဲ ကျမတို့ မသိနိုင်ပါဘူး... ဒါကြောင့်
ဒီအနာကို ဘယ်လို ကျော်ဖြတ်မလဲ.. ကျော်ဖြတ်နိုင်တဲ့ သမာဓိကို ရနိုင်ပါ့မလား.. ဒုက္ခိန္ဒြေကို ကျော်နိုင်မလား..
ပြီးတော့ ကျမရဲ့ ဒေါသမာန်မာနတွေကို ဖြုတ်ချနိုင်ဖို့ ဒါကို လုပ်ရမယ်လို့
ဆုံးဖြတ်ခဲ့တာပါ။
ထိုင်နေချိန်အတွင်း ကျမ
နာလွန်းလို့လည်း သတိလစ်သွားနိုင်သလို အနာအကျင်ကို လုံးလုံးလျစ်လျူရှုလိုက်နိုင်တဲ့
သမာဓိ အားလည်း ရလာနိုင်တယ်လို့ ကျမ စိတ်ကို ပြင်ဆင်ထားပါတယ်။ ဆရာတော်
နှစ်ပါးရဲ့ ညွှန်ကြားချက်တွေကိုလည်း
ယုံကြည်တာမို့ နာပေ ကျင်ပေမဲ့ ဖြတ်ကျော်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ တကယ်လည်း
၅နာရီတလျှောက် တကိုယ်လုံးဆတ်ဆတ်တုန်တဲ့အထိ နာတဲ့ အချိန်တွေ..
ကိုယ့်နှလုံးခုန်သံကို ရှင်းရှင်းကြီးကြားနေရပြီး ဘာမှ မသိတော့တဲ့အချိန်တွေ ... ဝေဒနာတွေ
တက်လိုက်ကျလိုက် ငြိမ်းချမ်းသွားလိုက် ရင်ဟင်းလင်ပြင်ကြီး ဖြစ်သွားလိုက်နဲ့ တကယ်တမ်း
မဟာပလ္လင် ၅နာရီပြည့်ပြီး ကျမအလိုချင်ဆုံး ဘဝင်အကျကိုခံစားရချိန်မှာတော့
စိတ်နှလုံးမှာ ငြိမ်းချမ်းမှုဟာ ဘယ်လိုလို့ ကျမ ပြောမပြတတ်တော့ပါဘူး။ ပြောရရင် ကျမ
အထိုင်တောင် မဖြုတ်လိုက်ချင်ဘဲ ဆက်ထိုင်နေမိတဲ့အထိပါပဲ။ ထိုင်ရာကထပြီး လမ်းလျှောက်လိုက်ချိန်မှာ
ရုတ်တရက် သတိလစ်သွားတဲ့အထိ အသည်းခိုက်အောင် နာသွားတဲ့အနာမှာ စိတ်က ဆင်းရဲ မနေတော့တာကတော့
အံ့ဩစရာအကောင်းဆုံးပါပဲ။ ရပါပြီ.. ကျမရည်မျှော်ခဲ့တဲ့ ကိုယ်နာသော်လည်း
စိတ်မနာသောတရား။ ကျမ သေဖို့ အဆင်သင့်ဖြစ်ပြီ။ ကျမ ပီတိမျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရပါတယ်။
ကျမကိုယ်တွေ့အရ ပြောရရင်
မဟာပလ္လင်ဟာ အတ္တကိလမထ-ကိုယ်နဲ့စိတ်ကိုပင်ပန်းစေပြီး အကျိုးမရှိတဲ့ ကျင့်စဉ်ဆိုတာ လုံးဝမဟုတ်ပါ။
ကိုယ်မှာနာကျင်မှုရှိသော်လည်း စိတ်မှာနာကျင်မှုမရှိတဲ့အပြင်အကုသိုလ်တရား
ချုပ်ငြိမ်းပြီး ကုသိုလ်တရားတွေ တိုးပွားတဲ့ တန်ဖိုးဖြတ်လို့ မရတဲ့
ကျင့်စဉ်ဖြစ်ကြောင်း ကိုယ်တိုင်ကျင့်ပြီး သိခဲ့ရပါတယ်။ အနေမြတ်ပြီး
အသေတတ်တဲ့ကျင့်စဉ်ဖြစ်လို့ လူတိုင်းကျင့်ဖူးသင့်တယ် ဆိုတာပါပဲ။
+++++
တရားစခန်းကထွက်လာအပြီး
ရလာတဲ့ အသိသာဆုံးအကျိုးကျေးဇူးကတော့ နေ့စဉ် ကြုံနေကျ စိတ်ဖိအားတွေ လောကဓံတွေ
အနှောင်အဖွဲ့တွေဟာ ကျမအတွက် အရင်ကလို အရေးမကြီးတော့ မပူလောင်တော့တာပါ။ အရင်က
ကားမောင်းရင် ရှိနေတတ်တဲ့.. အလုပ်ခွင်မှာ ပေါ်တတ်တဲ့ စိတ်ဖိအားတွေလည်း လုံးဝနီးပါး
မရှိတော့ဘဲ သူ့အလိုလို အင်မတန် စိတ်အေးလက်အေးရှိလာတာပါပဲ။ နောက်ထပ်
အံ့အားသင့်စရာတခုကတော့ အရင်က အလကားနေအလကား ခေါင်းမူးနေတတ်တဲ့ ဝေဒနာဟာ
တရားထိုင်ရက်တွေ တညအိပ်ချိန် ၄နာရီလောက်ပဲ ရှိတာတောင် ဘာမှမဖြစ်တော့တာကနေ
လုံးလုံးပြန်မလာတော့တာပါပဲ။ အောင်လံဆရာတော်ကြီး မိန့်သလိုပဲ မဟာပလ္လင်ဟာ ကျမရဲ့
ဒေါသ မောဟအဟုန်ကြီးကို ချိုးချလိုက်တယ်ထင်ပါတယ်။ ကျမအတွက် နောက်ထပ် အပိုဆုတစ်ခု ရလာတာကတော့
လက်တွေ့ဘဝထဲမှာ relationship နဲ့ attachment ကို ဘယ်လိုကိုင်တွယ်ရမယ်လို့ သိနားလည်သွားပြီး ထိန်းညှိတတ် လာတာပါပဲ။
ခုတော့ဖြင့်
ပုံမှန်တရားထိုင်ချိန် နှစ်နာရီဆိုတာ ကျမအတွက်တော့ တနေ့တာ အလုပ်ခွင်မှာ
ပင်ပန်းခဲ့သမျှ စိတ်နဲ့ရုပ်ကို ညဘက်မှာ ပြန် အပန်းဖြေရတဲ့ နိစ္စဓူဝ လေ့ကျင့်ခန်းဖြစ်နေရပါပြီ။
တကယ့်အမြိုက်အရသာကို ကျမ သိပြီထင်ပါတယ်။
+++++
ဒီနေရာမှာ
နောက်ထပ်မပါမဖြစ်ပြောရမှာကတော့ ဦးဆောင်ဆရာတော် အရှင်ဓမ္မပါရဂူ နဲ့
သာသနာပြုအဖွဲ့တွေ၊ တရားထောက်တွေရဲ့ ကျေးဇူးတော်တွေပါပဲ။ နေ့စဉ်နဲ့အမျှ ကျမတို့
ယောဂီအယောက် ၆၀ ရဲ့ တရားထိုင်ချိန်တွေအတိုင်း တစ်ယောက်စီတိုင်းကို စောင့်ရှောက်
ကြတ်မတ်ပေးတာ မနက် ၄နာရီကနေ ည ၁၀နာရီအထိ။ ယောဂီတွေကမှ နားချိန်ရှိသေး..
ဒီအဖွဲ့တွေမှာဖြင့် မနားရ။ ယောဂီတွေရဲ့ တရား ဝေယျာဝစ္စ ..
နေရေးထိုင်ရေးစားရေးသောက်ရေးဝေယျာဝစ္စ .. အသေးစိတ်ဖြည့်ဆည်းပေးကြတာ..
စေတနာသက်သက်နဲ့ ကူကြတာ။ သူတို့ရဲ့ အလုပ်ဌာနတွေကို ပစ်ပြီး လူမှုဘဝတွေကို
ထားခဲ့ပြီး မနီးလှတဲ့ နေရပ်တွေကနေ တကူးတက ကားမောင်းလာပြီး စေတနာ့ဝန်ကို
လာထမ်းကြတာပါ။ ယောဂီတွေဟာ အသင့်စား တရားထိုင် အသင့်အိပ်ရုံ။ ယောဂီတွေ
တရားကျင့်လို့ တဆင့်စီတက်ပြီလားဟေ့ဆိုရင် တရားထောက်တွေဟာ သူတို့ အကျိုးရသကဲ့သို့
ပြုံးပြီး ဝမ်းမြောက်ကြတာ ကျမဖြင့် ပြောမပြတတ်အောင် ကျေးဇူးတင်လွန်းလို့
အကြိမ်ကြိမ် ရည်မှန်း ကန်တော့ မိတာပါပဲ။
+++++
တကယ်တော့ ကျမက တရားထိုင်ခြင်းကို မူကြိုအဆင့်က စခဲ့တာပါ။ ခုမှ သူငယ်တန်းအဆင့်တက်တာဖြစ်မှာပါ။ ဒါပေမဲ့ သူငယ်တန်းအဆင့်လောက်မှာကိုပဲ ကျမ ခံစားရလာတဲ့ ပီတိ နဲ့ ကျမ လိုချင်ခဲ့တဲ့ ‘နာကျင်သောကိုယ်ရှိသူဖြစ်လျက် နာကျင်သောစိတ် ကင်းသူ ဖြစ်လတ္တံ့’ ဆိုတာကို ၉ရက်တာလောက်နဲ့ အတိုင်းအတာတခုအထိရောက်အောင် ကြိုးစားရယူနိုင်ခဲ့တာဟာ တန်ဖိုးကြီးလွန်းလို့ ကျမ လို ခံစားရစေချင်တဲ့ စိတ်စေတနာအပြင် ကျေးဇူးတော်ရှင် အောင်လံဆရာတော်ကြီး... ကျမတို့ကို ဆရာတော်ကြီးကိုယ်စား တရားနည်းလမ်း တွေကို အနီးကပ် ဂရုတစိုက် ညွှန်ပြ လေ့ကျင့်ပေးတော်မူသော ဆရာတော် အရှင်ဓမ္မပါရဂူနဲ့တကွ သဲအင်းသာသနာပြုအဖွဲ့နဲ့ တရားထောက်များရဲ့ ကျေးဇူးကို ဂါရဝပြုချင်တဲ့ စိတ်ကြောင့် ဒီစာကို ရေးဖြစ်တာပါ။
ဒီစာမှာ တရားနဲ့ ပတ်သက်လို့ တစုံတခု အမှားအယွင်းအချွတ်အချော်ပါခဲ့ရင် ကျမရဲ့ မကျွမ်းကျင်မှူသာ ဖြစ်ပါတယ် ရှင်။