Jan 10, 2008

ရန်ကုန်ဒုက္ခသည်စခန်း

ကျမရဲ့ စိတ်ခံစားချက်က တခုခုကို ခံစားရင် တအုံနွေးနွေးနဲ့ ရက်ရှည် ဆက်နေတတ်ပါတယ်။ ခုလည်း ရန်ကုန်ထောင်ပို့စ်လေးက တကယ်တော့ ရေးစရာအများကြီး၊ တင်စရာဓါတ်ပုံတွေအများကြီးကို လျှော့လိုက်ရလို့ရော၊ ချုံ့လိုက်ရလို့ရော၊ စိတ်ထဲ အားမရ။ တကယ်က ဒီတလော ကျမမှာ ရေးချင်တဲ့ တခြား အကြောင်းအရာတွေက အဆင်သင့်ရှိနေတာ။ ဒါပေမဲ့ စာရေးတဲ့သူတွေရဲ့ ထုံးစံအတိုင်း ကိုယ့်စိတ်ထဲက ပို ပြင်းပြနေတဲ့တခုကို ရေးမထုတ်လိုက်ရမချင်း.. ကျန်တာ ဘာမှ လုပ်လို့မရ။ အဲလိုရှိ နေတုန်း ဗမာပြည်က ပြန်လာတဲ့ မောင်လေးတယောက်က သူရိုက်လာတဲ့ ဓါတ်ပုံတွေ ကျမဆီ လှမ်းပို့တာမှာ မနေနိုင်တော့ဘဲ ခုပို့စ်လေးကို ထပ်တင်လိုက်ရတာပါပဲ။

နယ်စပ်တလွှားက ဒုက္ခသည်ကလေးတွေအကြောင်းကို ပြီးခဲ့တဲ့ ‘ရန်ကုန်ထောင်’ ပို့စ်မှာ ကျမ ဖြတ်ကနဲ ထည့်ပြောခဲ့ပါတယ်။ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေထဲ ကိုယ့်အပိုင်း(ရပ်ကွက်ဆိုပါတော့)လေး ထက် ကျော်မသွားဖူးလို့မို့ လူ့လောကဆိုတာ ဒါပဲလို့ ထင်နေရတဲ့ ကလေးတွေ။

(ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတခု)

( ဒုက္ခသည်စခန်းထဲမှာ)

အဲလိုပဲ မြ၀တီ-မဲဆောက် နယ်စပ်က အမှိုက်ကောက် အသက်မွေးရတဲ့ ကလေးတွေ။ နောက် တရုတ် မြန်မာနယ်စပ်က ကြယ်ခေါင် တ၀ိုက်မှာ ဘိန်းလိုက်ရောင်းရင်း ကိုယ်တိုင် ဘိန်းစွဲနေတဲ့ လူမမယ်လေး တွေ။ အိန္ဒိယ မြန်မာ နယ်စပ်မှာတော့ မှောင်ခိုပစ္စည်းသယ်ရတဲ့ ကလေးတွေ။ ဒါ.. ကျမ ကလေးတွေအကြောင်း ချည်းပဲ ပြောနေတာပါ။ လူကြီးတွေရဲ့ ဘ၀တွေ မပါသေးပါဘူး။

(တရုတ်မြန်မာနယ်စပ်က ဗမာတွေ)

အဲဒီမြင်ကွင်းတွေဟာ နယ်စပ်ဒုက္ခသည်တွေနဲ့သာ သက်ဆိုင်တဲ့ ဘ၀တွေပေါ့။ နယ်စပ်မှာသာ မြင်နိုင်တဲ့ မြင်ကွင်းတွေပေါ့။ ခုတော့ ကျမတို့ မဟာရန်ကုန်မှာလည်း အဲလို မြင်ကွင်းတွေ တွေ့နေရပါပြီ။

(ရန်ကုန်မှာ အဲဒီအရွယ်လေးတွေ ငါးရောင်းနေရပြီ)
(ဓါတ်ပုံ-ကေအိုအမ်ဝိုင်အို)

(ဗမာပြည်မှာ ကလေး အလုပ်သမား မရှိပါ.. :( ... )
(ဓါတ်ပုံ-ကေအိုအမ်ဝိုင်အို)

(မဟာရန်ကုန်မြို့ရဲ့ လမ်းမကြီးပေါ်မှာပါ)
(ဓါတ်ပုံ- ကေအိုအမ်ဝိုင်အို)

(ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်က အိမ်တအိမ်ပါ)

အင်းးး ကျမက ရန်ကုန်ထောင်လို့ ရေးခဲ့တာ.. ခုတော့ ရန်ကုန်ဒုက္ခသည်စခန်းလို့ပါ ထပ်ပြောရပါပြီ။ ဒါတွေကိုရော ဘယ်သူငြင်းဦးမလဲ…။ ပြီးတော့ ဘယ်သူတွေက ဘယ်လို ကယ်တင်ကြမှာလဲ။ ဒါတွေက တကယ်တော့ “စိန်စီသောည”အခွေ မှာ အကုန်ပါပြီးသား ထင်ထင်ရှားရှားပါ။ ဒါပေမဲ့ ခု ကျမ မောင်လေး ပို့လိုက်တဲ့ ပူပူနွေးနွေးပုံတွေကို တွေ့တော့လည်း ကျမရဲ့ ဘလော့ ပရိသတ်တွေကို မျှဝေချင်တာနဲ့ တချို့ကို ရွေးပြီး တင်ပေးလိုက်ပါတယ်။

မေငြိမ်း

4 comments:

Hteink Min said...

ဒုက္ခသည်စခန်းဆိုတာ နယ်စပ်တင်မဟုတ်တော့ပါဘူး။ တနိုင်ငံလုံး ဒုက္ခသည်တွေဖြစ်ကုန်ပါပြီ။ နိုင်ငံတော် အာဏာလုထားတဲ့လူတွေကလွဲရင် နိုင်ငံသားတွေအားလုံး ဒုက္ခသည်တွေကြီးပဲ။

နှင်းမိုးဝေ said...

တီချာ ..
ကိုမင်းမင်းပြောသလိုဘဲ တစ်နိုင်ငံလုံး ဒုက္ခသည်တွေပါဘဲ .. ခုဆို ပိုတောင်ဆိုးနေပါသေးတယ် ..
နယ်စပ် မပြောသေးခင် .. ရန်ကုန် မြို့ထဲတင် သိပ်သိသာပါတယ် .. စီးပွားရေးတွေ ကောင်းလာ သလား . ဆိုးလာသလား ဆိုတာ ကြည့်တာနဲ့သိပါတယ်။ လမ်းဘေးဈေးသည်ဆိုတာ .. ဟိုအရင်တုန်းက တကယ့်ကို မရှိတဲ့လူတွေလောက်သာ လုပ်စားကြတာပါ။ မြို့လယ်တိုက်ခန်းမှာ နေတဲ့သူတွေဆိုတာ .. လမ်းဘေးမှာ ထွက်ရောင်းဖို့ဆိုတာ ခေါင်းထဲတောင် ထည့်ကြတာ မဟုတ်ဘူး တီချာ။ ခုတော့ .. လမ်းဘေးတွေမှာ ဈေးသည်တွေ ဖောင်းပွလာတယ် ။ ပိုက်ဆံဆိုတာလဲ ဖောင်းပွလာတယ်။ ဟိုတုန်းက ငွေတစ်ထောင်ဆိုတာ .. မိသားစုအတွက် လုံလောက်ပေမယ့် ခုခေတ် ငွေတစ်ထောင်က တော်ရိလျှော်ရိ ထမင်းတစ်နပ်တောင် အနိုင်နိုင်ရယ်ပါ။ လမ်းဘေးကိုရောက်နေတဲ့ ကလေးတွေလဲ တနေ့တခြား များလာသာ မြင်ရတယ်အခါ . စိတ် မသက်သာဘူး တီချာရယ် .

တန်ခူး said...

'မ'ရေ...ငိုနေမိတယ်...။

Anonymous said...

အမရေ .. အင်း စိတ်မကောင်းစရာတွေပဲ ။