Jul 4, 2008

မွေးနေ့မှာ မရေးဖြစ်ခဲ့တဲ့ နောက်ကျ သတိတရစာ


ပြီးခဲ့တဲ့ အန်တီစုရဲ့ ၆၃နှစ်ပြည့်မွေးနေ့မှာ ကျမက အလွယ်တကူ ဘလော့မရေးနိုင်တဲ့ ခရီးတခုမှာ ရောက်နေခဲ့ပါတယ်။ အဲဒီနေ့က ကျမ သီချင်းတပုဒ်ကို အမှတ်တရ ညည်းမိပါတယ်။ အဲဒီသီချင်းကတော့ ကျမအဖေ မကြာခဏ ညည်းတတ်တဲ့ Beatles ရဲ့ When I'm 64 သီချင်းပါ။ အဖေနဲ့ကျမက အသက် ၂၀ပဲ ကွာပြီး မောင်နှမတွေလိုဖြစ်နေတာမို့ အဲဒီသီချင်းကို အဖေဆိုတဲ့အခါ အဖေက သူစိတ်ကူးသမျှကို ပြောပြတတ်ပါတယ်။ အဲဒီအခါ ကျမက အဖေပြောသမျှ နားထောင်ပြီး ကိုယ်တိုင် အဲဒီသီချင်းလေးကို စိတ်ကူးတတ် လာပါတယ်..။ ကျမရော.. အသက်၆၄နှစ်ရောက်ရင်.. တနေ့တနေ့ ဘာတွေလုပ်မလဲ... ပြီးတော့ ဘာတွေဖြစ်နေမလဲ..။ ဒါပေမဲ့ ကျမအဖေကတော့ အသက် ၅၆နှစ်ထိပဲ သူ့ဘ၀ထဲမှာ နေခွင့်ရခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဖေနဲ့ အန်တီစုက တနှစ်ထဲမှာမွေးတာပါ။ အဖေက ၁၉၄၅ ဖေဖော်ဝါရီလ.. အန်တီစုက ဇွန်..။ အန်တီစုနဲ့ ကျမအဖေက သဘောထားတွေ အများကြီး တူပါတယ်။ တော်ရုံလူကို အထင်မကြီးတတ် မလေးစားတတ်တဲ့အဖေက အန်တီစုကိုတော့ အင်မတန် လေးစားပါတယ်။ ဒါကြောင့်ကျမက အဖေ့အကြောင်း စဉ်းစားရင် အန်တီစုကို ပူးတွဲသတိရမိသလို အန်တီစုအကြောင်း တွေးမိရင်လည်း အဖေ့ကို သတိရမိတာပါပဲ..။

ဒီတော့ ခု အန်တီစု ၆၃နှစ်ပြည့်ပြီဆိုတဲ့အခါကျတော့ ကျမအဖေသာရှိရင် ညည်းနေမှာဖြစ်တဲ့ ဒီသီချင်းလေးကိုပဲ အန်တီစုအတွက်သာဆိုရင်လို့ သတိရနေမိပါတယ်။ သေချာတာကတော့ ဂီတကို ချစ်တတ် ခံစားတတ်တဲ့ အန်တီစုဟာ ဒီသီချင်းလေးကို ညည်းခဲ့ဖူးမှာပါပဲ။

++++++


၆၄နှစ်ဆိုတာ...။
အလုပ်ခွင်ကနေ အနားယူတော့မယ့်အရွယ်ပေါ့နော်..။ အဲဒီအရွယ်ဆို အိမ်ထောင်ရှိသူတွေအဖို့တော့ သားသမီး တွေ.. မြေးတွေနဲ့ပေါ့..။ အနီးအပါးမှာ လက်တွဲဖော်တယောက် ရှိနေသေးမယ်ဆိုရင်တော့ တော်တော် ပြည့်စုံမယ့်ဘ၀ ဖြစ်လိမ့်မယ်။ အဲဒီအခါ ဘ၀ဖော်နှစ်ယောက် အတူတူ ဘာတွေ လုပ်ဖြစ်ကြမလဲ..။

When I get older losing my hair many years from now Will you still be sending me a valentine, Birthday greetings, bottle of wine? If I'd been out til quarter to three would you lock the door? Will you still need me, will you still feed me, when I'm sixty-four?

အန်တီရေ...
အန်တီရော ဆံပင်တွေ ကျွတ်နေပြီလား..။ အန်တီက ကျန်းမာရေးဂရုစိုက်ပြီး တရားလည်း မှန်မှန် ထိုင်တာဆိုတော့ အဲလောက်ကြီးဆံပင်တွေ ကျွတ်ချင်မှကျွတ်မှာနော်..။ အန်တီ့အတွက် မွေးနေ့ဆုတောင်း ပေးမယ့် အန်ကယ်လ် Dr. Micheal Aris မရှိတော့ပေမဲ့ အန်တီ့ရဲ့ သားကလေးနှစ်ယောက်အပါအ၀င် တကမ္ဘာလုံးက အန်တီ့မိတ်ဆွေတွေ.. လုပ်ဖော် ကိုင်ဖက် တွေ.. သားသမီးတွေကတော့ အန်တီ့အတွက် မွေးနေ့ဆုတောင်းကို လှိုက်လှိုက်လှဲလှဲ တောင်းပေးနေကြပါတယ်..။ အန်ကယ်လ်သာ ရှိနေသေးရင်.. ပြီးတော့ ခုလို နှစ်ရှည် အကျဉ်းခံဘ၀မှာ မဟုတ်ခဲ့ရင်... အန်တီ့ရဲ့ ၆၄နှစ်မှာ...။

+++++

မနက်ခင်းတွေမှာ..
အန်တီက မီးဖိုချောင်ထဲ မနက်စာအတွက် အလုပ်ရှုပ်နေမှာပေါ့။ သားတွေ ချွေးမတွေ မြေးတွေ စားဖို့..။ နေ့လယ်မှာတော့ အလုပ်သွားတဲ့သူ ကျောင်းသွားတဲ့သူတွေသွားကြတော့ အန်တီ စာဖတ်ဖို့.. ဒါမှမဟုတ် စန္ဒယားတီးဖို့.. ဒါမှမဟုတ် စာရေးဖို့.. ဒါမှမဟုတ် သိုးမွှေးထိုးဖို့ .. ဒါမှမဟုတ် မိတ်ဆွေတွေနဲ့ စကားစမြည်ပြောဖို့..။ ပြီးရင်တော့ ညနေမစောင်းခင် အိမ်ပြန်ရောက်လာမယ့် သားတွေ မြေးတွေကို တံခါးဖွင့်ပေးဖို့ စောင့်ရဦးမှာပဲပေါ့။

+++++


Oh, you'll be older too - Ah And if you say the word, I could stay with you

အန်တီ့မှာတော့ မေးရမယ့်သူ မရှိတော့ပြီ။ အန်တီ ဘယ်သူ နဲ့အတူ ရှိချင်မလဲ..။ ကျမကတော့ အတ္တကြီးတဲ့သူပီပီ.. Dr. Micheal Aris အကြောင်းစဉ်းစားမိရင် စိတ်ထဲ ထိခိုက်တုန်း.. ။ ကျမစိတ်ထဲ အဖေနဲ့အမေအပါအ၀င် ဇနီးမောင်နှံတွေကို အသက်ကြီးပိုင်းထိ တယောက်နဲ့ တယောက် အဖော်ပြုရင်း သားသမီး မြေးမြစ်တွေနဲ့ အတူတူ နေသွားကြရစေချင်တယ်..။ အဲဒီအခါ အန်တီ့ကိုယ်စား ၀မ်းနည်း ကြေကွဲနေမိပါတယ်။

+++++



I could be handy mending a fuse when your lights have gone
You can knit a sweater by the fireside,
Sunday mornings, go for a ride
Doing the garden, digging the weeds, who could ask for more?
Will you still need me, will you still feed me, when I'm sixty-four?

အန်တီ ၆၄နှစ်မှာ.....

အဲဒီအိမ်အိုကြီးထဲမှာပဲ ပိတ်ခံနေရဦးမှာလား... မပြောနိုင်ပါ။
ဥပဒေမရှိတဲ့ အာဏာရှင်တိုင်းပြည်မှာက ဘာတခုမှ မရေရာ မသေချာ..။
အဲဒီအိမ်မှာ နှစ်များစွာ ပိတ်လှောင်ခံထားရတဲ့ သံမဏိသူရဲကောင်း အမျိုးသမီးကြီးတယောက် ရှိနေတာ။ အိမ်ခေါင်မိုးက မိုးမလုံတော့။ အိမ်ထောင်ပရိဘောဂတွေ ဟောင်းနွမ်းဆွေးမြေ့..။

ဒါဟာ တန်ဖိုးရှိတဲ့ ဂုဏ်သိက္ခာရဲ့ ပြယုဂ်တမျိုးလည်း ဖြစ်တယ်။


အန်တီ့အတွက်ကတော့ မီးမှန်မှန်မလာနိုင်တဲ့ တိုင်းပြည်မှာ ကိုယ့်အိမ်က မီးတွေ မလင်းလည်း မထူးတော့။ သူ့ဘ၀က မီးမလာနိုင်တဲ့ ပြည်သူတွေနဲ့ တသားတည်းကျ။ အဲသလိုပဲ မီးလင်းဖိုနားထိုင်ပြီး စိတ်အေးလက်အေး ဆွယ်တာထိုးနေနိုင်ဖို့လည်းမလွယ်..။ သူ့စိတ်ထဲ ပြည်သူလူထုရဲ့ ပူပန်သောကက ဖိစီး... ဘယ်လိုများ အေးအေးနေနိုင်မှာတဲ့လဲ..။

ဒါပေမဲ့... ပန်းချစ်တဲ့ အန်တီက အဲဒီ ခြံကျယ်ကြီးထဲ ပန်းပင်လေးတွေတော့ ရေလောင်း ပေါင်းသင် စိုက်ပေ လိမ့်မယ်။ ပန်းပင်လေးတွေ ပျိုးထောင်ရင်းနဲ့ သူ့တိုင်းပြည်ကို ဘယ်လို ပျိုးထောင်ရပါ့လို့ တွေးနေ ပေလိမ့်မယ်။

Will you still need me, will you still feed me, when I'm sixty-four?

နောက်ထပ်သေချာတာကတော့ အဲဒီ ၆၄နှစ်အရွယ်မှာလည်း ကျမတို့ တိုင်းပြည်ကတော့ အန်တီ့ကို လိုအပ်နေဦးမှာ ဆိုတာပါပဲ။

+++++


Every summer we could rent a cottage in the Isle of White, If it's not too dear We shall skimp and save, grandchildren on your knees, Vera, Chuck, and Dave

ချစ်တဲ့ခင်ပွန်းရှိစဉ်တုန်းက နွေရာသီဆို အန်တီတို့ မိသားစု ဘယ်ကို သွားလေ့ရှိလဲဟင်..။ အဲဒီသီချင်းထဲကလို ကျွန်းကလေးတကျွန်းပေါ် သွားဖို့ အချိန်ပေးခဲ့ဖူးရဲ့လား..။ ဒါမှမဟုတ်.. မေမေကြီး ဒေါ်ခင်ကြည်ဆီ အချိန်လုပြီး လာကြရတာမဟုတ်လားနော်။

တကယ်တော့ အန်တီ့ ၆၄နှစ်မှာလည်း မြန်မာပြည်က မခွာနိုင်တဲ့ သူတို့အမေ သူတို့အဖွားကို တွေ့ဖို့ သားတွေ မြေးတွေက လာကြရမှာပေါ့နော်..။ ခုဆို Kim လေးကတောင် အန်တီ့အတွက် မြေးကလေးနှစ်ယောက် မွေးထားပြီ။ အဲဒီမြေးလေးတွေ သူတို့အဖွားပေါင်ပေါ်မှာ ဘယ်တော့ ထိုင်ခွင့်ရမှာလဲ..။

+++++

Send me a postcard, drop me a line stating point of view
Indicate precisely what you mean to say,
Yours sincerely, wasting away
Give me an answer, fill in a form, mine forever more
Will you still need me, will you still feed me, when I'm sixty-four?

အဲဒီအသက် ၆၄နှစ်မှာ... အန်တီ့ဆီ ပို့စ်ကဒ်တွေ.. ပန်းစည်းတွေသာ ပို့ခွင့်ရပြီဆိုရင်.. တက္ကသိုလ်ရိပ်သာလမ်းက ခြံနံပါတ် ၅၄ရှေ့မှာ ပန်းတောင်ကုန်း နဲ့ စာတိုက်တခု ဖြစ်သွားလိမ့်မယ်။ အားလုံးဟာ အန်တီ့အတွက် ရိုးသားဖြူစင်လှတဲ့ ချစ်ခြင်းမေတ္တာသက်သက်နဲ့သာ..။
အန်တီ့ကို အမြဲ လိုလားနေကြတဲ့ အကြောင်း လွမ်းချင်းတွေပေါ့။

+++++

၂၀၀၈ ဇွန်၁၉ အမှတ်တရ။

6 comments:

Unknown said...

ဆရာမ အရမ်းကျေးဇူးတင်ပါတယ်ရှင်။

Unknown said...

Thank you very much for your sharing the article. Have a nice time Sayama May Nyane. ကျမကို ခွန်အားတွေအများကြီးပေးပြီး သင်ယူစရာတွေ ပေးတဲ့ သတိရစာအတွက် ကျေးဇူးတင်ပါတယ်ရှင်။

octoberzsnow11 said...

aunty, i cry for this post ..

Anonymous said...

သူ
တိကျသေသပ်တဲ့နှုတ်ခမ်းတစ်စုံနဲ့
အမျိုးသားဝတ်စုံ မချွတ်ဝတ်ဆင်လျက်
ငယ်ရွယ်ပျိုမျစ်မှုတွေနဲ့
အားလုံးကိုစွန့်လွှတ်ခဲ့
လွတ်လပ်ခြင်းဆိုတာရဖို့
သူကိုယ်တိုင်က လွတ်လပ်မှုကို အဆုံးရှုံးခံ
ပြည်သူတွေရဲ့ ရှေ့
ရင်ကိုကော့ ခေါင်းကိုမော့
တောက်ပတဲ့မျက်ဝန်းအစုံနဲ့
အိုသူ....သူ
ကျနော်တို့ နှလုံးသားထဲမှာ
အစဉ်အမြဲသူ.....

အန်တီရေ ဒီဓာတ်ပုံကိုကြည့်လိုက်သူ အိုပါပကောလို့
ဒါပေမယ့် ကျနော်တို့ရင်ဘတ်ထဲမှာ သူအမြဲနုပျို လန်းဆန်းလျက်ပါ.................

said...

သူကလဲ မွေးနေ့ဆိုအမြဲကိုနောက်ကျ တတ်တာပဲ။
စံပဲ... စံပဲ....။
နောက်လေးလလောက်ဆို သားလဲ ၁၇ နှစ်နှစ်ပြည့်တော့ မယ် အန်တီ ကြိုပြောထားတာ ။

ငြိမ်းဇေဦး

Hteink Min said...

တီရေ ရေးတတ်လိုက်တာဗျာ .. .တီလုပ်မှပဲ ကျွန်တော် ဘာမှ မရေးခဲ့နိုင်မိလို့ .. စိတ်မကောင်းဖြစ်မိတယ်. ဒါပေမဲ့ ဒေါ်စုအတွက် တော့ တီ့သား လုပ်နေတယ်.. ဘာလုပ်နေတယ်ဆိုတာတော့ ပြောသေးဘူး.. တီကြိုသိနေမလားပဲ.. အန်တီစု လွတ်မြောက်ဖို့ပါပဲ.. လုပ်ငန်းကတော့.. အဓိကက ဒါပဲလေ.. အန်တီ လွတ်မြောက်ဖို့ပါ..