Jul 14, 2008

ဂျစ်ကလေးဖို့ ရေးဖြစ်တဲ့ စာ


အဂျစ်ကလေးလို့ ကျမက သူ့ကိုခေါ်တတ်တယ်။ ကျမက သူ့ဘလော့ ၀င် ၀င် ဖတ်.. သူတင်ထားတဲ့ သီချင်းတွေက ကျမနဲ့ အကြိုက်ချင်း တူ..။ နောက် လူချင်းတွေ့တော့ "ဒီကလေးမလေး နိုင်ငံခြားမှာကြီးပြီး အမတို့ခေတ် သီချင်းကြီးတွေတော့လည်း သိသားပဲ.." လို့ ကျမပြောတော့ ရယ်ပြီး "အမကလည်း ဂျစ်က သီချင်းကြိုက်တာပဲဟာ.. သိတာပေါ့"တဲ့။ တကယ်ပဲ ငယ်ငယ်ကလေးထဲက ရေခြားမြေခြားမှာ ကြီးရပေမဲ့ မြန်မာစာ မြန်မာစကားမှာ ကြိုးစားထိန်းသိမ်းနေတဲ့သူ..။

နောက်တော့ သူနဲ့ ကျမက အကြိုက်တွေ တော်တော်တူ.. ဈေးဝယ်လို့ကောင်း.. လျှောက်လည်လို့ ကောင်း။ အချစ်အကြောင်း ဘ၀အကြောင်းတွေ ပြောလို့ ကောင်းပေါ့။ ပြီးတော့ ပညာရေးပိုင်း စိတ်ဝင်စားတာ သူနဲ့ ကျမ လိုင်းတူ။ သူက အများကြီးငယ်ပေမဲ့ ပညာရေးနဲ့ပတ်သက်ရင် ကျမက သူ့ဆီက ရတာတွေအများကြီး..။ ပြီးတော့ သူ ဘယ်လောက်အလုပ်များလည်း ကျမ သိပါတယ်..။ ဒါပေမဲ့ ကျမ တခုခုလှမ်းမေးရင် အမြဲ သေသေချာချာ ဖြေပေးတတ်တဲ့ ညီမလေး။ မွေးချင်းထဲ အမတွေမရှိပေမဲ့.. တစ်ဦးတည်းသော သမီးပေမဲ့ အမတွေကို ဘယ်လိုချစ်ရမယ်လို့ နားလည်တဲ့.. တကိုယ်ကောင်းမဆန်တဲ့ ညီမလေး..။ သူ့ကို အမြဲ ပျော်နေရစေချင်တာ..။ ဂျစ်ကလေးက ပြုံးရင် မျက်လုံးကပါ ပြုံးတာလို့ ကျမပြောတော့ အမက ကြံဖန် ပြောတတ်တယ်.. ဆိုပီး ရှက်တက်တက်နဲ့ ရယ်တတ်တယ်။ အိမ်မှာ ကျမရဲ့ မျောက်သုံးကောင်နဲ့ လုံးထွေး.. ။ ခဏလေးအတွင်း ကျမရဲ့ မျောက်လေးတွေက မမ.. မမ နဲ့ သူ့ကို ချစ်သွားတာ။ ပြီးတော့ ဒီဘက်က ရွှေ့ပြောင်းကလေးတွေရဲ့ ပညာရေးအတွက် စိတ်ပူပြီး နိုင်သလောက်ကူတဲ့ ညီမလေး။ ကိုယ့်ခံစားချက်ထက် သူများခံစားရမှာကို တွေးပူတတ်တဲ့ညီမလေး..။ အဲဒီလို စိတ်ဖြူတဲ့ ညီမလေး.. ချစ်စရာကောင်းတဲ့ ညီမလေး..။ ခု သူကလေးတောင် ဘ၀ရဲ့ အထင်ကရ မှတ်တိုင်တတိုင်လို့ပြောနိုင်တဲ့ သုံးဂဏန်းနဲ့ မျက်နှာချင်းဆိုင်ပြီ။

ဘာပဲဖြစ်ဖြစ်.. ကျမတို့ရဲ့ ညီမထွေးကလေး ရှေ့ဘ၀ခရီးတလျှောက် လိုရာဆန္ဒပြည့်ဝပြီး စိတ်ချမ်းသာ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေ..။ သုံးဂဏန်းမှသည်.. များစွာ.. များစွာတိုင်............................

ချစ်တဲ့ အမကြီးးး

1 comment:

Anonymous said...

အမရေ .. မနက်ထထချင်း အိပ်ရေးမ၀လို့ ခေါင်းကိုက်နေတာတွေတောင် ပြေသွားပြီ ။ အမ ပို့စ်လေးဖတ်ပြီး ပျော်နေတား)

အမအရင်းလို ခင်ရတဲ့ အမတွေ ပိုင်ဆိုင်လိုက်ရတဲ့ ကံကြမ္မာကိုလည်း အမြဲ ကျေးဇူးတင်နေမိ ။ အမတို့အိမ် နေခဲ့ရချိန်တွေ ဘယ်တော့မှ မေ့မှာမဟုတ် ။

ဂျစ်မွေးနေ့မှာ အမအတွက်လည်း အားလုံး အစစအရာရာ အဆင်ပြေ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော် ။