Aug 21, 2008

မြေနဲ့အတူ(ဇာတ်သိမ်း)


နောက်ပိုင်းရက်မှာတော့ ဘ၀ထဲ အကျဉ်းကျရသူက ကျမတယောက်တည်းမဟုတ်တော့ဘဲ မောင်ပါ ပါလာခဲ့ပြီ။ မောင်က ကျမနံဘေးမှာ စက်ရုပ်တရုပ်လို။ ကျမကိုလည်း သိပ်မျက်နှာချင်းမဆိုင်ဘဲ နေ၏။ ကျမက အထီးကျန်ခြင်းနှင့်အတူ သင်းကွဲခြင်းကိုပါ ခံစားလာရသည့်အခါမှာတော့ ဒီအခြေအနေထဲ ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဟု ထင်လာသည်။ နေ့ရက်တို့က တနေ့ထက်တနေ့ ချောက်ချား တိတ်ဆိတ် လာဆဲ.........။ တနေ့မှာတော့ နေ့လယ်ခင်း မောင်ထမင်းပြန်မစားသည့်အကြောင်းအရာက ကျမကို ဒေါသဖြစ် စေခဲ့လေသည်။

နေ့ခင်းနေပူပူထဲ ကျမလယ်ထဲလိုက်လာမည်ကိုတော့ မောင်က စိတ်ပူလေသည်။ အိမ်နှင့် တမိုင် ခရီးလောက် ဝေးသော လယ်ကွင်းဆီရောက်ဖို့ လမ်းလျှောက်လာရသည့်အတွက် သည်တကြိမ်မှာတော့ ကျမက စိတ်ဇောနှင့် မမောမိပေ။ လယ်ထဲရောက်တော့ မောင်နှင့်အလုပ်သမားတွေ လယ်ထွန်စက်နားမှာ အလုပ်ရှုပ် နေကြ၏။ တဲမှာတော့ ပွက်ပွက်ဆူနေသော ထမင်းအိုး။ နံဘေးမှာ ငါးပိထောင်းလက်စ ငရုတ်ဆုံတလုံး။ သခွားသီးတွေ၊ ငရုတ်သီးစိမ်းတောင့်တွေနှင့်။ ခဏကြာမှ မောင့်အလုပ်သမားတယောက်က ထမင်းအိုး လာကြည့်ရင်း ကျမကို တွေ့သွားသည်။ သူက လှမ်းခေါ်မှ မောင်က ကျမဆီရောက်လာသည်။ ကျမကတော့ မောင့်ကို တုန်တုန်လှုပ်လှုပ် ငေးကြည့်နေမိသည်။

ဖျင်အင်္ကျီလက်ရှည်နှင့် ဂျင်းဘောင်းဘီနှင့် ခမောက်နှင့် မောင်က ချွေးတို့ ရွှဲနစ်လို့။ အဲဒါ ကျမ ယောက်ျားပေါ့လေ၊ အဲလိုဘ၀ထဲမှာ သူက ရိုးမြကျ နေသွားတော့မှာလား၊ ကျမရဲ့အချစ်က သူ့ကို မဖြားယောင်း နိုင်ဘူးတဲ့လား။ မောင်က ကျမကို နူးနူးညံ့ညံ့ ပြုံးပြ၏။ ဟိုးအရင်က မင်းသားတပါးလို ချစ်စရာကောင်းခဲ့သူ၊ ခုတော့ သူ့ရဲ့ရွေးချယ်မှုကြောင့် ဘာတန်ဖိုးမှ မရှိတော့သလို။

`မောင်ထမင်းပြန်မစားလို့´
မောင်က ကျမဘေးမှာ ခြေပစ်လက်ပစ် ထိုင်ချ လိုက်သည်။

`ဟုတ်တယ်... ထွန်စက်ပျက်လို့´

`ခု ပြန်စားမလား မောင်..... အိမ်မှာ အဆင်သင့်ပဲ´

မောင်က ကျမကို လှည့်ကြည့်ပြီး.....

`ခုပဲ စားလိုက်တယ်၊ ဗိုက်လည်း ဆာလာပြီ၊ စက်ကလည်း မရသေးတော့ ဒီမှာပဲ စားလိုက်တယ်၊ မောင် ဒီမှာ စားလိုက်တာနဲ့ ထမင်းတောင် ထပ် ချက်ရတာ´

သေချာတာကတော့..... အဲသည်အချိန်မှာ ကျမမောင့်ကို စကားတစုံတရာ မပြောချင်တော့ခြင်းပင်။

`မေက ဘာလို့လိုက်လာရသလဲကွာ၊ နေပူကြီးထဲမှာ´

ကျမ ဘာကိုမှ မတုံ့ပြန်ချင်တော့၊ ဒါဟာ မောင့်ရဲ့ကြင်နာခြင်းဟုလည်း ကျမ မတွေးချင်တော့ပြီ။

`ကဲ.... ကိုယ်ပြန်မယ်´

`လှည်းနဲ့ ပြန်ပါလားမေ.... မောင် တယောက်ယောက်ကို ပို့ခိုင်းမယ်လေ´

ကျမ မောင့်ကို ခေါင်းညိတ်ခေါင်းခါပင် မတုံ့ပြန်ချင်တော့ဘဲ လှည့်ထွက်လာမိသည်။ ကျမစိတ်ထဲ မောင့်ကို ဆုံးရှုံးလိုက်ရသလိုပင်။ မောင့်ဘ၀မှာ ကျမဟာ ဘာအတွက်မှ မလိုအပ်တော့။ ကန်သင်းရိုးတွေကို အဖြတ်မှာ မောင် ကျန်ခဲ့ရာဆီ လှည့်ကြည့်စဉ် မောင်က ကျမမျှော်လင့်သလို ကျမဆီ ကြည့်မနေဘဲ စပါးပင်တပင်ကို ငုံ့ကြည့်စစ်ဆေးနေသည်ကို တွေ့လိုက်သည့်အခါမှာတော့ ကျမ၏မျက်ရည်တို့က ကျလာ ခဲ့တော့သည်။ မောင်က ကျမကိုပင် နောက်ဆံ မတင်းတတ်တော့ပြီ။

တကယ်တော့ ကျမ မောင့်ဘ၀ထဲမှာ မပျော်တော့တာ`အချစ်´ ကြောင့်လည်း ပါပါတယ် မောင်ရယ်။ မောင့်ဆီမှာ ကျမအပေါ် အရိပ်ကြည့်အချစ်မှ မရှိတော့ဘဲ။ ဒါဖြင့် ကျမတို့ ဘာအတွက် ဆက် အသက်ရှင် နေကြတာလဲဟင်။ ကျမက မောင့်အတွက်...... ဒါမှမဟုတ် မောင်က ကျမအတွက်..... ဘယ်သူက ဘယ်သူ့ အတွက်မှ မဖြစ်တော့ဘူးဆိုရင် အဲဒီနှစ်ယောက်ဟာ.....။

အဲဒီညမှာပဲ ကျမတို့နှစ်ယောက်ရဲ့ ခြောက်အိပ်မက် စသည်။

..............

အဲသည်ညနေမှာတော့ မောင်က နေ့လယ်ခင်းက အရှိန်ကြောင့်ဖြစ်လိမ့်မည်။ အိမ်ပြန်စောခဲ့၏။ ပြီးတော့ ကျမနံဘေးကိုလာကာ စကားမရှိ စကားရှာ ပြောနေခဲ့သည်။

`မောင် အလုပ်နည်းနည်းပါးတဲ့အခါ မောင်တို့ဟန်းနီးမွန်းတုန်းကလို စက်စဲဘက်မှာ ရက်ကြာကြာ သွားနားရအောင်နော်..... မေ´

ဒါဟာ တို့နှစ်ယောက်ရဲ့ ရောဂါအတွက် ထိရောက်တဲ့ကုသနည်းလို့ မောင်က ထင်နေသလား။

မောင်က ကျမပခုံးစွန်းမှာ မေးတင်လိုက်၏။ ကျမ ရင်တောင် ခုန်ချင်လာသလို။ ဒါပေမဲ့ အရင်ကလို ပျော်ရမှာတဲ့လား။ ကျမစိတ်တို့ ပုံမှန် ငြိမ်သက်သွားပြန် သည်။

`ကိုယ်တို့ ဆွေးနွေးရမှာ အဲလောက် ပေါ့ပါးတဲ့ ကိစ္စတော့ မဟုတ်ဘူး မောင်´

ကျမပခုံးဆီမှာ မောင့်မေးဖျားကွာသွားသည်။ မောင်က ကြမ်းပြင်ဆီ ငေးစိုက်ရင်း အတန်ကြာ ငြိမ်သက် နေသေးသည်။

`မဟာရံတံတိုင်းထဲက `အယ်လီနာ´ကို မောင်သိပ်သဘောကျခဲ့တာ... မေ့ကိုလည်း `အယ်လီနာ့´လို မျှော်လင့်ခဲ့တယ်´

ဒါဟာ ဟိုးရည်းစားဘ၀ကတည်းက မောင် မကြာခဏ ပြောနေကျစကား။

`ဟုတ်တာပေါ့မောင်.... ဒါပေမဲ့ သူတို့ဆီက လယ်သမား၊ ယာသမားတွေရဲ့ ဘ၀ဟာ မြို့ပြလူတွေနဲ့ အဆင့်အတန်းမကွာဘူး။ မျက်ခြေမပြတ်ဘူးလေ´

`ဒါပဲပေါ့မေ.... မောင်တို့ရည်းစားဘ၀မှာ မောင် အကြောက်အကန် ပြောခဲ့တဲ့ တို့နှစ်ယောက်ကြားထဲက ကွာဟမှုဆိုတာ´

မောင်နှင့်ကျမတို့၏ စကားဝိုင်းက ရုတ်ချည်းပဲ ပုံစံပြောင်းကာ တင်းမာလာသည်။

`အဲဒီကွာဟမှုကို ဆက်စပ်ပေးဖို့ ဘယ်သူက ကြိုးစားခဲ့သလဲ၊ ပြီးတော့ ဘယ်သူက ပိုမှန်သလဲ မောင်´

နှစ်ယောက်ကြားမှာ အကြာကြီး တိတ်ဆိတ်သွားပြန်သည်။

`မေက ပိုမှန်တယ်ဆိုရင် မောင့်ရဲ့အမှားအတွက် မောင်တောင်းပန်ပါတယ်´ မောင့်အသံက ခြောက်ချားစရာ ကောင်းလှသည်။ ပြီးတော့ အဖြေတခုကလည်း တွဲပါနေသလိုပင်။

`ဒါဖြင့် တောင်းပန်တာထက်ပိုလို့ မောင့်ဘက်က....´

ကျမ စကားမဆက်နိုင်တော့လောက်အောင် ဆို့နစ်ဆဲ.... မောင်က ကျမ ဦးခေါင်းကို သူ့ရင်မှာ အပ်စေလျက် ဖက်ပွေ့လိုက်သည်။ ပြီးမှ...

`မေ့အတွက်က မြို့ပြက တကယ်လိုအပ်ပါတယ်။ မောင့်အတွက်ကျတော့ မြို့ပြကို မလိုအပ်သလို မောင့်ကိုလည်း အဲသည်မြို့ပြက မလိုအပ်ပါဘူး။ ဒါပေမဲ့ မေ၊ မောင့်လယ်မြေ အတွက်ကျတော့ မောင်မရှိလို့ မဖြစ်ဘူး။ ဟုတ်တယ်၊ ဒါဟာ မောင့်မြေပဲ၊ မောင်ပိုင်တယ်လို့ ခံစားရတဲ့မြေပဲ။ မောင့်ကို အားမာန်တွေ၊ ယုံကြည်မှုတွေ ပေးတဲ့မြေပဲ။ မြို့ပြက မပေးနိုင်တဲ့ လူ့တန်ဖိုးကို မောင် ဒီမြေမှာ ခံစားရတယ်။ လာမယ့် အနာဂတ်တချိန်မှာ မေမျှော်လင့်တဲ့ တိုးတက်တဲ့ဖွံ့ဖြိုးမှုမျိုး ရအောင် မောင် ဒီမြေပေါ်မှာပဲ ကြိုးစားမယ်။ ဒါပေမဲ့ မေလည်း မောင့်လိုပဲ ယုံကြည်ရမယ်လို့ မချုပ်နှောင်ပါဘူး။ မောင်ပြောပြခဲ့ဖူးသလိုပါပဲ။ မောင့်ဆီမှာ မပျော်တော့တဲ့အခါ မောင့်ကို အချိန်မရွေး ထားသွားခဲ့ပါလို့။ ဒါပေမဲ့ မောင်ပြောတာ တွေကိုတော့ စဉ်းစားပါ မေရယ်။ လူတယောက်ဟာ သူ့ဘ၀ကို သူယုံကြည် ရဲတဲ့နေရာမှာသာ နေချင်တယ်ဆိုတာ..... အထူးသဖြင့် ယောက်ျားတယောက် အနေနဲ့ပေါ့။ ဒီမြေကို မောင်မွေးကတည်းက သိလာရတာ၊ ဒီမြေဟာ မောင့်အပေါ် မပြောင်းလဲခဲ့ဘူး၊ မောင့်ဘ၀မှာ မောင်စိတ်ထက်တောင် ဒီမြေအကြောင်းကို ပိုသိခဲ့ရတာ.... ကျွမ်းဝင်ခဲ့ရတာ.... ပိုင်နိုင်ခဲ့ရတာ.... ဒါဟာ ယောက်ျားတယောက်ရဲ့ ရတောင့်ရခဲ ကိုယ်ပိုင်နယ်မြေ ပါ။ ဒါကို မောင်ဖက်တွယ်တဲ့ အတွက် မောင့်ကို မေကြိုက်သလို အပြစ်ပေးပါ´

မောင့်စကားသံက တိမ်ဝင်ပျောက်ကွယ်သွားသည်။ မောင့်ရင်ခွင်က မျက်နှာကို ခွာယူပြီး မောင့်ကို ကျမမော့ကြည့်တော့ မောင့်ပါးမှာ မျက်ရည်တွေ။ သို့ပေမဲ့ ကျမ မတုန်လှုပ်ချင်တော့။ မောင်ပေးသောဘ၀က ကျမကို ခါးသက်အေးစက်တတ်စေခဲ့ပြီ။ ကျမ မျက်လုံးထဲမှာ လယ်မြေတွေကို တစွဲတလမ်း ငေးမောနေတတ် သည့် ကျမ မကြာခဏ မြင်တွေ့နေကျ မောင့်ပုံရိပ်တွေကိုပဲ မြင်ယောင်ကာ ရင်ထဲမှာ တစတစ အေးခဲလာသည် ထင်၏။

`တကယ်တော့ ကိုယ်နဲ့မင်းဟာ အင်မတန် လွဲချော်နေတာပါပဲ။ တကယ်လို့ မနက် လယ်ထဲ မဆင်းခင် ကိုယ့်ပါးကိုနမ်းလို့ နေ့လယ်ခင်း ကိုယ်နဲ့အတူ ထမင်းလက်ဆုံ ပြန်စားလို့.... ညနေ အိမ်ပြန်ချိန် ကိုယ့်သနပ်ခါးနံ့ကို နမ်းမွှေးလို့ နေခဲ့ရင်တောင် ကိုယ် ဒီလောက် ချောက်ချားခဲ့မှာ မဟုတ်ဘူးမောင်။ တကယ်တော့ `အချစ်´မှာကိုက မင်းနဲ့ကိုယ်က လွဲနေခဲ့တာ။ ခုတော့လည်း မောင်က ကိုယ်တိုင်ရဲ့ စိတ်ချမ်းသာမှုကိုပဲ ရွေးချယ်ခဲ့တာပဲ´

အံ့သြစရာကောင်းသည်က ထိုညမှာ ကျမ မျက်ရည်မကျခဲ့ခြင်းပင် ဖြစ်သည်။

ဒီအဖြစ်အပျက်မှာ အပြစ်ရှိသူက ကျမဆိုရင်၊ ကျမရဲ့အပြစ်က မောင် ပေးတဲ့ဘ၀ထဲမှာ တသက်လုံး ပျော်ဖို့ မကြိုးစာခဲ့တဲ့ ပြောင်းလဲသွားခဲ့တဲ့ အပြစ်ပဲ။ ....ဆိုရင်.... မောင်ကျတော့......။

ကျမကိုယ်တိုင်က မောင့်ဘ၀ထဲ ဆင်းနေပေးခဲ့ဖူးလျက်နဲ့ မောင်ကျတော့ ကျမဘ၀ထဲကို လိုက်ကြည့် ဖို့တောင် မစဉ်းစားခဲ့တာ။ ကျမထက်ပိုလို့ မောင့်မြေ ကို ခင်တွယ်သာယာတာတွေက အပြစ်ပဲ။

ဘယ်သူက ပိုမှားသလဲကွယ်... ဒါမှမဟုတ်... ဘယ်သူက ပိုမှန်သလဲ။

တခုပဲ ကျမ မယုံနိုင်တာ။ ကျမတို့နှစ်ယောက်ကြားက ရှောင်ပြေးဖျက်ဆီးလို့တောင် မရခဲ့တဲ့ အချစ်တွေ.....။ ခုချိန်မှာ ဘယ်ရောက်သွားကြသလဲ ဆိုတာကိုပေါ့။

မောင်က `မင်းကို အမေ့အိမ်အရောက် မောင်ပို့ပေးပါရစေ´တဲ့။

လိုသေးလို့လားကွယ်...။ အရာအားလုံးဟာ မှုန်ဝါး သေဆုံးခဲ့ပြီပဲ။ မောင့်ကိုတောင် ခွဲထား ချန်ရစ်ခဲ့ရမှတော့..... ကျမဘ၀မှာ.. အပြန်ခရီးကို မောင်လိုက်ပို့ခြင်း မပို့ခြင်းကလည်း အရေးမပါတော့ပါဘူးကွယ်....

နေခဲ့ပါ မောင်ရယ်.........။

.....................

ကမ်းဦးထိပ်မှာ သူက ခိုင်ခိုင်မာမာရပ်လို့ ကျန်ခဲ့ပြီ။ ခပ်ဝါးဝါးသာ မြင်နေရသော်လည်း တောက်ပ နေသော သူ့မျက်လုံးတွေထဲက နာကျင်ကြေကွဲမှုကိုတော့ ကျမ ခံစားရပါသည်။

မောင် ဘာတွေ တွေးနေမလဲဟင်။ `မေ့ကိုလွမ်းနေတော့မှာ´လို့များ ပြောလိုက်ပါလားကွယ်......

သင်္ဘောဥသြမှုတ်တော့ ကျမရင်ခုန်သံတွေက ပိုလို့ ပြင်းထန်လာသည်။ ခုနေ အရင်ကလို မောင် တချက်လောက် နူးနူးညံ့ညံ့ ပြုံးပြလိုက်ရင်တောင် ကျမ ဆုံးဖြတ်ချက်ကို လျှော့မိမယ်ထင်ပါရဲ့ မောင်၊ ဒါမှမဟုတ် လက်ကလေး တချက် ပြကွယ်။ ကျမ မောင့်ဆီ ပြန်ပြေးလာခဲ့မယ်လေ။

အတွေးတွေထဲ ပေါက်ကွာ ဘလောင်ဆူဆဲ..... သင်္ဘောက ဗောတံတားမှ ခွာသည်။ မောင်က လက်နှစ်ဖက်ကို တင်းတင်းပိုက်ဆဲ..... တရွေ့ရွေ့... ဝေး....။ ကျမ ပျော်ခဲ့ဖူးရာ ကိုင်းခင်းတွေ သောင်ပြင်တွေ ကလည်း မှုန်ဝါး.....။

အဲဒီနေရာလေးမှာ... မောင့်စက်ဘီးနောက် ကယ်ရီယာခုံပေါ်ကနေ မောင့် ကျောပြင်ကို ခိုးနမ်းခဲ့တာ၊ ကျမတို့နှစ်ယောက် ဘယ်လောက်ချစ်ခဲ့ဖူးသလဲ....။

အဲဒီနေရာလေးမှာ... ကျမက မောင့်ခါးကိုဖက်လို့.... မောင်က ကျမပခုံးကို ဖက်လို့ ညမှောင်မှောင် မီးမရှိတဲ့ရွာလမ်းမမှာ တယောက်ကိုတယောက် လုံခြုံစေခဲ့ဖူးတာ။

အဲဒီနေရာလေးမှာ..... မောင်နဲ့ ကျမ စက်မှုလက်မှုလယ်ယာခေတ်နဲ့ ခေတ်မီတဲ့လယ်သမားတို့ရဲ့ မြို့ကလေးဆိုတာကို အိပ်မက် မက်ခဲ့ဖူးကြတာ။

အဲဒီနေရာလေးမှာ.....
အဲဒီနေရာလေးမှာ.....

ကြည့်ပါဦး....။ တခါမှ ရန်မဖြစ်ခဲ့၊ စိတ်တောင် မကောက်ခဲ့ဖူးခဲ့ကြတဲ့ ချစ်သူနှစ်ယောက်က လမ်းခွဲကြရ သတဲ့။

ကျမ နှုတ်ခမ်းကိုက်မိစဉ်မှာ တင်းထားခဲ့သမျှ မျက်ရည်တို့က ပါးပေါ်လိမ့် ဆင်းလာကြ၏။

တဖြည်းဖြည်း ဝေးကျန်ခဲ့သော မောင့်ထံမှာ ကျမ၏အချစ်တို့လည်း ကုန်ဆုံး ကျန်ရစ်ခဲ့ပြီထင်၏။

သင်္ဘော အဝေးကြီး ရောက်သည်အထိ ....။

အစက်အပြောက်မျှသာ တွေ့ရတော့သော မောင့်ခန္ဓာကိုယ်က အဲဒီ ကမ်းဦးထိပ်မှာ စွဲစွဲမြဲမြဲ ရပ်ဆဲ...... အဲဒီမြေနဲ့ သူ ခွဲမရတော့သလို...........။

နေခဲ့တော့ အချစ်ရေ....

ရှင့်ရဲ့ မြေကြီးတွေနဲ့ အတူ.........။


+++++

(ပြီးပါပြီ)

မြေနဲ့အတူ(အပိုင်း-၃)


.................

မောင့်အမေကတော့ သူမ၏ လှပသော မျက်ခုံးတို့ကို အတွန့်ချိုး၍......

`သေချာစဉ်းစားပါ သမီးရယ်..... ဘ၀ပုံစံချင်း၊ ပတ်ဝန်းကျင်ချင်း ကွာလွန်းလို့ တချိန်မှာ စိတ်ညစ်ကြရမှာ စိုးတယ်...´ဟု ပြောသည်။ ကျမကတော့ အတွေးတွေထဲမှာ.....။ ဆိတ်ငြိမ်သော မောင့်ရွာကလေးမှာ ကျမ ၀တ္ထုတွေ အများကြီးရေးဖို့၊ မောင်အားလပ်တဲ့အခါ ရန်ကုန်မှာ တလှည့်သွားနေကြ မှာပေါ့။

ပတ်ဝန်းကျင်ကျယ်ကျယ်မှာမှ ကိုယ့်အတွက် စာရေးစရာတွေ များများရမှာ မောင်ရဲ့ ... လို့ မောင့်ကို ပြောပြရမှာပေါ့။ ကုန်ကြမ်းတွေကို ပွေ့ပိုက်ပြီး ရွာကလေးရဲ့ ရင်ခွင်ကို ပြန်လာ စာရေးမှာပေါ့။

မောင်က `မင်းမပျော်တော့တဲ့အခါ မောင့်ကို အချိန်မရွေးထားခဲ့ပါ´တဲ့။ မောင် ထိုသို့အပြောမှာ ကျမ မောင့်နဖူးဆံစပ်မှ နုလွသော ဆံစလေးတွေကို လှမ်းနမ်းရင်း `မောင့်ကို ကိုယ် ဘယ်လောက် ချစ်သလဲ´ဟုပင် မောင့်ကို ပြန်မေးလိုက်သေးသည်။ `မောင့်ဘ၀ကိုလည်း ပြန်ချစ်နိုင်ပါစေ´ဟု မောင် ပြန်ပြောသည်အထိ ကျမ မောင့်ထံမှာ ယုံကြည်ဆဲ.... ကိုယ့်ကိုယ်ကို ယုံကြည်ဆဲ။

`မောင့်ဘ၀ထဲမှာ ကိုယ်ပျော်ပါတယ်´ဟု ကျမ ပြန်ပြောတော့ မောင်က `စိတ်ကူးယဉ်ဆန်တယ်ဆိုတာ တသက်လုံး စိတ်ကူးယဉ်ဆန်နိုင်ရင်တော့ အကောင်းဆုံးပဲကွယ်´တဲ့။ ကျမကတော့ ကျမကို စိတ်ကူးယဉ် ဆန်တယ် ပြောသော မောင့်ကို စိတ်တိုကာ `အချစ်ဆိုတာကိုက Romanticism ပဲ မောင်ရဲ့၊ စိတ်ကူးယဉ် မှာပေါ့၊ စိတ်ကူးယဉ် မဆန်ချင်ရင်တော့ နဂိုထဲက အချစ်ဆိုတာနဲ့ မပတ်သက်အောင် နေကြဖို့ပဲ´ဟု ရန်တွေ့သံဖြင့် ပြောမိခဲ့သေးသည်။

သိုပေမဲ့ တကယ်တန်းမှာတော့ ကျမရင်ဆိုင်ရသည့် လက်တွေ့ဘ၀က ကျမ ကိုးကွယ်ယုံကြည်ရာ Romanticism နှင့် အလှမ်းကွာနေခဲ့လေသည်။

.................

ကျမနှင့် မောင်၏ဝေးကွာရမှုကို မောင်ကတော့ ဟိုးအရင်ကတည်းက သူ ယူဆခဲ့သည့် အလွှာမတူမှု၊ လူနေမှုစရိုက်ကွာဟမှုတို့ကြောင့်ဟု ဆုံးဖြတ်သည်။ ကျမကတော့ မောင်ပေးသော အချစ်နှင့် ကျမရလိုသော အချစ် ဒါမှမဟုတ် ကျမ ပေးသော အချစ်နှင့် မောင်ရလာသော အချစ်တို့ ပုံသဏ္ဍာန်ချင်း ကွဲပြားမှုကြောင့်သာ မောင်နှင့် ကျမတို့ ကွဲကွာရသည်ဟု ယူဆသည်။ ဘယ်သူက မှန် သလဲ။ နှစ်ယောက်စလုံးလည်း မှန်နိုင်ပါသည်။ ထိုသို့ဆိုလျှင်တော့ ကျမကတော့ ကျမ ပိုမှန်သည်ဟုသာ ယုံကြည်သည်။ ဘာလို့ဆို ချစ်သူနှစ်ဦး၏ ဘ၀မှာ အချစ်ကသာ အခြေခံအကျဆုံးမဟုတ်လားလေ။

..................

မြို့တော်ကြီးမှာ ကားတ၀ီဝီနှင့် လူဆူညံ ဈေးစည်ကားတွေထဲ သွားလာကျင်လည်နေကျ ကျမက မောင်တို့ရွာကလေးထံမှာ စိတ်ညစ်မှာပဲဟု မောင်က ထင်ခဲ့သည်။ ကျမကတော့ အဲသည် မြို့ကြီးရှိရာဆီကို မကြာခဏ သွားနိုင်တာပဲ။ မလွမ်းလောက်ပါဘူးဟုပင် မောင့်ကို နှစ်သိမ့်ခဲ့သေးသည်။ `မောင်ရယ်... ကိုယ် က အနုပညာသမားပဲ၊ စိတ်အေးလက်အေးနဲ့ သဘာဝနဲ့ နီးနီးနေရတာကို သဘောကျမှာပါ´ဟုလည်း ပြောခဲ့သည်။ တကယ်တမ်း အဲဒီ့ သဘာဝလေးထဲမှာ ကျမ ပျော်နိုင်ခဲ့သားပင်။ တကယ်ဆို ကျမ မပျော်နိုင်ခဲ့တာက မောင်ထင်သလို ကျေးလက်ဘ၀မှာမဟုတ်ဘဲ မောင်နှင့် ကျမ၏ လက်တွေ့ဘ၀ အနာဂတ်ထဲမှာ ဆိုတာကိုလည်း နားလည်စေချင်ပါသည်။

မနက်မိုးလင်းလျှင် ကျမက မောင်စားဖို့ နံနက်စာကို ဂရုတစိုက် ပြင်ဆင်ပေးမည်။ မုန့်တီဖြစ်ဖြစ်၊ ထမင်းကြော် ဖြစ်ဖြစ်၊ ပဲပြုတ်နံပြား ဖြစ်ဖြစ်၊ ပေါင်မုန့်ကြော် ဖြစ်ဖြစ်၊ မောင်ကြိုက်သော အစားအစာများသာ ဖြစ်စေရမည်ပေါ့။ ကျမ၏ ဂရုစိုက်သော ချစ်ခြင်းကို မောင် အသိအမှတ်ပြုရမည်။ အဲသည် မင်္ဂလာနံနက်က ကျမနှင့်မောင့်ကို ဖမ်းစားရမည်။ ပြီးလျှင်တော့ မောင်က လယ်ထဲသွားပေါ့။ ကျမက နေ့လယ်စာအတွက် ချက်ပြုတ်ရင်း ကျန်ခဲ့။ နေ့လယ်ကိုတော့ မောင်က ထမင်းပြန်လာစားပေါ့။ တခါတရံ ကျမက လယ်ထဲ လိုက်ခဲ့မှာပေါ့။ အားလပ်တဲ့ နေ့လယ်ချိန်တွေမှာ အ၀တ်လျှော်.... တရေးအိပ်... စာရေးဖြင့် ကျမ၏ ကိုယ်ပိုင် အချိန်ကိုလည်း ရနိုင်မည်။ ညနေ မောင်ပြန်လာလျှင် ထမင်းစားပြီး ရွာရိုးတလျှောက် ဒါမှမဟုတ် မြစ်ကမ်းပါးဆီ လမ်းလျှောက်ကြမည်။ ထိုနေ့ တနေ့တာက ကျမတွေးကြည့်မိခဲ့ဖူးသော မောင်နှင့် ကျမ၏ အိမ်ထောင်ဘ၀ ဖြစ်သည်။

တကယ့်လက်တွေ့မှာကျတော့ဖြင့် မောင်က မိုးပင်မလင်းခင် လယ်ထဲ ဆင်းချင်နေပြီ။ နံနက်စာ ဆိုတာကိုလည်း မောင်က မမက်။ အလုပ်လုပ်ရင်း သိပ် ဆာလာမှ ငပိထောင်းနှင့် တို့စရာနှင့် ရေနွေးကြမ်းနှင့် ဖြစ်သလို စားရတာ ပိုမြိန် သတဲ့။ ထိုသို့ မောင့်အပြောမှာ ကျမ၏ လင်သားအပေါ် ဂရုတစိုက် ကျွေးမွေးချင် သမျှ ဆန္ဒတွေပင် ပေါ့ပျက်ပျက်ဖြစ်ရသည်ဟု ကျမ စွပ်စွဲချင်လှသည်။ နေ့လယ်နေ့ခင်း မှန်မှန် ထမင်းစား မပြန်တာလည်း ကျမ၏နှလုံးကို ထိခိုက်လှသည်။

`လယ်အလုပ်ဆိုတာ အချိန်သတ်မှတ်လို့မှ မရဘဲ မေရယ်၊ လယ်ထဲ ရောက်တာနဲ့ လည်ခံနေတာ ပျင်းချိန်တောင် မရဘူး´
ဟိုးကတည်းက မောင် ပြောပြခဲ့ဖူးတာ ခုသတိရတော့ နောင်တပင် ရချင်သည်။

လယ်ထဲကို ကျမလိုက်သွားလျှင်လည်း မောင်တို့လယ်တဲကလေးမှာ ငုတ်တုတ်ထိုင်ရင်း ပျင်းနေရုံမှအပ ဘာမှ မထူးခြားပေ။ မောင်က လယ်အလုပ်ကို ကျမနှင့် ဘယ်လိုမှ မပတ်သက်စေရပါ။ တခါတခါတော့ လယ်တဲကလေးမှာ ပျင်း ပျင်းနှင့် လဲလျောင်းရင်း ကျမပျင်းနေသည်ကို သိသားပင်။ ထိုအခါ ပုဇွန်လုံးတွေ နှိုက်လာပြီး သူကိုယ်တိုင် မီးမွှေးကာ ကင်ကျွေးခြင်းဖြင့် ဟိုတုန်းက ချစ်သူဘ၀ကို ပြန်လည်တသစေပြန်သည်။ တခါတလေကျတော့ မောင့်လက်ထဲမှာ မသေမရှင်ဖြင့် တွန့်လိမ်လျက်ပါလာသော လင်းမြွေတွေ တွေ့သည်။ မြွေကို ဂုတ်ဆက်နေရာမှ သန်မာစွာဖျစ်ရင်း မောင်လမ်းလျှောက်လာလျှင်တော့ ကျမက အဲဒီ သဘာဝ အရိုင်းဆန်သော လူတယောက်ကို ချစ်ရတာ ရင်ခုန်စရာပဲဟုတော့ ခံစားရသေးသည်။

`မေပျင်းရင် ဒီမြွေကို ဟင်းချက်ပေးလေကွာ... နော်´ဟု ပြောရင်း မောင် ကျွမ်းကျင်စွာ မြွေကို ဖျက်ပေးလျှင်တော့လည်း ကျမမှာ အသည်းတယားယားကြားကပင် မောင့်ကို တအံ့တသြ သဘောကျ ရသားပင်။ အဲဒီ လူငယ်လေးဟာ ခုလို အကြမ်းပတမ်းနိုင်လိမ့်မည်ဟု အရင်က ကျမ နည်းနည်းမှ မထင်ခဲ့ပေ။ မောင်က ကျမကို အမြဲ အံ့သြဆန်းကျယ်မှုကို ပေးလေသည်။ ကျမကလည်း အံ့သြဆန်းကျယ်မှုတွေထဲ ရင်ခုန် ချင်သူပေ။

သို့သော် ထိုရင်ခုန်မှုတွေထဲမှာ ကျမ ကြာကြာ နစ်မျောမနေနိုင်တော့လောက်အောင် မောင်က ကျမထက် ပို၍ သူ၏လယ်မြေတွေနှင့် အကျွမ်းတ၀င် နေလွန်းလာသည်အခါမှာတော့ ကျမနှင့် မောင်၏ တိုက်ပွဲတွေက စလာခဲ့တော့သည်။ ကျမက လယ်မြေအတွက် အဲလောက် အချိန်များများ မောင့်ကို ပေးထားရလိမ့်မည်ဟု နည်းနည်းမှ ထင်မထားဖူးခဲ့ချေ။ ခုတော့.......

တဖြည်းဖြည်းနှင့် မောင့်အသားအရည်တို့က ညိုမောင်းကာ မောင့်မျက်နှာရိပ်တွေက အေးစက်လာပြီး မောင့်မျက်နှာမှာ အရေးအကြောင်းတွေ များပြားလာသည်ဟု ထင် ထင်လာဆဲ တကယ်လည်း မောင်က လယ်မြေကြောင့် ပင်ပန်းနွမ်းနယ်နေခဲ့ပြီ။

မောင်က နေရာတကာ ကိုယ်တိုင်လုပ်ရမှ စိတ်တိုင်းကျလေသည်။ အဖေ့ကိုပင် စိတ်မချဘဲ အစစအရာရာ ကိုယ်တိုင်ပါ၏။ ကျမမှာတော့ မျိုးကျဲ (ပျိုးကျဲ)၊ ကောက်စိုက်ချိန်ကျော်လွန်လို့ ကောက်ပင်တွေ ခေါင်းထောင်လျှင်ဖြင့် မောင် နားလေမလား၊ အပင်တွေ ဒူးဆစ်လောက်ရောက်လျှင်များ မောင် နားလေမလား နှင့် တစောင့်စောင့်။

မောင်ကတော့ဖြင့် နေ့နေ့ ညည လယ်အတွက်သာ စိတ်ဝင်စားနေခဲ့လေသည်။ လယ်မြေ `တာ´ တွက်တာက အစ၊ စပါးပင်တွေ ပြင်တာ တမန်းနှိုးတာအဆုံး သူပါသည်။ ညညတိုင် မောင် အိပ်ပျော် နေသည့်အခါ မောင့် ပါးရိုးတွေကျနေတာ မျက်တွင်းတွေ ချောင်နေတာ မောင် ကိုယ်ရည်တွေ စစ်စစ် သွားတာတွေကို ကြည့်ကာ ကျမ ၀မ်းနည်းဆဲ၊ မောင်ကတော့ဖြင့် မောပန်းနွမ်းနယ်စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လို့။ အနားမှာ ကျမ ရှိနေတာကိုလည်း မောင် မသိတော့ပြီ။ ခုဆို ညညဦးတွေ မောင့်အိမ်ပြန်ချိန်ကို မျှော်ရင်း ကျမကြေကွဲ နေရတာကို မောင်မသိတာ ဘယ်လောက်ကြာခဲ့ပြီလဲ။ အလုပ်ပင်ပန်းလွန်းလို့ မောင် ထန်းရည်နံ့တသင်းသင်းနဲ့ အိမ်ပြန်လာတဲ့မောင့်ကို အပြစ်မတင်ရက်ဘဲ ကျိတ်ငိုရတာလည်း မောင် မသိတော့ ပြီ။ အလုပ်ထဲ စိတ်ပါဝင်စားလျက် ဇနီးမယားအပေါ် သွေးဆိုးတာမျိုးလည်း မရှိသော ယောက်ျားအပေါ် ကျမက ဘယ်လို အပြစ်မျိုး တင်ရမလဲ။

`နားပါဦးလားမောင်ရယ်၊ နေပူမိုးရွာထဲ ခုလောက် အသက်ငယ်ငယ်ထဲက အဲလောက် ပေခံရင် ကြီးလာတော့ ထိမှာ..... တော်ရုံ မလိုအပ်တာဆို အပင်ပန်း မခံပါနဲ့ကွယ်..... အလုပ်သမားတွေ ခိုင်းပေါ့´

မောင်က ကျမဆံပင်ကို ဖွဖွပွတ်သပ်ကာ....

`မောင်က ကျန်းမာရေး ကောင်းပါတယ်။ သိပ်လည်းမပင်ပန်းပါဘူး မေရဲ့`
ဟုတော့ နူးနူးညံ့ညံ့ ပြန်ပြောသားပင်။ သို့ပေမဲ့ ကျမရင်ထဲမှာတော့ မောင့်ကို ကျမ သိပ်မပိုင်ရတာကိုပဲ ခံစားလာရသည်။ မောင်ကတော့ တဖြည်းဖြည်းနှင့် အပြုံးအရယ်နည်းလာသည်နှင့်အမျှ စကားပါ နည်းလာ ခဲ့သည်။ တချိန်တည်းမှာ ကျမကတော့ မောင်နှင့်ဆန့်ကျင်စွာ စကားများလာခဲ့သည်။

`မောင်တို့ လယ်အလုပ်က ပင်ပန်းရသလောက် အကျိုးအမြတ်ကျတော့ သိပ်မခံစားရ သလိုပဲ´
ဟု ကျမပြောသောနေ့မှာ မောင်က ကျမစကားကို ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့လေသည်။

`အလုပ်တခုဟာ ဒီလောက်ပဲ အကျိုးအမြတ်ရတော့မှာပေါ့ မေရဲ့... ကိုယ်တို့ဆီမှာ ခု တဖြည်းဖြည်းနဲ့ လယ်ဧကတွေ တိုးလာတာ၊ စက်တွေ တိုးလာတာ။ စက်တွေ တိုးလာတာ၊ အလုပ်အကိုင်တွေ တိုးတက်လာတွေဟာ အကျိုးအမြတ်ပေါ့´

`ဒါပေမဲ့ ရုပ်ပိုင်းအရ ဆုတ်ယုတ်တာကျတော့ရော´

`ဒါကလည်း မေ ထင်လို့ပါကွာ.... မောင်တို့ ဘိုးစဉ်ဘောင်ဆက် လယ်လုပ်လာတာ ထူးပြီး အသက်တိုသွားတာ မရှိပါဘူးကွာ´

`ဒါဖြင့် မောင်တို့က ထမင်းစားဖို့၊ လယ်ဧကတွေ တိုးဖို့အတွက် သက်သက်ပဲ လယ်လုပ်နေ ကြတာပေါ့..... ဟုတ်လားမောင်´

မောင်က ကျမစကားကို နားမလည်သလို ကြည့်သည်။

`ကိုယ်ကတော့ အလုပ်တခုကို လုပ်ခြင်းကြောင့် ပိုက်ဆံရသလို... လူနေမှုစနစ်တွေ၊ စီးပွားရေးစနစ် တွေ မြင်ဖို့၊ အမြင်တွေကျယ်ဖို့အထိ လိုတယ် ထင်တာပဲ´

ထိုညနေမှာ ကံကောင်းထောက်မစွာ မောင် စောစောပြန်လာခဲ့သည်မို့ ကျမ မောင့်ကို စကားတွေ ပြောခွင့်ရတာ။ မောင်က ဆေးလိပ်တိုကို ဖိ၍ ရှိုက်ဖွာရင်း ကျမစကားကို မတုံ့ပြန်ပဲ နေ၏။ ကျမကတော့ ကျမ တမက်တမော နမ်းရှိုက်ခဲ့ဖူးသည့် မောင့်လက်ဖမိုးတွေကိုပဲ လွမ်းလွမ်းဆွတ်ဆွတ် ကြည့်ကာ ငိုချင်လာမိသည်။ တချိန်ကတော့ မောင်နှင့်ကျမ တကယ့်ကို ကြည်နူးစွာ ပျော်ခဲ့ကြရဖူးပါသည်။

`မောင်က ကိုယ့်လယ်ကိုလုပ်ပြီး ရိုးရိုးပဲ လယ်ပိုင်ရှင် သူဌေးဖြစ်... ကလေးတွေမွေး... အဲဒီ ကလေးတွေကလည်း မောင့်လိုပဲ ရိုးရိုးဘွဲ့တခုရ။ ပြီးရင် လယ်ထဲဆင်း၊ အဲဒီလိုပဲ မီးမရှိ၊ တယ်လီဖုန်းမရှိ ရွာကလေးမှာ ကြီးပြင်းကြ၊ သေကြ၊ ဒါပဲလားမောင်..... ဘ၀တွေဟာ ဒါလောက်နဲ့ ပြီးရောလား....´

မောင်က မျက်မှောင်ကျုံ့၏။

`ဒါဖြင့် လယ်သမားဘ၀ဟာ ဘာမှ မဟုတ်ဘူးပေါ့ ဟုတ်လားမေ.... ပြီးတော့ ပညာတတ် လယ်သမားတယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာကိုရော ဘယ်သူကမှ အသိအမှတ်မပြုဘူးတဲ့လား.... ဟုတ်လား´

မောင့်အသံက မကျေနပ်သံ အပြည့်ပါနေ၏။

`ကိုယ်ဆိုလိုတာက ပညာတတ်ဟာ လုပ်အားစိုက်ထုတ်စရာမလိုဘဲ ဦးနှောက်ပဲ သုံးရမယ်၊ ပညာတတ်တယောက်အတွက် ဘ၀မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ ဒါကိုပြောတာ´

`မောင့်အဖေရော အမေရော ဘွဲ့ရ ပညာတတ်၊ မောင့်ကိုလည်း ပညာ တတ်ဖြစ်အောင် လုပ်ပေးတယ်။ မောင်တို့ဟာ ပညာအရရော ကိုယ်ကျင့်တရားအရရော မြင့်မားတယ်။ တော်ပြီပေါ့ မေ... ကျန်တာ မလိုဘူး။ ဘ၀ဆိုတာကရော ဘယ်လောက်များ လိုအပ်လို့လဲ....´

`လိုတယ် မောင်.. `ဘ၀´ရယ်လို့ဖြစ်လာမှတော့ အပျော် လိုတယ်၊ အချစ် လိုတယ်၊ မျှော်လင့်ချက် လိုတယ်၊ အောင်မြင်မှု လိုတယ်´

`ခုလည်း မောင်ပျော်နေတာပဲ၊ ကိုယ့်ဘ၀ထဲမှာ အောင်မြင်နေတာပဲ၊ ပြီးတော့ မောင့်ဘ၀မှာ မျှော်လင့်စရာမှ မရှိဘဲမေ´

`ဒါပဲလား မောင်။ ကိုယ်တို့နှစ်ယောက်ရဲ့ ဘ၀ဆိုတာ..။ မောင်ပေးတဲ့ အဲဒီ ဘ၀မှာ ကျမ ပျော်တယ် မပျော်ဘူးဆိုတာကရော အရေးမပါတော့ဘူးတဲ့လား....´

မောင့်မျက်လုံးတွေက တဖျတ်ဖျတ် တောက်လာသည်။

`မောင့်ဘ၀ထဲမှာ မင်းမပျော်နိုင်ဘူးလို့ မောင်ပြောခဲ့သားပဲ မေ´

မောင့်အသံကတော့ဖြင့် မောင့်မျက်လုံးတွေနှင့်ဆန့်ကျင်စွာ ပျော့ပြောင်း တိုးညှင်းနေခဲ့သည်။ သို့ပေမဲ့ ထို လေသံအေးအေးက ကျမကိုတော့ ခါးသက်စေလေသည်။

'ကိုယ်မျှော်လင့်ခဲ့တာ မိန်းမကို အိမ်မှာ ချောင်ထိုးထားပြီး အပြင်မှာ အချိန်ကုန်တဲ့၊ ကိုယ့်ဘာသာ ပျော်သလိုနေတဲ့ သာမန်လယ်သမားတယောက်ရဲ့ ဇနီးမယားဘ၀ မဟုတ်ဘူးမောင်။ ပြီးတော့ ပညာတတ်ယောက်ျားတယောက်ရဲ့ မိန်းမဘ၀ဟာ အဲသလောက်ထိ ကျဉ်းမြောင်း လိမ့်မယ်လို့လည်း ထင်မထားခဲ့ဘူး´

မောင်က နံရံကို ခေါင်းမှီကာ မျက်လုံးတို့ကို စုံမှိတ်လျက် ငြိမ်တွေသွား၏။ ဟိုယခင်ကတော့ မောင် အဲသလို ငြိမ်သွားပြီဆိုလျှင် မောင့်မေးဖျားကို ကျမ လှမ်းပြီး နမ်းမွှေးနေကျ။ ခုတော့ဖြင့် စိမ်းခဲ့ပြီ။ ခဏကြာမှ မောင်က ကျမကို မျက်လုံး ဖွင့်ကြည့်လာ၏။ မောင့်မျက်လုံးတို့က နီကျင်လို့။ ကျမရင်ထဲ လှိုက်ခနဲ ၀မ်းနည်း သွားမိသည်။ ကျမနဲ့ပတ်သက်လို့ မောင် ထိခိုက်ခံစားသေးတယ် ဆိုပါတော့။ ဟိုး အရင်ချစ်သူဘ၀မှာတုန်းတော့ ကျမနှင့် မောင်က`တို့နှစ်ယောက်က ခွဲကြရမှာပါ´ဟုပြောဖြစ်တိုင်း မောင့်ထံမှာ အဲဒီ မျက်လုံးနီနီတွေကို တွေ့နေရကျ။ အဲလို မောင်ခံစားတိုင်း ကျမကပါ လှိုက်လှဲဝမ်းနည်းကာ လမ်းခွဲစကားတွေကို ရုတ်သိမ်းလို့ ရှေ့ဆက် လျှောက်ဖြစ်ခဲ့ကြတာ။

မောင်က ကျမကို ငေးကြည့်နေသော်လည်း မောင်မျက်လုံးတို့က မြင်ဟန်မတူ။ ခဏကြာမှ...`ဒါဖြင့် မောင် ဘာလုပ်ရမလဲ´ဟု မောင်က ညည်းတွားသလို ရေရွတ်သည်။ ကျမကို မေးသလိုလို.... ပြီးတော့ သူ့ကိုယ်သူပဲ မေးနေသလိုလို။

ဟုတ်တာပေါ့မောင်... အဲဒီမေးခွန်းရဲ့ အဖြေကို ကျမကိုယ်တိုင်လည်း သိချင်နေတာပဲလေ။

`ကိုယ်ကတော့ မောင်နဲ့ကိုယ်နဲ့က မွေးလာမယ့် သားသမီးတွေကို လူနေမှုအဆင့် မြင့်မြင့်နဲ့ ကျောင်းကောင်းကောင်းမှာ ထားချင်တယ်။ ဟိုး နိုင်ငံတကာအထိ အမြင်ကျယ်စေ ချင်တယ်။ ပြီးတော့ အဲဒါဟာ ဂုဏ်ပကာသနအတွက် မဟုတ်ဘူးမောင်၊ တယေက်ချင်းမြင့်မားမှ လူမျိုး မြင့်မှာ၊ တိုင်းပြည် မြင့်မှာ။ မောင် ကြည့်စမ်း.... မောင်တို့ရွာမှာ လူတွေချမ်းသာကြပြီး အိမ်မှာ တီဗွီကြီးတွေ၊ ဗွီဒီယိုတွေသာ ရှိတာ၊ အိမ်သာကျတော့ ကောင်းကောင်း ဆောက်သင့် တယ်လို့ ဘယ်နှစ်ယောက် သိလို့လဲ၊ သိတဲ့မောင်တို့ကကော ဘယ်လောက် စည်းရုံးနိုင်လဲ၊ တကယ်လို့ မောင်တို့ရွာမှာ လူအများကြီးသာ တိုးတက်တဲ့အမြင်ရှိရင် ခုလောက် ချမ်းသာ ပုံမျိုးနဲ့ဆို မြို့တမြို့အဆင့် ရောက်လောက်ပြီ။ အနည်းဆုံး ဆက်သွယ်ရေးကောင်းတဲ့ မြို့ အဆင့်ပေါ့မောင်၊ အနောက်နိုင်ငံတွေမှာလည်း လယ်သမားရှိပါတယ် မောင်ရဲ့။ ဒါပေမဲ့ လူနေမှုအဆင့်ကျတော့ ကွာတယ်။ အဲဒါဟာ ဉာဏ်ပညာနဲ့ အမြင်ပဲ အဓိကပေါ့ မောင်ရဲ့။ ဒါတွေ မောင်လည်း သိသားပဲကွယ်´

ဘာပဲဖြစ်ဖြစ် ကျမက မောင့်ကို စိတ်မညစ်စေချင်ပါ။ ဒါကြောင့်ပဲ လေသံ အေးအေးနှင့်သာ ပြောပြနေမိသည်။ မောင်ကတော့ မျက်နှာကျက်ဆီကိုသာ ရည်ရွယ်ရာမဲ့ ငေးနေဆဲ။

`မောင့်ရဲ့ လယ်တွေ ယာတွေကို ပစ်သွားဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ ဆိုတာ မင်းလည်း သိပြီးသားပဲ၊ မောင့်ဘ၀မှာက ရွေးချယ်စရာကို မရှိဘူး။ မောင်လုပ်ရမှာက ဒါပဲ။ မောင် ဒါကိုပဲ ကျွမ်းကျင်တယ်။ ဒီအလုပ်ကပဲ မောင့်ကို စိတ်ချမ်းသာ စေတယ်။ ဒါဟာ ကုသိုလ်ရ ၀မ်းဝအလုပ်လည်း ဖြစ်တယ်။ မြိုပြဟာ မောင့်အတွက် မလိုအပ်ဘူး။ ဒါတွေကို မင်းကိုယ်တိုင် လည်း သိခဲ့လျက်နဲ့။ ခုကျမှ စိတ်ဆင်းရဲတယ်ဆိုတော့ မောင် စိတ်မကောင်းဘူး။ ဒါပေမဲ့ မောင် ဖြေရှင်းမပေးတတ်ဘူး။ အဲဒီအတွက်လည်း မောင့်ကို ခွင့်လွှတ်ပါ။ မင်းမျှော်လင့်သလို မောင်လည်း မျှော်လင့်ခဲ့တာပါ.....။ မောင့်ကို မင်းချစ်တဲ့အတွက် မောင့်ဘ၀ကိုလည်း ချစ်နိုင်မလားလို့´

မောင့်အသံတို့က ကြေကြေမွမွ။ ကျမကတော့ ရင်ထဲမှာပါ ကြေမွလိုက်လာသည်။

`ကိုယ်ပြောချင်တာက တော်ရုံမျက်နှာလွှဲလို့ရတာကို အလုပ်သမားတွေနဲ့ မျက်နှာလွှဲပြီး မောင့်ဘ၀ကို ဒါထက်ပို မွေးမြူဖို့ပါကွယ်။ ခုတော့ မောင်က လယ်ရာသီ.. ပြီးပြန်တော့ `ကိုင်း´။ ကိုင်းအလုပ်ပြီးတော့ `လယ်´နဲ့ ကိုယ် အမေ့အိမ်ပြန် မရောက်တာ ဘယ်လောက်ကြာပြီလဲကော မောင် သိသေးရဲ့လား´

`မေ ရန်ကုန်ကို သွားဖို့ မောင်ပြောနေသားပဲ´

`မောင်နဲ့ မခွဲချင်လို့တောင် မောင့်ဘ၀ထဲ ဆင်းလာခဲ့တာပဲ.. မောင်မို့ ပြောထွက် တယ်ကွယ်၊ ပြီးတော့ ကိုယ်က ဟိုးအရင်ကလို ညစာစားပွဲတွေ၊ ကပွဲတွေ၊ စတိုးဆိုင်တွေ၊ အပျော်အပါးတွေကို ငတ်မွတ်လို့ မဟုတ်ဘူးမောင်၊ ခေတ်နဲ့ မျက်ခြေမပြတ်အောင်လို့ သွားချင်တာ.... မောင်နဲ့အတူ´

`မင်းတို့ မြို့ကြီးမှာ မောင်မပျော်နိုင်ဘူး၊ မလိုက်ရဲဘူးဆိုတာ မေ အသိဆုံး ပဲ´

မောင့်အသံက ညည်းညူသံ ဆန်လာပြန်သည်။

`မောင်ဟာ အဲလောက် ညံ့ဖျင်းတဲ့ယောက်ျားမှ မဟုတ်ဘဲ။ ကိုယ်က ကိုယ်တို့ရဲ့မိသားစု အဆင့်အတန်း မြင့်ဖို့အတွက် ပြောနေတာကို မောင်က ညံ့ဖျင်းပြပြီး မချေဖျက်ပါနဲ့ကွယ်'
`မင်း မောင့်ကို နားမလည်ဘူး´

ကျမ မျက်လုံးတွေထဲ စိုက်ကြည့်တော့ မောင်ကလည်း ပြန်ကြည့်သည်။

`မှားနေပြီမောင်၊ မင်းကသာ ကိုယ့်ကို နားမလည်တာ၊ ကိုယ့်စေတနာကို နားမလည်တာ၊ မင်းက ကိုယ့်ကို မင်းရဲ့ရွာမှာ မပျော်ဘူးလို့ ထင်နေတာ။ တကယ်က ကိုယ်က မင်းဖန်တီးနေတဲ့ ကိုယ်တို့ရဲ့ ဘ၀ထဲမှာကို မပျော်တာ´

`ခုဆိုမောင့်မျက်လုံးတွေထဲကို ကိုယ်မမြင်ရတာ ဘယ်လောက်ကြာပြီလဲ´
မောင်က နားမလည်နိုင်သည့် အံ့သြရိပ်ဖြင့် ကျမကို ငေးကြောင်ကြောင် ကြည့်သည်။။ ကျမရင်ထဲ ရှက်ရွံ့လာပြန်သည်၊ မိန်းမ တယောက်က ချစ်သူတယောက်၏အချစ်ကို အိမ်ထောင်သည်ဘ၀ထိ တောင့်တ နေတာဟာ အံ့သြစရာလားမောင်ရယ်..။

`ကိုယ် မေ့ကို ချစ်တာပဲ၊ ပြီးတော့ ကိုယ်နဲ့မေ အတူတူ နေနေကြရပြီပဲ´

မောင့်စကားအဆုံးမှာ ကျမမျက်နှာက ဖြန်းကနဲ ပူနွေးသွားသည်။

`အတူတူနေခြင်းဟာ အချစ်ရဲ့ပန်းတိုင်ပေါ့ ဟုတ်လား...မောင်´။
ကျမရဲ့ အသံက သနားစရာ သိပ်ကောင်းနေမည် ထင်သည်။

`ဒါဖြင့် မနက်ခင်းအစောကြီး ထပြီး မောင့်အတွက် မနက်စာ သေသေချာချာ ပြင်ပေးတာလည်း မလိုဘူးပေါ့။ မောင့်ပြန်အလာကို သနပ်ခါးမွှေးအောင် လိမ်းပြီးကြိုတာလည်း အဓိပ္ပါယ်မရှိဘူးပေါ့။ မောင်မျက်လုံးတွေထဲ စိုက်ကြည့်ပြီး `ချစ်တယ်´ လို့ပြောတာလည်း အတူတူ နေချင်မှပေါ့ ဟုတ်လား´

ကျမအသံက သွေးရူးသွေးတန်း ဆန်လာသည်။ မောင်လည်း ကျမကို အံ့သြတကြီးဟန်ဖြင့်သာ ငေးဆဲ။ ကျမရင်တို့က အရှက်ခွဲခံရသူ၏ နှလုံးမျိုးဖြင့် နာကျင်နေခဲ့ပြီ။ မောင်က ခေါင်းကို ငိုက်စိုက်ချထား၏။

`ဟုတ်တယ်နော်၊ မင်းကို မောင် နားမလည်ဘူး´
ဟု မောင်က ခံဝန်ချက် ပေးနေသလို ပြောသည့်အခါမှာတော့ ကျမက.....

`မောင်ရယ်... အဲဒါ အချစ်ပါပဲ´
ဟု တီးတိုးရေရွတ်မိကာ.... ခုမှပဲ ကျမက လှိုက်လှိုက်လှဲလှဲ ဆို့နစ်လာသည်။ မောင်က ငြိမ်တွေဆဲ...... ကျမက မောင့်ကို ကျမလိုချင်သည့်ဘ၀ဆိုတာကို မောင်မြင်အောင် ပြချင်နေဆဲရှိသည်။

`မောင်....ကျမတို့ ခုထိ ဘာလို့ကလေးမရှိသေးတာလဲ ဆိုတာကော... မောင် သတိထားမိ ရဲ့လားဟင်´

မောင်က ကျမကို တအံ့တသြ လှည့်ကြည့်သည်။ ကျမ အံ တချက် ကြိတ်မိသေး၏။

`ကျမ တားထားလို့ပေါ့မောင်၊ ရွာကလေးတရွာက သာမန် လယ်ပိုင်ရှင် တယောက်ရဲ့ သားသမီးတွေဖြစ်ဖို့လောက်နဲ့တော့၊ ကိုယ် ကလေးမွေးလို့ မဖြစ်သေးဘူးလေ´

ရုတ်တရက် မောင်က ၀ုန်းကနဲ ထရပ်၏။ ပြီးတော့ ကျမကို စူးစူးရဲရဲကြည့် ကာ....

`မင်း အဲလောက်တောင် ကိုယ့်အပေါ် နာနေခဲ့တယ်လို့ ကိုယ်မသိခဲ့ဘူး´
ဟု အတန်ငယ်မာကျောစွာပြောပြီး လှည့်ထွက်၏။ ကျမရင်ထဲမှာလည်း နာလိုခံခက်ခြင်းတွေ။ ကျမ မောင့်နောက်ကို ချက်ချင်းပဲ ထလိုက်သွားမိ၏။

`နေဦးမောင်´

မောင်က နေရာမှာ တုံ့ကနဲ ရပ်၏။ ထိုစဉ်မှာ ကျမက မောင့်နံဘေးမှ ယုဇနပန်းရုံက ပန်းရနံ့တွေ မွှေးပျံ့မှုက ကျမနှင့်မောင်တို့ကို မဖြားယောင်းနိုင်တော့တာ သတိထားမိလိုက်သေးသည်။

`အဲဒါ နာ နေခဲ့တာမဟုတ်ဘူး။ စေတနာ မောင်ရဲ့၊ မိန်းမတယောက်ရဲ့ .. မိခင် တယောက်ရဲ့ စေတနာ´

မောင်က တွေနေဆဲ..။ ကျမကတော့ ရုတ်ချည်းပင် ၀ုန်းကနဲ လဲပြိုသေဆုံးကာ မျက်ရည်တွေ ကျလာမိ သည်။ သည်တော့လည်း မောင်က ကျမ၏ပခုံးတို့ကို ပွေ့ဖက်ကာ နှစ်သိမ့်သားပင်။ ပြီးတော့ သက်ပြင်းဖွဖွ လည်း ရှိုက်သေး၏။

`မေ့ပတ်ဝန်းကျင်ထဲ မောင်လိုက်တဲ့အခါ မင်းပျော်မယ် ဟုတ်လား မေ´

`ကိုယ့်ပတ်ဝန်းကျင်ထဲကို မဟုတ်ပါဘူး မောင်ရယ်။ တိုးတက်ခေတ်မီတဲ့ ဘ၀တခုထဲကိုပါ`

`မောင်ကတော့ မထင်ပါဘူးကွယ်၊ မောင် ထွက်ပြေးလာရလိမ့်မယ်။ မင်းရဲ့ ပတ်ဝန်းကျင်နဲ့ မောင့်ပတ်ဝန်းကျင် ဘယ်လောက် တခြားစီဖြစ်တယ်ဆိုတာ မင်း တကယ်ပဲ မသိလို့လား´

မောင်က တယောက်ထဲ ရေရွတ်သလို ပြောနေပြန်သည်။ ကျမက မောင့် ကို တင်းတင်းဖက်ထားပြီး ခုပင် ခွဲကြရတော့မလို ထင်လာမိသေးသည်။

`ယောက်ျားဆိုတာ ကိုယ် အရှင်သခင်ဖြစ်တဲ့နေရာမှာပဲ နေချင်ကြပါတယ်။ ဒါဟာ တကိုယ်ကောင်း ဆန်တာ၊ အတ္တဆန်တာဆိုရင်တော့ ကိုယ်မင်းကို ချစ်တဲ့အတွက် တခုခုကို စွန့်လွှတ်ရမှာပေါ့´

ထိုအချိန်မှာ ကျမကတော့ စပါးပင်တွေကိုကြည့်ရင်း သမီးလေးမွေးရင် `မနော်ဟရီ´လို့ နာမည်ပေး မယ်... သားလေးမွေးရင် `ရာကျော်သွေး´လို့ နာမည်ပေးမယ်... ဟု ရေရွတ်ကြုံးဝါးနေခဲ့ဖူးသော မောင့်ကိုပင် ထိုအချိန်မှာ သတိရသွားခဲ့သေးသည်။

ထိုည... ကျမတို့နှစ်ယောက်စလုံး အိပ်မပျော်နိုင်ခဲ့ကြပေ။

................................

အိပ်မပျော်သောည၏ အတွေးတွေထဲမှာ ကျမက ကျမနှင့် လက်ထပ်ပြီးခါစ မောင်နှင့်ကျမ ရန်ကုန်မှာ နေခဲ့ဖူးကြသော ကာလတချို့ကို ပြန် သတိရနေမိသည်။ တကယ်ပဲ ထိုစဉ်က မောင်မပျော်ခဲ့ချေ။ မြို့ပြမှာ မျက်စေ့နောက်ကာ လူတွေ ကျဉ်းကျဉ်းကျပ်ကျပ်နေနေရတာ၊ အမောတကော လှုပ်ရှားနေကြရတာ၊ လူတန်းစား မညီမျှမှုတွေ တွေ့နေရတာ၊ သူစိမ်းဆန်ခြင်းကို ခံစားရတာ။ ပြီးတော့ လူသိများသောကျမရဲ့ နံဘေးမှာ မောင်က ဘာမှမဟုတ်သလို ရှိနေခဲ့ရတာ။ ဒါတွေကို မောင်စိတ်ညစ်နေခဲ့သည်။ မောင်က ရိုးသားပွင့်လင်းသူမို့ သူ ခံစားရတာတွေအကုန် ကျမကိုပြောပြတော့ ကျမပင် မောင့်အတွက် စိတ်မကောင်းဖြစ်ခဲ့တာ။ ဒါပေမဲ့ ခုတခေါက်မှာတော့ ဒီလို ဘယ်ဖြစ်စေရပါ့မလဲကွယ်။ မောင်က တော်တဲ့ ယောက်ျားပဲ။ အလုပ်တခုခု အဆင်ပြေဖို့ ကြိုးစားကြမှာပေါ့။ ကျမတို့က ခြေမဲ့လက်မဲ့မှ မဟုတ်ဘဲကွယ်ဟု မောင့်ကို အားပေးရမည်။ တွေးရင်းနှင့်ပင် အားရှိလာကာ ကျမက တဘက်လှည့်ပြီး ငြိမ်သက်နေသော မောင့် ဘယ်ဘက်လက်မောင်းကိုပင် နမ်းမွှေးလိုက်မိသေး၏။ မောင်က ကျမဘက်ကို လှည့်လာပြီး ကျမနဖူးကို ပြန်လည် ငုံ့နမ်းသည့်အခါမှာတော့ မောင်နှင့်ကျမ ရှေ့လျှောက်ဘ၀မှာ ပျော်ကြရမှာပါ... ဟု ကျမက ယုံကြည်လိုက်မိပြန်သေးသည်။

++++++

(ဆက်ရန်ရှိပါသေး၏)

Aug 20, 2008

မြေနဲ့အတူ(အပိုင်း-၂)

(သံလွင်)

မောင်တို့ရွာကို ရောက်ဖို့အတွက် သံလွင်မြစ်ရိုးတလျှောက်ကို သင်္ဘောနှင့် စုန်ဆင်းရသည်။ ကျမစိတ်ထဲမတော့ အဲသည် သံလွင်မြစ်ရိုးတလျှောက်က သာယာလှပလွန်းသည်။ ကျောက်တောင်တွေ ပတ်လည်ရံလျက် မနီးမဝေးမှာ `ဇွဲကပင်တောင်´က ပေါ်လာလိုက် ပျောက်သွားလိုက်၊ မြစ်ရေပေါ်မှာ မြူထုတန်းနေတာကပင် ကျမအတွက်တော့ အဆန်းတကြယ် ဖြစ်လို့။ မောင်ကတော့ ကလေးတယောက်ကို ကြည့်သောမျက်လုံးများနှင့် ကျမကို တကြည့်ကြည့် ရှိ၏။ မောင်က `ရောက်တော့မယ်´ဟုပြောတော့ ကျမက ပိုလို့ ရင်ခုန်လာသေးသည်။

....................

သင်္ဘောပေါ်ကအဆင်း ဆိပ်ခံဗောတံတားပေါ်အတက်မှာ မောင့်လက်ကို ဆုပ်ကိုင်အားပြုတော့ မောင့်ရဲ့ ကြမ်းတမ်းသော လက်ဖ၀ါးတွေက ကျမကို တင်းတင်း ဆုပ်ဖျစ်၏။ မောင်ရော စိတ်လှုပ်ရှားနေတာလား...၊ မောင့်မျက်လုံးတွေကတော့ ပိုလို့ လင်းလက်တောက်ပနေသလိုပါပဲ။

`မင်းပျော်ပါ့မလား´ဟု မောင်က တယောက်တည်း ရေရွတ်သလို ခပ်တိုးတိုး ပြောသည်။ ကျမသည် လူတွေနှင့် ကျိတ်တိုးနေရသည်၌ အခွင့်ကောင်းယူကာ မောင့်လက်ပြင်ကျောစပ်ကို တချက်ခိုးနမ်းမှ မောင်က အပြုံးနှင့် လှည့်ကြည့်သည်။

မောင်တို့ရွာက တကယ်တော့ ရွာကြီးတရွာပင်။ အိမ်ခြေ ထောင်နှင့်ချီရှိပြီး လူနေမှုအဆင့်ကလည်း မနိမ့်လှပေ။ ပြီးတော့ ရွာကလေးက သန့်ရှင်းကျယ်ဝန်းလေသည်။ ကျမပင် အနည်းငယ် အံ့သြသွားမိသေး၏။ ကျမအတွက် ပို အံ့သြစရာ ကောင်းတာကတော့ မောင်ပဲ ဖြစ်သည်။ မောင်က သူ့မြေပေါ်အရောက်မှာ ပိုလို့ တက်ကြွ ဖျတ်လတ်သွား၏။ ကျမကတော့ ပီဘိ ကလေးသူငယ်လေးလို အားပျော့သွားကာ မောင့်ဘ၀လေးကိုပဲ ငေးမောနေမိသည်။

မောင်တို့တောရွာကလေးမှာတော့ မောင့်အိမ်ကလေးက ခေတ်မီ ကြီးကျယ်လေသည်။ ပြတင်း အမြင့်ကြီးများနှင့် နံရံဖောက်ဗီရိုများနှင့် ဘယ်လို ပရိဘောဂမျိုး၏ အနှောင့်အယှက်တို့မှ ရှိမနေသော ဧည့်ခန်းဖွဲ့စည်းပုံက ကျမ စိတ်ကိုတော့ လွတ်လပ်ခြင်းကို ခံစားရစေသည်။ အိမ်ပတ်လည်ဝရံတာတလျှောက် ရှိ နွယ်ပင်မျိုးစုံကတော့ နှစ်သက်ကြည်နူးစေလေသည်။

မောင်က ကျမကို အိမ်ရှေ့ဝရံတာမှ ထန်းပက်လက်ကုလားထိုင်မှာ ထိုင်စေပြီး ကလေးတယောက်ကို မုန့်ကျွေးသလို စိမ်းစားဥတွေ၊ ပြောင်းဖူးပြုတ်တွေ၊ မြေပဲပြုတ်တွေကို ကျမအနားမှာ ပုံတိုက် အောတိုက် လာထားပေး၏။ မောင့် အိမ်က မြစ်ပြင်ဘက် မျက်နှာပြုထားသောကြောင့် မြစ်ရေနံ့ပါသောလေကို ကျမ ရှုရှိုက်ရသည်။ မြစ်ရေနံ့က ညှီအဲ့အဲ့ပေမဲ့ ကျမကတော့ ဒါ သဘာဝရနံ့ပဲဟု စာဆန်ဆန် တွေးမိသေးသည်။ ၀ရန်တာကနေ မတ်တပ်ရပ်ကြည့်တော့ နေရောင်ဖြင့် ဖိတ်ဖိတ်လက်နေသော သံလွင်မြစ်ပြင်ရယ်၊ ပျံ့ပျူး သာယာသော သောင်ကမ်းရယ်၊ ခပ်ဝေးဝေးမှာ စင်ယော်ငှက်တွေ အုပ်ဖွဲ့ပျံနေတာရယ်ကို မြင်ရ သည်။

လွတ်လပ်ပွင့်လင်းခြင်းနှင့်အတူ
သဘာဝရဲ့ ရနံ့ကိုရှူ
ချစ်သူရေ.....
ဘ၀မှာ လိုအပ်သမျှ...
အဲသည်မြစ်ရေက ရမယ်.......
သောင်ကမ်းက ရမယ်........
စင်ယော်တွေဆီက ရမယ်.......
အဲဒါ.... မင်းဆီက ရသမျှ
အချစ်ဘ၀လည်း ဖြစ်တယ်။

ကျမရင်ထဲ ညံ့သက်လာကာ အတွေးမှာ ကဗျာတပိုင်းကို ရေးနေမိသည်။ ပြီးတော့ စိတ်ထဲ ဆွတ်ဆွတ်ပျံ့ပျံ့ရှိကာ မောင့်ကိုရှာတော့ ခြံဝင်းထဲမှာ ရွှေနီရောင် နွားကြီးနှစ်ကောင်နားမှာ အလုပ်ရှုပ်နေသော မောင့်ကို တွေ့ရသည်။ ၀ဖြိုးလှပသော နွားကြီးတွေက ကျွန်မစိတ်ထဲမှာတော့ ချစ်စဖွယ် ခမ်းနားလှသည်။

`မောင်ရေ နွားလှည်းစီးချင်တယ်`ဟု ပူဆာတော့ မောင်က ပြုံးသည်။ ခဏကြာတော့ လှည်းပေါ်မှာ ကောက်ရိုးခင်း.... နွားလှည်းပြင်နှင့် မောင် တယောက် အလုပ်ပိုရှုပ်သွားတော့သည်။ ကျမကတော့ လှည်းပေါ် ရင်တခုန်ခုန်နှင့် တက်ရတာကို ပျော်လို့။ နွားတပ်ပြီး လှည်းဦးမော့သွားတော့ ချားရဟတ်စီးရသလို ရင်ထဲ သိမ့်ကနဲ ဖိုသွားတာကိုလည်း ပျော်နေပြန်သည်။

`ပျော်လိုက်တာမောင်´ဟု ကျမက ကလေးတယောက်လို တတွတ်တွတ် ရွတ်နေမိသည်။ မောင်က `တခါမှ မကြုံဖူးသေးလို့ပါ၊ ကြာတော့လည်း ရိုးသွားမှာ´ဟု လှည့်ပြောတော့ ကျမမောင့်ကို စိတ်ကောက်ချင် သွားမိသည်။ ထိုအခါ....`အဲဒါပဲ၊ မောင်တယောက်ဟာ..၊ ကြာရင် ရိုးရိုး မရိုးရိုး လောလောဆယ် ကိုယ် ပျော်တယ်လေ...... မောင်ဝမ်းမသာဘူးလား´ ဟု စိတ်ကောက်သံဖြင့် ပြောကာ မောင့် လက်ကိုပြင်ကို ဖွဖွ ရိုက်မိတော့သည်။ သည်တော့လည်း မောင်က.... `အေးပါကွာ ၀မ်းသာပါတယ်.. ၀မ်းသာပါတယ်´ ဟု နောက်ပြောင်ရိပ်စွန်းသော အသံဖြင့် ပြော၏။

မောင်က `ကိုင်း´ထဲ လိုက်ပို့မယ်တဲ့။ ကျမသိထားတဲ့ `ကိုင်း´ဆိုတာက မြေကို တွယ်ပြီးရှင်သန်သော နွယ်ပင်တွေ။ `ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ´ ဆိုတဲ့အထဲက `ကိုင်း´။ `ကိုင်းထဲမှာဆို မင်းပျော်မှာ´ ဟု မောင်ပြောတော့ ကျမက`ကိုင်း´ ဆိုတာ စိုက်ခင်းတမျိုးဖြစ်လိမ့်မည်ဟုတော့ ထင်သားပင်။

ရွာလမ်းတလျှောက် နွားလှည်းဖြင့် ဖြတ်တော့ ရွာလမ်းခနိုးခနောင့်တွေကြောင့် လှည်းက တအိအိ ဆောင့်၏။ မောင်က `ကိုယ်လက်နာတတ်တယ်´ ဟု ပြောသော်လည်း ကျမကတော့ လှည်းဆောင့်သည်ကိုပင် ပျော်ရွှင်စွာ လှည်းအဆောင့်နှင့် အလိုက်သင့် ကိုယ်ကိုဆောင့်ချပြီး မောင့်ကိုစကာ `အမလေးတော်´ဟု တ.တ ပြပြီး ရယ်မောနေမိသေးသည်။ ရွာလမ်းတွေကို အလွန်မှာတော့ ရုတ်တရက်နိုင်လှစွာ မျက်စေ့တဆုံးတိုင် ကျယ်ပြောနေသော ကွင်းပြင်ကြီးတွေက ကျမကို ဘွားကနဲ ပွေ့ဖက်လိုက်သည်။ ကွင်းပြင်ကျယ်ကြီး ထဲမှာ အပင်မြင့်ဆိုလို့ ဇီးပင်(ဆီးပင်)အနည်းအကျဉ်းမှလွဲ၍ ဘာမှရှိမနေဘဲ ဟိုးအဝေး မျက်စေ့တဆုံးမှာကျမှ တောင်နံရံတွေက အနားသတ်ထားပေးသလို ရှိလေသည်။


`လှလိုက်တာ´ဟု ကျမ အသံထွက်ရေရွတ်မိလောက်အောင် ဟင်းလင်းပြင်နှင့် အနားသတ်မျဉ်းတွေက လိုက်ဖက်ညီလှသည်။ တကယ်တမ်းဆိုလျှင်ဖြင့် နေရောင်ပူတောက်တောက်အောက်က ကွင်းပြင်ကျယ်တွေ၊ တောင်နံရံတွေက ဘယ်လောက်မှ မဆန်းကျယ်သော်လည်း ကျမက ကွင်းပြင်၏ ကျယ်ပြော လွတ်လပ်ခြင်း ရယ်။ တောင်တန်း၏ အေးမြရိပ်ရှိသော စိမ်းညို့ညို့အနားသတ်ရယ်နှင့် တိကျခိုင်မာမှု၊ လုံခြုံမှုတို့ကို ခံစားရစေသော ကောင်းကင်ကြည်ကြည်၏ အုပ်မိုးထားမှုရယ်တို့ကို အင်မတန် Composition မှန်သော ပန်းချီကားလို ခံစားမိသည်လေ။

ကွင်းပြင်ထဲမှာတော့ လူတွေ တလှုပ်လှုပ် ရှိသည်။ ထိုလူတွေကို ကျမ ငေးဆဲ..... မောင်က.... `သူတို့ ဘာလုပ်နေကြတာလဲ သိလား´ ဟု လှမ်းမေးသည်။ သေချာကြည့်တော့ သူတို့က မြေပဲနှုတ်နေတာ၊ သွက်လက် ကျွမ်းကျင်စွာ နွယ်ပင်တချို့ကို ဖယ်ရှားပြီး အမြစ်နေရာမှ မြေပဲလေးတွေကို ချွေယူကြတာ သိပ်မြန်တာပဲ။ အဲဒီ မြေပဲပင်တွေပေါ်မှာတော့ ပဲကြားတွေ သီးနေသော အပင်လေးတွေ။

`အဲဒီ မြေပဲနဲ့ ပဲကြားက အတူတူပေါက်တာလား မောင်´

`အတူတူစိုက်တာပါ မေရဲ့။ မြေကို မြောင်းဖော်ပြီး မြေပဲမျိုးစေ့ကို အကွာအဝေး မှန်းပြီး စိုက်တယ်၊ ပြီးတော့ ပဲကြားမျိုးစေ့ကို ကျဲပြီးတော့၊ ၀ဲ(ဓါတ်မြေသြဇာ)ကျဲ ပြီး စိုက်တာ´

`ဒါဖြင့် ခု မြေပဲနှုတ်တော့ အဲဒီ ပဲကြားကို မထိခိုက်ဘူးလား´

'သိပ် အထိခိုက်ကြီးတော့ မဖြစ်ပါဘူး။ သူ့အတွက် ပေါင်းလိုက်ပေးသလိုတောင် ဖြစ်တာပေါ့၊ မတွေ့ဘူးလား။ အဲဒီမှာ နွယ်တွေ၊ မြက်တွေ ဖယ်ပစ်တာ၊ ပြီးတော့ သူတို့နှစ်မျိုးက မရှေးမနှောင်း ဆွတ်ရ တာလေ´`

ကျမကတော့ မောင့်ကို အံ့သြငေးမောနေမိသည်။ ကြည့်စမ်း ကျမ အင်မတန် ရင်ခုန်ရသည့် အဲသည် လူငယ်လေးက ခုတော့လည်း တကယ့် လယ်သမားကြီးလို ကျွမ်းကျင်မှုတွေနဲ့ တောက်ပလို့။ ကျမကတော့ဖြင့် မောင် နွားလှည်းမောင်းတာကိုပင် တအံ့တသြ သဘောကျ မဆုံးပြီ။ မောင်နှင့်တွေ့စက မောင့်လို လူငယ် ချောချောလေးက ခြေသည်းတွေ ပဲ့နေတာ၊ လက်ဖ၀ါးတွေ ကြမ်းထော်နေတာ၊ ဆံပင်တွေ နီကျင်ကျင် ဖြစ်နေတာ၊ အသားတွေနေလောင်နေတာတွေကို အံ့သြမိဖူးတာကိုလည်း သတိရနေမိသေးသည်။ တကယ်ဆို ကျမက လူတွေရဲ့ အသားအရည်၊ ခြေလက်စင်ကြယ်မှုကို စိတ်ဝင်တစား ရှိတတ်သော မိန်းမသာ ဖြစ်သည်။ မောင်နှင့်ကျကာမှ`ခြေတွေ လက်တွေ ကြမ်းတော့ အားရှိတာပေါ့´ ဟု ပြောင်းလဲခဲ့တာ။ `အဲဒါဟာ အချစ်ရဲ့ ဆန်းကြယ်တဲ့ လှည့်စားမှုပဲ´ဟုပင် မောင့်ကို ပြောမိခဲ့ဖူးသည်။

ခုလည်း မောင်က သူ့လက်မောင်းကြွက်သားတွေကို ပေါ်ပေါ်လွင်လွင် မြင်နေရစေသော တီရှပ် လက်ပြတ်နှင့် ပုဆိုးကို တိုတိုဝတ်လို့၊ ခြေထောက်မှာ ဖိနပ်မပါဘဲ နွားလှည်းမောင်းနေတာ။ ကျမသည် လူငယ်တယောက်၏ သန်စွမ်း မှုနှင့် သဘာဝဆန်မှုထဲမှာ ရင်ခုန်ရပြန်သည်။ အခါများစွာမှာ ကျမတွေ့နေရတာ က မြို့ပြထဲက ခေတ်မီသော လူငယ်လေးတယောက်ကိုသာဖြစ်သည်။ မောင်များ တီရှပ်လက်ပြတ်နှင့် ဂျင်းဘောင်ဘီကို တွဲဝတ်လိုက်လျှင် ဘာတခုမှ ထပ်မံ ဖြည့်စွက်ဖို့ မလိုလောက်အောင် မောင်က ခမ်းနား ပေါ်လွင်သွားလေသည်။ မောင့် ဆံပင်နွယ်နွယ်တွေနှင့် အထူးတလည် တောက်ပသော မျက်လုံးနက်နက်တို့ ကတော့ မောင့်ရဲ့ပင်ကိုတန်ဖိုးကို ပိုထင်ရှားစေသည့် အမှတ်အသားတွေပဲ ဖြစ်မည်။ အဲသည် လူငယ်ကလေးက ခုတော့လည်း တကယ့်ကို အရိုင်းဆန်ဆန် ဒါမှမဟုတ် မြေသား ဆန်ဆန်။ ကျမစိတ်ထဲမှာတော့ မောင့်ကို သူ့မြေနှင့် တသားတည်းကျကာ မြေဆီမြေနှစ်လို၊ မြေသြဇာလို ဒါမှမဟုတ် သူကိုယ်တိုင်သည်ပင် မြေကို ဖက်တွယ်သော ကိုင်းပင်တပင်လို မြင်လာမိသည်။

ထိုအခါ..... `မောင့်ကို အဖေက ရာကျော်စပါး စစိုက်တဲ့နေ့မှာ မွေးလို့ `ရာကျော်´လို့ နာမည်ပေးတာ။ အဲဒီ နာမည်နဲ့ ဘယ်လို ပတ်သက်လဲတော့ မပြောတတ်ဘူး။ မောင်တို့ရွယ်တူတွေထဲမှာတော့ မောင်က လယ်တွေ၊ ကိုင်းတွေ လုပ်ရတာကို ထူးထူးခြားခြားကို ပျော်တယ်။ စပါးစိုက်နေရတဲ့ ဘ၀ကို ကျေနပ်တယ်။ ရွာမှာ ကျန်တဲ့ကောင်တွေက လယ်အလုပ်ကို သိပ်စိတ်မ၀င်စားကြဘူး´ဟု ပြောပြခဲ့ဖူးတာကို သတိရသည်။ တကယ်လည်း မောင်က စပါးပင်တွေကို သူကိုယ်တိုင် စိုက် ရတာ၊ သူ့မျက်စေ့ရှေ့မှာ စပါးပင်တွေ တက်လာတာ သူကိုယ်တိုင် မြေသြဇာ ကျွေး၊ ပိုးတွေရန်က ကာကွယ်ရင်း စပါးပင်တွေ ဖြစ်ထွန်းလာတာကို ခံစားရတာ သိပ်ပျော်သူ။

လယ်ကိစ္စများ အရေးပေါ်လျှင် ကျမကိုပင် မှန်မှန် လာမတွေ့ဘဲ နေနိုင်ခဲ့တာ။ သတိရလျှင်တော့ ကျမက အဲသည့်လယ်မြေတွေကို မနာလိုဖြစ်ကာ ငိုချင်ခဲ့ဖူးသေးသည်။ တခါကများဆိုလျှင် ကျမကို စက်မှုလယ်ယာပစ္စည်း အရောင်းဆိုင်ထဲ ခေါ်သွားကာ `ဒါက ရိပ်သိမ်းချွေလှေ့စက်။ ဒါက လယ်ထွန်စက်၊ ဒါက ထော်လာဂျီ၊ ဒါက ပေါင်းလိုက် သမန်းနှိုးစက်´ဆိုပြီး တခုချင်းပြကာ ဘယ်နေရာမှာ သုံးတယ်ဆိုတာကိုလည်း သေချာ ပြောပြနေသေးသည်။ ပြီးတော့ `လယ်သမားကို ရည်းစားထားရင် ဒါတွေတော့ သိထားရမယ်ကွ၊ နော်´ဟုလည်း ကျမကို စည်းရုံးသေးသည်။ ကျမမှာ သူ့ကိုချစ်သည်နှင့်ပင် အဲဒီပစ္စည်းတွေကို စိတ်ဝင်စား ခဲ့ရသေး၏။ ပြီးတော့ စာမေးပွဲစစ်သလို အင်တာဗျူးလုပ်သလိုလည်း `ပြန်ပြောစမ်းမေ၊ ပေါင်းလိုက် သမန်းနှိုး စက် က ဘာလုပ်ရတာလဲ´ဟု မေးတတ် ပြန်သည်။

အတွေးထဲ နစ်မျောဆဲ မောင်က `ဟိုမှာကြည့်စမ်းမေ´ဟု ဆိုတော့ သူ ညွှန်ပြရာကို လှမ်းကြည့်မှ ကျမ ကိုယ့်ကိုယ်ကို အပြစ်တင်မိတော့သည်။ စောစောက မမြင်မိခဲ့သော မြင်ကွင်း။ ကွင်းပြင်ကျယ်၏ အလယ်လောက်မှာ ရှိနေသော တောင်နံရံ..... ကြုံကြိုက်တိုင်း ကျမ အမြဲ သဘောတကျ ငေးမောနေကျ ကရင် အမျိုးသား အဘိုးကြီးနှင့် အဘွားကြီး မတ်တပ်ရပ်နေဟန် အထင်အရှား ပုံပေါ်နေသည့် တောင်ကမ္ဘားရံကို တွေ့ရသည်။ ကြည့်စမ်း... ဒါဖြင့် ကျမ ခု မြင်နေရတာက ဇွဲကပင်တောင်ပေါ့။ ဇွဲကပင်တောင် က`မာယာတောင်´ဟု အမည်ပေးရသည့်အတိုင်း ပုံစံအမျိုးမျိုး ပြောင်းသည့် တောင်ပေပဲ။


`ကြည့်စမ်း ကိုင်းထဲက လှမ်းကြည့်ရင် ဒီနေရာကို လှမ်းမြင်ရတယ်လို့ မောင်က တခါမှလည်း ပြောမပြဖူးဘူး´
ဟု ကျမက စူပွပွလုပ်ပြီး ပြောမိတော့သည်။

`ကြိုပြောထားရင် ခုလောက်ခံစားလို့ ကောင်းပါ့မလားကွာ´
ဟု မောင်ပြောတော့လည်း မှန်နေတာမို့ ကျမ စိတ်ပြေလိုက်ရသည်။

`ကိုယ်သာ မောင့်နေရာမှာဆိုရင်တော့ ဒီကနေားအံဘက်ကို မှန်းကြည့် ပြီး ရည်းစားကို လွမ်းမှာပဲ။ မောင်ကတော့ လွမ်းမှာမဟုတ်ပါဘူး။ လယ်ထဲမှာဆို ကိုယ့်ကို မေ့နေတာ´
ဟု ကျမက ကြုံကြိုက်တုန်း စွပ်စွဲသလို အပိုင်ပြောလိုက်သည်။ သည်တော့လည်း မောင်က အသံထွက်အောင် ရယ်မောကာ......

`ဟ ဘယ့်နှယ်ရန်ထောင်နေရတာလဲ ကောင်မလေးရ အဲဒီလယ်က တခြား ကောင်မလေး တွေမှ မဟုတ်တာကွာ´
ဟု ပြန်ပြော၏။

`ဟာ မရပါဘူး၊ မောင့်ဘ၀မှာ ကိုယ်ပဲ အချိန်ပြည့် အရေးပါ ရမှ´

မောင်က ကျမခေါင်းကို ခပ်ဖွဖွ ပုတ်ရင်း ပြုံးနေခဲ့သည်။

နောက်တော့လည်း ငေးမောပျော်ရွှင်ကာ စိတ်တိုဖို့ မေ့ရပြန်သည်။ မြေပဲခင်းတွေကို လွန်တော့ စိမ်းလန်းသော အပင်မြင့်မြင့်တွေကို တသီတတန်း တွေ့သည်။ အနားနီးတော့မှ အပင်တွေမှာ ပြောင်းဖူးတွေ တွဲရွဲခိုနေတာ မြင်သည်။ တုတ်ခိုင်သန်မာသော ပြောင်းဖူးကြီးတွေ အပင်မှာ ဖူးနေတာကို ကျမ ပထမဦးဆုံး တွေ့ဖူးခြင်းလည်း ဖြစ်သည်။


`ပြောင်းစိုက်မယ့်မြေက နုံးနည်းနည်း ပါရတယ်။ မြေပဲကျတော့ သဲနည်းနည်း ပါရတယ်။ ခု ဒီဘက်ပိုင်းက မြစ်နဲ့ ပိုနီးပြီး နုံးတင်မြေလည်း ဖြစ်လို့ `ပြောင်း´စိုက်တာ.....´

မောင်ကတော့ ကျမကို စာသင်နေသလို စိတ်ပါလက်ပါ ရှင်းပြလေသည်။ ကျမကလည်း မောင့်ရည်းစား ပေပဲ၊ ကိုယ်အားသန်ရာကိုသာ ၀င်စားလေသည်။

`ဒီနေရာကိုရောက်တော့ ဗန်ဂိုးကို သတိရလိုက်တာကွယ်´

တကယ်ပဲ ကျမရင်ထဲ ဆွတ်ပျံ့ပျံ့ဖြစ်လာကာ ဗင်းဆင့်ဗန်ဂိုးကို လွမ်းသွားခဲ့တာ။ အဲသည်တုန်းမှာပဲ

`ပြောင်းပင်တိုင်းကတော့ လူတရပ်စာ မမြင့်ဘူး မေရဲ့။ အောင်တဲ့အခင်းကျမှ သန်တာ၊ သိပ်မကောင်းရင် ခါးလောက်ပဲ ရှိတာ၊ အဲဒါဆို အဖူးကလည်း သေးတယ်´
ဟု မောင်က ပြောတော့တာ။ ကြည်ပါဦး ကျမနှင့် မောင်ကွာခြားပုံများ ကျမ၏ စိတ်ကူးယဉ်ဆန်မှုနှင့် သူ၏လက်တွေ့ကျမှု။ ခုလည်း ပြောရင်းဆိုရင်း လှည်းပေါ်မှ လွှားခနဲ ခုန်ဆင်းကာ ပြောင်းဖူးတွေ ချိုးနေပြန် သည်။ ကျစ်လျစ် သန်မာလှသော လူငယ်လေးကို ကျမ ငေးမိနေဆဲ လူငယ်လေးက သွက်လက်စွာ လှည်းပေါ် ပြန်ခုန်တက်ပြီး ခရီးဆက်ပြန်သည်။ ပြောင်းခင်းတွေ လွန်တော့ ကွင်းပြင်ကျယ်ထဲ ရောက်သွားပြန်သည်။

`နေသိပ်ပူနေပြီလားမေ´ဟု မောင်လှမ်းမေးလိုက်ဆဲမှာပင် ကွင်းပြင်ကျယ်တို့အလယ်မှာ ရှိနေသော တောအုပ်ကလေးတခုကို ကျမ လှမ်းမြင်လိုက်တာ။

`ဟယ်မောင်ရေ.... အဲဒါ ဘာပင်တွေလဲဟင်၊ အမရပူရက မယ်ဇယ်ပင်တန်းနဲ့ တူလိုက်တာ´

အုံ့ဆိုင်းမှိုင်းဝေလျက်ရှိသော အရွယ်တူအပင်တွေ ထောင်နှင့်ချီလိမ့်မည်။ မောင်က `သရက်ခြံ´ဟု ပြန်ဖြေစဉ်မှာပင် စိမ်းမြသော သရက်နံ့က လေနှင့် အတူ ကျမထံ လွင့်လာသည်။

မောင်က လှည်းကို ထိုတောအုပ်လေးဆီ ဦးတည်၏။ သရက်ရွက်ကျိုးကျဲတို့ကို ထိုးဖောက်ကာ နေရောင်က မြေပေါ်မျာ ပြိုးပြိုးပြောက်ပြောက် ကျနေ၏။ ဒါကိုက အလှတပါးပဲ။ မြေပေါ်မှာ သရက်သီးကင်းတွေ ဖွေးနေအောင် ကြွေကျနေတာမြင်တော့ ကျမက ရန်ကုန်မှာ ဈေးကြီးပေးဝယ်စားရတာကို သတိတရဖြင့် နှမြောနေမိသေးသည်။ သရက်ပင်တို့၏အခြေမှာ မြေပြင်ကလည်း ညီညာပြန့်ပျူး၏။


`ဒီမှာပဲ နားစို့မောင်ရယ်´

`ဒီနေရာမှာက ရေမရှိဘူး မေရဲ့၊ ရှေ့မှာ နားဖို့တဲ ရှိတယ်။ အရိပ်လည်း ကောင်းတယ်၊ အဲဒီ သွားမယ်နော်´

မောင်ရွေးချယ်သောနေရာက သောင်ပြင်နှင့်နီးနီး သရက်ပင်ကြီးတပင်အောက်က ဖက်မိုးတဲလေး ဖြစ်သည်။ အနားမှာတော့ ကိုင်းခရမ်းချဉ်တွေ၊ ငရုတ် တွေ၊ ဖရဲတွေ၊ သခွားတွေ သီးနေသော အချင်းရှိသည်။

တဲကလေး၏ ၀ါးကြမ်းခင်းမှာထိုင်ရင်း သရက်ပွင့်နံ့ကို ရှုရှိုက်ကာ သဲအိုးထဲမှ ရေအေးအေးကို သောက်ရင်း ကျမ နားနေတုန်း မောင်ကတော့ နွားတွေကိုဖြုတ်ကာ သရက်တောအုပ်ထဲမှာ လှန်ထား လေသည်။ ပြီးတော့ တဲကလေးနှင့် မလှမ်းမကမ်း မြေပြန့်ပြန့်မှာ ရှိနေသော မီးသွေးဖိုလေးနှင့် မီးမွှေးနေသည်။

`မောင်ရေ.. ဘာလုပ်မလို့လဲ.... လာကွယ် ... ကိုယ့်နားမှာ လာထိုင်နားပါဦးကွယ်၊ ဘာမှ မလုပ်နဲ့´

မောင်က လက်ကာပြပြီး ဆက် အလုပ်ရှုပ်နေ၏။ ခဏအကြာတော့ မီးဖိုမှ မီးတောက်လေးတွေ လွင့်တက်လာသည်။

`ကြည့်စမ်း..... ကိုယ့်မောင်က သိပ်တော်တာပဲ၊ မီးမွှေးတာများ ခဏလေးရယ်.... ကိုယ်ဆို လုံးဝ မမွှေးတတ်ဘူး´

`အောင်မာကွာ...... မတတ်ရင် တတ်အောင် သင်ရမှာပေါ့´ ဟု ပြုံးစစဖြင့် ကြိမ်းရင်း မောင်က သူချိုးလာသော ပြောင်းဖူးတွေကို အခွံမခွာဘဲ မီးဖိုထဲ ထည့်နေပြန်သည်။ ပြီးတော့ မီးဖိုက လေ၀င်ပေါက် တွေကို ပိတ်ပြီး မီးညွန့်မတက်အောင် လုပ်ပြန်သည်။ ကျမအတွက်တော့ မောင်က ထိုနေ့မှာ စိတ်ဝင်စားစရာ တွေဖြင့်သာ ကျမကို ဖမ်းစားနေသလိုပါပဲ။ ပြီးမှ မောင်က ကျမဆီ လျှောက်လာသည်။

`အဲလို အခွံပါထည့် မီးဖုတ်ပြီး စားဖူးလား´

`ဟင့်အင်း.... မြင်တာတောင် ခုမှ မြင်ဖူးတာ´
ဟု ကျမဖြေတော့ မောင်က သဘောတကျ ပြုံး၏။

`အဲလို မီးဖုတ်ရင် သူ့အရည်ဓါတ်နဲ့ သူနူးပြီး သိပ်ချိုတာ´
တဲ့။ တကယ်လည်း စားဖူးသမျှ အနူးညံ့ဆုံးနှင့် အမွှေးပျံ့ဆုံး ပြောင်းဖူးကို ကျမစားခဲ့ရလေသည်။

နောက်တော့ သခွားမွှေးခင်းတွေကို ဖြတ်ပြီး သောင်ပြင်ဆီ နေပူပူထဲ လမ်းလျှောက်ရတာကလည်း ပျော်စရာ ကောင်းနေပြန်သည်။ မောင်က ဖရဲသီးတလုံးကို မြေမှာ ပေါက်ခွဲပေးပြီး ဒီအတိုင်း ဖဲ့ ဖဲ့ ယူစားရတာက ပျော်စရာကောင်းသည့်အပြင် ဖရဲသီးကလည်း ရန်ကုန်သူကျမအတွက်တော့ အံ့သြစရာကောင်းလောက်အောင် ချိုလေသည်။

သောင်အစပ်မှာ လှေကလေးတစင်း ရှိ၏။ ပြီးတော့ ထိုနေရာလေးမှာ သံလွင်မြစ်က ကျဉ်းသည်။ `မောင် ကိုကို နှင့် မြနန္ဒာ´ထဲက လင်းနှင့် မြနန္ဒာ အင်းလျားကန်ထဲ လှေလှော်ကြတာကိုပင် သတိတရ လွမ်းဆွတ်သွားမိသေး၏။ တဖက်မှာ ပျံ့ပျူး လွင်ပြင်။ ကျမ မျှော်ကြည့်တော့ မောင်က `အဲဒါ ဖရဲခင်း´ဟု ပြောပြသည်။ ကျမကတော့ ထိုနေ့ကလေးမှာ သဘာဝ၏ ဖမ်းစားမှုထဲ အရူးအမူး ဖြစ်လို့။ မောင့် မျက်လုံးပြုံးပြုံးတွေကလည်း ကျမ၏ ရူးသွပ်မှုကို အားပေးအားမြှောက်လုပ်သေး၏။ နောက်တော့ အပြန်လမ်းမှာ ကျမက အဲဒါပဲ တကယ့်ဘ၀ဟု ထင်နေခဲ့တော့သည်။

.................

(ဆက်ရန် ရှိပါသေးသည်)


Aug 19, 2008

မြေနဲ့အတူ(အပိုင်း-၁)

ခရီးမှာ ရှိနေတုန်း... စာရေးဖို့ အဆင်မပြေလှတုန်း... ကျမရဲ့ ဘလော့လေးဆီကို လာနေကျဧည့်သည်များ အလဟဿ လှည့်မပြန်ရအောင်.. (တောင်းဆိုထားတဲ့သူတွေလည်း ကျေနပ်အောင်).. ရေးခဲ့ဖူးတဲ့ ၀တ္ထုလတ်တပုဒ်ကို အပိုင်းလိုက် ပြန်တင်သွားချင် ပါတယ်။ အဲဒီဝတ္ထုလေးက ဂျူး၊ မိုချာ့၊ ခက်မာတို့နဲ့ တွဲပြီး ၁၉၉၈ခုနှစ်တုန်းက ထွက်ခဲ့တဲ့ "အရောင်များနဲ့ ကစားခြင်း"စာအုပ်ထဲကပါ၊

မြေနဲ့အတူ



ဘယ်လောက်ပင် ကြေကွဲစရာ ကောင်းပါစေ၊ ကျမကတော့ မောင်နှင့် ပတ်သက်ရ သော ဘ၀လေးကို ဘုရားသခင်ပေးသနားသည့် လက်ဆောင်ထုပ်ကလေးဟုပင် မှတ်ထင် စွဲလမ်းလေသည်။

++++++

ကမ်းဦးထိပ်မှာသူက ခိုင်ခိုင်မာမာရပ်လို့ ကျန်ခဲ့ပြီ။ ခပ်ဝါးဝါးသာ မြင်နေရသော်လည်း တောက်ပသော သူ့မျက်လုံးတွေထဲက နာကျင်ကြေကွဲမှုကိုတော့ ကျမခံစားရသည်။ မောင် ဘာတွေတွေးနေလဲဟင်။ `မေ့ကိုလွမ်းနေတော့မှာ´လို့ ပြောလိုက်ပါလားကွယ်။ သင်္ဘောဥသြမှုတ်တော့ ကျမရင်ခုန်သံတွေက ပိုလို့ ပြင်းထန်လာသည်။ ခုနေ... အရင်ကလို မောင်တချက်လောက် နူးနူးညံ့ညံ့ ပြုံးပြလိုက်ရင်တောင် ကျမ ဆုံးဖြတ်ချက်ကို လျှော့လိုက်မိမှာ.... မောင်ရဲ့။ ဒါမှမဟုတ် လက်ကလေး တချက်လောက် ပြကွယ်။ ကျမ မောင့်ဆီ ပြန်ပြေးလာခဲ့မယ်လေ။

အတွေးထဲ ပေါက်ကွဲဘလောင်ဆူဆဲ.....။ သင်္ဘောက ဗောတံတားမှ ခွာသည်။ မောင်က လက်နှစ်ဖက်ကို တင်းတင်းပိုက်ဆဲ။ တရွေ့ရွေ့ဝေး.....။ ကျမ နှုတ်ခမ်းတချက်ကိုက်မိစဉ်မှာ တင်းထားသမျှ မျက်ရည်တို့ ပါးပေါ် လိမ့်ဆင်းလာကြ၏။ တဖြည်းဖြည်း ဝေးကျန်ခဲ့သော မောင့်ထံမှာ ကျမရဲ့ နေ့ရက်တို့လည်း ကျန်ခဲ့ပြီထင်၏။

သင်္ဘောအဝေးကြီးရောက်သည်အထိ အစက်အပြောက်မျှသာတွေ့ရသော မောင့်ခန္ဓာကိုယ်က အဲသည်နေရာမှာ ရပ်ဆဲ။
နေခဲ့တော့ အချစ်ရယ်...
ရှင့်ရဲ့ မြေကြီးတွေနဲ့အတူ......။

........................................

ကျမတို့နှစ်ယောက်၏ ခွဲခွာရမှုနှင့် ပတ်သက်လျှင် မောင့်ကိုချည်းပဲ အပြစ်တင်ဖို့တော့ မဖြစ်နိုင်ပေ။ ဖြစ်ချင်းဖြစ် တကယ် အပြစ်ပိုရှိမှာက ကျမပင် ဖြစ်နိုင်ပါသေးသည်။

ကျမတို၏ နှစ်ယောက်ဘ၀နှင့် ပတ်သက်လျှင် မောင်က ဟိုးအစောပိုင်းကာလတွေကတည်းက `တို့နှစ်ယောက်ဘ၀ဟာ ဘယ်လိုမှ ပေါင်းစပ်မရနိုင်ဘူး´ ဟု မကြာခဏ ပြောခဲ့ပြီးသားပဲ။ ကျမကိုယ်တိုင်ပင် ထိုစဉ်က မောင်ကို ပြန်လည် ငြင်းဆန်ဖို့ အချက်အလက်မခိုင်လုံခဲ့ပေ။ `ဘုရားပေးသလောက်ပေါ့ မောင်ရယ်´ ဟူသော စကားမျှလောက်ကိုသာ တုံ့ပြန်နိုင်ခဲ့သည်။ ပြီးတော့ ကျမရောမောင်ပါ နှစ်ယောက်လုံး ဝေးကွာဖို့ ကြိုးစားခဲ့ကြပါလျက်နှင့် ကျမတို့နှစ်ယောက်က တဖြည်း ဖြည်း တိုးကပ်နီးစပ်သွားခဲ့တာ။ `အဲဒါဟာ အချစ်ပဲ´ဟု တက်ညီလက်ညီ လက်ခံလိုက်ကြရသည့်အချိန်မှာတော့ အံ့သြစရာကောင်းလှစွာပင် မောင်နှင့်ကျမက တယောက်ကိုတယောက် ချစ်တယ်ဟု မဖွင့်ဟလိုက်ကြရပါဘဲနှင့် ချစ်သူတွေဘ၀ကို ရောက်နေခဲ့ကြပြီ ဖြစ်သည်။

ဒါကို ဘယ်လိုငြင်းဆန်မလဲ.....။
ယင်းသည်ပင် ဘုရားသခင်ပေးသော လက်ဆောင်ထုပ်ကလေး ဖြစ်လိမ့်မည်။
တကယ်တော့ `ချစ်ခြင်းတရား´ ဆိုတာကိုက ပဉ္စလက်ဆန်သည် ထင်၏။
ကြည့်လေ.....တကယ့်ကိုခေတ်ဆန်ပေ့ဆိုသည့် ရန်ကုန်သူကျမက မြန်မာပြည်မြေပုံကားချပ်ပေါ်မှာပင် မပါသည့် ရွာလေးတရွာမှ မောင်နှင့် သေသေချာချာကို လာတွေ့ကြရတာ။

မောင့်ကိုတွေ့တော့ ဒါဟာ ကျမချစ်ရမည့်သူဟု နည်းနည်းမှ မထင်ခဲ့ချေ။ `ရာကျော်´ဆိုသော လူငယ်ကလေး က ထူးခြားတယ်ဆိုတာလောက်ပဲ ကျမက မှတ်မှတ်သားသားရှိခဲ့၏။

သို့ပေမဲ့ အဲဒီ ကျမနှင့်မှ မောင်က မရှောင်သာအောင် ကြုံကြိုက်ခဲ့ပေသည်။

...............

ကျမဘ၀ထဲကို မောင်ရောက်လာပုံက ညင်သာသိမ်မွေ့လွန်းလှရာ ကျမ ကိုယ်တိုင်ပင် အလွန်နောက်ကျပြီးမှ မောင်ရောက်နေခဲ့ပြီဖြစ်သည်ကို သိရှိခဲ့ရလေသည်။

သို့ပေမဲ့......မောင်က အရင် ကျမထံ ၀င်ရောက်ခဲ့သည်လား........ကျမကပဲ အရင် ကြိုဆိုခေါ်ယူခဲ့လား ဆိုတာကိုတော့ ကျမတို့ နှစ်ယောက်စလုံး မသိလိုက်ကြချေ။ နှစ်ယောက်လုံး သတိပြုမိလိုက်ချိန်မှာတော့ မောင်နှင့်ကျမက အလွန်နီးကပ်စွာ ရှိနေခဲ့ကြပြီဖြစ်သည်။

.....................

ကျမဘက်ကတော့ မောင့်မှာရှိသည့် ထူးခြားသော အရည်အချင်းတွေမှ စကာ မောင့်ကိုချစ်ခင်သွား ရသည်ဟု ထင်သည်။ မောင်ကတော့ ကျမက သူ့ကို နားလည်ကာ သူနှင့်အထူးတလည် ညှိနှိုင်းစရာမလိုဘဲ စိတ်တူကိုယ်တူရှိလို့ ကျမ ကို ချစ်သွားခဲ့တာဟုဆိုသည်။ ဘာပဲဖြစ်ဖြစ်....` အချစ်က အချစ်ပါပဲမောင်ရယ်´ ဟု ကျမကပြောတော့ မောင်က

`မေ စိတ်မညစ်နဲ့နော်၊ မောင်က အချစ်ဆိုတာ ကို မသိဘူး။ အဲဒါဟာ မေပြောသလို အချစ်ပဲဆိုရင်တော့ ကောင်းတာပေါ့´
ဟု ခပ်ရိုးရိုးပဲ တုံ့ပြန်ခဲ့တာ။ မောင့်အပြောကို ကျမက နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြီး တုံ့ပြန်လျှင်တော့ မောင်က ကလေးငယ်လေးလို မျက်နှာထားရခက်စွာ ပြုံးရင်း ကျမ၏ နားသယ်ဆံစကို နမ်းမွှေးတတ်လေသည်။

ပြီးတော့ ကျမတို့နှစ်ယောက် မကြာခဏ တက်ညီလက်ညီ ပြောဖြစ်ကြတာကတော့..... `သိပ် အံ့သြစရာကောင်းတာပဲ´ တို့နှစ်ယောက် ဘယ်လိုလုပ်ပြီး ခုလောက် နီးစပ်သွားကြပါလိမ့်.... ဟူသော စကားမျိုးကိုပဲ ဖြစ်သည်။ တကယ်တော့ မောင်ရော ကျမပါ... ကျမတို့နှစ်ယောက်ဘ၀က ဘယ်လိုမှ ပေါင်းဆုံနီးစပ်ဖို့ မဖြစ်နိုင်သည်ကို နားလည်ထားခဲ့သည်ပဲ။

ဒါပေမဲ့ ကျမတို့နှစ်ယောက်ကတော့ဖြင့် သည်းသည်းမည်းမည်း နီးကပ်သွားခဲ့ပြီ။ တယောက်ကိုတယောက် `ချစ်တယ်´ဟု ဖွင့်မပြောခဲ့ဖူးပါဘဲနှင့် ကျမ နှင့်မောင်က ချစ်သူတွေ ဖြစ်သွားခဲ့ကြပြီ။

............................

မောင်နှင့်ကျမ သူငယ်ချင်းဘ၀မှာ မောင့်ကိုကျမ တအံ့တသြ စိတ်ဝင်စားခဲ့ဖူးသည်။ မောင်သည် ကျမ မျှော်လင့်ထားခဲ့ဖူးသည့် ကျေးလက်က သာမန်လူငယ်တယောက် မဟုတ်ပေ။ မောင်က သူ့အရွယ်ထက် ပို၍ ရင့်ကျက်သည်။ ကျမက စိတ်လှုပ်ရှားလွယ်သူ၊ သွေးဆူတတ်သူမို့ မောင့်ရဲ့ သွေးအေးမှုနှင့် ချင့်ချိန် စဉ်းစား တတ်မှုကို အံ့သြခဲ့ရသည်။

ကျမက ယောက်ျားတွေနှင့် ပတ်သက်လျှင် ... ကိုယ့်ကိုယ်ကို ကွပ်ကဲနိုင်သူ၊ ပတ်ဝန်းကျင်လေ့လာသူ၊ ဆုံးဖြတ်ချက် ပြတ်သားသူ၊ နောင်တမရတတ်သူ၊ စာဖတ်ဝါသနာပါသူ၊ အနုပညာကို ချစ်တတ်သူ၊ ကြင်နာတတ်သူ၊ ရဲရင့်မာကျောသည်နှင့်အမျှ နူးညံ့ယဉ်ကျေးသူ၊ ရိုးသားဖြူစင်သူ၊ ဟန်မဆောင်တတ်သူ၊ မညာတတ်သူ၊ စိတ်ဆိုး စိတ်ညစ်မရှိသူ၊ ဉာဏ်ကောင်းသူ၊ လူနေမှုအဆင့်အတန်းမြင့်သူ.... စသော အရည်အချင်းတွေနှင့် ပြည့်စုံသင့်သည်ဟု သတ်မှတ်ထားသည်။ စင်စစ် ကျမကမှ အလွန် လောဘကြီးသူသာ ဖြစ်သည်။ သို့ပေမဲ့ အံသြစရာကောင်းလှစွာပင် မောင်သည် ကျမ၏ များပြားလှသော စံ အားလုံးနှင့် ခြွင်းချက်မရှိ ကိုက်ညီနေခဲ့ သည်။ သို့နှင့်ပင် ကျမက မောင့်ထံမှာ ငြိတွယ်သွားတော့တာ....။ ပိုဆိုးတာကတော့ စူးစိုက်ကြည့်တတ်သော မောင့်မျက်လုံးတွေထဲမှာ ကျမ လှုပ်ရုန်းမရတော့တာပဲ ဖြစ်သည်။

မောင့်မျက်လုံးတွေထဲ စိုက်ကြည့်ပြီး အကြိမ်ပေါင်းများစွာ `ချစ်တယ်´ဟု အသံတိတ် ရေရွတ်နေခဲ့မိပြီး ရက်ပေါင်းများစွာကြာမှ မောင့်ထံမှ `အချစ်´ကို ကျမ တကယ် ခံစားခဲ့ရတာ။

....................

မောင့်ကို ချစ်မိပြီဟု ကျမကိုယ်ကျမ စသိလိုက်ရချိန်မှာ ကျမ ဘာလုပ်ရမလဲဟု စဉ်းစားပြီး မောင့်အပါးမှ ထွက်ပြေးဖို့ကိုပဲ ရွေးချယ်ဖြစ်လိုက်သည်။ တကယ်ပဲ ကျမက မောင်နှင့် ပေါင်းစည်းရန် မဖြစ်နိုင်ဟု ထင်သည်။ သို့နှင့်ပင် ကျမက ကျမ၏အ၀န်းအ၀ိုင်းဆီ ပြန်ပြေးပြီး မောင့်ကို မေ့ပျောက်ဖို့ ကြိုးစားရသည်။

သို့ပေမဲ့ အချိန်တန်တော့လည်း မောင်ရှိနေတဲ့နေရာဆီ ကျမက ပြန်မလာလို့မှ မရဘဲ။ ပြန်လာတော့လည်း မောင်နှင့်မျက်နှာချင်းဆိုင်လိုက်သည်နှင့်ပင် မောင် နှင့် ဝေးအောင်နေမည် ဟူသော ကျမရဲ့ဆုံးဖြတ်ချက်တို့က ရုတ်တရက် ပြိုလဲရပြန်သည်။

မောင့်ဘက်ကရော.....။ နောက်မှ မောင်ပြန်ပြောပြတာ.... မောင်လည်း ရှောင်ဖို့ ကြိုးစားကာ ကျမကိုထားခဲ့ပြီး ရွာကို မကြာခဏ ပြန်ပြေး.....။ သို့ပေမဲ့ ကျမရှေ့ကိုပဲ ပြန်ရောက်ရသတဲ့လေ။ နောက်ဆုံးတော့ နှစ်ယောက်စလုံး တယောက်ထံတယောက် လက်နက်ချကာ မိုးတွေ သည်းသည်းရွာတဲ့တနေ့.... ကျမမှာ ထီးမပါတဲ့နေ့၊ မောင့်ထီးတချောင်းကို နှစ်ယောက်လုံအောင်ဆောင်းပြီး ကျမအိမ်အပြန်ကို မောင်လိုက်ပို့သည့် ညနေကလေးမှာ ချမ်းလည်းမချမ်းပါဘဲနှင့် ကျမနှင့်မောင်တို့ တုန်ယင်လှိုက်လှဲလျက် ကျမရဲ့ နားထင်ဆံစပ်ကို မောင်က ဖျတ်ကနဲ နမ်းမွှေးလိုက်တာ။ ကျမ မှင်သက် ငြိမ်တိတ်ကာ အလိုလို မျက်ရည်တွေ လည်လာပြီး မောင်လက်မောင်းမှာ ပါးအပ်ရင်း မောပန်းနွမ်းနယ်သလို ရင်ခုန်သွားခဲ့တာ။

ကြည့်စမ်းပါဦး....။ ကျမတို့နှစ်ယောက်က ဘယ်အချိန်မှာကတည်းက ချစ်နေခဲ့ကြတာလဲ။ ပြီးတော့ ချစ်သူတွေ ဖြစ်နေခဲ့ကြတာလဲ။
သေချာတာကတော့ အဲဒီနောက်မှာ ကျမတို့နှစ်ယောက် ထွက်ပြေးလို့ မရကြတော့တာပဲဖြစ်သည်။

.................

မောင်ကတော့ ကျမနှင့် ချစ်သူတွေဖြစ်ကြပြီး သိပ်မကြာခင်မှာပင်....

`သေချာတာတခုက မင်း မောင့်ဘ၀ထဲကို မလိုက်နိုင်ဘူးဆိုတာပဲ´
ဟု ပြောခဲ့သည်။ ထိုစဉ်ကတော့ ကျမက.....
`ဒါဆိုလည်း တို့ဘ၀ထဲကို မောင်လိုက်ခဲ့ပေါ့´
ဟုပင် ပေါ့ပေါ့ပါးပါး ပြန်ပြောခဲ့ သည်။ မောင်က ကျမကို ပြန်လည်စူးစိုက်ကြည့်ရင်း.....
`မဖြစ်နိုင်ဘူးမေ၊ ကိုယ် မင်းဘ၀ထဲကို မလိုက်ရဲဘူး´
ဟု ချက်ချင်းပဲ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့တာ။ သည်တော့လည်း မောင့်အငြင်းကို ကျမ ပြန်လည် တုံ့ပြန် ငြင်းဆိုရန် မတတ်နိုင်ဘဲ ရှိ၏။ ထိုအခါ....
`မောင်ရယ် တို့နှစ်ယောက် ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ယူဆပြီး ဘယ်လောက် ရှောင်ခဲ့ကြ လဲ၊ မငြိတွယ်မိအောင် ဘယ်လောက် ကြိုးစားခဲ့ကြလဲ၊ အဲဒီကြားထဲကမှ ခုလို ဖြစ်ခဲ့ရပြီပဲ၊ တခုခုတော့ မျှော်လင့်နိုင်ဦးမှာပါကွယ်´
ဟုသာ မခိုင်မမာ ပြန်ပြောဖြစ်သည်။ တကယ်တော့ ဒါဟာ ချွေးသိပ်စကားမျှသာပဲ။ ကျမ ထိုသို့အပြောမှာ မောင်က သက်ပြင်းတချက်ရှိုက်ရင်း ခေါင်းခါ၏။
`ဒါပေမဲ့ တို့မောင့်ကို ချစ်တယ်´
ဟု ကျမက မောင့်နားကပ်ပြီး တိုးတိုးပြောတော့ဖြင့် မောင်က ကျမပခုံးတွေကို ကျစ်ကျစ်ဆုပ်ကာ နဖူးဆံစကို ဖွဖွနမ်းရှာသည်။

နောက်တော့ အလွန်မတန် စိတ်ကူးယဉ်သော ကျမက....
`မောင့်ဘ၀ဆီကို လိုက်ကြည့်မယ်လေ.....၊ ကြိုတင်ပြင်သင့်တာ ပြင်ထားရအောင်ပေါ့´
ဟု ခပ်နော့နော့ ပူဆာဖြစ်တော့သည်။ မောင်က ပြုံးလို့......။ အဲဒီတုန်းကတော့ မောင်ကိုယ်တိုင်ပင် လိုလားတက်ကြွစွာ ပျော်ရွှင်ကျေနပ်စွာ ကျမကို ဖိတ်ခေါ် ကြိုဆို ခဲ့တာ။
တကယ်က စိတ်ကူးယဉ်ဘ၀တခုထဲကို ကျမတို့နှစ်ယောက် နောက်တဆင့် ထပ်ဆင်း ကြည့်လိုက်တာလည်းဖြစ်သည်။


..................


(ဆက်ရန်...)

Aug 15, 2008

ဆရာကြီးမင်းသုဝဏ်သို့ ဂါရ၀အလွမ်း


လွန်ခဲ့တဲ့ ၄နှစ်.. မိုးဖွဲဖွဲရွာနေတတ်တဲ့ သြဂုတ်လရဲ့ မိုးရေစက်တွေထဲမှာ လူမစည်ကားအပ်ဘူးဆိုတဲ့ သင်္ချိုင်းမြေမှာ နှစ်ရက်ဆက်တိုက် လူစည်ကားခဲ့တယ်။ အဲဒါက လူ့လောကထဲက ရက်ဆက်ပြီး ထွက်သွားခဲ့ကြတဲ့ ထူးအိမ်သင်နဲ့ ဆရာကြီး မင်းသုဝဏ်တို့ကို လိုက်ပို့ နှုတ်ဆက်ကြသူတွေကြောင့် စည်ကားသွားခဲ့တာပါ..။ တိုက်တိုက်ဆိုင်ဆိုင် နှစ်ယောက်စလုံး က မြန်မာ့နိုင်ငံရေးမှာ သမိုင်းဝင်ဖြစ်တဲ့ သြဂုတ်လ အရေးတော်ပုံကြီးရဲ့ သူရဲကောင်းစာရင်းဝင် တွေ..။

ထူးအိမ်သင်က သေသည့်အထိ စစ်အစိုးရ သစ္စာခံ လုံးဝ မလုပ်ခဲ့.. ပေါ်လစီသီချင်းတောင် မဆိုခဲ့သူ...။ ဒီလိုပဲ ဆရာကြီးကလည်း ကွယ်လွန်သည်အထိ စစ်အစိုးရကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သူ။ အဲဒီအခါ.. သြဂုတ်လရဲ့ သမိုင်းကြောင်းထဲ အဲဒီ သူရဲကောင်းနှစ်ဦးရဲ့ နှုတ်ဆက်ချိန် ၁၄ရက်နဲ့ ၁၅ရက်ကလည်း အမှတ်အသားတခု ဖြစ်တော့တယ်။

သူတို့ဟာ နိုင်ငံအပေါ်.. လူမျိုးအပေါ်.. ယဉ်ကျေးမှုအပေါ်.. စာပေအပေါ်.. သူတို့ကျင်လည်ရာနယ်ပယ်အပေါ်.. သစ္စာရှိ.. တာဝန်ကျေသူတွေ.. သူတို့ ကျင်လည်ခဲ့ရာ လောကအပေါ် အကောင်းဆုံး လက်ဆောင်တွေသာ ပေးအပ်ခဲ့သူတွေ။

သူတို့နှစ်ဦး လဲလျောင်းရာ မြေနေရာချင်းကလည်း ကပ်လျက်..။ ခေတ်ချင်း အသက်အရွယ်ချင်း ကွာပေမဲ့ ဘာသာစကားတူ.. နှလုံးသားတူသူချင်း ပြောစရာစကားတွေ... သူတို့အကြားမှာ စီးဆင်းနေလိမ့်မယ်..။
ခေတ်အဆက်ဆက် စီးဆင်းလာတဲ့ စာပေယဉ်ကျေးမှုစီးကြောင်းတွေ... ဂီတစီးကြောင်းတွေ... နိုင်ငံရေး လက္ခဏာတွေအကြောင်း ပြောနေကြလေမလား..။

သေချာတာကတော့ အဲဒီဝန်းကျင်တ၀ိုက်မှာ ..
ပိုင်ဆိုင်မှုအတွက် စစ်မက်များ... ရင်ဆိုင်တိုက်ခိုက်ခဲ့ကြရ...
ဂန္ဓ၀င်မြောက်တဲ့ အချစ်နဲ့ .... ကာကွယ်သူ တို့ရဲ့ဓားတွေ...
သူရဲကောင်းတို့ မွေးဖွား.... ဒါဟာ ငါတို့ သမိုင်းရဲ့တောက်ပခဲ့တဲ့ နေ့ရက်များ...
ဧရာဝတီ............
ရာဇ၀င်များရဲ့ သတို့သမီးး ငါတို့ရဲ့ မိခင်..... ဧရာဝတီ.....
ရာဇ၀င်များရဲ့ သတို့သမီးး ငါတို့ရဲ့ ၀ိဥာဉ် ....... ဧရာဝတီ......
ဆိုတဲ့ ကြွေးကျော်သံတွေ... တိတ်တဆိတ် ညံနေပေလိမ့်မယ်။ အဲလိုပဲ ...
ခရီးမတ်တတ် လမ်းခုလပ်တွင်
ကိုယ်လွတ်ရှောင်ခွာခဲ့ရပါ၍
အားနာခဲ့ကြောင်းပြောပါလေ...
ဆိုတဲ့ "သူ့မှာတမ်း"ကဗျာတစလည်း လွင့်ပျံ့နေပေလိမ့်မယ်..။

ဒါတွေဟာ.. ခုချိန်ထိ 'ဘကြီးအောင်'ညာတာကို ခံနေရဆဲဖြစ်တဲ့ မြန်မာပြည်သူတွေကို ရွှေရုပ်ကလေး ပြန်ရဖို့အရေး... ပြီးတော့ 'ဧရာဝတီ'ကို ဆုံးရှုံး မသွားရဖို့အရေးတွေအတွက် အမြဲ ကြိုးစားနေစေဖို့ သတိပေးနေတဲ့ တေးသံတွေလည်း ဖြစ်တယ်..။

ဆရာကြီးရေ..
သူ့ခေါင်းမှာလည်း သပြေညို
ကိုယ့်ခေါင်းမှာလည်း သပြေညို
သပြေညို ရွှေဘိုပန်းရယ်..
လန်းလျက်ပါကို..
ဆိုတဲ့ကဗျာလေး ပိုင်ပိုင်ဆိုဖို့...... ....... .........


Aug 14, 2008

ကိုငှက်သို့.......လွမ်းခြင်း

ပြီးခဲ့တဲ့ ၄နှစ် ...
လေထန်ကုန်းကို သိသိသာသာ လှုပ်ခတ်သွားစေတဲ့ မုန်တိုင်းငယ်တခု။
အဲဒါဟာ ဂီတတန်ဖိုးသိသူတွေကြားထဲထိ ရိုက်ခတ်သွားတဲ့ မုန်တိုင်းတခုလည်းဖြစ်တယ်။
ထူးအိမ်သင် ဆုံးပြီ... တဲ့။
ငှက်ကြီး ... သွားပြီ... တဲ့။
ကိုသျှပ်တော့ တကယ် သွားပြီ..တဲ့။
ဘဲဥ ဆုံးပြီ.. တဲ့။


ကျော်မြင့်လွင် (ထူးအိမ်သင်)
(၁၊၇၊ ၁၉၆၂ - ၁၄၊၈၊၂၀၀၄)

သူဟာ ...
ဆင်းရဲတွင်း ဘယ်လောက်နက်လည်း.. ကျနော်ဟာ အမေ့ရဲ့သား... မိုက်မိုက်မဲမဲ ရိုးသားနေဆဲ.. ဆိုတဲ့ စကားကို သေတဲ့အထိ တည်ခဲ့သူ။
သူဟာ...
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ.. ပန်းပွင့်တွေ ဆုတောင်းနေ..
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ.. ကျေးငှက်တွေ တောင်းဆိုနေ ... လို့ ယုံကြည်စွာနဲ့
ငြိမ်းချမ်းရေးကို လိုလားခဲ့သူ...။
သူဟာ...

“ မြို့ပြရဲ့လမ်းများပေါ် လျှောက်သွားရင်းနဲ့မောပန်းနွမ်းနယ် နှလုံးသား က လွမ်းဆွတ်လို့ တမ်းတမိခဲ့ အမေ့ရဲ့အိမ်ကို အေးမြတဲ့ အမေ့ရဲ့ မေတ္တာရိပ်နဲ့ ဝေးခဲ့သူမို့ ....”
လို့ အမေကို ဆွတ်ဆွတ်ပျံ့ပျံ့ လွမ်းတတ်တဲ့ သားး။
သူ့ရဲ့
"ရထားဥသြသံလေးများကြားရင် အိမ်ပြန်ချင်တဲ့စိတ်ကလေးတားမရဘူး..."
ဆိုတဲ့ ငိုညည်းသံဟာ အမေ့အိမ်နဲ့ ဝေးနေရတဲ့ ကျမတို့ အားလုံးကို အချိန်တိုင်းမှာ ကြက်သီးထ မျက်ရည်ဝဲ ငိုကြွေးစေခဲ့တာ။

သူ.... မရှိတော့မှ

"ဥာဏ်ပညာရယ်..ချစ်ခြင်းတရား.. လှပတဲ့နေ့ရက်တွေ ရှိဦးမလား....
ဒီဥာဏ်ပညာရယ်..ချစ်ခြင်းတရား.. ဒီဘ၀မှာ ဆိုးဝါးတဲ့ အဓမ္မကို နိုင်ဦးမလား...
ယုံကြည်တမ်းတတဲ့ နှလုံးသားများ အားလုံးရဲ့ ကမ္ဘာသစ်ရယ်..
ယုံကြည်တမ်းတတဲ့ နှလုံးသားများ အားလုံးရဲ့ အိပ်မက်ရယ်..
အိုးး... သွားမယ်.. အိုး....သွားမယ်.. အိုးး.... ရှာမယ်...."
လို့ သူတောင့်တခဲ့တာကို ကျမတို့ ကြားကြရအောင် သူ့သူငယ်ချင်း လေးဖြူနဲ့ Iron Cross တွေ ဆိုပြလို့ သိရပြန်တယ်။

တကယ်ပဲ..
ကျမတို့ ကမ္ဘာ.. ကျမတို့ တိုင်းပြည်မှာ လိုနေတာ..
ဥာဏ်ပညာနဲ့အတူ... ချစ်ခြင်းတရားပါ ပူးတွဲရှိဖို့။ ဒါက အရှင်းဆုံး..ပြီးတော့ အသေချာဆုံး လိုအပ်ချက်။

ခု အနီးဆုံး ကျမတို့ တိုင်းပြည်မှာ ဥာဏ်ပညာရှိရင်တောင်မှ ချစ်ခြင်းတရားမရှိကြတဲ့ အစိုးရကြောင့် ပြည်သူလူထု စိတ်ဆင်းရဲနေကြရ..ဒုက္ခရောက်နေကြရ..။

အဲလိုပဲ ကျမတို့နဲ့ အလှမ်းမဝေးလှတဲ့ နေရာတွေမှာရော.. ဥာဏ်ပညာနောက်ကို ချစ်ခြင်းတရားက မလိုက်ပါလို့မို့ စစ်မက်တွေဖြစ်ကြ..။
စာရေးဆရာမ "ဂျူး" ရေးသလို အမုန်းကြောင့် ဖြစ်တဲ့ စစ်ပွဲတွေ...။

ကိုငှက်ရေ...
ခုထိ သေချာတာက... ကျမတို့အားလုံး လိုချင်တာဟာ..
ကိုငှက်ပြောခဲ့တဲ့အတိုင်း ...

"ဥာဏ်ပညာရယ်..ချစ်ခြင်းတရား.. တောက်ပတဲ့နေ့ရက်တွေ ကြုံဦးမလား....
ဒီဥာဏ်ပညာရယ်..ချစ်ခြင်းတရား.. အိုး ဆိုးလွန်းတဲ့ အဓမ္မကို နိုင်ဦးမလား...
ယုံကြည်တမ်းတတဲ့ နှလုံးသားများ အားလုံးရဲ့ ကမ္ဘာသစ်ရယ်..
ယုံကြည်တမ်းတတဲ့ နှလုံးသားများ အားလုံးရဲ့ အိပ်မက်ရယ်.......
ယုံကြည်တမ်းတတဲ့ နှလုံးသားများ အားလုံးရဲ့ ကမ္ဘာသစ်ရယ်..
ယုံကြည်တမ်းတတဲ့ နှလုံးသားများ အားလုံးရဲ့ အိပ်မက်ရယ်.......


ဘာပဲပြောပြော..
ကိုငှက်ကတော့ တနည်းတဖုံနဲ့ အေးရာရောက်သွားခဲ့ပြီ..။
ကျမတို့ကတော့....
ဥာဏ်ပညာရယ်..ချစ်ခြင်းတရား.. လှပတဲ့နေ့ရက်တွေ ကြုံဦးမလား....လို့
ရှာဆဲ.. ရှာဆဲ.. ရှာဆဲ.........

ကိုငှက်သို့
ချစ်ခြင်းအားဖြင့်
မေငြိမ်း

Aug 3, 2008

၈လေးလုံးအမှတ်တရ ရင်ဖွင့်တဲ့စာ

နိုင်ငံရေးနဲ့ ပတ်သက်ပြီး မရေး မရေးနဲ့ နေလိုက်တာ၊ ခုတော့ တကယ် ရှည်ရှည်ဝေးဝေး ရေးချင်စိတ်တွေ ပေါ်လာတာနဲ့ ရေးလိုက်ရပါပြီ။ (သည်းခံဖတ်ကြပါကုန်......)။ ရေးချင်စိတ်ပေါ်လာရတဲ့အကြောင်းကိုလည်း ပြောပြပါဦးမယ်။

မနေ့က ကျမသူငယ်ချင်း ခင်မင်းဇော်ရဲ့ ၈လေးလုံး post ကို ဖတ်ရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီအချိန်မှာ ကျမက Radio Free Asia အပတ်စဉ်ပညာရေးကဏ္ဍ အတွက် စာရေးနေတာက စစ်အစိုးရက ဆယ်တန်းမြန်မာစာသင်ရိုးထဲကနေ ဖြုတ်ပစ်လိုက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ "ပြည်သူ့ညီလာခံ" ကောက်နုတ်ချက်အကြောင်းပါ။ ကျမစိတ်ထဲ ပြည်သူ့ညီလာခံကောက်နုတ်ချက်ကို ပြန်ဖတ်ရင်း ကျောင်းသား တွေ သင်ခွင့်မရတော့တဲ့အတွက်ကို နှမျောနေမိပါတယ်။ အဲဒီအချိန် ခင်မင်းဇော်ရဲ့ post ကို ဖတ်ရတော့ အင်းး.. ဗိုလ်ချုပ် ဗိုလ်ချုပ်.. သိတတ် မြင်တတ်လိုက်လေခြင်း..၊ ပြောတတ် ဆိုတတ်လိုက်လေခြင်း..၊ တိုင်းပြည်အတွက် စေတနာရှိလိုက်လေခြင်းလို့ အကြည်ညိုပွားနေမိပြန်ပါတယ်။ ဒါနဲ့ပဲ တခုခု ပြောချင် ရေးချင် စိတ် ပေါ်လာတာပါပဲ။

လောလောဆယ် "ပြည်သူ့ညီလာခံ"အကြောင်း ပြောပြချင်ပါတယ်။ အဲဒီ စကားပြေက ဖဆပလအဖွဲ့ချုပ်ရဲ့ ပြည်သူ့ညီလာခံမှာ ဗိုလ်ချုပ် ပြောခဲ့တဲ့ မိန့်ခွန်းကို ကောက်နုတ်ထားတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ဗိုလ်ချုပ်က ပြောခဲ့တာတွေထဲက တချို့ကို ပြောပြချင်တာပါ။ ဗိုလ်ချုပ်က ပြောခဲ့ပါတယ်။

ကမ္ဘာသူကမ္ဘာသားတို့ ရှေးရိုးစဉ်လာ ဥာဏ်မျက်စေ့ကျယ်စွာဖြင့် ပြုလုပ် ဆောင်ရွက်ခဲ့ကြသော နည်းနာနိဿယအတိုင်းဖြစ်ရကား လျော်ကန်သင့်မြတ် ဖြောင့်ဖြူးသော စုဝေးခြင်းပေတည်း၊ ရှေးပဝေသဏီကစ၍ ကမ္ဘာသူကမ္ဘာသားတို့သည် ပြဿနာတခုကို ကြုံတွေ့ရလျှင် ဤကဲ့သို့ပင် စုဝေးဆွေးနွေးဖြေရှင်းခဲ့ကြပေသည်...
တဲ့။ ကြည့်ပါဦး။ အဲဒီတုန်းကတည်းက တွေ့ဆုံဆွေးနွေးရေးအဖြေရှာရေးကို စဉ်းစားခဲ့တာ။ နောက်ပြီးတော့
ကျွန်ုပ်တို့၏လူမျိုးအတွက် သတ္တိဗျတ္တိနှင့် အံ့ဖွယ်ဘနန်း သက်စွန့်ကြိုးပမ်း အမှုထမ်းခဲ့ကြသည့် မရေမတွက်နိုင်သော သွားလေသူ မျိုးချစ်ပုဂ္ဂိုလ်အပေါင်းတို့နှင့်တကွ ထိုပုဂ္ဂိုလ်တို့ ပေးအပ်ခဲ့သည့် အမွေအနှစ်တည်းဟူသော အာဇာနည်စိတ် စသည်တို့ကို ယခုအချိန် အခါ၌ သတိရကြပေလိမ့် မည်။ သို့ သတိရကြသည့်အားလျော်စွာ ထိုထိုသော အာဇာနည်ပုဂ္ဂိုလ် အပေါင်းတို့အား ကျွန်ုပ်တို့သည် ခဏတာမျှ အရိုအသေပြုပြီးလျှင် ထိုထိုသော အာဇာနည်ပုဂ္ဂိုလ်တို့၏ အဆင့်အတန်းကို မီအောင် အားထုတ်လုံးပမ်းမည်။ ထိုထိုသော အာဇာနည်ပုဂ္ဂိုလ်တို့၏ လုပ်ငန်းကို ဆုံးခန်းတိုင် ဆက်လက်၍ ဆောင်ရွက်မည်ဟု သစ္စာပြုကြပါစို့ ...
တဲ့။

အင်းးး ကျမတို့မှာလည်း ဝေးဝေးမကြည့်နဲ့၊ ၈၈ကိုပဲ ကြည့်ရင်တောင် ကျမတို့ အရိုအသေပြုရမယ့် သစ္စာပြုရမယ့် အာဇာနည်တွေ အများကြီး။ ကျမတို့ ဘယ်လောက် တာဝန်ကျေနိုင်ပြီလဲ..။ (ဗိုလ်ချုပ်စကားတွေက အဲလို ကွက်တိကျတာ)

ဗိုလ်ချူပ်အောင်ဆန်းက အဲဒီမိန့်ခွန်းမှာပဲ

လွတ်လပ်ရေးရဖို့အတွက်ဆိုရင် မျက်စေ့တမှိတ် လျှပ်တပြက် အတွင်းမှာတော့ မရနိုင်၊ အဆင့်ဆင့်အခြေအနေကို ကြည့်ရှုပြီး လုံးပန်းနိုင်မှ တိုးတက်အောင်မြင်မှုရှိနိုင်မယ်...
လို့လည်း ပြောခဲ့ပါသေးတယ်။

အင်းး ကြာတတ်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ပြောသလိုရော တချိန်လုံး လုံးပန်းနေကြရဲ့လား။
ပြီးတော့ ဗိုလ်ချုပ်က ပြောထားသေးတယ်။

သတ္တိဗျတ္တိရှိသူများကိုသာ အားမကိုးမူ၍ လူတိုင်း လူတိုင်းပင် မိမိတို့ကိုယ်တိုင် သတ္တိဗျတ္တိ ရှိသော သူရဲကောင်းများဖြစ်အောင် စွန့်စားရပေလိမ့်မည်၊ သို့မှသာလျှင် ကျွန်ုပ်တို့အားလုံး လွတ်လပ်ရေး အစစ် ကို ခံစားခွင့်ရပေလိမ့်မည်...
တဲ့။ အင်းးး အန်တီစု၊ NLD ၊ ၈၈မျိုးဆက်ကျောင်းသားများမှသည် မျိုးဆက်သစ် ဗကသ နဲ့ Generation Wave တွေအထိ သူရဲကောင်းတွေ ပြိုးပြိုးပြောက်ပြောက် ထွက်ခဲ့။ ဒါပေမဲ့ လူတိုင်းလူတိုင်းဆိုတဲ့ အခြေအနေထိတော့ မဟုတ်သေး။ ကျမကိုယ်တိုင်က အဝေးကြီးမှာ..။

နောက်ပြောထားတာက

အမျိုးသားညီညွတ်ရေးဆိုသည်မှာ ခေါင်းဆောင်များသာ ညီညွတ်ခြင်းကို မဆိုလို။ လူမျိုး ဘာသာ ယောက်ျားမိန်းမ၊ ဂိုဏ်းဂဏမရွေး၊ တနိုင်ငံလုံး ပြည်သူပြည်သား လူထုတခုလုံး အပြောသာမဟုတ်၊ အလုပ်နှင့်တကွ အမျိုးသားတို့၏ အလိုဆန္ဒများကို ပြည့်ဝနိုင်ရန် အမျိုးသားတို့၏ လုပ်ငန်းများတွင် သောင်းသောင်းဖျဖျ စိတ်ရောကိုယ်ပါ ညီညွတ်ကြသည်ကို ဆိုလိုသည်...
တဲ့။ အင်းးး ခုချိန်ထိတော့ ဗမာတွေက သုံးယောက်ရှိရင် နှစ်ဖွဲ့ကွဲပြီလို့ အပြောခံနေရတုန်း..။

နောက်တခု အဲဒီ မိန့်ခွန်းရဲ့အချုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းက

ရဲဘော်တို့... ခြေလှမ်းမှန်မှန်နှင့် သွားနိုင်ရန် စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်ကြလော့၊ ကျွန်ုပ်တို့၏ လွတ်လပ်ရေးကို ကျွန်ုပ်တို့ မကြာမြင့်မီ ရရှိမည်ဟု တထစ်ချ ယုံကြည်ကြလော့။ အပ္ပမာဒေန သမ္ပာဒေထ....

လို့ ပြောပြီးမိန့်ခွန်းကို နိဂုံးချုပ်ပါတယ်။ မိန့်ခွန်းရဲ့ အဆုံးသတ်မှာ အပ္ပမာဒေန သမ္ပာဒေထ လို့ ဆိုထားတာဟာ ဗုဒ္ဓရဲ့ တရားအဆုံးအမတို့ကို လိုက်နာသလို လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုကိုလည်း "မမေ့မလျော့ခြင်းနဲ့ ကောင်းစွာပြည့်စုံကြ စေကုန်လော့"လို့ အခိုင်အမာ သတိပေးတိုက်တွန်းလိုက်တာပဲ ဖြစ်ပါတယ်။

ကျမတို့မှာ အဲသလို ဗိုလ်ချုပ်ပြောတဲ့ အခိုင်အမာ ယုံကြည်ခြင်းမျိုးတွေ ရှိပြီလား။ ကျမ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်နေမိပါတယ်။ ကျမက ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးအမြင်မရှိသူ..။ ခေါင်းဆောင်နိုင်မှု နဲ့ စီမံခန့်ခွဲနိုင်စွမ်းတွေ မရှိသူလို့ သတ်မှတ်တဲ့အတွက် ကိုယ်နိုင်တဲ့ ပညာရေးပိုင်းနဲ့ လူငယ်တွေကို ကူညီ ပံ့ပိုး ပေးဖို့လောက်သာ ကိုယ့်တာဝန်လို့ ထင်သူပါ။ ကျမက ခေါင်းဆောင်မလုပ်တတ်သူမို့ တနိုင်တပိုင် တာဝန်ယူတယ်လို့သာ စိတ်ထဲမှာ မှတ်ထား ခဲ့ပါတယ်။ ပိုဆိုးတာက ပစ္စလက္ခတ်ဖြစ်နေတဲ့ ပညာရေးစနစ်နဲ့ ကျောင်းသားအများစုကို စိတ်ကုန်ပြီး ကိုယ့်တာဝန်တခုကို စွန့်ပစ်ခဲ့တာ။ ဒါဟာ.. ကျမ ဇွဲမရှိခဲ့တာများလား..။

ဗိုလ်ချုပ်ကတော့ ပြောခဲ့သား။ လွတ်လပ်ရေးရဖို့အတွက်ဆိုရင် မျက်စေ့တမှိတ် လျှပ်တပြက်အတွင်း မှာတော့ မရနိုင်၊ အဆင့်ဆင့်အခြေအနေကို ကြည့်ရှုပြီး လုံးပန်းနိုင်မှ တိုးတက် အောင်မြင်မှု ရှိနိုင်မယ် ဆိုတာ..။

ခုတော့ အနှစ်နှစ်ဆယ်မှာ ကိုယ့်ကိုယ်ကိုယ် တော်တော် အားမရ။ နောက်မျိုးဆက်တွေရှေ့မှာ.. ရှက်လည်း ရှက်မိနေသလိုလို။

ဒါနဲ့ပဲ ကျမသူငယ်ချင်း ခင်မင်းဇော်သုံးသပ်ထားတဲ့ မေးခွန်းတွေကို ကိုယ့်အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ပြန်စဉ်းစား ကြည့်သွားမိပါတယ်။ ခင်မင်းဇော်က ပြောထားပါတယ်...

ဘက်တဘက်တည်း ရှိနေတဲ့ အချိန်အခါမှာ တောင်မှ…
ငါ နဲ့သူနဲ့ သူတို့နဲ့ ငါတို့နဲ့ စစ်အုပ်စုကို ပြုတ်ကျစေချင်တဲ့ ဆန္ဒတွေ ထပ်တူညီနေကြပြီ။
ဒီအခါမှာ ငါတို့ ရွေးချယ်တဲ့လမ်းနဲ့ သူတို့ရွေးချယ်တဲ့လမ်း မတူတဲ့အတွက် ငါတို့မှန်နေတယ် သူတို့မှားနေတယ်။ ငါတို့ ကိုထောက်ခံသူများတယ်။ ဒါ့ကြောင့် ငါတို့နဲ့လာပေါင်း ငါတို့ လမ်းစဉ်လိုက် နင်တို့ကို ငါတို့ တာဝန်ယူတယ် ဒီလို ညီညွတ်စေခဲ့သလား….။
(ကျမ ဒီဘက်ကို ထွက်လာတော့ ကိုယ့်ကိုယ့်ကို အနှစ်၂၀လောက် တာဝန်ကျေလာတဲ့ ဆရာမကြီးပေါ့.. လူတွေက ကြိုဆိုကြမှာပဲပေါ့..(မြောက်နေတာ မြောက်နေတာ)။ ဒီဘက်က ပညာရေးအတွက် လိုသမျှ ကူမယ်ပေါ့... (ဟဲဟဲ..)။ ခုထိတော့ ကိုယ်ပေးတဲ့အကြံ ကိုယ့်ဘာသာကိုယ် ထုပ်သိမ်း..၊ တော်ပါသေးရဲ့ RFA ကနေ ပြောနေရပေလို့။ ကျမရင်းနှီးခဲ့သမျှ အတွေ့အကြုံတွေက ဒီဘက်မှာ သုံးမရဆိုပဲ.. )
ငါတို့နဲ့မတူတဲ့ သူတို့ဆီ ထောက်ခံကူညီနေသူတွေကို ငါတို့ဆီလာအောင် စည်းရုံးရမယ်။ ငါတို့ မှန်တယ် ဆိုတာ သက်သေပြဖို့ ငါတို့ ကြိုးစားရမယ်။ ငါတို့ ခုလိုဖြစ်နေအောင် နှောင့်ယှက်နေတဲ့ သူတို့ကို အရင်ရှင်းပြီး ငါတို့လမ်းဆက်မှ ခရီးပေါက်မယ် ဒီလိုစည်းရုံးရေး ဆင်းနေမိသလား…။
ဒီနေရာမှာတော့ ပြဿနာ တခုရှိပါတယ်။ ရန် ငါ စည်းပြတ်ရမှာလား မပြတ်ရဘူးလား.. ဆိုတဲ့ ပြဿနာပါ။ ရန်သူနဲ့ ပတ်သက်တဲ့သူ လုံးဝရှောင်.. ဆိုတာမျိုးကိုပဲ ကျမတို့ လုပ်ဖြစ်နေသေးတယ် ထင်ပါရဲ့။
ငါတို့တွေးတာတွေ အကုန်မှန်နေတယ်… သူတို့လုပ်နေတာတွေ ဟိုဟာလဲ မှား ဒီဟာလဲမှား.. ငါတို့ပြောသလို လုပ်သင့်တယ်…။ ဒီလိုလုပ်မှကို မှန်မယ်….. ငါတို့ကမှ.... ငါတို့ကမှ…… ငါတို့ကမှ…… ဒီလိုနည်းနဲ့ ညီညွတ်အောင် စည်းရုံးမိနေ သလား..။
အင်း..ဒီနေရာမှာလည်း အမှန်ဆိုတာဟာ ပြည်သူလူထုရဲ့လက်ခံနိုင်မှုနဲ့ နိုင်ငံရေးအခြေအနေ ရေချိန်အပေါ် မူတည်ဆုံးဖြတ်ရမှာမို့လို့ နည်းပေါင်းစုံနဲ့ တိုက်ပွဲဝင်သင့်တယ်ဆိုတာကိုတောင် တညီတညွတ်တည်း လက်ခံနိုင်ပြီလားဆိုတာ စဉ်းစားကြည့်ကြရပါဦးမယ်။ (ဥပမာ- ဗိုလ်ချုပ်က လက်နက်ကိုင်တိုက်ဖို့ ရွေးချယ်ကြိုးစားချိန်မှာ သခင်ကိုယ်တော်မှိုင်းက နှလုံးရည်နဲ့ တိုက်နေတာမျိုး.. မဟတ္တမဂန္ဒီက ငြိမ်းချမ်းစွာ ဆန္ဒပြနေချိန်မှာ ဆူဘတ်ချန္ဒရာဘို့စ်ရဲ့ တပ်တွေက အသင့်ပြင်ဆင်ထားပြီး ရှိနေတာမျိုး.. ကျမတို့ ဟန်ချက်ညီ ညီညွတ်ကြပြီလား..။)
ငါတို့က တကယ်လုပ်နေတာလေ။ သူတို့တကယ်လာလုပ်ကြည့်ပါလား… ခဏနဲ့ အော်သွား မယ်… လက်တွေ့မရှိပဲ အာကျယ်နေကြတယ်….။ ဒီလိုနည်းနဲ့ ညီညွတ်ဖို့ ကြိုးစားမိနေသလား…။
အဲဒါတော့ ကျမ အကြုံရဆုံးပေါ့။ ကျမဒီဘက်ကို ရောက်တော့ Democratic Voice of Burma က အစီအစဉ်လေးတခုပေးလို့ "ခေတ်ရေးခေတ်ရာ"ဆိုတဲ့ခေါင်းစဉ်နဲ့ အထဲမှာတုန်းက မပြောရတဲ့.. အထဲမှာကတည်းက ပြောဖို့ အားခဲထားခဲ့တဲ့.. စစ်အစိုးရနဲ့ သူ့လက်ကိုင်တုတ်အနွယ်တော်တွေရဲ့ ပြည်သူအပေါ်နှိပ်စက် အနိုင်ကျင့်မှုတွေ..၊ လူထုရဲ့အခြေအနေတွေကို ခံစားချက်တွေအပြည့်နဲ့ ပြောတော့တာပေါ့။ စာရေးဆရာကလည်း ဖြစ်.. ကျောင်းဆရာမကလည်းဖြစ်.. နိုင်ငံရေးလည်း နားမလည် ဆိုတော့ တခါတလေ ဆရာသံတွေ.. ကရုဏာဒေါသသံတွေ ပါသွားတာလည်း ၀န်ခံပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ ငါ တာဝန်ကျေနိုင်ပြီလို့ ကျေနပ်နေခဲ့တာ..။ (ဒါပေမဲ့ တကယ်တမ်းကျတော့.."ဒီမိန်းမက တယ်စွာနေပါလား.. သူ့မှာ ဘာနိုင်ငံရေးအစဉ်အလာရှိလို့ ဒါတွေပြောနေတာလဲ.. ဒီဘက်ရောက်မှ အသံလာကျယ်နေတယ်.. ငါတို့က လုပ်လာတာ ၁၈နှစ်ရှိပြီ.." ဆိုတာတွေပဲ ပြန်ကြားရတော့ ကိုယ့်ဘက်မှာ လူတယောက် သေသေချာချာ တိုးလာတာပဲလို့ ဘာလို့ မတွေးကြပါလိမ့်လို့ စဉ်းစားရင်း မျက်ရည်တောင် ကျမိခဲ့ဖူးသေး ..)

ဝေဖန်တာ လက်မခံဘူးလား... လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်ရှိတယ်…… ဆိုပြီး အပြစ်တွေချည်း ရှာကြံပြောလို့ ညီညွတ်ဖို့ ကြိုးစားမိနေသလား…။
အဲဒါကတော့ ကွက်တိပေါ့။ တယောက်ကို တယောက် နားလည်ပေးဖို့ လိုအပ်လှတဲ့ နိုင်ငံရေးနယ်ပယ်ထဲမှာ အချင်းချင်း ပါဝါပြိုင်ကြ.. လုပ်ပိုင်ခွင့်တွေပြိုင်ကြ.. မခန့်လေးစားတွေ ဖြစ်ကြ.. သရော်ကြ.. ကိုယ်လုပ်တာမှပဲ အကောင်းလို့ ထင်ကြ..။ နည်းနည်းလေးမှ မနှိမ့်ချနိုင်ကြ..။ မညှိနှိုင်းနိုင်ကြ။

ပြောရရင် ကျမမှာကလည်း သိပ်ဆိုးတဲ့ အကျင့် တခုရှိပါတယ်.. အဲဒါက နိုင်ငံအတွက် လုပ်နေပါတယ်ဆိုတဲ့ လူတွေက လိမ်ညာတာ.. လူထုနဲ့ပတ်သက်ပြီး တခုခု အလွဲသုံးစားလုပ်တာမျိုးကို ဘယ်လိုမှ သီးမခံနိုင်တာပါ..။ ဘယ်လိုမှ လက်ပိုက်ကြည့် မနေနိုင်တာပါ..။ အဲဒီတော့ ကာယကံရှင်တွေ ရှေ့မှာလည်းပြော.. ကွယ်ရာလည်း ပြောတဲ့ အကျင့် ရှိပါတယ်။ (တကယ်တော့ သူတို့ကို သေသေချာချာ ဆွေးနွေးတာမျိုးသာ လုပ်သင့်တာပါ..)။ အဲဒီအတွက် ရလာတဲ့အဖြေကတော့ ကျမကို ပစ်သတ်မယ်တို့... ကားနဲ့တိုက်သတ်ခံရမယ်တို့... ကျွန်းပင်ကြီးအောက် ဆယ်ခါပြန် ရောက်သွားမယ်တို့.. ကျမက ရန်သူ့လူလို့ သတင်းလွှင့် အခြိမ်းခြောက် ခံရတာပါပဲ။ ကျမခမျာ ကျောင်းဆရာမ လုပ်လာပြီး ခုကျကာမှ စေတနာအစော်ကား ခံရလေခြင်း ဆိုပြီး စိတ်ကျခဲ့ရတဲ့ အထိပါပဲ။ (အင်းး လွတ်လပ်စွာ ဝေဖန်ခွင့်ဆိုတာ... ဒီမိုကရေစီရဲ့ သဘာဝတခု မဟုတ်ဘူးလား... :P)။ အဲလို စုန်းပြူးတွေကြောင့်ပဲ ခက်တာ။ ပြီးတော့ အဲဒါက ကျမ တယောက်တည်း ကြုံနေရတာ လည်း မဟုတ်ပြန်.. ခက်တာပါပဲ။

ဒီလိုနဲ့ ညီညွတ်ရေးဆိုတာ.. ကိုယ့်အနားလေးမှာတောင် ဝေးနေသေး..။ ဗိုလ်ချုပ်ကတော့ ညီညွတ်ရေးက အရေးကြီးဆုံးတဲ့..။

ဒီနေရာမှာ ညီညွတ်ရေးအတွက်ကတော့ ခင်မင်းဇော်ပြောသလို ကိုယ်စီ တလွဲမာနတွေ လျှော့ကြဖို့ဆိုတာကို ကျမ လုံးလုံး သဘောတူပါတယ်။ ဒါဟာ ခုထိ မညီညွတ်နိုင် မပေါင်းစည်းနိုင်ကြသေးတာရဲ့ အခြေခံအကြောင်း လည်းဖြစ်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် "မိမိကိုယ်ထက် တိုင်းပြည်ကို ချစ်သူတွေ ပေါများနိုင်ပါစေ…." ဆိုတဲ့ ခင်မင်းဇော်ရဲ့ စကားကိုပဲ ကိုယ်တိုင် ဆင်ခြင်နေမိပါတယ်။ အင်းးး ကျမကိုယ်တိုင် ..........

၃ သြဂုတ်။

(မှတ်ချက် - ကေသွယ်သတိပေးလို့ နာမည်ပြောင်းရပြန်ပါတယ်)