Jul 4, 2008

မွေးနေ့မှာ မရေးဖြစ်ခဲ့တဲ့ နောက်ကျ သတိတရစာ


ပြီးခဲ့တဲ့ အန်တီစုရဲ့ ၆၃နှစ်ပြည့်မွေးနေ့မှာ ကျမက အလွယ်တကူ ဘလော့မရေးနိုင်တဲ့ ခရီးတခုမှာ ရောက်နေခဲ့ပါတယ်။ အဲဒီနေ့က ကျမ သီချင်းတပုဒ်ကို အမှတ်တရ ညည်းမိပါတယ်။ အဲဒီသီချင်းကတော့ ကျမအဖေ မကြာခဏ ညည်းတတ်တဲ့ Beatles ရဲ့ When I'm 64 သီချင်းပါ။ အဖေနဲ့ကျမက အသက် ၂၀ပဲ ကွာပြီး မောင်နှမတွေလိုဖြစ်နေတာမို့ အဲဒီသီချင်းကို အဖေဆိုတဲ့အခါ အဖေက သူစိတ်ကူးသမျှကို ပြောပြတတ်ပါတယ်။ အဲဒီအခါ ကျမက အဖေပြောသမျှ နားထောင်ပြီး ကိုယ်တိုင် အဲဒီသီချင်းလေးကို စိတ်ကူးတတ် လာပါတယ်..။ ကျမရော.. အသက်၆၄နှစ်ရောက်ရင်.. တနေ့တနေ့ ဘာတွေလုပ်မလဲ... ပြီးတော့ ဘာတွေဖြစ်နေမလဲ..။ ဒါပေမဲ့ ကျမအဖေကတော့ အသက် ၅၆နှစ်ထိပဲ သူ့ဘ၀ထဲမှာ နေခွင့်ရခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဖေနဲ့ အန်တီစုက တနှစ်ထဲမှာမွေးတာပါ။ အဖေက ၁၉၄၅ ဖေဖော်ဝါရီလ.. အန်တီစုက ဇွန်..။ အန်တီစုနဲ့ ကျမအဖေက သဘောထားတွေ အများကြီး တူပါတယ်။ တော်ရုံလူကို အထင်မကြီးတတ် မလေးစားတတ်တဲ့အဖေက အန်တီစုကိုတော့ အင်မတန် လေးစားပါတယ်။ ဒါကြောင့်ကျမက အဖေ့အကြောင်း စဉ်းစားရင် အန်တီစုကို ပူးတွဲသတိရမိသလို အန်တီစုအကြောင်း တွေးမိရင်လည်း အဖေ့ကို သတိရမိတာပါပဲ..။

ဒီတော့ ခု အန်တီစု ၆၃နှစ်ပြည့်ပြီဆိုတဲ့အခါကျတော့ ကျမအဖေသာရှိရင် ညည်းနေမှာဖြစ်တဲ့ ဒီသီချင်းလေးကိုပဲ အန်တီစုအတွက်သာဆိုရင်လို့ သတိရနေမိပါတယ်။ သေချာတာကတော့ ဂီတကို ချစ်တတ် ခံစားတတ်တဲ့ အန်တီစုဟာ ဒီသီချင်းလေးကို ညည်းခဲ့ဖူးမှာပါပဲ။

++++++


၆၄နှစ်ဆိုတာ...။
အလုပ်ခွင်ကနေ အနားယူတော့မယ့်အရွယ်ပေါ့နော်..။ အဲဒီအရွယ်ဆို အိမ်ထောင်ရှိသူတွေအဖို့တော့ သားသမီး တွေ.. မြေးတွေနဲ့ပေါ့..။ အနီးအပါးမှာ လက်တွဲဖော်တယောက် ရှိနေသေးမယ်ဆိုရင်တော့ တော်တော် ပြည့်စုံမယ့်ဘ၀ ဖြစ်လိမ့်မယ်။ အဲဒီအခါ ဘ၀ဖော်နှစ်ယောက် အတူတူ ဘာတွေ လုပ်ဖြစ်ကြမလဲ..။

When I get older losing my hair many years from now Will you still be sending me a valentine, Birthday greetings, bottle of wine? If I'd been out til quarter to three would you lock the door? Will you still need me, will you still feed me, when I'm sixty-four?

အန်တီရေ...
အန်တီရော ဆံပင်တွေ ကျွတ်နေပြီလား..။ အန်တီက ကျန်းမာရေးဂရုစိုက်ပြီး တရားလည်း မှန်မှန် ထိုင်တာဆိုတော့ အဲလောက်ကြီးဆံပင်တွေ ကျွတ်ချင်မှကျွတ်မှာနော်..။ အန်တီ့အတွက် မွေးနေ့ဆုတောင်း ပေးမယ့် အန်ကယ်လ် Dr. Micheal Aris မရှိတော့ပေမဲ့ အန်တီ့ရဲ့ သားကလေးနှစ်ယောက်အပါအ၀င် တကမ္ဘာလုံးက အန်တီ့မိတ်ဆွေတွေ.. လုပ်ဖော် ကိုင်ဖက် တွေ.. သားသမီးတွေကတော့ အန်တီ့အတွက် မွေးနေ့ဆုတောင်းကို လှိုက်လှိုက်လှဲလှဲ တောင်းပေးနေကြပါတယ်..။ အန်ကယ်လ်သာ ရှိနေသေးရင်.. ပြီးတော့ ခုလို နှစ်ရှည် အကျဉ်းခံဘ၀မှာ မဟုတ်ခဲ့ရင်... အန်တီ့ရဲ့ ၆၄နှစ်မှာ...။

+++++

မနက်ခင်းတွေမှာ..
အန်တီက မီးဖိုချောင်ထဲ မနက်စာအတွက် အလုပ်ရှုပ်နေမှာပေါ့။ သားတွေ ချွေးမတွေ မြေးတွေ စားဖို့..။ နေ့လယ်မှာတော့ အလုပ်သွားတဲ့သူ ကျောင်းသွားတဲ့သူတွေသွားကြတော့ အန်တီ စာဖတ်ဖို့.. ဒါမှမဟုတ် စန္ဒယားတီးဖို့.. ဒါမှမဟုတ် စာရေးဖို့.. ဒါမှမဟုတ် သိုးမွှေးထိုးဖို့ .. ဒါမှမဟုတ် မိတ်ဆွေတွေနဲ့ စကားစမြည်ပြောဖို့..။ ပြီးရင်တော့ ညနေမစောင်းခင် အိမ်ပြန်ရောက်လာမယ့် သားတွေ မြေးတွေကို တံခါးဖွင့်ပေးဖို့ စောင့်ရဦးမှာပဲပေါ့။

+++++


Oh, you'll be older too - Ah And if you say the word, I could stay with you

အန်တီ့မှာတော့ မေးရမယ့်သူ မရှိတော့ပြီ။ အန်တီ ဘယ်သူ နဲ့အတူ ရှိချင်မလဲ..။ ကျမကတော့ အတ္တကြီးတဲ့သူပီပီ.. Dr. Micheal Aris အကြောင်းစဉ်းစားမိရင် စိတ်ထဲ ထိခိုက်တုန်း.. ။ ကျမစိတ်ထဲ အဖေနဲ့အမေအပါအ၀င် ဇနီးမောင်နှံတွေကို အသက်ကြီးပိုင်းထိ တယောက်နဲ့ တယောက် အဖော်ပြုရင်း သားသမီး မြေးမြစ်တွေနဲ့ အတူတူ နေသွားကြရစေချင်တယ်..။ အဲဒီအခါ အန်တီ့ကိုယ်စား ၀မ်းနည်း ကြေကွဲနေမိပါတယ်။

+++++



I could be handy mending a fuse when your lights have gone
You can knit a sweater by the fireside,
Sunday mornings, go for a ride
Doing the garden, digging the weeds, who could ask for more?
Will you still need me, will you still feed me, when I'm sixty-four?

အန်တီ ၆၄နှစ်မှာ.....

အဲဒီအိမ်အိုကြီးထဲမှာပဲ ပိတ်ခံနေရဦးမှာလား... မပြောနိုင်ပါ။
ဥပဒေမရှိတဲ့ အာဏာရှင်တိုင်းပြည်မှာက ဘာတခုမှ မရေရာ မသေချာ..။
အဲဒီအိမ်မှာ နှစ်များစွာ ပိတ်လှောင်ခံထားရတဲ့ သံမဏိသူရဲကောင်း အမျိုးသမီးကြီးတယောက် ရှိနေတာ။ အိမ်ခေါင်မိုးက မိုးမလုံတော့။ အိမ်ထောင်ပရိဘောဂတွေ ဟောင်းနွမ်းဆွေးမြေ့..။

ဒါဟာ တန်ဖိုးရှိတဲ့ ဂုဏ်သိက္ခာရဲ့ ပြယုဂ်တမျိုးလည်း ဖြစ်တယ်။


အန်တီ့အတွက်ကတော့ မီးမှန်မှန်မလာနိုင်တဲ့ တိုင်းပြည်မှာ ကိုယ့်အိမ်က မီးတွေ မလင်းလည်း မထူးတော့။ သူ့ဘ၀က မီးမလာနိုင်တဲ့ ပြည်သူတွေနဲ့ တသားတည်းကျ။ အဲသလိုပဲ မီးလင်းဖိုနားထိုင်ပြီး စိတ်အေးလက်အေး ဆွယ်တာထိုးနေနိုင်ဖို့လည်းမလွယ်..။ သူ့စိတ်ထဲ ပြည်သူလူထုရဲ့ ပူပန်သောကက ဖိစီး... ဘယ်လိုများ အေးအေးနေနိုင်မှာတဲ့လဲ..။

ဒါပေမဲ့... ပန်းချစ်တဲ့ အန်တီက အဲဒီ ခြံကျယ်ကြီးထဲ ပန်းပင်လေးတွေတော့ ရေလောင်း ပေါင်းသင် စိုက်ပေ လိမ့်မယ်။ ပန်းပင်လေးတွေ ပျိုးထောင်ရင်းနဲ့ သူ့တိုင်းပြည်ကို ဘယ်လို ပျိုးထောင်ရပါ့လို့ တွေးနေ ပေလိမ့်မယ်။

Will you still need me, will you still feed me, when I'm sixty-four?

နောက်ထပ်သေချာတာကတော့ အဲဒီ ၆၄နှစ်အရွယ်မှာလည်း ကျမတို့ တိုင်းပြည်ကတော့ အန်တီ့ကို လိုအပ်နေဦးမှာ ဆိုတာပါပဲ။

+++++


Every summer we could rent a cottage in the Isle of White, If it's not too dear We shall skimp and save, grandchildren on your knees, Vera, Chuck, and Dave

ချစ်တဲ့ခင်ပွန်းရှိစဉ်တုန်းက နွေရာသီဆို အန်တီတို့ မိသားစု ဘယ်ကို သွားလေ့ရှိလဲဟင်..။ အဲဒီသီချင်းထဲကလို ကျွန်းကလေးတကျွန်းပေါ် သွားဖို့ အချိန်ပေးခဲ့ဖူးရဲ့လား..။ ဒါမှမဟုတ်.. မေမေကြီး ဒေါ်ခင်ကြည်ဆီ အချိန်လုပြီး လာကြရတာမဟုတ်လားနော်။

တကယ်တော့ အန်တီ့ ၆၄နှစ်မှာလည်း မြန်မာပြည်က မခွာနိုင်တဲ့ သူတို့အမေ သူတို့အဖွားကို တွေ့ဖို့ သားတွေ မြေးတွေက လာကြရမှာပေါ့နော်..။ ခုဆို Kim လေးကတောင် အန်တီ့အတွက် မြေးကလေးနှစ်ယောက် မွေးထားပြီ။ အဲဒီမြေးလေးတွေ သူတို့အဖွားပေါင်ပေါ်မှာ ဘယ်တော့ ထိုင်ခွင့်ရမှာလဲ..။

+++++

Send me a postcard, drop me a line stating point of view
Indicate precisely what you mean to say,
Yours sincerely, wasting away
Give me an answer, fill in a form, mine forever more
Will you still need me, will you still feed me, when I'm sixty-four?

အဲဒီအသက် ၆၄နှစ်မှာ... အန်တီ့ဆီ ပို့စ်ကဒ်တွေ.. ပန်းစည်းတွေသာ ပို့ခွင့်ရပြီဆိုရင်.. တက္ကသိုလ်ရိပ်သာလမ်းက ခြံနံပါတ် ၅၄ရှေ့မှာ ပန်းတောင်ကုန်း နဲ့ စာတိုက်တခု ဖြစ်သွားလိမ့်မယ်။ အားလုံးဟာ အန်တီ့အတွက် ရိုးသားဖြူစင်လှတဲ့ ချစ်ခြင်းမေတ္တာသက်သက်နဲ့သာ..။
အန်တီ့ကို အမြဲ လိုလားနေကြတဲ့ အကြောင်း လွမ်းချင်းတွေပေါ့။

+++++

၂၀၀၈ ဇွန်၁၉ အမှတ်တရ။

Jul 1, 2008

မျှဝေခံစားခြင်း(၆)


ဒီပရင်္ဂ

ပုံပြင်ထဲက မြို့လည်း မဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇဝင်ထဲက မြို့တမြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းက ရှိတဲ့မြို့တမြို့
သမိုင်းဝင် မြို့တမြို့။

ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။

အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။

သာသနိက အဆာက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တမြို့။

အလောင်းဘုရား လက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကို စားရ
ဘိုးတော်ဘုရား လက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။

ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော် အရှင်ဇိန
အယူတော်မင်္ဂလာ ဦးနိုး
လယ်တီဆရာတော်
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။

ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီး တယောက်
သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။

တနေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့်
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကော ပပျောက်သွားအောင် ရွာတဲ့ မိုးမို့
အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။

မုံရွာ-ရေဦး လမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည်မိတဲ့အခါ
အတိတ် တစ္ဆေက ငါ့ကို ခြောက်လှန့် နေလေရဲ့။ ။

ကြည်မောင်သန်း
(၂၀၀၈ ခုနှစ် ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်း မှ )

Jun 25, 2008

နောက်ကျ မွေးနေ့ အမှတ်တရ

ပြီးခဲ့တဲ့ ရက်တွေတုန်းက ဆူဆူညံညံ ပူပူလောင်လောင်နိုင်လှတဲ့ မြို့တော်ကြီးတခုထဲမှာ ကျမ ပိတ်မိနေခဲ့ တယ်။ အင်တာနက်ကဖေးက မြန်မာဖောင့်မရှိ။ ကိုယ့် Laptop လေး သုံးမယ်လို့ ခွင့်တောင်းဖို့လည်း ဘာသာစကားပြဿနာကြောင့် အဆင်မပြေ။ ဒီလိုနဲ့ ကျမ အားခဲထားခဲ့တဲ့ ချစ်သူငယ်ချင်းမွေးနေ့ ၂၁ရက်နေ့ မှာ......... မွေးနေ့ဆုတောင်းလေးမှ မရေးနိုင်ခဲ့။ သူ့ Blog က စီဗုံးမှာပဲ ဘိုလို ဆုဝင်တောင်း ပေးရုံသာ တတ်နိုင်ခဲ့။ အဲလိုပဲ ၁၉ရက်နေ့မှာ ကျရောက်တဲ့ ချစ်တဲ့ အန်တီစုရဲ့ ၆၃နှစ်ပြည့် မွေးနေ့ အတွက်လည်း အမှတ်တရ post လေးမှမတင်နိုင်ခဲ့။

သူကတော့ ကျမမွေးနေ့ကျမယ့် ဇွန်၁၄ရက်မှာ ဦးဦးဖျားဖျားဆုတောင်းဖို့ ၁၃ရက်နေ့ည ၁၂နာရီကျော်ထိ စောင့်ပြီး သူ့ Blog မှာ ကျမအတွက် မွေးနေ့ဆုတောင်း post တင်ခဲ့တာ။ ခုတော့ ကျမရဲ့ နေရပ်ကို ပြန်ရောက်ပြီ။ သူ့အတွက် တကယ်တမ်း နောက်ကျနေပေမဲ့ (သိပ်ကြီးနောက်မကျသေးတဲ့ :P ) မွေးနေ့ ဆုတောင်းကို ရေးနိုင်ပြီပေါ့။

သူက ကျမထက် တပတ်တိတိ ငယ်တဲ့အတွက် ကျမက အမြဲ အစ်မကြီးလုပ်လေ့ရှိပေမဲ့ တကယ်တမ်းကျတော့ ကျမမှာ ရှုပ်ရှုပ်ထွေးထွေးပြဿနာရှိတိုင်း အရာရာ ဘာလေးမဆို သူနဲ့တိုင်ပင်ပြီးမှသာ ဆုံးဖြတ်နိုင်တာပါ။ ပြီးတော့ ကျမထက် သူက တပတ်တည်းသာ ငယ်ပေမဲ့ တော်တော် ငယ်တယ်လို့ ထင်ရတာ (အဲလို လူတော်တော် များများက ပြောကြတယ်.. အဲဒီအခါကျရင် သူက သွားကြီးဖြီးပြီး တဟဲဟဲနဲ့ပေါ့.. ကျမက မျက်စောင်း တထိုးထိုးနဲ့ပေါ့ :D )

သူ့မှာရှိတဲ့ ကျမအကြိုက်ဆုံး သဘောအကျဆုံး အတုယူရတဲ့ အချက်က မဟုတ်မမှန်တာကို နည်းနည်းမှ လက်ပိုက်ကြည့်မနေနိုင်တာပဲ။ အထူးသဖြင့် နိုင်ငံရေးမှာပေါ့..။ ပြီးတော့ အဲဒါကို ကာယကံရှင်ကို ပြောင် ပြောပြီး ထောက်ပြတာပဲ။ (ကျမကကျတော့ အဲလိုမဟုတ်ဘူး။ မဟုတ်တာလုပ်ရင် အဲဒီလူကို အထင်သေးပြီး အဆက်အဆံ မလုပ်တော့တာ၊ ပြီးတော့ အဲဒီလူမဟုတ်တာလုပ်ကြောင်း ပတ်ဝန်းကျင်သိအောင် ပြောတာ.. ဟီးး ဆိုးတယ်နော်..) တကယ်တော့ သူ့လိုလုပ်တာကသာ အပြုသဘောဆောင်တာပါ။ ဟဲဟဲ.. စွာတာကတော့ နှစ်ယောက်စလုံး လက်ရည်တူ..။ သူကတော့ ကျမက သူ့ထက်စာရင် ပျော့ပြောင်းတယ် ဆိုပဲ..။ သူကတော့ ပါးစပ်ဆိုးတယ်ဆိုပါတော့.. ဒါဆို ကျမကတော့ ပျော့ပျော့လေးနဲ့ တွယ်တဲ့ သူ.. ခိခိ။

တကယ်တမ်းကျတော့.. သူက လက်တွေ့ကျသူ.. ကျမက စိတ်ကူးယဉ်ဆန်သူ..။ သူက ခိုင်မာပြတ်သားသူ.. ကျမက တွေဝေပျော့ညံ့သူ..။ သူက စွန့်လွှတ်စွန့်စားရဲသူ.. ကျမက တုန်လှုပ်ပူပန်တတ်သူ။ ကိုယ့်ငါးချဉ်က တကယ်ချဉ်တာပါနော်.. :) ။ ဘာပဲဖြစ်ဖြစ်.. ကျမတို့နှစ်ယောက် ချစ်ခဲ့ကြတာ ကြာပြီ။ ခုချိန်ထိ တရံတဆစ် တောင် စိတ်အခန့်မသင့် မဖြစ်ဖူး..။ တခုခု ကွဲလွဲရင် ဖွင့်ပြောကြတာမို့ ဘာ အခုအတေးမှ မရှိ။ ကျမတို့ မိသားစု နှစ်စု အိမ်သေးသေးလေးထဲ တစ်လလောက်တူတူနေခဲ့တဲ့ ရက်တွေတုန်းကများ ပျော်စရာ ကောင်းလိုက်တာ..။

ဘ၀ထဲမှာ ခြေကုန်လက်ပမ်းကျစရာကြုံရတဲ့အခါ.. တချို့ကိစ္စတွေက ကိုယ့် ခင်ပွန်းကိုလည်း ပြောလို့မရ.. သားသမီးကိုလည်း ပြောလို့မရ.. အမိအဘ ညီအကို မောင်နှမတွေကိုလည်း ပြောလို့မရ..။ အဲဒီအချိန်မျိုးမှာ ကိုယ်နဲ့ ထပ်တူ ခံစားနားထောင်ပြီး အကြံပေးတတ်တဲ့.. တကယ်ဖြူစင်တဲ့မေတ္တာ ကိုယ့်အပေါ်ထားတဲ့.. တကယ် စေတနာရှိတဲ့ သူငယ်ချင်းတယောက် ရှိနေတာ... ဘယ်လောက် စိတ်အားရှိစရာကောင်းလိုက်လဲ..။ ကျမ အတွက်တော့ ဒါဟာ ဘုရားပေးတဲ့ လက်ဆောင်တွေထဲက တစ်ခုပါပဲ။ အဲဒါ သူပေါ့..။ သူ့ကို လူတွေက ချစ်စနိုးနဲ့ 'တရုတ်မ'လို့ ခေါ်ကြတယ်။ အဲဒီ တရုတ်မကြီးက မြန်မာပြည်ကို မြန်မာလူမျိုးကို ချစ်တာတော့ ဗမာမ ကျမထက် အများကြီးပိုသာ..။

ကဲ.. အဲဒီ ကျမသူငယ်ချင်း ဘယ်လောက်ချစ်စရာကောင်းလဲ.. နော်။

အဲဒီလောက်ချစ်စရာကောင်းတဲ့ သူငယ်ချင်း ခင်မင်းဇော်.. သူချစ်တဲ့ ကိုမင်းဇော်.. သားသား ပိုင်ပိုင် အပါအ၀င် သူချစ်တဲ့ မိသားစုနဲ့.. သူချစ်တဲ့သူတွေနဲ့ သူပျော်တဲ့ ပတ်ဝန်းကျင်မှာ စိတ်လက်ချမ်းသာ ပျော်ရွှင်စွာ အရှည်အကြာ နေခွင့်ရပါစေ..။ သက်ရှည် ကျန်းမာ အနာမဲ့ပါစေ..။ ဘ၀တလျှောက် ပိုပြီး အောင်မြင် အနိုင်ရပါစေ..။

(သူငယ်ချင်းရေ.. မွေးနေ့ Cake မမီလို့ ပန်းတွေပဲ ပို့လိုက်တော့တယ်နော်)


ချစ်တဲ့ - မေငြိမ်း၊ ရာကျော်၊
သားကြီး မောင်ထူးမြတ်၊
သမီး ကျဲကျဲ၊
သားငယ်လေး မင်းညို။

Jun 16, 2008

အရင်အတိုင်းရန်ကုန်

ရန်ကုန်ဟာ ကျမရဲ့ မွေးရပ်မြေ...။
စည်ကားတဲ့လမ်းတွေပေါ် မက်မက်မောမော လျှောက်ခဲ့တာပဲ။
မြို့လယ်ခေါင်ကစ ဆင်ခြေဖုံးမြို့သစ်တွေဆီအထိ... ချစ်ခဲ့တာပါပဲ။
ပြီးတော့ ကျောင်းတက်ခဲ့ရာ ရန်ကုန်တက္ကသိုလ်ဝင်း၊ ဆရာမ လုပ်ခဲ့ရာ လှိုင်တက္ကသိုလ်၊ နေခဲ့ဖူးတဲ့ စက်မှုတက္ကသိုလ်ဝင်း... အားလုံးဟာ စွဲလန်းစရာ..။

ဒီလိုပါပဲ... ဘယ်သူမဆို ကိုယ့်ဇာတိမြေကို ရှာကြံစွဲလန်းကြမှာပါပဲ..နော်။


ရန်ကုန်ရဲ့ဘ၀ထဲ မွန်းကျပ်မှုတွေ ဘယ်အချိန်လောက်က စရောက်လာခဲ့သလဲ.. မမှတ်မိချင်တော့။ သတိထားမိတဲ့အချိန်မှာတော့ အုံ့မှိုင်းမှောင်ဝေနေတဲ့ နိမိတ်ပုံကို တွေ့လိုက်ရပြီ။
ရပ်တည်ရာ ဘ၀အခန်းကျဉ်းလေးတောင် မှောင်လို့..........

"ငါ့အခန်းလေးထဲမှာ အလင်းတန်းများ ပျောက်ကွယ်...
ကြာလာရင် အမှောင်နဲ့ နေသားကျတော့မယ်...
ငါ့အခန်းထဲကနေ အပြင်ကို ထွက်...
ရန်ကုန်မြို့ကြီးလည်း ငါ့အတိုင်းပဲ..."

စာသင်ခန်းထဲက တပည့်တွေမျက်လုံးက အေးစက်မှောင်မိုက်..
သူတို့က ပညာရချင်တာမဟုတ်ဘဲ ဘွဲ့တခုသာ ရချင်ကြတာတဲ့။
ဒါဟာ တန်ဖိုးမဟုတ်ဘူးလို့ ကျမပြောတဲ့အခါ သူတို့က လက်မခံချင်ကြ။
စာမေးပွဲအဖြေလွှာပေါ်မှာ မေးခွန်းတွေ ချည်း ရေးကူးပေးလိုက်တဲ့ ကျောင်းသားလည်း စာမေးပွဲအောင်ပါတယ်။
န၀ဒေးရဲ့ကဗျာဖြေခိုင်းတာကို နတ်သျှင်နောင်ကဗျာရေးထည့်ထားလည်း စာမေးပွဲ အောင်ပါတယ်။ အင်္ဂလိပ်မြန်မာ ပထမစစ်အကြောင်းမေးတာကို ဒိုင်အာခီအုပ်ချုပ်ရေးပဲရလို့ ဖြေခဲ့တယ်ဆိုတဲ့သူကိုလည်း အအောင်ပေးရမယ်တဲ့။

နောက်တော့ အောင်စာရင်းထွက်တဲ့အခါ မဖြေနိုင်ခဲ့တဲ့ကျောင်းသားတွေက အောင်စာရင်းပေါ်က သူတို့နာမည် တွေကို အော်ဖတ်ပြီး ဆရာမတွေရှေ့မှာ လှောင်တောင်တောင် ရယ်ကြ။
အဲဒီအခါ ကျမရဲ့ ကိုယ်ပိုင်အခန်းလေးက မှောင်အတိကျ..။
ကိုယ့်ရဲ့ဆရာမဘ၀ထဲ..ရှက်ရွံ့ကြေကွဲလာ..။
ဒါဖြင့် ကျမရဲ့ နံဘေးဝန်းကျင်မှာကော..။
ကျူရှင်တ၀ိုင်း တစ်သိန်း... ရုံးးတွေမှာလည်း အဆင်ပြေချင်ရင် တစ်သိန်း.. ဆေးရုံမှာလည်း တစ်သိန်းလောက် တော့ပေး..။ ဘာပဲ မဟုတ်တာလုပ်လုပ်ရတယ်.. ပေး(x)သိန်း..။ ဒီလိုနဲ့ အမှောင်ထုက တဖြည်းဖြည်းသိပ်သည်း ကြီးစိုးလာခဲ့။
ရိုးသား ကြိုးစားမှုက ထမင်းလာ မကျွေးဘူးဆိုပဲ..။
အဲဒီအခါ ကျမကိုယ်တိုင် အမှောင်နဲ့ ကျင့်သားရမှာ ကြောက်လာခဲ့။

+++++

"ငါ့အတ္တကို အိတ်နဲ့ ထုပ်လိုက်တယ်...
လူမမြင်အောင် ယူကာ အမှိုက်ပုံးလေးထဲထည့်...
ကွဲသွားတဲ့ ငါ့ရင်ခုန်သံတွေ ပြန့်ကျဲ...
ရန်ကုန်မြို့ကြီးးလည်း ဒီအတိုင်းပဲ..."

ရိုးသားဖို့ ကြိုးစားတဲ့အခါ ဘ၀ထဲမှာ ရေဆာရတာ.. ထမင်းဆာရတာတွေ များလာတယ်။
ကျောင်းသားတွေက "ရော့ဆရာမ..ကျူရှင်လခ" လို့ ခပ်ပြုံးပြုံးပေးတဲ့အခါတွေမှာ
အတ္တက တကယ်ပဲ အမှိုက်ပုံးထဲ ရောက်ရောက်သွားတယ်။
ရှက်စရာကောင်းလိုက်တဲ့ဘ၀လို့ ခံစားရတဲ့အခါ အမှောင်ထဲ တိတ်တဆိတ် ကြေကွဲ...။
အတ္တတခုလုံး အမှိုက်ပုံးထဲ ရောက်သွားချိန်မှာ လူကတော့ စိန်ရောင်ရွှေရောင် ပြိုးပြိုးပြက်ပြက် လက်ပ..လို့၊ ရန်ကုန်မြို့ကြီးရဲ့ လမ်းတွေပေါ် ပပလွှားလွှားလျှောက်ခဲ့..။
ကဲ... အဲဒါကကော တကယ်ပဲ ကျေနပ်ဝင့်ကြွားစရာလား။
(ရင်ထဲမှာတော့ တိတ်တိတ် အသည်းကွဲနေခဲ့ရတာ ကိုယ်သာ အသိဆုံးပေါ့)

+++++

"အချိန်တွေ ဖြုန်းတီးပစ်ခဲ့တယ်...
တမင်တကာ ကာရံထား...
ဒီတံတိုင်းများ ခြားရင်းနဲ့...
ဘ၀ရဲ့ ထွက်ပေါက်အဖြေမှန်ကို ရှာဆဲပဲ...
ရန်ကုန်မြို့ကြီးလည်း နာဖျားဆဲ..."

နှစ်လေးဆယ်..။
ရန်ကုန်မြို့ကြီးဆီမှာ မွန်းကျပ်လွန်းလို့ဆိုပြီးတော့ ..

သူ့ဆီကနေ မကြာခဏ ခွာပြီး မြန်မာပြည်တနံတလျား.. သွားသွားလာလာ..လည်လည်ပတ်ပတ်။
အိမ်ပြင် ခဏဘ၀ထဲ ပျော်ပျော်ပိုက်ပိုက်နေခဲ့။
ပြီးတော့လည်း အချိန်တန်ရင် အိမ်ရှိရာ ရန်ကုန်မြို့ကြီးဆီကို ပြန်..။ ကိုယ့်အခန်းကျဉ်းလေးဆီကို ပြန်..။
ဘ၀ကျဉ်းမှောင်မှောင်လေးဆီ ပြန်..။
ခပ်မှိန်မှိန်အပြုံးတွေဆီကို ပြန်...။
ကျပ်ကျပ်သိပ်သိပ်ရယ်သံတွေရှိရာ ပလက်ဖောင်းတွေဆီကို ပြန်..။


+++++

"ငါအချိန်တွေ ဖြုန်းတီးပစ်ခဲ့တယ်...
အိမ်အပြင်မှာ လုံခြုံလည်း အိမ်ထဲက နှင်းကျတယ်...
ဘ၀ရဲ့ ထွက်ပေါက် အဖြေမှန်ကို ရှာဆဲပဲ...
ရန်ကုန်မြို့ကြီးလည်း အရင်အတိုင်းပဲ.."

ဘာပဲဖြစ်ဖြစ်.. ရန်ကုန်ကို စနစ်တကျ ခင်းကျင်းပေးဖို့ ကြိုးစားခဲ့ဖူးပါတယ်။
တကယ့်အလှဆိုတာနဲ့ ချစ်ခြင်းမေတ္တာစေတနာဆိုတာတွေကသာ လောကကို အလှဆင်နိုင်မယ်ဆိုတာကို လူငယ်မျိုးဆက်တွေနားလည်လက်ခံဖို့ ပြင်ဆင်ပြသခဲ့ဖူးပါတယ်။

ဗင်ဂိုးက ချစ်ခြင်းမေတ္တာအတွက် နားရွက်ဖြတ်ခဲ့တာဟာ.. လှောင်ပြောင်ရယ်မောစရာ မဟုတ်တဲ့အကြောင်း..၊
မြို့မငြိမ်းက လူတွေက သူ့ဦးနှောက်နဲ့ မတန်တော့ဘူးလို့ ခံစားရတာကြောင့်ပဲ မောင်းလာတဲ့ကားအောက် ခေါင်းထိုးထည့်ခဲ့လေသလားဆိုတာတွေ တွေးပြီး အနုပညာရှင်ရဲ့တန်ဖိုးကို နားလည်သင့်တဲ့အကြောင်း...၊
ရိုးသားလို့ ဆင်းရဲရတာဟာ နှာခေါင်းရှုံ့စရာမဟုတ်တဲ့အပြင် ထုတ်ဖော်ချီးကျူးဖို့တောင်လိုတယ်ဆိုတဲ့အကြောင်း..။
ကောက်ကျစ်ယုတ်မာမှုကို ကိုယ်တိုင်မပြုပေမဲ့ ဒီအတိုင်းလက်ပိုက်ကြည့်နေတာဟာလည်း အလိုတူရာရောက်ကြောင်း..၊
"ပြည်သူဟာ ကိုယ်နဲ့တန်တဲ့အစိုးရကိုပဲ ရတယ်"ဆိုတဲ့စကားအတွက် 'ဒီနေ့လူငယ်တွေမှာတာဝန်ရှိတယ်ဆိုတဲ့ အကြောင်းတွေ... အများကြီး ပြောပြီးတဲ့နောက်မှာတော့.... ရယ်သွမ်းသွေးသံတွေကြားထဲက ထွက်ပြေးခဲ့ရ။
အဲဒီအခါ.. လက်တွေ့ဘ၀အိမ်ခန်းကျဉ်းလေးထဲမှာ... နှင်းမုန်တိုင်းတွေ သည်းသည်းကျ..။

+++++

"လူတိုင်းကမင်းကို ချစ်တော့ချစ်ကြမယ်...
ပြန်အဆင်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ကွယ်...
မင်းအပြစ်မဟုတ်ခဲ့တာ ငါတို့ နားလည်...
ရန်ကုန်မြို့ကြီးရယ် မငိုလိုက်နဲ့..."


ကျမကိုယ်တိုင်တောင် ရန်ကုန်မြို့ကြီးက စိတ်ပျက်စရာလို့ ညည်းညူငြိုငြင်ဖူးခဲ့ပါတယ်။
ကြည့်ပါဦးး... ကျမလည်း သူ့အပေါ်မှာ ရက်စက်စော်ကားခဲ့တာပဲ..။
တကယ်မှာတော့ သူ့ခမျာက လူတွေပြုသမျှ နုရသူ။
ဗိုလ်အောင်ကျော်.. ဗိုလ်ချုပ်တို့ သွေးတွေ ပေကျံခဲ့ရရှာတာလည်း သူ..။
၆၂သွေးတွေလည်း သူ့ဆီမှာပဲ ကျခဲ့။
၇၄..၇၆ သွေးတွေချွေးတွေလည်း သူ့ဆီမှာပဲ ကျခဲ့။
ရှစ်လေးလုံးသွေးတွေလည်း..
ရွှေဝါရောင်သွေးတွေလည်း...
နာဂစ်ရဲ့သွေးတွေလည်း...
ပြည်သူတွေရဲ့ ဘ၀ထဲ ငတ်ရသမျှ မျက်ရည်တွေကလည်း သူ့ဆီမှာပဲ ကျခဲ့..။
တော်လှန်သွေးတွေလည်း သူ့အပေါ်မှာပဲ ကျခဲ့။
မြန်မာပြည်ကြီးရဲ့ ချစ်လှတဲ့ ရင်သွေးရင်နှစ် ဗိုလ်ချုပ်ရဲ့သမီးလေးကိုလည်း သူ့ဆီမှာပဲ သိမ်းထားခဲ့ရ..။
ဒီလောက်ပုန်ကန်တဲ့မြို့ ပျက်သွားအောင် ပစ်ထားလိုက်ကြစမ်း.. ဆိုတဲ့ အာဏာရူးတွေရဲ့အမုန်းကလည်း သူ့အပေါ်မှာပဲ ကျရောက်ခဲ့..။

+++++


ခုတော့ ...
သစ်ပင်အကျိုးအကြေတွေ... ယင်တလောင်းလောင်းအမှိုက်ပုံတွေ.. ။
အလုပ်လက်မဲ့ လေလွင့် လူငယ်လေးတွေ.. ကလေးအလုပ်သမားလေးတွေ..။
ထမင်းငတ်နေတဲ့ သက်ကြီးရွယ်အိုတွေ..။ ခိုးစား လုစားနေရတဲ့ ၀န်ထမ်းတွေ..။
မိဘ ဆရာ အဿပြာပူးပေါင်း ကလေးပညာကောင်း.. ဆိုသလို ပိုက်ဆံကိုပဲ မျက်စေ့စုံမှိတ်ကြည့်နေရလို့ အနန္တောအနန္တ ငါးပါးဆိုတဲ့နေရာမှာ အထိုင်ရခက်နေတဲ့ ဆရာတွေ..။
စိတ်ညစ်သမျှ ဒါချလိုက်ရင် မေ့တယ် ဆိုတဲ့ စိတ်ကြွဆေးပြားတွေ...။
ပါတီမှာ ဘာကျွေးမှာလဲ.. ထုံးစံအတိုင်း ကြယ်သီး(မူးယစ်ဆေးပြား)ပေါ့..တဲ့။
ကြယ်သီးညတွေထဲမှာ ဘ၀ဆိုတာ ပျော်စရာ.. ခေါင်းလေးတခါခါနဲ့ ငြိမ့်လို့ဆိုပဲ..။
လူစုလိုက်ပါ.. ၁၀ယောက်ပြည့်ရင် တ၀ိုင်းစာလုပ်ပေးမယ်ဆိုတဲ့ ကိုယ်လုံးတီး မြန်မာမ ပြပွဲတွေ..။
'အကို ကျမကိုခေါ်ပါ ဈေးဦးမပေါက်သေးလို့ပါ.. လျှော့ပေးပါ့မယ်'ဆိုတဲ့ ဈေးရောင်းပွဲတွေ..။
တိုင်းသူပြည်သား ပညာမတတ်လေ..ဒုက္ခရောက်လေ.. အုပ်ချုပ်ရတာ လွယ်လေဆိုတဲ့ အာဏာရှင်စနစ်တွေ...။
ရိုးသားနေလို့ မရတဲ့ခေတ်ဗျ... မရူးစမ်းပါနဲ့ .. ဆိုတာတွေ။
ကမ္ဘာမီးလောင် သားကောင်ချနင်း.. ဆိုတာတွေ။
တော်ပါသေးရဲ့..၊ သမီးလေးက လှလို့.. ကျမတို့ အသက်ရှူချောင်နေတာ.. သမီးရဲ့ 'စပွန်စာ' က မဆိုးဘူး ဆိုတာတွေ။
အဲဒါတွေကို ရန်ကုန်မြို့ကြီးက ရွက်ထားရတာ..။
သူ့ခမျာလည်း နံစော်ပေပွလို့..၊ ရီဝေမူးယစ်လို့..၊ နာကျင်ငိုကြွေးလို့ ရှိရှာမှာ..။

+++++

ဒါပေမဲ့
လောလောဆယ်မှာ ဘာမှမတတ်နိုင်တဲ့ဘ၀တွေ..။
ကျမ မွေးဖွားခဲ့... ကြီးပြင်းနေထိုင်ခဲ့... စွန့်ပစ်ထွက်ပြေးခဲ့တဲ့ ရန်ကုန်..။
သူ့ဘ၀ ဘာမှမပြောင်းမလဲ..နာကျင်ပေးဆပ် .. စွန့်လွှတ်ကြေကွဲနေရဆဲ..။

"လူတိုင်းကမင်းကို ချစ်တော့ချစ်ကြမယ်...
ပြန်အဆင်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ကွယ်...
မင်းအပြစ်မဟုတ်ခဲ့တာ ငါတို့ နားလည်...
ရန်ကုန်မြို့ကြီးရယ် မငိုလိုက်နဲ့..."


++++

Big Bag Band က ကျားပေါက်(ဟန်ထူးလွင်)ရဲ့ သီချင်းလေးပါ။
AD 3000 ဆိုတဲ့ Album ကို နားထောင်ရာက အဲဒီ "အရင်အတိုင်းရန်ကုန်"ဆိုတဲ့ သီချင်းလေးကို တွေ့တာပါ။
ကျားပေါက်က ဘယ်လို ခံစားချက်နဲ့ဆိုတယ်မသိပေမဲ့ ခံစားသူတွေဘက်ကတော့ ကိုယ့်အမြင်အတွေးနဲ့ ခံစားမြဲမဟုတ်လား..။
အဲဒီအခါ ကျားပေါက်ရဲ့သီချင်းကို နားထောင်ရင်း.. ညည်းရင်း.. ကျမခံစားလာရတာတွေကို ချရေးဖြစ်လိုက်တာပါပဲ။

Jun 14, 2008

မိုင်တိုင်အမှတ် ၄၃...

၄၃ တဲ့။ မျက်နှာချင်းဆိုင် ဂဏန်းလေးနှစ်လုံးက စိတ်ဝင်စားစရာ.။ ဒါဟာ.. ကျမအတွက် လျှောက်ရမယ့် ခရီးရဲ့ တ၀က်လား.. ဒါမှမဟုတ်.. သုံးပုံနှစ်ပုံစာလားး.. ဒါမှမဟုတ် ခရီးဆုံးကာနီးလား..။ ဘယ်သူမှ မပြောနိုင်ပါ။

အင်းး ဒါပေမဲ့ ဖြတ်ခဲ့သမျှ ခရီးတာမှာတော့ ကျမက ကိုယ့်ဘ၀ကို ကျေနပ်နိုင်ခဲ့တဲ့သူပါပဲ..။
ခုထိတော့
ဘ၀ဆိုတဲ့ အချိန်တိုလေးထဲ ကိုယ်လုပ်ချင်တာတွေထဲ သူများအတွက်လည်း ပါအောင် လုပ်ရမယ်ဆိုတဲ့ စိတ်နဲ့ သက်တမ်းတ၀က်ကျော် လုပ်ခဲ့။
နောက်တော့..။
'မဖြစ်သေးပါဘူး.. တကယ်က ကိုယ့်အတွက် .. နည်းနည်း သူများအတွက်များများ လုပ်ရမှာ..၊ လုပ်နိုင်ရမှာ..' လို့ တွေးမိ။
(အန်တီစုကတော့ ဒီအသက်အရွယ်မှာပဲ မြန်မာပြည်အတွက် သူ့ဘ၀ကို ပေးဆပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်)

ကျမဆီမှာကတော့ 'ဒါပေမဲ့'တွေ ရှိနေသေး..။

ကျမရဲ့အကြီးမားဆုံး ချွတ်ယွင်းချက်က စိတ်ခံစားမှုနောက် လိုက်လွန်းတာပဲ ဖြစ်ပါလိမ့်မယ်။
ဒါကြောင့်ပဲ.. ဘ၀ဆိုတာ ကိုယ်လုပ်ချင်တာလေးလုပ်နေရမှ တန်ဖိုးရှိတာဆိုပီး လုပ်ချင်တာတွေ လုပ်ဖို့ပဲ ရှင်သန်ခဲ့..။ ပြီးတော့ ဘ၀ဆိုတာအပေါ် အားကောင်းတဲ့ ချစ်စိတ်တွေနဲ့..။
ပြီးခဲ့တဲ့ မွေးနေ့တွေမှာ အဖေ့ကို သတိရ.. အမေ့ကို သတိရ..။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စားကြသောက်ကြ..။
တကယ့် သမားရိုးကျပါပဲ..။ ဘ၀ဆိုတာကို တမက်တမော ဖက်တွယ်လိုစိတ်တွေနဲ့ပေါ့.. ။ ဒါပေမဲ့....

ဒီတကြိမ်မွေးနေ့မှာတော့..
လူ့ဘ၀ဆိုတာ... စီရင် ရေးသားပြီးသား အမိန့်စာတခုလို့ ထင်..
လူ့ဘ၀ဆိုတာ ဆရာတော်ဦးဗုဓ်က နန်းမတော်မယ်နုကို မိန့်သလို သူ့ကြွေးရှိသမျှ အကုန်ဆပ်ကြရတဲ့ နေရာ..။
လူ့ဘ၀ဆိုတာ ရေစပ်နားမှောက်ခုံသေ.. သစ်ပင်ပေါ်တွဲလောင်းချိတ်သေ.. မြစ်ရေထဲ မျောချင်တိုင်း မျောသေ..။ အစာငတ် ရေငတ်သေ..။ အနာရောဂါဖြစ်သေ..။
ပညာတကယ်မတတ်ဘဲ သေ..။ အဖိနှိပ်အမျိုးမျိုး ခံပြီး သေ..။ အလိမ်အညာခံပြီးသေ..။ အရက်စက်ခံပြီးသေ..။ လူ့အခွင့်အရေးဆိုတာကို ငတ်ပြီးသေ..။ တော်လှန်ရင်း သေ..။ မသေခင်အခိုက်အတံ့တော့ အလူးအလိမ့် ရင်ဆိုင် ခံစားကြပေါ့.. ။
အဲဒီအခါ ဒီတကြိမ်မွေးနေ့မှာ ကျမက ဒီလိုဘ၀ထဲမှာ စောစော သေသွားရတာကမှ ကံကောင်းသေးလို့ တွေးနေမိပြီ။

အဲဒီအခါ ..
ဇာတာထဲက "အသက်၁၂၀ရှည်စေသော်ဝ်"ဆိုတာကို "
နေချင်စိတ်ရှိသလောက်သာ နေခွင့်ရစေသော်ဝ်"
လို့ပဲ ပြင်ချင်နေမိပါတော့တယ်။

(မွေးနေ့ အမှတ်တရ)

Jun 11, 2008

ဘုရားသခင်ကို စောင့်နေခဲ့တာကြာပြီ...

ဒီတလော ဘယ်လိုမှ စာရေးမရ..။
ကျမစိတ်ရော.. ကိုယ်ရော.. ဦးနှောက်ရော.. ကြေမွနေတယ်လို့ ခံစားနေရတာပါ..။
... အရာရာကို လက်လွတ်ဆုံးရှုံးလိုက်ရသလို... ခံစားနေရတာ..။
+++++
ဧရာဝတီတိုင်းဆိုတာ ကျမရဲ့ နှလုံးကို အင်မတန်ပူနွေးစေတဲ့ အမည်နာမပါ..။
ကျမအဖေက ပုသိမ်သား၊ အမေက ကျောင်းကုန်းသူ.။ ဒါမဲ့ အမေက ပုသိမ်မှာ ကျောင်းလာတက်ရတော့ ပုသိမ်သူလိုပါပဲ..။ ကျမတို့ ငယ်ငယ်တုန်းက နွေကျောင်းပိတ် ဆိုရင်.. ရန်ကုန်ကနေ ဗန္ဓုလဆိုတဲ့ နှစ်ထပ် သင်္ဘောကြီး စီးပြီး ပုသိမ်ကိုသွားလည်တာက ပုံမှန်အလုပ်တခုလိုပါ..။ ညနေ၄နာရီဆို သင်္ဘောစထွက်.. နောက်တနေ့ ၁၁နာရီလောက်ဆို.. ပုသိမ်ရောက်..။ ငယ်ငယ်ကတည်းက ပုသိမ်သင်္ဘောဆိပ်ကို ဆီးမြင်ရတာနဲ့ ပျော်တာပဲ..။ ကျမအကြိုက် မုန့်ဟင်းခါး.. ကော်ရည်ခေါက်ဆွဲ နဲ့ ငါးချဉ် ပုဇွန်ချဉ်တွေက ပုသိမ်ကို ဘယ်ကမှ မမီ..။ ပြီးတော့ ဟလ၀ါ..။ နောက် အိမ်မဲ မုန့်ဟင်းခါး.. မြောင်းမြဆိပ်ကမ်းက အကြော်စုံ.....။
တပေါင်းလပြည့်နဲ့ ကြုံရင်တော့ မော်တင်စွန်းဘုရားပွဲ သွားတာပေါ့..။ သိပ်လှတဲ့ ပင်လယ်ထဲက ကျွန်း..။
ဟိုင်းကြီးကျွန်းတ၀ိုက်က သဘာ၀၀န်းကျင်အလှတွေကို ဒါရိုက်တာမောင်တင်ဦးရိုက်တဲ့ 'တခါက တဘ၀' ရုပ်ရှင်မှာ တ၀ကြီး ကြည့်နိုင်တယ်..။ အလှတရားနဲ့အတူ နိုင်ငံအတွက် အစာရေစာတွေ ထုတ်ပေးနေတဲ့ ဒေသကြီးပါ..။ ခုတော့ဖြင့်... ... ... ... ... ။
++++++
ဒီတလောမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အဖေ့ကို သိပ်သတိရတာပါပဲ..။ အဖေက သူနေရတော့ဘူးဆိုတာ သိတော့ နာရေးကြော်ငြာကို ကိုယ်တိုင် ရေးထားခဲ့တာပါ..။ အဲဒီမှာ သူ့နာမည်ရဲ့ နောက်မှာ ရာထူး ဘွဲ့ထူး ဘာ ညာ တွေ လုံးဝမတပ်ဘဲ (ပုသိမ်)လို့ တပ်ခဲ့တာပါ..။ သူက ဇာတိမြို့ကို အဲလို စွဲလန်းသလို ဧရာဝတီတိုင်းကိုပါ စွဲလန်းတာပါ..။ ရေနံ့ မြေနံ့ကကို မတူဘူးဆိုပဲလေ..။ ခုတော့ အဖေရှိမနေတော့တာဘဲ ကောင်းသားလို့ တွေးနေမိပါတယ်။ သူသာရှိရင်.. ခုလို တစစီ ကြေမွပျောက်ပျက်သွားတဲ့ သူ့ဒေသကြီးအတွက် တော်တော်ကြီး ကို အသည်းကွဲရှာမယ်..။

တကယ်တော့ ဧရာဝတီတိုင်းဟာ မြန်မာနိုင်ငံတနိုင်ငံလုံးရဲ့ အသည်းနှလုံးပါလေ..။ တပြည်လုံးအတွက် ၀မ်းစာ အဓိကရှာပေးနေတဲ့ ဒေသကြီးး..။ ကျေးဇူးရှင် လယ်သမားတွေ ရေလုပ်သားတွေ ရှိရာအရပ်။ ကျမတို့ ဗမာတွေပြောလေ့ရှိတဲ့ 'ဆားနဲ့ပဲ စားရ... စားရ' ဆိုရင်တောင် အဲဒီ မရှိမဖြစ် ဆားတွေကိုလည်း အဲဒီရပ်ဝန်းကပဲ ထုတ်ပေးနေတာပါ..။ (ဒါတောင် တချို့က ရက်ရက်စက်စက် ပြောသေး.. 'တော်ပါသေးရဲ့.. သေသွားတာတွေ အများစုက တောသူတောင်သား လက်လုပ်လက်စားတွေမို့လို့' တဲ့လေ..။ ပြောတဲ့သူတွေက အဲဒီ တောသူ တောင်သားဆိုသူတွေဟာ လယ်လုပ်ငန်းပညာရှင်.. ရေလုပ်ငန်းပညာရှင်.. ဆားလုပ်ငန်းပညာရှင်.. မွေးမြူရေး ပညာရှင်တွေဆိုတာကိုတောင်မှ နားမလည်)
ဟိုး ပင်လယ်ကမ်းစပ်မှာ.. အပင်တွေပေါ်မှာ.. လယ်ကွင်း ဆားကွင်းတွေထဲမှာ အတုံးအရုံး၊ ပိုးစိုးပက်စက် သေနေကြရရှာတာ ကျမတို့ရဲ့ ကျေးဇူးရှင်တွေ.. ကျမတို့ရဲ့ မျိုးဆက်သစ် တွေပါ..။ အဲသလိုပဲ ဖြစ်ချင်ရာ ဖြစ်စမ်းလို့ .. အပျက်အစီးပုံတွေထဲ ရက်ရက်စက်စက် ပစ်ချခံထားရတဲ့ မုန်တိုင်းထဲက ရှင်ကျန်နေခဲ့ရ ရှာသူတွေ ဟာလည်း ကျမတို့ရဲ့ ကျေးဇူးရှင် တွေပါ..။ သူတို့ခမျာ ကမ္ဘာတ၀ှမ်းမှာ စားပွဲတလုံး ကွန်ပျူတာတလုံးနဲ့ အလုပ်ဖြစ်နေကြချိန်..၊ ကမ္ဘာတ၀ှမ်းမှာ စက်မှုပစ္စည်းတွေအမျိုးမျိုးနဲ့ သက်သောင့်သက်သာ စပါးထုတ်.. ဆားထုတ်.. ကောက်ပဲသီးနှံထုတ်နေကြချိန်မှာ.. နွားနဲ့ ပင်ပင်ပန်းပန်း ဖက်ရုန်းကြရ.. တာဝန်ရှိအစိုးရက မပံ့ပိုးတာကြောင့် မလိုအပ်လှပါဘဲနဲ့ နေပူကျဲတဲထဲ ကိုယ်ခန္ဓာအားအင်တွေ စိုက်ထုတ် သုံးနေခဲ့ကြရတဲ့ အလုပ်သမားကြီးတွေပါ..။

သူတို့ဟာ.. ဘ၀ထဲမှာ အင်မတန် ရောင့်ရဲတင်းတိမ်..။ အင်မတန်မှ အေးအေးချမ်းချမ်း နေတတ်တဲ့သူတွေပါ..။ ပြီးတော့ မခိုမကပ် အလုပ်လုပ်တတ်ကြသူတွေမို့ ၀မ်းရေးအတွက် မပူပင်ခဲ့ရသူတွေပါ..။ တနေကုန် အလုပ်လုပ်.. ညနေ မိသားစု ထမင်းဝိုင်းထဲ လတ်ဆတ်တဲ့ အစားအသောက်တွေ စား.. ညဘက်ကျတော့ ကိုယ်ပိုင် မီးစက်လေးတွေနဲ့ ရုပ်ရှင်လေး ဘာလေးကြည့်..။ တချို့က ရေဒီယိုနားထောင်..၊ စစ်အစိုးရက မကောင်းဘူး ဆိုတာတော့ ကောင်းကောင်းသိ.. သူတို့ကို မပံ့ပိုးတဲ့အပြင် သူတို့ဆီက ရသမျှ ညှစ်ယူနေ တာတွေတော့ သိ..။ ဗိုလ်ချုပ်သမီးကိုတော့ သူတို့ ချစ်ကို ချစ်တာပါ။ စစ်အစိုးရဆိုတာကြီးက သူတို့ကို အပြစ်ရှိတယ်လို့ သတ်မှတ်ပြီး ရက်ရက်စက်စက် စီရင်ခဲ့တာ ဆိုရင်တောင်မှပဲ ဒေါ်စုကို ချစ်မိတဲ့ အပြစ်လောက်သာ ရှိမယ့်သူတွေပါ..။
သူတို့ခမျာ ဘာမှ မမှားခဲ့။ ဘာအပြစ်မှ မရှိခဲ့။ ဒါဖြင့်.. ကံကြမ္မာကပဲ မှားယွင်းခဲ့လေသလား..။ ခုလောက် ပိုးစိုးပက်စက် ဆုံးပါးရတာ..။ ကျန်ရစ်သူတွေခမျာ.. တမြေတည်းအတူရှိနေလျက်နဲ့မှ ချစ်တဲ့ ခင်ပွန်းကို.. ဇနီးကို.. သားသမီးကို.. အဆွေအမျိုးတွေကို မြေချခွင့်.. ကောင်းမှုကုသိုလ်ပြုခွင့်.. အမျှအတန်းဝေခွင့်.. သေသလား ရှင်သလား ရေရေရာရာ သိခွင့်တောင်မှ မရရှာ..။ ပြီးတော့ စားစရာမရှိ.. သောက်စရာ ရေတောင်မှ မရှိ.. ဘာဆိုဘာမှမရှိ...။ ဒါတောင် သူတို့ရှိနေတာက သူတို့ရဲ့ အမိမြေပေါ်မှာ..။ ကိုယ့်အချုပ်အခြာ အာဏာပိုင်ပါတဲ့..။ ပြီးတော့ သဘာဝသယံဇာတ ပေါကြွယ်ဝလှပါတယ်ဆိုတဲ့မြေမှာ..။ ဒါပေမဲ့ စစ်တလင်းဖြစ်နေသလို ကိုယ့်ကြမ္မာ ကိုယ်တောင် မဖန်တီးရတဲ့ဘ၀တွေထဲ..။ ဗမာပြည်ဟာ.. ရှေ့တန်း စစ်မျက်နှာ..။
+++++
အစုလိုက်အပြုံလိုက် ကြမ္မာငင်တာဟာ ကံမကောင်းအကြောင်းမလှလို့ပါတဲ့.. သူတို့ထဲက တချို့က ပြောရှာပါ တယ်။ ပြီးတော့.. ထမင်းလေးစားရရင် တော်ပါပြီ...တဲ့။ သားတော့ ကျောင်းမတက်ရတော့ဘူး ထင်ပါတယ် တဲ့..။ ကိုယ့်အိမ်ဝိုင်း ကိုယ့်မြေယာတောင် ပြန်ရပါ့ဦးမလားပဲဗျာ.. တဲ့၊ မုန်တိုင်းထဲမှာ ဘာလို့ တခါတည်း သေမသွားတာပါလိမ့်.. အမေ့ကိုက အကုသိုလ်ကြီးတယ်ထင်ပါရဲ့ကွယ်.. တဲ့။ သမီးမောင်လေးနဲ့ ညီမလေးကို ကာကွယ်ဖို့ သမီးမှာ တာဝန်ရှိတယ်တဲ့.. စကားတောင် မပီချင်သေးတဲ့ ၁၂နှစ် အရွယ် ကလေးလေးက ပြောတယ်။ ကျနော်တို့မှာ နိုင်ငံသူနိုင်ငံသားအချင်းချင်း ဒုက္ခရောက်နေတာကို တတ်နိုင်သလောက် ကူညီဖို့ တာဝန်ရှိတယ်တဲ့... ပြောတယ်.. ပြောတယ်.. ပြောတယ်..။ ကျနော်တို့ကို ပုဂ္ဂလိကအလှူရှင်တွေ လှူတဲ့ ရတန်သရွေ့ ပစ္စည်းကိရိယာလေးတွေနဲ့ စိုက်ပျိုးရေးလေးတွေ ပြန်လုပ်နေပါပြီ.. တဲ့။ ရတာလေးတွေကို ရွာကလူတွေ အားလုံး ဝေမျှစားကြတယ်.. တယောက်နဲ့ တယောက် စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လေ..တဲ့..။ တာဝန်..တာဝန်..တာဝန်...
+++++
တကယ်တော့ သူတို့တတွေ ယူနေကြတဲ့ တာဝန်ဆိုတာ ဘယ်သူကမှ ပေးထားတာ မဟုတ်ပါ၊ လူအချင်းချင်း ကိုယ်ချင်းစာစိတ်.. စေတနာစိတ်တွေနဲ့ ကိုယ့်ထမင်းကိုယ်စား.. ကိုယ်စားနေတဲ့ အထဲက ခွဲကျွေး.. လုပ်နေကြ တာပါ..။ တာဝန်ဆိုတာ လူပီသတဲ့ စိတ်အပေါ်မှာ ပေါက်ဖွား လာတာပါ။ မရှက်တတ်သူတွေက မရှက်ပေမဲ့.. တာဝန်ယူမှုရဲ့ တန်ဖိုး ဆိုတာကိုတောင် နားမလည်နိုင်လောက်အောင် ညံ့တဲ့သူတွေက ညံ့ပေမဲ့.. ကျမတို့ လူထုက မညံ့ကြပါလား။ အဲဒီအခါ.. ကျမကတော့ ကိုယ်ထိလက်ရောက်ဘာမှ လုပ်မပေးနိုင်တဲ့အပေါ် အဝေးက နေ စိတ်ထိခိုက်.. နာကျင်ကြေမွ...။ ပြီးတော့ အမှန်အတိုင်းဝန်ခံရရင်.. မည်မည်ရရ တာဝန် မယူနိုင်မှု အပေါ်မှာလည်း အရှက်ရနေမိပါတယ်။ တပြိုင်တည်းမှာ နောက်ထပ် ခံစားနေရတာကတော့ ချစ်စရာကောင်းလှ တဲ့ ကျမတို့ရဲ့ ဧရာဝတီဒေသကို နှမျောတသ ပြန်လည် ရယူ လိုစိတ်နဲ့ လွမ်းရတဲ့အလွမ်းပါပဲ ..။
+++++
ကျမ ဘာလို့ နှမျောတသ နေရတာပါလဲ..။ သူခိုးဓါးပြတွေ အုပ်ချုပ်နေတဲ့ ကျမတို့တိုင်းပြည်မှာ ဧရာဝတီ မြစ်ဝှမ်း ဒေသကို ဧရာဝတီတိုင်းသူတိုင်းသားတွေအနေနဲ့ အရင်ကလို ပြန်မြင်ရခွင့်.. ကိုယ့်မြေရယ်လို့ ပိုင်ပိုင် နေထိုင်ခွင့်။ ပြန်လည် ချစ်ခင်ပေးဆပ်ခွင့်တွေမှ ရှိပါ့ဦးမလား..။ ဧရာဝတီတိုင်းသူတိုင်းသားတွေ ပိုင်တဲ့ မြေကို ဘယ်သူခိုးဘယ်သူဝှက်တွေက မတရားသဖြင့် လုယူသိမ်းပိုက်လေဦးမလဲ..။ အရှက်အကြောက်ကင်းမဲ့စွာ မင်းမူ အုပ်ချုပ်တာကို ခံနေရတဲ့ ဘ၀ထဲမှာ နောက်ထပ် ဘာတွေကို ဘယ်လောက် ဆုံးရှုံးရလေဦးမလဲ..။
+++++
ကျမက အားကိုးရာမရှိသလို ခံစားရတဲ့အခါ မမြင်ရတဲ့ သစ္စာတရားဆိုတာကို အားကိုး ယုံကြည်တတ်ပါတယ်။ ပြီးတော့ မကောင်းမှုအတွက် ပြန်ပေးဆပ်ရတယ်ဆိုတာကို ယုံတယ်။ တရားကို နတ်စောင့်တယ်ဆိုတာ ကို ယုံသလိုပဲ တခါတလေမှာ လောကမှာ နတ်ဆိုး မင်းမူတတ်တာကိုလည်း ယုံပါတယ်။ အဲသလိုပဲ နောက်ဆုံးမှာ မတရားသူတွေဟာ ထိထိခိုက်ခိုက်ဘ၀တွေနဲ့ ကျဆုံးကြရမယ်ဆိုတာကိုလည်း ယုံပါတယ်..။
+++++
လောလောဆယ်တော့.. နာကျင်ကြေမွတဲ့ စိတ်နှလုံးကိုပဲ အားအင်အသစ်အဖြစ် မွေးရင်း ကျမတို့ ချစ်တဲ့ ပြည်သူတွေကို ၀ိုင်းထူကြဖို့...နဲ့ မတရားအစိုးရကို တော်လှန်ပုန်ကန်ရေး.. မတရားတဲ့ အမိန့်အာဏာတွေကို ဖီဆန်ရေး... တနိုင်တပိုင်ပြန်လည်ထူထောင်ရေးတွေကိုပဲ ကိုယ်စီ ဆက်ကြိုးစားသွားကြရမှာပါပဲ..။
ကျမသူငယ်ချင်း 'ယောဟန်အောင်'ကတော့ " ဒီနေရာကို ဘုရားသခင်စွန့်သွားခဲ့တာ ကြာပြီ " တဲ့။ ကျမကတော့... ဒီနေရာကို ဘုရားသခင် ပစ်မထားနိုင်တော့တဲ့အတွက် ပြန်လာတော့မှာလို့ ယုံပြီး စောင့်နေခဲ့တာ ကြာပြီ...။
၁၁၊ဇွန်။