Feb 17, 2011

အမေဆိုတာ....

ဒီရက်ပိုင်း ကရင်ပြည်နယ်ထဲက သမီးလေးတယောက်နဲ့ အဆက်အသွယ်ရပါတယ်..။ သူ့ဆီက ဓာတ်ပုံတွေထဲကနေ ကျမတို့ ရွာနားက (တကယ်တော့ ရာကျော့်ရွာပါ) မြင်ကွင်းတွေမြင်ရတော့ ရွာကို လွမ်းလိုက်တာ။ တုပ်ကွေးရာသီထဲ ကိုယ်လည်း ကွေးချင်ချင်နဲ့ ချောင်းတွေ မတရားဆိုးလို့ ရုံးကနေ ခွင့်ယူထားရတာမို့ အိမ်မှာ တယောက်တည်း ငြိမ်ငြိမ်လေးကွေးရင်း ရွာကိုလွမ်း.. အမေနဲ့အဘကို လွမ်းလိုက်တာ…။ အမေနဲ့အဘ လည်း ကျမတို့ကိုလွမ်းနေမှာ သေချာတယ်။ အဘကကျတော့ သူအားကိုးရတဲ့ တဦးတည်းသော သားကို အဖော်အဖက် အနေနဲ့ လွမ်းနေမှာ..။ အမေကတော့ သူ့နားကပ်ပြီး ပလီပလာ တွေပြော..ရယ်စရာတွေပြောတဲ့ ချွေးမ ကျမကို ပျင်းပျင်းနဲ့ လွမ်းနေမှာ…။ ဒီလိုပဲ တ၀ိုင်းတည်းနေကြတဲ့ အမျိုးတွေကလည်း နွေကျောင်းပိတ်ပြီဆို ရွာမှာ လာနေပြီး မိုးလင်းတာနဲ့ သနပ်ခါးအဖွေးသားနဲ့ အိမ်ရှေ့ ကွပ်ပျစ်လေးမှာ ထိုင်ပြီးတော့ မုန့်မျိုးစုံ စားရင်း စကားဝိုင်းဖွဲ့တဲ့ အမေနဲ့ကျမအနားမှာ ကျမတို့ ပြောသမျှ ၀ိုင်းနားထောင်ရတဲ့အချိန်တွေကို လွမ်းနေမှာ…ဆိုတာကို မျက်ရည်တွေနဲ့အတူ ကျမ သိနေပါတယ်။

+++++

ကျမ ရွာကို ပထမဆုံးသွားလည်တော့ ရန်ကုန်သူ.. အိမ်ထောင်ကွဲ… ကလေးတယောက်အမေ… အသက် ၃၀ ..။ တက္ကသိုလ်ဆရာမ… ကျမက ဆံပင်က ပိုနီတေး.. ထမီက ခပ်တိုတို..။ ရယ်ရင်လည်း တဟားဟားနဲ့… ဆိုတော့ အတူသွားကြတဲ့ အသက်ကြီးကြီး ဆရာမတွေထဲမှာ တော်တော် ကြည့်မရစရာ ဖြစ်နေနိုင်ပါတယ်။ ရွာ့မျက်စေ့ကိုး..။ ပြီးတော့ မွန်လူမျိုးတွေမို့ ခပ်ရိုးရိုး သတ်မှတ် ထားတဲ့ ပုံစံတခုက ရှိပြီးသားလေ..။ ဆရာမဆိုတာ.. ဆံထုံးနဲ့၊ ပါတိတ် ၀မ်းဆက်နဲ့ စလင်းဘက်ကြီး ခန့်ခန့်ညားညားနဲ့ပေါ့။ ခု သူတို့တွေ့နေရတာက တီရှပ်နဲ့၊ ထမီက တိုချင်ချင်။ ပခုံးသိုင်းအိတ်ကလည်း ပုံမကျ ပန်းမကျ..။ ရုပ်ကလည်း စွာတာတာ မာကျောကျော။ တပည့်တွေကသာ ချစ်စိတ်နဲ့ပေမဲ့ လူကြီးတွေကတော့ ဘယ် အမြင် ကြည် ပါ့မလဲ..။ ဒီကြားထဲ သူတို့ရဲ့ ရွှေမင်းသားလေးနဲ့ စိတ်ပူနေကြတာလည်း ရှိနေတာကိုး။ အဲဒီတုန်းက ရာကျော်ကလည်း လူကြီးဆန်ဆန် နေတတ်တယ်ဆိုပေမဲ့ အသက်က ၂၁ နှစ် စွန်းစွန်းသာ ရှိသေးတာ..။

ကျမကလည်း အဲဒီအချိန်တုန်းက တကယ့် ကျားနာမ။ ရန်သူလို့ထင်သမျှကို အနည်းဆုံး မာန်တော့ ဖီလိုက်ချင်သေးတာ..။ လောကကြီး တယ်မတရားဘူးးပေါ့လေ….။ ဒီလိုနဲ့ ရွာကလည်း ကျမကို အကဲခတ်.. ကျမကလည်း ရွာကို အကဲဖြတ်နဲ့….။ အဲဒီထဲမှာတော့ အမေက အဆိုးဆုံးပေါ့။

အမေကလည်း တဦးတည်းသောသမီး..။ အမေ့အသားအရည်ကိုပြောရရင် မုန်လာဥလို ဖွေးဥ နေတာ.. သံလွင်မြစ်ကမ်းဘေးက ရွာသူတယောက်လို့ ပြောရင် ဘုရားစူးပဲ..။ သူ့ ကိုယ်သူလည်း ဂရုစိုက်တော့ ကိုယ်လုံးကိုလည်း အ၀မခံ..။ ခုထိ ဆရာမကြီးက လှတုန်းပဲ ပြောရင်း ပြုံးသွားတာ..။ ဟုတ်တယ်.. အမေက လှတယ်..။ ကျောင်းသွားရင် နှုတ်ခမ်းနီနဲ့ ပန်းနဲ့ ..။ မွှေးကြိုင်လို့ အလှကလည်း မက်သေး။ ကျမများ တရက်လောက် ပစ္စလက္ခတ်နေရင်.. သမီး လာ.. ဒီမှာ သနပ်ခါးလေး လာပွတ်ထားစမ်း.. လို့ သူသွေးထားတဲ့ မန်ကျည်းခေါက်တွေ လိမ်းခိုင်းတော့တာ.. နေမလောင်အောင်တဲ့။ အမေက သူတို့ ခေတ်မှာတော့ သူကြီးဆက်.. လယ်ပိုင်ရှင်ဆက်ဆိုပါတော့။ စာတော်တော့ ခေတ်မီတဲ့ အမေ့မိဘတွေက ကျောင်းပြီးအောင် ထားလို့ အမေက ဘီအေ ဘီအီးဒီကို အင်္ဂလိပ်စာ ဘာသာတွဲနဲ့ ပြီးပြီး ရွာက အထက်တန်းကျောင်းမှာ အထက်တန်းပြ အင်္ဂလိပ်စာဆရာမ လုပ်တာ.. လုပ်သက် ၃၅နှစ်ပြည့် ပင်စင်ယူတဲ့အထိပဲ။ တခုတော့ ပြောစရာရှိတာပေါ့..။ အဲလိုဆိုတော့လည်း အမေက မာန ခေါင်ခိုက်ပေတာပေါ့။

အမေ့ညီမတွေ ဂုဏ်လုပ်ပြီး ပြောပြောပြတာကတော့ အမေ BED တက်နေတုန်း ကျောင်းနား ရုပ်ရှင် လာရိုက်တာ သွားကြည့်တော့ ဒါရိုက်တာ ဗိုလ်ဗကိုက တွေ့ပြီး ရုပ်ရှင်မင်းသမီး လုပ်မလား လို့ မေးတယ် ဆိုပဲ။ အမေက မိဘတွေ သဘောတူမှာ မဟုတ်ဘူး လို့ ပြောခဲ့တာ။ တခါကျတော့ ဗိုလ်ဗကိုက ဘားအံမှာ ရုပ်ရှင်လာရိုက်ရင်း ကြုံတာနဲ့ ရွာအထိ ဆင်း လာပြီးတော့ အမေ့မိဘ တွေကို ရုပ်ရှင်ရိုက်ခွင့် တောင်းပေး တာတဲ့။ ဗိုလ်ဗကိုတို့လည်း ပြန်သွားရော အဖွားက အမေ့ကို လှိမ့်ရိုက်တာ..။ နင်ဆတ်ဆော့တာပေါ့.. ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်တယ်ပေါ့။ အဲဒီအချိန်မှာ အမျိုးတွေက သူ့အကြောင်း သူ့ရှေ့ပြောနေပေမဲ့ အမေကတော့ သူ့အကြောင်း မဟုတ်သလိုဘဲ နားထောင်နေတာပဲ..။

ဟား အမေသာ မင်းသမီးဖြစ်ရင် ချိုပြုံးလောက်တော့ အသာလေးပေါ့လို့ ကျမက ပြောတော့၊ တော်စမ်း.. အပိုတွေ.. အဲလောက်တော့ မဟုတ်သေးဘူးဟေ့လို့ ကျမကို မျက်စောင်းထိုးပြီး ပြန်ပြောတယ်။ အမေ့မျက်နှာမှာ ထူးခြားတာက နှုတ်ခမ်း..။ အမေ့နှုတ်ခမ်းက အစွန်းတွေ အပေါ်ဘက်ကို ကော့နေတော့ ပြုံးနေသလိုပဲ။ မာနကြီးလို့ မျက်လုံးတွေက မာပေမဲ့ နှုတ်ခမ်းတွေက ပြုံးနေတာ..။ ဒီတော့ အမေ စိတ်ပါလက်ပါ ရယ်ရင် သိပ်ချစ်ဖို့ ကောင်းတာ…။ အမေက စိတ်မာလွန်းတော့ အမေ မျက်ရည် ကျတာ ကျမ တခါမှ မမြင်ဖူးပါဘူး။ နောက်တခု အမေ သူများမကောင်းကြောင်းပြောတာ တခါမှ မတွေ့ဖူးသလို သူများက သူ့ရှေ့မှာ လာပြောရင်လည်း ပေးမပြောပါဘူး..။ အဲလို စည်းကမ်းရှိတဲ့ အမေပါ..။

++++++

ကျမ ရွာသွားလည်ပြီဆိုရင် အဲဒီတုန်းက ကျမတို့မှာ သားကြီးနဲ့ သမီးလေးပဲ ရှိပါသေးတယ်။ အမေက ကျမတို့ ရောက်တာနဲ့ ဟေး ငါတို့ရွာ သူပုန်ဝင်စီးပြီ လို့ အော်တတ်တယ်။ ပြီးတော့ အဘကို စက်ဘီး ပြင်ခိုင်းပြီး ဈေးသွားဝယ်တော့တာပဲ။ တခါတလေ ကျဲကျဲ ကို ခေါ်သွားတာပေါ့..။ ပြန်လာရင်တော့ မီးဖိုထဲဝင် တန်းချက်တော့တာ…။ အမေက ဟင်းချက်လည်း သိပ် ကောင်း တယ်။ ဧည့်ခန်းလို ပြောင်လက်နေတဲ့ မီးဖိုမှာ အမေက သူများဝင်ရင် စိတ်တိုင်းကျတာမဟုတ်။ (ကျမကလည်း ငပျင်းဆိုတော့ အတော်ပဲ)။ အမေ့နား စကားတွေသာ ပြောနေလိုက်.. ပြီးရော။

အဲဒီအချိန်ဆို အဘ နဲ့ ရာကျော်က အိမ်က စက်ပစ္စည်းတိုလီမိုလီတွေ ပြင်ဆင်တာ ပြန်တပ်တာတွေလုပ်.. ဆီစက်ကိစ္စ ဖြစ်ဖြစ်.. လယ်ကိစ္စ.. ကိုင်းကိစ္စဖြစ်ဖြစ် အလုပ်ရှုပ်နေတာ ပါပဲ။ အမေတို့အိမ်က သံလွင်မြစ်ကမ်းနံဘေးမှာမို့ အေးတယ်။ မွန်အိမ်တွေရဲ့ ထုံးစံအတိုင်း နှစ်ထပ်အိမ်မြင့် ပြင်ကျယ်ကြီး..။ သစ်သားသက်သက်အိမ်မို့ ပိုနေလို့ကောင်းတာပေါ့။ ၀ရံတာမှာ အမေ့လက်ရာ ပန်းစိုက်အိုးပေါင်းစုံနဲ့။ အမေ မလှချင်က သူများလို ရေတွင်းမှာ ရေမချိုးတာမို့ အိမ်အပေါ်ထပ် ရေချိုးခန်းမှာ သူ စိတ်ကြိုက် ရေချိုးဖို့ အဘခမျာ ရေတင်ရတာကပဲ အလုပ်တခု။ အဲဒီတုန်းက အမေနဲ့အဘ အိမ်ထောင်သက် နှစ်အစိတ်မှာ တခါမှ ရန်မဖြစ်ဖူးဘူးတဲ့။ ဘယ်ဖြစ်မလဲ.. အဘက အေးပြီး အမေ့ကို အလိုလိုက်တာကိုး။ (ရာကျော့်ခမျာ အဖေနဲ့ တူရှာတာ..)

အမေပြောပြတာတခု သတိရသေးတယ်။ အမေနဲ့အဘ ရည်းစားဘ၀။ အမေက ရန်ကုန်မှာ ဘီအီးဒီတက်နေတုန်း.. အဘက ရေဆင်းမှာ စိုက်ပျိုးရေး တက်နေတုန်း..။ အဘက အမေ့ကို လွမ်းလို့ ရေဆင်းတက္ကသိုလ်ကနေ ဆင်းလာတာ.. အမေက အဘကို စိတ်ကောက်နေတာ တခုရှိလို့ ဆင်းမတွေ့ဘူးတဲ့။ နောက်တော့ အဘခမျာ ပြန်သွားပြီး အမေ့ကို စာရေးတယ်တဲ့.. မင်းကို မတွေ့ခဲ့ရပေမဲ့ အဆောင်ပေါ်မှာ မင်း ထမီလေး လှန်းထားတာကို မြင်ခဲ့ရလို့ အမောပြေပါတယ်.. တဲ့။ ပြီးတော့ ကျမကို ရယ်ပြီး ပြောသေးတယ်.. ရာကျော် နဲ့ သူ့အဖေ ဘယ်သူပိုချစ်တတ်သလဲဟေ့..တဲ့။ အနားက အမျိုးတွေက ၀ိုင်းရယ်ရော..။

+++++

အမေက သိပ်ဗိုလ်ကျတာ..။ တဦးတည်းသောသမီး.. ပညာတော်.. ရုပ်ကလေးလှ.. ပြီးတော့ ၀မ်းကွဲတွေထဲ အကြီးဆုံးလို လည်းဖြစ်တော့ အမျိုးတွေထဲက အငယ်မှန်သမျှ အမေ သေဆိုသေ ရှင်ဆိုရှင်..။ (ဒါမဲ့ အဘလည်း သူ့ထက်ကြီးပေမဲ့ တူတူ ပါပဲ.. ဟီးး ကြားရင် ဆိတ်ခံထိမှာ)။ အဘကတော့ နဂိုတည်းက အေးလည်းအေး နူးလည်းနူးညံ့.. နောက်ပြီး စာဖတ်ရင်း ကွမ်းဝါးရင်း တခုခု လုပ်ရင်း ငြိမ်နေတတ်တော့ အမေပဲ ဗိုလ်ပေါ့..။ အမေ့ကို မကြောက်ဘဲ လုပ်ချင်ရာ လုပ်တာဆိုလို့ သူ့သား ရာကျော်ပဲ ရှိမှာ..။ ဒါပေမဲ့ ရာကျော်ကလည်း သိပ်လိမ်မာတာပါ။ အသက် ၁၃နှစ်သားထဲက အဖေနဲ့ ဒိုးတူပေါင်ဖက် အလုပ်လုပ်ကူတာ..။ မြေနဲ့အတူထဲက ဇာတ်လိုက်ပဲဟာ.. 

အမေ့ခမျာ.. သူ့ရဲ့ တယောက်တည်းသားလေးက ကျမကိုယူတော့မယ်ဆိုတော့ ဘယ်လောက်များ ရင်ကွဲရှာမလဲ..။ တကယ်တော့ ဒါတွေကို ကျမ နဂိုကတည်းက တွေးမိ ပါတယ်။ ကျမ တွေးမိတာတွေ တွေးခဲ့တာတွေအများကြီးပေါ့…။ ဒါပေမဲ့ တကယ့် တကယ်များ ဆိုးသွမ်းတဲ့ ကံကြမ္မာက ကျမကို အဲလို ရက်စက် မိုက်မဲအောင် တွန်းပို့ခဲ့ပါတယ်။ ကျမကိုယ်၌ကလည်း ခပ်ညံ့ညံ့ ရှိခဲ့ပါလိမ့်မယ်…။ ကျမနဲ့ရာကျော် လက်ထပ်ပြီး ၂နှစ်မှာ သမီးကိုမွေးပါတယ်။ အဘနဲ့တကွ အမျိုးတွေက အမေ့ကို ကြောက်ပေမဲ့ ကျမနဲ့ ရာကျော့်ကို ချစ်တာမို့ ကျမတို့ ရွာကိုသွားလည်ပါတယ်။ အမေက ခပ်တည်တည်ပဲ.. ကျမတို့ကို မခေါ်ပါဘူး။ ကျမတို့ကလည်း ဘယ်လောက်ဆိုးလဲဆို အမေ့တို့အိမ်ဝိုင်းထဲက အမျိုးအိမ်မှာပဲ အိပ်တာပါပဲ။ ဒါပေမဲ့ သမီး ၆လ.. ရွာကိုအသွားမှာ ကျမ ဖျားတဲ့အခါမှာတော့ အမေက ကျမကို သူ့အိမ်ရွှေ့ခိုင်းပြီး သူကိုယ်တိုင် ပြုစုပါတော့တယ်။ အဲဒီတုန်းက အမေ့မျက်လုံးတွေက စိုလက်လို့။ အဲဒီကတည်းက ကျမဟာ အမေ့သမီးဖြစ်သွားသလား မသေချာပေမဲ့ အမေ ကတော့ ကျမရဲ့ အမေ ဖြစ်သွားခဲ့ပါတယ်။

အမေက ကျမ သားကြီးမောင်ထူးမြတ်ကိုလည်း ချစ်ရရှာပါတယ်။ ရာကျော်က သား မပျင်းအောင် လယ်ထဲခေါ်သွားရင် အမေ စိတ်ပူမဆုံး.. မျှော်မဆုံး..။ တခုခုဖြစ်ရင် ဒုက္ခ သမီးရယ်.. ရွာက ကလေးတွေလိုမဟုတ်ဘူး..။ ဘာမှန်းမသိ ဒီရာကျော်တို့ သားအဖနဲ့တော့ ခက်တယ်လို့ အဘကိုပါ လှမ်းအပြစ်တင်သေးတာ။ မောင်ထူးမြတ်ကို မြစ်ထဲလည်း ပေးမဆင်းချင်.. သစ်ပင်လည်း ပေးမတက်ချင်။ တခုခုဖြစ်မှာစိုးလို့ တဲ့။

အဲဒီနောက်ပိုင်းလည်းကျရော.. ရာကျော်နဲ့အဘလည်း ပို တသားတည်း ကျရတော့တာပေါ့။ ဘာလို့ဆို အမေက ကျမဘက် ကလေ..။ ရာကျော် ညဘက် လဘက်ရည်ဆိုင်ကပြန်တာ နောက်ကျရင် ကျမ ဆူစရာမလိုတော့ဘူး.. အမေပဲ..။ ကျမကို ပြောလိုက်သေးတယ်.. သမီးကလည်း လွှတ် လွှတ် မထားနဲ့..တဲ့။ အဲလို အမေ…။ မော်လမြိုင်တက္ကသိုလ်ထဲက ကျမ အိမ်ခန်းလေးဆီ လာပြီဆိုရင်လည်း ရောက်တာနဲ့ ခဏမဆိုင်းဘဲ အိမ်သိမ်း အိမ်ရှင်း ဟင်းချက်လုပ်တော့တာ..။ ပြန်ရင်တောင် ချက်ပြုတ်ပြီး ကြာကြာခံအောင်တမျိုး.. ရေခဲသေတ္တာထဲထားစားဖို့ စီစဉ်ခဲ့တာတသွယ်.. လုပ်ပေးခဲ့တာ…။ သမီး အမေ့ကို လွမ်းတယ်.. အမေ..။

+++++

ရွာရဲ့ ညတွေကိုတော့ အလွမ်းဆုံးပေါ့။ မိသားစုတွေ အိမ်ဝရံတာမှာ ညနက်တဲ့အထိ ထိုင်.. ဂျင်းလဘက်သုပ် ရေနွေးကြမ်းနဲ့.. စကားတွေ ပြောရတာ မကုန်နိုင် မခမ်းနိုင်..။ အဘက ရေဒီယိုနားထောင်ထားသမျှ ကမ္ဘာ့သတင်းတွေ ဖောက်သည်ချ…။ အမေကတော့ သူကြည့်ထားတဲ့ ကိုရီးယားကား အကြောင်းပေါ့။ တခါတလေ ကျမ ရွာရောက်နေတုန်း ကျောင်းကိစ္စနဲ့ အမေ ဘားအံကို ၂ညအိပ်လောက် တက်သွားရင်တောင် ကျမ မနေတတ် မထိုင်တတ် ဖြစ်ရပါတယ်။

ကျမ အမေ စိတ်ဆင်းရဲအောင်လို့ မရည်ရွယ်ဘဲ စိတ်ဆင်းရဲအောင် လုပ်ခဲ့မိဖူးတယ်.. ။ နောက်ပိုင်း အမေ့သားရဲ့ အိမ်ထောင်ရေးအတွက် အမေ စိတ်ချမ်းသာတယ် ဆိုရင်တောင်မှပဲ.. ကျမ သေချာ ပြန်မပေးဆပ်ရသေးပါဘဲနဲ့.. အမေနဲ့အဘရဲ့ တယောက်တည်းသော သားလေးကို အမေတို့မျက်ကွယ်ရာ အဝေးကြီးကို ခွဲခေါ်ခဲ့ပြန်ပြီ။ ခုဆို အမေတောင် အသက် ၆၇နှစ် ပြည့်တော့မယ်။ ဖြစ်ချင်တော့ အမေနဲ့ကျမက မွေးလ အတူတူ။

+++++

တကယ်တော့ ဒီတလော ကျမ ဘာလို့ အမေ့ကို ပိုလွမ်းနေလဲဆိုတာ ကျမသိပါတယ်။ အမေ့ကို ပြောပြရင် အမေ ဘယ်လို ပြန်ပြောမလဲ သိချင်လိုက်တာ…။ သားကြီး အသက် ၂၀ ပြည့်တော့မယ်လေ အမေ…။ လွန်ခဲ့တဲ့ ၁၃နှစ်က အမေ့ခံစားချက် ဘယ်လိုရှိခဲ့မယ်ဆိုတာကို ခုချိန်မှာမှ ကျမ ပိုသိလာရတာကိုးးးး။ လွမ်းတယ်.. အမေ။

၁၆ ဖေဖော်ဝါရီ ၂၀၁၁။

Feb 3, 2011

မုန်တိုင်းရဲ့ ကျောရိုး နှင့် ၀တ္ထုတိုများ

ဝတ္ထုတိုတချို့ ပြန်ဖတ်ချင်တယ်လို့ သူငယ်ချင်းတယောက်က ပြောလာတာနဲ့ ကျမကို တယောက်လုပ်ပေးထားတဲ့ ဒီ Ebook လေးကို တင်ပေးဖို့ စိတ်ကူးရပါတယ်။ ဒီစာအုပ်လေးကို ဘယ်သူလုပ်ပေးတယ်ဆိုတာ ကျမ မသိပါ။ ကျမဆီကို အီမေလ်နဲ့ ပို့ပေးတာပါ။ ကျမဖြင့် ကျေးဇူးတင်လိုက်တာ။ ဒါပေမဲ့ သူ အဲလို လုပ်ပေးမယ်ဆိုတာ မသိတော့ ကျမ စာတွေကို ပြန်မစစ်လိုက်ရလို့မို့ Blog မှာ တင်တုန်းက စာရိုက်မှားထားတာလေး တချို့တော့ မစင်ဘဲ ပါသွားပါတယ်။ နည်းနည်း ရုပ်မလှတဲ့ အမှားလေးတချို့လည်း ရှိပါတယ်။ ဥပမာ.. ထွက်ပြေးတဲ့အခါ ၀တ္ထုမှာ
ထွက်ပြေးတဲ့အခါ
နာကျင်ခြင်းမြွေတွေက
ခန္ဓာကိုလိမ်ပတ် ညှစ်သတ်တော့
ခပ်လျော့လျော့အသက်က
မျက်လုံးပြူး မျက်ဆံပြူးနဲ့ ရုန်းထ
သူ့ဘ၀ကို ပိုရုပ်ကြွလာစေပြန်တယ်..

ဆိုတဲ့အပိုဒ်မှာ မျက်လုံးပြူး မျက်လုံးပြူးနဲ့လို့ ဖြစ်နေတာမျိုးပါ။ ဒီတော့ တချို့ စာလုံးအကျ အမှားတွေကို ဖာသာပဲ ဖြည့်ဖတ်ကြပါတော့နော်..။


Feb 1, 2011

ရွက်ကျပင်ပေါက်



အိပ်မက်ကနေ နိုးလာတော့ မောနေတုန်း…။
အိပ်မက်လို့ သိမှ တော်ပါသေးရဲ့လို့ စိတ်အေးတယ်။
ဒါပေမဲ့ အိပ်မက်ကို ပြန်တွေးတော့ မျက်ရည်တွေက အလိုလို စီးကျလာတယ်..။
သေရာပါမယ့် အိပ်မက်တွေ ထင်ပါရဲ့…။
အိပ်မက်ထဲမှာ ကျောင်းကားစောင့်နေတာ…။ ကိုယ် ကားနားရောက်ကာနီးမှ ကားက ထွက်သွားရော။ လက်ထဲက ဆွဲခြင်းတဘက်နဲ့ ပြေးလိုက်ပေမဲ့ အရင် အိပ်မက်တွေထဲကလိုပါပဲ..။ မီလုမီခင်နဲ့ မမီ…။ ကျောင်းမှာ စာမေးပွဲခန်းစောင့်ရမှာ.. ဒုက္ခပါပဲပေါ့..။ နာရီက အသွားမြန်.. ကားက မရ..။ ဒီလိုနဲ့ပဲ လန့်နိုးပြန်တာပါပဲ..။

အဲဒီ ဆရာမဘ၀ကို ကျမ ဘယ်တော့မှ မေ့မရနိုင်တော့ဘူးလား…။
ရွှေထီးဆောင်းခဲ့စဉ်ကာလလို့ ပြောရအောင်ကလည်း ဆင်းရဲပင်ပန်းလှတဲ့ အချိန်တွေပါ..။
ဒါပေမဲ့ .. ကျမ ဘယ်လို ဟန်လုပ် ဟန်လုပ်.. ဘယ်လိုပဲ မေ့ဖျောက် မေ့ဖျောက်..
ကျမရင်ထဲ ဟိုးနက်နက်တနေရာမှာတော့ အဲဒီဘ၀ကို စွဲစိတ်က စို့ရိုက်သွင်းထားသလို နစ်ဝင်နေခဲ့တာ ဖြစ်မှာ…။

++++++

(တစ်)

မှတ်မှတ်ရရ ပြန်တွေးတော့ ဟိုးးငယ်ငယ်လေးကတည်းက ကျမကြီးလာရင် ဘာလုပ်မလဲ မေးတဲ့အခါ ကျောင်းဆရာမလို့ လွယ်လွယ်ဖြေခဲ့တာပဲ။ တကယ် ဆရာမ ဖြစ်ချင်စိတ် ပြင်းပျတယ်လို့တော့ သတိမထားမိပါဘူး။ ဒါပေမဲ့ အမေက ကျောင်းဆရာမ။ ကျမက သူများလို ဆရာဝန်မဖြစ်ချင်.. အင်ဂျင်နီယာ မဖြစ်ချင်..။ ဒီတော့ လုပ်စရာ ဆရာမပဲ ရှိတယ်လို့ ထင်တာလေ…။

ငယ်ငယ်လေးကတည်းက သိသိသာသာ လုပ်ဖြစ်တာတော့ ပန်းချီဆွဲတာပဲ..။ နည်းနည်း ထူးချွန်တာက စာစီစာကုံး ရေးတာ…။ နောက် တကယ်တမ်း တက္ကသိုလ်ရောက်တော့လည်း တက္ကသိုလ်မှာ ဆရာမ ဖြစ်ချင်တာက နည်းနည်း.. တက္ကသိုလ်နယ်မြေထဲ အကြာကြီး နေချင်တာက များများနဲ့..။ ဆရာမဖြစ်ခွင့်ရတော့ ဘ၀မှာ ဘာမှမလိုတော့ဘူး ပြီးပြည့်စုံပြီလို့ကို တွေးမိပြီး ပျော်တော့တာ။ ပြောရရင် လွယ်လွယ်နဲ့ ရခဲ့တယ်လို့လည်း ထင်ပါတယ်။ ခုထိတော့ ဘ၀မှာ အကျေနပ်ဆုံးအချိန်တွေပါပဲ…။

+++++

ကိုယ့်စာမူလေး မဂ္ဂဇင်းထဲ စပါတော့ ပျော်သလားဆိုတာ ခု ပြန်စဉ်းစားကြည့်မိတယ်။ ကျေနပ်တာတော့ သေချာတယ်။ ကိုယ့်စာမူပါတဲ့ စာမျက်နှာကိုပဲ တစိမ့်စိမ့်ကြည့်လို့..။ ပေဖူးလွှာမှာ ကဗျာ စပါတော့ ခွဖောင်လို့ ခေါ်တဲ့ မဂ္ဂဇင်းအလယ်မှာ သပ်သပ်ရပ်ရပ်ပါရတာမို့ စိတ်ချမ်းသာခဲ့တာ..။ တခါ ၀တ္ထုတိုကျတော့လည်း သရုပ်ဖော်ပုံက ကိုယ့်သူငယ်ချင်း ၀င်းမော်ဟန် လက်ရာ..။ ကိုယ်ကြိုက်တဲ့ ပန်းချီဆရာဆိုတော့ ပိုသဘောကျတာပေါ့..။ နောက်တော့ အဲဒီ စာပေနယ်ပယ်လေးကို စွဲစွဲ လန်းလန်းနဲ့…..စာပေအပေါင်းအသင်းတွေနဲ့ လေထန်ကုန်း၊ ဒေါ်ရိတ်ကြီး၊ ဘားလမ်း ကိုထွန်းရီဆိုင်၊ ၁၉လမ်း၊ Mr.Guitar တွေမှာ တ၀ဲလည်လည် သွားလာခဲ့တဲ့ နှစ် ၂၀ အချိန်ကာလထဲ ပျော်ခဲ့တာပဲ။ ခုချိန်ထိလည်း.. လွမ်းဆွတ်ဆဲ...။

+++++++

ဆရာမဘ၀ နဲ့ စာရေးဆရာမ ဘ၀ ဘယ်ဟာကို ပိုကြိုက်လဲမေးရင်တော့ အတူတူပဲလို့ ဖြေရမှာထင်ပါတယ်။ ဒါပေမဲ့ ဘယ်ဘ၀ကို ပိုတန်ဖိုးထားလဲဆိုရင်တော့ မှန်တာပြောရရင် စာရေးဆရာမဘ၀ကိုပေါ့..။ တက္ကသိုလ်ဆရာမဖြစ်ခွင့်ကို တော်တော်များများ ရနိုင်ကြပေမဲ့ စာရေးဆရာမဘ၀ကတော့ ရနိုင်ခဲတယ်လို့ ထင်တာကိုးးး။ ဒါပေမဲ့ မြန်မာစာဆရာမ ဘ၀မှာ အောင်အောင်မြင်မြင် ရပ်တည်နိုင်ခဲ့တာအတွက် ဂုဏ်လုပ်မိတာကိုလည်း ၀န်ခံပါတယ်။ ဒါကြောင့်သာ အစိမ်းခွဲ ခွဲထားခဲ့ရတဲ့ အဲဒီဘ၀ကို စိတ်ကျ အိပ်မက်တွေထဲ စွဲစွဲမြဲမြဲ မက်နေခဲ့တာပဲ မဟုတ်လား…။

+++++

တက္ကသိုလ်ဆရာမဘ၀မှာ လှိုင်တက္ကသိုလ်မှာ ၉နှစ်… ဘားအံကောလိပ်မှာ.. ၃နှစ်.. ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ၁နှစ်.. မော်လမြိုင်တက္ကသိုလ်မှာ ၅နှစ်.. ဒဂုံတက္ကသိုလ်မှာ ၂နှစ်…။ တာဝန်ကျရာ ရောက်လေရာမှာ ကျမ ပျော်ခဲ့တာပဲ နှစ်နှစ်ခြိုက်ခြိုက်…။ လုပ်ဖော်ကိုင်ဖက်တွေထဲမှာ စိတ်တူကိုယ်တူတွေ အမြဲတွေ့ရပြီး ချစ်ခဲ့ခင်ခဲ့ရတာလည်း နေရာတိုင်းမှာ…။ နေရာသစ်တခုရောက်ရင် အဆင်ပြေပါ့မလားလို့ ကျမ တွေးလေ့မရှိဘူး…။ အဆင်ပြေမှာပဲလို့သာ တွေးတတ်တဲ့အထိ ကျမရဲ့ ပျော်တတ်တဲ့ သဘာဝကို ကိုယ့်ဘာသာ စိတ်ချတယ်။ အဲဒီအခါ ဘ၀ထဲ ဒုက္ခရောက်ပေမဲ့ ၀န်းကျင်မှာ သာယာပျော်ရွှင်မှုနဲ့ ဖြေဖျောက်ခဲ့ တာပါပဲ…။
ဒီလိုနဲ့… … …

+++++

(နှစ်)

တက္ကသိုလ်စတက်တော့ ၁၉၈၀..။ ရန်ကုန်တက္ကသိုလ် ကြည့်မြင်တိုင်နယ်မြေ….။ တက္ကသိုလ် ကျောင်းသူဆိုတဲ့ ဘ၀ကို ရင်ခုန်လို့…။ ချစ်တဲ့ သူငယ်ချင်း ဆောင်းသီတာနဲ့ နောက်တယောက်က အယ်မာ…။ ဆံပင်တိုတို.. အသားညိုညို ပိန်ကပ်ကပ်နဲ့… ကျမက တော်တော် အကျည်းတန်တာ…။ ဒါပေမဲ့လည်း တက္ကသိုလ်ကျောင်းသူ ပူပူနွေးနွေး ဆိုတော့ လည်း လှချင် ပချင်တာပေါ့။ မှတ်မိသေးတယ်..။ အဲဒီတုန်းက ကျမက အဖေ ညွှန်ကြားရေးမှူးပေမဲ့ ဆင်းရဲတော့ အမေနဲ့ ကျမ တချို့ထမီတွေဆို သိပ်မခွဲဘဲ တူတူ ၀တ်ရပါတယ်။ ဒီတော့ အမေက ၀၀ကြီးမို့ ၄တောင်ကွင်းဝတ်ရတော့ ကျမက ပိန်ပိန်လေးနဲ့ ၄တောင်ကွင်းကို ရအောင် ၀တ်ရတာမို့ ခါးနေရာကြီးမှာ ဖုလို့..။ ရုပ်မြင်သံကြားစက်တောင် အဖြူအမည်းပဲ ၀ယ်နိုင်ခဲ့သေးတာ မှတ်မိပါတယ်။ ဒါပေမဲ့ ကျမထက် ချမ်းသာတဲ့ သူငယ်ချင်းတွေက ကျမကို ချစ်ကြတာမို့ အဲဒီတက္ကသိုလ်ကျောင်းသူဘ၀ဦးမှာလည်း ပျော်ခဲ့တာပါပဲ..။

+++++

ဆရာမဖြစ်စ….
ကျောင်းသွားတော့မယ်ဆိုရင် ပြဿနာက ဆံထုံးထုံးဖို့…။ ခါးလယ်ကျော်ကျော်ဆံပင်တွေက အုံထူတော့ သိပ်ထုံးရခက်တာ။ ကလစ်တွေ.. ဆံညှပ်တွေလည်း မနိုင်ချင်။ ဒီကြားထဲ ပန်းကလည်း ပန်ချင်သေးတာ။ ဆံထုံးတခါထုံးရင် ချွေးတွေပျံ.. လက်တွေ ညောင်းရော..။ ဆံထုံးနဲ့ ပန်းနဲ့ ဗမာဝတ်စုံနဲ့.. ကြိမ်ဆွဲခြင်းနဲ့…။ အဲဒီလို ကျောင်းသွားရတာကို ကျမ သိပ်ကြိုက်ခဲ့တာ..။ ကျောင်းသား ၂၀၀ ကျော်ရှေ့က စင်မြင့်လေးပေါ်မှာ စာသင်ပေးရမယ့်… အသက် ၂၂နှစ်တောင် မပြည့်သေးတဲ့ ဆရာမပေါက်စလေး ကျမဟာ အတန်းဝင်ရတော့မယ် ဆိုရင် အမြဲ တက်ကြွနေခဲ့တာ။ ကျမ ဆရာမဘ၀ ပထမဆုံးနေ့မှာ ၀င်ရတဲ့အတန်းက လှိုင်တက္ကသိုလ် ၁၉၈၆-၈၇ ပညာသင်နှစ်ရဲ့ ပထမနှစ် ရူပဗေဒ တန်းခွဲ (၁)..။ အဲဒီအတန်းမှာ ကျမသေချာမှတ်မိနေတဲ့ ထင်ထင်ရှားရှား ကျောင်းသူတွေက အဆိုတော် အိအိ.. နောက်ပိုင်း လေယာဉ်မယ်ဖြစ်သွားတဲ့ ၀င့်သရဖီ.. လက်ရေးသိပ်လှပြီး သတ်ပုံမှန်လို့ သတိထားမိရတဲ့ တိုးတင်ညို..။ (ကျန်တဲ့ကလေးတွေ သိပ်မမှတ်မိတော့တာ ခွင့်လွှတ်ပါ)။ ကျမအလုပ်ထွက်ကာနီး နောက်ဆုံးနေ့မှာ ၀င်ခဲ့တဲ့အတန်းကတော့ ဒဂုံတက္ကသိုလ်မှာ ၂၀၀၅-၂၀၀၆ ပညာသင်နှစ် မြန်မာစာ မဟာဝိဇ္ဇာ ပထမနှစ်အတန်းရဲ့ စာပေသဘောတရား စာပေအတတ်ပညာအတန်း နဲ့ အင်္ဂလိပ်စာအဓိက ဂုဏ်ထူးတန်းရဲ့ ၀တ္ထုသဘောတရား ဘာသာ အတန်း။

+++++

ထိုင်းကိုရောက်တော့… မျှော်လင့်ထားခဲ့တာက တောထဲတောင်ထဲက စာသင်ကျောင်းလေး တကျောင်းမှာ စာသင်ဖို့။ ဒါပေမဲ့ အသံလွှင့်ဆောင်းပါးတွေ ရေးရ… ထိုင်းမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် မြန်မာစာနဲ့ ပတ်သက်တာတွေ ကူရ…။ ဘလော့လေးရေးလိုက်.. ခရီးတွေထွက်လိုက်..။ ကိုယ့်နိုင်ငံအတွက် ကိုယ်ကူချင်တာတွေကို နောက်ကြောင်းအေးအေး ကူနိုင်ခဲ့။ အဲဒီဘ၀မှာလည်း ပျော်ခဲ့တာ.. ကိုယ့်အိမ်ကိုယ့်ရာလို………။

ဒီလိုနဲ့ အမေရိကန်ပြည် ရောက်ပြန်တော့လည်း ကျမ သဘောကျတဲ့အလုပ်ခွင်ထဲ လုပ်ခွင့်ရတဲ့ ဘ၀ထဲမှာ ကျမ သိပ်ကို ကျေနပ် ပျော်ပိုက်တာ .. မင်္ဂလာပါ သောတရှင်များရှင်………ဆိုတာလေးကိုတောင် တကယ် လှိုက်လှိုက်လှဲလှဲ ခံစားပြောနေကျ။

+++++++
ပြောချင်တာက ကျမဟာ များများ မျှော်လင့်မထားတတ်သူ..။ ဒါပေမဲ့ ကံကောင်းထောက်မစွာ ကိုယ်မွေ့လျော်တာတွေကိုသာ ခံစားခွင့်ရခဲ့သူဆိုတာပါ။

+++++
(သုံး)

ဘ၀ထဲမှာ ကိုယ်နဲ့ လားလားမှမဆိုင်တဲ့ အနေအထားမျိုးမှာ ရှင်သန် ဖွံ့ဖြိုးနိုင်မှသာ တကယ့် ရဲရင့်မှုလို့ ကျမ ယုံပါတယ်။ အဲဒီယုံကြည်မှုနဲ့ပဲ ဘ၀ကို တလျှောက်လုံး ဖြတ်သန်းခဲ့တာပါ။

+++++
ခုဆို….
ဟိုတယ်ကြီးတခုရဲ့ သပ်ယပ်လှပတဲ့ အရောင်းဆိုင်ခန်းတခန်းမှာ အရောင်းဝန်ထမ်း လုပ်ဖို့ ကျမ အသင့်ပြင်နေပါပြီ။ အသက် ၄၆နှစ်နားနီး အမျိုးသမီးတယောက်အနေနဲ့ လာဝယ် ကြမယ့်သူတွေကို စိတ်လက်သာယာရှိအောင် ဘယ်လို ဆောင်ရွက်ရပါ့..။ သပ်သပ်ရပ်ရပ် တည်တည်ငြိမ်ငြိမ်လေး ၀တ်စား..။ မျက်နှာလေးကို ကြည်ကြည်လင်လင် ပြုံးထား။ ဈေးရောင်းတဲ့အခါ.. ကိုယ့်ဆီက ပစ္စည်း ၀ယ်သူဆီ များများပါသွားအောင် လုပ်ပါ.. စကားများများပြောပါ.. တဲ့။ ခက်ကပြီ.. ကိုယ်ကလည်း စာအကြောင်းပေအကြောင်းကလွဲရင် ဖွယ်ဖွယ်ရာရာ ပြောတတ်တာမဟုတ်…။ ဒီအလုပ်မှာ ညံ့ရင် ဒုက္ခ။ တခါတခါမှာ ညံ့တာတွေကပဲ အလုပ်ဖြစ်နေတာ အပုံ.. ဆိုတာကို မေ့ပစ်။ ကျမ……… တော်မှ ဖြစ်မယ်…။ ကျမ လုပ်နိုင်မှ ဖြစ်မယ်…။ ဒါမှ လှပတဲ့ အလုပ်တခု ဖြစ်မှာ…။ ကျမ အလုပ်လုပ်နေတာဟာ.. အဲဒီ အလုပ် လှလှပပ ပြီးမြောက် အောင်မြင်ဖို့သာ ဖြစ်တယ်..။ ဒါမှပဲ အဲဒီကရတဲ့ လုပ်အားခနဲ့ စားရတဲ့ ထမင်းက ကျမအတွက် အရသာ ပြည့်မှာပါ။ ကြီးကြီးကျယ်ကျယ်.. တွေးရရင်တော့ ကျမ ကိုယ့်ကိုယ်ကို အားပေးနေကျ Julius Caesar ရဲ့ Veni, Vidi, Vici"
ငါ လာတယ်..
ငါ မြင်တယ်..
ငါ အောင်ပွဲခံတယ်… ဆိုတာကိုပဲ ပြန်ပြန် သတိရ။

သေချာတာကတော့ ကျမ နောက်ထပ် စိန်ခေါ်ပွဲတခုကို ရင်ဆိုင်ဖို့ ပြင်ဆင်ရတာပဲ မဟုတ်ပါလား…။

++++++

ကျမ ပျော်မှာပါ….
ရောက်လေရာမှာ စိမ်းရွက်တွေတဝေေ၀နဲ့ လန်းဆန်းရှင်သန်နိုင်တဲ့ ရွက်ကျပင်ပေါက်တွေကို ကျမ ချစ်တယ်လေ။

Jan 22, 2011

မစိမ်းလန်းနိုင်တဲ့ ရာသီခွင်



အမှန်တရားဘက်ကပါ.. တဲ့
ပြီးတော့ဖြင့်
အမှားတရာကို ကျကျနန သိမ်းထုပ်လို့။
ဒီတလော.. ရယ်စရာတွေ များ များ များ
ကိုယ်ပိုင် ရယ်စရာရှိသူတွေကလည်း
ဟိုမှာ ဒီမှာ ရယ်စရာတွေချည်းဆိုပဲ..
ကိုယ့်ရယ်ရသကွာ.. ။
တလောကလုံး ရယ်စရာတွေနဲ့ ဖုံးလို့။

ဖာတလုံးခေါင်းကျားကတော့
အို.. အသင်လောက… တဲ့။
လောကကြီးက မတရားပါဘူးရှင်.. လို့
ပြည့်တန်ဆာ မချိုက “မွန်းတည့်ချိန်တွင် နေ၀င်သည်”.. မှာ ပြောတယ်
ဆိုက်ကားဆရာ ကိုကျော်ကတော့ လောကကြီးက သူ့ဘာသူနေတာ အပြစ်မရှိဘူး..
အပြစ်ရှိတဲ့လူတွေကသာ လောကကြီးကို လွှဲလွှဲချနေတာ..တဲ့။

အပင်တွေ မစိမ်းလန်း
ပန်းတွေ မပွင့်
စမ်းရေလည်း မစီးနိုင်တော့တဲ့
ခုလို အေးခဲခဲ ဆောင်းရာသီဆို
အလိုလို ငိုချင်တာပဲ.. စိတ်ကျ။

အရေးထဲမှာ..
ဝန်းကျင်တခိုဆိုတာကလည်း
ပြိုမလို မှိုင်းရီ…
အို...အသင်လောကဆိုတာကြီးကလည်း
ကြယ်မြင် လမြင်..။

မမ ပြုံးတာ အားရ ပါးရ.. တဲ့။
တကယ်က
အမုန်းတွေကို လှတ ပတ ခြယ်သထားတာ..။
ဒီလိုကာလကြီးထဲ..
ဘယ်လိုများ လန်းနိုင်မလဲကွယ်..။

၂၂ ဇန်န၀ါရီ ၂၀၁၁။


Jan 13, 2011

မရေးချင်တဲ့ စာ

(ပန်းချီ မြင့်မောင်ကျော်)

ဖြစ်နိုင်ရင်.. သေခြင်းဆီ ကိုယ်တိုင်လည်း သွားချင်ပါတယ်။
ဒါဟာ ထွက်ပေါက်တခုတော့ မဟုတ်ပါ။ ဒါပေမဲ့ လတ်တလော ဒုက္ခတွေရဲ့ ငြိမ်းရာ ချုပ်ရာလို့ ယူဆတဲ့အခါ သွားနှင့်သူတွေကို နှမျောတဲ့ကြားကပဲ သူတို့ကတော့ အေးနှင့်ပြီလို့ ခံစားမိပါတယ်။ ခုလည်း ကိုဝဏ္ဏ အေးနှင့်ပြီ။

++++++

ကိုဝဏ္ဏ က ကျမထက် အသက် ၁၆ နှစ်လောက်ပိုကြီးပေမဲ့ ကိုဝဏ္ဏရဲ့ အနုပညာတွေက နုပျိုလတ်ဆတ်သလို သူကိုယ်တိုင်ကလည်း နူးနူးညံ့ညံ့ ညင်ညင်သာသာ ပြောဆို နေထိုင် တတ်သူမို့ ထင်ပါရဲ့။ ကျမက သူ့ကို ကိုဝဏ္ဏလို့သာ ခေါ်ဖြစ်ပါတယ်။ တကယ်တော့ ကိုဝဏ္ဏနဲ့ ကျမက သူ လေထန်ကုန်းမှာ လာထိုင်တဲ့ တခါတလေမှသာ သူရှိတဲ့ စကားဝိုင်းတွေမှာ ကျမရှိနေတတ်တာမျိုးနဲ့ ကြုံဆုံပြီး စကားတွေ ပြောဖူးခဲ့ရတာပါ။ ကျမက ငယ်ငယ်လေးကတည်းက ကိုဝဏ္ဏကို ကျမအဖေ ပြောပြောနေတာတွေကြောင့် ကောင်းကောင်းသိခဲ့ရတာဆိုတော့ ကိုဝဏ္ဏနဲ့ ဆုံချိန်မှာ ကျမက ကိုဝဏ္ဏကို တော်တော် ရင်းရင်းနှီးနှီး သိပြီးသားဖြစ်နေပြီ။ ဒီတော့ ကိုဝဏ္ဏနဲ့ဆုံချိန်မှာ ကျမက ပြောစရာစကားတွေ အဆင်သင့် ရှိပြီးသား..။ ကိုဝဏ္ဏက စကားပြောတဲ့အခါမှာလည်း အင်မတန် သိမ်မွေ့အေးချမ်းသူ..။

ကျမ အဖေက ကိုဝဏ္ဏတို့ သားအဖ ညီအကိုတွေရဲ့ သဘာဝအုပ်စုကို တော်တော် နှစ်ခြိုက်သူ။ ဦးသာဓု ကစလို့ ကိုမင်းလူ အထိပေါ့။ နာမည်ဘယ်လောက်မှ မကြီးဘူးလို့ လူတွေ ထင်တဲ့ ကိုရူပ တောင် ကျမတို့ သားအဖက သိပ်ကြိုက်ကြတာပါ။ ပြိုမှာလေလားမိုးရဲ့..ထဲက ကိုရူပ ကို ဘယ်တော့မှ မမေ့။ အဲသလိုပဲ မောင်ဝဏ္ဏဆိုရင်လည်း “ကတ္တီပါ ဘိနပ်စီး ရွှေထီးဆောင်း”က စလို့ “ရင်ထဲက ဆောင်းရာသီ” အထိ..။ ကိုဝဏ္ဏ ဖန်တီးသမျှ ကျမ မကြိုက်တဲ့ ကား.. မကြည့်လိုက်ရတဲ့ ကား မရှိ။

“ကတ္တီပါဘိနပ်စီး ရွှေထီးဆောင်း” ကြည့်တုန်းကဆိုရင် ကျမ သိပ်ကို ငယ်လွန်းသေးတာမို့ ကောင်းကောင်း မမှတ်မိချင်။ ဒါပေမဲ့ မြတ်မွန် သိပ်လှတာ.. ရိုက်ကွက်တွေ ပန်းချီဆန်တာ.. ခုထိ မှတ်မိတုန်း။ အဲဒီကားထဲက တောင်သမန်အင်းထဲက မယ်ဇယ်ပင်တန်းမှာ ရေတွေ တက်နေတုန်း အဲဒီထဲက အိမ်လေးတအိမ်ထဲ မြတ်မွန် စိတ်ဖောက်သွားတဲ့ အခန်းကို ခုထိ မှတ်မိတုန်း။ နောက်ကောင်းကောင်းမှတ်မိတာ ဇာခန်းစီးနောက်ကွယ်မှာ..။ အဲဒီထဲက မြတ်မွန်ဆိုတဲ့ ဇာတ်ဝင်သီချင်း (မူရင်းဆိုတဲ့သူ မမှတ်မိတော့) “ဘာလိုလိုရယ်.. အို… သူ့အပေါ်မှာကွယ်.. စိတ်ဝင်စား.. အတွေးများ ချာလည်.. ရိုးရိုးလား.. ဆန်းဆန်းလား .. ကွဲကွဲပြားပြား မသိပြီကွယ်” ဆိုတဲ့ သီချင်းကိုတောင် ခုထိ မှတ်မိနေပါသေးတယ်..။ ခြေဖ၀ါးတော်နုနု ဆိုလည်း ဒီလိုပဲ.. အရင်က အကြိုက်ကြီးမဟုတ်လှတဲ့ ရှုမ၀စန်းစန်းအေး နဲ့ ဇော်လွင်ကို ကျမ ချစ်သွားခဲ့ရတဲ့ ရုပ်ရှင်ပေါ့။ အဲဒီထဲက ကျမသိပ်ကြိုက်တဲ့ သီချင်းကိုလည်း ခုတောင် လွမ်းလာပါတယ်..။ “ခရီးသွားရင်း သီချင်းဆိုမယ်.. ငှက်ကလေးများလိုကွယ်.. တောင်ပံခတ်သံ စည်းဝါးသဖွယ်.. လေချိုအေးသံ ကာရန်နှယ်.. တွန်ကျူးသံက သီချင်းသားကွယ်..” အဲဒီသီချင်းလေး နဲ့ လယ်ကွင်းတွေ မြစ်ပြင်တွေ ပျံလွှားငှက်တွေနဲ့ ကျမတို့ မြန်မာမြေရဲ့အလှတွေကို ပြသွားတာ.. ခုတောင် မြင်ယောင်လာသေး။

ပန်းတွေနဲ့ ဝေ.. ကတော့ ခုထိ အစွဲလန်းဆုံး ရုပ်ရှင်တွေထဲမှာ ထိပ်ဆုံးက ရှိနေတာပါ။ အောင်လတ် နဲ့ ဝေ့ကို စွဲစိတ်ထဲမှာ တက္ကသိုလ်ဟာ ကဗျာတပုဒ်လို လှခဲ့တာ..။ ပန်းတွေနဲ့ ဝေ ဟာ ၀တ္ထုလှသလို ရုပ်ရှင်လည်း လှခဲ့တဲ့ အနုပညာ..။ နောက်တော့ နှောင်းတမြေ့မြေ့..။ ချစ်တဲ့သူငယ်လေ…၊ မောင်စိန်သောင်း မနှင်းရည်..၊ ခုနစ်အိမ်တန်းက မဂျမ်းဘုံ.. ခုနစ်စဉ်အလွမ်း..၊ ရင်ထဲက ဆောင်းရာသီ…။ တကားမှ ကျမ မမေ့။ ပန်းချီဆန်လှတဲ့ ရိုက်ကွက်တွေ..။ တကယ့်ကိုမှ အနုပညာ..။ ကိုဝဏ္ဏရဲ့ ၀တ္ထုတွေ လှသလို ရုပ်ရှင်ကိုပါ လှအောင် ရိုက်ခဲ့တာ..။ သူ့ရုပ်ရှင်တွေကို ကျမ ပန်းချီကားစွဲသလို မျက်စိထဲ စွဲနေခဲ့တာ။ တကယ်တော့ ကိုဝဏ္ဏ ဟာ သူကိုယ်တိုင်ကိုက အနုပညာ..။

++++

ကိုဝဏ္ဏ နေမကောင်းဘူးလို့ ကြားကတည်းက ဒီလိုနေ့ကို မသိမသာ စောင့်ကြည့်နေခဲ့ရတာပါ။ ကျမတို့ ပြန်မရနိုင်တဲ့ ဆုံးရှုံးမှုတွေက များလှပြီလေ..။ ဆုံးရှုံးသမျှကလည်း တကယ့် အစားထိုးမရတဲ့ တန်ဖိုးတွေချည်းလေ..။ ဒါကိုက သဘာဝတရားရဲ့ လုပ်ကြံမှုပဲလား..။ တန်ဖိုးရှိလေ.. နှမျောတသရအောင် လုပ်လေ… ထင်ပါရဲ့။

နောက်ထပ် မောင်ဝဏ္ဏရဲ့ အနုပညာမြောက် ရုပ်ရှင်တွေ ကျမ ဘယ်တော့မှ မကြည့်ရတော့မှာ သေချာပြီ။ စိတ်အေးလက်သာ ဖတ်ရတတ်တဲ့ မောင်ဝဏ္ဏရဲ့ စာတွေလည်း ဘယ်တော့မှ မဖတ်ရတော့ပြီ။ ဒါဟာ ကျမတို့ကျန်ရစ်ရသူတွေအတွက် နှမျောတသစရာကောင်းလှတဲ့ ဆုံးရှုံးမှုဆိုပေမဲ့… သွားနှင့်သူ စာရေးဆရာ ဒါရိုက်တာမောင်ဝဏ္ဏ အတွက်ကတော့ အေးချမ်းရာကို ရသွားတာပါ။ သူဟာ လောကကြီးအတွက် အနုအလှတွေ ထားခဲ့ပြီး တာဝန်ကျေကျေနဲ့ ထွက်သွားခဲ့တာပါ..။

အဲဒါကြောင့် နှမျောတသ စိတ်ထိခိုက်ရပေမဲ့လည်း ကျေနပ်ဂုဏ်ယူပါတယ် ကိုဝဏ္ဏရေ..။ ရောက်ရာဘ၀မှာလည်း ခုလိုပဲ လှပတဲ့ အနုသုခုမတွေ ဖန်တီးနိုင်တဲ့ အနုပညာရှင်ပဲ ဖြစ်ပါစေ လို့ ကျမ လောဘကြီးကြီးနဲ့ ဆုတောင်းနေမိပါတယ်ရှင်။

++++++

Jan 1, 2011

နှစ်သစ်အတွက် ဘာဆုတောင်းပါလိမ့်…



၂၀၁၀ ဟာ တေးသံသာတွေ ကြိမ်ရေများများ လွင့်ပျံ့ခွင့်ရခဲ့တယ်လို့ ဆိုနိုင်ပါရဲ့..။
မင်္ဂလာရှိသော နေ့ရက်များ… မင်္ဂလာရှိသော အပေါင်းအပါတချို့နဲ့.. မင်္ဂလာရှိသော အမှုအခင်းတွေ ရင်ဆိုင်ခဲ့။ ဆွတ်ပျံ့ဖွယ်ပါပဲလေ..။ တချို့သော အမင်္ဂလာများကိုတော့ ရယ်မောဖြတ်ကျော်နိုင်ဖို့ ကြိုးစားခဲ့ရ..။ အမှန်တရားဘက်မှာ ကိုယ်ရပ်ခဲ့တယ်လို့ သေချာတာ တခုနဲ့ပဲ ဖြတ်သန်းခဲ့ရလေတယ်။ ဘာပဲဖြစ်ဖြစ်.. မြိန်ယှက်ဖွယ်..။
၂၀၁၁..
“ကိုယ်မေးမယ်.. ဘာတွေဖြစ်ဦးမလဲ”ဆိုတဲ့ သီချင်းကို အော်ဆိုရင်း အခါများစွာကလို ပေါ့ပေါ့ပါးပါး ဖြတ်သွားနိုင်ပါဦးမလား..။ ဘ၀ရှင်သန်ရေးမှာ ဂုဏ်သိက္ခာနဲ့ အမည်နာမက ငွေကြေးထက် အရေးကြီးတယ်လို့ ခံယူသူတယောက်အတွက် ရှေ့လာမယ့် ၂၀၁၁မှာ အခိုင်အမာ ဆုံးဖြတ်ရမှာတွေက စောင့်ကြိုလို့..။
သေချာမှ ဖြစ်မယ်….
မှန်ကန်မှ ဖြစ်မယ်..
တရားမျှတမှ ဖြစ်မယ်..။
ခုလောလောဆယ်တော့ ကျမက လမ်းဆုံမှာ…။
(အင်း လူဆိုတာကိုက လမ်းဆုံမှာ မကြာခဏ ရပ်ရသူတွေ ထင်ပါရဲ့။)

၂၀၁၀ မှာ… ကိုယ့်ဘာသာ သေချာတာကတော့ အမှန်များများ အမှားနည်းနည်း…၊ မေတ္တာတရား များများ.. အမုန်းစိတ် နည်းနည်း…၊ အတ္တ များများ ပရ နည်းနည်း..၊ စေတနာ များများ.. နာလိုခံခက် နည်းနည်း…။
၂၀၁၁ မှာတော့ ဖြစ်နိုင်ရင်.. စာတွေဖတ်.. စာတွေရေး..။ မိသားစုကို ချက်ပြုတ်ကျွေး၊ အပင်တွေစိုက်..။ စိတ်ပျက်စရာတွေ မတရားတာတွေ မှားနေတာတွေကို ကျောခိုင်း..၊ ကိုယ့်ဘာသာပဲ ငြိမ်းချမ်းအောင် တည်ဆောက်…၊ ဘာခံစားချက်ကိုမှ မွေးမြူမထားဘဲ… ပြုံးရယ်ပြီးတော့သာ နေနိုင်ချင်တယ်…။

+++++

10-9-8-7-6-5-4-3-2-1 Happy New Year!!!!!!!!!!!

Cheers!! လို့ ရှန်ပိန်သောက် ဆုတောင်းကြတယ်..
ဆုတောင်းလေ့မရှိတဲ့ ကျမအတွက်တော့ ဒီတကြိမ်မှာ တကယ့်ကို လိုလိုချင်ချင် ဆုတောင်းချင်နေမိတာ အမှန်ပါပဲ။
ကျမ ဘာဆုတောင်းချင်ပါလိမ့်…။
၂၀၁၁ အတွင်းမှာ ဘ၀အတွက် မှန်သော လမ်းကိုသာ ရွေးချယ်နိုင်ပါစေ… တဲ့။
ဟုတ်တယ်.. ကျမ အဲလို ဆုတောင်းလိုက်မိပါတယ်..။

၁ ဇန်န၀ါရီ ၂၀၁၁ တနင်္ဂနွေ။

Dec 17, 2010

မေတ္တာတေး….



အဲဒီနေ့က ကမ္ဘာပေါ်မှာ ရှိသမျှ မေတ္တာပန်းတွေ အကုန်ပွင့်လန်းကြတယ်လို့ ထင်ပါတယ်။

အဲဒီနေ့မှာ ဆယ်ကျော်သက်အရွယ်စကတည်းက အမေနဲ့ အတူနေခွင့်မရတဲ့ သားတယောက်က..အမေနဲ့ ခဏတာ ရက်ပိုင်းလေး အတူတွေ့ခွင့်ရတဲ့နေ့…။

ရင်ကဖြစ်တဲ့ သားကို အရိပ်တကြည့်ကြည့်ရှိရမယ့်အရွယ်မှာ ကျောခိုင်းပြီး တိုင်းပြည်နဲ့လူမျိုးဘက် မျက်နှာလှည့်ခဲ့ရတဲ့ အမေတယောက်က သားကို ထွေးပိုက်ဖို့ စောင့်လင့်နေတဲ့ နေ့ပေါ့..။

အမေ့ခမျာ သားလေးကိုများ အားနာ သနားနေရှာမလား..။
သားလေးကရော.. သားတို့နဲ့အဝေးမှာ ဒုက္ခပေါင်းစုံကို ရင်စီး ခုခံနေတဲ့ အမေကို ပြန်အတွေ့မှာ ကရုဏာအလွမ်းနဲ့ နာကျင်နေရှာမလား…။

ဒါပေမဲ့ အဲဒီနေ့ကလေးမှာ..
အမေက.. သားကို လှိုက်လှိုက်လှဲလှဲ ပြုံးကြည့်နေခဲ့တယ်။ အမေ့အပြုံးဟာ သားနဲ့ အဝေးကြီးနေခဲ့ရတဲ့ အမေတယောက်ရဲ့အပြုံး မဟုတ်ခဲ့။ အမြဲ သားနဲ့ နီးကပ်နေတဲ့ အမေတယောက်ရဲ့ အပြုံး..။ သားလေးကို ကြိုတင်ခွင့်လွှတ်ထားတဲ့အပြုံး..။ သားကို သေသေချာချာ နားလည်တဲ့အပြုံး..။ သားကို အားကိုးနှစ်လိုတဲ့အပြုံးးး


သားကလည်း ပြုံးလို့..။ သားကို ကျောခိုင်းထားခဲ့တဲ့ အမေ့ကို စိတ်မကွက်တဲ့အပြင် အမေ့လုပ်ရပ်တွေကို အားပေးဖို့ အမေ့ကို ထောက်ခံတဲ့ အမှတ်တံဆိပ်ကို လက်မောင်းမှာ မင်နဲ့ ရေးလို့..။


အမေနဲ့ တွေ့ချိန်မှာတော့ ကလေးတွေရဲ့ အဖေဖြစ်နေတဲ့ သားက အမေ့ရှေ့မှာတော့ ပီဘိသားတယောက်သာပါပဲ..။

အဲဒီနေ့မှာ … အဲဒီအမေနဲ့သားကို ဒီလိုပဲ မခွဲအတူ ရှိနေတာကို တသက်လုံး မြင်ချင်လိုက်တာလို့ မြင်တွေ့သူတိုင်းက ခံစားကြရတယ်…. ဒါဟာ မေတ္တာတွေ စီးမျော ဆင့်ပွားတာပဲပေါ့..။ အဲဒီအခါ မြင်သူတိုင်း မျက်ရည်ဝိုင်းလို့..။
ပီတိနဲ့ ယှဉ်တဲ့ ချိုသောမျက်ရည်နွေးတွေ…။
အဲလိုနဲ့ ကမ္ဘာတ၀ှမ်း ပီတိပန်းတွေ ဝေခဲ့တာပေါ့.. အဲဒီနေ့မှာ…။



+++++++

အန်တီစုနဲ့ သားလေးကိုထိန်လင်းတို့ ၁၀နှစ်လုံးလုံး ခွဲနေခဲ့ရပြီး ပြန်တွေ့ရတဲ့ အဲဒီနေ့မှာ တကယ်ပဲ ကမ္ဘာတ၀ှမ်းက ကျမ သိသိသမျှ ဗမာတွေ.. ကိုယ်ချင်းစာ ခံစားတတ်သူတွေဟာ အန်တီနဲ့ကိုထိန်လင်းတို့ကို ကြည့်ပြီး မျက်ရည် ကျကြရပါတယ်။ ကျမတို့ တွေးမိကြတာက… အန်တီတို့သားအမိနေရာမှာ.. ကိုယ်တိုင်သာဆိုရင်.. ဘယ်လိုနေမလဲဆိုတာကိုပေါ့…။ ဒါဟာ မိဘနဲ့ သားသမီး မေတ္တာတရားဆက်နွယ်မှုကို နားလည်တဲ့ လူသားပီသသူတိုင်း ခံစားကြရ.. တွေးမိကြရတာပဲ မဟုတ်ပါလား..။

++++

ကျမသားကြီး ခု အသက် ၁၉နှစ်ရောက်တဲ့အထိ.. သားကို နှစ်ရှည်လများခွဲထားဖို့ ကျမတခါမှ မတွေးရဲခဲ့ဖူးပါ..။ ဒါကြောင့်ပဲ သားကြီးတသက် ကျမ ဘယ်သွားသွား.. ဘယ်နေရာ ပြောင်း ပြောင်း.. သားကို အပါခေါ်ခဲ့တာ..။ သားကြီးကိုလည်း သားကြီးမို့.. သမီးကျတော့လည်း တယောက်တည်းမို့.. သားငယ်လေးကျတော့လည်း အငယ်ဆုံးမို့..။ ကျမက အင်မတန် အတ္တများတဲ့ မိခင်ဖြစ်ပါလိမ့်မယ်..။ အဲဒီအခါ အတ္တကို ဖယ်ခွာပြီး ပရအတွက် စိတ် ရင့်မာသော မိခင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရဲရဲမကြည့်ဝံ့ ဖြစ်ရတော့တာပါပဲ။ ပြီးတော့ အန်တီစုကို သတိရတဲ့အခါတိုင်း မိခင်တယောက်ရဲ့ အလွမ်းကို သတိတရဖြင့်နင့်နင့်သီးသီး ခံစားရစမြဲပါ။

+++++

သားတို့ကို အန်တီစု ကျောခိုင်းရစဉ်တုန်းက ၁၉၈၉.. သားငယ်လေး အသက်က ၁၁နှစ် ကျော်ကျော်။ အမေ ထမင်းခူးပေးမှ စားတတ်တဲ့အရွယ်သာ ရှိသေးတာ။ ပြီးတော့ အမေ အိမ်စာလုပ်ပေးဖို့..။ သားကလေး လိမ်မာအောင် သွန်သင်ဖို့.. အမေက အနားမှာ ထပ်ချပ်မကွာ ရှိရမယ့် အရွယ်ပေါ့။ သားကြီးထက် အမေ့နား ပိုကပ်တဲ့ အရွယ်မို့ရော.. အမေနဲ့ ရုပ်ချင်း ပိုတူတဲ့ သားမို့လို့ရော.. အမေက ပိုပိုသာသာ တွယ်မယ့်အရွယ်လည်း ဖြစ်မှာ..။ ဒါပေမဲ့ သားတို့ခမျာ အမေဝေး သားတွေအဖြစ် ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်းခဲ့ရရှာပါတယ်။ အဖေခမျာ.. ပညာရှင် ကျောင်းဆရာ အလုပ်တဘက်.. သားတို့ကို ထိန်းကျောင်းပြုစုဖို့ တာဝန်ကတဘက်.. လစ်ဟာနေတဲ့ အမေ့နေရာကို ကူဖြည့်ရတာ တဘက်.. အိမ်သူသက်ထား အလိမ်မာဇနီးမယားကို လွမ်းဆွတ်ပူပန်ရတာတဘက် ကြားမှာ… သားတို့အပေါ် သေသေချာချာဖိဖိစီးစီးရော တာဝန်ကျေနိုင်ခဲ့ပါ့မလား..။ တာဝန်ကျေနိုင်ခဲ့ပေမဲ့ မေမေ့ ရင်ငွေ့ကိုတော့ဖြင့် ဘယ်လိုမှ မဖြည့်စွမ်းသာခဲ့မှာ သေချာပါတယ်..။


ဒီလိုနဲ့ အဖေနဲ့ သားတို့ အေးခဲတဲ့ အင်္ဂလန်ရဲ့ ဆောင်းညတွေ.. ခြောက်သွေ့တဲ့ နေ့တာတွေနဲ့ လပ်ဟာနေတဲ့ အိမ်ဂေဟာကို တိတ်တဆိတ်သာ ဖြတ်ကျော်ခဲ့ရပေလိမ့်မယ်..။ အဲဒီအခါ သားငယ်လေးရဲ့ ညည အိပ်မက်တွေထဲ.. ဒါမှမဟုတ်.. အေးစက်တဲ့ ထမင်းဝိုင်းထဲ ခြောက်အိပ်မက်တွေ.. ၀မ်းနည်းဆို့နင့်မှုတွေ ကြီးစိုးခဲ့နိုင်ပါတယ်..။ သားလေးခမျာ ကလေးသာသာ အရွယ်လေးကိုး။
ဒီလို ရက်စက်တဲ့ ကာလကို သားလေး ဘယ်လိုများ ရင်ဆိုင်ဖြတ်ကျော်ခဲ့ပါလိမ့်…။


+++++

အမေကတော့ အဖိုးနဲ့အဖွားရဲ့ ပုံရိပ်တွေ ကြီးစိုးရာ အိမ်အိုကြီးထဲ… မြင့်မြတ်တဲ့ မြတ်နိုးဖွယ် ခင်ပွန်းနဲ့ အရွယ်ရောက်စ သားကြီး… ကလေးဘ၀ မကုန်ချင်သေးတဲ့ သားငယ်လေးတို့ကို လွမ်းဆွတ်ရင်း.. တဘက်ကလည်း အကျဉ်းကျနေတဲ့ တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ရေး အတွက် ကြီးမားလှတဲ့ တာဝန်ကို ထမ်းပိုးလို့…။ အထီးကျန်နေ့ရက်တွေကို ဖြတ်သန်းနေခဲ့ရတာပေါ့။

အချိန်တွေကို တန်ဖိုးရှိရှိ ကုန်ဆုံးစေဖို့ အမေ အားထုတ်နေခဲ့ချိန်မှာ… သားတို့ဘက်ကလည်း အမေ့ကို နားလည်စေချင် နေမိတာတော့ အမှန်ပါ။ ချစ်ခင်မြတ်နိုးရတဲ့ ခင်ပွန်းသည်ကို နှုတ်ဆက်ခွင့်တောင် မရလိုက်ဘဲ ဘ၀ထဲကနေ အပြီးတိုင် ဆုံးရှုံးလိုက်ရချိန်မှာတောင် အမေဟာ အံကို တင်းတင်းကျိတ်လို့ ရင်ဆိုင်ခဲ့ရပါတယ်။ အမေ့ကို အားကိုးတဲ့ ပြည်သူတွေရှေ့မှာ ခိုင်ခိုင်ကြည်ကြည်နဲ့ ရပ်တည်ရတဲ့အမေဟာ.. မျက်ရည်နဲ့အတူ ကိုယ်ပိုင်ခံစားချက်တွေကိုပါ သိမ်းထုပ်ထားခဲ့ရပေလိမ့်မယ်..။ အဲဒါဟာ ဘယ်လောက် ပင်ပန်းတဲ့ တည်ဆောက်ခြင်းလည်းဆိုတာကိုတော့ ကိုယ်ချင်းစာ ခံစားတတ်သူတွေမှသာ နားလည်ပေလိမ့်မယ်..။ အမေဟာ ခိုင်မာမြဲမြံခြင်း တည်ကြည်ရင့်ကျက်ခြင်းတွေရဲ့ ပြယုဂ်အဖြစ် အမေ့ကို အားကိုးသူတွေရဲ့ ရှေ့ကနေ မားမားမတ်မတ် ရပ်နေရပေလိမ့်မယ်..။ အမေ ရင်ဆိုင်နေရတဲ့ ရန်သူဟာ.. အင်မတန် ကောက်ကျစ်စဉ်းလဲပြီး နုံ့နဲ့လှတာမို့ အမေဟာ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို ခါးစည်းခံနေခဲ့ရပါတယ်။

+++++++

ဒီလိုနဲ့ ရက် လ နှစ်တွေ တရွေ့ရွေ့ ပြောင်းလဲခဲ့။ အမေဟာ အိမ်အိုကြီးထဲ အထီးကျန် နေရသလို… သားတို့ခမျာလည်း မိဘနဲ့အတူ ကြီးပြင်းခွင့်မရတဲ့ ဆယ်ကျော်သက်အရွယ်ကို ပင်ပင်ပန်းပန်းနဲ့ ရင်ဆိုင်ဖြတ်ကျော်နေခဲ့ရပေလိမ့်မယ်။ အဖေ ဆုံးပါးချိန်မှာ သားငယ်လေးက အသက် ၂၃ နှစ်ကျော်ကျော်..။ သူကိုယ်တိုင် အိမ်ထောင်ကျ.. မိဘ ဘ၀ရောက်ပေမဲ့ သားဟာ.. အမေ့ရှေ့မှာတော့ သားတစ်ယောက်ပါပဲ..။ တခါတလေမှာ ဘ၀ရဲ့ လောကဓံ အထုအထောင်းထဲ သားငယ်လေး စိတ်ပင်ပန်းတဲ့အခါ…. အမေ့ကို တမ်းတခဲ့ရှာလိမ့်မယ်..။ တခါတခါ လူငယ်ပီပီ.. သူတို့ကို ကျောခိုင်းရက်လေတယ်လို့ မချင့်မရဲနဲ့များ.. အမေ့ကို စိတ်ကွက်ဖူးလေမလား..။
တကယ်တော့ အဲဒီအတွေးဟာ အမေတိုင်း တွေးမိမယ့်အတွေး.. ပြီးတော့ ရင်ထဲ တဆစ်ဆစ်နာရင်း ရင်ထဲ အလိုလို ၀င်လာတတ်တဲ့ ခံစားချက်တွေလည်း ဖြစ်ပါတယ်။

+++++++

ခုတော့ အမေနဲ့သား… ဆယ်နှစ်ကျော်လုံးလုံး ခွဲနေခဲ့ရရာက ပြန်တွေ့ခွင့်ရပြီ။ ခဏလေး ရက်သတ္တနှစ်ပတ်ကလေး ဆိုပေမဲ့ သားနဲ့ အမေကတော့ ကျေနပ်ရပါတယ်။ ငယ်ငယ်က အမေ့နားမှာ အမေ့ကို မော့မျှော်ကြည့်ရင်း အမေ့တွဲလက်ကို ဆုပ်ခဲ့ရတဲ့သားက ခုတော့ အမေ့ကို ငုံ့မိုးကြည့်လို့..။ သား မျက်လုံးတွေက အမေ့ကို အပြည့်အ၀ နားလည်တဲ့ ချစ်ခြင်း မေတ္တာတွေနဲ့ ပြည့်လို့..။ အမေ့မျက်လုံးတွေကကျတော့ သားငယ်လေးရဲ့ မေတ္တာကို ခံစားရင်း ကျေးဇူးတင်နှစ်လိုနေတဲ့ အရိပ်တွေ အရောင်တွေနဲ့ လင်းပလို့…။ သားငယ်လေးရဲ့ လက်ဖျားကို ဆုပ်ကိုင်ရင်း အားအင်ကို ခံစားလို့..။ အားလုံးကို ဖြတ်ကျော်နိုင်ခဲ့ပြီ။



အမေနဲ့ သား ဘယ်လိုမှ မဝေးကွာခဲ့ကြတာကို ဒီသားနဲ့ အမေရဲ့ ပြန်တွေ့ရတဲ့ အချိန်လေးမှာ အထင်အရှား မြင်နေရတာ…။ ဒါဟာ အချိန်ကာလတွေ.. နေရာ ဒေသတွေ.. ထုထည်ဒြဗ်ထုတွေကို ကျော်ဖြတ်သွားနိုင်တဲ့ မေတ္တာတေးရဲ့ ကူးလူးဆက်သွယ်မှုအာနိသင်ပဲ မဟုတ်လား….။

+++++

သေချာပါတယ်..။
မေမေနဲ့ သား… နောက်ထပ် ဘယ်တော့မှ ဘယ်တော့မှ မဝေးတော့ပြီ..။
ဘယ်လောက် ရေမြေခြားခြား..
ဘယ်လောက် အချိန်တွေ ကွဲပြား ကွဲပြား..
ဘယ်လို အနှောင်အဖွဲ့တွေနဲ့ တားထား တားထား…။
မေမေနဲ့ သား.. ဘယ်တော့မှ မဝေးခဲ့တာ.. မဝေးတော့တာ.. သေချာပြီ။

(ချစ်သော အန်တီစု နဲ့ သားငယ် ကိုထိန်လင်းတို့ ပြန်ဆုံခွင့်ရတဲ့ ကာလကို အမှတ်တရ ခံစားပါတယ်)