Apr 28, 2011

ရတုများစွာတိုင်တဲ့အခါ....

ငယ်ငယ်လေးကတည်းက ကျမ ဘာလုပ်ချင်ခဲ့သလဲလို့ ပြန်တွေးကြည့်တော့ ကျမက သူ့အချိန်နဲ့သူ ကြုံရာ စိတ်ကူးတည့်ရာကို လုပ်ခွင့်ရချင်ခဲ့တာပဲဆိုတာကို သတိထားမိတယ်…။

ငယ်ငယ်က ၈တန်းကျောင်းသူအရွယ်မှာ.. ကဗျာအတိုအစတွေ ဗလာစာအုပ်သပ်သပ်ထားပြီး ရေးတတ်နေပြီ။ နောက်တော့ ၁၀တန်းလောက်မှာ ၀တ္ထုတွေအဖတ်များပြီး ရည်းစားဆိုတဲ့ ဝေါဟာရမှာ စိတ်ကစားတတ်လာတော့ ရည်ရွယ်တဲ့သူ ရှိရှိ မရှိရှိ.. ရည်းစားစာကောင်းကောင်းတွေ ရေးနေတတ်ပြီ။ သူငယ်ချင်းယောက်ျားလေးတွေအတွက် ရည်းစားစာတွေ ကူ ကူ ရေးပေးရတာလည်း မှတ်မိတယ်..။ နောက်တော့ အသက် ၁၇နှစ်လောက်.. တက္ကသိုလ်တက်စမှာ… အသည်းလည်း ကွဲတတ်ပြီ။
သေချာတာကတော့ အချစ်ဆိုတာအပေါ် သေသေချာချာ ပျော်ဝင်ခံစားတတ်တယ် ဆိုတာပါပဲ..။ အဲဒါကြောင့် ကြိုက်တဲ့ ၀တ္ထုတွေကတောင် အချစ်အပေါ် အခြေခံမှ ကြိုက်တာ..။
အသက် ၂၃နှစ်အရွယ်… အချစ်ဆိုတာကို အပြင်းထန်ဆုံး ခံစားလေ့တဲ့ အရွယ်မှာ အချစ်ဘ၀ဆိုတာ အိမ်ထောင်ရေးပဲလို့ မှတ်ထင်ခုန်ချခဲ့။ ဒါဟာ အချစ်တဲ့လားလို့ မူးမူးထွေထွေ သီချင်းတွေ အော်ဆို..။ အသည်းကွဲပေမဲ့.. ဒဏ်ရာရပေမဲ့.. နောင်တ မရတတ်ခဲ့…။

နောက်တော့….
ငယ်ငယ်က ချာတိတ်အရွယ် ကျောင်းနေတုန်း..
လူတကာလိုမဟုတ်ဘူး အရမ်းကိုဆိုး..
လူလိမ်မာတော့ မဖြစ်ချင်ခဲ့.. ခုတော့ ဘယ့်နှယ်လဲ…ဆိုတဲ့ ၀င်းမင်းထွေးနဲ့ ဇော်ဝင်းထွဋ်ရဲ့ ဂျစ်ပစီမိုးတိမ်က ကိုယ်နဲ့ လာအံကိုက်ခဲ့..။
ဂငယ်ကွေ့တွေအပြည့်နဲ့ လမ်းပေါ်မှာ.. လျှောက်ခဲ့ဖူးပြီလေ…
ငါနေထိုင်လာခဲ့တဲ့ နှစ်က ၃၀.. မယုံနိုင်ဘူး ရုပ်ရှင်ကြည့်ရသလို ဘ၀က ဆန်းကြယ်တယ်….။
တကယ်ပဲ ကိုယ့်ဘ၀ဇာတ်အနာက ဒရာမာ ရုပ်ရှင်တကားလို…။
အံ့သြစရာကောင်းတာက အဲဒီနာကျင်စရာ ဘ၀ကို စိတ်မနာဘဲ.. အဲဒီဖြတ်သန်းမှုကိုပဲ အနုပညာတခုလို သဘောကျ..။ ဒါကြောင့်လည်း ရူးသွပ်နိုင်ခဲ့ပေတာ…။

ဒီလိုနဲ့.. ခုတော့ လူ့သက်တမ်းရဲ့ ၃ပုံ ၂ပုံ ကျိုးပြီ…။
၄၅ နှစ်မြောက်ဆိုတာ…. နီလာရတု..တဲ့။
အင်း.. တန်ဖိုးအားဖြင့် ရှိတန်သလောက်ရှိတဲ့ ကျောက်မျက်အပြာ..
သူ့အပြာက မှော်ဆန်တယ်.. အေးတယ်.. ရင့်မာတယ်… ပြီးတော့ ခိုင်ကျည်တယ်…။
ဒါဖြင့်.. ကိုယ်ကရော.. ၄၅ မှာ ခိုင်မာ တည်ငြိမ် အေးချမ်းပြီလား…။
ရောင့်ရဲ ကျေနပ်နိုင်မှုတွေ အရင်ကထက် ပိုများလာတာတော့ သေချာတယ်…
ဘ၀ထဲ ပို ပို နေပျော်လာတယ်…
လက်ရှိဖြစ်တည်မှုကို ချစ်တတ်လာတယ်…
အသက်ရှင်နေထိုင်မှုအတွက် မေတ္တာတရားသာ အရေးပါဆုံးလိုအပ်ချက်ရယ်လို့ အမြင်ပြတ်သားလာတယ်…
လောကကို ကျေးဇူးတင်တတ်လာတယ်..
သဘာဝတရားကို ပို မြတ်နိုးတတ်လာတယ်..
သတ္တ၀ါတွေအပေါ် ပို ကြင်နာတတ်လာတယ်..
တန်ပြီ။

++++++

ချစ်ရတာတွေထဲမှာ မြို့မငြိမ်း ပါသလို.. The Beatles လည်း ပါတာပေါ့.. John Lennon လည်း ထိပ်ဆုံးနားမှာ ပါတာပေါ့..။ Imagine ကို သိပ် ယုံကြည်ကိုးကွယ်တာပေါ့…။ ပြောနိုင်ပါတယ်.. ကျမကိုလည်း အိပ်မက်သမား..လို့။ ဒါပေမဲ့ ကျမလည်း ယုံတာပဲ.. ဒါဟာ လူတိုင်း နှစ်ခြိုက်နိုင်မယ့် လမ်းတလမ်းဆိုတာ…။
Imagine there's no Heaven
It's easy if you try
No hell below us
Above us only sky
Imagine all the people
Living for today

Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people
Living life in peace

You may say that I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will be as one

Imagine no possessions
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people
Sharing all the world

You may say that I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will live as one
+++++++

ဒီလိုနဲု့ နီလာရတု ကို ကျော်ဖြတ်လာရပြီဆိုတဲ့အခါမှာတော့ မကြာခဏ နားထောင်ရတဲ့ သီချင်းက When I’m 64 ဖြစ်သွားပြီ…။ Paul McCartney က ၆၄… ဆိုတဲ့ အသက် အပိုင်းအခြားကိုမှ ဘာလို့ ရွေးခဲ့လဲ.. ကျမ မသိပါ…။ ဒါပေမဲ့…
When I get older losing my hair,
Many years from now,
Will you still be sending me a valentine
Birthday greetings bottle of wine?

If I'd been out till quarter to three
Would you lock the door,
Will you still need me, will you still feed me,
When I'm sixty-four?

oo oo oo oo oo oo oo oooo
You'll be older too, (ah ah ah ah ah)
And if you say the word,
I could stay with you.

I could be handy mending a fuse
when your lights have gone.
You can knit a sweater by the fireside
Sunday mornings go for a ride.

Doing the garden, digging the weeds,
Who could ask for more?
Will you still need me, will you still feed me,
When I'm sixty-four?

Every summer we can rent a cottage
In the Isle of Wight, if it's not too dear
We shall scrimp and save
Grandchildren on your knee
Vera, Chuck, and Dave

Send me a postcard, drop me a line,
Stating point of view.
Indicate precisely what you mean to say
yours sincerely, Wasting Away.

Give me your answer, fill in a form
Mine for evermore
Will you still need me, will you still feed me,
When I'm sixty-four?
တကယ်ပဲ အသက် ၆၄မှာ ကျမ ဆံပင်ဖြူတွေ ကျွတ်နေရော့မယ်…
ခြေလက်တွေလည်း အားလျော့လို့…
မျက်လုံးတွေက ဝေသီလို့..
ခုလို ညနေခင်း ခင်ပွန်းသည်နဲ့ ၀ိုင် အတူတူသောက်ရင်တောင်မှပဲ ခပ်ပါးပါးတခွက်ဆို ကျမ မူးပြီး စောစော အိပ်ချင်လာတော့မယ်။ ခုလို စကားတွေဖောင်ဖွဲ့ ပြောနိုင်ပါဦးမလား..။
အဲဒီအခါ ချစ်တဲ့သူက ဟိုးတုန်းကထက် မလျော့တဲ့ ချစ်ခြင်းနဲ့ ချစ်ဖို့ဆိုရင်တော့ဖြင့် မေတ္တာတရားကိုသာ အားကိုးရပေတော့မယ်..။

++++++

အသက် ၆၄နှစ်မှာတော့ ခြံဝန်းကျယ်ကြီးထဲ တနိုင်တပိုင် စားပင် သီးပင်ကလေးတွေ စိုက်လို့ နေချင်တယ်..။ မနက်ခင်းတွေမှာ ခြံထဲ သစ်ပင်အောက်မှာ .. နေရောင်ခံရင်း အဖိုးကြီး အဖွားကြီး နှစ်ယောက် လဘက်ရည်သောက်မယ်.. ငှက်ကလေးတွေ ကြည့်မယ်… ပန်းပင်တွေ ကြည့်မယ်..။ ပြီးရင် အဖိုးကြီးက သူ့တိုလီမိုလီအလုပ်တွေနဲ့ ရှုပ်…။ အဖွားကြီးကျမကတော့ စာဖတ်.. စာရေး.. ။ ကျမကတော့ သီချင်းတွေလည်း နားထောင်ချင်နေဦးမှာ ထင်ပါတယ်။ အဲဒီအချိန်ထိ Linda Ronstadt သီချင်းတွေလည်း ရှိနေစေချင်သေးတယ်…။ Love is a Rose တို့ Blue bayou တို့ပေါ့..။ သားသမီးတွေ မြေးတွေ မရှိတဲ့ အချိန်ဆိုရင်တော့ အဖွားကြီးက Mamma Mia အခွေကို ဖွင့်ပြီး Meryl Streep နဲ့ အပြိုင် ABBA သီချင်းတွေ လိုက်ဆိုဦးမှာ…။ ဗုဒ္ဓတရားကို အချိန်တကူးတကယူ မပွားများ တတ်ပေမဲ့ သတ္တ၀ါတွေကို မေတ္တာထားပြီး သတိကို အမြဲ စောင့်ကြည့်နေရင်.. ဒါဟာ ဘာဝနာပဲ မဟုတ်လားနော်…။


ခင်ပွန်းကလည်း စိုက်ခင်းလယ်ကွင်းပြင်ကျယ်ကြီးထဲမှာ သားသမီး မြေးမြစ်တွေပါ တစုတဝေးတည်း မိသားတစု အိမ်တလုံးစီနဲ့ မိသားစုရွာ တည်နေချင်တာတဲ့…။ ဟုတ်တယ်.. ဒါမှ မနက်လင်းတဲ့အခါ အလုပ်သွား ကျောင်းသွားမယ့် သားသမီးမြေးမြစ်တွေအတွက် မနက်စာ ကောင်းကောင်း ကျမ ပြင်ဆင်ကျွေးနိုင်မှာ…။ သူတို့ အသီးသီး ထွက်သွားကြတဲ့အခါ အဖွားကြီးရဲ့ ကိုယ်ပိုင်ချိန် တနေကုန်မှာ.. စာတွေ ဖတ်.. စာတွေ ရေး.. ပန်းချီတွေတောင် ဆွဲနိုင်သေးးး

နွေအားလပ်ရက်တွေဆိုရင်တော့ အခုအချိန်တွေလိုပဲ မိသားစုကြီး တစုတဝေး အပန်းဖြေခရီး ထွက်မှာပေါ့…။ တောင်ပေါ်ရွာလေးတွေမှာ အိမ်တလုံး လုံးချင်းငှား.. ဒါမှမဟုတ်.. ပင်လယ်ကမ်းခြေမှာ.. ။ ဒါမှမဟုတ်.. ကျေးလက်တွေဘက်…။ အချင်းချင်းမတည့်တဲ့ သားသမီးတွေ ပါရင်လည်း အဖိုးကြီးအဖွားကြီးနှစ်ယောက် ကူရှင်းပေါ့..။ ပြီးတော့မှ ကွယ်ရာမှာ သားသမီး မြေးမြစ်တွေရဲ့ အတင်းကို ပြောရင်း စိတ်ညစ်ညစ်နဲ့ ခေါင်းချင်းဆိုင် ပြုံးရယ်ကြမယ်..။ ချစ်တတ်မယ်ဆိုရင် အရာရာဟာ ပြုံးစရာ လို့ ယုံပါတယ်..။ အဲဒီအခါ ၆၄နှစ်ဆိုတာ.. ခု ၄၆နှစ်နဲ့ ဘယ်လောက်မှ မကွာ…။ စိတ်ထားတတ်ဖို့သာ လိုပါမယ်…။

++++

၆၄နှစ်မှာ.. လူ့လောကထဲ ကျမ နေခွင့်ရနေသေးတယ်ဆိုရင် ကျမ ရောဂါဝေဒနာ တခုခု ခံစားနေရတာလည်း ဖြစ်နိုင်တယ်.. ဒါမှမဟုတ် ကျန်းမာပကတိနဲ့ ခုလိုပဲ လှုပ်လှုပ်ရှားရှား သွားသွားလာလာ.. အလှတွေပြင်လို့ ခေတ်မီမီ အဖွားကြီးအဖြစ်နဲ့လည်း ရှိနေနိုင်သေးတယ်..။ ဘာပဲဖြစ်ဖြစ်... ဘ၀ကို စုံမက်တတ်တဲ့ ကျမကတော့ နေပျော်မှာ...။

အင်္ဂလိပ်တွေကတော့ ၇၀ သက်တမ်းဟာ ရွှေဖြူရတု..တဲ့။
မြန်မာအယူအဆမှာတော့ ပထမစိန်ရတု .. တဲ့။
၆၀..၆၄နှစ်ဆိုတာတွေအတွက် တန်ဖိုးသတ်မှတ်ထားတာ မရှိပေမဲ့ .. တန်ဖိုးရှိတဲ့ ရတု တခုခုတော့ ဖြစ်ရမှာပေါ့…။
ရတနာရတု တခုခုပေါ့လေ...။

အဲဒီအခါ.. ကျမကတော့ ကြည်အေးပြောတဲ့..
“ကျမချစ်မြဲ သံသာဝဲမှ ခွဲထွက်ချင်ဘူး တပ်မက်ဦးမည်..” ဆိုတာကို သက်ဝင်သူပီပီ
ကျမချစ်တဲ့ သံသရာနှောင်ကြိုးတွေထဲ အရစ်ပတ်ခံရင်း..
ရောက်လာဦးမယ့် ရွှေရတုတွေ.. စိန်ရတုတွေနဲ့ အမည်ပေးမထားတဲ့ ရတုများစွာကို
ခုလိုပဲ ကိုယ်လုပ်ချင်တာတွေ လုပ်ရင်း စိတ်ကူးယဉ် သာယာရင်း စိတ်လိုလက်ရ ကြိုဦးမှာ..။

+++++
အရွယ်ဆိုတာကိုက ရှေးဟောင်းဂန္ဓ၀င်ပစ္စည်းများလို... တန်ဖိုးထား မက်မောတတ်တဲ့သူပေါ် မူတည်ပြီးတော့၊ သက်တမ်းရင့်လေ… တန်ဖိုးတက်လေ… မက်မောစရာကောင်းလေလို့.. ကျမကတော့ ယုံတာပဲ။



၂၀၁၁ ဧပြီ ၂၆။
(လမင်းတရာက ထုတ်ဝေမယ့် '၆၀' စာအုပ်အတွက် အမှတ်တရရေးတဲ့ စာပါ...)

Apr 7, 2011

တနေ့တာ အကြိုက်များး

သူယုတ်မာ မဖြစ်အောင် ရေးရတဲ့ Post (ပန်ဒိုရာကို တည့်တည့်ပြောသည်)

++++++

နှိုးစက်တီးလုံးမြည်သံကို စိတ်တိုပြီး မနက် ၃နာရီ အိပ်ယာက ထရတိုင်း.. အိပ်ချင်လိုက်တာလို့ ညည်းရင်း ရေချိုးခန်းထဲ မျက်စေ့သေချာမပွင့်ဘဲ ၀င်သွားရတာကို မုန်းသမျှ…
ရုံးရောက်လို့ ကော်ဖီပူပူတခွက်သောက်ရင်း.. နောက် ၃နာရီအကြာမှာ အသံလွှင့်ဖို့ အသင့်ပြင်ရင်း… အလုပ်တွေ ရှုပ်လွန်းတဲ့ကြားက … Face Book ၀င်ဝင် check ပြီး တခိခိ ကျိတ်ရယ်ရတာကိုတော့ သိပ်ကြိုက်…
အလုပ်ရှုပ်ပြီလားဟေ့ဆို.. “ချာမ.. မောနင်း” လို့ လှမ်း chat တဲ့ အရီးပန် နဲ့ ချက်တီး လုလုပ်ရတာကိုလည်း ကြိုက်..
ဝါရှင်တန်ဒီစီရဲ့ မနက် ၇နာရီ.. မြန်မာပြည်ရဲ့ မနက် ၅နာရီခွဲမှာ စ အသံလွှင့်ဖို့ စတူဒီယိုကို အပြေးအလွှားဆင်း.. Mic ရှေ့မှာ ထိုင်.. မင်္ဂလာပါသောတရှင်များရှင်.. ကျမ မေငြိမ်းပါ.. လို့ ပြောပြီး အစီစဉ်မှူး လုပ်ရတာကိုလည်း ကြိုက်ကြိုက်..
မနက်ခင်းတချိန် အသံလွှင့်ပြီး အလုပ်ဖော်တွေနဲ့ မနက်စာ စုစားရတာကိုလည်း ကြိုက်..။
ရုံးပြန်ချိန်.. သိပ်ခမ်းနားပြီး အေးအေးချမ်းချမ်းဆန်တဲ့ ၀ါရှင်တန်ဒီစီရဲ့ မြင်ကွင်းကို အလုပ်ဖော် သူငယ်ချင်းတယောက် မောင်းတဲ့ ကားပေါ်ကနေ မရိုးနိုင်စတမ်း ငေးပြီး လိုက်ရတာကိုလည်း ကြိုက်တာပဲ..
အိမ်ရောက်ရင်တော့ တရေးအိပ်ချိန်… သီချင်းတိုးတိုးလေးဖွင့်.. ဇော်ဝင်းထွဋ်ဖြစ်ဖြစ်.. ဂျေမောင်မောင်ဖြစ်ဖြစ်.. ။ ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်…။ အိုးး ဇိမ်ပဲ…။
၃နာရီခွဲရင်တော့ တရေးအိပ်ရာကနေ မဖြစ်မနေထပြီး အလုပ်အပြန်မှာ ကလေးအငယ် နှစ်ယောက်ကို ကျောင်းဝင်ကြိုပြီး ပြန်လာကြမယ့် အဖေကြီးနဲ့ သမီး သားနဲ့ကို ကြိုရတာပေါ့..။ အဲဒီအချိန်ဆို.. အိမ်ထဲတောင် မရောက်သေးခင်ကတည်းက စကားလုပြောလာတဲ့ သားနဲ့ သမီးနဲ့ အဖေ့နဲ့ကို ဆီးကြိုရတာ.. အင်း ကြိုက်ပါတယ်..။ မောကြိုက်လေးပေါ့ :P
အဲဒီ ခဏတဖြုတ်ကတော့ မိသားတစု ပေါ့ပေါ့ပါးပါး.. တနေ့တာ ကြုံခဲ့သမျှ.. ပြောကြ… တအိမ်လုံး ဆူညံ…။ များသောအားဖြင့်တော့ အဖေကြီးက လဘက်ထသုပ်ပြီး.. ထမင်းကြမ်းနဲ့ အဆာပြေ ၀ိုင်းစားကြတာ.. ။ အဲဒါကိုတော့ သဘောအကျဆုံး…။
ပြီးရင်တော့ အဖေနဲ့အမေခမျာ မီးဖိုချောင် ၀င်ရပြီပေါ့..
သားနဲ့ သမီးက တယောက်က TV ကြည့် တယောက်က ကွန်ပျူတာကိုင်…။
ချက်ရင်းပြုတ်ရင်း.. ပြောရင်းဆိုရင်း.. ရှင်းရင်းလင်းရင်း.. ဟော.. ၅နာရီထိုးပြီ။
မေမေ Gym သွားမယ်.. လို့ အ၀တ်အစားလဲတာနဲ့ သမီးနဲ့သားက ငေါက်ကနဲ ထလိုက်တာပဲ..။
ဖေဖေကြီး အိမ်ရှင်း.. ရေချိုးထား..။ ပြန်လာရင် ညနေစာစားကြမယ်ပေါ့…။
မေမေက Gym မှာ.. သူတို့က ကစားကွင်းမှာ.. (မေမေက မှန်မှန်မသွားဖြစ်တာတော့ ရှိသပေါ့ :D)
Gym မှာ ၁နာရီ ကြာ… သဘောကျစရာတော့ တကယ်ကောင်းတာပါ..
ပြန်လာ.. ရေချိုး ညစာစားးးး TV ကြည့်ရင်း သားနဲ့ သမီးကို အိမ်စာကူလုပ်..။
ဒီလိုနဲ့.. ည ၉နာရီကျော်ပြီလေ…။ ည ၁၀နာရီတော့ အိပ်ယာကို မဖြစ်မနေ၀င်ကြရ….
မအိပ်ခင်တော့ Face Book လေး ကြည့်ပါရစေဦး..
Blog လေးတွေ ဖတ်ပါရစေဦး…. မဂ္ဂဇင်းဝတ္ထုတို တပုဒ်လောက်တော့ ဖတ်ပါရစေဦး…
အဖေကြီးက အော်နေပြီ.. အမေကြီင်္းနော်.. မနက် ၃နာရီ ထရမယ့်ဟာ.. အိပ်တော့…တဲ့။
အင်းပါဆို..သိပါတယ်.. လို့ ညတိုင်းနီးပါး ပြန်ပြောပြီး အချိန်ဆွဲနေရတာကိုလည်း သဘောကျပါ့..။
တကယ်ဝင်အိပ်တော့ ည ၁၁နာရီ…..
ဘုရားရေ.. အိပ်ချိန် ၄နာရီပဲ ရတော့မှာပါလား.. မဖြစ်ဘူး.. အိပ်မှ အိပ်မှ…။
အဲသလိုညတိုင်း ပေရတာလည်း ကြိုက်တာပဲ.. ဘယ်လိုလုပ်မလဲ…။
ကြည့်ပါဦး ကျမခမျာ.. အချိန်ဆင်းရဲလိုက်တာ.. သနားစရာနော်…။
(အဲလို သူများသနားအောင် ပြောရတာကိုလည်း ကြိုက်တာပဲ..)…

+++++

ရုံးပိတ်ရက် တနေ့တာ အကြိုက်များတော့ မရေးတော့ဘူးနော်…
သူများတွေ မနာလိုဖြစ်မှာစိုးလို့.. ဟဲဟဲ…။

၆ဧပြီ၂၀၁၁။

Mar 22, 2011

အချစ်အကြောင်းပြောတဲ့အခါ…

မသက်ဝေက အချစ်အကြောင်းပြောရအောင် ထပ်ရေးဖို့ Tag တော့ ခက်တာက ကျမရဲ့ အချစ်အကြောင်း တွေက ကျမ ရေးလွန်းလို့ ကုန်သလောက်ဖြစ်နေပြီ။ ပြီးတော့ ကျမစာဖတ်သူမှန်သမျှ ကျမအကြောင်း အကုန်လုံး သိသလိုတောင်ဖြစ်နေတာမို့..။
အချစ်ဆိုတာ.. ပြောင်းလဲတတ်သလား… ဟောင်းသွားတတ်သလား.. အသစ်ဖြစ်ပေါ်တတ်သလား… ဆိုတာတွေ ကိုယ့်အသက်အရွယ်အလိုက် တွေးမိတာတွေကိုပဲ ရေးချင်လာပါတယ်။
အင်းး မနော် (မနော်ဟရီ)..ကတော့ ပြောတာပဲ..
“တစ်ခုပဲ…တစ်ခုပဲ…
ဒီနေ့ ထိ လူတွေ အယူလွဲနေတဲ့ “အချစ် အကြောင်း စစ်စစ်” ကို
ဘယ်လို လူကမှ သေချာမသိ လေတော့
လက်တမ်းပုံပြင် တွေ တလေတလွင့် ရေပန်းစားကျန်ခဲ့တာ… မဆန်းပါဘူး”။… တဲ့လေ။

++++++
အချစ်အကြောင်းပြောတဲ့အခါ…

(၁)
မြှေးပင့်ကူမျှင် ပြေးသင့်ပြီ သူထင်လို့
မခင်မကြင်တတ်သူက
အမျှင် တမင်ဖြတ်ရင်တော့
ဇွတ်လည်း မတွယ်သာဘု
ကွယ်ရာမှာ မျက်ရည်ဝဲတော့မယ်….
(ကြည်အေး-ခွင့်လွှတ်ပါဖုန်း))
++++++

စံပယ်ပွင့်ဖတ်လေးတွေကို အရွက်စိမ်းစိမ်းလေးတွေပါအပါ.. မညှိုးမနွမ်းအောင် စီမံထားတဲ့ ပန်းချီကားလေးက ခုတော့ အတိတ်တခုရဲ့ သက်သေလို ဖြူ့ကို ခြောက်လှန့်နေပါပြီ..။ ပန်းချီကားလေးရဲ့ နောက်ကျောကို ကြည့်လိုက်ရင် မောင့်ရဲ့ ပန်းချီဆန်တဲ့ လက်ရေးတွေနဲ့ မောင့် စံပယ်ဖြူ..သို့ ဆိုတဲ့ စာတန်းလေး တွေ့မှာ..။ မ, က သိပ်ဖြူစင်တယ်.. အသားလေးလည်း ဖြူတယ်.. နုလည်း နုနယ်တယ်.. ဒါကြောင့် မောင်က စံပယ်ဖြူလို့ပဲ ခေါ်ချင်တာ.. လို့ မောင်ပြောခဲ့ဖူးသမျှကို သတိတရနဲ့ အဲဒီစာတန်းလေးကို အချိန်တိုင်း ပြုံးပြီး ကြည်ကြည်နူးနူး ကြည့်မိနေကျ…။ ခုချိန်မှာတော့ ဖြူ မကြည့်ရဲတော့ဘူး မောင်ရေ..။ နားသယ်စပ်က ဆံစနားမှာ လေတိုးသလိုပဲ..။ အရင်ကဆိုရင်တော့ ဒါဟာ ဖြူ့ ဆံစပ်ကို နမ်းနေကျ မောင့်ရဲ့ အသက်ရှုငွေ့.. ဒါမှ မဟုတ်.. မ.. လို့ တိုးတိုးလေးခေါ်တဲ့ အသံဖြစ်မှာ…။

တိတ်ဆိတ်နေတဲ့ ဧည့်ခန်းက ဖြူတယောက်လုံး ရှိလျက်နဲ့ တစပြင်လိုပဲ ခြောက်ချားစရာ ကောင်းလိုက်တာ မောင်..။ အခါပေါင်းများစွာ.. မောင် ဖြူ့ကို ထားခဲ့ပြီး ခရီးရှည်တွေ ခရီးတိုတွေ ထွက်နေကျပေမဲ့ ဒီတခါမှာလိုတော့ ဖြူ ဘယ်တုန်းကမှ မခြောက်ချားခဲ့ဖူးပါဘူး မောင်ရယ်..။ ပြီးတော့ မောင် ဘယ်တော့ပြန်လာမှာလဲလို့ မေးမရတဲ့ ခရီးတွေ မောင် အကြိမ်ကြိမ် သွားခဲ့ပေမဲ့ .. ဒီတခါလို မောင့်ကို တဘ၀စာ ဆုံးရှုံးရတော့မှာလားလို့လည်း မတွေးမိခဲ့ဖူးပါဘူးကွယ်..။ မောင်..ဒါတွေကို သိရဲ့ မဟုတ်လားဟင်…။ မောင်… ဖြူ့အချစ်ကို မငဲ့ခဲ့ဘူးနော်…။
ဇနီးမယားတယောက်အတွက်တော့ ခင်ပွန်းသည်ကမှ မငဲ့ညှာမထောက်ထားရင် အရာအားလုံးဟာ အဆုံးရှုံးချည်းပါလေ…။
+++++

ပြတင်းပေါက်က ခန်းစီးစကို မဖယ်ရဲတာတောင် ကြာပြီမောင်…။ အပြင်မှာ မောင်ချစ်တဲ့ နှင်းတွေ အတိဖုံးနေတာလည်း မမြင်ချင်ဘူး..။ မောင်က စာချစ်ကဗျာချစ်.. ကိုယ်တိုင်လည်း ကဗျာတွေ ရေးလေတော့ ပတ်ဝန်းကျင်ကို နူးနူးညံ့ညံ့ ချစ်တတ်လေတော့ ဖြူတောင် ကဗျာဆန် စာဆန် ဖြစ်လာရတာမဟုတ်လား..။ မောင်ကြောင့်ပဲ အထီးကျန်နိုင်လှတဲ့ သူစိမ်းတိုင်းပြည် အေးအေးခဲခဲကြီးမှာ ပျော်ဝင်ခဲ့ရတာ.. မောင့်ကြောင့်ပဲ နှင်းတွေကို ချစ်ကြည့်မိခဲ့တာ..။ မောင့်ကြောင့်ပဲ… သီချင်းတွေ ကဗျာတွေ.. ပန်းချီတွေကို ချစ်တတ်ခဲ့ရတာ…။ ဖြူဖြူဆိုတဲ့ ခပ်ရိုးရိုး ခပ်အေးအေး မိန်းမတယောက်ကို ကဗျာတွေ စာတွေနဲ့ မွေ့လျော်အောင် မောင်ပဲ တတ်နိုင်ခဲ့တာပါလေ…။ ခုတော့ မောင်ထားခဲ့တဲ့ ဘ၀ထဲမှာ အဲဒီ မောင်ထားခဲ့တဲ့ စာပင်လယ်ထဲမှာမို့ပဲ ဖြူ လွမ်းစရာရှိလည်း ပိုလွမ်းတတ်.. ကြေကွဲစရာရှိလည်း ကြေကွဲတတ်လာခဲ့ရတာ မဟုတ်လား မောင်။ ခုတော့ ဖြူက နှင်းတွေကိုတောင် မကြည့်ရဲတော့ပါဘူးမောင်ရယ်..။

++++++++

အေးအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်နေတတ်တဲ့ အသက် အစိတ်အရွယ် ကျောင်းဆရာမလေး တယောက်ကို အသက်၂၀အရွယ် ကောင်လေးတယောက်က ကဗျာတွေ ရေးရေးပေး.. စံပယ်ခိုင်တွေ လာလာပေး.. အိမ်ရှေ့နား မမ သီချင်းတွေ လာ လာ ဆို.. ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိပြီတွေ လာ လာ ဆို..။ နောက်တော့ မ, ကို ကျနော် မခွဲနိုင်တော့ဘူး..တဲ့။ ခုလိုက်ခဲ့တော့ မ, ရာ… လက်ကို လွှတ်မပေးတော့ဘူး… တဲ့။ ဒါနဲ့ပဲ အရှက်သည်းတဲ့ ဖြူက မောင့်ဆီမှာ အပြီးတိုင် ရှုံးနိမ့်ခဲ့ရတာ.. လွန်ခဲ့တဲ့ အနှစ် အစိတ် ကတည်းကနေ ဒီကနေ့ထိအောင်ပါပဲ။ ဖြူ့အတွက်တော့ မနေ့တနေ့ကလို လန်းဆတ်ဆဲပါ မောင်။ အဲဒီကတည်းကပဲ မောင်ယုံကြည်ရာလမ်းကို လျှောက်ဖို့ ဖြူပံ့ပိုးခဲ့ရ.. မောင် ထွက်ရသမျှ ကြမ်းတမ်းလှတဲ့ ခရီးရှည်တွေကိုလည်း ပါရမီကူဖြည့်လို့..။ မ, နဲ့ တူတဲ့ သမီးလေး မွေးကွာ…. မောင် နဲ့တူတဲ့ သားလေးတယောက် မွေးဦးတဲ့။ မောင်နဲ့ဖြူက ကံကောင်းတယ်.. မောင်လိုသမျှ.. ဖြူ ဖြည့်ပေးနိုင်ခဲ့တာ…။ ဖြူ ပင်ပန်းခဲ့ပေမဲ့ မညည်းခဲ့ပါဘူး မောင်…။ မောင်က ဒီလို ဖြူပင်ပန်းခဲ့သမျှအတွက် ကျေးဇူးစကားပြောတုန်းက ဖြူပြန်ပြောခဲ့သလိုပါပဲ…။ ဖြူက ကျေးဇူးတင်တာ မလိုချင်ပါဘူး..။ ဖြူ့ကို ချစ်မြတ်နိုးတာပဲ လိုချင်ပါတယ်… ဆိုတာ…။

++++++

အသက် ၅၀အရွယ် မိန်းမတယောက်ရဲ့ အချစ်ဟာ မနုပျိုနိုင်တော့ဘူးလို့ မောင် ခံစားရလေသလား..။ ဒါပေမဲ့ မောင်ရယ်.. ချစ်ခြင်းမေတ္တာဟာလည်း လင်နဲ့မယားရဲ့ သွေးသား ချစ်ခြင်းကို ပြည့်စုံအောင် ဖြည့်ဆီး ဖန်တီးပေးနိုင်တယ် မဟုတ်ဘူးလား ဟင်..။
ဒါပေမဲ့ ချစ်ခြင်းမေတ္တာမှ မရှိတော့ရင်တော့…..။
မောင့်အပြုံးတွေ မလှိုက်လှဲတော့တာ..
မောင့်နှုတ်ခမ်းတွေ မနွေးထွေးတော့တာ..
မောင့်မျက်လုံးတွေ အသက်မ၀င်တော့တာ..
မောင့်မိန်းမက အသိဆုံးပေါ့ကွယ်…။ ဒါပေမဲ့ မျှော်လင့်ခဲ့ပါသေးတယ်မောင်..။
ခုလို သားနဲ့ သမီး အရွယ်ရောက်လို့ အနားမှာ မရှိတော့တဲ့အချိန်…
အထီးကျန်လှတဲ့ ပတ်ဝန်းကျင်ကြီးထဲမှာ ဖြူတို့ နှစ်ယောက်တည်း တယောက်ကို တယောက် အဖော်ပြုလို့…
မောင်က ကဗျာတွေ စာတွေရေး.. ဖြူက မောင်ရေးသမျှ ဖတ်.. မောင် ဖတ်ခိုင်းသမျှ စာတွေ ဖတ်…။
မောင့်အနားမှာ ဟိုးအရင်ကလိုပဲ ရေပူရေချမ်းကမ်းလို့..။
ဒါပေမဲ့ မောင်က ဒီလို ဘ၀မှာ မပျော်ပိုက်တတ်တော့ပြီ။ မောင့်မျက်လုံး ဝေေ၀သီသီတွေက… ဖြူ့ကို မမြင်တော့ပြီ။
ပြီးတော့ ဖြူနဲ့ သားသမီးတွေ ရှေ့ရေးပူစရာမရှိတော့ဘူး.. ပြည့်စုံပြီ လို့လည်း မောင်ပြောတတ်ခဲ့ပြီ…။
ဖြူ ဒါတွေ မမက်မောတတ်တာလည်း မောင် သိလျက်နဲ့လေ..။ အဲဒီကတည်းက မောင့်ခြေလှမ်းတွေ ယိမ်းယိုင်ချင်တာကို ဖြူရိပ်မိခဲ့တာပါ။ ဒါပေမဲ့ မောင့်ဖြူက ရိပ်မိတာကိုတောင်မှ ပြောမထွက်ခဲ့သူပါ..။ အဲဒီအခါ မောင်ဖတ်ခိုင်းလို့ပဲ ဖတ်ရာက ကြိုက်လာရတဲ့ ကြည်အေးရဲ့ ကဗျာတပုဒ်ကိုပဲ မောင့်ကို ရွတ်ပြချင်လာပါသေးတယ်..။
လွှင့်ပစ်လိုက်စမ်း
တိမ်တိုက်အပြာ သည်နီလာတွေ
ဝါရည်နို့ခဲ သည်ပုလဲတွေ
ခဲသားရင့်ရင့် သည်စိန်ပွင့်တွေ…။
လွှင့်ပစ်လိုက်လေ..
မြေပြင်ဟိုဘက် လှိုင်းပွက်ပွက်နှင့်
ရေနက်ထဲနှစ် ကြဲချပစ်လိုက်
မျက်ရည်စိုနှင့် ငိုတော့မေရယ်..
တွယ်တာစရာမေတ္တာကင်းမှ
သည်ဘ၀မှာ
ဘာကို မက်မောပျော်မလဲ…။။။
++++++

နှင်းထုတွေ တောင်လိုပုံနေတဲ့ ကြားက မောင်မရှိတဲ့ အိမ်လေးထဲမှာ ဖြူ.. ဘယ်လောက် ထိခိုက်အေးခဲ နေမလဲ.. မောင် မသိတော့ပြီ..။ အဖေကို အမေ့ထက် ပိုချစ်တဲ့ ပိုလေးစားတဲ့ သမီးနဲ့သား ကိုလည်း မောင်မေ့ပြီ..။ လင်ယောက်ျားးဆိုတာ ဖြူ့အတွက်ကတော့ မှီခို အားကိုးဖို့ ဆိုတာထက် ချစ်မြတ်နိုးဖို့ပါ မောင်ရယ်.. လို့ ဖြူပြောတော့ မောင်က ရီဝေေ၀ ငေးတယ်..။ ဇနီးမယားဆိုတာကရော.. မောင့်အတွက် ဘယ်လို သတ်မှတ်ချက်နဲ့လဲလို့ ဖြူမတွေးရက်တော့ပါ။ မောင်သိလားဟင်.. ဇနီးမယားဆိုတာ.. ဘယ်သူကမှ မပြောပြလည်း.. ဘာတခုမှ မကြားရလည်း.. ခင်ပွန်းရဲ့ သူ့အပေါ် အချစ် အမုန်း ဥပက္ခာ နဲ့ သံယောဇဉ် အတိုင်းအတာတွေကို အလိုလို သိတယ်ဆိုတာ…။ မောင် ယုံလား…။
ဒါကြောင့်.. ဖြူ မောင် ဖြေရခက်မယ့် မေးခွန်းတွေ မမေးပါဘူးမောင်..။
ဒါပေမဲ့ ဖြူသိပါတယ်မောင်..။ ဖြူ့ရဲ့ နှလုံးသားက သိနေတယ်..။
မောင့်ကို.. မောင့်ရဲ့ အချစ်ဆိုတာကို ဖြူ ဆုံးရှုံးရပြီဆိုတာ…။
မောင်က မောင် သွားရဦးမယ် မ, ရယ်တဲ့…။
ဒီတခါကတော့ အရင်ကလို မောင့်ယုံကြည်ချက်အတွက် သွားရမယ့် ကြမ်းတမ်းတဲ့ ခရီးရှည်တွေမျိုး မဟုတ်ဘူး..
ဖြူ့အတွက်သာ နှလုံးသားကို နာကျင်ပင်ပန်းစေမယ့် ခက်ထန်လှတဲ့ ခရီးရှည်ပါ…။
မောင်က ခွဲခွာသွားတဲ့ ခရီးရှည်…
ဖြူက ချန်ထားခံရတဲ့ ခရီးရှည်….။
ဒီတခါ မောင် ဖြူ့ကို တသက်စာနှုတ်ဆက်တယ်လို့ ဖြူ သိနေပါတယ်။
ဒီတကြိမ် ခရီးမှာတော့ ဖြူငိုပါရစေမောင်..
ဖြူ သိမ်းဖက်ထားမိတဲ့ မောင့်ခန္ဓာကိုယ်က ခက်မာတောင့်တင်းလို့..။

ကိုယ့်အပေါ် မပူနွေး မပျော့ပျောင်းနိုင်တော့တဲ့ ချစ်သူကို တခုခုနဲ့ ချည်နှောင်ထားရတာမျိုးကို ဖြူ မယုံကြည်ပါဘူးမောင်…။ ဖြူ မောင့်ကို လွှတ်ပေးလိုက်ပါ့မယ်..။ ဒါပေမဲ့ အချစ်တွေကို ဆုံးရှုံးလိုက်ရတဲ့အတွက်ကြောင့်တော့ဖြင့် ဖြူငိုပါရစေမောင်.. ဒါဟာ ဖြူ့အတွက်တော့ တသက်စာအလွမ်းလည်း ဖြစ်ပါတယ်..။

++++++
သူသွားတော့မည်
ပွေ့ချော့ထွေးလည်၊ ၀မ်းနည်းရုံမျှ
မှုန်ဝါးမျက်နှာ ၊ မျက်ရည်ကာဆီး
ပြန်လာပါဦး၊ ခွဲချင်ဘူးကွယ်
မူးယစ်ဝေည၊ မွှေးထုံသဆဲ
ခဏတွေ့မော၊ ရင်ခုန်ရောယှက်
ပြောချင်စကား၊ မေးခွန်းများစွာ
မေ့ထားခဲ့ပြီး ပြန်ချိန်နီးမှ
ငိုညည်းတ၀က်၊ မမီလက်ကမ်း
နှုတ်ဆက်ဝိုးဝါး၊ ပြေးထွက်သွားမှ
တံခါးရပ်မှီ၊ ငေးခဲ့ပြီ။
(ကြည်အေး-ကျန်ရစ်သူအတွေး)
++++++
(၂)
ကိုယ်ပိုင်ကောင်းကင် ရှိနေချင်တယ်
နေရောင်ခြည်နဲ့ လွတ်လပ်ဝန်းကျင်သစ် ရချင်တယ်
ရင်ဖွင့်ခြင်း ခွန်အားသစ်နဲ့
ကိုးကွယ်မှုမျဉ်းကြောင်း ဖြောင့်တန်းချင်တယ်
ကျိန်းသေတဲ့ ဘ၀ တည်ဆောက်ဖို့
ငါ့မှာ ဒဏ်ရာများစွာရှိတယ်။
(မိနှောင်း-ဒဏ်ရာ)
+++++

အချစ်နဲ့ ပတ်သက်ရင် သူ့နှလုံးသားကိုက ပူနွေးလှိုက်လှဲလွယ်လွန်းပါတယ်။ သူ ကောင်မလေးကို ချစ်မိတဲ့အတွက် သူ ဘယ်လောက် ခါးသီးတဲ့ ၀န်းကျင်ကို ရင်ဆိုင်ရမယ်ဆိုတာလည်း သူ အသိပါ..။ ပြီးတော့ သူရင်ဆိုင်ရမယ့် အခက်အခဲတွေ အမနာပတွေ..။ အို အဆိုးဆုံးကတော့ ချစ်သော မ….ကို ရက်စက်ရမယ့် ကိစ္စ နဲ့ သားနဲ့ သမီးရဲ့ ခံစားချက်။
ဒါပေမဲ့ သူ မိုက်မဲခဲ့ပြီ။
အရေပြားတထောက်စာ လို့တော့ ရက်ရက်စက်စက် မပြောကြပါနဲ့..။
ပြီးတော့ အသွေးအသားရဲ့ လိုအင်လို့လည်း ပစ်ပစ်ခါခါ မပြောကြပါနဲ့…။
သူ ကောင်မလေးကို ငြိတွယ်ခဲ့တာဟာ သွေးသားဆန္ဒဖြစ်ချင်ဖြစ်ပါလိမ့်မယ်..
ဒါပေမဲ့ အချစ်ဆိုတာကလည်း တခန်းတကဏ္ဍတော့ ပါပါတယ်..။ သူက ချစ်တတ်သူပါ..။
သူ့ရင်ထဲမှာ အချစ်တို့က ဘယ်အခါမှ မညှိုးနွမ်း..။ တခုပဲ.. မ..အပေါ်မှာ တပ်မက်ချစ်ခြင်းမရှိတော့တာကိုတော့ သူကိုယ်တိုင်လည်း မလွန်ဆန်နိုင်တော့တဲ့ အခြေအနေပါ..။ အသက်ကြီးသွားတဲ့ ဇနီးမယားမို့လို့လားဆိုတာလည်း
သူ မပြောပြတတ်ပါ။ ကောင်မလေးကကျတော့ ငယ်ငယ်ရွယ်ရွယ် သွေးဆူလှိုက်လှဲသူမို့လို့လား..။

သူ အဖြေမရှာချင်ပါ..။
ဒါပေမဲ့ အဖြေမထုတ်လို့ မရတော့တဲ့ အနေအထားက ရောက်လာပြီ…။
သူ ကောင်မလေးကို မခွဲခွာနိုင်တော့ပြီ။
ဇနီးမ, အနားမှာ နေရင်းကနေ.. ကောင်မလေးရဲ့ ရှိုက်ငင်တဲ့ မျက်ရည်တွေကိုပဲ သနား လွမ်းဆွတ်နေမိတာ.. သူ့ဘာသာလည်း လိပ်ပြာမလုံချင်..။
မ, ကိုလည်း အားနာမိတဲ့ကြားကပဲ ကောင်မလေးရဲ့ တမ်းတခေါ်ငင်သံတွေနောက်မှာ မျောပါ….
ကိုကို့ကို ချစ်တာမှာ.. မျှော်လင့်ချက် မပါခဲ့ပေမဲ့.. ခုတော့ အားကိုးတာတွေ မျှော်လင့်တာတွေ မခွဲနိုင်တာတွေ ပါလာပြီ..တဲ့။ အဓိကကတော့ ကောင်မလေးရဲ့ မျက်ရည်တွေကို မလွန်ဆန်နိုင်ရာက.. ပျိုရွယ်တဲ့ သွေးသားကိုပါ စွဲငြိလာရတာကို
သူ မညာချင်ပါ..။
သစ္စာတရားဆိုတဲ့ ပုဒ်မအရ..သူ့မှာ မမအပေါ် အပြစ်ရှိမယ်..။ ဖခင်ကောင်းဆိုတဲ့ စွဲချက်အရ သားသမီးဆီမှာ သူ အပြစ်ရှိမယ်..။ ဒါပေမဲ့ အချစ်ဆိုတဲ့ တရားမှာတော့ သူက အမှန်တကယ် နစ်မွန်းစွဲလန်းသူသာ ဖြစ်ပါတယ်..။

အချစ်ဆိုတာ အဖန်ဖန်အသစ်မွေးဖွားတယ်လို့ ယုံတဲ့ အချစ်ကဗျာရေးသူ သူဟာ..
အချစ်တွေကို ဇနီးထံမှာသာ အသစ်အသစ်မွေးဖွားစေချင်ခဲ့တာ တကယ်ပါ…။
ဒါပေမဲ့ သဘာဝတရား နဲ့ ကံတရားက သူ့အပေါ်မှာ သွေဖီလေတယ်…။
အချစ်ဟာ ကော်ဖီတခွက် မဟုတ်ပေမဲ့ ကော်ဖီအမျိုးအစားသစ်တွေကို အရသာတွေ့သလို အချစ်အမျိုးအစားတွေရော မသစ်နိုင်ဘူးလားလို့ .. ကောင်မလေးက သူ့ကို အကြည့်မှာ သူ တွေးမိရာကနေ…. ကံတရားက သူ့ကို ကျီစယ်တော့တယ်..။ ပြီးတော့ မကြာပါဘူး ကံတရားက သူ့ကို ရက်ရက်စက်စက် ရိုက်ပုတ်တော့တယ်…။ ကောင်မလေးက ငိုတယ်..
မင်းပြုံးရင် ပန်းတို့ပွင့်တယ်လို့.. သူဆိုခဲ့တဲ့ သီချင်းနေရာမှာ.. မျက်ရည်များနဲ့ မနမ်းပါနဲ့ အချစ်ရေ့က အစားထိုးဝင်လာတယ်..။ ကောင်မလေးက သူ့အတွက်တော့ လန်းစွင့်နေတဲ့ နှင်းဆီနီ.. စိုမြ.. လန်းဆန်း..ရဲပ…။ ရနံ့ကလည်း ယစ်မူးစရာ…။

စံပယ်ဖြူလေးကတော့ နှင်းဆီနဲ့ ယှဉ်ရင် ဖျော့တော့ခဲ့ပြီ။ ခုတော့ သူ့အရွယ်က နှင်းဆီနီနီရဲရဲကိုသာ တရှိုက်မက်မက် နမ်းရှိုက်ချင်ခဲ့ပြီ။ မောင်.. အခါခါ တောင်းပန်ပါတယ်.. မ..။ မ..ကို မောင် မမုန်းဘူး.. ပြီးတော့ မ ချစ် တော့ ပါဘူး…… သနားကရုဏာဆိုတာကို မ.. လည်း မနှစ်ခြိုက်ဘူး.. မောင်ကလည်း မပေးရက်ပါဘူး..။ အပြစ်တင်ပါ မ…။ အိမ်အိုဟောင်းကို စွန့်ရက်သူ…လို့။ ကျနော် အတ္တကြီးပါတယ်..။ ပြီးတော့ မ..ကို မပြောရက်တာတခု တိုးတိုးလေး ၀န်ခံပါဦးမယ်..။ ကျနော် ကောင်မလေးကို ချစ်တယ် မမ…။
အဲဒီအချစ်စိတ်ကို မထိန်းနိုင်လောက်အောင်.. ဘာကိုမှ မထောက်ထား.. မလေးစားနိုင်တော့လောက်အောင်ကို ကောင်မလေးကို ကျနော် စွဲလန်းပါတယ်။
သူနဲ့ ကျနော်.. ဘ၀တခု ဆိုတာကိုလည်း ကျနော် ရင်ခုန်ပါတယ်..။
သူက ကျနော်နဲ့သူ့ရဲ့ သွေးကလေး လိုချင်တယ်တဲ့…။
ဘာဆန်းသလဲ မမ.. ဒါပေမဲ့.. ကောင်မလေးရဲ့ အဲဒီအပြောမှာ ဒီအရွယ်ကြီးနဲ့ ကျနော်ရင်တွေ ခုန်ပြီး နှလုံးသားတွေ ပြန်နူးညံ့လာတာကတော့ ဆန်းပါတယ်…။
ဘ၀မှာ ဘာက အရေးကြီးလဲ မမ…
ကျနော်ကတော့ အချစ်တွေနဲ့ နေထိုင်ခွင့်ရဖို့သာ အရေးကြီးတယ်လို့ တသက်လုံးထင်ခဲ့တာ မဟုတ်လား မမ..။
ဒီတော့ ကိုယ်အရေးကြီးတယ်ထင်တာကို ယူခွင့်ရဖို့ .. ကျနော်ဟာ မိုက်မဲသူ ဆိုပါတော့..။
အဲဒီလောက်တော့ ကျနော် စွန့်ရပေလိမ့်မယ်…။
မနက် အိပ်ယာက အနိုးမှာ ပြုံးနေတဲ့ကောင်မလေးက ကျနော့ဘေးမှာ…
ခေါင်းရင်းမှာ မနက်ခင်းငှက်ကလေးတွေက ကျီကျီကျာကျာ အော်လို့.. ကျနော်တို့ အိမ်ကလေးက မမနဲ့ ကျနော်တို့ရဲ့ နှင်းတွေကြားက တိုက်လောက် မခမ်းနား.. မပြည့်စုံ..။ ဒါပေမဲ့ ကောင်မလေးရဲ့ ခိုဝင်တွယ်ကပ်မှုက ကျနော့အတွက် ပြည့်စုံတယ်လို့ ခံစားရတယ် မမ..။ ခုဆို ကျနော် နဲ့ ကောင်မလေးတို့ကို ချည်နှောင်တဲ့ ကြိုးကလေးတချောင်းကလည်း တအူဝဲ၀ဲ ငိုနေပြီ..။ ဒီဘ၀ ယိုင်နဲ့နဲ့လေးမှာ ကျနော်ပင်ပန်းနွမ်းနယ်ဦးမှာလည်း ကျနော် သိပါတယ်..။ ဒါပေမဲ့ ဒီဘ၀လေးကို ကျနော် ချစ်တယ်…။ ဒီ့အတွက် ခွင့်လွှတ်ပါ မမ…။
တကယ်လို့များ.. တချိန်မှာ ကျနော်.. ၀ဋ်လည်လို့ပဲဖြစ်ဖြစ်.. ကံဆိုးလို့ပဲဖြစ်ဖြစ်.. ဒီအချစ်က အဆိပ်သင့်ခဲ့ရင်တောင်မှပဲ… ခုအချိန် ခံစားခဲ့ရဖူးတဲ့ သာယာမှုနဲ့ ချေနိုင်မယ်ထင်ပါရဲ့…။

++++++
သံသရာကို
ဖီလာလွန်ကျူး၊ သည်မှာမြူးချင်
အရူးစကြ်ာ၊ ရင်ခွင်မှာအပ်
ပျားပန်းခတ်နေ
ဘယ်သူတွေလဲ၊ ငါ့ကို ဆွဲခေါ်
မိုးပေါ်အရောက်၊ အောက်ကို ပစ်ချ
ဘ၀အသစ်၊ ဓာတုဖြစ်၏
မျက်စိဖွင့်လျက်၊ အိပ်မက်မက်ပြန်။
(မိနှောင်း-အိမ်သစ်)
+++++
(၃)
ဆွတ်မယ့်သူရယ်
ညွှတ်လှည့် ဘယ်လိုမြှူတဲ့
မကြည်ဖြူ ရည်တူချစ်နိုင်ဘူး
ကြူလှစ်သည့်မေတ္တာဖော်လို့
သစ္စာတော် ချစ်ဖော်ညှိချင်နှင့်
ထိလာလျှင် မြရှင်ဆူးတွေပ
ထွေးနီနီသွေးရည်လူးတဲ့အောင်
ခူးလိုက်မယ်လေး.. တဲ့။ ၊
(ကြည်အေး-နှင်းဆီ)
+++++

ကောင်မလေးအတွက်ကတော့ အချစ်ဆိုတာက စိတ်ကူးယဉ်စရာမဟုတ်လှပါ။ ဘ၀မှာ ကိုယ့်ကို ဘယ်သူက ချစ်မက်ပြီး အရယူမှာလဲ…။ အဲလိုလူကသာ ကောင်မလေးအတွက် အချစ်ဆိုတာကို ပေးသူလို့ပဲ ယုံပါတယ်..။ ကောင်မလေးတို့ဘ၀က ကိုယ့်ကို စွဲစွဲလန်းလန်း ချစ်ပါတယ်လို့ ဆိုလာတဲ့.. ပြောရရင် အားကိုးယုံကြည်လောက်စရာ.. မက်မောမှီိုတွယ်စရာလည်းကောင်းတဲ့ ကိုကို့လို လူတယောက်ကို ရဖို့ဆိုတာ.. အိပ်မက်ဆိုရင်တောင်မှပဲ ဆောင်းတွင်းအိပ်မက် ကယောက်ကယက်လို့ ဆိုရမှာပါ…။
ပြောရရင် ကိုကိုက ချစ်တယ်လို့ ပြောတာကိုတောင် သူတို့လို အရွယ်လွန်ယောက်ျားတွေရဲ့ ပုံမှန်သွေးလေဖောက်ပြန်မှုပဲလို့ ထင်ခဲ့တာ…။
ဒါပေမဲ့…..
ကိုကိုက တကယ်ပဲ ကောင်မလေး စိတ်ကူးယဉ်ချင်စရာအချစ်တွေကို ပေးခဲ့တာပါ..။
နူးညံ့သိမ်မွေ့တဲ့… ဆန်းကြယ်ပုန်းခိုတဲ့ အချစ်မျိုးတွေ…။ ကောင်မလေးအတွက်တော့ တကယ်ပဲ ဆန်းကြယ်ခဲ့ပါတယ်..။ ပြီးတော့ ကိုကိုက ကောင်မလေးတို့လို ဘ၀တွေက မော်ကြည့်အထင်ကြီးရတဲ့ သူလည်း ဖြစ်သေးတာ…။ ကိုကိုက ကောင်မလေးကို ချစ်တယ်… ကောင်မလေးဟာ ကိုကို့အတွက်တော့ ပင်လယ်ထဲ မျောပါနေရတဲ့ ဘ၀မှာ နောက်ဆုံး ဆိုက်ကပ်ခိုနားစရာ ကျွန်းမြေပါပဲတဲ့။ ကိုကိုက သူ့ရဲ့ ခန္ဓာကိုယ် တစိတ်တပိုင်းလို ကောင်မလေးကို ချစ်တာတဲ့..။ ကောင်မလေးဟာ သူ့အတွက်တော့ နှင်းဆီတပွင့်လိုပဲ ထင်ရှားပေါ်လွင်တယ်… လှပရဲရင့်တယ်..တဲ့။ ကောင်မလေးကတော့ ကိုကိုပြောတာတွေကို သိပ်နားမလည်ပေမဲ့.. ကိုကို့ ရဲ့ လှိုက်လှဲတဲ့ စကားသံတွေနဲ့ နက်ရှိုင်းတဲ့ အကြည့်တွေကို ခံစားရပါတယ်..။ အဲဒီအခါ.. ကိုကို့အနားမှာ မခွဲမခွာနေချင်လာတယ်..။ အဲဒီအချိန်မှာမှပဲ ကိုကို့မှာ ကာမပိုင်နဲ့ မိသားစုနဲ့ဆိုတာကို သိလိုက်ရတာပါ။

အချစ်ဆိုတာကတော့ နောက်ဆုတ်လို့ မရဘူးလေ ကိုကို..။ စည်းတခုကြောင့် ကိုကို့ကို ကျောခိုင်းလို့ ရရင် ရလိမ့်မယ်..။ အချစ်ဆိုတာကိုတော့ ကျောခိုင်းလို့ မရပါဘူး…။ အဲဒီအခါ ကိုကို့ကို ကျောခိုင်းဖို့ပဲ စဉ်းစားရတော့တယ်…။ မေ့ပစ်ပါ… ဘ၀ရဲ့ နောက်ဆုံးသက်တမ်း အပိုင်းအခြားမှာ ကောင်မလေးနားနေပါရစေဆိုတာကို မေ့ပစ်… ။ ကလေးမယုံဘူးလားဟင်.. တို့နှစ်ယောက်ရဲ့အချစ်က အရာရာကို ဖြတ်ကျော်သွားမှာ…ဆိုတာတွေကို မေ့ပစ်..။ ရင်သွေးဆိုတာဟာ ကိုကို နဲ့ ကောင်မလေးတို့အတွက်တော့ ပေါင်းကူးတံတားဖြစ်မှာ.. တဲ့…။ ဒါကိုလည်း မေ့ပစ်တာပါပဲ..။

ဒါပေမဲ့ …
ကောင်မလေးရှေ့ကို ကိုကို ရောက်ရောက်လာတဲ့အခါ….
ကောင်မလေးကြားအောင် ရင်ပွင့်စကားတွေ ကိုကို လာ လာ ပြောတဲ့အခါ…
ကောင်မလေး ကောင်းကောင်းနားမလည်တာတောင် သဘောကျမိရတဲ့ ကဗျာတွေ ကိုကို ရွတ် ရွတ်ပြတဲ့အခါ….
အလုပ်ပင်ပန်းလို့ နွမ်းလျော်နေတဲ့ ကောင်မလေးကို ကိုကို ဟာသတွေပြောပြီး ရွှင်လန်းစေတဲ့အခါ…
ကောင်မလေးကို ခွဲထားခဲ့ပြီး ပြန်ရဦးမယ်လို့ သူ့ရင်ခွင်ထဲ ထွေးပွေ့ပြီး ကောင်မလေးဆံစ တွေကို မချိတင်ကဲ ကိုကို နမ်းတဲ့အခါ….
ကောင်မလေးက အူရိုင်းပါ ကိုကို….
ဒီလိုနဲ့ပဲ.. ခုတော့ ကိုကို နဲ့ ကောင်မလေးကြားမှာ ပေါင်းကူးတံတားထိုးမိခဲ့ပြီ..။
သမီးလေးက ချစ်စရာကောင်းလိုက်တာ ကိုကို.. ကိုကို့ မျက်လုံးမျိုးတွေနဲ့.. ကိုကို့ ဆံပင် ခွေခွေလေးတွေနဲ့.. ကိုကို့လို ဥာဏ်ကောင်းပြီး ကိုကို့လို အနုပညာဆန်မယ့် သမီးလေး….
ဘာပဲဖြစ်ဖြစ်… ကောင်မလေးဘ၀မှာ ဒါဟာ ဆုလာဘ်တပါးပါပဲ ကိုကို…။

+++++
ရင်ခွင်ပျက်မျှ
တပ်မက်သိုသိပ်၊ ဖြစ်တည်ရိပ်ရှည်
ချစ်ဆိပ်ပြင်းလာ တုန်ခါလည်ပတ်
လွတ်ထွက်တတ်လျှင်
မောင့်ရင်ခွင်မှ မျက်နှာလှကို
ကျနသွန်သင်၊ အချစ်ဝင်ပူး
မောင့်ကြည်နူးမှု၊ ဖြည့်မှုပြုချင်။
(မိနှောင်း-နှောင်း)


++++++

ပုံကို ဒီက ယူပါတယ်။
၂၂ မတ် ၂၀၁၁။

Feb 17, 2011

အမေဆိုတာ....

ဒီရက်ပိုင်း ကရင်ပြည်နယ်ထဲက သမီးလေးတယောက်နဲ့ အဆက်အသွယ်ရပါတယ်..။ သူ့ဆီက ဓာတ်ပုံတွေထဲကနေ ကျမတို့ ရွာနားက (တကယ်တော့ ရာကျော့်ရွာပါ) မြင်ကွင်းတွေမြင်ရတော့ ရွာကို လွမ်းလိုက်တာ။ တုပ်ကွေးရာသီထဲ ကိုယ်လည်း ကွေးချင်ချင်နဲ့ ချောင်းတွေ မတရားဆိုးလို့ ရုံးကနေ ခွင့်ယူထားရတာမို့ အိမ်မှာ တယောက်တည်း ငြိမ်ငြိမ်လေးကွေးရင်း ရွာကိုလွမ်း.. အမေနဲ့အဘကို လွမ်းလိုက်တာ…။ အမေနဲ့အဘ လည်း ကျမတို့ကိုလွမ်းနေမှာ သေချာတယ်။ အဘကကျတော့ သူအားကိုးရတဲ့ တဦးတည်းသော သားကို အဖော်အဖက် အနေနဲ့ လွမ်းနေမှာ..။ အမေကတော့ သူ့နားကပ်ပြီး ပလီပလာ တွေပြော..ရယ်စရာတွေပြောတဲ့ ချွေးမ ကျမကို ပျင်းပျင်းနဲ့ လွမ်းနေမှာ…။ ဒီလိုပဲ တ၀ိုင်းတည်းနေကြတဲ့ အမျိုးတွေကလည်း နွေကျောင်းပိတ်ပြီဆို ရွာမှာ လာနေပြီး မိုးလင်းတာနဲ့ သနပ်ခါးအဖွေးသားနဲ့ အိမ်ရှေ့ ကွပ်ပျစ်လေးမှာ ထိုင်ပြီးတော့ မုန့်မျိုးစုံ စားရင်း စကားဝိုင်းဖွဲ့တဲ့ အမေနဲ့ကျမအနားမှာ ကျမတို့ ပြောသမျှ ၀ိုင်းနားထောင်ရတဲ့အချိန်တွေကို လွမ်းနေမှာ…ဆိုတာကို မျက်ရည်တွေနဲ့အတူ ကျမ သိနေပါတယ်။

+++++

ကျမ ရွာကို ပထမဆုံးသွားလည်တော့ ရန်ကုန်သူ.. အိမ်ထောင်ကွဲ… ကလေးတယောက်အမေ… အသက် ၃၀ ..။ တက္ကသိုလ်ဆရာမ… ကျမက ဆံပင်က ပိုနီတေး.. ထမီက ခပ်တိုတို..။ ရယ်ရင်လည်း တဟားဟားနဲ့… ဆိုတော့ အတူသွားကြတဲ့ အသက်ကြီးကြီး ဆရာမတွေထဲမှာ တော်တော် ကြည့်မရစရာ ဖြစ်နေနိုင်ပါတယ်။ ရွာ့မျက်စေ့ကိုး..။ ပြီးတော့ မွန်လူမျိုးတွေမို့ ခပ်ရိုးရိုး သတ်မှတ် ထားတဲ့ ပုံစံတခုက ရှိပြီးသားလေ..။ ဆရာမဆိုတာ.. ဆံထုံးနဲ့၊ ပါတိတ် ၀မ်းဆက်နဲ့ စလင်းဘက်ကြီး ခန့်ခန့်ညားညားနဲ့ပေါ့။ ခု သူတို့တွေ့နေရတာက တီရှပ်နဲ့၊ ထမီက တိုချင်ချင်။ ပခုံးသိုင်းအိတ်ကလည်း ပုံမကျ ပန်းမကျ..။ ရုပ်ကလည်း စွာတာတာ မာကျောကျော။ တပည့်တွေကသာ ချစ်စိတ်နဲ့ပေမဲ့ လူကြီးတွေကတော့ ဘယ် အမြင် ကြည် ပါ့မလဲ..။ ဒီကြားထဲ သူတို့ရဲ့ ရွှေမင်းသားလေးနဲ့ စိတ်ပူနေကြတာလည်း ရှိနေတာကိုး။ အဲဒီတုန်းက ရာကျော်ကလည်း လူကြီးဆန်ဆန် နေတတ်တယ်ဆိုပေမဲ့ အသက်က ၂၁ နှစ် စွန်းစွန်းသာ ရှိသေးတာ..။

ကျမကလည်း အဲဒီအချိန်တုန်းက တကယ့် ကျားနာမ။ ရန်သူလို့ထင်သမျှကို အနည်းဆုံး မာန်တော့ ဖီလိုက်ချင်သေးတာ..။ လောကကြီး တယ်မတရားဘူးးပေါ့လေ….။ ဒီလိုနဲ့ ရွာကလည်း ကျမကို အကဲခတ်.. ကျမကလည်း ရွာကို အကဲဖြတ်နဲ့….။ အဲဒီထဲမှာတော့ အမေက အဆိုးဆုံးပေါ့။

အမေကလည်း တဦးတည်းသောသမီး..။ အမေ့အသားအရည်ကိုပြောရရင် မုန်လာဥလို ဖွေးဥ နေတာ.. သံလွင်မြစ်ကမ်းဘေးက ရွာသူတယောက်လို့ ပြောရင် ဘုရားစူးပဲ..။ သူ့ ကိုယ်သူလည်း ဂရုစိုက်တော့ ကိုယ်လုံးကိုလည်း အ၀မခံ..။ ခုထိ ဆရာမကြီးက လှတုန်းပဲ ပြောရင်း ပြုံးသွားတာ..။ ဟုတ်တယ်.. အမေက လှတယ်..။ ကျောင်းသွားရင် နှုတ်ခမ်းနီနဲ့ ပန်းနဲ့ ..။ မွှေးကြိုင်လို့ အလှကလည်း မက်သေး။ ကျမများ တရက်လောက် ပစ္စလက္ခတ်နေရင်.. သမီး လာ.. ဒီမှာ သနပ်ခါးလေး လာပွတ်ထားစမ်း.. လို့ သူသွေးထားတဲ့ မန်ကျည်းခေါက်တွေ လိမ်းခိုင်းတော့တာ.. နေမလောင်အောင်တဲ့။ အမေက သူတို့ ခေတ်မှာတော့ သူကြီးဆက်.. လယ်ပိုင်ရှင်ဆက်ဆိုပါတော့။ စာတော်တော့ ခေတ်မီတဲ့ အမေ့မိဘတွေက ကျောင်းပြီးအောင် ထားလို့ အမေက ဘီအေ ဘီအီးဒီကို အင်္ဂလိပ်စာ ဘာသာတွဲနဲ့ ပြီးပြီး ရွာက အထက်တန်းကျောင်းမှာ အထက်တန်းပြ အင်္ဂလိပ်စာဆရာမ လုပ်တာ.. လုပ်သက် ၃၅နှစ်ပြည့် ပင်စင်ယူတဲ့အထိပဲ။ တခုတော့ ပြောစရာရှိတာပေါ့..။ အဲလိုဆိုတော့လည်း အမေက မာန ခေါင်ခိုက်ပေတာပေါ့။

အမေ့ညီမတွေ ဂုဏ်လုပ်ပြီး ပြောပြောပြတာကတော့ အမေ BED တက်နေတုန်း ကျောင်းနား ရုပ်ရှင် လာရိုက်တာ သွားကြည့်တော့ ဒါရိုက်တာ ဗိုလ်ဗကိုက တွေ့ပြီး ရုပ်ရှင်မင်းသမီး လုပ်မလား လို့ မေးတယ် ဆိုပဲ။ အမေက မိဘတွေ သဘောတူမှာ မဟုတ်ဘူး လို့ ပြောခဲ့တာ။ တခါကျတော့ ဗိုလ်ဗကိုက ဘားအံမှာ ရုပ်ရှင်လာရိုက်ရင်း ကြုံတာနဲ့ ရွာအထိ ဆင်း လာပြီးတော့ အမေ့မိဘ တွေကို ရုပ်ရှင်ရိုက်ခွင့် တောင်းပေး တာတဲ့။ ဗိုလ်ဗကိုတို့လည်း ပြန်သွားရော အဖွားက အမေ့ကို လှိမ့်ရိုက်တာ..။ နင်ဆတ်ဆော့တာပေါ့.. ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်တယ်ပေါ့။ အဲဒီအချိန်မှာ အမျိုးတွေက သူ့အကြောင်း သူ့ရှေ့ပြောနေပေမဲ့ အမေကတော့ သူ့အကြောင်း မဟုတ်သလိုဘဲ နားထောင်နေတာပဲ..။

ဟား အမေသာ မင်းသမီးဖြစ်ရင် ချိုပြုံးလောက်တော့ အသာလေးပေါ့လို့ ကျမက ပြောတော့၊ တော်စမ်း.. အပိုတွေ.. အဲလောက်တော့ မဟုတ်သေးဘူးဟေ့လို့ ကျမကို မျက်စောင်းထိုးပြီး ပြန်ပြောတယ်။ အမေ့မျက်နှာမှာ ထူးခြားတာက နှုတ်ခမ်း..။ အမေ့နှုတ်ခမ်းက အစွန်းတွေ အပေါ်ဘက်ကို ကော့နေတော့ ပြုံးနေသလိုပဲ။ မာနကြီးလို့ မျက်လုံးတွေက မာပေမဲ့ နှုတ်ခမ်းတွေက ပြုံးနေတာ..။ ဒီတော့ အမေ စိတ်ပါလက်ပါ ရယ်ရင် သိပ်ချစ်ဖို့ ကောင်းတာ…။ အမေက စိတ်မာလွန်းတော့ အမေ မျက်ရည် ကျတာ ကျမ တခါမှ မမြင်ဖူးပါဘူး။ နောက်တခု အမေ သူများမကောင်းကြောင်းပြောတာ တခါမှ မတွေ့ဖူးသလို သူများက သူ့ရှေ့မှာ လာပြောရင်လည်း ပေးမပြောပါဘူး..။ အဲလို စည်းကမ်းရှိတဲ့ အမေပါ..။

++++++

ကျမ ရွာသွားလည်ပြီဆိုရင် အဲဒီတုန်းက ကျမတို့မှာ သားကြီးနဲ့ သမီးလေးပဲ ရှိပါသေးတယ်။ အမေက ကျမတို့ ရောက်တာနဲ့ ဟေး ငါတို့ရွာ သူပုန်ဝင်စီးပြီ လို့ အော်တတ်တယ်။ ပြီးတော့ အဘကို စက်ဘီး ပြင်ခိုင်းပြီး ဈေးသွားဝယ်တော့တာပဲ။ တခါတလေ ကျဲကျဲ ကို ခေါ်သွားတာပေါ့..။ ပြန်လာရင်တော့ မီးဖိုထဲဝင် တန်းချက်တော့တာ…။ အမေက ဟင်းချက်လည်း သိပ် ကောင်း တယ်။ ဧည့်ခန်းလို ပြောင်လက်နေတဲ့ မီးဖိုမှာ အမေက သူများဝင်ရင် စိတ်တိုင်းကျတာမဟုတ်။ (ကျမကလည်း ငပျင်းဆိုတော့ အတော်ပဲ)။ အမေ့နား စကားတွေသာ ပြောနေလိုက်.. ပြီးရော။

အဲဒီအချိန်ဆို အဘ နဲ့ ရာကျော်က အိမ်က စက်ပစ္စည်းတိုလီမိုလီတွေ ပြင်ဆင်တာ ပြန်တပ်တာတွေလုပ်.. ဆီစက်ကိစ္စ ဖြစ်ဖြစ်.. လယ်ကိစ္စ.. ကိုင်းကိစ္စဖြစ်ဖြစ် အလုပ်ရှုပ်နေတာ ပါပဲ။ အမေတို့အိမ်က သံလွင်မြစ်ကမ်းနံဘေးမှာမို့ အေးတယ်။ မွန်အိမ်တွေရဲ့ ထုံးစံအတိုင်း နှစ်ထပ်အိမ်မြင့် ပြင်ကျယ်ကြီး..။ သစ်သားသက်သက်အိမ်မို့ ပိုနေလို့ကောင်းတာပေါ့။ ၀ရံတာမှာ အမေ့လက်ရာ ပန်းစိုက်အိုးပေါင်းစုံနဲ့။ အမေ မလှချင်က သူများလို ရေတွင်းမှာ ရေမချိုးတာမို့ အိမ်အပေါ်ထပ် ရေချိုးခန်းမှာ သူ စိတ်ကြိုက် ရေချိုးဖို့ အဘခမျာ ရေတင်ရတာကပဲ အလုပ်တခု။ အဲဒီတုန်းက အမေနဲ့အဘ အိမ်ထောင်သက် နှစ်အစိတ်မှာ တခါမှ ရန်မဖြစ်ဖူးဘူးတဲ့။ ဘယ်ဖြစ်မလဲ.. အဘက အေးပြီး အမေ့ကို အလိုလိုက်တာကိုး။ (ရာကျော့်ခမျာ အဖေနဲ့ တူရှာတာ..)

အမေပြောပြတာတခု သတိရသေးတယ်။ အမေနဲ့အဘ ရည်းစားဘ၀။ အမေက ရန်ကုန်မှာ ဘီအီးဒီတက်နေတုန်း.. အဘက ရေဆင်းမှာ စိုက်ပျိုးရေး တက်နေတုန်း..။ အဘက အမေ့ကို လွမ်းလို့ ရေဆင်းတက္ကသိုလ်ကနေ ဆင်းလာတာ.. အမေက အဘကို စိတ်ကောက်နေတာ တခုရှိလို့ ဆင်းမတွေ့ဘူးတဲ့။ နောက်တော့ အဘခမျာ ပြန်သွားပြီး အမေ့ကို စာရေးတယ်တဲ့.. မင်းကို မတွေ့ခဲ့ရပေမဲ့ အဆောင်ပေါ်မှာ မင်း ထမီလေး လှန်းထားတာကို မြင်ခဲ့ရလို့ အမောပြေပါတယ်.. တဲ့။ ပြီးတော့ ကျမကို ရယ်ပြီး ပြောသေးတယ်.. ရာကျော် နဲ့ သူ့အဖေ ဘယ်သူပိုချစ်တတ်သလဲဟေ့..တဲ့။ အနားက အမျိုးတွေက ၀ိုင်းရယ်ရော..။

+++++

အမေက သိပ်ဗိုလ်ကျတာ..။ တဦးတည်းသောသမီး.. ပညာတော်.. ရုပ်ကလေးလှ.. ပြီးတော့ ၀မ်းကွဲတွေထဲ အကြီးဆုံးလို လည်းဖြစ်တော့ အမျိုးတွေထဲက အငယ်မှန်သမျှ အမေ သေဆိုသေ ရှင်ဆိုရှင်..။ (ဒါမဲ့ အဘလည်း သူ့ထက်ကြီးပေမဲ့ တူတူ ပါပဲ.. ဟီးး ကြားရင် ဆိတ်ခံထိမှာ)။ အဘကတော့ နဂိုတည်းက အေးလည်းအေး နူးလည်းနူးညံ့.. နောက်ပြီး စာဖတ်ရင်း ကွမ်းဝါးရင်း တခုခု လုပ်ရင်း ငြိမ်နေတတ်တော့ အမေပဲ ဗိုလ်ပေါ့..။ အမေ့ကို မကြောက်ဘဲ လုပ်ချင်ရာ လုပ်တာဆိုလို့ သူ့သား ရာကျော်ပဲ ရှိမှာ..။ ဒါပေမဲ့ ရာကျော်ကလည်း သိပ်လိမ်မာတာပါ။ အသက် ၁၃နှစ်သားထဲက အဖေနဲ့ ဒိုးတူပေါင်ဖက် အလုပ်လုပ်ကူတာ..။ မြေနဲ့အတူထဲက ဇာတ်လိုက်ပဲဟာ.. 

အမေ့ခမျာ.. သူ့ရဲ့ တယောက်တည်းသားလေးက ကျမကိုယူတော့မယ်ဆိုတော့ ဘယ်လောက်များ ရင်ကွဲရှာမလဲ..။ တကယ်တော့ ဒါတွေကို ကျမ နဂိုကတည်းက တွေးမိ ပါတယ်။ ကျမ တွေးမိတာတွေ တွေးခဲ့တာတွေအများကြီးပေါ့…။ ဒါပေမဲ့ တကယ့် တကယ်များ ဆိုးသွမ်းတဲ့ ကံကြမ္မာက ကျမကို အဲလို ရက်စက် မိုက်မဲအောင် တွန်းပို့ခဲ့ပါတယ်။ ကျမကိုယ်၌ကလည်း ခပ်ညံ့ညံ့ ရှိခဲ့ပါလိမ့်မယ်…။ ကျမနဲ့ရာကျော် လက်ထပ်ပြီး ၂နှစ်မှာ သမီးကိုမွေးပါတယ်။ အဘနဲ့တကွ အမျိုးတွေက အမေ့ကို ကြောက်ပေမဲ့ ကျမနဲ့ ရာကျော့်ကို ချစ်တာမို့ ကျမတို့ ရွာကိုသွားလည်ပါတယ်။ အမေက ခပ်တည်တည်ပဲ.. ကျမတို့ကို မခေါ်ပါဘူး။ ကျမတို့ကလည်း ဘယ်လောက်ဆိုးလဲဆို အမေ့တို့အိမ်ဝိုင်းထဲက အမျိုးအိမ်မှာပဲ အိပ်တာပါပဲ။ ဒါပေမဲ့ သမီး ၆လ.. ရွာကိုအသွားမှာ ကျမ ဖျားတဲ့အခါမှာတော့ အမေက ကျမကို သူ့အိမ်ရွှေ့ခိုင်းပြီး သူကိုယ်တိုင် ပြုစုပါတော့တယ်။ အဲဒီတုန်းက အမေ့မျက်လုံးတွေက စိုလက်လို့။ အဲဒီကတည်းက ကျမဟာ အမေ့သမီးဖြစ်သွားသလား မသေချာပေမဲ့ အမေ ကတော့ ကျမရဲ့ အမေ ဖြစ်သွားခဲ့ပါတယ်။

အမေက ကျမ သားကြီးမောင်ထူးမြတ်ကိုလည်း ချစ်ရရှာပါတယ်။ ရာကျော်က သား မပျင်းအောင် လယ်ထဲခေါ်သွားရင် အမေ စိတ်ပူမဆုံး.. မျှော်မဆုံး..။ တခုခုဖြစ်ရင် ဒုက္ခ သမီးရယ်.. ရွာက ကလေးတွေလိုမဟုတ်ဘူး..။ ဘာမှန်းမသိ ဒီရာကျော်တို့ သားအဖနဲ့တော့ ခက်တယ်လို့ အဘကိုပါ လှမ်းအပြစ်တင်သေးတာ။ မောင်ထူးမြတ်ကို မြစ်ထဲလည်း ပေးမဆင်းချင်.. သစ်ပင်လည်း ပေးမတက်ချင်။ တခုခုဖြစ်မှာစိုးလို့ တဲ့။

အဲဒီနောက်ပိုင်းလည်းကျရော.. ရာကျော်နဲ့အဘလည်း ပို တသားတည်း ကျရတော့တာပေါ့။ ဘာလို့ဆို အမေက ကျမဘက် ကလေ..။ ရာကျော် ညဘက် လဘက်ရည်ဆိုင်ကပြန်တာ နောက်ကျရင် ကျမ ဆူစရာမလိုတော့ဘူး.. အမေပဲ..။ ကျမကို ပြောလိုက်သေးတယ်.. သမီးကလည်း လွှတ် လွှတ် မထားနဲ့..တဲ့။ အဲလို အမေ…။ မော်လမြိုင်တက္ကသိုလ်ထဲက ကျမ အိမ်ခန်းလေးဆီ လာပြီဆိုရင်လည်း ရောက်တာနဲ့ ခဏမဆိုင်းဘဲ အိမ်သိမ်း အိမ်ရှင်း ဟင်းချက်လုပ်တော့တာ..။ ပြန်ရင်တောင် ချက်ပြုတ်ပြီး ကြာကြာခံအောင်တမျိုး.. ရေခဲသေတ္တာထဲထားစားဖို့ စီစဉ်ခဲ့တာတသွယ်.. လုပ်ပေးခဲ့တာ…။ သမီး အမေ့ကို လွမ်းတယ်.. အမေ..။

+++++

ရွာရဲ့ ညတွေကိုတော့ အလွမ်းဆုံးပေါ့။ မိသားစုတွေ အိမ်ဝရံတာမှာ ညနက်တဲ့အထိ ထိုင်.. ဂျင်းလဘက်သုပ် ရေနွေးကြမ်းနဲ့.. စကားတွေ ပြောရတာ မကုန်နိုင် မခမ်းနိုင်..။ အဘက ရေဒီယိုနားထောင်ထားသမျှ ကမ္ဘာ့သတင်းတွေ ဖောက်သည်ချ…။ အမေကတော့ သူကြည့်ထားတဲ့ ကိုရီးယားကား အကြောင်းပေါ့။ တခါတလေ ကျမ ရွာရောက်နေတုန်း ကျောင်းကိစ္စနဲ့ အမေ ဘားအံကို ၂ညအိပ်လောက် တက်သွားရင်တောင် ကျမ မနေတတ် မထိုင်တတ် ဖြစ်ရပါတယ်။

ကျမ အမေ စိတ်ဆင်းရဲအောင်လို့ မရည်ရွယ်ဘဲ စိတ်ဆင်းရဲအောင် လုပ်ခဲ့မိဖူးတယ်.. ။ နောက်ပိုင်း အမေ့သားရဲ့ အိမ်ထောင်ရေးအတွက် အမေ စိတ်ချမ်းသာတယ် ဆိုရင်တောင်မှပဲ.. ကျမ သေချာ ပြန်မပေးဆပ်ရသေးပါဘဲနဲ့.. အမေနဲ့အဘရဲ့ တယောက်တည်းသော သားလေးကို အမေတို့မျက်ကွယ်ရာ အဝေးကြီးကို ခွဲခေါ်ခဲ့ပြန်ပြီ။ ခုဆို အမေတောင် အသက် ၆၇နှစ် ပြည့်တော့မယ်။ ဖြစ်ချင်တော့ အမေနဲ့ကျမက မွေးလ အတူတူ။

+++++

တကယ်တော့ ဒီတလော ကျမ ဘာလို့ အမေ့ကို ပိုလွမ်းနေလဲဆိုတာ ကျမသိပါတယ်။ အမေ့ကို ပြောပြရင် အမေ ဘယ်လို ပြန်ပြောမလဲ သိချင်လိုက်တာ…။ သားကြီး အသက် ၂၀ ပြည့်တော့မယ်လေ အမေ…။ လွန်ခဲ့တဲ့ ၁၃နှစ်က အမေ့ခံစားချက် ဘယ်လိုရှိခဲ့မယ်ဆိုတာကို ခုချိန်မှာမှ ကျမ ပိုသိလာရတာကိုးးးး။ လွမ်းတယ်.. အမေ။

၁၆ ဖေဖော်ဝါရီ ၂၀၁၁။

Feb 3, 2011

မုန်တိုင်းရဲ့ ကျောရိုး နှင့် ၀တ္ထုတိုများ

ဝတ္ထုတိုတချို့ ပြန်ဖတ်ချင်တယ်လို့ သူငယ်ချင်းတယောက်က ပြောလာတာနဲ့ ကျမကို တယောက်လုပ်ပေးထားတဲ့ ဒီ Ebook လေးကို တင်ပေးဖို့ စိတ်ကူးရပါတယ်။ ဒီစာအုပ်လေးကို ဘယ်သူလုပ်ပေးတယ်ဆိုတာ ကျမ မသိပါ။ ကျမဆီကို အီမေလ်နဲ့ ပို့ပေးတာပါ။ ကျမဖြင့် ကျေးဇူးတင်လိုက်တာ။ ဒါပေမဲ့ သူ အဲလို လုပ်ပေးမယ်ဆိုတာ မသိတော့ ကျမ စာတွေကို ပြန်မစစ်လိုက်ရလို့မို့ Blog မှာ တင်တုန်းက စာရိုက်မှားထားတာလေး တချို့တော့ မစင်ဘဲ ပါသွားပါတယ်။ နည်းနည်း ရုပ်မလှတဲ့ အမှားလေးတချို့လည်း ရှိပါတယ်။ ဥပမာ.. ထွက်ပြေးတဲ့အခါ ၀တ္ထုမှာ
ထွက်ပြေးတဲ့အခါ
နာကျင်ခြင်းမြွေတွေက
ခန္ဓာကိုလိမ်ပတ် ညှစ်သတ်တော့
ခပ်လျော့လျော့အသက်က
မျက်လုံးပြူး မျက်ဆံပြူးနဲ့ ရုန်းထ
သူ့ဘ၀ကို ပိုရုပ်ကြွလာစေပြန်တယ်..

ဆိုတဲ့အပိုဒ်မှာ မျက်လုံးပြူး မျက်လုံးပြူးနဲ့လို့ ဖြစ်နေတာမျိုးပါ။ ဒီတော့ တချို့ စာလုံးအကျ အမှားတွေကို ဖာသာပဲ ဖြည့်ဖတ်ကြပါတော့နော်..။


Feb 1, 2011

ရွက်ကျပင်ပေါက်



အိပ်မက်ကနေ နိုးလာတော့ မောနေတုန်း…။
အိပ်မက်လို့ သိမှ တော်ပါသေးရဲ့လို့ စိတ်အေးတယ်။
ဒါပေမဲ့ အိပ်မက်ကို ပြန်တွေးတော့ မျက်ရည်တွေက အလိုလို စီးကျလာတယ်..။
သေရာပါမယ့် အိပ်မက်တွေ ထင်ပါရဲ့…။
အိပ်မက်ထဲမှာ ကျောင်းကားစောင့်နေတာ…။ ကိုယ် ကားနားရောက်ကာနီးမှ ကားက ထွက်သွားရော။ လက်ထဲက ဆွဲခြင်းတဘက်နဲ့ ပြေးလိုက်ပေမဲ့ အရင် အိပ်မက်တွေထဲကလိုပါပဲ..။ မီလုမီခင်နဲ့ မမီ…။ ကျောင်းမှာ စာမေးပွဲခန်းစောင့်ရမှာ.. ဒုက္ခပါပဲပေါ့..။ နာရီက အသွားမြန်.. ကားက မရ..။ ဒီလိုနဲ့ပဲ လန့်နိုးပြန်တာပါပဲ..။

အဲဒီ ဆရာမဘ၀ကို ကျမ ဘယ်တော့မှ မေ့မရနိုင်တော့ဘူးလား…။
ရွှေထီးဆောင်းခဲ့စဉ်ကာလလို့ ပြောရအောင်ကလည်း ဆင်းရဲပင်ပန်းလှတဲ့ အချိန်တွေပါ..။
ဒါပေမဲ့ .. ကျမ ဘယ်လို ဟန်လုပ် ဟန်လုပ်.. ဘယ်လိုပဲ မေ့ဖျောက် မေ့ဖျောက်..
ကျမရင်ထဲ ဟိုးနက်နက်တနေရာမှာတော့ အဲဒီဘ၀ကို စွဲစိတ်က စို့ရိုက်သွင်းထားသလို နစ်ဝင်နေခဲ့တာ ဖြစ်မှာ…။

++++++

(တစ်)

မှတ်မှတ်ရရ ပြန်တွေးတော့ ဟိုးးငယ်ငယ်လေးကတည်းက ကျမကြီးလာရင် ဘာလုပ်မလဲ မေးတဲ့အခါ ကျောင်းဆရာမလို့ လွယ်လွယ်ဖြေခဲ့တာပဲ။ တကယ် ဆရာမ ဖြစ်ချင်စိတ် ပြင်းပျတယ်လို့တော့ သတိမထားမိပါဘူး။ ဒါပေမဲ့ အမေက ကျောင်းဆရာမ။ ကျမက သူများလို ဆရာဝန်မဖြစ်ချင်.. အင်ဂျင်နီယာ မဖြစ်ချင်..။ ဒီတော့ လုပ်စရာ ဆရာမပဲ ရှိတယ်လို့ ထင်တာလေ…။

ငယ်ငယ်လေးကတည်းက သိသိသာသာ လုပ်ဖြစ်တာတော့ ပန်းချီဆွဲတာပဲ..။ နည်းနည်း ထူးချွန်တာက စာစီစာကုံး ရေးတာ…။ နောက် တကယ်တမ်း တက္ကသိုလ်ရောက်တော့လည်း တက္ကသိုလ်မှာ ဆရာမ ဖြစ်ချင်တာက နည်းနည်း.. တက္ကသိုလ်နယ်မြေထဲ အကြာကြီး နေချင်တာက များများနဲ့..။ ဆရာမဖြစ်ခွင့်ရတော့ ဘ၀မှာ ဘာမှမလိုတော့ဘူး ပြီးပြည့်စုံပြီလို့ကို တွေးမိပြီး ပျော်တော့တာ။ ပြောရရင် လွယ်လွယ်နဲ့ ရခဲ့တယ်လို့လည်း ထင်ပါတယ်။ ခုထိတော့ ဘ၀မှာ အကျေနပ်ဆုံးအချိန်တွေပါပဲ…။

+++++

ကိုယ့်စာမူလေး မဂ္ဂဇင်းထဲ စပါတော့ ပျော်သလားဆိုတာ ခု ပြန်စဉ်းစားကြည့်မိတယ်။ ကျေနပ်တာတော့ သေချာတယ်။ ကိုယ့်စာမူပါတဲ့ စာမျက်နှာကိုပဲ တစိမ့်စိမ့်ကြည့်လို့..။ ပေဖူးလွှာမှာ ကဗျာ စပါတော့ ခွဖောင်လို့ ခေါ်တဲ့ မဂ္ဂဇင်းအလယ်မှာ သပ်သပ်ရပ်ရပ်ပါရတာမို့ စိတ်ချမ်းသာခဲ့တာ..။ တခါ ၀တ္ထုတိုကျတော့လည်း သရုပ်ဖော်ပုံက ကိုယ့်သူငယ်ချင်း ၀င်းမော်ဟန် လက်ရာ..။ ကိုယ်ကြိုက်တဲ့ ပန်းချီဆရာဆိုတော့ ပိုသဘောကျတာပေါ့..။ နောက်တော့ အဲဒီ စာပေနယ်ပယ်လေးကို စွဲစွဲ လန်းလန်းနဲ့…..စာပေအပေါင်းအသင်းတွေနဲ့ လေထန်ကုန်း၊ ဒေါ်ရိတ်ကြီး၊ ဘားလမ်း ကိုထွန်းရီဆိုင်၊ ၁၉လမ်း၊ Mr.Guitar တွေမှာ တ၀ဲလည်လည် သွားလာခဲ့တဲ့ နှစ် ၂၀ အချိန်ကာလထဲ ပျော်ခဲ့တာပဲ။ ခုချိန်ထိလည်း.. လွမ်းဆွတ်ဆဲ...။

+++++++

ဆရာမဘ၀ နဲ့ စာရေးဆရာမ ဘ၀ ဘယ်ဟာကို ပိုကြိုက်လဲမေးရင်တော့ အတူတူပဲလို့ ဖြေရမှာထင်ပါတယ်။ ဒါပေမဲ့ ဘယ်ဘ၀ကို ပိုတန်ဖိုးထားလဲဆိုရင်တော့ မှန်တာပြောရရင် စာရေးဆရာမဘ၀ကိုပေါ့..။ တက္ကသိုလ်ဆရာမဖြစ်ခွင့်ကို တော်တော်များများ ရနိုင်ကြပေမဲ့ စာရေးဆရာမဘ၀ကတော့ ရနိုင်ခဲတယ်လို့ ထင်တာကိုးးး။ ဒါပေမဲ့ မြန်မာစာဆရာမ ဘ၀မှာ အောင်အောင်မြင်မြင် ရပ်တည်နိုင်ခဲ့တာအတွက် ဂုဏ်လုပ်မိတာကိုလည်း ၀န်ခံပါတယ်။ ဒါကြောင့်သာ အစိမ်းခွဲ ခွဲထားခဲ့ရတဲ့ အဲဒီဘ၀ကို စိတ်ကျ အိပ်မက်တွေထဲ စွဲစွဲမြဲမြဲ မက်နေခဲ့တာပဲ မဟုတ်လား…။

+++++

တက္ကသိုလ်ဆရာမဘ၀မှာ လှိုင်တက္ကသိုလ်မှာ ၉နှစ်… ဘားအံကောလိပ်မှာ.. ၃နှစ်.. ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ၁နှစ်.. မော်လမြိုင်တက္ကသိုလ်မှာ ၅နှစ်.. ဒဂုံတက္ကသိုလ်မှာ ၂နှစ်…။ တာဝန်ကျရာ ရောက်လေရာမှာ ကျမ ပျော်ခဲ့တာပဲ နှစ်နှစ်ခြိုက်ခြိုက်…။ လုပ်ဖော်ကိုင်ဖက်တွေထဲမှာ စိတ်တူကိုယ်တူတွေ အမြဲတွေ့ရပြီး ချစ်ခဲ့ခင်ခဲ့ရတာလည်း နေရာတိုင်းမှာ…။ နေရာသစ်တခုရောက်ရင် အဆင်ပြေပါ့မလားလို့ ကျမ တွေးလေ့မရှိဘူး…။ အဆင်ပြေမှာပဲလို့သာ တွေးတတ်တဲ့အထိ ကျမရဲ့ ပျော်တတ်တဲ့ သဘာဝကို ကိုယ့်ဘာသာ စိတ်ချတယ်။ အဲဒီအခါ ဘ၀ထဲ ဒုက္ခရောက်ပေမဲ့ ၀န်းကျင်မှာ သာယာပျော်ရွှင်မှုနဲ့ ဖြေဖျောက်ခဲ့ တာပါပဲ…။
ဒီလိုနဲ့… … …

+++++

(နှစ်)

တက္ကသိုလ်စတက်တော့ ၁၉၈၀..။ ရန်ကုန်တက္ကသိုလ် ကြည့်မြင်တိုင်နယ်မြေ….။ တက္ကသိုလ် ကျောင်းသူဆိုတဲ့ ဘ၀ကို ရင်ခုန်လို့…။ ချစ်တဲ့ သူငယ်ချင်း ဆောင်းသီတာနဲ့ နောက်တယောက်က အယ်မာ…။ ဆံပင်တိုတို.. အသားညိုညို ပိန်ကပ်ကပ်နဲ့… ကျမက တော်တော် အကျည်းတန်တာ…။ ဒါပေမဲ့လည်း တက္ကသိုလ်ကျောင်းသူ ပူပူနွေးနွေး ဆိုတော့ လည်း လှချင် ပချင်တာပေါ့။ မှတ်မိသေးတယ်..။ အဲဒီတုန်းက ကျမက အဖေ ညွှန်ကြားရေးမှူးပေမဲ့ ဆင်းရဲတော့ အမေနဲ့ ကျမ တချို့ထမီတွေဆို သိပ်မခွဲဘဲ တူတူ ၀တ်ရပါတယ်။ ဒီတော့ အမေက ၀၀ကြီးမို့ ၄တောင်ကွင်းဝတ်ရတော့ ကျမက ပိန်ပိန်လေးနဲ့ ၄တောင်ကွင်းကို ရအောင် ၀တ်ရတာမို့ ခါးနေရာကြီးမှာ ဖုလို့..။ ရုပ်မြင်သံကြားစက်တောင် အဖြူအမည်းပဲ ၀ယ်နိုင်ခဲ့သေးတာ မှတ်မိပါတယ်။ ဒါပေမဲ့ ကျမထက် ချမ်းသာတဲ့ သူငယ်ချင်းတွေက ကျမကို ချစ်ကြတာမို့ အဲဒီတက္ကသိုလ်ကျောင်းသူဘ၀ဦးမှာလည်း ပျော်ခဲ့တာပါပဲ..။

+++++

ဆရာမဖြစ်စ….
ကျောင်းသွားတော့မယ်ဆိုရင် ပြဿနာက ဆံထုံးထုံးဖို့…။ ခါးလယ်ကျော်ကျော်ဆံပင်တွေက အုံထူတော့ သိပ်ထုံးရခက်တာ။ ကလစ်တွေ.. ဆံညှပ်တွေလည်း မနိုင်ချင်။ ဒီကြားထဲ ပန်းကလည်း ပန်ချင်သေးတာ။ ဆံထုံးတခါထုံးရင် ချွေးတွေပျံ.. လက်တွေ ညောင်းရော..။ ဆံထုံးနဲ့ ပန်းနဲ့ ဗမာဝတ်စုံနဲ့.. ကြိမ်ဆွဲခြင်းနဲ့…။ အဲဒီလို ကျောင်းသွားရတာကို ကျမ သိပ်ကြိုက်ခဲ့တာ..။ ကျောင်းသား ၂၀၀ ကျော်ရှေ့က စင်မြင့်လေးပေါ်မှာ စာသင်ပေးရမယ့်… အသက် ၂၂နှစ်တောင် မပြည့်သေးတဲ့ ဆရာမပေါက်စလေး ကျမဟာ အတန်းဝင်ရတော့မယ် ဆိုရင် အမြဲ တက်ကြွနေခဲ့တာ။ ကျမ ဆရာမဘ၀ ပထမဆုံးနေ့မှာ ၀င်ရတဲ့အတန်းက လှိုင်တက္ကသိုလ် ၁၉၈၆-၈၇ ပညာသင်နှစ်ရဲ့ ပထမနှစ် ရူပဗေဒ တန်းခွဲ (၁)..။ အဲဒီအတန်းမှာ ကျမသေချာမှတ်မိနေတဲ့ ထင်ထင်ရှားရှား ကျောင်းသူတွေက အဆိုတော် အိအိ.. နောက်ပိုင်း လေယာဉ်မယ်ဖြစ်သွားတဲ့ ၀င့်သရဖီ.. လက်ရေးသိပ်လှပြီး သတ်ပုံမှန်လို့ သတိထားမိရတဲ့ တိုးတင်ညို..။ (ကျန်တဲ့ကလေးတွေ သိပ်မမှတ်မိတော့တာ ခွင့်လွှတ်ပါ)။ ကျမအလုပ်ထွက်ကာနီး နောက်ဆုံးနေ့မှာ ၀င်ခဲ့တဲ့အတန်းကတော့ ဒဂုံတက္ကသိုလ်မှာ ၂၀၀၅-၂၀၀၆ ပညာသင်နှစ် မြန်မာစာ မဟာဝိဇ္ဇာ ပထမနှစ်အတန်းရဲ့ စာပေသဘောတရား စာပေအတတ်ပညာအတန်း နဲ့ အင်္ဂလိပ်စာအဓိက ဂုဏ်ထူးတန်းရဲ့ ၀တ္ထုသဘောတရား ဘာသာ အတန်း။

+++++

ထိုင်းကိုရောက်တော့… မျှော်လင့်ထားခဲ့တာက တောထဲတောင်ထဲက စာသင်ကျောင်းလေး တကျောင်းမှာ စာသင်ဖို့။ ဒါပေမဲ့ အသံလွှင့်ဆောင်းပါးတွေ ရေးရ… ထိုင်းမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် မြန်မာစာနဲ့ ပတ်သက်တာတွေ ကူရ…။ ဘလော့လေးရေးလိုက်.. ခရီးတွေထွက်လိုက်..။ ကိုယ့်နိုင်ငံအတွက် ကိုယ်ကူချင်တာတွေကို နောက်ကြောင်းအေးအေး ကူနိုင်ခဲ့။ အဲဒီဘ၀မှာလည်း ပျော်ခဲ့တာ.. ကိုယ့်အိမ်ကိုယ့်ရာလို………။

ဒီလိုနဲ့ အမေရိကန်ပြည် ရောက်ပြန်တော့လည်း ကျမ သဘောကျတဲ့အလုပ်ခွင်ထဲ လုပ်ခွင့်ရတဲ့ ဘ၀ထဲမှာ ကျမ သိပ်ကို ကျေနပ် ပျော်ပိုက်တာ .. မင်္ဂလာပါ သောတရှင်များရှင်………ဆိုတာလေးကိုတောင် တကယ် လှိုက်လှိုက်လှဲလှဲ ခံစားပြောနေကျ။

+++++++
ပြောချင်တာက ကျမဟာ များများ မျှော်လင့်မထားတတ်သူ..။ ဒါပေမဲ့ ကံကောင်းထောက်မစွာ ကိုယ်မွေ့လျော်တာတွေကိုသာ ခံစားခွင့်ရခဲ့သူဆိုတာပါ။

+++++
(သုံး)

ဘ၀ထဲမှာ ကိုယ်နဲ့ လားလားမှမဆိုင်တဲ့ အနေအထားမျိုးမှာ ရှင်သန် ဖွံ့ဖြိုးနိုင်မှသာ တကယ့် ရဲရင့်မှုလို့ ကျမ ယုံပါတယ်။ အဲဒီယုံကြည်မှုနဲ့ပဲ ဘ၀ကို တလျှောက်လုံး ဖြတ်သန်းခဲ့တာပါ။

+++++
ခုဆို….
ဟိုတယ်ကြီးတခုရဲ့ သပ်ယပ်လှပတဲ့ အရောင်းဆိုင်ခန်းတခန်းမှာ အရောင်းဝန်ထမ်း လုပ်ဖို့ ကျမ အသင့်ပြင်နေပါပြီ။ အသက် ၄၆နှစ်နားနီး အမျိုးသမီးတယောက်အနေနဲ့ လာဝယ် ကြမယ့်သူတွေကို စိတ်လက်သာယာရှိအောင် ဘယ်လို ဆောင်ရွက်ရပါ့..။ သပ်သပ်ရပ်ရပ် တည်တည်ငြိမ်ငြိမ်လေး ၀တ်စား..။ မျက်နှာလေးကို ကြည်ကြည်လင်လင် ပြုံးထား။ ဈေးရောင်းတဲ့အခါ.. ကိုယ့်ဆီက ပစ္စည်း ၀ယ်သူဆီ များများပါသွားအောင် လုပ်ပါ.. စကားများများပြောပါ.. တဲ့။ ခက်ကပြီ.. ကိုယ်ကလည်း စာအကြောင်းပေအကြောင်းကလွဲရင် ဖွယ်ဖွယ်ရာရာ ပြောတတ်တာမဟုတ်…။ ဒီအလုပ်မှာ ညံ့ရင် ဒုက္ခ။ တခါတခါမှာ ညံ့တာတွေကပဲ အလုပ်ဖြစ်နေတာ အပုံ.. ဆိုတာကို မေ့ပစ်။ ကျမ……… တော်မှ ဖြစ်မယ်…။ ကျမ လုပ်နိုင်မှ ဖြစ်မယ်…။ ဒါမှ လှပတဲ့ အလုပ်တခု ဖြစ်မှာ…။ ကျမ အလုပ်လုပ်နေတာဟာ.. အဲဒီ အလုပ် လှလှပပ ပြီးမြောက် အောင်မြင်ဖို့သာ ဖြစ်တယ်..။ ဒါမှပဲ အဲဒီကရတဲ့ လုပ်အားခနဲ့ စားရတဲ့ ထမင်းက ကျမအတွက် အရသာ ပြည့်မှာပါ။ ကြီးကြီးကျယ်ကျယ်.. တွေးရရင်တော့ ကျမ ကိုယ့်ကိုယ်ကို အားပေးနေကျ Julius Caesar ရဲ့ Veni, Vidi, Vici"
ငါ လာတယ်..
ငါ မြင်တယ်..
ငါ အောင်ပွဲခံတယ်… ဆိုတာကိုပဲ ပြန်ပြန် သတိရ။

သေချာတာကတော့ ကျမ နောက်ထပ် စိန်ခေါ်ပွဲတခုကို ရင်ဆိုင်ဖို့ ပြင်ဆင်ရတာပဲ မဟုတ်ပါလား…။

++++++

ကျမ ပျော်မှာပါ….
ရောက်လေရာမှာ စိမ်းရွက်တွေတဝေေ၀နဲ့ လန်းဆန်းရှင်သန်နိုင်တဲ့ ရွက်ကျပင်ပေါက်တွေကို ကျမ ချစ်တယ်လေ။

Jan 22, 2011

မစိမ်းလန်းနိုင်တဲ့ ရာသီခွင်



အမှန်တရားဘက်ကပါ.. တဲ့
ပြီးတော့ဖြင့်
အမှားတရာကို ကျကျနန သိမ်းထုပ်လို့။
ဒီတလော.. ရယ်စရာတွေ များ များ များ
ကိုယ်ပိုင် ရယ်စရာရှိသူတွေကလည်း
ဟိုမှာ ဒီမှာ ရယ်စရာတွေချည်းဆိုပဲ..
ကိုယ့်ရယ်ရသကွာ.. ။
တလောကလုံး ရယ်စရာတွေနဲ့ ဖုံးလို့။

ဖာတလုံးခေါင်းကျားကတော့
အို.. အသင်လောက… တဲ့။
လောကကြီးက မတရားပါဘူးရှင်.. လို့
ပြည့်တန်ဆာ မချိုက “မွန်းတည့်ချိန်တွင် နေ၀င်သည်”.. မှာ ပြောတယ်
ဆိုက်ကားဆရာ ကိုကျော်ကတော့ လောကကြီးက သူ့ဘာသူနေတာ အပြစ်မရှိဘူး..
အပြစ်ရှိတဲ့လူတွေကသာ လောကကြီးကို လွှဲလွှဲချနေတာ..တဲ့။

အပင်တွေ မစိမ်းလန်း
ပန်းတွေ မပွင့်
စမ်းရေလည်း မစီးနိုင်တော့တဲ့
ခုလို အေးခဲခဲ ဆောင်းရာသီဆို
အလိုလို ငိုချင်တာပဲ.. စိတ်ကျ။

အရေးထဲမှာ..
ဝန်းကျင်တခိုဆိုတာကလည်း
ပြိုမလို မှိုင်းရီ…
အို...အသင်လောကဆိုတာကြီးကလည်း
ကြယ်မြင် လမြင်..။

မမ ပြုံးတာ အားရ ပါးရ.. တဲ့။
တကယ်က
အမုန်းတွေကို လှတ ပတ ခြယ်သထားတာ..။
ဒီလိုကာလကြီးထဲ..
ဘယ်လိုများ လန်းနိုင်မလဲကွယ်..။

၂၂ ဇန်န၀ါရီ ၂၀၁၁။