May 5, 2008

မုန်တိုင်းအလွန်

ဒီနှစ်ရက်အတွင်း အီမေလ်တွေထဲမှာ Google talk မှာ မုန်တိုင်းသတင်းတွေ ပလူပျံနေခဲ့..။ ပြီးတော့ အမတို့ ထိုင်းဘက်မှာ ဘယ်လိုလဲ..?တဲ့။ မုန်တိုင်းက ချင်းမိုင် ဘက်ကို လာမှာနော်..တဲ့။ တကယ်တော့ ဗမာပြည်က မုန်တိုင်းသတင်းကို ကြားပြီးတဲ့နောက်မှာ ကျမတို့ ကြုံ တွေ့ရနိုင်တဲ့ မုန်တိုင်းဆိုတာကို မကြောက်တော့ပါ ဘူး။ ပြီးတော့ ကိုယ်ရောက်နေတဲ့ ထိုင်းနိုင်ငံရဲ့ အနေအထား ကို သိနေလို့လည်း ပါပါလိမ့်မယ်။

ထိုင်းမှာက ရာသီဥတုပူပြင်းလွန်းရင်တောင် မိုးအတု ရွာပေးတဲ့ အစိုးရ..။ နေပူပြင်းလွန်းလို့ လမ်းတွေပေါ် ကားနဲ့ ရေလိုက်ဖြန်းပေးတဲ့ အစိုးရ..။ တနှစ်က မြစ် ရေကြီးမယ်ဆိုတော့ မြစ်ကမ်းတွေမှာ တမံတွေ အမြန်တုပ်.. သဲအိတ်တွေ ရာထောင်ချီချပြီး မြို့ထဲ ရေမ၀င် အောင် ချက်ချင်းလုပ်ပေးတဲ့ အစိုးရ ရှိတယ်လေ..။ ပြီးတော့... အင်းးးးး 'မိုးပြို အများ' ပါပဲ..။ ဒါပေမဲ့ မေလ ၃ရက်နေ့ကတည်းက ၃၆နာရီအတွင်း ထိုင်းနိုင်ငံဘက်လာမယ်ဆိုတဲ့ နာဂစ်ကို ခု မေ၅ရက်နေ့ မနက်ပိုင်း ထိတော့ မတွေ့ရသေးပါဘူး။ ခုထိတော့ မိုးပြေးလေး ရွာလိုက်.. နေလေးသာလိုက် ပါပဲ။ လာဦးမလား.. အားပဲ ပျော့သွားပလား မပြောတတ်ပါဘူး။ ဒါပေမဲ့ ထိုင်းအစိုးရကတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါပြီ။

ကျမစိတ်ထဲမှာကတော့ ဗမာပြည်က မုန်တိုင်းသင့်ဒေသတွေမှာ ပြည်သူလူထုတွေ ဘယ်လို ပြန်ထူထောင်မလဲ.. ဘယ်လို နာလန်ပြန်ထူပါ့မလဲ..ဆိုတာတွေပဲ တွေးနေမိပါတယ်။ တကယ့် ကို 'နူရာ..၀ဲစွဲ၊ လဲရာ..သူခိုးထောင်း' ဘ၀တွေ..။ တိုင်းပြည်ကို ဗိုလ်ကျ အုပ်ချုပ်နေတဲ့ စစ်အုပ်စုကတော့ ကုလသမဂ္ဂက အကူအညီပေးမယ်လို့ ကမ်းလှမ်းတာကိုလည်း ငြင်းပယ် လိုက်ပါသတဲ့..။ ဒါဖြင့် သူတို့ကရော ဘယ်လောက်ကူညီမှုပေးမလဲ..။ ကျမတို့ လူထုကတော့ ထုံးစံအတိုင်းပေါ့.. ဒါအစိုးရရဲ့တာဝန်ပါလို့ တောင်းဆိုဖို့လိုတာကိုလည်း မစဉ်းစားကြတော့ဘဲ ကိုယ့်ကိစ္စကိုယ် တနိုင်တပိုင် ရှင်းဆိုတာကို ကျင့်သားရနေပြီ (အဲဒါကလည်း တကယ်တော့ မဖြစ်သင့်တာပါ)။ ပြီးတော့ ထုံးစံအတိုင်း မနေနိုင်တဲ့ သံဃာတော်များကပဲ ၀ိုင်းကူ..။ ကျမအထင်တော့ မုန်တိုင်းရဲ့ နောက်ဆက်တွဲမှာ... ပြည်သူလူထုဒုက္ခကို အကြောင်း ပြပြီး အစိုးရအပါအ၀င် အဖွဲ့အစည်းတချို့က ဘယ်လို ငွေဖန်ကြဦးမလဲ..။ လူထုလက်ထဲ တစ်ပြားရောက်... သူတို့လက်ထဲ တစ်သန်းရောက်ဆိုတာတွေ ကြားရဦးမယ်..။ လူထုခမျာကတော့ ထုံးစံအတိုင်း ဖွတ်သထက်ညစ်ပြီး နာမည်ကြီးထမင်းငတ် ဖြစ်နေဦးမလားး။

ပြည်ပရောက် ဗမာတချို့ကတော့ ထုံးစံအတိုင်း တတ်နိုင်သလောက် လှူကြမယ်လို့ လုပ်နေကြပြီ..။ အဲဒါက ရော.. ဘယ်လောက် လုပ်နိုင်မလဲ.. ဘယ်သူတွေကို ပေးနိုင်မလဲ..။ တကယ်ကတော့ အစိုးရအနေနဲ့ကသာ သေသေချာချာ တတ်နိုင်မယ့်၊ လုပ်ရမယ့် ကိစ္စပါ..။ စေတနာရှင်တွေအနေနဲ့ကတော့ ဆင့်ပါးစပ်နှမ်းပက် သလောက်သာ တတ်နိုင်မှာပါ..။ ဟိုင်းကြီး တခုတည်းမှာတောင် လူ၁သိန်းလောက် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားတာ။ ရန်ကုန်မှာ အိမ်တိုင်း အနည်းဆုံးတော့ အိမ်ခေါင်းမိုးတွေ ဆုံးရှုံးကုန်တာ...။ ကျန်တဲ့ ဒေသတွေက အဆုံးအရှုံးတွေကိုရော.။ နောက်ဆက်တွဲ ဖြစ်လာမယ့် ကပ်ရောဂါတွေ.. အငတ်ပြဿနာတွေ.. အလုပ်အကိုင် ဆုံးရှုံးမှုတွေကိုရော.. စေတနာရှင်တွေအနေနဲ့က ဘယ်လို ဖြေရှင်းပေးနိုင်မှာလဲ..။ အဲဒီလို ဖြေရှင်းပေးမှုကိုရော စစ်အုပ်စုက လက်ခံမှာတဲ့လားး။ တကယ်တော့ ဒါဟာ အာဏာပိုင်တွေကသာ မဖြစ်မနေဖြေရှင်းပေးရမယ့် ပြဿနာပါ..။ အဲလိုဖြေရှင်းပေးဖို့ကိုပဲ အားလုံး ၀ိုင်းပြီး တိုက်တွန်း တောင်းဆိုကြရ မှာပါ..။

အစဉ်အလာအယူအဆတစ်ခုကတော့ တိုင်းပြည်မှာ မင်းဆိုးမင်းညစ်အုပ်ချုပ်ရင် သဘာဝ ဘေး အန္တရာယ်တွေ.. ကပ်ဆိုးတွေ ကျရောက်တယ်တဲ့..။ သိပ္ပံနည်း မကျဘူးဘဲဆိုဆို.. စက်တင်ဘာ ရွှေဝါရောင် လှုပ်ရှားမှုတုန်းကလည်း သံဃာတော်တွေကို ရိုက်နှက်ဖြိုခွဲနေတဲ့ အချိန်မှာပဲ မိုးတွေထစ်ချုံးခဲ့ သေးတာပါ..။ ခုလည်း ဗမာပြည်သက်တမ်းတလျှောက်မှာ အဆိုးဆုံး အရမ်းဆုံး အမိုက်ရိုင်းဆုံး အုပ်ချုပ်သူလက်ထဲမှာ.. ကမ်းကုန် အောင် လိမ်လည် လှည့်ဖျား ညစ်ညမ်းတာကို ခံနေကြရတဲ့ အချိန်....။ လူထုအနေနဲ့ မလှုပ်သာမလှည့်သာ အစွမ်းကုန် ဒုက္ခခံ နေရတဲ့အချိန်မှာပဲ မကြုံစဖူး ထူးကဲဆိုးရွားလှတဲ့ မုန်တိုင်းကြီးကို ရင်ဆိုင်ခဲ့ကြရတာပါ။

ကျမကို တချို့က မေးပါတယ်..။ "အုပ်ချုပ်တဲ့သူက မကောင်းတာကို ဘာလို့ ပြည်သူက ခံရတာလဲ"တဲ့။ ကျမကတော့ 'မင်းဆိုးမင်းညစ်ရှိနေတဲ့ တိုင်းပြည်မို့လို့ အဲဒီမင်း အုပ်ချုပ်တာကို ခံနေရတဲ့ ပြည်သူတွေပါ မလွတ်တာပေါ့' လို့ ပြန်ဖြေဖြစ်ပါတယ်။ ဒါဖြင့် ဘာလုပ်ကြမလဲ..။ ကျမကတော့ အဲဒီလို မင်းတွေ.. အုပ်ချုပ်သူတွေ မရှိတော့မှဘဲ အေးမှာ.. လို့သာ တွေးနေမိတာပါပဲ။

ခုလည်း လူတွေမှာ သေရေးရှင်ရေး ဖြစ်နေရတဲ့အထဲ သူတို့ကို တရားဝင်ဖြစ်စေမယ့် Constitution ကို အတည်ပြုဖို့ ဆန္ဒခံယူပွဲကို မပျက်မကွက်လုပ်မှာတဲ့။ ကဲ.. အဲလို အစိုးရမျိုးကို ကျမတို့က တရားဝင် ပေးဖြစ်စေမလားး။ အပြုတ် ဖြုတ်ချမလား။ ခုချိန်မှာတော့ တကယ့်အဖြေကို ပြည်သူလူထုကြီး ရနေ လောက်ပါပြီ။ ကျမကတော့ နာဂစ်မုန်တိုင်းဟာ ဗမာပြည်အတွက်တော့ အပြောင်းအလဲဖြစ်စေမယ့် မုန်တိုင်းကြီးရဲ့ ရှေ့ပြေးတစ်ခုလို့ပဲ ခံစားနေရပါတယ်။ "မုန်တိုင်းနောက်က.. လေပြေညှင်း"ဆိုတာလည်း ရှိသေးတာပဲလေနော်..။ ဘာပဲဖြစ်ဖြစ် ကျမတို့ ပြည်သူလူထုကို အေးချမ်းစေချင်လှပါပြီ..။

3 comments:

ကိုပေါ said...
This comment has been removed by the author.
ကိုပေါ said...

ဟုတ်တယ်ဗျာ…..ရောဂါရဲ့ ဇစ်မြစ်ကို ကုစားဘို့ မကြိုးစားဘဲ ဘေးထွက်ရောဂါလေးတွေကို လိုက်ကုနေရတာ အချိန်ကုန်လူပမ်း၊ နောက်ပြီး ဆင့်ပါးစပ် နှမ်းပက်နေသလိုပါဘဲ။

ကျနော်တနေရာမှာ ဖတ်ဖူးတဲ့ ဥပမာလိုပေါ့။

ရွာထဲမှာ ခွေးရူးတကောင်သောင်းကျန်းနေတယ်။ ခွေးရူးကို ဖျောက်ဖျက်ဘို့မကြိုးစားဘဲနဲ့ ခွေးရူးကိုက်ခံရတဲ့ လူနာတွေကိုဘဲ အမောတကော ချက်ဘေး ဆေးဆယ့်လေးလုံး လိုက်ထိုးပေးနေကြတယ်။

အမှန်ကတော့ ကုတာလည်းကု၊ ခွေးရူးကိုပါ ကိစ္စတုံးနိုင်အောင် အမြန်လုပ်ကြရမှာ။

ဒီလိုမှ မဟုတ်ရင်………ဟော ခဏနေ လှိုင်သာယာမီးဘေးအတွက်၊ ခဏနေ လှိုင်မီးဘေးအတွက်၊ ခဏနေ ရေကြီးတာအတွက်၊ ခဏနေ မုန်တိုင်းဘေးအတွက်၊ ခဏနေ ဘယ်ကျေးရွာက ကိုယ်ထူကိုယ်ထ ကျာင်းဆောက်ပွဲအတွက်….အတွက်…အတွက်…အတွက်။
ပြည်ပက မြန်မာတွေ စုလှူသမျှဟာ တကယ်တော့ ဆင့်ပါးစပ်နှမ်းပက်သလောက်ဘဲရှိပါ တယ်။

ကျနော်တို့ စုဆောင်း ဆောက်လုပ်လှူဒါန်းလိုက်တဲ့ ကျောင်းတလုံးတိုင်းအတွက် နောက်ထပ်လိုအပ်နေသေးတဲ့ ကျောင်းတွေ သိန်းနဲ့ ချီရှိတယ်။ လှူလိုက်တဲ့ ဒုက္ခသည်တယောက်တိုင်းအတွက် အလားတူ မပြည့်မစုံဖြစ်နေတဲ့ ပြည်သူတွေ သန်းနဲ့ ချီ ရှိတယ်။ ဒီလိုအပ်ချက်တွေဟာ လူထုကို ကိုယ်စားပြုတဲ့ အစိုးရတရပ်ပေါ်ထွန်းလာတော့မှသာ ထိထိရောက်ရောက် ကိုင်တွယ်ဖြည့်ဆီးပေးနိုင်မှာ။

သဘာဝဘေးဒဏ်သင့်တုန်းခဏမှာဘဲ ကိုယ့်ဘာသာ စိတ်အဆာပြေရုံလောက် ရသေ့စိတ်ဖြေ လှူဒါန်းနေတာလောက်နဲ့ဘဲ ကျေနပ်မနေကြပါနဲ့တော့။ ပြဿနာရဲ့ ဇစ်မြစ်ကိုသာ ရှင်းနိုင်ဘို့ ကြိုးစားကြရအောင်လို့ ပြည်တွင်းပြည်ပက မြန်မာအားလုံးကို တိုက်တွန်းချင်တော့တာပါဘဲ။

Unknown said...

အင်း ဖြစ်လာမှတော့ ဖြေရှင်းရမှာပေါ့။
အစိုးရမကောင်းလို့ သူအကူအညီရဖို့တောင်းနေဖို့ထက် လောလောဆယ် ၇ှင်သန်နေထိုင်နိုင်အောင် ကြိုးစားရမှာပဲ။
ပီးတော့ နိုင်ငံရေးသမားတွေ.. ကမ္ဘာနဲ့ အ၀ှမ်းမှာ ရှိတယ်.. သူတို့ဘာတွေလုပ်နေလဲ ..
ဝေဖန်မယ် ရှုတ်ချမယ်။ ဒါတွေဟာ ဘာမှ ဖြစ်မလာဘူး။
အပြောထက် လက်တွေ့ ဆန်ဆန် လုပ်စေချင်ပါတယ်။
ပြည်သူတစ်ဦး