စလုပ်တုန်းကတော့ ရသစာပေတွေရေးဖို့ နေရာများများ မရှိတာနဲ့ ကိုယ့်ဘလော့လေးမှာ ရေးမယ်ပေါ့။ တခါတလေမှာ.. အနုအလှကလည်း အင်မတန်ရေးချင်တဲ့သူဆိုတော့ ..။
ဒါပေမဲ့ ဘလော့ကလေး ၄လသားမှာပဲ ရွှေဝါရောင်တော်လှန်ရေးအတွက် ပူဆွေးသောကတွေ.. ငိုကြွေးဒေါသတွေ ရေးခဲ့ရ။ အဲဒီကနေ တောက်လျှောက်... ခုတော့ ..
ကျမမှာ ရှိသမျှ အနုအလှတွေ.. စကားလုံးတွေ.. အဓိပ္ပါယ်တွေအားလုံး ပျောက်ဆုံးသွားရတဲ့ နာဂစ်မုန်တိုင်းဘေးဒုက္ခတွေထဲ.. ကိုယ်တိုင်.. ညစဉ် ခြောက်အိပ်မက်တွေထဲ..။
ခုထိ ၁၀ရက်ကျော်ခဲ့ပြီ။ ကျမ ညတိုင်း ပင်လယ်လှိုင်းတွေ..လေတွေ မိုးတွေကြားထဲ.. ချစ်တဲ့ခင်တဲ့သူတွေကို စိုးရိမ်တကြီး လိုက်ရှာနေရ.. ကိုယ်တိုင် လွတ်အောင်ပြေးနေရတဲ့.. အိပ်မက်တွေ မက်နေရတာ..။ မောလိုက်တာ..။
ဘလော့တစ်နှစ်သားမှာ ပျော်စရာမွေးနေ့လေး ကျင်းပ မပေးနိုင်တော့ပါ..။ ဒါပေမဲ့ ရေးဖြစ်ခဲ့တဲ့ ၀တ္ထုလေးတော့ တင်ပေးလိုက်ပါတယ်။
ကူကယ်ရာ... ဘယ်မှာ ရှာရပါ့
(ဒီနေရာကပုံ)
(၁)
အဲဒီညက လေတွေမိုးတွေတိုက်လို့...၊ ပင်လယ်ဘက်က လှိုင်းတွေ တ၀ုန်းဝုန်းရိုက်နေတာ ကြားနေရတယ်။ ကျမတို့ ရှိနေတာ တောင်ကုန်းထိပ်ပေါ်က တိုက်ကလေးတလုံးမှာ..။ ပုံမှန်အချိန်ဆိုရင်တော့ ပင်လယ်ကို အပေါ်စီးကမြင်ရပြီး သန့်ရှင်းလတ်ဆတ်တဲ့ လေကို တ၀ကြီးထွက်ရှူရင်း စိတ်ကြည်နူးစရာကောင်းလှတဲ့ နေရာလေးဖြစ်မှာပေါ့။ ခုတော့ ကြောက်စရာကောင်းတဲ့ လေသံ လှိုင်းသံတွေတ၀ုန်းဝုန်း။ ဗြုန်းဆို ကျမ သတိရသွားတာက အိမ်ပြင် တောင်ပတ်လမ်းကလေးမှာ ပြေးဆော့နေတတ်တဲ့ ကျမရဲ့ သားငယ်ကလေးကိုပါ။ ၅နှစ်သား သားငယ်လေးက လေတွေမိုးတွေက အန္တရာယ်ကြီးတယ်ရယ်လို့မှ သိပါ့မလား။ သားကလေး ဘယ်ရောက်နေပါလိမ့်ဆိုတဲ့ အပူက ကျမရင်ကို ၀ုန်းကနဲ လာအဆောင့်.. ကျမ အိမ်ပြင်ကို ပြေးထွက်..၊ လေအေးတွေက ဖြန်းကနဲ ဖြန်းကနဲ..။ အဲဒီတုန်းမှာပဲ သားကလေးအော်သံစူးစူးနဲ့ ၀ုန်းဆို ရေထဲကျသွားတဲ့ အသံတသံ။ ကျမ သတိလက်လွတ် ပြေးလိုက်တာ.. အိမ်ဘေး တောင်ပတ်လမ်းကလေးနံဘေးက ပင်လယ် ရေစပ်ဆီ..။
သားရေ.. သားလေးရေ..လို့ တကြော်ကြော်အော်ရင်း ကျမ ရေစပ်တိမ်တိမ်လေးထဲ မျက်ရည်တွေ မိုးရေတွေကြားထဲကပဲ မမြင်မစမ်းနဲ့ လျှောက်စမ်းနေမိတယ်။ သားရေ .. ရေက တိမ်တိမ်လေးပါ သားရဲ့၊ ထရပ် လိုက်စမ်းပါ.. မေမေရှိတယ်..။ မေမေမြင်ရအောင် ထရပ်လိုက်ပါ.. လို့ အသံကုန်အော်ဟစ်နေမိတယ်။ ရေအောက်မှာ သားလေးက ကြားရပါ့မလား။ ကျမရင်ထဲမှာ ကြေမွ ဆို့ကျပ်လာတယ်။ အဲဒီတုန်းမှာပဲ လျှောက်စမ်းနေတဲ့ ကျမလက်က လက်ကလေး တဘက်ကို ဆွဲမိတယ်။ အားနဲ့ စိုက်ဆွဲလိုက်တော့ သားကလေး ပါလာတယ်။ ပျော့ခွေလို့။ ဘုရား.. ဘုရား.. သားလေးရေ.. သားလေးရေ.. ဆိုပြီး သားကို ကျမပခုံးပေါ် မှောက်ချီလိုက်ချိန်မှာပဲ ရုတ်တရက် အသက်ရှူကျပ်လာပြီး ကျမ လန့်နိုး သွားပါတယ်။ ကျမပါးမှာ မျက်ရည်တွေ ရွှဲနစ်ပြီး တကယ်ပဲ အသက်ရှူကျပ်လာလို့ ကျမ လန့်နိုး သွားခဲ့တာပါ။ ထိတ်ထိတ်လန့်လန့်နဲ့ နဘေးကို လက်နဲ့စမ်းတော့ မှောင်ရိပ်ရိပ် အိပ်ခန်းထဲမှာ အပူအပင်ကင်းကင်း အိပ်ပျော်နေတဲ့ သားငယ်လေးကို တွေ့ပါတယ်။ အမလေး.. အိပ်မက်မို့ တော်ပါသေးရဲ့။ ဒါပေမဲ့ ကျမနှလုံးတွေကတော့ နာကျင်ကိုက်ခဲလို့ ကျန်နေခဲ့ပါတယ်။
(၂)
အပြင်မှာတော့ မိုးက သည်းသည်းရွာဆဲ။ ကျမရှိနေတဲ့ နေရာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဗမာပြည်မှာတော့ မုန်တိုင်းဒဏ်သင့်ကလေးတွေ ဘယ်လို အိပ်ပျော်နိုင်ကြမလဲ...၊ အမိုးအကာ အ၀တ်အထည် မလုံမလောက်၊ စားစရာမရှိလို့ ၀မ်းက ဟာပြီး၊ တချို့ အမေ မရှိတော့။ တချို့ အဖေ မရှိတော့။ တချို့ မိဘနှစ်ပါးလုံး မရှိတော့။ ဘယ်သူ့ရင်ခွင်မှာ အဲဒီကလေးတွေ အိပ်ကြရှာမလဲ...။ လူကြီးတွေက လောကဓံကို ခံနိုင်ပေမဲ့ ကလေးတွေခမျာ ဘယ်လို ရင်ဆိုင်ကြမလဲ...။ အဲဒီ မုန်တိုင်းသင့်ညမှာ မှောင်မှောင်မည်းမည်းထဲ လေတွေမိုးတွေ ကြားထဲ ပြေးရင်းလွှားရင်း သူတို့လေးတွေရဲ့ အသည်းနှလုံးနုနုလေးထဲ ဘယ်လောက် ကြောက်လန့် တုန်လှုပ်ခဲ့ကြ ရှာမလဲ..။ ပြီးတော့ တက်လာတဲ့ ရေတွေကြား ပြေးရင်းလွှားရင်း မိဘနဲ့ကွဲ၊ မောင်နှမတွေကွဲ။ လူတကာ ပြေးနေလေတော့ ကိုယ်လည်း ပြေးရမှာပဲဆိုတဲ့ စိတ်နဲ့ ပြေးရင်း ရေဘေးနဲ့ သေရမယ့် ဘ၀ကတော့ဖြင့် လွတ်ခဲ့..။ ဒါဟာ ကံဆိုးတာလား.. ကံကောင်းတာလား။ လောလောဆယ်မှာတော့ ကူမယ့် ကယ်မယ့်သူကို မျှော်တလင့်လင့်။ ပြီးတော့ ဒါက အိပ်မက်မဟုတ်။
(၃)
နာဂစ်မုန်တိုင်းသတင်းတွေထဲ ကျမစိတ်အထိခိုက်ရဆုံးက ကလေးတွေနဲ့ အမေတွေအတွက်ပါပဲ။ စစ်အစိုးရရဲ့ ပယောဂကြောင့် ၈၈မျိုးဆက်က ကျောင်းသူ နီလာသိန်းခမျာ ခင်ပွန်းသည် ထောင်ကျရတဲ့အထဲက လသားအရွယ် သမီးလေးကိုပါ ခွဲနေရတာကိုလည်း ကျမစိတ်ထဲ အမြဲ ကိုယ်ချင်းစာ ထိခိုက်နေခဲ့တာ။ မှတ်မှတ်ရရ.. ကျမ သားဦးကိုမွေးပြီး လပိုင်းမှာ အပြင်းဖျားလို့ သားကို သူ့အဖွားနဲ့ သိပ်ရပါတယ်။ ကျမက အိမ်အောက်ထပ်မှာ သားက အိမ်အပေါ်ထပ်မှာ။ အဲဒီတုန်းက သားကို ခွဲသိပ်ရလို့ ကျမ ည အိပ်မပျော်ခဲ့တာကို ပြန်သတိရပြီး နီလာနဲ့ သမီးလေးနေခြည်အတွက် စိတ်ထိခိုက်ရတာပါ။ အဲဒီအတွက် စစ်ခေါင်းဆောင် အာဏာရူး တွေကို ကျမ ကျိန်ဆဲမိတာ မရေတွက်နိုင်တော့။ သူတို့ရဲ့ ပယောဂနဲ့ အမေတွေနဲ့ သားသမီးတွေ.. မိသားစုတွေ.. သေကွဲ ရှင်ကွဲ ခွဲခဲ့ရတာ မရေတွက်နိုင်တော့ပြီ။
ခု မုန်တိုင်းပြဿနာမှာရော...။ ကလေးတွေနဲ့ အမေတွေ... ကလေးတွေနဲ့ မိဘသားချင်းတွေကို ခွဲခဲ့ရပြီ။ တကယ်တော့ ဒါကလည်း ကျမတို့ရဲ့ ဇာတ်လိုက်ကျော်တွေဖြစ်တဲ့ သမ္မတလူကြမ်းများအဖွဲ့ နအဖကြောင့်ပဲ မဟုတ်လား။
အင်မတန်ကြီးမားတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး မြန်မာနိုင်ငံကို ဧရာဝတီတိုင်းဘက်ကနေ ၀င်တော့မယ်ဆိုတာကို မုန်တိုင်းမကျမီ ၄၈နာရီအလိုမှာကတည်းက အိန္ဒိယမိုးလေ၀သဌာနက မြန်မာနိုင်ငံမိုး-ဇလဌာနကို သတင်းပို့ ထားပါတယ်လို့ မုန်တိုင်းအပြီး နောက်နှစ်ရက်မှာပဲ အိန္ဒိယက အသံလွှင့်ဌာနတွေနဲ့ သတင်းစာတွေကို ပြောလိုက်ပါတယ်။ တကယ်တော့ အင်တာနက်ပေါ်က ကျူးပစ်ဖိုရမ်(Cupid Forum)မှာတောင် မုန်တိုင်းမလာမီ ၂ရက်လောက်ကတည်းက မုန်တိုင်းဟာ ကြီးမားပြီး စိုးရိမ်စရာကောင်းတဲ့အကြောင်း သတင်းတွေ တက်နေခဲ့ တာပါ။ ဒီတော့ တကယ်တာဝန်ရှိတဲ့ မိုးလေ၀သဌာနက ဒီသတင်းကို ဘာလို့ ထိမ်ချန်ခဲ့တာလဲ...။ တာဝန်ရှိ အစိုးရအနေနဲ့ ဘာလို့ ကြိုတင်ကာကွယ်တာတွေ မလုပ်ခဲ့တာလဲ...။ ဒါဟာ ခွင့်လွှတ်နိုင်စရာမရှိတဲ့ တာဝန်မဲ့မှု ပါပဲ။
(၅)
တကယ်လို့ အစိုးရကသာ မုန်တိုင်းရောက်နိုင်တဲ့ နေရာတွေက လူတွေကို မုန်တိုင်း လွတ်နိုင်လောက်တဲ့ ကုန်းတွင်းပိုင်းကို ရွှေ့ထားပေးတာတွေလုပ်ခဲ့ရင်..။ အနည်းဆုံး ရွှေ့ပြောင်းဖို့ လိုကြောင်း ကြိုပြီး သတိပေးခဲ့ ရင်တောင်... ခုလောက်တော့ အသေအပျောက် မများနိုင်တာ သေချာပါတယ်။ ပြီးတော့ မုန်တိုင်းကျပြီး နောက်မှာ ဘယ်လိုနေထိုင်ကြမယ်ဆိုတာ ပြင်ဆင်ဖို့၊ ပညာပေးဖို့၊ ဘာတခုမှ တာဝန်မကျေခဲ့။ အဆိုးဆုံး ကတော့ မုန်တိုင်းသင့်ပြည်သူတွေအတွက် အကူအညီတွေကို နည်းပေါင်းစုံသုံးပြီး တားမြစ်နေခဲ့တာပါပဲ။ ခုတော့ လူစိတ်မရှိတဲ့ အစိုးရတရပ်ရဲ့ အာဏာစက်အောက်မှာ ကျမတို့ပြည်သူတွေ အတုံးအရုံး အသခံနေကြရပါပြီ။ အထူးသဖြင့် မိခင်တွေ ကလေးငယ်တွေရဲ့ အသက်တွေ၊ ဘ၀တွေ၊ နှလုံးသားတွေ၊ တတိတိနဲ့ အစတေးခံ နေကြရပါပြီ။ အထူးသဖြင့် သားသမီးအပေါ် ပူပန်သောက ပိုတတ်တဲ့ အမေတွေရဲ့ စိတ်နှလုံးတွေမှာ သေရာပါဒဏ်ရာတွေ ရသွားကြပါပြီ။ ပြီးတော့ အဲဒီဝေဒနာတွေက ဆေးကုလို့ မရပါ။
မုန်တိုင်းရဲ့ နောက်ဆက်တွဲမှာ လူနှစ်သန်းလောက်ရဲ့ စိတ်အနာတရတွေ၊ ခြောက်အိပ်မက်တွေ၊ ပြီးတော့ မိဘမဲ့ ကလေးတွေ၊ ဆင်းရဲမွဲတေမှုတွေ၊ ကျန်းမာရေးပညာရေးတွေကို ဘယ်လိုပြန်ထူထောင်ကြမလဲ...။ ပြည်သူလူထု အပေါ် စေတနာမထားတဲ့၊ လူစိတ်ကင်းမဲ့တဲ့ အာဏာရှင်လက်အောက်မှာ ဘယ်လို ပြန်လည် တည်ဆောက်ရေးတွေ လုပ်နိုင်မလဲ...။ ထောင်တံခါးတွေ ပိတ်ဖို့ စာသင်ကျောင်းတံခါးတွေ ပွင့်ဖို့လိုသတဲ့။ ကျမကတော့ ဒီလို စစ်အာဏာရှင်လက်ထဲမှာ စစ်သားစုဆောင်းရေးတပ်တံခါးတွေသာ များများပွင့်ပြီး၊ သူတို့လို ရမ်းကားတဲ့ ဖက်ဆစ်တွေမွေးဖို့ကိုသာ အားထုတ်ကြလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့နဲ့ အလိုမတူရင်တော့ ထောင်တံခါး တွေသာ များများ ပွင့်ပါလိမ့်မယ်။ အဲလိုဆိုရင်တော့ ခု မုန်တိုင်းသင့် ဒေသတွေဆီက မိဘမဲ့ကလေးတွေ..၊ အားကိုးရာမဲ့ လူငယ်တွေရဲ့ နောင်ရေးက စိတ်မအေးစရာပါပဲ။ ကျမငယ်ငယ်က ကြည့်ဖူးတဲ့ The Boys from Brazil ဆိုတဲ့ ရုပ်ရှင်ထဲက ဟစ်တလာကိုယ်ပွား (Clone)တွေ အများကြီး လျှို့ဝှက်မွေးထုတ်ပေးတဲ့ စက်ရုံကြီးကို သတိရ နေမိပါတယ်။
မေလရဲ့ ဒုတိယတနင်္ဂနွေနေ့ဟာ ကမ္ဘာ့အမေများနေ့ ဖြစ်ပါတယ်။ ဒီနှစ် ၂၀၀၈ခုနှစ် မေလရဲ့ ဒုတိယတနင်္ဂနွေ ၁၁ရက်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ မုန်တိုင်းသင့်ဒေသတွေမှာ ငိုကြွေးနေတဲ့ အမေတွေ ရှိနေကြပါတယ်။ တကယ်တမ်းပြောရရင်တော့ မြန်မာနိုင်ငံမှာက စစ်အုပ်စုကြောင့် ငိုကြွေးနေရတဲ့ အမေတွေ အများကြီး ရှိနေတာပါပဲ။
တချိန်က ကိုယ့်ဘ၀လေးထဲ အနေဆင်းရဲပေမဲ့ သားနဲ့ သမီးနဲ့ အတူပျော်ခဲ့တဲ့ ရွာ..။ ပင်လယ်ကမ်းခြေမို့ သာတောင့်သာယာ။ သဘာဝနဲ့ နီးစပ်လို့မို့ အစားအေသာက်တော့ မငတ်ခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ရောင့်ရဲခြင်းတွေနဲ့ အေးချမ်းချမ်းပျော်ခဲ့ရတဲ့ အရပ်။ ခုတော့ သုဿာန် တစပြင်..။ ကျမတို့ရဲ့ ရိုးသားလှစွာတဲ့ ပြည်သူတွေကတော့ ကံမကောင်းလို့ သဘာဝ ဘေးဒဏ်ခံရလေတယ်တဲ့။ အဲဒီ ဒုက္ခပင်လယ်ဝေနေတဲ့ လူနှစ်သန်းကျော်ကြီးကို ဘယ်သူ လာကူမှာလဲ...။ ၀ိုင်းကူကယ်ရမယ့် နောက်ထပ်လူ သန်းငါးဆယ်ကလည်း ဒုက္ခပင်လယ်ထဲ မြုပ်ချည်ပေါ်ချည်..။
မုန်တိုင်းနဲ့အလွတ်ကြီးလို့ဆိုရမယ့် နေရာမှာ ရှိနေခဲ့တဲ့ ကျမကတော့.. မုန်တိုင်းသင့်ဒဏ်နဲ့ မလွတ်နိုင်စွာ ခုထိ ညတိုင်း ခြောက်အိပ်မက်တွေမက်.. မျက်ရည်တွေ တွေတွေကျရင်း.. ကူကယ်ရာကိုပဲ မျှော်နေမိပါတယ်။
(၁၄၊၅၊၂၀၀၈)
5 comments:
Happy Birthday !
Happy Anniversary !
Cheers ! sh
အစ်မရေ ... လာ အားပေး တာလည်း ကျေးဇူး တင်ပါတယ် ခင်ဗျာ ..
ကျွန်တော့် ဘလော့ က နောက်တစ်ပါတ်မှ တစ်နှစ်ပြည့်မှာ ... မေလ (၂၃) ရက်နေ့ မှ ဗျ ...
အကျိုးပြု စာတွေ အများကြီး ရေးနိုင်ပါစေ အစ်မရေ :)
Happy Anniversary!!
Many more Anniversaries to come.........
တီချယ်ကြီးကလဲ ..
နအဖကို သမတ လူကြမ်းအဖွဲ့နဲ့ မနိုင်းပါနဲ့ .. တကယ့်လူကြမ်းတွေက မိုန်တိုင်းပြည်သူတွေကို လုပ်အား ငွေအား နဲ့ ကူနေကြတာပါ ..
‘မ’ရေ…Blogမွေးနေ့ လေးကို နောက်ကျမှတွေ့ တယ်…။ ၁နှစ်မြောက်မွေးနေ့ မှနောင်နှစ်ပေါင်း ရာထောင်ချီတိုင် ပျော်ရွှင်ဖွယ်တေးတွေ သီကျွေးနိုင်ပါစေလို့ ….။
Post a Comment