May 29, 2008

ဘ၀ထဲမှာ.....

"ကြီးကျယ်ခမ်းနားသူတွေ မဟုတ်ခဲ့လည်း လူဆိုတာ လူပါပဲ။ လူဆိုတာက လူသား ဂုဏ်သိက္ခာနဲ့။ မျှော်လင့်ချက်တွေနဲ့။ တမ်းမက်ရတဲ့ ဘ၀တွေ ကိုယ်စီနဲ့။ ရှုင်သန်မှုကို မြဲမြဲ ဖက်တွယ်လိုစိတ်တွေနဲ့ပေါ့။" (ပန်ဒိုရာ)

ပန်ဒိုရာရဲ့ အဲဒီစာလေးနဲ့ အစချီတဲ့ ကိုလှထွန်းအကြောင်းလေးကို ဖတ်အပြီးမှာ ကျမ စိတ်ထဲ မထွေးနိုင် မအန်နိုင် ဆိုတဲ့ ခံစားချက်မျိုးကို ခံစားလိုက်ရပါတယ်။

+++++

ဆိုပါတော့ .. ကျမသာ ကိုလှထွန်းတွေလို သေသွားခဲ့ရင်... ... ...

ကျမမှာလည်း ကိုလှထွန်းလိုပဲ သားနှစ်ယောက် သမီးလေးတယောက် ရှိတာပါ၊ အငယ်ဆုံးလေးဆို လူမမည် လေး..။

ဘ၀ဆိုတာ တကယ်လည်း တပ်မက်စရာ..။ ကိုယ့်နေရာလေးမှာတော့ ကိုယ်လည်း ကိုလှထွန်းလိုပဲ ရှေ့ကနေ သာသနာ့အလံကိုင်ခွင့်ရနိုင်တဲ့အနေအထားလေးနဲ့။ ပျော်စရာမိသားစုကလေးနဲ့။ အလုပ်ပင်ပင်ပန်းပန်း လုပ်ရလည်း စိတ်ချမ်းသာစရာ ကောင်းနေတာပဲ၊ ပြီးရင်တော့လည်း ကိုလှထွန်းတွေလိုပဲ သေရင်တော့ လူမသိသူမသိ ဖြစ်ရမှာပါ..။ ဘာလို့လဲဆိုတော့ ကျမတို့က သူများတိုင်းပြည်မှာ တရားမ၀င် နေထိုင် နေရသူ တွေလေ..။ သေရင်တောင် သေစာရင်းဘယ်လိုဖွင့်ရမယ် မသိ..။

ယောက်ျားခမျာ ကလေး၃ယောက်နဲ့ မျက်စေ့ ကလည်ကလည် ဖြစ်နေမှာ။

ကျမဆို လူမုန်းကလည်းများတော့ ဘယ်သူက တာဝန်ယူပြီး သေစာရင်းကိစ္စ ရှင်းပေးမယ်မသိ။ တော်ကြာ ကိုယ့်သေစာရင်းကိစ္စဖြစ်ကာမှ သူ့တိုင်းပြည်အာဏာပိုင်တွေဆီမှာ တရားမ၀င်မိသားစုလို့ စာရင်းပေါက်သွားပြီး ကိုယ့်နိုင်ငံပြန်ပို့ရင်တော့ မိသားစုခမျာ သူပုန်မိသားစုရယ်လို့ အနည်းဆုံး အင်းစိန်တောရတော့ ရောက်ကြဦး မှာ..။

ကဲ.. ဘာဖြစ်ဖြစ်.. သေသွားတဲ့ ကျမကတော့ အေးပြီ။ ဒီနိုင်ငံမှာတော့ မီးရှို့တာမို့ မေငြိမ်းဆိုတာ အငွေ့တွေ အဖြစ် လွင့်သွားမှာ..။ ဘယ်လောက်ကောင်းလိုက်လဲ..။

ကျမမုန်းလှတဲ့ အစိုးရကို မမြင်ရ မကြားရ မသိရတော့ဘူး။ ဒုက္ခတွေလည်း မသိတော့ဘူး။ နိုင်ငံမဲ့ဆိုတဲ့ ခံစားချက်လည်း မရှိတော့ဘူး။

ကျန်တဲ့ မိသားစုခမျာတော့ အဲဒီဒုက္ခတွေထဲ လက်ပစ်ကူးပြီး ကျန်ခဲ့ကြရမှာ တဘ၀စာလုံးပေါ့၊

++++

ဒါဖြင့် ကျမ ခု သေချင်နေသလား.. ရှင်သန်ချင်လား..။

ကျမ ရှင်သန်ချင်တာပေါ့..။
အနည်းဆုံးကတော့.. ကျမခင်ပွန်းအတွက်.. ကျမ သားတွေ သမီးတွေအတွက်..။ အများဆုံးကတော့... ကျမ တတ်နိုင်တာ လုပ်ပေးချင်တဲ့ ဗမာပြည်သူတွေအတွက်..ဆိုတဲ့ မျှော်လင့်ချက်တွေအတွက်.. ရှင်သန်နေချင်သေး တာပေါ့။

အဲသလိုပဲ ကိုလှထွန်းလည်း အသက်ရှင်နေချင်မှာပါပဲ..။ ဒါကြောင့်ပဲ သူ့နှလုံးကို ဆေးကုဦးမှာလေ။

"ကိုလှထွန်းမှာ ကလေး ၃ ယောက်ရှိတယ်။ သား ၂ ယောက် သမီး ၁ယောက်။ သူက ငယ်ငယ်က အတန်းကျောင်း မနေခဲ့ရဘူး။ ပညာမတတ်လို့ ဆင်းရဲရတယ်လို့ သူက ခံယူတယ်။ ဒါကြောင့် သူ့သားသမီး တွေ လက်ထက်ကျရင် ဆင်းရဲမှာ ကြောက်လွန်းလို့ ပညာတတ်ဖြစ်အောင် ဘ၀ကို မြှင့်ပေးရမယ်လို့ သူက မကြာခဏ ပြောလေ့ရှိတယ်။ သူ့ရဲ့ ဇနီးကလည်း ပညာမတတ်ရှာဘူး။ အမြင်လည်း မကျယ်တော့ သူကပဲ အစစအရာရာ ဦးဆောင်ရတယ်။" (ပန်ဒိုရာ)

သူ့မှာ လုပ်စရာတွေ ရှိသေးတယ်။ သူ့မိသားစုအတွက် အကုသိုလ်လို့ သူသိတဲ့အလုပ်တွေ မျက်စေ့မှိတ် လုပ်ခဲ့ရ ရှာတာ သူ့ကလေးတွေအတွက် စိတ်အေးရပြီဆိုရင်တော့ သူ့ရဲ့ နောင်ရေးအတွက် သူယုံကြည် အားထားရာ တရား ဘာဝနာလေး လုပ်ချင်တာပေါ့။ သူက တကယ်တော့ စိတ်ကောင်း စိတ်မြတ်လေးရှိတဲ့သူလေ..။ တကယ့် အသက်ဘေးလုနေရတဲ့ အချိန်လေးမှာတောင် ကိုယ့်အသက်ထက် သူများကိုတောင် ဦးစားပေးတဲ့သူပါ၊ ဆိုတော့ သူ... အသက်ရှင်နေချင်ဦးမှာ.. သူနိုင်တဲ့ ရပ်ရွာအကျိုးတော့ လုပ်ပေးချင်ဦးမှာ..။ သေချာပါတယ်။ ဒါပေမဲ့.. ကိုလှထွန်းဟာ ... သူချစ်တဲ့ မိသားစုနဲ့ ရပ်ရွာကို .. ရုတ်တရက်ကြီး မျက်ကွယ်ပြုလိုက်ရပြီ။

"နောက်ထပ် လှိုင်းတွေ ဆင့်ကာ ဆင့်ကာ အပုတ်မှာ သူတင်ထားခဲ့တဲ့ လှေထဲကလူတွေ လွင့်စင်မှောက်ကျလို့ အားလုံးနီးပါး သေဆုံးသွားခဲ့ရတယ် ဆိုတာကို သူသိမသွားဘူး။
သူတို့ရွာထဲမှာ အိမ်အများအပြား လုံးဝပျက်စီးပြီး သူ့ပျဉ်ထောင်အိမ်ပေါ်မှာ ခိုလှုံနေကြတဲ့ လူအများစုကတော့ တွယ်ကပ်လို့ လွတ်မြောက်သွားကြတယ် ဆိုတာ သူသိမသွားဘူး။
သူကလွဲလို့ သူချစ်တဲ့ ဇနီးသားသမီးတွေ အားလုံး ရှင်ကျန်ခဲ့တယ် ဆိုတာကိုလည်း သူသိမသွားဘူး။
သူရှာခဲ့တဲ့ ရွှေငွေပိုင်ဆိုင်မှု အားလုံးတော့ ရေထဲမှာ ပျောက်ပျက်ဆုံးရှုံးသွားခဲ့ရတယ်ဆိုတာ သူသိမသွား ဘူး။
မုန်တိုင်းနာဂစ်အောက်မှာ သေဆုံး ပျောက်ဆုံးသွားတဲ့ သိန်းချီနေတဲ့ လူသားတွေရဲ့ ကံကြမ္မာကို သူသိမသွားဘူး။
ဆုံးရှုံးကြေကွဲမှုတွေနဲ့ ရှင်ကျန်ခဲ့တဲ့ သန်းချီနေတဲ့ လူသားတွေရဲ့ ကံကြမ္မာကိုလည်း သူသိမသွားဘူး။
"(ပန်ဒိုရာ)

ကျမကတော့ အဲလို မသိရတာက ပိုကောင်းသေးတယ်လို့ ခံစားနေရပါတယ်။ သူသာ မသေဘဲ ရှိနေခဲ့ရင်...

စကားလုံးနဲ့ မပြောပြနိုင်လောက်အောင် ရက်စက်ဆိုးဝါးတဲ့ အခြေနေမျိုးတွေနဲ့ သူ့ဘ၀တူတွေ သေကြေပျက်စီးကြရတာ.. အစာငတ်ရေငတ်.. အမိုးအကာ အရှက်ကာဖို့ပါ ငတ်နေကြရတာတွေ မြင်ရမယ်။

ဘာအလုပ်မှ ပြန်လုပ်လို့ မရတော့တဲ့ မြေမှာ ရင်းနှီးစရာဘာမှမရှိ.. ဘာဆိုဘာမှမရှိတော့တဲ့ မကူနိုင် မကယ်နိုင်ဘ၀တွေထဲ.. အနာဂတ်ကို မှန်းကြည့်လို့တောင် မမြင်ရတဲ့ အခြေနေတွေထဲမှာ ရင်ကွဲနာ ကျရပေဦးမယ်..။

အဲဒီအပြင် သူ အကုသိုလ်အဖြစ်ခံ.. နှလုံးရောဂါအဖြစ်ခံပြီး ကျောင်းထားပေးခဲ့ရတဲ့ သားသမီးတွေ ဘွဲ့ရလို့မှ တူတူတန်တန် အလုပ်မရဘဲ ပင်ပန်းဆင်းရဲနေရတာကိုပဲ ကြည့်ပြီး စိတ်မချမ်းမသာဖြစ်ရဦးမယ်။

နောက်ဆုံး သူအသက်ကြီးပိုင်းမှာ အလုပ်ကလည်း မလုပ်နိုင်တော့တဲ့အချိန်.. နှလုံးရောဂါ ပိုဆိုး လာတဲ့အခါ ဆေးမကုနိုင်တဲ့အဖြစ်နဲ့ တိုးပြီး ရောဂါဝေဒနာကို စိတ်သောကနဲ့ အတူ ခံစားရလိမ့်ဦးမယ်..။

တကယ်တော့ ဒီအစိုးရလက်ထက်မှာ.. ဒါတွေဟာ ကိုလှထွန်းတွေအတွက် .. ကျမတို့နိုင်ငံက လူတွေ လူတွေ .. မလွဲမသွေ ကြုံရမယ့် အနာဂတ်တွေပါ..။
ဒီအစိုးရရှိနေသရွေ့ .................................

+++++

တကယ်လို့များ ခုနေ သေသွားခဲ့ရင် ကျမကတော့ ကိုလှထွန်းထက် သာမှာ တခုတော့ ရှိပါတယ်။

ကျမက လူရယ်လို့ တူတူတန်တန် မီးသင်္ဂြိုဟ်ခွင့်တော့ ရမှာ သေချာတာပါပဲ။ ယုံကြည်မှုတွေ အရဆိုရင်တော့ သပိတ်သွပ်ခွင့်.. အမျှအတန်းဝေခွင့်.. ဆွမ်းကျွေးအလှူလုပ်ခွင့်.. ကံကောင်းရင် အရိုးပြာလေး အမှတ်တရ သိမ်းဆည်းခွင့်ပါ.. ရနိုင်ပါသေးတယ်။

ကိုလှထွန်းက ကျမထက် ကံကောင်းတာကတော့ ဘာအဖြစ်ဆိုးတွေကိုမှ ထပ်မတွေ့ရခင်.. ရေမွန်းတဲ့ ဒဏ်ကို မခံစားလိုက်ရခင် နှလုံးရပ်ပြီး သေခွင့်ရခဲ့တာပါပဲ..။ ပြီးတော့ ဒီလို အစိုးရမျိုးနဲ့ ထပ်မတွေ့ရတော့တာ...

တကယ်တော့ ကိုလှထွန်းဟာ ဘ၀ဆိုးထဲက လွတ်မြောက်ခွင့် ရသွားခဲ့တာပါ...။

+++++

ဘာပဲဖြစ်ဖြစ် ကျမကတော့ ယုံပါတယ်...
လူ့ဘ၀ထဲနေခွင့်ရခိုက် လူပီသစွာနဲ့ မိသားစုတာဝန်ကျေခဲ့တဲ့၊ ရပ်ရွာပေါ်တာဝန်ကျေခဲ့တဲ့၊ ယုံကြည်ရာ ဘာသာရေးအပေါ် ထိုက်သင့်သလောက် တာဝန်ကျေခဲ့တဲ့၊ ရိုးသားအေးချမ်းခဲ့တဲ့ ကိုလှထွန်းဟာ ကောင်းရာသုဂတိကို ရောက်နေတော့မှာလို့... ကျမ တကယ်ယုံပါတယ်။

1 comment:

တန်ခူး said...

'မ'ရေ ကိုလှထွန်းရဲ့ဆုံးခါနီးဖြစ်သွားတဲ့စိတ်စေတနာကောင်းလေး ကြောင့် ကောင်းရာဘုံဘဝရောက်မယ်လို့ ကျွန်မလဲယုံတယ်...'မ'ဆီအမြဲရောက်ဖြစ်ပါတယ်...ခုတလော နှုတ်တွေသူ့အလိုလိုဆွံ့ နှလုံးသားတွေလက်ပန်းကျနေလို့ အသံမပြုဖြစ်တာပါ...