May 29, 2008

ဖြန့်ဝေခြင်း(၁၁)

Wednesday, 28 May 2008

မေးချင်တာလေး တစ်ခု

ကျွန်တော် ရင်ထဲက မေးချင်တာလေး တစ်ခုကို အာဆီယံနဲ့ ကုလသမဂ္ဂဆိုတဲ့ အဖွဲ့ကြီးနှစ်ခုကို မေးချင်ပါတယ်။

မုန်တိုင်းကယ်ဆယ်ရေးအတွက် အသက်လုနေရတဲ့ အချိန်တွေမှာ နအဖက နိုင်ငံရေး အကြောင်းပြပြီး ကယ်ဆယ်ရေးတွေကို လက်မခံခဲ့ပါဘူး။ သူ့ အကြောင်းပြချက်က နိုင်ငံရေးပါ။ အဲဒီ နိုင်ငံရေး အကြောင်းပြချက် ကြောင့် မသေ သင့်ပဲ သေရတဲ့ လူတွေ သေပြီးသွားပါပြီ။ ထပ်သေဖို့လည်း အသင့်စောင့်နေကြပါသေးတယ်။ သေလည်း သေမှာပါပဲ။

ဒီတော့ တကယ်တန်း သေချာ အခြေခံကို ပြန်ကြည့်ရင် နအဖက နိုင်ငံရေး ကစားနေလို့ လူတွေသေရတာဆိုတာ ငြင်းလို့ မရနိုင်ပါဘူး။

မေးချင်တဲ့ မေးခွန်းကတော့

အခုလို အကူ အညီတွေ ပေးတဲ့ နေရာမှာ နအဖကို နိုင်ငံရေး စကားသွားမပြောဘဲ နအဖ စိတ်ကြိုက် စကားလုံးတွေ သုံးပြီး အကူ အညီ ပေးနိုင်အောင် ဘာလို့ ကြိုးစားနေရတာပါလဲ။

တကယ်တန်း သွားကူခွင့်ရတော့ လေယဉ်၊ ရဟတ်ယဉ် အနည်းငယ်နဲ့ ရာဂဏန်း မပြည့်တဲ ကယ်ဆယ်ရေး ဝန်ထမ်းတွေသာ ဖြစ်ပြီး၊ မြန်မာနိုင်က ဒုက္ခရောက်နေတဲ့ လူတွေရဲ့ မပြောပလောက်တဲ့ ပမာဏပဲ ကယ်နိုင်တာပါ။ အဲဒါကို UN၊ ASEAN တို့ရဲ့ မဟာ အောင်မြင်မှုကြီးလို ပြောနေတာကတော့ မြင်ရ၊ ကြားရတဲ့ လူတွေအဖို့ အတော့်ကို မအီမလည် ခံစားရပါတယ်။

UN သဘော တူညီချက်နဲ့ အတင်းဝင်ကူဖို့ဆိုတဲ့ စကားကို မသုံးရတာပါလဲ။ UN , ASEAN တို့ အနေနဲ့ နအဖ အလိုတူ မြန်မာပြည်သူလူထုကို ဖြည်းဖြည်းချင်း သတ်ဖို့ ရည်ရွယ်နေတာလားဆိုတာကို ကျွန်တော် မေးကြည့်ချင်ပါတယ်။

လက်ရှိ မြန်မာပြည်သူလူထု ဘဝက မြန်မြန် အသတ်ခံရတာနဲ့ ဖြည်းဖြည်းချင်း ညှင်းပြီး အသတ်ခံရတာသာ ကွာပါကြောင်း၊ လေးစားဖွယ် လူကြီးမင်းတွေ ဖြစ်တဲ့ UN နဲ့ ASEAN က ပညာတတ်ပုဂ္ဂိုလ်ကြီးတွေ သိနိုင်မယ်လို့ ထင်မိပါတယ်။

မထိရောက်တဲ့ လူတွေကို ကယ်ဖို့ဆိုတဲ့ အကြောင်းပြချက်ကတော့ UN နဲ့ ASEAN လို အဖွဲ့ကြီးရဲ့ အဖြေဖြစ်မယ်ဆိုရင်တော့ ကျွန်တော် မေးတာတွေကို မေ့ထားလိုက်ပါ။

လေးစားစွာဖြင့်
ကိုထိုက်

No comments: