Jul 8, 2007

ဇူလိုင် ၈ရက်

လွန်ခဲ့တဲ့ ၄၅နှစ်မှာတုန်းက ဒီနေ့လို ၈ရက်နေ့ မနက်မှာမှ ယူနီယံကြီး အဖြိုချခံရ.. ကျောင်းသား ကျောင်းသူ တွေကို ပစ်သတ်.. ဖမ်းဆီးတာတွေ အပြင်းထန်ဆုံး လုပ်ခဲ့တာပါ။ ဗိုလ်ချုပ် တည်ထောင်ခဲ့တဲ့ တပ်မတော်ကို ကျောင်းသားတွေ သိမ်းကျုံးပြီး မုန်းတတ်သွားစေတဲ့ အဖြစ်အပျက်တွေရဲ့ အစပါပဲ။ အဲဒီနေ့မှာ ဘက်နက်ဖျား ကနေ သီသီလေးလွတ်လာခဲ့တဲ့ ဒုတိယနှစ်ကျောင်းသားလေး ကျမအဖေဟာ အသက်၅၆နဲ့ ကွယ်လွန် သွားတဲ့အထိ စစ်သားကို စစ်တပ်ကို မုန်းသွားခဲ့ပါတယ်။

အဲဒီ 7 July နောက်ပိုင်း တက္ကသိုလ်နယ်ထဲမှာ ရင်ဖွင့်သံ နှိုးဆော်သံ ငိုညည်းသံ ကဗျာတွေ စာတွေနဲ့အတူ သီချင်း တပုဒ်ကလည်း လွင့်ပျံ့ထင်ရှားလာခဲ့ပါတယ်။ အဲဒီ သီချင်းလေးကို အဖေ ခဏခဏဆိုပါတယ်။ ခု ဒီဘက် ရောက်တော့ အဲဒီသီချင်းကို ဆရာဂျမ်း(ကဗျာဆရာ တင်မိုး)က ဆိုဆိုပြပါတယ်။ ဆရာကပဲ အဲဒီသီချင်းကို ရုပ်ရှင်မင်းသားကြီး မြတ်လေးရေးခဲ့တာလို့ ပြောပြခဲ့ပါတယ်။ အဲဒီသီချင်းလေး တင်ပေးလိုက် ပါတယ်။

“တက္ကသိုလ် နယ်မြေတစ်နေရာ”

တက္ကသိုလ်.. ဒို့ကျောင်း.. တစ်နေရာ… အုတ်ပုံ အုတ်ပျက် စုလျှက် ပုံလျှက် နေပြန်တာ.. မြေမှာပြိုလဲ.. မသဲကွဲသော.. ထိုအချင်းအရာ သေချာကြည့်လျှင်.. အဖြေရှာ.. သိနိုင်ရာဇ၀င်.. အခိုင်အမာ.. ကျောက်စာမော်ကွန်း.. ထွန်းလျှက် ပေစာ.. မရှိပါ သော်လည်း.. အသဲအက်နာစရာ..(တရံတခါက တက္ကဝေယံ.. ဘုံပျံမဟာ.. ရှိပါလေငြား.. ကျောင်းသားယူနီယံ.. အိုးဝေကျူးသံနဲ့.. တောင်းဆုပြု.. ညီညီညာညာ မရွှင်နှိင်.. ခွေနွမ်း… လွမ်းစရာ့အခြေပါ.. စစ်မြေထိုတလင်း ကျင်းရက်လေရှာ)၂ သံကြော်ကြွေးလျက်သာ.. ရုံးစုလျှက် ညီညာကြရာ.. အပြစ်ရှာ မိုက်လုံးကြီးတာ.. သေနတ်ကို မောင်းတင်.. နှင်လေရှာ..။

မယုံကြည်နိုင်ပါလျှင်.. ကောင်းပါလိမ့်.. ရင်တသိမ့်သိမ့်ခုန် နာကျည်း ကြေကွဲဖွယ်ရာ.. အဖြစ်စစ် အဖြစ်မှန် ဆိုသည်မှာ ဘယ်ခါမှလဲ.. မလိုက်လျောပါ.. နှိပ်ကွပ်ဟန့်တား..တင်းတင်းမာမာ.. တယောက်ဆက်ကာ- တယောက်ပစ်တာ- သွေးတွေ ချောင်းစီးဆင်း.. အလောင်းချင်း ထပ်လျက်.. သေရရှာ မလန်းသော- သပြေနွမ်း ကြေပန်းပမာ.. အသည်းနာစရာ မြေမှာလျောင်း.. သက်ခန္ဓာ တောင် ပြောင်း… အကြောင်းက မပြေလည်ပါ.. မြတ်ဗုဒ္ဓ.. ထံတော်ပါး.. မခွဲ-ခွာပါ.. နေငြား အသည်းနာစရာ တမင်များ သခင်တပါးရယ်.. သနားငယ် မညှာ တက္ကသိုလ်ကျောင်းဝန်းက.. ချစ်ဆွေတသင်း.. ဒို့များခမျာ သစ္စာတော်ထား.. လှစ်ကြားနေဆဲ ဘာကမျှ.. မသိလေရှာ.. ကံအခြေမွဲသူပါ.. အသည်းနာစရာ.. အရေးရယ်က.. အမြဲစာနာ ဆွေးဘွယ်ပ ဖြစ်ရလေသည့်- ဆန်းထွေတလာ.. အာဏာမင်းတရား… ပထွေးက.. ကျောင်းသားမို့ဖြင့်.. ဘယ်လိုမှလဲ မသတ်လို့မဖြစ်ပါ.. ကလေးတွေ ဖြစ်လင့်ကစား ပြောမရလေက ဒေါပွချေသည်မှာ ရာဇဂုဏ် မောက်တဲ့မင်း.. တင်း သည်ချိန်ခါ နေလို လလို ဘုန်းသမ္ဘာ.. အရင့်အမာ… ငါလိုမင်းမှာ ဒင်းတို့က… မာန်ဖီလာ… ကျောင်းမြေတလင်းပြင်ထက်မှာ သေငြား..

(ဒေါသူပုန်ပွားကာ… ကျောင်းသားယူနီယံကြီးကို ဖြိုကာ… သေနတ်နှင့်ပစ်ရာ… ကျောင်းသားတွေမှာ.. အတုံးအရုံး သေရှာ )၂။ ကမ္ဘာရန် အမြဲသာ.. အသည်း.. နာ။

(သက်ဦးဆံပိုင်.. ဘုရင်အလား.. တမင်မသနား ကျောင်းသားတွေကို.. အရှင်မထား.. ကျောင်းမြေ တလင်းပြင် ထက်မှာ.. သေ ငြား.. တက္ကသိုလ်ဝင်းမှာ.. မပြေးသာ စတေးရှာ လေတော့တာ .. ရုတ်တရက်သာ သတ်ခဲ့တဲ့ ဒီနေရာ သွေးတွေ မြေကျသမို့ အသည်းမှာ တကယ် မချမ်းသာ )၂ ။

သင်ကြုံကြိုက်လို့ ရောက်တဲ့အခါ လာကြည့်စမ်းပါ.. (ယူနီယံအဆောက်အဦး.. တနေရာ..)၂။ မသဲမကွဲအမြဲရှိမှာ သဲသဲကွဲကွဲရှိလဲရှိမှာ.. သွေးကွက်တွေလဲ တ၀က် တပျက် ဆက်လက်ရှိအုံးမှာ.. ဖက်ဆစ်နယ်မြေ.. သင်ဖွေရှာ.. (ယူနီယံ အဆောက်အဦး အဲ့ဒီ တနေရာ- တက္ကသိုလ် ဒို့ကျောင်း အဲဒီ တစ်နေရာ..)၂။

(သက်ဦးဆံပိုင်.. ဘုရင်အလား.. တမင်မသနား ကျောင်းသားတွေကို.. အရှင်မထား.. ကျောင်းမြေတလင်းပြင် ထက်မှာ သေငြား.. တက္ကသိုလ်ဝန်းမှာ မပြေးသာ-စတေးရှာ လေတော့သာ.. ရုတ်တရက်သာ.. သတ်ခဲ့တဲ့ သည်နေရာ သွေးတွေမြေကျသမို့.. အသည်းမှာ တကယ်မချမ်းသာ )၂။

သင်ကြုံကြိုက်လို့ ရောက်တဲ့အခါ.. လာကြည့်စမ်းပါ (ယူနီယံအဆောက်အဦး တစ်နေရာ)၂။ မသဲမကွဲ.. အမြဲ ရှိမှာ သဲသဲကွဲကွဲ ရှိမြဲရှိမှာ.. ကျောက်စာတွေလဲ တ၀က် တပျက်.. ဆက်လက်ရှိအုံးမှာ.. ဖက်ဆစ်နယ်မြေ.. သင်ဖွေရှာ.. တက္ကသိုလ် ဒို့ကျောင်း.. အဲဒီ တစ်နေရာ ။

(ဤသီချင်းသည် ဂီတစာဆို ကိုကျော့မှူး ရေးစပ်၍ တင်တင်မြသီဆိုသော “ပုဂံမြို့ဟောင်းတစ်နေရာ” သီချင်းသွားအတိုင်း စပ်ဆိုပါသည် ။ )


1 comment:

Chocolaier said...

ဆရာမရေ အရမ်းကျေးဇူးတင်ပါတယ်။ ဒီသီချင်းကို လိုချင်တာကြာပါပြီ။
ကိုနစ်နေမန်းကိုလည်း တောင်းထားသေးတယ်။ သူကရှာတွေ့ရင်ပေးမယ်ဆိုပြီး မတွေ့ဘူးထင်ပါရဲ့။ ဒီနေ့တော့ပျော်သွားပြီ