Jul 7, 2007

၇ ဇူလိုင်(၆)

ဒီကနေ့
၇ ဇူလိုင်ရောက်ပါပြီ..
၁၉၆၂ကတည်းက ကျမအဖေတို့ခေတ် ကျောင်းသားတွေ
အသက်နဲ့ ရင်းပြီး တောင်းဆိုခဲ့ကြတဲ့ ပညာရေးလွတ်လပ်ခွင့်ကတော့
ခုထိ မှုန်ပျပျတောင် မမြင်ရသေးပါဘူး။
အဲဒီအပြင် ခုအခါမှာတော့ ပညာရေးတန်ဖိုးကို နိမ့်ပါးအောင်
ပညာတတ်တွေကို အရိုအသေတန်အောင်..ဆိုတဲ့ ရည်ရွယ်ချက်နဲ့
ပညာရေးစနစ်ကို အကွက်ချ ဖျက်ဆီးလာတာတောင် တွေ့နေရပါပြီ။
ပိုဆိုးလာတာကတော့
တကယ့်ပညာရှင်ကြီးတွေကိုယ်တိုင်ကပါ
ဒီမတရားအစိုးရရဲ့ ယန္တယားကို
အားပေးအားမြှောက်လုပ်နေတာပါပဲ။
မျိုးဆက်တွေ အများကြီးကို ကျမတို့ ဆုံးရှုံးခဲ့ကြပြီ။
ဒါဟာ အနာဂတ်ကို ဆုံးရှုံးနေတာပါပဲ…
ခုထိတော့ ကျမတို့ဘက်က ဘာမှ ပြန်မရသေး……

“ သွေးပျက်နေသောမိခင်ကြီး
( သို့မဟုတ် )
သွေးသုတ်ထားသောအဆောက်အဦးအဟောင်း ”

သံမဏိချောင်း ၊ ကျည်ထွက်ပြောင်းမှ
သောင်းသောင်းဆူညံ ၊ ယမ်းအားသံနှင့်
ပြင်းထန်ဖေါက်စူး ၊ ကြေးကျည်ဖူးတို့
ဝဲမြူးပျံလွှား ၊ ဖောက်ထွင်းသွား၍
ထွားထွားညွန့်ဝေ ၊ သားတို့သေပုံ
အလုံးစုံကို ၊ ဆုံကြုံတွေ့ခါ
မြင်ရပါသည့် ၊ ဇရာဟောင်းပျ
အရွယ်ကျသော ၊ မှိုင်းလျလျညို
မိခင်အိုသည် ၊ ရင်ဖိုခြောက်ချား
သွေးပျက်သွား၍ ၊ မုသားမပါ
ပွင့်လင်းစွာဖြင့် ၊ နောင်လာနောင်သား
ရင်သွေးများကို ၊ ပြောကြားလိမ့်မည်
စိုးကြသည်ကြောင့် ၊ ထွေလီလိမ်ကျစ်
အကြံညစ်ဖြင့် ၊ ဆေးသစ်ခြယ်သ
ရုပ်ပြောင်းကြသည်
လောကရယ်ဖွယ်ပါတကား။ ။
အမောင်(တက္ကသိုလ်)

အာဏာရှင်တွေကတော့ သူတို့အပြစ်တွေကို
ဖျောက်ဖျက်ဖို့ အမြဲကြိုးစားနေမှာပါ။
ဒါကြောင့်ပဲ ရန်ကုန်တက္ကသိုလ်ကို ရောင်းမယ်လို့တောင်
လေသံလွှင့်ကြည့်နေတာပါ..
ကျောင်းသားတွေဘက်က ဘယ်လိုတုံ့ပြန်မလဲလို့
သွေးတိုးစမ်းနေတာပါပဲ..
အဲဒါသာ တကယ်ဖြစ်ခဲ့ပြီဆိုရင်.............

သမိုင်းသွေးကွက်များ
လက်သီးဆုပ်လျက် ၊ ကြွေးကျော်တက်ရင်း
သေမင်းခေါ်သံ ဆူဆူညံကြား
ကျဆုံးသွားသည့်
ကျောင်းသားလူရွယ် ရဲဘက်များ......
နီရဲပူနွေး ၊ သတ္တိသွေးကား
စွန်းထေးကွက်အိုင် လမ်းအပြည့်။
နောက်တနေ့တွင်
ခြောက်သွေ့ခဲ့လို့ ၊ သွေးနီညို့ကို
သူတို့ဖျက်၍ ပျက်ပြီတကား။
အော်…
သမိုင်းစာရွက် ၊ မျက်နှာထက်တွင်
ထိစင်ရဲစက် ၊ တို့သွေးကွက်မူ
အသူဖျက်၍ ရအံ့နည်း။ ။
မိုးကြည်လွင်



No comments: