May 15, 2008

ဖြန့်ဝေခြင်း(၃)

ခုချိန်မှာ ဆရာဝန်တွေ လက်လှမ်းမမီသေးတဲ့အခါ တတ်နိုင်သလောက်ကူနိုင်ကယ်နိုင်ဖို့ ဖြန့်ဝေချင်တာပါ။ လက်ဆင့်ကမ်း ဝေပေးပါ။

ဝမ်းလျှောခြင်းအတွက်

ဝမ်းလျှောတာဟာ ရောဂါမဟုတ်ပါဘူး။ ရောဂါ လက္ခဏာတခုသာ ဖြစ်ပါတယ်။ ၀မ်းလျှောစေနိုင်တဲ့ ရောဂါတွေ အများအပြားရှိတဲ့ အထဲက အများစုကို ဆေးမပါဘဲ ကုသနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရောဂါတွေ ဖြစ်ရင် အဓိက အန္တရာယ်ပေးတာက ခန္ဓာကိုယ်ရေဓာတ်ခန်းခြောက်မှုသာ ဖြစ်တဲ့အတွက်ပါ။ ရေဓာတ် ခန်းခြောက်မှုကို ဆေးမပါဘဲ ကုသနိုင်ပါတယ်။

ဘာရောဂါကြောင့် ၀မ်းလျှောရတာလဲဆိုတာကို သိဖို့ ဆရာဝန်ကို မေးဖို့လိုပေမဲ့ ခန္ဓာကိုယ်ရေဓာတ် ခန်းခြောက်တာကို ကုသဖို့ ဓာတ်ဆားရည်တိုက်တာအတွက်တော့ ဆရာဝန်ကို မေးစရာ မလိုပါဘူး။ ဓာတ်ဆားရည် မတိုက်ရင် (အထူးသဖြင့် ၀မ်းလျှောတဲ့ကလေးတွေ ) အသက်ဆုံးနိုင်ပါတယ်။ ဓာတ်ဆားရည် တိုက်ရင် ရောဂါပျောက်သွားပါမယ်။ ဒါကြောင့် ၀မ်းလျှောပြီဆိုတာနဲ့ ဓာတ်ဆားရည်ကို ချက်ချင်း သောက်ရ ပါမယ်။ ရေဓာတ်ခန်းခြောက်တာ များရင် များသလောက် ဓာတ်ဆားရည်ကိုလည်း များများ သောက်ပေးရ ပါမယ်။

ခန္ဓာကိုယ်ရေဓာတ်ခန်းခြောက်တာကို ကိုယ့်ဖာသာ စမ်းသပ်နိုင်ပါတယ်။ လက်ဖမိုးအရေပြားကို လက်နဲ့ ဆိတ်ပြီး ဆွဲကြည့်ပါ။ အရေပြားက ချက်ချင်း ပြန်မကျသွားဘဲ ထောင်နေရင် ရေဓာတ်ခန်းခြောက်နေပြီလို့  သိပါ။ ရေဓာတ်ခန်းခြောက်နေတဲ့သူဟာ ဆီးသွားရင် နည်းနည်းပဲ သွားပါတယ်။ သွားတဲ့ဆီးကလည်း အ၀ါရင့်ရောင် ဖြစ်နေပါတယ်။ ဆီးသွားတဲ့ ပမာဏက ပုံမှန်ဖြစ်လာပြီး ဆီးအရောင်က အ၀ါဖျော့ဖျော့ ဖြစ်လာရင် ရေဓာတ်ပြန်ရလာပါပြီ။

ရောဂါကူးစက်ပြန့်ပွားမသွားအောင် လူတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာဆေးဖို့ လိုပါတယ်။ အထူးသဖြင့် အစာမစားခင်နဲ့ အိမ်သာသုံးအပြီးမှာ ဂရုတစိုက် ဆေးရပါမယ်။ အပြင်ကပြန်လာတဲ့အခါမှာ ရောက်ရောက်ချင်း လက်ကို ဆပ်ပြာနဲ့ ဆေးရပါမယ်။

ဖြစ်နိုင်ရင် လူသုံးများတဲ့ အရာတွေ ပစ္စည်းတွေနဲ့ အလူတွေအကိုင်အတွယ်များတဲ့အရာတွေ (ဥပမာ- အိမ်သာ တံခါးလက်ကိုင်၊ တံခါးဘောင်၊ တယ်လီဖုံး)ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးရပါမယ်။

ဓာတ်ဆားရည်

ဓာတ်ဆားထုပ်ကို ၀ယ်ပြီး ဓာတ်ဆားရည်ကို ဖျော်စပ်နိုင်ပါတယ်။ ဓာတ်ဆားထုပ်မရတဲ့အခါ ဆားနဲ့  သကြားကို ရေနဲ့ဖျော်စပ်ပြီး ဓာတ်ဆားရည်လုပ်လို့ ရပါတယ်။ ဓာတ်ဆားရည် ဖျော်စပ်တဲ့အခါ သန့်ရှင်းတဲ့ ရေကို သုံးရပါမယ်။ ရေကျက်အေး ဒါမှမဟုတ် ရေသန့် ဖြစ်ရမယ်။ ရေပမာဏ မှန်ဖို့  အရေးကြီးပါတယ်။ သိပ်မငန် ရပါဘူး။ ဆားနဲ့  သကြားက ရေကို အူကနေတဆင့် ခန္ဓာကိုယ်ထဲ ရောက်အောင် ပို့ ပေးပါလိမ့်မယ်။

ဓာတ်ဆားရည် မဖျော်ခင် လက်တွေကို ဆပ်ပြာနဲ့ သေသေချာချာ ဆေးကြောသန့်ရှင်းရပါမယ်။ ဓာတ်ဆားရည် တိုက်တဲ့သူရော သောက်တဲ့သူရော လက်သန့် ရှင်းအောင် အရင်လုပ် ရပါမယ်။

ဓာတ်ဆားရည်ဖျော် သောက်တဲ့အခါ ဓာတ်ဆားထုပ်က ပိုကောင်းတာမှန်ပေမဲ့ ဓာတ်ဆားထုပ် မရှိရင်လည်း ကိုယ့်ဖာသာ ဆားနဲ့သကြားကို ရေသန့်နဲ့ ဖျော်ပြီး မြန်မြန်သောက်ဖို့ အရေးကြီး ပါတယ်။

ဖျော်နည်း

ရေကျက်အေး တပုလင်း ဒါမှမဟုတ် ရေသန့် တဗူး မှာ ဆားက ဇွန်းတ၀က်၊ သကြားက ၈ဇွန်း ထည့်ရပါမယ်။ ပုလင်းတွေ ဇွန်းတွေ မရှိရင်တော့ သောက်ရေခွက်တခွက်မှာ ဆားကို မန်ကျီးစေ့ တ၀က်လောက်၊ သကြားက လက်တခုပ်စာလောက် ထည့်ပြီး ဖျော်စပ်ပါ။ ဆားမငန်ဖို့ အရေးကြီးပါတယ်။ (မျက်ရည်လောက် မငန်ဖို့ လိုပါတယ်)။

ဓါတ်ဆားရည်တိုက်နည်း

ဝမ်းလျှောနေတဲ့ကလေးတွေကို ဓါတ်ဆားရည်တိုက်နေတဲ့အချိန်မှာ အစာ မဖြတ်ပါနဲ့ ။ မိခင်နို့ တိုက်နေတဲ့ ကလေးတွေကို နို့ ဆက်တိုက်ပါ။

ဝမ်းလျှောနေသူဟာ အန်နေတယ်ဆိုရင် ဆယ်မိနစ်ကြာမှ ဓာတ်ဆားရည် တိုက်ပါ။

ဓါတ်ဆားရည်တိုက်တာဟာ ၀မ်းသွားတာရပ်စေဖို့ မဟုတ်ပါဘူး၊ ဆုံးရှုံးသွားတဲ့ ရေဓါတ်ကို ပြန်ဖြည့်ဖို့သာ ဖြစ်တာမို့လို့ ၀မ်းသွားတာ မရပ်မချင်း ဆက်သောက်နေရမှာဖြစ်ပါတယ်။

ဓာတ်ဆားရည်ကို နာရီအနည်းငယ်အတွင်း သုံးရပါမယ်။ ကြာကြာမထားရဘူး။ ပြန်ကျိုချက်ပြီး သုံးတာမျိုး မလုပ်ရဘူး။ နာရီအတန်ကြာသွားရင် အသစ်ဖျော်ရမယ်။

ဝမ်းရောဂါ

ဝမ်းရောဂါဖြစ်တဲ့အခါ ၀မ်းအမြန်လျှောတတ်ပါတယ်။
ဝမ်းက အဖြူရောင်ရှိတတ်ပြီး အနံ့သိပ်မနံဘူး၊ တခါတလေ ၀မ်းထဲမှာ အဖြူစက်တွေ ပါတတ်ပါတယ်၊ အရည်များများ ပါတဲ့ ၀မ်းမျိုးဖြစ်ပါတယ်။

ဒါကြောင့် ရေဓာတ်ခန်းခြောက်တာလည်း မြန်တာဖြစ်ပါတယ်။ ရေဓာတ်ခန်းခြောက်တာကို မကုသရင် ၀မ်းရောဂါ ပြင်းထန်တဲ့သူတွေရဲ့ တစ်ဝက်လောက်အထိ အသက်ဆုံးသွားတတ်တယ်။ ရေဓာတ်ခန်းခြောက် တာကို ချက်ချင်းတိုက်ပေးရင် ၀မ်းရောဂါဖြစ်သူ တရာမှာ တယောက်တောင် မသေတော့ဘူး။

ဒါကြောင့်မို့ အဲလို အရည်ပါတဲ့ ၀မ်းမျိုး စသွားတာနဲ့တပြိုင်နက် အမြန်ဆုံး ဓါတ်ဆားရည်တိုက်ဖို့ လိုပါတယ်။

ဒါကြောင့် ၀မ်းရောဂါဖြစ်တဲ့ သူအများစုကို ဓာတ်ဆားရည်နဲ့ ရောဂါပျောက်အောင် ကုသပေးနိုင်ပါတယ်။ ဓာတ်ဆားရည်ကို မြန်မြန် တိုက်ကျွေးရပါမယ်။ ၀မ်းရောဂါ ပြင်းထန်ရင် အန်တတ်ပါတယ်။ ဒါကြောင့် ဓာတ်ဆားရည်သောက်ဖို့  ခက်တတ်တယ်။ အန်ပြီးတဲ့နောက်

၁၀ မိနစ်ကြာမှ ဓာတ်ဆားရည်ကို ဇွန်းနဲ့  ဖြည်းဖြည်း တိုက်ပါ။ အန်တာမရပ်ရင်တော့ တခြားဆေးနည်းကို သုံးဖို့ လိုပါတယ်။ အကြောဆေးသွင်းတဲ့နည်းနဲ့ ရေဓာတ်ပြန်ရအောင် လုပ်နေတဲ့အချိန်မှာလည်း ဓာတ်ဆားရည် ကို ဆက်သောက်နေဖို့  လိုပါတယ်။

No comments: