အဲဒီ ဒီဇင်ဘာမှာ ကံ့ကော်ဦးတွေ ပွင့်မှာလား..
အဲဒီကန်လေးကို ဖြတ်တိုက်လာမယ့်လေပြေမှာ နှင်းငွေ့တွေတော့ ပါပါစေကွယ်။
အဲဒီ ဒီဇင်ဘာမှာတော့ မရှိတော့တဲ့ ချစ်ခဲ့ရသူတွေကို လွမ်းပါရစေ။
ဒီဇင်ဘာဆိုတာ ခဏတာ ပိတ်ထားခဲ့တဲ့ တံခါးရွက်တွေ ပြန်အဖွင့်..
တချို့ရက်တွေမှာ နှင်းငွေ့ငွေ့ လူးလွန့်လို့ လေအေးအေးလေးတချက် တိုးတိုက်လိုက်တဲ့အခါ
အလိုလိုလွမ်းလာမိတဲ့ရင်ခွင်။
မနက်ခင်း အဆောင်ကင်တီး က ကိုယ်ရယ်ပါ နှင်းသက်သက်ဝေ နှင်း တဲ့။
နေ့ခင်းကျတော့ ကြင်နာသူ ကိုယ့်အနားရှိနေခိုက်ဟာ ဘဝရဲ့ အသာယာဆုံးအခါ… တဲ့။
ဟော.. ညကျတော့ ဒီတစ်ညမှာ မြင်ရခဲတဲ့ မောင့်လပြည့်ဝန်း.. တဲ့။
သာယာခဲ့ကြတဲ့ နေ့တွေ ညတွေ .. ဒီရင်ခွင်မှာပဲ။
လမ်းတွေက ကြမ်းခဲ့လည်း မှတ်တိုင်တွေဟာ ထင်ရှားခဲ့တော့ မမေ့ပျောက်ရက်ပါဘူးလေ။
ဟိုဘက်ကမ်းမှာ …
ဟိုဘက်ကမ်းမှာ ..
နင်တို့ရဲ့ ဟိုဘက်ကမ်းဆီမှာ ကဗျာတွေ ရှိရဲ့လား ငါတို့ မသိပေမဲ့..
ဒီဘက်ကမ်းမှာ နင်တို့ ငါတို့ရဲ့ ကဗျာတွေ .. အဲဒီ ဒီဇင်ဘာမှာ ဝေရပါစေ့မယ်။
ရွှေအိုရောင်အုတ်သားတွေက အသံတွေကို စုတ်ယူသိမ်းထားနိုင်မယ်ဆိုရင်
ငါတို့ သူ့နဘေးနားမှာ ကဗျာတွေ ရွတ်ကြမယ်..
သူစိမ်းတွေအဖြစ် ရင်းနှီးဖူးပါတယ်.. ခိုင် ..
ပြီးတော့
လူတစ်ယောက်ရဲ့မျက်နှာ .. လည်း ပါမှာပေါ့။
တကယ်ဆို အဲဒီ အမှတ်တရ ဒီဇင်ဘာကို
အဲဒီ ရွှေရောင်အုတ်ကွက်တွေကြားမှာပဲ ဝှဲချီးကျင်းပစေ့ချင်တာ။
မပျိုနိုင်တော့တဲ့ ရေတမာပင်တွေကြား.. ကုက္ကိုရွက်ကြွေတွေကြား.. စိန်ပန်းကြွေတွေကြား
အဖိုးကြီး အဖွားကြီးလေးတွေရဲ့ ခိုးခိုးခစ်ခစ်ရယ်သံတွေ ဝေနေမှာ။
မျောက်ရွာအနား အုပ်စုဖွဲ့လို့ ခြေရာတွေ ပြန်ကောက်ရင်း ပျော်ရွှင်ကြည်လင်မှာ။
မျက်ရည်တချို့ စွန်းပေနေတောင်မှ အဲဒီ မျက်ရည်တွေက ချိုနေမှာ။
အရောင်အသွေးစုံ ပန်းတွေ လှိုင်လှိုင်ဝေခဲ့တဲ့ ဒီရင်ခွင်မှာ သူ့ရဲ့ ချစ်သူဟောင်းတွေ ပြန်လည်သက်ဝင်လို့
အဲဒီ ဒီဇင်ဘာကို ကြိုချင်တာ။
အဲဒီ ဒီဇင်ဘာမှာ ကံ့ကော်ဦးတွေ ဝေပါကွာ..။
***** ဓာတ်ပုံကို Google ကနေ ယူပါတယ်။
No comments:
Post a Comment