Apr 3, 2017

တနင်္ဂနွေ တမနက်

ဟော.. လေတိုးသံ သဲ့သဲ့လေး.. ငှက်သံသဲ့သဲ့ လေးတွေ ကြားတယ်။ အပြင်မှာ နေမြင့်ပြီ။
အိပ်ရာပေါ်မှာ ပြည့်ပြည့်ဝဝပြုံးပြီး ပြတင်းဆီကို ငေးတော့ နေရောင်ဟာ မြှူဆွယ်လိုက်တာ။
ကိုင်းတံရိုးဖျားမှာ လာချိတ်နေတဲ့ ကောင်းကင်ဟာ တကယ့် ဆွတ်ဆွတ်ပြာ။
သဘာဝက ပဲ့ပြင်တယ်..
ဘာမှမဆန်းတဲ့ နေရောင် နဲ့
ဘာမှမခမ်းနားတဲ့ ကိုင်းခက်လက်တွေ
ဘာမှ မထည်ဝါတဲ့ ဘဝတစ်ခုထဲမှာ
မြိန်ယှက်စွာ ငြိတွယ်။
မနိုးတဝက် နိုးတဝက် ကော်ဖီခွက်ထဲ
သဘာဝလို့ ပြောတဲ့ ကော်ဖီမှုန့်များများ
သဘာဝနွားနို့ပျစ်ပျစ်အနေတော် နဲ့
သဘာဝပျားရည်ချိုမြ နဲ့
ရေနွေးဆူဆူ ဟာ .. သဘာဝကျစွ အရသာ။
တကယ်တော့ ပြည့်ပြည့်ဝဝ နိုးထ ပြီးသားပါလေ…
သိပ်သာယာစရာပဲကိုး..
တင်းတိမ်တတ်သူအတွက်
လွတ်မြောက်သွားနှင့်သူ ဦးဂျင်မီဟင်းဒရစ်ကြီးရဲ့ နတ်စောင်းဂစ်တာသံရှိတယ်
လင်းပွင့်တဲ့ မနက်ခင်းနေရောင် နဲ့ အစိမ်းရောင်သစ်ရွက်တွေ ရှိတယ်
အနားမှာ ရောင့်ရဲအေးချမ်းတတ်တဲ့ ကိုယ့်သွေးသားတွေ ရှိတယ်
ပကာသန လုံးဝ လုံးဝ မရှိတဲ့ ဘဝ တစ်ခုမှာ ပျော်ရွှင်စရာတွေ အပြည့် .. ယုံ။
ယုန်အညိုဖျော့ဖျော့လေးက တောင်ကြည့်မြောက်ကြည့် ကြည့်ဆဲ..
ရှဥ့်ညိုလေးက သူ့ကို ဝင်တိုက်ဖြတ်ပြေးတယ်… ဒါပေမဲ့ သူတို့ချင်း ရန်ဖြစ်မသွားကြ။
ခေါင်းပေါ်မှာ အမောက်နီနီလေးပါတဲ့ ငှက်ကလေး ချစ်စရာကောင်းလိုက်တာ ငေးဆဲ..
ခုန်တဆွဆွ နှံကောင်စိမ်းလေးဟာလည်း မြင်ကွင်းမှာ သဘာဝက ပေးတဲ့ အလှကလေး..
တိတ်တိတ်လေး ငြိမ်နေလိုက်တော့ သစ်ရွက်ချင်းငြိသံအကြားမှာ
မြို့မငြိမ်းရဲ့ ခင့်အိပ်မက်ကို သတိရတယ်..
ငယ်ရွယ်စဉ် အိပ်မက်ထဲထိ စွဲဖူးခဲ့သူကို ခု နည်းနည်းမှ ရင်မခုန်တော့တာ မဆန်းဘူးလား။
ခုတော့ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ပုံပြင်လေးလိုပါ။
သဘာဝမနက်ခင်းဟာ ရောက်တတ်ရာရာ စိတ်ကူးတွေထဲ လှလိုက်တာ။
ဘာမှန်းညာမှန်း သေချာမသိလည်း ဆဲရေးတိုင်းထွာဖို့.. ကဲ့ရဲ့ပြစ်တင်ဖို့ ..
မမှန်မတရားဖို့ ဝန်မလေးတဲ့သူတွေနဲ့ ဝေးရာ နေရာလေးဟာ သုခဘုံပဲ။
ဝန်တိုမစ္ဆရိယတွေကင်းရာ.. အနုပညာ သက်သက်သာ ဖြစ်တည်ရာ အယူဝါဒ ဟာ ကိုယ့် ရဲ့ ဘာသာရေး ပေါ့။
ဒီမနက်တော့ ဦးဂျင်မီကြီးဆီက ရလိုက်တာ.. အနုပညာ ဆိုတာ အပွင့်လင်းဆုံး တူးဖော်လိုက်ရုံ။
ဒါနဲ့ပဲ ဒီတနင်္ဂနွေက တန်ပြီ။

No comments: