May 9, 2008

မျှဝေခံစားခြင်း(၂)

စစ်အစိုးရဲ့ရက်စက်ကြမ်းကြုတ်မှုက ကမ်းကုန်ပြီ။
ဒင်းတို့ရဲ့ တာဝန်ကင်းမဲ့ပုံကလည်း အတိုင်းအဆမရှိလွန်လွန်းလှပြီ။

ပြည်သူလူထုအပေါင်းတို့....

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကိစ္စမှာ ဒင်းတို့စစ်အစိုးရ ဘယ်လောက်အထိ လူမဆန်ရိုင်းပြသလဲ......စဉ်းစားကြည့်ကြ။

မုန်တိုင်းမကျခင် ၄၈ နာရီအလိုမှာ ဒီမုန်တိုင်းလာမယ်ဆိုတာ နိုင်ငံတကာက ကြိုတင်သတိပေးထားပါရက်နဲ့ ဒင်းတို့ဘယ်လောက်တာဝန်မဲ့သလဲ။ မုန်တိုင်းအကြောင်း ပြည်သူကိုဘာတွေအသိပေးခဲ့သလဲ။ ဘာတွေကြိုတင်ကာကွယ်ပေးခဲ့သလဲ။ ဘာမှလုပ်မပေးခဲ့တာ အားလုံးအသိပဲ။ ဒီကြားထဲကနေတောင် ၄၈ နာရီကြိုတင်သိပြီး အစိုးရရဲ့ကြိုတင်ဆောင်ရွက်မှုတွေကြောင့် များစွာသက်သာသွားတယ်လို့ ရုပ်မြင်သံကြားကနေ မျက်နှာပြောင်တိုက်ကြေငြာရဲတာဟာ... ဒင်းတို့..... လူတွေကိုလူမထင်လို့
စော်ကားရဲတာမဟုတ်လား။

အခု......လယ်ကွင်းထဲမှာ အလောင်းတွေ ပြန့်ကြဲကုန်ပြီ။ တချို့မိသားစုတွေတစ်ယောက်မကျန်သေကုန်ပြီ။ တချို့မိသားစုမှာ အဘွားကြီးနဲ့ကလေးတစ်ယောက်ပဲကျန်တာ နိုင်ငံတကာရုပ်မြင်သံကြားပေါ်မှာတွေ့နေရပြီ။
ကြားလိုက်ကြရဲ့လား။ ကြည့်လိုက်ရရဲ့လား။ အဘွားကြီးငိုတဲ့အသံ......။

”တစ်ယောက်မှမကျန်တော့ဘူး......တစ်ယောက်မှမကျန်တော့ဘူး.....။ ကျမနဲ့ဒီကလေးပဲကျန်တော့တယ်။ ကျမဘယ်လို ဖြေရမှာလဲ....တဲ့။”

စဉ်းစားကြည့်..ဒီအဖွားကြီး ဒီလိုဖြစ်တာ ခင်ဗျားမှာလည်း တာဝန်ရှိတယ်၊ ကျုပ်မှာလည်းတာဝန်ရှိတယ်....ဒီအစိုးရကိုဒီနေရာမှာ နေခွင့် အုပ်ချုပ်ခွင့်ပေးထားတဲ့ ပြည်သူအားလုံး ဘယ်သူမှတာဝန်မကင်းဘူး။ ငါ့ကိုတော့မထိသေးဘူး...။ ငါတော့ချောင်နေသေးတယ်.... နေသာသလိုနေလိုက်ဦးမယ်ဆိုတဲ့အတွေးနဲ့ ရေသာခိုနေဦးမှာလား။ အားလုံးတမိုးအောက်မှာ အတူတူနေသမျှ ကံကြမ္မာက အတူတူပဲဆိုတာ တွေးမိကြရဲ့လား။ ဒီအတိုင်းလက်ပိုက်ကြည့်နေရင် အဲဒီကံကြမ္မာဟာ တစ်နေ့ခင်ဗျားတို့ ကျုပ်တို့ဆီကိုရောက်လာမှာ မလွဲဘူး။ ခင်ဗျားတို့ကျုပ်တို့ သားသမီးတွေဆီကို ရောက်ဦးမှာမလွဲဘူး။ ဒီအစိုးရရှိနေသမျှ ဒီကံကြမ္မာကမလွတ်ဘူးဆိုတာ သိကြပါ။

တချို့နေရာမှာရွာလုံးကျွတ် အမျိုးပျောက်အောင်သေကုန်ပြီ။ လူတွေရေထဲမှာ ပုပ်ပွနေတာ မြင်မကောင်းဘူး။ ကျွဲသေ၊နွားသေတွေနဲ့အတူ တိရစ္ဆန်လို သေကြရတာဟာ ဖြစ်သင့်လို့ဖြစ်ခဲ့ တာဟုတ်ရဲ့လား။ ကာကွယ်ချိန်ရခဲ့ရက်နဲ့ ဒီလိုဖြစ်ရတာဟာ ဘယ်လောက်ရင်နာစရာ ကောင်းသလဲ။ ဒီအလောင်းတွေကြည့်ပြီး ဒင်းတို့ဘယ်လိုနှလုံးသားမျိုးနဲ့ ခံစားကြသလဲ။ ဒီလိုပြစ်မှုမျိုးကျူးလွန်ထားပြီးနောက် ဒီလိုကုလားထိုင်မှာ ဘယ်လိုစိတ်မွေးပြီး အေးအေးထိုင် နေနိုင်ကြပါလိမ့်။

ဒင်းတို့လက်တဆုပ်စာ အာဏာရူးတာနဲ့....
ကြည့်စမ်း....
လူသိန်းနဲ့ချီပြီး ပိုးစိုးပက်စက်ဖြစ်ရပြီ။

ဒင်းတို့သတ်တာနဲ့ဘာထူးလဲ။ ဒင်းတို့ကြောင့်မဟုတ်ရင်ဘယ်သူ့ကြောင့်လဲ။ ဒင်းတို့.. စည်းစိမ်မက်လွန်းလို့......။ ဒင်းတို့..အာဏာရူးလွန်းလို့.......။ မဖုံးသင့်တာကိုဖုံးလို့....။ လုပ်သင့်တာကိုမလုပ်လို့......။

သူတို့အသုံးမကျလို့လူတွေသိန်းနဲ့ချီသေသွားတော့ရော....ဒင်းတို့နည်းနည်းလောက်မှ နောင်တရရဲ့လား။ ဒင်းတို့နည်းနည်းလောက်များ စိတ်မကောင်းဖြစ်ရဲ့လား။ ဒင်းတို့နည်းနည်းလောက်များ အစားအသောက်ပျက်သွားမယ်ထင်လား။ ဒင်းတို့နည်းနည်း လောက်များ အရက်သောက်ပျက်သွားမယ်ထင်လား။ ဝေးသေးတယ်။ ၀မ်းနည်းပါတယ်လို့များ ပြည်သူကိုပြောလို့လား......။ တာဝန်ရှိအစိုးရအနေနဲ့ ပြည်သူကိုတောင်းပန်လို့လား။ ဂျော့ခ်ျဘုရှ်တောင် ကက်ထရီနာမုန်တိုင်းတိုက်တုန်းက သူပေါ့လျော့တာအတွက် တိုင်းပြည်ကိုတောင်းပန်ရတယ်။
ခုတော့မတောင်းပန်ရုံတင်မကဘူး။
ကြည့်ကြဦး။
ဘာတွေထပ်လုပ်နေသလဲဆိုတာ။
နိုင်ငံတကာက မနေနိုင်လို့ လူအချင်းချင်း ဒုက္ခရောက်တာ မကြည့်ရက်လို့ ကူညီပါမယ်ဆိုတာတောင် ဗီဇာထုတ်မပေးဘူး။ ပေးတဲ့အကူအညီကို ချောချောချူချူလက်မခံချင်ဘူး။ ကဲ..ဘာသဘောလဲ။ ဆန္ဒခံယူပွဲမှာ သူတို့မဲလိမ်မှာ၊ မဲခိုးမှာ၊ ဆန္ဒခံယူပွဲမတိုင်ခင်မှာ သူတို့အတင်းအဓမ္မထောက်ခံမဲပေးခိုင်းတာကို လူသိကုန်မှာစိုးလို့ မဟုတ်လား။ ဒါကလွဲပြီးဘာရှိဦးမလဲ။

တဘက်ကိုလည်းကြည့်ဦး။ အချိန်မီအကူအညီမရရင် အငတ်ဘေး၊ ရောဂါဘေးနဲ့ နောက်ထပ်သေမယ့်လူက သိန်းနဲ့ချီသေဦးမှာ။ လူတွေသေမှာကြေမှာကို သူတို့အာဏာ ပွန်းပဲ့သွားမှာလောက်အလေးမထားဘူးဆိုတာ ဘယ်လောက်တောင် ထင်ရှားသလဲ။

ပြည်သူလူထုအပေါင်းတို့

ဒီအစိုးရ လုပ်ချင်တိုင်းလုပ်လို့မရအောင်၊ အကူအညီတွေလက်ခံလာအောင်၊ နည်းမျိုးစုံနဲ့ တိုက်တွန်းကြစို့.... ဖိအားပေးကြစို့....

ပြည်သူကလွဲပြီး ဘယ်သူ့ကိုမှ ဒီအစိုးရ မကြောက်ဘူး။ ပြည်သူကိုတော့ သူတို့အကြိမ်ကြိမ်စော်ကားသည့်တိုင်အောင် ကြောက်တော့ကြောက်သေးတယ်။ သူတို့အကျိုးစီးပွားနဲ့ဆန့်ကျင်သူတွေထဲမှာ ရန်သူလို့သူတို့မကြေငြာရဲတာ ပြည်သူပဲရှိတယ်။

နိုင်ငံတကာကလည်း ပြောကုန်ကြပြီ။ မင်းတို့ဘာလို့ ဒီလောက်တောင်ခံနေကြသလဲတဲ့။ ကျုပ်တို့အခက်အခဲကိုတော့ သူတို့မသိဘူးပေါ့။ နောင်တချိန်မှာ သမိုင်းစာအုပ်ကို ဖတ်တဲ့လူတွေကလည်း အံ့သြကြဦးမယ်။ အဲဒီခေတ်တုံးကလူတွေ ဘာလို့များဒီလောက် ညံ့ကြသလဲပေါ့။ အခုချိန်မှာ ကျွန်ခေတ်တုံးကကျွန်တွေအကြောင်းကိုဖတ်ပြီး ကျုပ်တို့အံ့သြ သလိုမျိုးပေါ့။ နောက်မွေးမယ့်သားသမီးတွေမျိုးဆက်တွေကလည်း အဖေတို့အမေတို့ တာဝန်မကျေကြဘူးဆိုပြီး ကျုပ်တို့ကို အပြစ်တင်ကြဦးမယ်။

ဘယ်လိုလဲ......
ကျုပ်တို့ခေတ်ကျမှ ညံ့ကြတော့မှာလား.........။

ရဟန်းသံဃာကိုသတ်တဲ့အစိုးရ၊ ကျောင်းသားကိုသတ်တဲ့အစိုးရ၊ ပြည်သူကိုသတ်တဲ့အစိုးရ၊ ပြည်သူကိုရန်သူလိုဆက်ဆံသဘောထားတဲ့အစိုးရ၊ အဲဒီအစိုးရကို လက်ပိုက်ကြည့်နေကြတော့ မှာလား။ ဒီအစိုးရခြိမ်းခြောက်တာကို ကြောက်ပြီးသူ့အကြိုက်မဲထည့်ကြဦးမှာလား။ ထောက်ခံမဲထည့်မယ့်သူတိုင်း ဒီအစိုးရရဲ့သွေးစွန်းတဲ့ ဒုစရိုက်မှုမှာ ဘုမသိဘမသိ ကြံရာပါဖြစ်ကြမယ်ဆိုတာ မမေ့ကြပါနဲ့။ မဲလေးတစ်ပြားကိုတော့ရဲရဲပေးကြပါ။ အဲဒါကိုယ့်ပုခုံးပေါ်ကျလာတဲ့ သမိုင်းပေးတာဝန်ပါ။ ကိုယ့်တာဝန်ကိုယ်ကျေကြပါ။ မဲတစ်ပြားဟာ မျက်မှောက်ခေတ် သမိုင်းကို ရေးနိုင်တယ်ဆိုတာ သတိရပါ။ မဲတစ်ပြားဟာ မျက်မှောက်ခေတ် သမိုင်းကို ပြောင်းပစ်နိုင်တယ်ဆိုတာ သတိရပါ။

အခြေခံဥပဒေကိုကန့်ကွက်ကြပါ။ စစ်အစိုးရကို ကန့်ကွက်ကြပါ။

အောင်မြတ်ဘုန်း

7 comments:

* In Search of Truth * said...

ဒေါ်မေငြိမ်း နဲ့ အောင်မြတ်ဘုန်း.. တော်တော်ကို ရက်စက်တာပဲ.. နအဖထက် သာတယ်။ အခုကိစ္စပြီးအောင်တောင် မစောင့်နိုင်ဘူးလား? ချိန်မှာ နိုင်ငံရေး အမြတ်ထုတ်ဖို့ လုပ်မနေနဲ့။ ဒုက္ခသည်တွေအတွက် ဘာများကူညီမှာလဲ?

Tin Moe Aye said...

"In search of Truth" Can you please tell me what Kind of helps you already offered to Burmese People? I just want to say " Sardu"

Nay Lin

Nge Naing said...

In search of lying
အခုကိစ္စပြီးတဲ့အထိစောင့်ဆိုတော့ နောက်ထပ်လူဘယ်နှစ်ယောက် ထပ်သေတဲ့အထိ စောင့်ရအုံးမလဲ။ နင့်ဦးနှောက်ထဲမှာ ချီးပဲရှိလား နအဖ ဘာဘဲလုပ်လုပ် အကောင်းပဲ မြင်နေတာ။ အသိမရှိရင်လည်း မရှိသလိုမနေပဲ လာလာပြီး ချီးဦးနှောက်နဲ့ မှတ်ချက်လာပေးနေတာဟာ ပြည်သူလူထု တရပ်လုံးကို စော်ကားရာ ရောက်ပါတယ်။ ဒီလောက်ပြည်သူ လူထုကြီးဒုက္ခရောက်နေတဲ့ အချိန်မှာ ဒီလိုစကားမျိုးလာ ပြောနိုင်တာ လူစိတ်မဟုတ်ဘူး တရိစ္ဆာန်လောက်တောင် အသိတရားမရှဘူး။ သတ္တ၀ါတကောင်လို့တောင် သတ်မှတ်လို့မရတော့ပဲ နအဖ တီထွင်ထားတဲ့ စစ်ရုပ်တခုလို ဖြစ်နေပြီ။

Unknown said...

နိုင်ငံရေးသမားများ ခင်ဗျား
အော်နေယုံနဲ့ မဖြုတ်ချနိုင်ပါဘူး။ အပြင်လူတွေက အတွင်းလူတွေရဲ့ အခက်အခဲကို မြင်တွေ့ နေရတာတောင်မှ ကြောက်နေကြသေးလားလို့ ပြောထွက်သေးတာတော့ ကျနော် အံသြမိပါတယ်။
အခု ပြည်သူတွေက ခိုကိုးရာမဲ့ပါ။ အပြင်မှာရှိနေတဲ့လူတွေက အတွင်းကို လှိမ့်ပီး အော်နေကြတာတော့ ကိုယ့်ဘာသာကိုယ်ပြန်ကြည့်ပီး ရှက်ဖို့သင့်ပါတယ်။
အခု ကျနော်တို့ နိုင်ငံ သုံးမရအောင် ဖြစ်နေပီ။ ကူချင်တာလဲ လွပ်လပ်မှူမရှိ ဒါကိုသိရဲ့သားနဲ့တခါ ပြည်သူတွေကို ထပ်ပီး ကြောက်နေကြသေးလားလို့ စွပ်စွဲတာကတော့ အပြင်က နိုင်ငံရေးသမားတွေက ဘာတွေများလုပ်နေပါသလဲ.
ရင်တွေလဲနာလှပီ.။ ဘာမှလဲ မလုပ်နိုင်ဘူး။
ပြည်သူတွေကို ကြောက်တယ်လို့ အပြင်က အော်မနေပါနဲ့ လက်တွေ့ လုပ်ပြကြပါတော့..။

ပြည်သူတဦး

Nge Naing said...

အပြင်ကလူတွေက လက်တွေ့လုပ်လို့ရသမျှတွေကိုလည်း အကုန်လုံးလုပ်ကြပါတယ်။ အော်လို့ရတာအော်တယ် လုပ်လို့ရတာလုပ်တယ်၊ အခုလို ပြဿနာမှာ လှူနိုင်သလောက်လည်းလှူတယ် ဘာကျန်သေးလဲ လုပ်လို့ရသမျှ အကုန်လုံးလုပ်ကြပါတယ်။ ဒါပေမယ့် ဘာမှအပြောင်းလဲတာက အဓိက လုပ်ရမည့် ပြည်တွင်းက လူတွေက လုံလောက်တဲ့ လူဦးရေနဲ့ လုံလောက်တဲ့ အတိုင်းအတာအထိ မလုပ်ကြလို့၊ လူအများစုကြီးက ဒီအခြေအနေကို လက်ခံတယ်ပဲ ပြောပြော သည်းခံတယ်ပဲ ပြောပြော ခံနိုင်ရည် ရှိနေသေးလို့ နအဖ အခုထိ ဖိနှိပ်လို့ ရနေတာ ဖြစ်တယ်။ မခံနိုင်လို့ ထလုပ်တဲ့သူက ဘုန်းကြီးနဲ့ ကျောင်းသားလူငယ် အနည်းငယ်၊ ရှိတဲ့သူက သန်း ၅၀ ကျော်။ ခြံစည်းရိုးခွထိုင်တဲ့သူကများများ ဖြစ်နေတော့ အခုလိုပဲ ဆက်ဖြစ်နေမှာပဲ။ အပြင်ကလူတွေက ကိုယ့်တိုင်းပြည်ကို မချစ်ရင် ကိုယ်ရောက်နေတဲ့ နိုင်ငံအသီးသီးမှာ ကိုယ့်စီးပွားရေး ကိုယ်လုပ်ပြီး ကိုယ့်နိုင်ငံကိစ္စ ဘာမှအော် စရာလုပ်စရာ မလိုပဲ နေချင်ရင် အနေသာကြီး နေလို့ရပါတယ်။ ပညာရှင်မဟုတ်တဲ့ အခြေခံ အလုပ်သမားတယောက်ရဲ့ တနေ့လုပ်စာဟာ မြန်မာထမင်း မြန်မာဟင်းကို ကိုယ်တိုင်ချက်စားမယ်ဆိုရင် တလ ကောင်းကောင်းစားလို့လောက်တယ်။ အိုနာကျိုးကမ်း ဖြစ်သွားလို့ ဘာမှ လုပ်မနိုင်တော့တဲ့ ဘ၀ရောက်သွားရင်တောင်မှ ရောက်နေတဲ့ နိုင်ငံတွေမှာ လူသားအခွင့်အရေး အပြည့်အ၀ရှိလို့ လူမှုဖူလှုံရေးစနစ်အထောက်အပံ့ လျှောက်ပြီးနေလို့ ရပါတယ်။ အပြင်မှာ အော်နေတယ်လို့ အပြောခံရတဲ့သူတွေက တချိန်က အထဲမှာ အသက်ပေးပြီး လုပ်လာခဲ့ပြီးမှ ကံကောင်းထောက်မစွာ သေကံမရောက် အသက်မပျောက်လို့ ဆက်ရှိနေသူတွေက များပါတယ်။ ကိုယ်ရောက်နေတဲ့ နေရာမှာ ကိုယ်လုပ်လို့ ရတာကို လုပ်ကြတာ ဖြစ်တယ်။ နောက်ဆုံးတော့ ဇိဝဗေဒ ပညာရှင်ကြီး ချားလ် ဒါဝင်ပြောခဲ့တဲ့ Survival of fittest အတိုင်းပဲ “သက်ရှိအားလုံးဟာ ၎င်းတို့ ရှင်သန်ရာ အရပ်၌ လိုက်လျောညီထွေမှု ရှိပြီး ၎င်းတို့အတွက် အသက်ရှင် ရပ်တည်ရန် လုံလောက်သော အရင်းမြစ် (အစာရေစာ၊ သဘာဝပတ်ဝန်းကျင်နဲ့ ခုခံကာကွယ်နိုင်စွမ်း) ရှိမှသာ ဆက်လက်တည်တံ့နိုင်သည်” ဆိုတဲ့အတိုင်းပဲ ဖြစ်နေပြီလား။ အခု နအဖလက်အောက်မှာ သက်ရှင်ရပ်တည်နေတဲ့ မြန်မာပြည်သားတွေဟာလည်း ချားလ်ဒါဝင် ပြောတဲ့ သက်ရှိ organisms ထဲက organisms တွေပဲမို့ သူတို့က နအဖရဲ့ ဖိနှိပ်မှုကို ခံနိုင်ရည် ရှိနေသေးလို့သာ နအဖလက်အောက်မှာ ဆက်လက်ရှိင်သန်နေနိုင်သေးတယ်လို့ အပြင်ကလူတွေက သဘောထားပြီး ဘာမှမအော်၊ ဘာမှမလုပ်ပဲ နေမယ်ဆိုရင် နေလို့ရတယ်၊ နေနေတဲ့သူတွေလည်း အများကြီးရှိပါတယ် ဒီလိုနေနေရင် နအဖကလည်း အင်မတန် ကြိုက်ပါတယ်။ ဒီလိုမနေနိုင်ပဲနဲ့ အော်နေ၊ လုပ်နေ၊ လှူနေတန်းနေတဲ့သူတွေက အမိနိုင်ငံကို သံယောဇဉ်ရှိပြီး ကိုယ်ရောက်နေတဲ့ နိုင်ငံလို တိုးတက်စေချင်လို့သာ ဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။

မောင်ဘိုတောက် said...

"In Search of Truth" ဟေ့လူကြီး ... .
အခုကိစ္စဆိုတာ ဘာကိုပြောတာလဲ .. .. . .။
ခင်ဗျားမှာ အသိတရားရော ရှိသေးရဲ့လား။
(လူရော ဟုတ်ရဲ့လား)

Weik Zar said...

Are you In search of truth or In search of the HELL? I think that YOu might be KWE WEL ZER(Poor dogs) who loves to eat the leftover bones of the military dogs.