Nov 3, 2008

မြသီလာအလွမ်းပြေ(၁၂)

ရှေ့အပိုင်းတွေမှာ ကျမ တမင်ချန်ထားခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်... ကိုတင်အေးနဲ့ ကိုညိုထွန်းဆိုတာ....။ စစ်အစိုးရက ၁၉၈၉ ဇူလိုင်လမှာ ကွန်မြူနစ်ယူဂျီဆိုပြီး ထောင်ဒဏ်နှစ်ရှည်ချခံခဲ့ရတဲ့သူတွေပေါ့။ အဲဒီထဲက ကိုတင်အေး ဆိုတာက ကျမ မေငြိမ်းဆိုတဲ့ နာမည်ကို စသုံးပြီး ထုတ်တဲ့ ပထမဆုံးကဗျာစာအုပ်ထဲက ရေးဖော်သူငယ်ချင်း။ နောက်.. ပထမဆုံး မဂ္ဂဇင်းတိုက်တွေကို အတူတူ သွားခဲ့တဲ့ သူငယ်ချင်း။ ပြီးတော့ စာနယ်ဇင်းသမားတွေထိုင်ရာ မုတ်ဆိတ် လက်ဘက်ရည်ဆိုင်မှာ အတူတူ ပထမဆုံးထိုင်ခဲ့တဲ့ သူငယ်ချင်း။ ကျမနဲ့ တက္ကသိုလ်ဘ၀မှာ ရှားရှားပါးပါး အဖွဲ့အကျဆုံး အရင်းနှီးဆုံး ရဲဘော် သူငယ်ချင်းလည်း ဖြစ်ပါတယ်။ သူ ထောင်ထဲမှာ ၁၆နှစ်နီးပါးနေခဲ့ရပြီး အပြင်ထွက်လာတော့ ကျမက ဗမာပြည်မှာ မရှိတော့။ မနှစ်က... သူ ဘယ်လိုမှ နေမဖြစ်တော့လို့ ဗမာပြည်ထဲက ထွက်လာရပါတယ်။

အဲဒီနောက်... ကျမတို့ သူငယ်ချင်းနှစ်ယောက် ပြန်တွေ့ကြတော့ ဘ၀တွေ အချိန်တွေ အများကြီး ပြောင်းသွားကြ ပေမဲ့ ကျမတို့ သူငယ်ချင်းနှစ်ယောက်ကြားမှာ ဘာမှ ကွာဟမသွားခဲ့တာ အံ့သြစရာ..။ ကျမ မြသီလာ... ရေးနေတော့ သူ အားပေးတယ်။ တချို့ ကျမ မေ့နေတာတွေ သူပြန်ပြောပြတယ်။ သတိပေးတယ်။ ကျမက အပြင်မှာ ဘ၀တွေအစုံ ဖြတ်သန်းခဲ့ရတော့ တချို့အချိန်တွေကို မေ့ကုန်ပြီ။ သူကတော့ ၁၇နှစ်လုံးလုံး နံရံလေးဘက်ကြားမှာ တယောက်ထီးတည်းဖြတ်သန်းခဲ့ရတော့ သူ့ဘ၀မှာ သတိရအမှတ်ရစရာ အဲဒီ နာကျင်စရာ အဖြစ်အပျက်တွေက အမြဲအသစ်ဖြစ်နေတာလေ..။ ခု သူရေးထားတဲ့ မတ်လ၁၃ရက်နေ့ဝန်းကျင်ကို အမှတ်ရစေမယ့် စာလေးတပုဒ် တင်ပေးချင်ပါတယ်။ ကျမရေးတာထက် ပိုအသေးစိတ် သိခွင့် မြင်ခွင့် ရအောင်ပေါ့။

ကျောင်းသုံးဗလာစာရွက်ပေါ်က ရှင်သန်နေတဲ့ နိုင်ငံရေးအဓိပ္ပါယ်

တော်လှန်ရေးရဲ့ မျက်စိကျတတ်တဲ့လ တော်လှန်ရေးနဲ့ယဉ်ပါးနေတဲ့လ၊ မတ်လ။ ၁၉၈၈ ခုနှစ် မတ်လ(၁၃)ရက်၊ အဲဒီနေ့က တနင်္ဂနွေနေ့။
“မနေ့ကကြားလား။ “
“ဘာဖြစ်လို့လဲ။”
“အာအိုင်တီမှာ ကျောင်းသားတွေကို အစိုးရက သေနတ်နဲ့ပစ်သတ်တာ ကျောင်းသားတစ်ယောက်ပွဲချင်း ပြီးသေသွားတယ်။ တချို့လည်း ဒဏ်ရာအပြင်းအထန် ရသွားကြတယ်...တဲ့။”
“ဟင်....စစ်မြေပြင်မှာ မဟုတ်ဘဲ။”

တနင်္လာနေ့ ကျောင်းပြန်ဖွင့်တဲ့အခါ ရန်ကုန်တက္ကသိုလ်ထဲမှာ ဒီသတင်းဟာ ဓာတ်ဆီ လှောင်ထားတဲ့ ရပ်ကွက် မီးထလောင်သလို တမဟုတ်ချင်း ပျံနှံသွားပါတော့တယ်။ အာအိုင်တီက ကျောင်းသားတွေ၊ အာစီတူးကကျောင်းသားတွေ၊ ပုသိမ်ကောလိပ်ကကျောင်းသားတွေ၊ မော်လမြိုင် တက္ကသိုလ်က ကျောင်းသား တွေ...ဘယ်ကကျောင်းသားဖြစ်ဖြစ်၊ ကျောင်းသားဆိုတာ ငါတို့သွေးသားတွေပဲ။ အဲဒီအချိန်က အဲဒီလိုခံစားခဲ့ကြတဲ့အတိုင်း... ရန်ကုန်တက္ကသိုလ်က ကျောင်းသားတွေ၊ ဒေသကောလိပ်လို့ခေါ်ခဲ့တဲ့ နယ်မြေတက္ကသိုလ်တွေက ကျောင်းသားတွေ၊ ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ကျောင်းသားတွေဟာ သူတို့ ညီအစ်ကို တွေရှိရာ အာအိုင်တီလို့ခေါ်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ဆီ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဦးတည်ခဲ့ကြပါတယ်။

ရန်ကုန်စက်မှုတက္ကသိုလ်ဝင်းထဲမှာ ကိုဖုန်းမော်ကျဆုံးခဲ့တဲ့နေရာတ၀ိုက် သွေးကွက်တွေ၊ ဖိနပ်တွေ၊ ကျောင်းစာအုပ်တွေ... စတဲ့ ဖရိုဖရဲဖြစ်နေတဲ့အခြေအနေတွေကို ကြယ်ပုံအုတ်ရိုးလေး ခတ်ပြီး ပြသထားပါတယ်။ အားလုံးရဲ့ မျက်နှာ၊ အားလုံးရဲ့စကားသံတွေမှာ ကိုယ့်ဆွေမျိုးသားချင်း တစ်ယောက် အသေဆိုးနဲ့ သေလိုက်ရ သလို နာကျည်းမှုအရောင်တွေ လွှမ်းလို့ပေါ့။

ဒါပေမဲ့... ရန်သူစစ်အစိုးရဟာ ဒီအခြေအနေကို လက်ပိုက်ကြည့်မနေပါဘူး။ မတ်လ(၁၅)ရက် နေ့ ညနေစောင်းမှာ ရန်ကုန်စက်မှုတက္ကသိုလ်ထဲက ဘော်ဒါဆောင်တွေကို စစ်မြေပြင် စခန်းသိမ်း သလို ၀ိုင်းထားလိုက်ပြီး၊ အဆောင်နေကျောင်းသားတွေကို ဓါတ်ပုံတွေနဲ့တိုက်စစ်ပြီး၊ အချုပ်ကားတွေပေါ် ဆွဲတင် သွားပါတော့တယ်။

နောက်တစ်နေ့ မတ်လ(၁၆)ရက်နေ့၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်(ရာဇူး)ထဲမှာ မနေ့က အာအိုင်တီကို စစ်အစိုးရက ၀င်သိမ်းလိုက်ပြီဆိုတဲ့သတင်းက ဟိုးလေးတကြော်ကြော်။ ရက်စက်ပါပေ့။ မတရားလည်း ပစ်သတ် သေး၊ ဘာတာဝန်မှလည်း မယူ၊ ဖြစ်ပျက်ခဲ့တဲ့သတင်းတွေကိုလည်းလိမ်ကြေညာ၊ အခု ငါတို့ ကျောင်းသားတွေ ကို ဖမ်းသွားပြန်ပြီ...
“တောက်...ဒါ လုံးဝ မတရားဘူး။”
မတရားမှုကို ကျောင်းကင်န်တင်းမှာ လက်ဘက်ရည်နဲ့ ထိုင်မမြည်းတတ်တဲ့ ကျောင်းသူ ကျောင်းသားတွေဟာ...
“အာစီတူးနဲ့ သွားပေါင်းမယ်၊ အာအိုင်တီကို ချီတက်မယ်ဟေ့...”
အဲဒီလိုနဲ့ အဲဒီနေ့က ချီတက်လာတဲ့ ကျောင်းသားသပိတ်တပ်ကြီးရှေ့ဆုံးကနေ ဗမာနိုင်ငံရေးသမိုင်းမှာ နှစ်ပေါင်းများစွာ ငုတ်လျှိုးနေခဲ့ရတဲ့ ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံဟာ အင်လျားကန်ပေါင်ရိုးမှာ မိုးယံဆီ တလူလူပြန်လည် လွင့်ပျံ့လာခဲ့ပါတော့တယ်။

ခွပ်ဒေါင်းကို ပြန်မြင်လိုက်တဲ့ အဲဒီအချိန်က ဗိုလ်နေ၀င်း စစ်အစိုးရဟာ သွေးထဲက စိမ့်ကြောက် သွားပုံရပါတယ်။ ဘယ်လိုမှ ကြာကြာကြည့်မနေနိုင်တော့ပါဘူး။ အာစီတူးအထိ အရောက်မခံ၊ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲ ကအထွက် အင်လျားကန်ပေါင်ရှေ့မှာတင် ချီတက်လာတဲ့ ကျောင်းသူကျောင်းသား သပိတ်တပ်ကြီးကို ကန်ပေါင်အဆုံး ရှေ့ကစစ်တပ်က သံဆူကြိုးတွေနဲ့ပိတ်၊ နောက်ကနေ လုံထိန်းတပ်က အဓိကရုဏ်း နှိမ်နှင်းရေး အချုပ်ကားကြီးနဲ့တိုက်သတ်၊ လုံထိန်း တပ်သားတွေ အလုံးအရင်းနဲ့ နံပါတ်တုတ်တွေနဲ့ ၀င်ရိုက်ပါ တော့တယ်။

ဒါကြောင့် မတ်လ(၁၆)နေ့ဟာ ကိုဖုန်းမော်တိုက်ပွဲမှာ ဒုတိယအကြိမ် ကျောင်းသားတွေ သွေးမြေကျခဲ့ရတဲ့ နေ့ပါပဲ။ အဲဒီနေ့အဖြစ်အပျက်တွေကြောင့် အင်လျားကန်ပေါင်က တံတားဖြူကို အမည်ပြောင်းပြီး တံတားနီလို့ တွင်သွားခဲ့တာပါ။

အဲသလို စစ်ပုလိပ်ရဲ့ဒဏ်ကြောင့် ကျောင်းသားတွေ သွေးမြေကျခဲ့ရပြီး နောက်တနေ့၊ ရန်ကုန်တက္ကသိုလ် အမရ ဆောင်ရှေ့၊ ကျောင်းဝင်းအ၀င်အုတ်တိုင်လေးနှစ်ခုမှာ ဗလာစာရွက်ကို ဆုတ်ဖြဲပြီး လက်ရေးအသော့လေး တွေနဲ့ ရေးပြီးကပ်ထားတဲ့ စာရွက်လေးနှစ်ရွက်ကို ကျောင်းသူ ကျောင်းသားတွေဝိုင်းဖတ်နေကြပါတယ်။ နောက်ကျောက တက္ကသိုလ်ဓမ္မာရုံထဲမှာတော့ စစ်ရောင် တွေ၊ စစ်ကားတွေအပြည့်။

တချို့ကျောင်းသူ ကျောင်းသားတွေဆို ကိုယ့်စာအုပ်လေးတွေထုတ်ပြီး၊ ကူးတောင် ကူးနေကြ ပါတယ်။ အဲဒီ ဗလာစာရွက်နဲ့ရေးထားတဲ့ထဲက ပထမတစ်ရွက်က ကဗျာလေးတစ်ပုဒ်ပါ။ ရေးတဲ့သူက ဇာနည်မော် တဲ့။
ကဗျာခေါင်းစဉ်က အကြွေစောတဲ့ကြယ်တစ်ပွင့်။ ကဗျာစာသားလေးတွေကို မှတ်မိသလောက် ပြန်ပြောရရင်
ဘုန်းမော် ပြုံးပျော်ကာသေခဲ့၊
......
......
ကျောင်းသားနဲ့ကျောင်းသူ
ပေါင်းကူကာလက်တွဲ
......
......
ရမ်းကားသူ ဒီပုလိပ်ကို နှိပ်ကြစို့လား။
....တဲ့။
နောက်တစ်ရွက်ရဲ့ ခေါင်းစဉ်က သတင်းမှန်ကြေညာချက်။ အစိုးရက ကိုဖုန်းမော် အရေးအခင်းနဲ့ ပတ်သက်ပြီး၊ ရေဒီယိုကကြေညာခဲ့တာဟာ မမှန်မကန် လုပ်ကြံဖန်တီးထားတာသာ ဖြစ်တယ်။ တကယ် အဖြစ်အပျက် သတင်းမှန်က ဒီလိုပါဆိုပြီး ရေးသားထားတာပါ။

အခုပြန်ကြည့်တော့ ဒါတွေဟာ အနှစ်(၂၀)ကြာခဲ့ပြီ။ ဒါပေမယ့်... ကျနော်တို့ ရင်ထဲမှာ ခုနလေးတင် ဖြစ်သွားခဲ့သလို စစ်အာဏာရှင်ဆန့်ကျင်ရေးသွေးတွေဟာ နွေးထွေးနေဆဲပါ....

ဲဒီအကြောင်းတွေကို ပြန်တွေးရင်း၊ ကျနော်ဖတ်ခဲ့ရတဲ့ လက်ရေးကသောကမျောနဲ့ ဒီကနေ့အထိ ဘယ်သူမှန်း မသိရတဲ့ ကျောင်းသူ သို့မဟုတ် ကျောင်းသား တစ်ယောက်စီက ရေးထားတဲ့ အဲဒီဗလာ စာရွက်နှစ်ရွက်မှာ ဖော်ပြနေတဲ့ နိုင်ငံရေးအဓိပ္ပါယ်တွေကို ဖော်ကြည့်နေမိပါတယ်။
သတင်းမှန်ကြေညာချက်လို့ ဗလာစာရွက်လေး နဲ့ရေးပြီး၊ အမရဆောင်ရှေ့အုတ်တိုင်လေးမှာ ဘာကြောင့်လာကပ်ထားရတာလဲ...
ဒီမိုကရေစီမဲ့တာ၊ သတင်းတွေပိတ်ဆို့ထားခံရတာ၊ အမှန်တရားကို ဖုံးကွယ်ထားခံရတာတွေ ကို ကျောင်းသုံးဗလာစာရွက်လေးတစ်ရွက်၊ ဘောပင်န်လေးတစ်ချောင်းနဲ့ ဆန့်ကျင်ပြလိုက်တာပဲ မဟုတ်လား...

ပြီးတော့ ဇာနည်မော်ရဲ့ ကဗျာလေးထဲမှာပါတဲ့ ကဗျာစတွေကို ကြည့်ပါဦး...
ဘုန်းမော် ပြုံးပျော်ကာသေခဲ့...
ဖိနှိပ်မှုကို မကြောက်မရွံ့ရင်ဆိုင်ခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်။

ကျောင်းသားနဲ့ ကျောင်းသူ ပေါင်းကူကာလက်တွဲ...
ဒါ ညီညွတ်ရေးကို ဖော်ဆောင်ဖို့မဟုတ်ဘူးလား...
ရမ်းကားသူ ဒီပုလိပ်ကို နှိပ်ကြစို့လား....တဲ့
လွန်ခဲ့တဲ့အနှစ်(၂၀)က ဗလာစာရွက်အကြမ်းလေးပေါ်က လက်ရေးသော့သော့လေးတွေမှာ တွေ့ခဲ့ရတဲ့ ကဗျာ စာသားထဲက နိုင်ငံရေးအဓိပ္ပါယ်တွေကို ပြန်ဖေါ်ကြည့်လိုက်တော့...
ရမ်းကားသူ စစ်အာဏာရှင်ကို ကျနော်တို့ဆက်လက် နှိပ်ကွပ်ကြရဦးမယ်၊ တိုက်ပွဲဝင်သွားကြရ ဦးမယ်... ဆိုတာပဲ ဖြစ်နေပြီ။ ။
တင်အေး
(ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်)


4 comments:

Moe Cho Thinn said...

ရမ်းကားသူ စစ်အာဏာရှင်ကို ကျနော်တို့ဆက်လက် နှိပ်ကွပ်ကြရဦးမယ်၊ တိုက်ပွဲဝင်သွားကြရ ဦးမယ်... ဆိုတာပဲ ဖြစ်နေပြီ တဲ့..
နောက် ဘယ်နှစ်နှစ်ကြာအောင် ဖြစ်နေတုန်းပဲ လို့ ရေးကြရအုံးမလဲ မသိ။

Kaung Kin Ko said...

သမိုင်းထဲက ဖျောက်ဖျက်လို့ မရတဲ့ ပုံရိပ်တွေ ဖတ်သွားတယ်ဆရာမ။
ဒုက္ခတွေနာတာ ရှည်စွဲပြီး နောက်ဘယ်နှစ်နှစ် ကြာကြာ တိုက်တဲ့သူတွေကတော့ ရဲရဲ ဝံ့ဝံ့ ဆက်တိုက်နေကြတော့ တစ်နေ့ တော့ အောင်ပွဲရမယ် ထင်ပါတယ်။ ဘယ်လောက်ကြာဦးမယ်ဆိုတာတော့ မသိဘူး။

said...

ကွန်မြူနစ်ယူဂျီဆိုပြီး ထောင်ဒဏ်နှစ်ရှည် ချခံခဲ့ရတဲ့သူတွေထဲမှာ RIT ချည်မျှင်က ဆရာလဲပါသေးတယ်၊ သု့ပုံ ယူဂျီဆိုပြီးထုတ်တဲ့ စာအုတ်မှာလား သတင်းစာမှာလား ( သေချာတော့မမှတ်မိတော့ဘူး ) ပါတော့ ဒါငါတို့ဆ၇ာမဟုတ်ဘူးဆိုပြီး အော်ငိုမိသေးတယ်။ ဘယ်လောက်များ နှိပ်စက်ထားသလဲဆိုတော့ ။ ကိုအေးလွင် (စုန်းပြူး) ကိုတော့ တကယ်မသိတာပါ၊

မေငြိမ်း said...

ချိုသင်းရေ.. ဘာတွေလိုအပ်နေလို့ မတရားမှုတွေက ဒီနိုင်ငံလေးထဲမှာ ဒီလောက် ကြာရှည်နေပါလိမ့်နော်..။
ကောင်းကင်ကိုရေ.. ခုထိတော့ နှစ်၅၀နီးပီ။
မမရေ.. ဟုတ်တယ်လေ..။ ကိုသီဟလတ် ပေါ့..။ အင်း စိတ်မကောင်းစရာကောင်းတာက အဲဒီ အေးလွင်က ကိုဖုန်းမော်ကျဆုံးတဲ့ရက်တွေတုန်းက ပါချုပ်ကို ဦးဆောင်တောင်းဆိုတဲ့အထဲ ပါတဲ့သူပါပဲ။ နောက်မှသာ....