Nov 1, 2008

မြသီလာအလွမ်းပြေ(၁၁)


ဖြစ်နိုင်ရင် ၁၉၈၈ ကြီးကို ကျော်သွားလိုက်ချင်ပါတယ်။ ခုချိန်မှာ ကျမစိတ်ဝင်တစားတွေးနေမိတာတခုက ဗမာပြည်က ကျမတို့အရွယ်တွေရဲ့ ကိုယ်ပိုင်ဘ၀တွေထဲမှာ ၈၈ က ဘယ်လောက် လွှမ်းမိုး အရေးပါခဲ့သလဲ ဆိုတာပါပဲ။ ၈၈ ထဲမှာ ကျမတို့ အရွယ်တွေထဲမှာ အတော်များများ ဘ၀တွေ တိုက်ရိုက် ပြောင်းပြန်လှန်လိုက် သလို ပြောင်းလဲသွားခဲ့ကြရတယ်။ တိုက်ရိုက် မပြောင်းလဲဘူး ဆိုရင်တောင်မှပဲ အဆိုးဘက်ကို ဦးတည်တဲ့ အပြောင်းအလဲတွေဟာ ၈၈ ကနေ စခဲ့တယ်လို့ ပြောနိုင်ပါတယ်။

+++++

မှတ်မိသလောက် ၁၉၈၇ ရဲ့ သီတင်းကျွတ်မှာ ကျမတို့ နှစ်ဘက်မိဘရှေ့မှာ စေ့စပ်ပါတယ်။ လာမယ့် ၁၉၈၈ မေမှာ လက်ထပ်မယ်ပေါ့။ အကြောင်းရင်းးကတော့ သူက ဖိုင်နယ် စာမေးပွဲပြီးပြီ။ ဘွဲ့ရတော့မယ်။ ကျမက ကျောင်းမှာ ဆရာမငယ်ငယ်လေး။ (သူက စိတ်မချဘူးလို့တော့ မပြောပါဘူး)။ ဒါပေမဲ့ နှစ်ဘက်မိဘ သိတော့ အိနြေ္ဒရတယ်ပေါ့။ ကျမကလည်း မဟာဝိဇ္ဇာနောက်ဆုံးနှစ်စာမေးပွဲ ဖြေအပြီး.. ကျမယ်လည်း မထင်သေး။ ဒီလိုနဲ့ စေ့စပ်ကြ.. နှစ်အိမ့်တအိမ် ၀င်ထွက်ကြပေါ့။ အဲဒီအချိန်မှာပဲ ကျမက ကျမရဲ့ နောက်ထပ်မြသီလာဖြစ်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကြီးနဲ့ ပတ်သက်ရပြန်တာလေ..။ ရန်ကုန်တက္ကသိုလ်ကို ကံကော်ရိပ်.. ရေတမာရိပ်လို့ တင်စားသလို.. လှိုင်ကို ကုက္ကိုရိပ်လို့ တင်စားသလို.. RIT ကိုတော့ စွယ်တော်ရိပ်လို့ တင်စားကြပါတယ်။


သူက စက်မှုတက္ကသိုလ်က ပါမောက္ခတယောက်ရဲ့သားမို့ အဲဒီကျောင်းဝင်းထဲမှာ နေရပါတယ်။ စက်မှုတက္ကသိုလ် ဆင်ဝင်ရှေ့ကနေ ဗိသုကာဌာနဆီဆင်းတဲ့ စကြံ င်္ အမိုးလမ်းလေးအတိုင်း ဆင်း..(ပုံထဲက လမ်းလေးအတိုင်းပေါ့)။ ပြီး.. ဂျီဟောဆောင်ရှေ့က ဖြတ်.. တည့်တည့်ဆက်လျှောက်.. ဘောလုံးကွင်း အဆုံး ညာဘက်ခြမ်းက ခြံကျယ်ကြီးတွေရဲ့ တတိယမြောက်ခြံထဲမှာ ကျမ ၁၀နှစ်နီးပါး နေခဲ့တာပေါ့။ အဲဒီ ခေတ်အဆက်ဆက် နိုင်ငံရေးသမိုင်းတင်ခဲ့ရာ အဲဒီကျောင်းဝင်းထဲမှာ သိပ်မကြာခင်.. ကမ္ဘာပျက်တော့မယ်လို့ ကျမတို့ လုံးလုံး မထင်ခဲ့ကြပါဘူး။ အဲဒီ စွယ်တော်ရိပ် မြသီလာကတော့ ကျမရဲ့ တတိယအိမ်။ နွေးအေး.. မေတ္တာပေါင်းကူး.. မော်လမြိုင်ဆိုင်..။ ကျောင်းရှေ့က ရေပန်းစင်လေးဟာ ကျမ ညနေ ညနေ လမ်းလျှောက်လာရင်း ထိုင်တဲ့နေရာ။ ကျောင်းရှေ့က ကိုထိန်ရဲ့ နေ၀န်းနှင်းဆီ စာအုပ်ဆိုင်လေးဟာ ကျမရဲ့ ဒုတိယ လမင်းတရာ..။

အဲလိုနဲ့ စက်တင်ဘာမှာ မဆလအစိုးရက ငွေစက္ကူတချို့ တရားမ၀င် ကြေငြာပါတယ်။ နှစ်ဘက်မိဘ ရှိသမျှလေး မည်းကုန်။ ပိုဆိုးတာ ယောက္ခမလောင်းတွေခမျာ ကျမတို့အတွက်သုံးဖို့ ရွှေရောင်းထားတဲ့ ပိုက်ဆံတွေ မည်းကုန်။ နောက်တော့ ကျမတို့ အောင်စာရင်းထွက်တာမှာ ကျမ ကျပါတယ်။ နောက်ထပ် အံ့သြစရာကောင်းတာက ကျောင်းပျော်လို့ ကျောင်းတောင် မပြီးချင်သေးပေမဲ့ မိန်းမယူချင်လို့ စာမေးပွဲ သေချာ ဖြေခဲ့တယ်ဆိုတဲ့ သူလည်း စာမေးပွဲ ကျပါလေရော။ (တကယ်တော့ တော်တော် နိမိတ်မကောင်းတဲ့ ၈၈ ပါပဲ)။ နှစ်ဘက်မိဘလည်း ဘာလုပ်ရမှန်းမသိတွေ ဖြစ်ကုန်တာပေါ့။ မင်္ဂလာဆောင် ဖို့ကလည်း အားလုံး စီစဉ်ပြီး။ ဒုက္ခ..။ နောက်ဆုံးတော့ စာမေးပွဲပဲ ရှေ့နှစ်တော့ အောင်မှာပေါ့ ဆိုပြီး ရှေ့ဆက်တိုးလို့သာ ပြင်ရတော့တာပေါ့။

မတ်လ ၁၃ရက်... မှတ်မှတ်ရရကိုပဲ အဲဒီနေ့က တနင်္ဂနွေနေ့။ တနင်္ဂနွေဆို ကျမက သူတို့အိမ်မှာ တခုခု လုပ်စားတတ်လို့ တနေကုန် ရှိနေတတ်တယ်။ ပြီးတော့ တနင်္ဂနွေဆို စွယ်တော်ရိပ်က ပိုပျော်စရာ ကောင်းသလိုပဲ။ ကျောင်းဝင်းထဲမှာ လူအများစုက စိတ်အေး လက်အေး ပုံစံလေးတွေနဲ့ စည်ကားနေ တတ်တယ်လေ။ ကျမက မဂိုလမ်း (ရွှေဘုံသာလမ်း) ပြန်မှာမို့ အပြန်ဆို အင်းစိန်ဆူးလေကားတွေက ချောင်တယ်။ ဒါကြောင့် ကျမက အေးအေးဆေးဆေးမှပြန်နေကျ။ အဲဒီညမှာလည်း ကျမ ညနေစောင်းမှ ပြန်လာတာပါ။ ဘာတခုမှ မထူးခဲ့။ ဒါပေမဲ့ ကျမအိမ်ပြန်ရောက်ပြီး မကြာခင်မှာပဲ သူ့ဆီက ဖုန်းလာပါတယ်။ ကျောင်းသားတွေ ပြဿနာဖြစ်တယ် .. စစ်တပ်က ၀င်ပစ်ကုန်ပြီတဲ့။

အဲဒီည.. သူတို့ တအိမ်လုံး အိမ်ဘေးခြံဝင်းထဲက ငှက်ပျောပင်တွေကြားထဲ ၀င်ပုန်းနေရတဲ့ ကျောင်းသားတွေ အတွက် ဘုရားစာတွေ တတွတ်တွတ်ရွတ်ရင်း.. ကျောင်းနောက်ဘက် ကနေ ကိုးမိုင်တရုတ် သင်းချိုင်းဘက်ထိ ပြေးထွက်သွားရတဲ့ ကျောင်းသားတွေအတွက် ဆုတောင်းရင်း... ဒဏ်ရာရထားတဲ့ ကိုစိုးနိုင်အတွက် ဆုတောင်းရင်း... အိမ်တွေမှာ ရေစင်တွေထဲပါမကျန် လှန်လှော ရှာဖွေနေတဲ့ ယူနီဖောင်းဝတ် တွေကို တုန်တုန်လှုပ်လှုပ် ကြည့်ရင်း.... တာဝန်နဲ့ ကျောင်းပေါ်ရောက်နေတဲ့ သူတို့အဖေကို စောင့်ရင်း... တညလုံး ငုတ်တုတ် မိုးလင်းသွား ခဲ့ရတယ်... တဲ့။

အဲဒီညမှာ စစ်တပ်လက်ချက်နဲ့ ကိုဖုန်းမော် ကျဆုံးတာကိုပဲ ကျမတို့ သိလိုက်ရတယ်..။ အဲဒါဟာ အဲဒီနေ့ရက်ကစလို့ စစ်တပ်လက်ချက်နဲ့ ကျောင်းသားတွေရဲ့ ဘ၀တွေ ကျဆုံးဖို့ရဲ့ အစဖြစ်တယ်လို့ ကျမတို့ မသိခဲ့ကြသေးဘူး။ စစ်တပ်လက်ချက်နဲ့ မြန်မာတပြည်လုံး ကျဆုံးဖို့ရဲ့ အစဖြစ်တယ်ဆိုတာလည်း ကျမတို့ မသိခဲ့ကြသေးဘူး။ ခု နှစ် ၂၀ကျော်မှာ ပြန်လှည့်ကြည့်တော့ အဲဒီ ၁၃ရက်မှာပဲ ဗမာပြည်တပြည်လုံး ညှင်းပမ်းနှိပ်စက်ခံရတာတွေ.. အသတ်ခံရခြင်းတွေ စခဲ့တယ်ဆိုတာကို သိနေခဲ့ရပါပြီ။

+++++

နောက်တနေ့ ၁၄ရက်နေ့မနက် အိမ်ကို ဌာနမှူးက ဖုန်းဆက်ပါတယ်..။ အရေးပေါ် အစည်းဝေး..တဲ့။ လှိုင်မှာ တော်တော်များများက သတင်းတွေ သိပြီး ဖြစ်နေပါပြီ။ တောက်တခေါက်ခေါက်နဲ့ပေါ့။ ကျမတို့ ဆရာဆရာမ အားလုံး စပယ်ရှယ်ဂျူတီ..တဲ့။

ဒါပေမဲ့ အဲဒီ ၁၄ရက် တနင်္လာနေ့မှာ RIT ကျောင်းသားတွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ လှိုင်တက္ကသိုလ်မှာ ကျမတို့ မျှော်လင့်ထားသလို လှုပ်ရှားမှုသိသိသာသာ မဖြစ်သေးတာ တွေ့ရပါတယ်။ (တကယ်တော့ RIT မှာ အာဏာပိုင်တွေနဲ့ အပေးအယူလုပ်နေကြတုန်းမို့ အခြေနေကြည့်နေကြတဲ့သဘောဆိုတာ နောက်မှ ရိပ်မိပါတယ်)။ အဲဒီတနေ့ဟာ တခုခုကို စောင့်ကြည့်ကြရင်းနဲ့ အချိန်ကုန်သွားပါတယ်။ RIT ကျောင်းဝင်းကိုတော့ ၀င်ပေါက်တွေ အားလုံး ပိတ်လိုက်ပြီး အစောင့်တွေ တင်းတင်းကျပ်ကျပ်ချထားပြီလို့ သူက ဖုန်းဆက်ပြီး လှမ်းပြောပါတယ်။ ကျောင်းသားတချို့ အဖမ်းခံရပြီး တချို့ကတော့ ရှိနေကြတုန်းပဲ.. တဲ့။

ကျောင်းကအပြန် ညနေ၃နာရီလောက်မှာ အိမ်မပြန်သေးဘဲ ကျမ RIT ဘက် ထွက်ခဲ့ပါတယ်။ ဆင်းရဲသားဂိတ်ကလေးမှာ ကျောင်းလုံခြုံရေးတွေနဲ့..။ ဆရာကြီးတွေနဲ့။ ကျမကို သိနေတဲ့ သူတွေရှိနေတာမို့ ၀င်ခွင့်ပေးပါတယ်။ အဲဒီ ဆင်းရဲသားဂိတ်ကလေးနောက်က မြက်ခင်းပြင်မှာ ကျောင်းသားတွေက အမှတ်တရ အုတ်ဂူလုပ်မယ်ဆိုလား..။

ကျောင်းဆင်ဝင်အောက်နဲ့ ရေပန်းစင်တ၀ိုက်မှာလည်း ကျောင်းသားတွေ ရုံးစု ရုံးစု..။

ကျောင်းသားတွေရဲ့ မျက်နှာတွေက တင်းမာ အုံ့မှိုင်း နေကြပါတယ်။ RIT ဟာ စစ်ပွဲပြီးစ စစ်မြေပြင်လိုပဲ..။ ကျမ သူ့အိမ်ရှိရာဆီကိုပဲ တောက်လျှောက်လာခဲ့ပါတယ်။ သူကတော့ ကျမကို ဘာလို့လာသလဲလို့ ဆူပါတယ်။ ကျမကတော့ အခြေနေသိချင်တာပါပဲ။

အဲဒီနေ့မှာပဲ အာဏာပိုင်တွေက ကိုဖုန်းမော်ကိစ္စကို ရပ်ကွက်ရန်ပွဲကနေ ကျောင်းသား တွေဘက်က လွန်ကျူးလို့ ဖြေရှင်းရာကပဲ လက်လွန်သွားသယောင် သတင်းလိမ်လိုက်တဲ့အတွက် စက်မှုတက္ကသိုလ် ကျောင်းသားတွေကို ဆွပေးလိုက်သလို ဖြစ်သွားပါတယ်။ အဖေကတော့ ပွဲမသေးတော့ဘူးလို့ ပြောနေပြီ။ အမှန်အတိုင်းပြောရရင် ကျမကတော့ စစ်တပ်မိုက်ရိုင်းတယ်ဆိုတာလောက်ပဲ တိမ်တိမ်လေး တွေးနေခဲ့တာပါ။

မတ်လ၁၅ရက်နေ့ကျတော့ ကျောင်းထဲမှာ သိသိသာသာ လှုပ်လှုပ်ရှားရှား ရှိလာတယ်။ နေ့လယ်လောက် ကျတော့ စာတွေဝေတာ ကပ်တာတွေ ရှိလာပြီ။ ဆရာဆရာမတွေက မသိချင်ယောင်ဆောင်နေကြတယ်။ ရုံးစုရုံးစုလေးတွေ ရှိလာပြီ။ မွန်းလွဲကျတော့ မိန်းထဲမှာ ကျောင်းသားတွေ တရားဟောတယ်တဲ့..။ ဆရာတချို့ ဆရာမတချို့ အိတ်တွေပြင်.. လစ်ဖို့ ချောင်း။ ကျမထိပ်ဆုံးကပေါ့။

+++++

မတ်လ၁၅ရက်ရဲ့ နေ့လယ်မှာပဲ တောင်ငူကင်တီး အရှည်ကြီးဆိုင်ရဲ့ နောက်ဘက် (ဦးချစ်ဆိုင်နဲ့ အရှည်ကြီးကြား) ငှက်ပျောပင်အုပ်အောက်မှာ အံ့ဘွယ်တို့ လေးငါးယောက် ကျိတ်ကျိတ် ကျိတ်ကျိတ်..။ ဖယောင်းစက္ကူမှာ စာတွေလည်း ရေးကြ။ လှည့်ထုတ်ထားတဲ့ လတ်လတ်ဆတ်ဆတ် စာရွက်တွေရော..။ ဒီတခါတော့ ကဗျာတွေမဟုတ်..။ ကျောင်းသား သတင်းကို လိမ်ကြေငြာ တာ ကျောင်းသားထုကြီးအနေနဲ့ လက်မခံဖို့.. ကျောင်းသားတွေကို တမင်သက်သက် ပစ်သတ်တာဖြစ်တဲ့ အကြောင်း..။ နောက် ကျောင်းသားအခွင့်အရေးတွေ..။ မဆလရဲ့ မတရားမှုတွေ..။ ဆဲဗင်းဂျူလိုင်ကို သတိတရ ထည့်ပြောထား တာလည်း ပါတယ်။ အဲဒီနေ့မှာ ကျောင်းသားတွေစ စုပြီပေါ့။ နေရာ ကွက်ကွက်ပြီး တရားဟောတာတွေ ရှိတယ်ပြောပေမဲ့ ကျမက ဘွယ်တို့နားမှာ ရှိနေလို့ မသိခဲ့။ အဲဒီနေ့ အိမ်အပြန်မှာ သူတို့်ရေးခိုင်းတဲ့ စာတချို့ ရေးဖို့ ပါလာတယ်လေ။ ကျမဆီမှာက ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် ကဗျာစာအုပ်တွေ ရှိနေတာမို့ အဲဒီထဲက ကဗျာတွေ စာစုတွေ ရေးထားဖို့။ နက်ဖန် နံရံတွေမှာ ကပ်မယ်ပေါ့။ ဖြစ်နိုင်ရင် မြို့ထဲတွေအထိတဲ့။

+++++

မတ်လ ၁၆ရက်နေ့.. ဗုဒ္ဓဟူးနေ့။
အိမ်က ထွက်ကတည်းက ကျမ လှိုင်ကို လုံးဝ မသွားတော့ဘဲ မိန်းထဲပဲ သွားဖို့ ဆုံးဖြတ်ထားတယ်။ RIT ထဲ ပိတ်မိနေတဲ့ သူကတော့ နကိုတည်းက ခပ်အေးအေးသမားမို့ ကျမကိုလည်း အိမ်မှာပဲ နေရမတဲ့။ ကျမနဲ့သူ အချေအတင်ဖြစ်ရသေးတယ်။ ကျမ မိန်းထဲရောက်တော့ ကျောင်းသားတွေ တရားဟောတာ RC ရှေ့မှာတဲ့။ နေရာတိုင်းမှာ ကျောင်းသူကျောင်းသားးတွေ ရုံးစု.. ရုံးစု..။ ကျမ တောင်ငူဆောင်ရှေ့နေ RC ဘက် လျှောက်ထွက်လိုက်တယ်။ RC ရဲ့ ရှေ့ဘက် အမိုးပြားလေးပေါ်မှာ ကျောင်းသားတွေ ကျောင်းသူတွေ.. တကယ်ပဲ တရားဟောနေကြတာ။ ဒေါနဲ့ မောနဲ့.. ဟန်နဲ့ မာန်နဲ့..။ အဲဒီအချိန်ကျမှ ကျမ ကြက်သီးတွေ ထလာတယ်။ တယောက်က ကျမကို လက်မောင်း လာဆွဲတယ်။ သူငယ်ချင်းတယောက်။ နင့်ကို ဘွယ်စောင့်နေတယ်တဲ့..။ သူ့နောက်လိုက် သွားတော့ RC ရဲ့ ဘယ်ဘက်ခြမ်းအခန်းလေးထဲမှာ အံ့ဘွယ်... ရှေ့မှာ စာကူးစက်တစ်လုံးနဲ့ အလုပ်ရှုပ်နေတယ်။ သူ့ဘေးမှာလည်း သူငယ်ချင်း တယောက် wax ရေးလက်စ..။ ကျမပါလာတဲ့ စာရွက်တွေ ထိုးပေးလိုက်တယ်။ သူတို့ နောက်ထပ်ပို အလုပ်ရှုပ်သွားတယ်။ အံ့ဘွယ်က ထွက်လိုက်ဝင်လိုက်..။

အဲဒီတုန်းမှာပဲ.. စစ်တပ်လာတယ်..တဲ့။ ဒိုင်းတွေ ဒုတ်တွေကိုင်တဲ့သူတွေလည်း ပါတယ်..တဲ့။ အဲဒီတုန်းက လုံထိန်းလို့ မသေချာကြသေး။ ကျောင်းရှေ့မှာ နေရာယူထားကြပြီတဲ့။ ဘာလုပ်ကြမလဲ.. ဘာလုပ်ကြမလဲ.. ခွေးတွေ.. ခွေးတွေ.. စစ်ခွေးတွေ.. ၀င်လာပြီ... တဲ့။ နည်းနည်း အော်ကြဟစ်ကြ ရှိလာတယ်။ တချို့ကလည်း မလာသေးပါဘူးတဲ့။ ကန်ပေါင်ဘက်သွားတယ်တဲ့။ စာကြည့်တိုက်ရှေ့ကို ပါမောက္ခချုပ် ဒေါက်တာဘသန်းဟက် ရောက်လာတယ်တဲ့။ ကျမကတော့ အဲဒီအခန်းထဲမှာပဲ စာရွက်တွေ စီနေတယ်။ အဲဒီအချိန်မှာပဲ အံ့ဘွယ်က ကျမကို စာကူးစက်အတွက် မင်လိုတယ်.. လှည်းတန်းမှာ သွားဝယ်တဲ့။ နင်က ဆရာမဆိုတော့ အေးဆေးပဲ..တဲ့။ ဒါနဲ့ ကျမ ပြန်ထွက်ရတယ်။ ဂျပ်စင်ဘက်ကနေ.. အဲဒီမှာတော့ လုံထိန်းတွေ မတွေ့။ နောက် စံရိပ်ငြိမ်ထဲက ဆိုင်တဆိုင်မှာ ရတယ်။ ၀ယ်ပြီးပြန်လာတော့လည်း အဲဒီလမ်းအတိုင်း..။

ကျမ RC ပြန်အရောက်... လာကုန်ပီ... လာကုန်ပီ.. ရိုက်တယ်.. ရိုက်တယ်..။ ငိုသံတွေ။ ဘွယ်ရောက်လာပြီး ကျမကို လက်မောင်းကိုဆွဲပြီး နင်လစ်တော့ .. နင်ကဆရာမ .. မိလို့မဖြစ်ဘူး...တဲ့။ မလစ်ဘူး... ဒီမှာပဲ နေမယ်.. လို့ ကျမပြောနေတုန်း.. ကျောင်းသား တယောက် ပြေးဝင်လာတယ်။ ငှက်ကြီးတောင်ဓါးတလက် ဘယ်က ရလာတယ် မသိ။ သူက ငိုလည်းကငိုနေတယ်။ ခွေးတွေ ရိုက်ကုန်ပီဗျ.. ဆရာမ.. ကျနော်တို့ ကျောင်းသားတွေ... ။ ဆရာမ ဒီဓါးယူထား.. ဒီခွေးတွေ လာရင် ခုတ်ပစ်တဲ့။ ခွေးလိုကောင်တွေ..ဆိုပြီး ကျမလက်ထဲ ဓါးထိုးပေးပြီး သူ စကားဆက်မပြောဘဲ ငိုတယ်။ ကျမ ဓါးကိုင်ပြီး ဆတ်ဆတ်တုန်နေတယ်။ ပြီးတော့ ကျမလည်း ငိုတာပဲ။ (အဲဒီကျောင်းသား.. ခု ဘယ်ရောက်နေပြီမသိ.. ကျမ အမြဲသတိရတယ်)။

အပြင်မှာ ကျောင်းသားတွေ ပြေး လွှား။ အံ့ဘွယ်က ကျမကို ဆွဲပြီး ပထ၀ီဌာနဘက် တွန်းလွှတ်တယ်။ နင်သွားတော့..တဲ့။ အော်လည်းအော်သေး။ နောက်တော့ ကောင်လေးနှစ်ယောက် ကျမလက်ကို ဆွဲပြီး.. ဆရာမ လာ.. ချကုန်ပြီဆိုပြီး ပြေးကြတာ။ ဘွဲ့နှင်းသဘင်ရဲ့ ညာဘက်ခြမ်းက သံတိုင်လေးကွေးနေတဲ့ အပေါက်ထိ.. သူတို့ ကျမကို တွန်းထည့်။ ဆရာမ ရိုးမရိပ်သာဘက်ပြေး..တဲ့။ (နောက်ပိုင်း အဲဒီအပေါက်လေးကို ပြန်လာဝင်ကြည့်တော့ လွယ်လွယ်နဲ့ ၀င်မရ)။

(ကျမ ပြေးခဲ့တဲ့ သံတိုင်အကွေးအပေါက်ကလေးက အဲဒီနားမှာပါ)

အဲဒီနေ့က ကျမ ငိုရင်းပြေးရင်း ရိုးမရိပ်သာထဲကနေ ဘယ်လို စံရိပ်ငြိမ်ရောက်လာလည်း မမှတ်မိတော့။ လှည်းတန်းလမ်းမကြီး ပိတ်ထားလို့.. ကျမ ရသလောက် လမ်းလျှောက်တာ.. သမိုင်းလမ်းဆုံ မှတ်တိုင်ထိ။ အဲဒီကျမှ အင်းစိန်ဘက်သွားမယ့် ကားတစီးတွေ့ရလို့ မြို့ထဲမပြန်ရဲဘဲ RIT ဘက်ပြန်ခဲ့ပါတယ်။ သူ့အိမ်ရောက်မှ ကြည့်လိုက်တော့ ကျမထမီက ဒေါင်လိုက်ကြီးပြဲလို့..။

အဲသလို ကျမပြန်နေချိန်မှာပဲ.. စီးပွားရေးတက္ကသိုလ်ရှေ့မှာ မြန်မာစာနောက်ဆုံးနှစ်ကျောင်းသားနှစ်ယောက် (ကိုတင်အေးနဲ့ ကိုညိုထွန်း)က ခွပ်ဒေါင်းအလံကို ကျောင်းသားအုပ်ထဲ ပစ်သွင်းလိုက်ပြီးတော့ တက္ကသိုလ်မြေမှာ ခွပ်ဒေါင်းအလံကို ပထမဆုံး ပြန်ထူစေနိုင်ခဲ့တာ။ ပြီးတော့ အင်းလျားရဲ့ တံတားဖြူက တံတားနီ ဖြစ်သွားခဲ့ရတာ။ အံ့ဘွယ်အပါဝင် ကျောင်းသားတွေ အဖမ်းခံခဲ့ရတာ..။ ကျောင်းသားတွေ ထပ်ပြီး အသက်ပေးခဲ့ကြရတာ..။ (နောက်အပိုင်း တွေမှာ အဲဒီကျောင်းသားနှစ်ယောက်အကြောင်း ရေးပါဦးမယ်။ ရှေ့မှာ ကျမတမင်ချန်ခဲ့တဲ့ သူငယ်ချင်း နှစ်ယောက် ပေါ့)။

+++++

(ဓာတ်ပုံတွေ ကမောင်ရင်ဆီက ယူထားတာပါ)



19 comments:

PAUK said...

ဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ်..အစ်မရယ်..
အဲ့ဒီ ဘွယ်ဆိုတဲ့ အံ့ဘွယ်ကရော..အခုဘယ်မှာလဲ
ထောင်ထဲမှာပဲလား

Moe Cho Thinn said...

ဆရာမရေ
မောလိုက်တာ..။ အလွမ်းမပြေပါလား ဆရာမရယ်။
ဒါတွေ တကယ် ဖြစ်ခဲ့တယ်။
ဒါတွေ ဘယ်လို မေ့နိုင်မလဲ။

LIN LET KYAL SIN said...

ဆရာမရေ ဖတ်ရင်းနဲ့ စိတ်ထဲမှာ နင့်ခနဲ ဖြစ်သွားမိတယ်။ ကြားရသူတောင် ၀မ်းနည်းခံစားရရင် တကယ်ကြုံတွေ့ခဲ့ရသူတွေ ဘယ်လောက်ခံပြင်း နာကျင်ကြမလဲဆိုတာ ကိုယ်ချင်းစာမိပါတယ်။

mm thinker said...

ဖတ်ရင်း ဖတ်ရင်း ရင်တထိတ်ထိတ်နဲ့ သေနတ်သံတွေကြား ရောက်သွားတယ်။

ဆိုး၏။

ကောင်းကင်ကို said...

ဖတ်ပြီး စိတ်ထိခိုက်သွားတယ်။ ကျောင်းသားတွေရဲ့ သတ္တိကတော့ ခေတ်အဆက်ဆက် ချီးကျူးစရာပဲနော်။

sin dan lar said...

ဆရာမရေ..
ရှေ့က အခန်းတွေဖတ်နေကတည်းက ၈၈ နားရောက်ရင်လို့ ..တွေးပြီးကြိုကြောက်နေတာ..
ခု စ ပြီပေါ့နော်..မဖတ်ပဲမနေနိုင်၊ ဖတ်ပြီးရင်လည်း စိတ်ထိခိုက်ရလို့...

MANORHARY said...

ကိုအံ့ဘွယ်ကျော်ကိုပြောတာလားဟင်..

မေငြိမ်း said...

ပေါက်...မနော်.. ဟုတ်တယ်လေ.. အံ့ဘွယ်ကျော်ကို ဟိုးရှေ့မှာ ထည့်ရေးထားလို့ အရှည်ထည့်မရေးတော့တာ။ ခု တတိယအကြိမ်အဖြစ် စစ်အစိုးရရဲ့ ထောင်ထဲမှာ..။

ချိုသင်းရေ.. ရေးရင်းနဲ့လည်း အဲဒီအချိန်ကို ပြန်ရောက်သွားတယ်။ ခုထိ ငိုရတုန်းပေါ့။

ဟုတ်တာပေါ့လင်းရယ်.. ဒါကြောင့်ပဲ ကမ္ဘာမကြေဘူးဆိုတဲ့သီချင်းကို ရင်နဲ့ ဆိုခဲ့ကြတာ။

သင်ကာရေ..တို့တွေ သေနတ်သံတွေကြားထဲ နေခဲ့ရတာ... နှစ်၅၀တောင် ရှိတော့မယ်ရော..နော်။

ကောင်းကင်ကို.. Sin dan lar ..ဟုတ်တယ်.. ကျောင်းသားတွေရဲ့ ဘ၀တွေ.. အနစ်နာခံမှုတွေ.. သတ္တိတွေ.. ဒါကြောင့်ပဲ စစ်တပ်က ကျောင်းသားဆို သေမလောက် ကြောက် ရွံ မုန်း ဖြစ်နေတာလေ။

ဝင်းပေါ်မောင် said...

ဆရာမ... မတ်လ ၁၆ ဗုဒ္ဓဟူးနေ့ပါ။ ခွပ်ဒေါင်းအလံကို စလွှင့်တာ တောင်ငူဆောင် ဆင်ဝင်ပေါ်မှာပါ။ အဓိပတိလမ်း အာစီရှေ့မှာ ဟောပြောနေတဲ့ ကျောင်းသားတွေကို ဆရာ ဦးဘသန်းဟက် က အပြင်မထွက်ကြဖို့ ပြောပြီးတော့၊ အဲဒီအုပ်က ဒီဖက်ကို ထွက်လာတာ။ တောင်ငူဆောင်ရှေ့မှာ အားလုံးစုမိကြတော့ ကျောင်းသား အချို့က ဆင်ဝင်ပေါ်တက်ပြီး ခွပ်ဒေါင်းအလံလွှင့်။ ပြီးတော့ ဘွဲ့နှင်းသဘင်ဖက် ပြန်ထွက်။ အဲဒီမှာ ခဏနားပြီးမှ စီးပွားရေးတက္ကသိုလ်ရှေ့ကို ဖြတ်ပြီး လှိုင်ဖက်ကို ထွက်ကြတာ။ အဲဒါ တံတားနီနေ့ပေါ့။ ဆရာမက အာစီထဲမှာ ကျန်ခဲ့တာ ဖြစ်မယ် ထင်တယ်။ (ဖြည့်ပေးတာပါ။ ဆရာလုပ်တာ မဟုတ်ပါ။)

မေငြိမ်း said...

ကိုဝင်းပေါ်မောင်ရေ.. ကျမသိတာတော့ ကိုတင်အေးက မနက်ကတည်းက အဆောင်မှာ ခွပ်ဒေါင်းအလံလုပ်နေပြီး နောက်မှ ကျောင်းထဲလိုက်လာတာ။ အဲဒီအချိန် ညိုထွန်း နဲ့ ကိုတင်အေး စီးပွားရေးတက္ကသိုလ်ရှေ့အရောက် ကျောင်းသားအုပ်နဲ့ တွေ့လို့ သူတို့လက်ထဲက အလံကို ပစ်ထည့်ပေးလိုက်တာ။ ကျမ သေချာအောင် ကိုတင်အေးကို လှမ်းမေးပြီးမှ ရေးလိုက်တာပါ။ ကိုတင်အေးလည်း ခုဒီဘက်မှာ ရှိနေတယ်လေ။ တောင်ငူဆောင်မှာက နောက်ထပ်တခုလား.. နောက်ထပ်တကြိမ်လား ကျမမသိပါ။ ကျမက RC မှာ ရှိနေတာ။ ပြီးတော့ ကျမက ကိုယ်တိုင် ကြုံခဲ့ မြင်ခဲ့ ကြားခဲ့တာလေးတွေကိုပဲ ရေးတာပါ..။ အဖြစ်အပျက်အသေးစိတ်မှတ်တမ်း မဟုတ်ပါဘူးနော်။ ဆရာလုပ်တယ်မထင်ပါ။ ဖြည့်ပေးတာကို ကျေးဇူးတင် ပါတယ်။ ဖတ်တဲ့သူတွေ ပိုသိရတာပေါ့။

လင်း said...

ဆရာမရေ စစဖြစ်ဖြစ်ချင်း စာမေးပွဲဖြေနေရင်းတန်းလန်း ကျောင်းပိတ်လိုက်တာရော? ၂ဘာသာလားဖြေရသေးတယ်လေ။ ကျောင်းပိတ်ချပစ်လိုက်တာလေ။ အဲဒါက အရင်လား ၊ သေချာမမှတ်မိတော့ဘူး

ghostbell said...

ဖတ်ရင်း ကြတ်သီးတောင်ထတယ် ဆရာမရယ်။ အဲဒီအချိန်ဆိုးတွေ နဲ့ ဝေးခဲ့ရတာ ကံကောင်းလိုက်တာ။ စက်တင်ဘာနဲ့တင် လုံလောက်ပါပြီ။

Ma Ma said...

ဟုတ်တယ် ဆရာမရေ RIT ကျောင်းကိုသူပုန်စခန်း ၀င်စီးသလို စီးခဲ့တာပါ၊ စွယ်တော်ရိပ်ရဲ့ မတ်လ အကြောင်း ဖတ်ရင်း ကိုဖုန်းမော်ကို အလေးသွားပြုခဲ့တဲ့ မတ်လ ၁၄ ရက်ကို ပြန်သတိရနေမိပါတယ်။ အဲဒီနေ့က သဇင်ဆောင်ကနေ RIT ထိလမ်းလျှေက်ခဲ့ကြတာပါ။ သမိုင်းလမ်းဆုံမှာ ကာရံထားတဲ့ သံဆူးကြိုးမှာအစောင့်ရဲတွေကို ကျောင်သွားမလို့ အတင်းပြောပြီး သြဘာလမ်းထိပ် Building 1 အောက် ကိုဖုန်းမော် အတွက်လုပ်ထားတဲ့ အုတ်ဂူမှာ အလေးသွားပြုခဲ့ပါသေးတယ်၊ Building 1 မှာ ကျည်ထိတဲ့နေရာတွေကို အမှတ်အသားပြထားတာကို လည်း မှတ်မိနေကါသေးတယ်။

myatnoe said...

ဂျာနယ်ထဲမှာတော့ အဲဒီရှေ့မှာ ကြယ်ပုံလေးပြထားတာကို ဖတ်လိုက်ရဘူးပါတယ်။

တကယ်ကြုံခဲ့တဲ့ ကျောင်းသားတွေရဲ့ သတ္တိကတော့ လေးစားဂုဏ်ယူစရာပါပဲ..။

အခု စက်တင်ဘာမှာ တွေ့လိုက်ရတာတောင် တုန်လှုပ်မိတာ...

အားလုံးက ကြောက်စရာပဲ..။

ရက်စက်လိုက်ကြတာဆိုတဲ့ စကားလုံးထက်ဆိုးပါတယ်

GreenGirl said...

ပထမဆုံးအကြိမ် လာဖတ်တာပါ။ ဖတ်ပြီး ၀မ်းနည်းသွားတယ်။ အဲ့ဒီတုန်းက သူငယ်တန်းတောင် မတက်ရသေးဘူး။ :(

TMT said...

Ma May Nyane,

Mingalar par!
I'll be waiting to read your blog.
Chan Myae Par Say to youself, your family and your collagues.

rgd's...TMT

TMT said...

Ma May Nyane,

Mingalar par!
I'll be waiting to read your blog.
Chan Myae Par Say to youself, your family and your collagues.

rgd's...TMT

တန်ခူး said...

မ RITက မ ရဲ့ တတိယအိမ်ဆိုတာ သိရလို့  ၀မ်းသာမိတယ်…
မ ရေ… အပိုင်း၁၁ ပြီးတော့ ကျွန်မ ငိုနေမိတယ်…

weik.zar said...

အသားတွေတဆတ်ဆတ်တုန်ပြီး၊ဒေါသမျက်ရည်တွေကျခဲ့ရတဲ့၊နေ့တနေ့ပေါ့။အခုပြန်ဖတ်ပြီးမျက်ရည်ကျရပြန်တယ်ဗျာ။