Nov 11, 2008

မြသီလာအလွမ်းပြေ(၁၅)

၁၉၉၀။
အဲဒီနှစ်ကတော့ ကျမအတွက် ပြန်ပြီး လှုပ်လှုပ်ရှားရှားရှိလာတဲ့ နှစ်ပါ။ ၉၀ နှစ်ဆန်း ဆောင်းရက်တွေထဲမှာပဲ မဟာဝိဇ္ဇာတက်နေဆဲ ဆရာဆရာမတွေအတွက် မဟာဝိဇ္ဇာတန်းတွေ ပြန်ဖွင့်ပေးပါတယ်။ မိန်းထဲမှာ သွားတက် ရမယ်။ On Duty ပေးမယ်တဲ့။ (ကျမအကြိုက်ပေါ့)။ ဆရာ ဆရာမ မဟုတ်ရင်တော့ တက်ခွင့်မရပါဘူး။ (အခွင့်ထူးခံတွေပေါ့.. အဲလို အခွင့်အရေးယူရတာမျိုးကိုတော့ မကြိုက်ပါဘူး)။ ကျောင်းသားတွေ မရှိဘဲ ဆရာဆရာမတွေ ချည်းသာရှိတဲ့ ကျောင်းကြီးကတော့ အတန်းတချို့ ပြန်ဖွင့်တယ်ဆိုပေမဲ့လည်း ခြောက်ခြောက် ကပ်ကပ်ပါပဲ။

ကျောင်းပြန်တက်ရမယ်ဆိုတော့ မနှစ်က စာမေးပွဲကျထားတဲ့ ကျမရယ်.. ဂုဏ်ထူးတန်း အောင်ထားတဲ့ သူငယ်ချင်း ဆရာတယောက် (ကျမတို့က အရှည်ကြီးလို့ ခေါ်တယ်)ရယ်.. မဟာဝိဇ္ဇာ နားထားပြီးမှ ပြန်တက်တဲ့ ဌာနက ဆရာမ(မနွဲ့)ရယ်.. သုံးယောက်... မဟာဝိဇ္ဇာ ပြန်တက်ရပါတယ်။ ကျမဘ၀တလျှောက် စာသင်သား လုပ်ခဲ့ရသမျှထဲမှာ အဖိုးတန်ဆုံး သင်ယူရတဲ့ နှစ်ပါပဲ။ ဆရာဆရာမတွေနဲ့ နီးနီးကပ်ကပ်.. သုံးယောက်တည်း။ ကြိုးလည်း သိပ်ကြိုးစားရတာပေါ့။ သင်ရိုးတွေက မနှစ်ကနဲ့မတူတော့ ပိုကောင်းသွားပါတယ်။ ကျမ မသင်ရသေးတာတွေမို့ စိတ်ဝင်စားစရာပေါ့။ ကျမက Paper one ကို အကြိုက်ဆုံး။ ရှေးစကားပြေအရေးအဖွဲ့၊ စကားပြေသဘောတရား စကားပြေအတတ်ပညာ၊ စာပေဝေဖန်ရေး နဲ့ ခေတ်သစ်စာပေ သဘောတရား(Modern Literary Theory)။ အဲဒီ Paper One က ဆရာတွေက Reference တွေ ပေးပြီး ကိုယ့်ဘာသာ စာပြင်ရတဲ့ ဘာသာတွဲပါ။ စာမေးပွဲမှာဖြေရင် မေးခွန်းက Unseen လာတာပါ။ ဒါကြောင့် ဂုဏ်ထူးထွက်ဖို့ အင်မတန် ခဲယဉ်းပါတယ်။ ထွက်လေ့လည်း မရှိပါဘူး။ (ဒီနေရာမှာတော့ တကယ် ကြွားချင်ပါတယ်.. အဲဒီနှစ်မှာ ကျမ Paper One ဂုဏ်ထူးထွက်ပါတယ် :P )။

စိတ်အ၀င်စားဆုံးကတော့ ဆရာဇော်(ဇော်ဇော်အောင်)နဲ့ သင်ရတာပဲ။ အဲဒီအချိန် စာ နယ် ဇင်းတွေမှာ စာရေးရတာကလည်း အားရပါးရမရှိတဲ့အချိန်။ ဆရာက Post Modern နဲ့ ပတ်သက်ပြီး စာတွေရေးနေချိန်... ကျမတို့ကို သင်ရတာကလည်း Modern Literary Theory... ဆိုတော့ အကိုက်ပေါ့။ ဆရာ့အတန်းချိန်ဆိုရင် ဆရာက ကျမတို့ထိုင်တဲ့ ခုံတန်းနားမှာ ကုလားထိုင်ချ။ လက်ဘက်ရည်ဆိုင်မှာ ထိုင်သလိုပဲ ပေါ့ပေါ့ပါးပါး တစောင်းမကျတကျလေးထိုင်ပြီး ပြောတော့တာ.. အများကြီးး (နောက်ပိုင်း ဇော်ဇော်အောင် ဖတ်စာ စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေပေါ့)။ Lecture ပေးနေတာနဲ့ မတူဘဲ အခါတိုင်း လက်ဘက်ရည်ဆိုင်မှာ ပြောသလိုပဲ... လေအေးအေးလေးနဲ့ ပြောသွားတာ။ အများကြီး..။ ကျမတို့က အဲဒါကို lecture လိုက်ရတာပေါ့။ ကျမ သူငယ်ချင်းနှစ်ယောက် အတွက်တော့ နည်းနည်းခက်တယ်တဲ့။ ကျမအတွက်လည်း ခက်တော့ ခက်တာပါပဲ..။ ဒါပေမဲ့ ကျမက စိတ်ဝင်စားတာကိုးး။ နောက် ကျမ စိတ်ပါလက်ပါအရှိဆုံး အချိန်က ဆရာအေး(မောင်ခင်မင်-ဓနုဖြူ)ရဲ့ စကားပြေသဘောတရား စကားပြေအတတ်ပညာ.. အချိန်။

ကျမသူငယ်ချင်း အရှည်ကြီးကတော့ ကျောက်စာနဲ့ ဘာသာဗေဒမှာ အားသန်တယ်။ နောက် မနွဲ့ကတော့ ကဗျာအားသန်တယ်။ ဒီတော့ ကျမတို့ သုံးယောက် Assignment တွေရေးတဲ့အခါ.. စာတွေပြင်ဆင်တဲ့အခါ သိပ်အဆင်ပြေတာပေါ့..။ ကိုယ်သန်တဲ့ဘာသာရပ် ကိုယ်တာဝန်ယူပြီးပြင်ကြတာ..။ ကျမဘ၀မှာ ကံကောင်းတာ တခုက အနားမှာ အပေါင်းအသင်းကောင်း အမြဲတွေ့ရတာပဲ။ စိတ်ပုပ်ပြီး စာလျှိုထားတတ်တယ်ဆိုတဲ့သူမျိုး မတွေ့ရတတ်ပါ။ အဲဒီတုန်းကလည်း ကျမတို့ သုံးယောက်မှာ မနွဲ့က အသက်အကြီးဆုံး.. ကျမက အငယ်ဆုံး။ တကယ့် မောင်နှမတွေလိုပဲ။ ဆိုတော့ ကျမကို အလိုလိုက်ကြတယ်။ ညှာကြတယ်။ သိပ် စိတ်ချမ်းသာစရာ ကောင်းခဲ့တဲ့ ကျောင်းတက်ချိန်တွေပါပဲ။ ကျမအတွက် အဲဒီကာလမှာ ပိုတန်ဖိုးရှိတာကတော့ ကျောင်းတက် ရင်းနဲ့ ကိုယ်လုပ်ချင်တာလေးတွေ လုပ်ရတာကိုပါ။

ခါတိုင်းလိုပဲ မနက်ခင်း ကျောင်းချိန်၉နာရီမထိုးခင် ကျောင်းကို စောစောလာ။ ကင်တီးမှာ ထိုင်။ လက်ဘက်ရည်သောက်။ ကိုယ့်လိုပဲ ကျောင်းစောလာတတ်တဲ့ မိတ်ဆွေတွေကို မျှော်။ အဲဒီတုန်းက ကျမနဲ့ အစောကြီး လက်ဘက်ရည်ဆိုင်ထိုင်ဖက်က ကျောင်းစောစောလာတတ်တဲ့ ဆရာဦးထွန်းမြင့် (တက္ကသိုလ်မင်းမော်)၊ ကျမတို့က 'ဗိုလ်တိုး' လို့ ခေါ်တဲ့ ဆရာ ဦးအောင်ကျော်တိုး(နုနုရည်-အင်းဝ ရဲ့ ခင်ပွန်း)၊ နောက် အတန်းဖော် အရှည်ကြီးရယ်..။ မိန်းထဲက ဆရာသူငယ်ချင်းတချို့ရယ်။ နေ့တိုင်း စကားတွေက ပြောမကုန်။ စကားလက်စ မသတ်ခင် အတန်းချိန်ရောက်လို့ ထ ထ ပြေးရရင်တောင် နောက်ဆံတငင်ငင် နဲ့ပေါ့။

အဲဒီ စကားဝိုင်းတွေကနေပဲ ကျမ ၀တ္ထုရေးစရာ Inspiration တွေ အများကြီးရခဲ့တာ..။ အထူးသဖြင့် ဗိုလ်တိုးဆီက။ ဗိုလ်တိုးက စိတ်ပညာဌာနက ဆရာ။ စကားပြောကလည်း ကောင်း။ ကျမကလည်း စိတ်ပညာပိုင်းကို စိတ်ဝင်စားတော့ ဗိုလ်တိုးပြောတဲ့ အကြောင်းအရာတွေက ၀တ္ထုရေးချင်စရာ ကောင်းနေတတ် တယ်။ နောက်ပိုင်းမှာ ဗိုလ်တိုးဆီက ကြားရတဲ့ အထဲကနေ Character ရပြီး ရေးဖြစ်ခဲ့တဲ့ လုံးချင်းဝတ္ထုနှစ်ပုဒ် (မီးခိုးငွေ့ မီးခိုးမျှင် နဲ့ ကောင်းကင်နိဒါန်း)အကြောင်း ပြောပါဦးမယ်။ အဲဒီဝတ္ထုနှစ်အုပ်က ကျမရေးခဲ့သမျှထဲမှာ အကြိုက်ဆုံး ဖြစ်ပြီးတော့ ပရိသတ်ကတော့ သိပ်မတုံ့ပြန်ခဲ့တဲ့ ၀တ္ထုတွေပေါ့။

ညနေဆိုရင်တော့ အတန်းပြီးတဲ့ ၃နာရီကနေ ၄နာရီခွဲ ရုံးဆင်းချိန်အထိ ကင်တီးမှာ ထိုင်ကြ။ ရုံးဆင်းချိန်ကျမှ ဌာနရုံးခန်းမှာ အဆင်းလက်မှတ် သွားထိုးပြီး ပြန်ကြပါတယ်။ ပြန်ရင်တော့ အားလုံးက အိမ်ပြန်တာပါ။ ကျမကတော့ အိမ်မှာလည်း ဘာမှလုပ်စရာမရှိတဲ့သူမို့ အပြန်လမ်းမှာ အင်းစိန်လမ်းမကြီးပေါ် လှည်းတန်းဈေး နားက ပြုံးပန်းတရာလက်ဘက်ရည်ဆိုင်ဘက် ၀င်ချောင်းသေးတာ.. အဲဒီ လက်ဘက်ရည်ဆိုင်အ၀င်ဝ လမ်းနဲ့ကပ်နေတဲ့ စားပွဲလေးမှာ ကိုစိန်ဝင်း(မောင်စိန်ဝင်း-ပုတီးကုန်း) ထိုင်နေကျလေ။ ကိုစိန်ဝင်းရောက်နေပြီ ဆိုရင်တော့ ကျမက ရုံးဆင်းချိန် ကားအကျပ်ကိုရှောင်ဖို့ စောင့်ရင်း.. စကားလည်းပြောရင်းပေါ့.. လက်ဘက်ရည်ဝင်သောက်တာပဲ၊ ကိုစိန်ဝင်းကလည်း ကျမအတွက်တော့ တိုင်ပင်ဖော်တိုင်ပင်ဖက် အကို တယောက် ပါပဲ... ။

ကိုစိန်ဝင်းနဲ့ကလည်း စကားပြောလို့ သိပ်ကောင်းတာ။ သူနဲ့ ကျမက အရောင်အသွေး အတော်တူတယ်။ ရေးချင်တာလည်း အချစ်ဝတ္ထု.. ကြိုက်လိုက်ရင်လည်း ခံစားချက်အခြေခံတဲ့ စာအမျိုးအစားတွေ.. သီချင်းတွေ ပန်းချီတွေဆိုလည်း ကြိုက်တဲ့အမျိုးအစား ပုံစံတွေ တူတယ်။ ဒါပေမဲ့ ကိုစိန်ဝင်းက Realism ကို ပိုအားသန်ပြီး ကျမက Romanticism ကို ပိုအားသန်တာ တော့ ရှိတာပေါ့လေ။ အဲဒီအခါ ၀တ္ထုတိုတွေမှာ Message ပါသင့် မပါသင့်ဆိုတာမျိုးတွေ ပြောဖြစ်တယ်။ ကိုစိန်ဝင်းရဲ့ ထူးခြားချက်က အငြင်းမထူဘူး။ သူယုံကြည်ရာကို လေအေးအေးနဲ့ ပြောတတ်တယ်။ ပြီးတော့ သူများအကြောင်း ဘယ်တော့မှမပြောဘူး။ ပြီးတော့ စကားပြောရင် အင်မတန်ရိုးသားတယ်။ ဟန်မရှိဘူး။ အထူးသဖြင့် သမားဂုဏ် ပြတာမျိုး မရှိဘူး။ သူနဲ့စကားပြောရင် ကျမကချည်း ပြောတာများတယ်။ သူက ကျမမေးမှ ပြောတာမျိုး.. တိုက်ဆိုင်မှ ၀င်ပြောတာမျိုး။ သူနဲ့ လက်ဘက်ရည်ဆိုင်ထိုင်လည်း သူပြောသမျှ သူတို့ခေတ် ကျောင်းသားဘ၀နဲ့ စက်မှုတက္ကသိုလ်ကို ကြားရ တွေ့ရတယ်။ အနည်းဆုံးတော့ ဒါဟာ ခေတ်တခေတ်ရဲ့ တက္ကသိုလ်သမိုင်းတခုပဲ မဟုတ်လား။

တခါတလေတော့ နေ့လယ်ပိုင်းမှာ အတန်းတွေ မရှိဖြစ်တတ်တယ်။ တပတ်မှာ ၁ရက် ၂ရက်လောက်။ အဲဒီအခါ ကျမက BED(ပညာရေးတက္ကသိုလ်)ကင်တီးမှာ သွားထိုင်တယ်။ အဲဒီမှာက ကိုဟိန်းလတ်(အခု... ပေါ်ပြူလာ ဂျာနယ်.. ရတီမဂ္ဂဇင်းတွေရဲ့ အယ်ဒီတာချုပ်) ရှိတယ်လေ။ မဟေသီအင်တာဗျူးနောက်ပိုင်းမှာ ကျမက ကိုဟိန်းလတ်နဲ့ ခင်သွားတယ်။ ကိုဟိန်းလတ်က အဲဒီတုန်းက ပညာရေးသုတေသနဗျူရိုမှာ ရှိနေတဲ့အချိန်။ နေ့လယ် ထမင်းစားချိန်မှာ ကိုဟိန်းလတ်ရယ်.. ပညာရေးတက္ကသိုလ်က သူငယ်ချင်းဆရာမ တချို့ရယ်.. ထိုင်တတ်တယ်။ အဲဒီဝိုင်းတွေမှာတော့ ကိုဟိန်းလတ်က ဦးဆောင် စကားပြော သူ။ ကိုဟိန်းလတ်က စာဖတ်နာ.. အပေါင်းအသင်းစုံ... အတွေ့အကြုံ စုံတဲ့သူဆိုတော့ သူဖြတ်သန်းခဲ့တာတွေကို ပြော။ ကျန်တဲ့သူ တွေက နားထောင်သူတွေ။

BED မှာ သွားထိုင်ရင် ကျမ သဘောကျတာတခုက ကင်တီးနောက်ပေါက်ကနေထွက်ပြီး TTC ကျောင်းတွေ ဆေး(၁)တွေ နောက်ဘက်က ပိတောက်လမ်း(သထုံလမ်း)အတိုင်း တက္ကသိုလ်ရိပ်သာလမ်းဘက် လျှောက်ထွက် ရတာကိုပါ။ (RC-3 မှာ ကျောင်းတက်တုန်းက မိန်းထဲကို လာလည်ရင် လျှောက်နေ ဖြတ်နေကျ လမ်းအတိုင်းပေါ့)။ ဝေးပေမဲ့ လျှောက်လို့ကောင်းတယ်။ လမ်းမှာ BOC ကောလိပ်နေရာကို ဖြတ်ကျော်ခဲ့... ဘောလုံးကွင်းကို ဖြတ်ကျော်ခဲ့... လိုင်းပေါက် ၀န်ထမ်း အိမ်ရာကို ဖြတ်ကျော်ခဲ့..။ တက္ကသိုလ်ဆေးရုံဝင်းကို ဖြတ်ခဲ့။ ကျောင်းပိတ်ကာလမို့ လမ်းတလျှောက်မှာ လူရှင်း ကားရှင်းရှိနေတတ်တော့ ပိုကောင်းတာပေါ့။ ဟိုငေးဒီငေး ဟိုတွေးဒီတွေး... ဘ၀အမောတွေတောင်မှ အဲဒီအချိန်မှာ ပြေပျောက်သွားသလို ခံစားရသေး။ ပြီးတော့ လုံးချင်းရေးဖို့ ဇာတ်လမ်းတပုဒ် စိတ်ကူးရတာလည်း အဲဒီလမ်းပေါ်လျှောက်ရင်းနဲ့ပါပဲ။ ဒုတိယအုပ် ပကတိမြားပေါ့။ အဲလိုနဲ့ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရောက်ရင် ပုဂံလမ်းမှတ်တိုင်ကနေ ၄၅ကားစောင့်စီးပြီး အိမ်ပြန်။

အဲဒီတုန်းကတော့ အိမ်ပြန်ရောက်ဖို့အရေးလည်း လျှောက်ရသေးတာပဲလေ။ ဘီပီအိုင်မှတ်တိုင် မှာဆင်းတော့ ကျောင်းဝင်းရှေ့က ဆင်းရဲသားဂိတ်ကလေးက ပိတ်လိုက်ပြီမို့ အရင်လို အလွယ်လေး ကျောင်းထဲ မရောက်တော့။ ဂိတ်မကြီး(ဦးလူပေါဂိတ်လို့ ခေါ်ကြတယ်)ဆီကို တပတ်ကြီးလျှောက်ပြီး ကျောင်းထဲဝင်.. Block တွေကို အလျားလိုက်ဖြတ်.. ရေပန်းစင်ရှိတဲ့ အ၀ိုင်းလေးကိုဖြတ်.. ကင်တီးကနေဆင်း.. ဘောလုံးကွင်း ဘေးကနေ ဂျီဟောရှေ့ကိုဖြတ်... အင်းး တော်တော်တော့ ဝေးတာ။ ကျမကတော့ လမ်းလျှောက်တာ ကြိုက်တဲ့သူမို့ လျှောက်တာပဲ..။ တခါတလေတော့လည်း မောတာပေါ့လေ။ အဲဒီအခါ ကဗျာဆရာ မောင်ရန်ပိုင်(ခုတော့ ဦးရန်ပိုင်) ရေးတဲ့ ကဗျာထဲကလို "နှလုံးသားသန်သူ ခြေထောက်သန်သတဲ့".. ဆိုတာ လေးပဲ တွေးရသေး..။

+++++

တခါတလေကျတော့ နေ့လယ်ပိုင်းအားပြီဆို မြေနီကုန်း မပိုလမ်းမှာ ရုံးခန်းဖွင့်ထားတဲ့ စံပယ်ဖြူမဂ္ဂဇင်းတိုက်ကို သွား သွား ထိုင်တယ်။ အဲဒီမှာ မမိုး(မိုးမိုး-အင်းလျား)က ရုံးထိုင်တယ်။ ပြီးတော့ မေဦး(ဒေါ်ခင်ဆွေဦး) ရှိတယ်။ မပုလဲ(ဒေါ်ခင်ဆွေဦးသမီး) ရှိတယ်။ အဲဒီမှာ ထိုင်ရင်း စကားတွေ ပြောကြ။ ကျမက မမိုးကို သိပ်ချစ်တယ်။ စိတ်ထားအင်မတန်လှပြီး ဖြူစင်ရိုးသားတဲ့.. မမိုးဟာ ကျမကိုစာရေးဆရာလုပ်ချင်စိတ်ပေါ်အောင် တွန်းအားပေး ခဲ့ဖူးတဲ့ စာရေးဆရာလည်း ဖြစ်တယ်လေ။ မမိုးရဲ့ "နာမကျန်းသည်.. အိုနှင်းဆီ" ကို ဖတ်ပြီး ကျမ စာရေးဆရာ လုပ်ချင်စိတ်ပေါ်ခဲ့တာ..။ ပြီးတော့ "ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား..." မှာ တုန်လှုပ်ခဲ့တာ။ "ပွင့်တချို့ ကြွေတချို့"၊ "ကြွေမလိုနဲ့ ဝေ.. ဝေမလိုနဲ့ကြွေ"၊ "ငြိမ်းကိုရှက်ပါ" တွေမှာ အံ့သြချီးကျူးခဲ့ရတာလေ။ ( နောက်တော့ အဲဒီ၉၀ထဲမှာပဲ မထင်မှတ်ပါဘဲနဲ့ မမိုးကို ကျမတို့ ဆုံးရှုံးခဲ့ရတာပေါ့)။ မြသီလာနဲ့ မဆိုင်လှပေမဲ့ ဒါဟာ မြသီလာကိုချစ်တဲ့သူတယောက် လွင့်ကြွေသွားရတာမို့ ထည့်ရေးပါရစေတော့။

(အဲသလိုပဲ မြသီလာနဲ့ မဆိုင်လှပေမဲ့ နောက်တခု မမေ့နိုင်စရာ သမိုင်းတခုအဖြစ် ထည့်ရေးချင်တာက ၁၉၉၀ မေလ ၂၇ရက်မှာ ပြည်သူအားလုံးရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ အနိုင်ရသွားခဲ့တဲ့ အကြောင်းပါပဲ)။

+++++

မဟာဝိဇ္ဇာပြန်တက်ရတဲ့ အဲဒီ ၁၉၉၀ဟာ ပင်ပန်းပေမဲ့ ကျမအတွက်တော့ အနှစ်သာရ အများကြီးရှိတဲ့ ကာလတခုပါ။ သူငယ်ချင်းတွေနဲ့ အချိန်ကုန်ရင်း ၀တ္ထုတွေ အများကြီး ရေးဖြစ်ခဲ့တဲ့ နှစ်လည်း ဖြစ်တယ်။ စိတ်မကောင်းစရာကောင်းတာ တခုကတော့ ၀တ္ထုတွေ ရေးဖြစ်လာသလောက် ကဗျာရေးမထွက်တော့တာပါပဲ။ ကိုစိန်ဝင်းစကားနဲ့ ပြောရရင်.. ဒါတောင် အချစ်ဦးက ကဗျာ...။ အဲဒီကာလမှာပဲ သီချင်းနှင်းဆီက ကျောင်းပိတ် ရက်ရှည်နဲ့ တိုက်ဆိုင်လို့ထင်ပါရဲ့။ ဈေးကွက်ထဲမှာ ခပ်မှန်မှန်လေး သွားနေသတဲ့။ မဆိုးဘူးဆိုပါတော့။ ဒါနဲ့ အကိုက နောက်တအုပ်လုပ်မလားတဲ့။

အမှန်အတိုင်းဝန်ခံရရင် အဲဒီတုန်းက ကျောင်းတက်နေရတော့ ပိုက်ဆံလည်း လိုနေတဲ့အချိန်။ ကိုယ်တိုင်က လည်း စာပဲ ရေးချင်နေတဲ့အချိန်။ ရေးချင်နေတဲ့ ဇာတ်လမ်းလေးတပုဒ်ကလည်း ရှိထား..။ ဒီတော့ ကျောင်းစာ လုပ်နေတဲ့ ကြားထဲကပဲ နောက်တအုပ်ကို အလွယ်တကူပဲ ရေးနိုင်ခဲ့တယ်။ အဲဒါ ပကတိမြား... ပေါ့။

(ပန်းချီ မြင့်မောင်ကျော် ပါပဲ)

ပကတိမြားထဲက ဇာတ်လိုက်က ကိုယ် အင်မတန် ပိုင်တဲ့ ဇာတ်ကောင်လေ။ ဒါကြောင့် ရေးခဲ့ရတဲ့ ၀တ္ထုတွေ ထဲမှာ လက်အတွေ့ဆုံးနဲ့ ရေးရတာ အမြန်ဆုံးပါပဲ။ ဈေးကွက်မှာလည်း စွံသား.. မဆိုးပါဘူး။ (ကျမမှာ ကြောင်တဲ့တချက်က လူကသာ ပိုက်ဆံမရှိတာ အဲဒီဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့လို့ လာဝယ်တော့ မင်းသားက ကိုယ်မကြိုက်တဲ့သူမို့ ကိုယ့်ဇာတ်ကောင်နေရာမှာ အစားမထိုးနိုင်ပါဘူးဆိုပြီးတော့ မရောင်းခဲ့ဘူး :D )။

၁၉၉၀နှစ်ကုန်ချိန်မှာတော့ ကျမက မဟာဝိဇ္ဇာတန်း နောက်ဆုံးနှစ်ကို အောင်ခဲ့ပြီ။ Thesis ရေးဖို့ပဲ ကျန်တော့တာပေါ့။ ပြီးတော့ လုံးချင်းဝတ္ထုနှစ်အုပ်လည်း ထွက်နိုင်ခဲ့ပြီ။ ၀တ္ထုတိုတွေလည်း အပုဒ် ၃၀ကျော်ခဲ့ပြီ။ အဲဒီ ၁၉၉၀ ထဲမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးကတော့ သားကြီးကို ကိုယ်ဝန်ရှိလာတာပါပဲ။ သားကြီးကိုယ်ဝန်နဲ့တုန်းက ပုံလေးတွေ အမှတ်တရ တင်ပေးလိုက်ပါတယ်။ ဗိုက်ထဲမှာ မောင်ထူးမြတ်ပေါ့။

အဲဒီအချိန်လောက်မှာပဲ တက္ကသိုလ်တွေ ပြန်ဖွင့်တော့မလိုလို ကြားလာရတာ....။

+++++

9 comments:

ရွာသားလေးဝိုင်တီယူ said...

Sayarma

Nice environment and I want to read all of your books but....

Nyein Chan Aung said...

မြသီလာ အလွမ်းပြေ အပိုင်း အားလုံးကို ဖတ်ဖြစ်တယ် အစ်မ.. ဆွတ်ပြန့်လွမ်းမော ဖွယ်ရာပါပဲ..

ရှင်မင်းညို said...

ဆရာမရေ
တစ်ညနေလုံး ၁ကနေ၁၅ ထိအစအဆုံးဖတ်လိုက်တယ်..

Moe Cho Thinn said...

ဆရာမရေ
အဲဒီတုန်းက ဘတ်စ်ကားမှတ်တိုင်မှာ ဆရာမကို မောင်ထူးမြတ် ကိုယ်ဝန်နဲ့ တွေ့လိုက်တာ ခုထိ မှတ်မိနေတယ်။ အဲဒီတုန်းက ဗိုက်ဖုံးအကျီ င်္က ဘာအပွင့်အခက်မှ မပါ၊ အနီရဲရဲ ပြောင် ပါ။
ထင်းနေတာမို့ ဒီလိုအချိန်မှာ ဒီလိုအရောင်ကို ရွေးဝတ်တာ စိတ်ထဲစွဲနေပါတယ်။ သူများတွေက ကိုယ်ဝန်ဆောင် အကျီ င်္ကို မျက်စိအေးအေး အရောင်လေးတွေ ၀တ်ကြတာ တွေ့ဖူးတာကိုး။
ဆရာမ စိတ်ကို တွေ့လိုက်ရသလိုပါပဲ။

Nyi Linn Thit said...

သီချင်းတွေကို လွယ်ပိုးထားရတဲ့ ကိုယ်ဝန်အရင့်အမာ နဲ့ဂစ်တာရယ်... သားကလေးကို လွယ်ပိုးထားတဲ့အမ ရယ်....ခုံတန်းလျားလေး တစ်ခုတည်းပေါ်မှာ.......၊

ရူပက အင်္လကာမြောက်တယ် အမရေ....။ :D

sin dan lar said...

ပကတိမြားလည်း ဖတ်ပြီးသားပဲဆရာမရဲ့....
နောက်ပြီး Magazine interview တစ်ခုလည်း ဖတ်ဖူးတယ်။ ကလောင်နံမည်ကို နံမည်ရင်း ငြိမ်းခက်ခက် က ငြိမ်းကိုယူတယ်။ မေ ကတော့ သိပ် မမှတ်မိတော့ဘူး၊ မိန်းကလေးနံမည်မို့ ရှေ့က မေ ထည့်တာဆိုလား။ ၈ တန်းမှာကျောင်း အကြာကြီး ပိတ်လိုက်တော့ စာတွေ အများကြီး ဖတ်ဖြစ် သွားတာ။ မေမောင်၊ ခက်မာ၊ မိုချာ့ ၊ ၀င်းဝင်းမြင့်(နန်းတော်ရှေ့)၊ မမှတ်မိတာတေါအများကြီးပဲ။ စာရေးဆရာမတွေ အများကြီးပေါ်လာတာ အဲဒီကျောင်းပိတ်ချိန် မှာလားမသိဘူး၊ ရီစရာကောင်းတာတစ်ခုက ဆရာမမိုးချိုသင်းကို မိုးမိုး(အင်းလျား)တို့ မစန္ဒာ တို့အရွယ်လောက်လို့ ငယ်ငယ်ကတည်းကထင်ခဲ့တာ၊ ဒီဘလော့တွေ မဖတ်ခင်ထိပဲ၊ ခုမှ ကျွန်မတို့နဲ့ သိပ်မကွာမှန်းသိတာ။ :D။ နောက်ပြီး သီချင်းနှင်းဆီစာအုပ်ရဲ့ရှေ့ဆုံးမှာလား ကြည်အေး=ဂျူး=မေငြိမ်း လို့ ရေးထားတော့ ဆရာမအပေါ် ခိုးလိုးခုလုဖြစ်သွားခဲ့ဖူးတယ်။ စာဖတ်သူကောက်ချက်ချရမယ့်ဟာကို ကိုယ့်ဘာသာ ရေးရပါ့မလားဆိုပြီးတော့လေ....:P ခု ဆရာမဘလော့ကို ဖတ်မှ ထုတ်ဝေသူလက်ချက်မှန်းသိတာ.

တန်ခူး said...

ဒီတခေါက်ပြန်ရင် မ ပြောတဲ့လမ်းလေးတွေ ပြန်လျှောက်ကြည့်ဦးမှ…
မီးခိုးငွေ့ မီးခိုးမျှင် နဲ့ ကောင်းကင်နိဒါန်းကို မဖတ်ဖူးဘူး…
ပကတိမြားကတော့ တော်တော်ကို ဟော့သွားတာ… သူငယ်ချင်းတွေကြားထဲ အများကြီးပြောဖြစ်ခဲ့တဲ့ ၀တ္ထုပေါ့…
ကိုယ်ဝန်ဆောင်ပုံလေးတွေက ချစ်စရာနော်… ယောင်္ကျားလေးကိုယ်ဝန်လွယ်ထားရပေမယ့် မ က အရမ်းနုတာပဲ… ကျွန်မဆို သားကိုယ်ဝန်လွယ်တုန်းက အရမ်းရုပ်ဆိုးတာ…

မေငြိမ်း said...

ဟုတ်တယ်နော်..ရွာသားလေးရေ.. လူတွေမှာ အဲလို environment တွေ ရှိဖို့ လိုတယ်ထင်တာပဲ။ ငြိမ်းချမ်းအောင်ရေ..ခုတော့ ပုံပြင်ပြောရသလို ဖြစ်နေပြီထင်ပါရဲ့။
ရှင်မင်းညို... စိတ်ရှည်လက်ရှည်ဖတ်တာ ကျေးဇူး။
ချိုသင်းရေ.. လူက စွာစွာနဲ့ လိုက်တာပေါ့..ဟဲဟဲ။
ညီလင်းရေ.. အဲဒီအတွေးကတောင် ကဗျာတပုဒ်လောက် ရေးလို့ရပြီ။
ဟုတ်ပ Sin dan lar ရယ်..ထုတ်ဝေသူကြောင့် စိတ်ဆင်းရဲခဲ့ရတာတွေ အများကြီးပါပဲ။
မတန်ခူးရေ.. အဲဒီလမ်းလေးတွေကို တကယ်တော့ ပြန်မတွေးချင်ဘူး.. ငိုချင်လာလို့။ ပကတိမြားကတော့ တော်တော်ပေါက်သလိုပဲ တော်တော်လည်း အငြင်းပွားရတဲ့ ၀တ္ထုပေါ့။ နုတာ လှတာကတော့ နဂိုပါ..ဟီဟီ..။ မတန်ခူးလည်း ထင်လို့ပါ.. အမကတော့ ကိုယ်ဝန်ဆောင်မိန်းမဆို လှတယ်လို့ကို ထင်တာပဲ...။

kkpsk said...

ဆရာမရေ မနွဲ့ဆိုတာ ဒေါ်နွဲ့နွဲ့အေးကိုပြောတာလားဟင်။ ကျွန်တော့်မေမေလား။