မြသီလာအကြောင်း တွေးသမျှ ရေးရသမျှ လွမ်းစရာ တမ်းတစရာတွေဆိုပေမဲ့ ရင်နာရတာတွေလည်း အများသားမို့ ဆက်မရေးချင်တော့ဘဲ ဖြစ်ဖြစ်နေတာ ခဏခဏပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျမ ဘ၀ရဲ့အကောင်းအဆိုး အကြောင်းအကျိုးတွေက မြသီလာနဲ့ ခွဲမရ..။ တကယ်တော့ ကျောင်းသားတိုင်းရဲ့ ဘ၀တွေကိုက မြသီလာရဲ့ ကံကြမ္မာနဲ့ တထပ်တည်း ကျနေရတာပါ။ မြသီလာ သာမှ... မြသီလာ လှမှ... မြသီလာ ကောင်းမှ... မြသီလာ ငြိမ်းချမ်းမှ .. ကျောင်းသားလူငယ်အရွယ်တွေရဲ့ ဘ၀ ဘ၀တွေကလည်း သာမှာ.. လှမှာ.. ကောင်းမှာ.. ငြိမ်းချမ်းမှာ မဟုတ်လား...။ ဒါကြောင့်ပဲ ဆရာအောင်ပြည့်ရဲ့
မြကျွန်း...
သာနေပါ၏။
စိုနေတဲ့ ခေါင်းအုံးလေးနဲ့
ရှိုက်သံတွေ
ဘယ်မှာ ဖွက်ထားခဲ့သလဲ.. ပြော။
ဆိုတဲ့ ကဗျာလေးကို ကျမ ငြိခဲ့တာ။
+++++
တခါတလေ.. ကျမက အတိတ်နဲ့ ပတ်သက်ရင် အတိတ်မေ့ရောဂါ (Amnesia) ဖြစ်ချင်မိတယ်။ ဥပမာ.. ၁၉၉၁ ထဲမှာဆိုရင် ဘ၀အမောထဲ ပင်ပင်ပန်းပန်း လက်ပစ်ကူးခဲ့ရတဲ့ အချိန်တွေကို အတိတ်မေ့ချင်တယ်..။ ကျောင်းကင်တီးထဲ ကျောက်ခေတ်ဆိုတဲ့ အအေးဆိုင်လေး ဖွင့်ခဲ့ဖူးတာကိုလည်း မေ့ချင်တယ်..။ ကိုယ့်လခက သားလေးရဲ့ တလစာ နို့မှုန့်ဗူးဖိုးတောင် အနိုင်နိုင်ရှိခဲ့တာကို မေ့ချင်တယ်...။ ကျူရှင်သင်ရတာကို ကလေးတွေရဲ့ ပိုက်ဆံတွေအတွက် အားနာပြီး မသင်ခဲ့တဲ့အတွက် စားဝတ်နေရေးအတွက် အမြဲ ပူပန်နေခဲ့ရဖူးတာကို မေ့ချင်တယ်..။ ဆင်းဆင်းရဲရဲ ဆရာမမို့ တချို့သောကျောင်းသား ကျောင်းသူတွေက မခန့်လေးစား လုပ်တာမျိုး ရှားရှားပါးပါး ကြုံရဖူးတာတွေကို မေ့ချင်တယ်။ သားကလေး တဘက်.. အလုပ်တာဝန်တွေ တဘက်ကြားက စိတ်လည်း ချမ်းသာ ၀င်ငွေလည်းရတဲ့ လုံးချင်းဝတ္ထုရေးတဲ့ အလုပ်ကို အချိန်ယူပြီး ပင်ပင်ပန်းပန်းလုပ်ခဲ့ရလို့ အိပ်ယာထဲ တလလောက် ပစ်လဲသွားခဲ့ဖူးတာကိုလည်း မေ့ထားချင် တာပါပဲ။ ပြီးတော့ မြသီလာနဲ့ပဲ ဆက်နွယ်နေခဲ့တဲ့ အနာတရတချို့ကလည်း မေ့ထား ချန်ထား ခဲ့ချင်တဲ့အထဲ ပါခဲ့တာပေါ့လေ။
ဒီတော့ မြသီလာရဲ့ အချိန်ကာလတွေနဲ့ ပတ်သက်ရင် ရှေ့မှာပြောခဲ့သလို ကိုယ့်အပေါ် မေတ္တာထားတာ သက်သက်နဲ့ အနားမှာ ရှိခဲ့ကြတဲ့ တပည့်လေးတွေအကြောင်းပဲ သတိရချင် တယ်။ ဆရာကန်တော့ပွဲတွေ ခမ်းနားအောင် အပြိုင်အဆိုင်လုပ်ကြပြီး တကယ့်ကို ရိုရိုသေသေ ထိုင်ကန်တော့ကြတဲ့ အဲဒီတုန်းက တက္ကသိုလ် ကျောင်းသားကျောင်းသူလေး တွေကိုပဲ သတိရချင်တယ်။ (၂၀၀၃ခုနှစ်မှာ ဒဂုံတက္ကသိုလ်ရောက်တော့ ဆရာကန်တော့ပွဲကို ဆရာဆရာမတွေက အစဉ်အလာ မပျက်စေချင်လို့ တိုက်တိုက်တွန်းတွန်းနဲ့ စီစဉ်ကြရတာ တဲ့..။ ကန်တော့ပွဲ လုပ်ဖို့ အလှူငွေကို ကျောင်းသားတချို့ဆီက ကြိုးစားပမ်းစား ကောက်ရတယ် တဲ့.. ကျမ ရှက်နေခဲ့မိဖူးပါတယ်)။ ပြီးတော့ တပည့်တွေနဲ့ အတူတူ မရှိအတူရှိအတူ မုန့်ဆိုင်ထိုင်ကြတာတွေ.. စာအကြောင်း ပေအကြောင်း ထွေရာလေးပါး ပြောကြတာတွေ.. ကဗျာစာအုပ်ထုတ်ကြတာတွေ... အဲဒါတွေကိုပဲ ပြန်သတိရချင်ပါတယ်။
+++++
၉၁ ရဲ့ ဇူလိုင်မှာပဲ စာမေးပွဲတွေ စစ်.. ဆက်တိုက်ပဲ အမှတ်တွေ ခြစ်ကြရ .. ။ စက်ရုပ်တွေလိုပဲ..။ သြဂုတ်မှာ အောင်စာရင်းအထွက်... တဲ့..။ စက်တင်ဘာမှာ ကျောင်းတွေ ပြန်ဖွင့်မှာ.. တဲ့။ အဲဒီ ကြားပိတ်ရက်လေးမှာပဲ ၃နှစ်တာရက်ရှည်ကျောင်းပိတ်ရက်ထဲမှာ စုပုံသွားတဲ့ ၁၀တန်းအောင် တွေကို ၆လ တသုတ်နှုန်းနဲ့ ကျောင်းဖွင့်သွားမှာတဲ့။ Academic Year ကို ၆လစီ သတ်မှတ်မတဲ့..။ အဲဒီတုန်းကလည်း ကျမ ဘုရားတမိပါတယ်။ တက္ကသိုလ်ပညာရေးရဲ့ တနှစ်စာ သင်ရိုးကို ဘယ်လိုများ ၆လနဲ့ တတ်အောင် သင်မလဲပေါ့..။ အဲဒီကတည်းက တက္ကသိုလ်ပညာရေးရဲ့ အဆင့်အတန်းကို ကျမတို့တိုင်းပြည်မှာ လက်လွတ်ဆုံးရှုံးရတော့မယ် လို့ ကျမအပါအ၀င် ဆရာအများစုကြီးက ထင်ခဲ့ကြပါတယ်..။ ဒီလိုနဲ့ ၉၁-၉၂ မှာပဲ ဆူလွယ်နပ်လွယ် ပညာရေးစနစ် စခဲ့တယ် ဆိုရမှာပါပဲ..။
ကျမကတော့ သြဂုတ်လ ခဏ တဖြုတ်လေး အနားရခိုက်မှာ လုံးချင်းဝတ္ထုတအုပ် ပြီးအောင် ရေးခဲ့ပါတယ်။ "အဆိပ်ဖြင့်... မြက်ခင်းများဆီ" ဆိုတဲ့ ပေါ့ပေါ့ပါးပါး ၀တ္ထုလေးပါ..။ ၈လေးလုံးအပြီး ကျောင်းပိတ်ရက်ရှည် ကာလထဲမှာတုန်းက.. အဖေ့ရဲ့ Free Bird Tour Company နဲ့ ခရီးတွေ လိုက်ထွက်ရင်းက ရလာဖူးတဲ့ inspiration ကို ကျောင်းဝန်းကျင်နဲ့ ယှက်နွယ်ပြီး ပြန်ရေးဖြစ်တဲ့ ဇာတ်လမ်းလေးပါ။ (စာအုပ်လက်ခံမရှိလို့ မျက်နှာဖုံးပုံလေး တင်မပေးနိုင်ပါ)။
အဲဒီရက်တွေထဲမှာပါပဲ... ကျမတို့ မဟာဝိဇ္ဇာ ဘွဲ့အတွက် ကျမ်းပြုဖို့ ကျမ်းခေါင်းစဉ်တွေ တင်ရမယ်.. တဲ့။ အဲဒီခေတ်တုန်းက ရွှေဈေး တကျပ်သား ၁သောင်းကျော်ကျော်လောက် ရှိချိန်မှာ Thesis ရေးဖို့အတွက်က စရိတ်စက ဘာဘာ ညာညာက အနည်းဆုံး ၅သောင်းလောက် ကုန်မှာ..။ ကျမ ရတဲ့ လုံးချင်း တအုပ် စာမူခက ၃သောင်း..။ အင်မတန် စိတ်နှလုံးကောင်းပြီး ကျမကို သမီးရင်းလို သဘောထားတဲ့ ယောက္ခမတွေကတော့ အားပေးတယ်.. "သမီး စိတ်မပူနဲ့ .. ပညာရေးအတွက် လုပ်စရာရှိတာ ဆက်သာ လုပ်.. မာမာတို့ ရှိတယ်.." တဲ့။ ကျမအနားက ကျမလို ဘိုင်ကျတဲ့ သူငယ်ချင်းတချို့လည်း ကျမလိုပဲ စိတ်ညစ်ကြတာပါပဲ..။ ဒါပေမဲ့ ဒါက ကြိုသိထားပြီးသား ကိစ္စမို့ ပြင်ဆင် ရင်ဆိုင်ကြရတာပါပဲ..။ (အဲဒီ ရက်တွေထဲမှာပေါ့.. "ရင်ကွဲနာ" ကို ရေးဖြစ်တာ)။
အဲလိုနဲ့ပဲ ၁၉၉၁ ရဲ့ စက်တင်ဘာမှာ ၁၉၉၁-၉၂ ပညာသင်နှစ်အတွက် အတန်းသစ်တွေ ပြန်ဖွင့်ပါတယ်။ အဲဒီနှစ်မှာတော့ ကျမတို့ ဆရာဆရာမတွေကို တာဝန်ပိုင်း နှစ်ချိန် ခွဲလိုက်ပါတယ်။ ကျမက မနက်ပိုင်းဆို သားဝေယျာဝစ္စ လုပ်ချင်တာမို့ နေ့လယ်ပိုင်း ၁၁နာရီကနေ ၄ နာရီကို ယူလိုက်ပါတယ်။ မနက်ပိုင်းသမားတွေက မနက်၇နာရီကနေ နေ့လယ် ၁နာရီအထိပါ။ အဲဒီအခါ ၉၁-၉၂ ဘူမိတန်းတွေနဲ့ လွဲသွားရပြီး (ဘလော့ဂါ ကေသွယ်တို့... ခု Myanmar geology Friend Website လုပ်နေတဲ့ (ကဗျာရေးတဲ့)နေဆူးသစ်တို့ နှစ်ပေါ့..။ သူတို့ကတော့ အဲလို ကျမနဲ့ လွဲသွားတာ ကံကောင်းလို့လို့ ပြောတာပဲ) :) :( ။ ပထမနှစ် ဓာတုဗေဒတန်းခွဲ(၁)ရယ်... ဒုတိယနှစ် ဒဿနိကအတန်းရယ်ကို အတန်းပိုင် ယူရပါတယ်။ အဲဒီ ဒုတိယနှစ် ဒဿနိက အတန်းမှာတော့ စာရေးစာဖတ် ၀ါသနာပါပြီး ကျမနဲ့အတူ ကဗျာစာအုပ်ထုတ်ဖြစ်ခဲ့ဖူးတဲ့ မောင်လွမ်းဝေ(ခု ပေါ်ပြူလာဂျာနယ်၊ ရတီမဂ္ဂဇင်း)က ကျောင်းသား ပေါ့။ ခုတော့ သူလည်း ဆရာပြန်ဖြစ်နေတာမို့ ခုလောက်ရှိ လက်ထောက်ကထိက လောက်တောင် ဖြစ်နေပလား မပြောတတ်ပါဘူး။
ပြီးတော့ ကျောင်းဝင်းလုံခြုံရေး ဂျူတီတွေကလည်း ယူရမပျက်ပါပဲ..။ ဂျူတီစောင့်တဲ့ ခုံတန်းရှည်ပေါ်မှာ ကျမ အိပ်ပျော် ပျော်နေတာကို အဖော်ဆရာမတွေက စောင့် စောင့်ပေး နေရတဲ့ အချိန်တွေပေါ့။ သားက ၇လသား။ လူကောင်အကြီးကြီးက အမေနို့ရော နို့မှုန့်ရော တွယ်တဲ့ အရွယ်။
ကျမ ခမျာ ပိန်ညှောင်ညှောင်နဲ့ တကယ့်ကို ပူပုံပန်း ဖြစ်နေရတဲ့အချိန်...။ ပုံထဲမှာသာ ကြည့်ပါတော့။ တပည့်မလေးတွေတချို့နဲ့ မိန်းထဲမှာ တွေ့တုန်း ရိုက်ထားတဲ့ပုံ။ အဲဒီနေ့က ကျမ ကျောင်းက ခွင့်ယူပြီး မိန်းထဲက စာကြည့်တိုက်ကို Thesis ကိစ္စသွားရင်း ရိုက်ထားတဲ့ပုံမို့ ဆရာမလို ၀တ်မထားတာပါ..။ :P
အဲဒီတုန်းကဆို အလုပ်တွေက ပိ..။ ကျမ်းပြုဖို့က တဘက်..။ အဲဒီရက်တွေထဲမှာ ကျမ မေ့ထားလိုက်ချင်တဲ့ အိမ်ထောင်ရေး အက်ကြောင်းကလည်း ပေါ်လာ... ။ အိုး ရူးမသွားတာတောင် ကံကောင်း..။
+++++
အဲဒီ ကျောင်းပြန်ဖွင့်ရက်တွေကတော့ ကျမတို့ ဆရာဆရာမတွေအတွက် တော်တော် အပြေးအလွှား နိုင်ကြရပါတယ်။ စာသင်နှစ်ကို လျှော့ချပြီး သင်ရိုးကိုတော့ မလျှော့ဘူးတဲ့။ ဒါဖြင့် ဘယ်လိုသင်ကြမလဲဆိုတော့ ဌာန အလိုက် Notes ရိုက်ရောင်းမယ်.. တဲ့။ အဲဒါကို ကိုင်ပြီးသင် တချိန် တပုဒ်နှုန်းတဲ့။ အဲဒီမှာ ပြဿနာက ကျမနဲ့ တွေ့ကြတော့တာပဲ..။ ကျမက စာတပုဒ်ကို ၂ချိန်လောက် ယူသင်တာ။ အမတ်ကြီး သိင်္ဃသူရ် ကျောက်စာအကြောင်း သင်ရင်.. သိင်္ဃသူ့သမီးကျောက်စာ နဲ့ ဖွားစောကျောက်စာလေးတော့ ထည့်ပြောလိုက်ချင်သေးတာ။ ပုဂံခေတ်သူ ခေတ်သားတွေရဲ့ စိတ်နေသဘောထားနဲ့ ပုဂံမြို့ အခင်းအကျင်း လေးတော့ ထည့်ပြောလိုက်ချင်သေးတာ။ ပုဂံနောက်ခံ ဗမာဆိုတဲ့ စရိုက်လက္ခဏာလေးတွေကို တပည့်တွေနဲ့ အတူ စိတ်ကူးပြီး မှန်းကြည့်ချင်သေးတာ။ ဒါပေမဲ့ မဖြစ်နိုင်တော့ပြီ။ စာတကြောင်းစီ ဖတ်ပြ ရှင်းပြရုံနဲ့တောင် အချိန်က လောက်ဖို့ မလွယ်..။
ပိုဆိုးတာကတော့ ကျောင်းသားတွေ သိသိသာသာ စာမလိုက်နိုင် ဖြစ်လာကြတာပါပဲ။ အဲဒီ အကျိုးဆက် ကတော့ ကျူရှင်တွေ ခေတ်စားလာတာပါ..။ ဆရာဆရာမတွေခမျာလည်း စားဝတ်နေရေးဒုက္ခက ကြီးလာကြ..။ ဒီလိုနဲ့ပဲ ကျမအနေနဲ့တော့ ဘယ်လိုမှ လက်မခံချင်တဲ့ အဲဒီအလုပ်ကိုပဲ လက်ခံလိုက်ရ။ ကျောင်းသားဘက်ကလည်း တောင့်တောင့်တတ.. ဆရာဆရာမတွေဘက် ကလည်း ကြောင့်ကြောင့်ကျကျနဲ့ပဲ ကျူရှင်ရေစီးကြောင်းကြီး တွင်ကျယ်လာလိုက်တာ..။ ကျမခမျာလည်း တောင့်မထားနိုင်ရှာတော့ဘဲ မျောပါသွား ခဲ့ရပါတယ်။ အဲဒီအခါ ကျောင်းရက် တချို့ ညနေပိုင်းတွေမှာ ကျူရှင်လိုက်သင်တာမျိုး လုပ်လာရပါတယ်။ ကျူရှင်ယူတာကတော့ ကျမအတန်းက ကလေးတွေမဟုတ်ပါဘူး။
စနေ တနင်္ဂနွေတွေမှာတော့ သားအတွက် အချိန်ပေးရတာရယ်... မြို့ထဲက မိဘအိမ် သွားရတာရယ်.. စာရေးဆရာဘ၀အတွက် မဂ္ဂဇင်းတိုက်တွေ လျှောက်.. လက်ဘက်ရည်ဆိုင် ထိုင်တာတွေရယ်ကို ဝေပုံကျ လုပ်။ အိမ်ပြန်ရောက်တော့ သားဝေယျာဝစ္စ.. (ကလေးကိစ္စကို ယောက္ခမတွေနဲ့ ယောက်မလေးက အချိန်ပြည့် ကူပေးနေကြလို့သာ တော်သေးတာပါ)။ သားက အမေကို မျှော်တတ်တဲ့ အရွယ်လည်း ရောက်လာ ပြီလေ။ အဲဒီတုန်းက ဘယ်လောက် ပင်ပန်း ပင်ပန်း ကျမက ၀တ္ထုတိုလေးတွေတော့လည်း ရေးဖြစ်နေခဲ့ပါသေးတယ်။
အဲဒီ အချိန်တွေထဲမှာပဲ ကျမ Thesis ခေါင်းစဉ်တင်လိုက်ရပါတယ်။ ကံကြမ္မာက ကျမကို ဒီတချီတော့ အလှည့် ပေးသားပါ..။ ကျမ တင်တဲ့ "အလင်္ကာကျော်စွာ ဂီတစာဆို မြို့မငြိမ်း၏ သီချင်းများကို ရသစာပေရှုထောင့်မှ လေ့လာခြင်း.." ဆိုတဲ့ ခေါင်းစဉ်အတိုင်း အတိအကျ မရပေမဲ့ "အလင်္ကာကျော်စွာ ဂီတစာဆို မြို့မငြိမ်း၏ ဘ၀နှင့် ဂီတစာပေ" ဆိုတဲ့ ခေါင်းစဉ်တော့ ကျလာပါတယ်။ (မြန်မာစာမှာက Thesis ခေါင်းစဉ်တင်ရင် ကိုယ်လုပ်ချင်တဲ့ ခေါင်းစဉ်ကျဖို့ မသေချာတတ်လို့ပါ.. ဘယ်လိုထုံးစံလဲတော့ မသိ)။ ကျမက ကံကောင်းချင် တော့ ဆရာအေး (မောင်ခင်မင်-ဓနုဖြူ)က အပြည့်အ၀ ထောက်ခံချက် ပေးလိုက်လို့ပါပဲ။ ပိုပြီး ကံကောင်းတာက ဂီတနဲ့ ပတ်သက်ပြီး ကျွမ်းကျွမ်းကျင်ကျင်ရှိတဲ့အပြင် တပည့်အပေါ် ကိုယ်ချင်းစာ သက်ညှာ တတ်တဲ့ ဆရာ ဦးညွန့်သောင်းက Supervisor ဖြစ်လာလို့ပါပဲ..။ အဲဒီအခါ Thesis ရေးချိန်မှာ ကျောင်းသားအများစု ကြုံရတတ်တဲ့ စိတ်ရှုပ်ထွေးပူပန်ရမှုတွေ အခက်အခဲတွေကို ကျမ သိပ်မကြုံရတော့ ဘူးပေါ့။ ဒီတော့ ၁၉၉၂ ကနေ ၁၉၉၄ အထိ ၂နှစ်အတွင်း Thesis အပြီး ရေးရန်... ပေါ့။
+++++
လှိုင်မြသီလာရဲ့ ၁၉၉၁-၉၂ ပညာသင်နှစ်အစ ၉၁နှောင်းပိုင်းရက်တွေကတော့ ကျမအတွက် ပင်ပန်းပေမဲ့ ကိုယ့်ဘာသာတော့ ပျော်ပျော်နေနေရတဲ့ ရက်တွေပါပဲ။ အဲဒီနှစ်မှာ ကျမရဲ့ ဘူမိက မျောက်ကလေး တွေကလည်း ဒုတိယနှစ်ကို ညနေပိုင်းတက်ရတာမို့ ကျမ ကော်ရစ်ဒါ ဂျူတီ ကျပြီဆို သူတို့လည်း အတန်းအားတာနဲ့ ကြုံပြီဆိုရင် ကင်တီးသွားဖို့ လာခေါ်တော့တာပဲ။ ကျမကတော့ ဂျူတီစောင့်ရင်း အိပ်ပျော်မနေဘူးဆိုရင် ကျမ တာဝန်ကျတဲ့ ခုံတန်းမှာ ဧည့်သည်တွေမပြတ်ပေါ့။
အဲဒီတုန်းက လှိုင်မှာ ကျမနဲ့ ကင်တီး လာ လာ ထိုင်တတ်တဲ့သူတွေက RIT ကနေ လာကြတဲ့... ငထက် (ကဗျာရေးတဲ့ တင်မင်းထက်)... သူရ(ကဗျာရေးတဲ့ သားမွှန်း) နဲ့ ဇော်ကြီး(ချိုတူးဇော်-စတုတ္ထနှစ်မြို့ပြ ကျောင်းသူရိုက်တဲ့ ဒါရိုက်တာ)ရယ်... ဗလ(ဗိသုကာ) ရယ်... တခါတလေ မောင်အံ့ (ကဗျာရေးတဲ့ မောင်နန္ဒ) ပါပါလာတယ်။ ဆေးတက္ကသိုလ်ကနေ လာ လာ လည်တတ်တာက မင်းခိုက်စိုးစန်၊ လှိုင်မှာ ကျောင်းတက် နေကြတဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ ဧထက်.. ရှင်ဒေ၀ီနဲ့ ရာစုသစ်မြစ်ကျဉ်း ကဗျာအုပ်စုတွေ..၊ ပြီးတော့ အဲဒီအချိန်မှာ စာတွေ စရေးနေပြီဖြစ်တဲ့ လူပန့်ငယ်...။ သူငယ်ချင်းဆရာမတွေကတောင် ပြောယူရတယ်။ ငါတို့ကိုလည်း အချိန်ပေးပါဦးတဲ့။
ကျောင်းမှာလည်း အားကစားပွဲတွေနဲ့...။ ကျမ မိန်းဘက်တောင် သိပ်မရောက်ဖြစ်တော့တဲ့ အချိန်တွေပေါ့။ အဲဒီ ၁၉၉၁ရဲ့ ဒီဇင်ဘာ ၁၀ရက်နေ့မှာတော့ အန်တီစုအတွက် ငြိမ်းချမ်းရေး နိုဗယ်ဆုကို သားနှစ်ယောက်က နေအိမ်အကျယ်ချုပ်ခံ အမေရဲ့ ကိုယ်စားအဖြစ် နော်ဝေနိုင်ငံ အော်စလိုမြို့မှာ လက်ခံယူနေတဲ့အချိန်..။ ရန်ကုန်တက္ကသိုလ်ပင်မထဲမှာတော့ အာဏာရှင်တွေကို အမြဲ ခြိမ်းခြောက်နိုင်တဲ့ တက္ကသိုလ်ကျောင်းသားတွေက ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ကို လွှတ်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ စစ်အာဏာရှင်တွေ ထင်သလို ကျောင်းသား တွေက တရားမျှတမှုနဲ့ လွတ်လပ်မှုတွေအတွက် မေ့မေ့ပျောက်ပျောက် နေတတ်ကြသူတွေ မဟုတ်ကြောင်း သက်သေပြလိုက်တာပါပဲ။ ဒီဇင်ဘာ ၁၀ရက်နေ့ကစတဲ့ ဆန္ဒပြမှုက ဒီဇင်ဘာ၁၁ရက်မှာ ကျောင်းသားတွေကို ၀င်ဖမ်းမှပဲ ရပ်သွားခဲ့တာပါ။ (တိုက်တိုက်ဆိုင်ဆိုင် အဲဒီ ဒီဇင်ဘာမှာပဲ အန်တီစုရေးတဲ့ Freedom from Fear စာအုပ်ကို Penguin စာအုပ်တိုက်က ထုတ်ဝေဖြန့်ချိခဲ့ပါတယ်)။
ပြီးတော့ အဲဒီ ဆန္ဒပြပွဲမှာ ပါခဲ့တဲ့ အမှုနဲ့ ကျောင်းသားတွေကို အဆောင်တွေမှာ ၀င်ဖမ်းတာ အယောက် ၂၅၀ကျော်ပါသွားပြီး ဒဂုံဆောင်မှာ နေတဲ့ Geology က ကျောင်းသားတွေကို ၀င်အဖမ်းမှာတော့ အယောက် ၅၀ကျော်အဖမ်းခံလိုက်ရပါတယ်။ အဲဒီထဲမှာ ကျမသား နေလင်းအပါအ၀င် Geology က ကျောင်းသား ၁၀ယောက်လောက်ဟာလည်း ထောင်ဆယ်နှစ် အမိန့်ချ ခံခဲ့ရပါတော့တယ်။ အဲဒီ လှုပ်ရှားမှုနဲ့ပဲ စာရေးဆရာမ ခက်မာလည်း အဖမ်းခံရ.. ထောင်ဒဏ် အနှစ်၂၀ဆိုပြီး အမိန့်ချခံခဲ့ရတာပါ။ အဲဒီလှုပ်ရှားမှုကို နိုင်ငံရေးအသိုင်းအ၀ိုင်းက 10D လို့ ခေါ်ကြပါတယ်။ ကျောင်းသားတွေရဲ့ မပြီးဆုံးနိုင်တဲ့ တိုက်ပွဲတွေပေါ့ ........................ ဒီလိုနဲ့ပဲ ကျောင်းတွေ ပြန်ပိတ်သွားရပြန်ပါတော့တယ်။
+++++
15 comments:
စာရေးဆရာမ ခက်မာ ဘာလို့စာဆက်မရေးလဲမသိဘူးနော်။
သူရေးတဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်း အတိုလေးကို အရမ်းကြိုက်တယ်။
g... သူက ခုထိ စာရေးတဲ့အလုပ်တခုတည်းနဲ့ပဲ ရပ်တည်နေတာပါ..။ စာတွေ ဆက်တိုက်ရေးနေတာ တွေ့နေရပါတယ်။
အာ- အဲလိုပြောပါနဲ့ မမေငြိမ်းရယ်။ ကျမတို့က.. တကယ့်ကို ကွက်တိ လွဲသွားလိုက်တာ.. ကျမတို့နောက်တန်းလည်း ပြန်သင်ရတယ်နော်။ အတန်းငယ်ညီမ တယောက်ကပြောတယ်..ကန်န်တင်းမှာ ဆရာမ မေငြိမ်းနဲ့ လက်ဖက်ရည်သောက်ပြီး စကားပြောရတာ..တကယ့် အခွင့်အရေးပဲတဲ့။း)
ဆုံဖြစ်ရင်တောင်.. အဲဒီတုန်းက..ကျောင်းမပျော်လေး ဖြစ်နေခဲ့လို့.. အမ နဲ့ခင်မိသိမိမှာ ဟုတ်ဘူးထင်ပါရဲ့။နေဆူးသစ်ကတော့..အဲဒီအချိန်..ဒဂုံဆောင်ကနေ..အိပ်မှုံ စုန်မွှားနဲ့.. ထလာပီး..စာအုပ်ကလေးတအုပ် လိပ်ကိုင်ရင်း.. အတန်းတွေကြိုကြားကြိုကြား လာတတ်လေ့ရှိတော့.. အမနဲ့သိခဲ့တာနေမယ်။း)
ဆရာမရေ
သိပ် စိတ်ပင်ပန်းခဲ့ရတဲ့ အချိန်တွေပေါ့။
အဖေလဲ အဲဒီ ၉၁ ဒီဇင်ဘာ ၁၁ရက်မှာ အဖမ်းခံရတာပဲလေ။
ကေကေကလည်း ချစ်လို့ စတာ စိတ်ဆိုးလားလို့ :D
တကယ့်ကို ကွက်တိလွဲတာ ဟုတ်တယ်။ နေဆူးသစ်ကတော့ ကဗျောင်ဆယောင်ချင်းဆိုတော့.. ဆုံကြလေသည်ပေါ့..။ ကေတို့နောက် ဘူကြီးတို့ ဂျေကြီးတို့ အောင်ကြီးတို့ Batch ကနေ နောက်ဆုံ ၁၉၉၄- ၁၉၉၅ ထိ ၃တန်းဆက်တိုက်လည်း Geology ကိုပဲ ဆက်သင်ရတာလေ..။ အဲဒါလေးတွေလည်း ရေးဦးမှာ ရွှေကေရေ..။
ဟုတ်တယ်ချိုသင်းရေ.. အဲဒီ ၁၁ရက်မှာပဲ ချိုသင်းလည်း မိန်းထဲကနေ စိတ်တွေတိုလို့ ငိုပြီး ထွက်ခဲ့ရတာလို့ တခြားကလေးတွေက ပြန်ပြောပြကြတယ်။
ကျောင်းတွေပိတ်ပြန်ပြီ အကျိုးဆက်ရလာဒ်ကတော့ အခုကျနော်တို့ဘ၀တွေပေါ့ ဆရာမရယ်...
ကိုလွမ်းဝေနိုင်က ခု ရတီမှာရော ပေါ်ပြူလာမှာပါ မရှိတော့ပါဘူး...လျှပ်တပြက်မှာပါ...
ကျောင်းကလည်းထွက်လိုက်ပါပြီ...ကလေးတွေကို
philosophy အသစ်တွေပေးမိမှာစိုးလို့ထင်ပါရဲ့...
ချာမ.. အာစီတူးက ဆရာမခန်းထဲ တွေ့တော့ အသက်တူတူကို သမီးထင်နေသေးတာလေး ဘာလို့ထည့်မရေးလဲ .. များတို့က နုတာ အဲလိုလေ..ဟဟ
အဲဒီတုန်းက အနှစ် ၂၀ က ခက်မာတယောက်တည်းတော့ မဟုတ်ဘူး။ များတယ်နော်။ နာမည်မမှတ်မိတာတွေ ရှိသေးတယ် ။ ဒီစာဖတ်ရတော့ သတိရလိုက်တာ ။ ပြန်ထွက်လာတော့ ခက်မာဝတ္ထုတချို့ ဆင်ဆာ လွတ်ခဲ့တာ ခုထိသတိရသေး။ သူ ထောင်အကြောင်း မခြူးအကြောင်းရေးတာလေးတွေ လေ နော်...
နောက်ပိုင်းတွေမှာ ထူးမြတ်ကြီး ကြက်ကြော်တွေ နေ့တိုင်းအများကြီးစားတာ ထည့်ရေးပါဦး။
ရွာသားလေးရေ..ဟုတ်တယ်.. ပိုပိုဆိုးလာတာတွေအကြောင်း စိတ်အားတင်ြးီ့းတော့ စောင့်ဖတ်နော်..။ အမတော့ ရေးလိုက် ငိုလိုက်.. ငိုလိုက်ရေးလိုက်နဲ့..။
မနော်ရေ.. ဟုတ်မှာ ..ဒီလိုတော့လည်း တိုးကြီးက အမြင်မှန်ရသားး။ မဟုတ်ရင် နောင်လာမယ့် Philosophy တွေအတွက် မတွေးရဲဘူး :D
အဟင့်.. ဒေါ်ခင်မင်းဇော်...။ အသာလေး မသိမသာ ထားထားတာကို သူကဖော်တယ်..။ မှတ်မိပါသေး။ အဲဒီတုန်းက ဒေါ်ခင်မင်းဇော်က မြန်မာစာဌာနကို လာတော့ သူငယ်ချင်းဆရာမက မိတ်ဆက်ပေးတာ။ ဒါ... ငါတို့ ပုသိမ်ကပဲတဲ့..။ ကြည့်လိုက်တော့ ဖြူဖြူဖွေးဖွေး ရေဆေးငါးး အဲ.. ဟုတ်ပေါင်.. တရုတ်မလေးတယောက်။ ဘာရမလဲ အားရပါးရ ဖော်ဖော်ရွေရွေ ပြန်နှုတ်ဆက်ပေး လိုက်တယ်။ တွေ့ရတာ ၀မ်းသာတယ်နော်..သမီး.. နောက်လည်း လာလည်..လို့။ ဟီးး နောက်ကျမှ သိတော့ သူက ကိုယ့်ထက် တပတ်ထဲငယ်တာ...တဲ့။ အဟင့်။ နောက်တော့ နောက်တော့ အင်မတန် အစပ်တည့်.. အင်မတန် တူတာတွေ များတဲ့ သယ်ရင်းတွေဖြစ်သွားတာ.. ခုထိ.. အဲဒါလည်း ရေးဦးမှာ..။ (ဟေ့ရောင်.. အချစ်ဆုံးတွေ ကိစ္စလေ... သိတယ်မို့လား... ဟဲဟဲ..။ မရေးစေချင် နှုတ်ပိတ်ခပေး...):D
မစိုး၇ိမ်နဲ့ ဆ၇ာမေ၇့.....
ကျွန်တော့်မိန်းမတောင် ကျွန်တော် နဲ့ ပထမဆုံးနူတ်ဆက်တော့ "သား" လို့ခေါ်တာ....
ဟီး..ဟီး
ဆရာမရေ.... အမှတ်(၁၉) ဖတ်ချင်လှပြီ... ဂျေကြီးတို့၊ ဖြူကျော်တို့ ချယ်ရီတို့.... ... ..... ... (တိုးကြီးကိုတော့ ကျနော် အရမ်းကြောက်..... :D)
သူရ (သားမွှန်း) က နောက်ပိုင်းကျ သူ့ကလောင်က တမျိုးကြီးပဲဆိုလို့။ ကျွန်တော်က သူရတာ မကောင်းဘူး ကိုရလို့ ပြောင်းလို့ အကြံပေးလိုက်မိတယ်။ နာမည်က စီးသွားလား မသိ၊ ခုတော့ ကိုယ်ရဖို့ပဲ လုပ်နေတယ် ကြားတယ် .. :P
ငထက်
ဟီး. တီကတော့ ချောနေတာပဲ .. ရည်းစားတွေ ဘယ်နှစ်ယောက် ရှိသလဲ မသိကျောင်းတော်ကြီးမှာ..း)
ပုံထဲမှာ ဘယ်သူပဆရာမ ဘယ်သူကကျောင်းသူ ခွဲမရပါလား။
(မုန့် ကျွေးနော်)
မ ရေ… သားလေးက မ မျက်လုံးလေးတွေ ရထားတာနော်… ချစ်စရာလေး… ခုတော့ လူပျိုကြီးဖားဖားပေါ့… ကိုယ်ပါ စီးနင်းလိုက်ပါခဲ့ဘူးတဲ့ မြသီလာနေ့ ရက်တွေမို့  ပိုလို့ များခံစားရလား မသိဘူး မ ရယ်… ခက်မာ ကို အရမ်းကြိုက်ပါတယ်…
Post a Comment