Nov 12, 2008

မြသီလာအလွမ်းပြေ(၁၆)

၁၉၉၁နှစ်ဆန်းစ နေ့ရက်တွေဟာ ကျမအတွက်တော့ စိတ်လှုပ်ရှားစရာပါပဲ။ ကျောင်းကနေ မီးဖွားခွင့်လည်းရပြီ။ သားဖွားမီးယပ် အထူးကုဆရာဝန်မကြီး ဒေါက်တာဒေါ်စမ်းရီက Due Date ပေးတာ ဖေဖော်ဝါရီ ၂၇။ ကျမက Ultra Sound မရိုက်။ အနားမှာ ရှိတဲ့ သူငယ်ချင်း ဆရာဝန်လောင်း တွေက အားပေးတယ်။ မရိုက်နဲ့ ကောင်းတယ်တဲ့။ ကျမဗိုက်ကြီးက အကြီးကြီးပဲ..။ ဒါပေမဲ့ ကျမ သိပ် နေလို့ ကောင်းတယ်။ ကျန်းမာရေး သိပ်ကောင်းတယ်။ အဲဒီ မီးဖွားခွင့်ကာလထဲမှာပဲ ကျမ မီးခိုးငွေ့မီးခိုးမျှင်ကို အပြီး ရေးတာပါ။ ညနေဆို ကျောင်းတပတ် လမ်းလျှောက်.. ကျောင်းရှေ့က ရေပန်းစင်မှာ တမေ့တမောထိုင်ရင်း တွေးရင်း မီးခိုးငွေ့ မီးခိုးမျှင်ကို အပြီးသတ်နိုင်ခဲ့တာပါပဲ။

(မျက်နှာဖုံးဒီဇိုင်း- မောင်သီဟ ပါ)

ပြောသာပြောတာ.. ကျမက မီးခိုးငွေ့မီးခိုးမျှင်ကို ရေးရတာ စိတ်အပင်ပန်းဆုံး။ ပြီးတော့ ကိုယ့်ဘာသာ ပြန်ပြီး အကြိုက်ဆုံး ဖြစ်တဲ့ ၀တ္ထု။ အဲဒီထဲက ဇာတ်ကောင်က Psychosis Character... ကျမသူငယ်ချင်း အက်စ် ခိုင်ငြိမ်း စိတ်ဆိုးလောက်တဲ့ ဇာတ်ရုပ်ပေါ့.. သူကတော့ စိတ်မဆိုးရှာပါဘူး။ အဲဒီထဲက ဇာတ်လိုက်နာမည်က ခိုင်ငြိမ်းလေ.. :P ။ (နောက်ပိုင်း အဲဒီဝတ္ထုကို ဒါရိုက်တာ တယောက်က ရုပ်ရှင်ရိုက်ဖို့ စီစဉ်ဖူးတယ်.. ဒါပေမဲ့ စိစစ်ရေးက တကယ့် Theme ကိုမှ ပြင်ခိုင်းတာ.. ပြင်မပေးနိုင်လို့ မရိုက်ဖြစ်ခဲ့တော့ပါဘူး)။ အဲဒီ ၀တ္ထုပြီးတော့ ဖေဖော်ဝါရီ လလယ်..။ ဒီလိုနဲ့ Due date ဖေဖော်ဝါရီ ၂၇ရက်နေ့ကို ရောက်လာတယ်။ မှတ်မှတ်ရရ Due date က တပေါင်းလပြည့်ည...။ အဲဒီနေ့မှာ ကျမက နည်းနည်းလေးမှတောင် သရိုးသရီမဖြစ်။ ပြီးတော့ ရွှေတိဂုံဘုရားသွားချင်နေတာလည်း အလွန်အမင်း...။

မာမာ(ယောက္ခမ)က မလုပ်ပါနဲ့ သမီးရယ်လို့ တား..။ ကျမက သွားချင်..။ သူကတော့ ထုံးစံအတိုင်း ကိုယ့်ဘာသာ ရင်ဆိုင်နိုင်ရင် တာဝန်ယူနိုင်ရင် ကြိုက်တာလုပ်ပေါ့..။ အဲလို..။ နောက်ဆုံးတော့ ကျမတို့ ရွှေတိဂုံဘုရား တက်ဖြစ်သွားပါတယ်။ တက်တာမှ ဓာတ်လှေကားနဲ့ မဟုတ်..။ ရိုးရိုးလှေကားနဲ့။ ကိုယ်ဝန်က နေ့စေ့လစေ့..။ တခုခုဖြစ်လို့ကတော့ ဘယ်သူမှ သနားမှာမဟုတ်တဲ့ အလုပ်ပေါ့။ ဘုရားဖူးပြီး အနောက်ဘက်မုခ်ကနေ ပြန်ဆင်း.. အုန်းစိမ်းရည်သောက် (ကိုယ်ဝန်ဆောင်က အုန်းစိမ်းရည် သောက်ရတယ် ဆိုလို့)။ အိမ်ပြန်...။

ဒီနေရာမှာ ကျမနဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေကို ကျမ ပြောပြဖူးလို့ သိနေတဲ့ အဖြစ်အပျက်လေးတခု ပြောပြချင်ပါတယ်။ အိမ်အပြန် ကျောင်းဝင်းဝရောက်တော့ ည ၁၀နာရီကျော်ပြီ။ ကျောင်းဝင်းက အမြဲတမ်းကလိုပဲ လူရှင်းနေတာပေါ့။ နှစ်ယောက်သား ထုံးစံအတိုင်း Block ရှေ့ကနေဖြတ်... ရေပန်းအ၀ိုင်းကို ဖြတ်ထွက်.... ပြီးတော့ ဗိသုကာဌာနဘက်ဆင်းတဲ့ စကြံ င်္လှေကားဆီ အလာ..။ သီရေတာတွေရှိရာ အမှောင်ဘက်ကနေ ခရေပင်တန်း လမ်းလေးအတိုင်း ရုပ်ရည်သန့်သန့် လူငယ်လေး တယောက် လမ်းလျှောက်လာနေတာ တွေ့လိုက်ရပါတယ်။ ကျမတို့ နှစ်ယောက်လုံး ဘသူများပါလိမ့်လို့ တွေးမိလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ RIT ၀င်းလေးက ၀န်ထမ်းတွေရဲ့ ရွာလေးတရွာလို ဖြစ်နေတာမို့လို့ ၀င်းထဲမှာ နေတဲ့သူတွေအချင်းချင်း တယောက်နဲ့ တယောက် သိပ်သိကြပါတယ်။ ခု လမ်းလျှောက်လာတဲ့ လူငယ်လေးကိုတော့ ကျမတို့ နှစ်ယောက်လုံး မသိကြပါဘူး။ ကျောင်းပိတ်ရက်မို့ ကျောင်းသားလည်း မဖြစ်နိုင်ပါဘူး။ ပြီးတော့ ထူးခြားတာက သူက ကျမတို့နဲ့ ခဲတပစ်သာသာလောက်ပဲ ဝေးပေမဲ့ ကျမတို့ကို နည်းနည်းမှ လှမ်းမကြည့်ဘူး။ သူ့မျက်နှာကလည်း နည်းနည်း နွမ်းနေသလိုပဲ။ သူ့အမူအယာက ကျမတို့ကို မမြင်ဘဲ သူ့စိတ်ကူးနဲ့သူ လျှောက်သွားနေသလိုမျိုး။

အဲဒီခဏလေးမှာပဲ ရုတ်တရက် ကျမတကိုယ်လုံး ကြက်သီးတွေ ဖြန်းကနဲ ထသွားပါတယ်။ ပြီးတော့ ခန္ဓာကိုယ်ထဲ စိမ့်ကနဲ...။ တမျိုးကြီးပဲ.. ကျမ တခါမှ အဲလို မခံစားရဖူးပါ။ ဆောင်းညမို့ ရုတ်တရက် ချမ်းသွားသလားလို့တောင် ကျမတွေးလိုက်ပါသေးတယ်။ ကျမတို့ နှစ်ယောက် လည်း အဲဒီအချိန်လေးအတွင်းမှာ စကားမပြောဖြစ်ပါဘူး။ အဲဒီအချိန်မှာပဲ ခုန လူငယ်လေးက ခရေလမ်းကလေးကနေ မီးတွေလင်းနေတဲ့ ပင်မဆောင်ကြီးဆီ ၀င်တဲ့ တံခါးပေါက်လေးဘက်ကို ချိုးဝင်လိုက်ပါတယ်။ အော.. အစောင့်ဝန်ထမ်း အသစ် ဖြစ်မယ် လို့ ကျမ တွေးလိုက်ပါသေးတယ်။ သူကတော့ ပင်မဆောင်ထဲ ၀င်သွားပါပြီ။ ကျမတို့နှစ်ယောက် လည်း စကြံ င်္ လေးအောက် ရောက်ပါပြီ။ အဲဒီအချိန်မှာပဲ ကျမတို့ နှစ်ယောက် တိုင်ပင်ထားသလို ၀င်ပေါက်တံခါး လေးဆီ နောက်ပြန်လှည့်ကြည့်လိုက်မိချိန်မှာတော့ ကျမတို့နှစ်ယောက် လက်ဆွဲပြီး လှေကားကနေ အပြေးတပိုင်း ဆင်းခဲ့ကြတော့တာပါပဲ။ ဘာလို့လဲဆိုတော့ ၀င်ပေါက် သံဘာဂျာတံခါးက သော့ခတ်ပိတ်ထား လျက်ကြီး ရှိနေပြီး အထဲမှာ လျှောက်ဝင်သွား တဲ့ သူလည်း တယောက်မှ ရှိမနေလို့ပါပဲ..။

တကယ်တော့ လူတယောက်ဝင်မယ်ဆိုရင် တံခါး သော့ဖွင့်ရမယ်.. သံတံခါးကို ဆွဲဖွင့်ရ ဦးမယ်.. ပြီးတော့ ၀င်သွားတဲ့သူ လမ်းလျှောက်သွားတာကို စကြံ င်္တလျှောက် မြင်ရဦးမယ်...။ အမလေး... ခုတောင် ကြက်သီးထ လာသေး။ ကျမတို့နှစ်ယောက် ဘာစကားမှမပြောနိုင်ဘဲ အပြေးတပိုင်းလာခဲ့ကြတာ အိမ်ရောက်တဲ့ အထိပါပဲ။ ကျမတကိုယ်လုံး ချွေးတွေ ရွှဲလို့..။ အိမ်က လူတွေက အံ့သြလို့။ ဒီနှစ်ယောက် ဘာဖြစ်လာလဲပေါ့။ ကျမတို့ နှစ်ယောက်ပြောပြတော့ အိမ်က အဖွားက အဲဒါကြောင့် ကိုယ်ဝန်ဆောင် ညမထွက်ပါနဲ့ ပြောတာ.. ငြိမ်းက နားမထောင်ဘူး.. ဘာ.. ညာ.. ပေါ့။ အိမ်က အလုပ်လုပ်တဲ့ ကောင်မလေး ကတော့ လူတွေပြောနေတာပဲ... ညည သရဲခြောက်တယ်ပေါ့..။ ကျမကတော့ အံ့သြနေတာ ပါပဲ..။ သူက ပိုဆိုးသေး.. ဒါမျိုး အယုံအကြည်မရှိ.. ကြောက်လည်း မကြောက်တတ်တဲ့ သူတွေက ဖြစ်စရာလားပေါ့...။ အမောပြေမှ ကျမတို့နှစ်ယောက် စိမ်ပြေနပြေ ပြန်ပြောဖြစ်ပါတယ်။ ကောင်လေးက ဖြူဖြူသွယ်သွယ်လေးပေါ့..။ လည်ကတုံးအင်္ကျီအဖြူ ပလေကပ် ပုဆိုး အပြာကွက်လေးနဲ့ပေါ့။ အမလေး မျက်စေ့ထဲက မထွက်ဘူး.. ပေါ်တင်ကြီး ပေါ့..။ နှစ်ယောက်လုံး မြင်တာ အကုန်တူတူ..။ တကယ် စင်းစင်းကြီး။ ကျမ စိတ်ထဲ ခုထိ အဲဒီမြင်ကွင်းမမေ့ပါ။ အဲဒီအဖြစ်အပျက်ရဲ့ နောက်ဆက်တွဲကို နောက်မှာ ဆက်ပြောပါ့မယ်။

+++++

ဒီလိုနဲ့ မတ်လထဲရောက်လာတဲ့အထိ အထဲက မောင်ထူးမြတ်က တုတ်တုတ်မှ မလှုပ်..။ ဗိုက်ကြီးကလည်း ကြီးလှပြီ။ လမ်းလျှောက်လို့တောင် မကောင်းချင်တော့။ ဒီလိုနဲ့ Due Date ကျော်တာ နှစ်ပတ်ရှိလာတော့ ပြဿနာက ကျမ ဗိုက်အပ်ထားတဲ့ အိုဂျီက ခွင့်ယူသွားပါတယ်။ ကိုယ်ဝန်ကလည်း Over Due ဖြစ်လာပြီ။ နောက်ဆုံးတော့ သူငယ်ချင်း(ဆိုပေမဲ့ ကျမထက်တော့ အသက်ကြီးပါတယ်) စာရေးဆရာ လင်း-ဆေး(၁)(ဒေါက်တာသန်းထွဋ်)ကို တိုင်ပင်ရပါတယ်။ ကိုသန်းထွဋ်က ဆေးရုံတက်လိုက်တော့တဲ့။ ဒါနဲ့ ကိုသန်းထွဋ်တာဝန်ကျတဲ့ အရှေ့ပိုင်းဆေးရုံမှာ ဆေးရုံတက်ရပါတော့တယ်။ အဲဒီနေ့က မတ်လ၁၁ရက် တနင်္လာနေ့၊ ၁၀တန်းစာမေးပွဲတွေ စလို့ မြန်မာစာဖြေတဲ့ နေ့ပါ။ ဆေးရုံးရောက်တဲ့အထိလည်း ဗိုက်က ဘယ့်နှယ်မှမနေသေးတာမို့ ကိုသန်းထွဋ်က ဓားပြင်နေပြီ။ (သူက Surgery တက်နေတာဆိုတော့ :P)။ ခွဲမယ်ပေါ့..။ ကျမက ရိုးရိုးပဲ မွေးချင်..။ ဘုရားစာတွေ ဆို.. ဆုတွေ တောင်းပေါ့..။ ဒါပေမဲ့ ဗိုက်ကနာရိပ်တောင်မပြတော့ ခွဲမယ့်စာရင်းထဲတောင် ထည့်ထားပြီ။

ညနေ ၄နာရီလောက်ကျတော့ ဗိုက်က နာချင်သလိုလို ဖြစ်လာပါတယ်။ ကိုသန်းထွဋ်ရေ.. နာပြီဗျ.. ဆိုတော့ ကိုသန်းထွဋ်က ဟုတ်လို့လား..တဲ့။ ဒီလောက်နဲ့တော့ မရသေးဘူး..တဲ့။ နောက် နည်းနည်းပိုနာလာ..။ တကယ်နာတာလို့ ကျမပြောတော့ ကိုသန်းထွဋ်က အမလေး ဒီလောက်နဲ့လည်း မရသေးဘူးတဲ့... ပြုံးစပ်စပ်နဲ့စတယ်။ ပြီးတော့ မောင်ထူးမြတ်အဖေနဲ့ လက်ဘက်ရည်ဆိုင် သွားထိုင်ဦးမတဲ့။ အဲဒီအချိန်မှာပဲ ၁၀တန်းစာမေးပွဲ စောင့်ပြီးအပြန် ညနေစောင်းမှာ ကျမဆီ ၀င်လာကြတဲ့ မေမေနဲ့ မာမာ ရောက်လာတယ်။ အဲဒီခဏလေးမှာပဲ ကျမ တကယ် သိသိသာသာ ဗိုက်နာလာတယ်။ မေမေက အားပေးတယ်.. ချွေးပြိုက်ပြိုက်ကျပြီး ဒူးအချင်းချင်းရိုက်လောက်အောင် နာမှ မွေးမှာ.. တဲ့.. အမလေးလေ... အားရှိစရာပါပဲ....။ အင်းး တကယ်ပါပဲ... နှစ်နာရီလောက် အချိန်အတွင်းမှာ ငါတော့ သေတော့မှာပါပဲလို့ ဘယ်နှကြိမ်မှန်းမသိ တွေးမိလောက်အောင် နာပြီး ည ၇နာရီခွဲမှာတော့ ကျမ သားကြီးကို မွေးထုတ်လိုက်နိုင်ပါတော့တယ်။ ကျမ တကယ် မွေးခန်းထဲ ရောက်သွားတော့ လက်ဘက်ရည်ဆိုင် သွားနေတဲ့သူတွေတောင် ပြန်မလာကြသေးပါ။ သားကို ဒေါက်တာသီတာဦးခင် ဆိုတဲ့ တာဝန်ကျ ဆရာဝန်မလေးက ညှပ်ဆွဲပြီး မွေးပေးခဲ့ရပါတယ်။

ပြဿနာကတော့ ကျမက အရပ်၅ပေ၂လက်မမှာ သားဦးက ၈ပေါင်ခွဲ ရှိပြီး အရပ်လည်း ၂၂လက်မဖြစ်နေတော့ ကလေးကြီးလွန်းတာမို့ ကျမ သိပ်ပင်ပန်းသွားတာကြောင့် အချင်းကျတဲ့ အချိန်မှာ သတိလစ်သွားတာပါပဲ..။ ကျမ သတိလစ်သွားချိန် အောက်စီဂျင် ပေးတာ လက်ဦးလို့ တော်သေးတာလို့ သိရပါတယ်။ (အပြင်မှာတော့ မေမေပါ စိတ်ပူပြီး သတိလစ်မလိုဖြစ်သွားလို့ မေမေ့ကို ပြန်ထိန်းရသေးတယ်လို့ မာမာက ပြောပါတယ်)။ ကျမပြန်သတိရလာတော့ ကိုသန်းထွဋ်က မွေးခန်းထဲ ရောက်နေပါပြီ။ ကိုသန်းထွဋ်က ရယ်ပြီး "မေငြိမ်းတို့က တော့ကွာ.. ကလေးမွေးတာတောင် အကယ်ဒမီရှော့တဲ့..။ အဲဒါ သင်္ကြန်မိုးထဲက သီတာသိမ့်သေတဲ့ အကွက်မျိုး.." တဲ့။ ကျမမှာ ရယ်ရသေးတယ်။ အဲလိုနဲ့ မောင်ထူးမြတ်ကြီး လူ့လောကထဲ ရောက်လာတာပါပဲ..၊။ (မြသီလာနဲ့တော့ သိပ်မဆိုင်..ဒါပေမဲ့ သားမွေးတာကြောင့် မြသီလာဘ၀မှာ ဘာတွေ ထူးလဲ ဆက်ပြောမှာမို့ပါ)။

+++++

နောက်တနေ့ ၁၂ရက်နေ့ ညနေ...။ ကျမရဲ့ ကျန်းမာရေးအခြေနေက အလွန်ကောင်းနေပါ တယ်။ ဆေးရုံမှာ ကလေးတချို့ အသားဝါဖြစ်နေကြတယ်.. တဲ့။ သားကတော့ ဘာမှမရှိ.. သိပ်ကောင်းတယ်တဲ့။ သားကို Nurse တွေက ဗလကြီးလို့ ခေါ်ကြတယ်။

(မောင်ထူးမြတ် တစ်လသားပြည့်တဲ့နေ့က)

ကိုသန်းထွဋ်က ဆေးရုံဆင်းချင်လား.. တဲ့။ ဆင်းလို့ရရင် ဆင်းချင်တာပေါ့လို့ ကျမဖြေလိုက်တော့ အိုကေ ..ရတယ်..တဲ့။ ဒါနဲ့ ကျမ ဆေးရုံကဆင်းပါတယ်..။ နောက်တနေ့က ဗုဒ္ဓဟူးနေ့ မတ်လ ၁၃ရက်နေ့။ ကျမက ပါပါ့ကိုပြောလိုက်သေးတယ်။ ကိုဖုန်းမော် ၃နှစ်ပြည့် ကျောင်းက ဘာမှမလုပ်ဘူးလား.. လို့။ ပါပါက လာမယ့် ရုံးပိတ်ရက် စနေနေ့မှာ ဘုန်းကြီးပင့်မယ်... ဆွမ်းကျွေးကြမယ်.. တဲ့။

စနေနေ့မှာတော့ တအိမ်လုံး ကျောင်းပေါ်သွားကြတယ်..။ ဆင်ဝင်အောက်မှာ ပရိတ်လည်း ရွတ်ကြမှာ...တဲ့။ ခဏကြာတော့ ကျမကို သူက လာခေါ်တယ်။ ကျောင်းပေါ် ခဏ လိုက်ကြည့်ပါလား..တဲ့။ ဘာလို့လဲဆိုတော့ .. လိုက်ကြည့်စမ်းပါ.. တဲ့။ ဒါဆိုရင်တော့ တခုခုပဲ ပေါ့...။ တကယ်ဆို ကလေးမွေးထားတာ တပတ်တောင် မပြည့်သေး..။ ကျမကလည်း အပြင်ထွက်ချင်ချင်..။ သားက အိပ်နေတုန်း။ ကောင်မလေးနဲ့ ခဏထားခဲ့ပြီး ကျောင်းပေါ်တက် ခဲ့တော့တာပဲ။ ကျောင်းပေါ်တီကိုအောက် ကျောင်းသားရေးရာဌာနဘေးမှာ ဓာတ်ပုံတွေ အုန်းပွဲငှက်ပျောပွဲ ကန်တော့ပွဲတွေ စီချထားတယ်။ သူက ကျမကို ဓာတ်ပုံတွေရှေ့ ရောက်အောင် ဆွဲခေါ်သွားတယ်။ အဲဒီမှာ မောင်အောင်မွန်(ဇွန် ၂၁ မြေနီကုန်းမှာ အပစ်ခံရလို့ ဆုံးသွားတဲ့ RIT ကျောင်းသား။ ကျမဆရာ တက္ကသိုလ်ဝင်းမွန်ရဲ့သား) ပုံ၊ နောက် ကိုစိုးနိုင်၊ နောက် ကိုဝင်းမြင့်.. နောက်.. ကိုဖုန်းမော်..တဲ့။ အဲဒီ ကိုဖုန်းမော်ဆိုတဲ့ ဓာတ်ပုံထဲမှာ လူငယ်လေးတယောက် မတ်တပ်ကလေး ရပ်လို့.. လည်ကတုံးအင်္ကျီအဖြူ၊ ပလေကပ်ပုဆိုး အပြာကွက်ကလေးနဲ့။ ဘုရားရေ... အဲဒါ.. ပြီးခဲ့တဲ့ တညသားမှာ ကျမတို့ နှစ်ယောက်တွေ့ခဲ့ရတဲ့ လူငယ်လေးနဲ့ တူလှချည်လား...။ ဒါဖြင့်.. သူ ကိုဖုန်းမော်..လား ဟင်..။ ကျမ ကြက်သီးဖြန်းကနဲထပြီး မျက်ရည်တွေ လည်လာမိတယ်။ ကျမစိတ်ထဲ အဲ့ဒီခဏချင်းမှာ ထိခိုက်သွားလိုက်တာ..။ သူ့ခမျာ ကျောင်းကို စွဲလန်းရှာတယ်..ဆိုပြီး။ အဲဒီညနေမှာ ကျမ ခေါင်းတွေကိုက်နေခဲ့တဲ့အထိပါပဲ။ တကယ်ဆို ကျမက ဒါမျိုးတွေ သိပ်မယုံတတ်တဲ့သူ။ ခုထိလည်း အဲဒီအဖြစ်ကို မကြာခဏ သတိရဆဲ..။ ခုတော့ အတူတူ မြင်ခဲ့တဲ့သူလည်း လူ့လောကထဲမှာ မရှိတော့ပြီ။

+++++

သားရှိလာတဲ့ နောက်ပိုင်းကာလမှာ ကျမရဲ့အချိန်တွေ တော်တော် အကုန်မြန်ကြသလိုပါပဲ..။ အဲဒီ ရက်ပိုင်းထဲမှာပဲ မီးခိုးငွေ့ မီးခိုးမျှင်.. စိစစ်ရေးက ကျပါတယ်။ အဲဒီရက်တွေထဲမှာပဲ ပရုဖ်ဖတ်။ သားတောင် ရက် ၅၀ မပြည့်ခင်မှာပဲ... ၁၉၉၁ မေလပထမပတ်မှာ... တက္ကသိုလ်တွေ ပြန်ဖွင့်မယ်လို့ ကြေငြာပါတယ်။ ကလေးတဘက်နဲ့ ပင်ပန်းမှာပေမဲ့ အမှန်အတိုင်း ၀န်ခံရရင် ကျမ ပျော်သွားပါတယ်။ ကျမရဲ့ ပျောက်နေတဲ့ သူငယ်ချင်းတွေ.. တပည့်တွေ... ကျမ ပြန်ရှာရတော့မယ်။ ကွဲကွာနေသူတွေ ပြန်တွေ့ရတော့မယ်။ ကျမ တခုခု သိရတော့မယ်..။

အဲဒီအခါ ကျောင်းဖွင့်ရက်မှာ ကျမ စိတ်လှုပ်ရှားနေခဲ့ပါတယ်။ အဲဒီကျောင်းတွေ ပြန်ဖွင့်တဲ့ နေ့မှာမှပဲ ကျမတို့ ကျောင်းသားစာရင်းတွေ ခွဲပြီး အတန်းတွေ ခွဲကြပါတယ်။ အတန်းခွဲတဲ့အစည်းအဝေးမှာ ဆရာမကြီးက တယောက်ကို ပထမနှစ်တခန်း ဒုတိယနှစ်တခန်း စီ ယူရမယ်တဲ့။ အတန်းတွေ ခွဲကြတော့... မေငြိမ်းက ဘူမိတန်း(Geology) ကို ယူ.. အဲဒီအခန်းက ယောက်ျားလေး အယောက် ၂၀၀ မိန်းကလေး အယောက်၂၀.. ဘယ်နှယောက် ပြန်တက်မလဲတော့ မသိဘူး။ ယောက်ျားလေးများတော့ နည်းနည်းတော့ ဆိုးတယ်..။ ဒီတော့ မေငြိမ်းက ကလေးအမေလည်း ဖြစ်ပြီ။ စွာလည်း စွာတော့ ထိန်းနိုင်မှာ..။ ကျန်တဲ့ ဆရာမအပျိုလေးတွေဆို ထိန်းနိုင်မှာ မဟုတ်ဘူး... တဲ့။ ဒုတိယနှစ်အတွက်တော့ အီးမေဂျာ(English Major)ကို ယူရမယ်တဲ့။ ပြီးရင် ကိုယ်ယူရတဲ့ မေဂျာ ဌာနတွေကို သွားပြီး ကျောင်းသားစာရင်း ယူကြရမယ်.. တဲ့။ ညနေမှာ Time table တွေ ကပ်မယ်။ နက်ဖြန်က စပြီး အတန်းဝင်ကြရမယ်တဲ့။

အဲဒါက ကျမနဲ့ ကျမရဲ့ မျောက်ကလေးတွေ တွေ့ခဲ့ရတဲ့ အစပျိုးပေါ့။ တက္ကသိုလ်က ကျောင်းသားတွေက သူတို့နဲ့ ဘယ်လောက်မှ အသက်မကွာတဲ့ ဆရာမတယောက်ကို အတန်းတွေ ကြီးသွားတဲ့အထိ... အပြင်လောက ရောက်သွားတဲ့အထိ... အသက်တွေ အများကြီး ကြီးသွားတဲ့ အချိန်တွေအထိ.. ချစ်ခင်ရိုသေသွားတယ်ဆိုတာ ဒီဘက်ခေတ်မှာ မရှိတော့ဘူးလို့ ပြောမယ်ဆိုရင်.. အဲဒီ စကားကို ကျမ သေသေချာချာ ပြန် ငြင်းနိုင်ပါတယ်။ အဲလိုငြင်းဖို့အတွက် အကောင်းဆုံးသက်သေအဖြစ် ကျမဘ၀မှာ ခုထိ တပည့်တွေ အများကြီး ရှိနေသေးလို့ ပါပဲ..။ အဲဒီထဲမှာ ဘူမိဗေဒက ကလေးတွေလည်း ပါတာပေါ့..။ မြသီလာမှာ သူတို့လေးတွေ အကြောင်းတွေ ပြောသွားပါဦးမယ်..။

+++++

15 comments:

s0wha1 said...

အန်တီရယ် စိတ်မကောင်းလိုက်တာ။ အဲဒီကျောင်းသား နာမည်တော့ မရေးထားဘူးမလား။

ဒါနဲ့ ထူးမြတ်က ၀၀ကစ်ကစ် ဖြူဖြူလေး...:)

cohtet said...

ကိုအောင်မွန်ဆုံးတာကို မှတ်မိသေးတယ်။ ကျွန်တော်အမေတွေ့ခဲ့ ရတာကို :(

တီချယ်ကြီး မဲဇာရောက်ခန်းပေါ့
T-13 ကိုလား မျောက်ရွာခေါ်သလို၊ အာစီတူး ဘူမိခန်းတွေကို မဲဇာခေါ်တာ အထင်ကရပေါ့။
(ဟုတ်တယ်မဟုတ်လား ဘူမိက မမ များ)

sin dan lar said...

ဆရာမရေ...မောင်ထူးမြတ် ၁ လသားက ၃-၄ လသား လောက်ထင်ရတယ်နော်..ဖြူဖြူ ၀၀လေး

M.Y. said...

နောက်.. ကိုဖုန်းမော်..တဲ့။ ဓာတ်ပုံထဲမှာ လူငယ်လေးတယောက် မတ်တပ်ကလေး ရပ်လို့.. လည်ကတုံးအင်္ကျီအဖြူ၊ ပလေကပ်ပုဆိုး အပြာကွက်ကလေးနဲ့။ ...

ဆိုတော့ ကိုဖုန်းမော်ပဲလား..

ပြီးခဲ့ သမျှ မြသီလာ အပိုင်းတွေထဲမှာ ဒီ ၁၆ က အထိခိုက်ဆုံးပါပဲ။ အမတို့ နှစ်ယောက်တွေ့ ခဲ့တဲ့မြင်ကွင်း ကိုယ်တိုင်ပြန်မြင်ယောင်ကြည့်မိတယ်။ အဲလိုဘယ်နှစ်ယောက်တောင် ကျောင်းထဲမှာ၊ တံတားဖြူပေါ်မှာ လမ်းလျှောက်နေလိမ့်မလဲလို့ ..

ရွာသားလေးဝိုင်တီယူ said...

ဆရာမရေ ကြက်သီးထတဲ့အထိတောင်ဖတ်ရပါတယ်။ တကယ်ပဲဖြစ်ပျက်ခဲ့တာပေါ့။ တခါတလေ ကြုံရတတ်တယ်ဗျာ။ အခုချိန်ထိတော့ ကြက်သီးမွှေးညင်းထနေတုန်းပဲ

Moe Cho Thinn said...

ဆရာမရေ
ဖတ်ရင်းနဲ့ တကယ်ပဲ ကြက်သီးထ မိတယ်။ ကျောင်းသားတွေ သူတို့ ချစ်တဲ့ ကျောင်းကြီးကို စွဲကြတာ ဘယ်ငြင်းနိုင်ပါ့မလဲနော်။ သနားလိုက်တာ။

ဒါနဲ့ စကားမစပ် မောင်ထူးမြတ် တော်လှပါလား အောက်မေ့တာ မတ်လ မွေးတာကိုး :P

ငထက်ရေ ငါတို့က မဲဇာက လှကညာလေးတွေပါ အဟဲ။

MyaungMya LaukPyar said...

ချိုသင်း
ဆ၇ာမကိုမုန့်အ၇င်ဝယ်ကျွေးထား...
မဟုတ်၇င်ဖတ်၇ချည်သေး၇ဲ့....ငှဲ..ငှဲ..ငှဲ

လောက်ဖျား

MyaungMya LaukPyar said...

ငထက်
jealous ဖြစ်နေလား..ha.ha.ha

လောက်ဖျား

ခင်မင်းဇော် said...

သယ်ရင်း..
အင်း အဲလိုမြင်ရတာ နင်ပြန်ပြောပြတာ ငါမှတ်မိနေသေးတယ်။ ကြက်သီးထလိုက်တာနော်။

သမီးစိုးဝှက်ရေ.. မေငြိမ်းမြင်တာက ဓါတ်ပုံထဲက အ၀တ်အစားပဲလေ ဖုန်းမော်ဓါတ်ပုံထဲကအတိုင်း

Ko Paw said...

အခုအချိန်ဆိုရင်တော့ အာရ်အိုင်တီကျောင်းဝန်းထဲသာမက ရန်ကုန်မြို့ရဲ့ လမ်းမတွေ၊ ဘုန်းကြီးကျောင်းတွေမှာပါ စိတ်စွဲလန်းနေရှာသေးတဲ့ ရဟန်းရှင်လူတွေကျောင်းသားငယ်တွေ မပြီးသေးတဲ့ အရေးတော်ပုံတခုကို စိတ်ချလက်ချ မထားရစ်နိုင်သေးဘဲ တရစ်ဝဲလည်လည်နဲ့ လျှောက်သွားနေကြဦးမယ်ထင်ပါရဲ့။ ကျွန်တော်တို့ လွတ်မြောက်မှုနဲ့ သူတို့လွတ်မြောက်မှုလည်း ဆက်စပ်နေပါလိမ့်ဦးမယ်။

သက်ဝေ said...

ဆရာမရေ...

အဲဒီ ကိုဖုန်းမော် ခရေပင်လမ်းမှာ လမ်းလျှောက်နေတဲ့ ဇာတ်လမ်းကို ၁၉၉၁ မေလ ကျောင်းတွေပြန်ဖွင့်တဲ့ အချိန်တုံးက ကြားဖူးခဲ့တယ်...။
အချို့ တွေကလဲ တွေ့ ဖူးတယ် လို့ ပြောကြတယ်...။ စိတ်ထဲမှာ ထိခိုက်ကြေကွဲစရာ ကောင်းလိုက်တာ ပြောဖွယ်ရာမရှိ...။
အခု ဆရာမရေးထားတာ ဖတ်ရတော့လဲ စိတ်ထဲမှာ အဲဒီအဖြစ်တွေကို လောလောလတ်လတ် ပြန်ကြားနေရသလိုဘဲ ၀မ်းနည်းပြီး ငိုချင်နေတယ်...။

Ma Ma said...

ဟုတ်ပါတယ်။ ကိုဖုန်းမော်က ဖြူဖြူသွယ်သွယ်လေးပါ။ Day ကပါ။ ဘောလုံးပွဲရှိလို့ အဆောင်မှာ လာအိပ်တာလို့ပြောကြပါတယ်။

PAUK said...

ဆရာမရေ...
ထူးမြတ်လေးက ထွားလွန်းတယ်နော်..
စန်ဒါလင်းပြောသလို..၃..၄ လသားလောက်ရှိ
တယ်ထင်ရတယ်...
မMCTရေ...
ကျနော်လည်း မတ်လဖွားပဲ..(မုန့်ကျွေး)

gate said...

ဇွန် ၂၁ မြေနီကုန်းမှာကျသွားတာဆရာဝင်းမွန်သားလားဗျား။

MgThar said...

once upon a time in the Uni,
style of sayama may nyein typically,
then I was a contemporary colleagen,
reminiscences remain at heart young & (full of) brim. Style of sayama went exception.