Nov 17, 2008

မြသီလာအလွမ်းပြေ(၁၇)

၁၉၉၁ မေက ပြန်စတဲ့ ကျောင်းဖွင့်ရက်တွေမှာတုန်းကတော့ စစ်အစိုးရက ကျောင်းဝန်းကျင်မှာ နဂိုပုံမှန်အတိုင်း ပြန်လည် ပျော်ရွှင်လည်ပတ်နေသယောင်ယောင် ဖန်တီးပေးခဲ့သားပါ။ ဒါပေမဲ့ ကော်ရစ်ဒါတွေမှာ ကျောင်းဝင်း လုံခြုံရေးဂျူတီ ထိုင်နေရတဲ့ ဆရာ ဆရာမတွေနဲ့ အင်အား တိုးမြှင့်ထားတဲ့ လုံခြုံရေးဝန်ထမ်း ဆိုသူများရဲ့ စောင့်ကြည့်နေမှုတွေအောက်မှာ တကယ်တော့ ကျောင်းဟာ မလုံခြုံတော့တာကို တွေ့နေရပါ တယ်။ ကျမတို့ ဆရာဆရာမတွေအတွက် ကတော့ အပင်ပန်းဆုံးကာလတွေပါပဲ..။ ကျောင်းဝင်းလုံခြုံရေး ဂျူတီဆိုတာလည်း ရှိရဲ့။ ဆရာမတစ်ယောက်က ကျောင်းသားအယောက်၂၀စီကို ဘာမှ ဆူဆူပူပူ မရှိအောင် တာဝန်ယူ အာမခံ ထိန်းရမယ်ဆိုတဲ့ guardianship ဆိုတာလည်း လုပ်ရရဲ့။ အတန်းတွေ အပြေးအလွှားဝင်.. ကျူတိုရီယယ်တွေ အပြေးအလွှားစစ်.. အမှတ်တွေလည်း အပြေးအလွှား ထည့်ရသေး။ ဘယ်လောက် ပင်ပန်းတယ်ဆိုတာ ပြောမပြတတ်အောင်ပါပဲ။

(မှတ်မိသေးတယ်။ အဲဒီတုန်းက ကျမတို့ ကျူတာတွေရဲ့ လစာက ၁၂၀၀..။ သားအတွက် နို့မှုန့်က တဗူး ၃၅၀...။ မောင်ထူးမြတ်က တစ်လကို အနည်းဆုံး ၄ဗူးလောက် ပုံမှန် သောက်နေတဲ့အချိန်)။ ကျမရဲ့ အလုပ်တာဝန်ချိန် စုစုပေါင်းက မနက် ၈နာရီကနေ စလိုက်တာ ညနေ ၅နာရီအထိ.. ကျောင်းမှာ တနေကုန် တောက်လျှောက်..။ အဲဒီ လစာလေးနဲ့ ကျမတို့ အဆင်းရဲခံပြီး လုပ်ခဲ့ကြရတာ.. မတန်တဆ။ အဆိုးဆုံးကတော့ ကျမက သားကလေး တောင် ၂လသားမရှိခင် အဲလို လုပ်ရတာမို့ ပင်ပန်းကြီးလှတာပါပဲ။ အဲဒီ ခံစားချက်လေးကို ၀တ္ထု တောင် ရေးဖူးပါသေးတယ်။

အဲဒီလို ကာလမှာပဲ ဘူမိဗေဒတန်းကို ကျမ တာဝန်ယူရတာပါ။ အဲဒီတုန်းက ဘူမိဗေဒတန်း ဆိုတာက ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်မှာတော့ တော်တဲ့ကလေးတွေ ရှိတတ်တဲ့ မေဂျာတခုထဲမှာ ပါတာပေါ့။ ပြီးတော့ ပြောခဲ့သလိုပဲ မိန်းကလေးကို ယောက်ျားလေးအရေအတွက်ရဲ့ ၁၀ရာခိုင်နှုန်းပဲ ခေါ်တာမို့ တော်တော် မာကျောတဲ့ မိန်းကလေးတွေသာ ဘူမိကို ရောက်တယ်ပေါ့။ ကျမက အဲလို တော်တဲ့ အတန်းကို စာသင်ရတာမျိုး ကြိုက်ပါတယ်။ တခုပဲ စိတ်မကောင်းစရာ ကောင်းတာက ဌာနက စီနီယာများက ဘူမိတန်းက ကလေးတွေကြောင့် ဆရာမတချို့ ငိုရတယ်ဆိုတာမျိုး ပြောကြတာပါပဲ။ ကျမကတော့ အဲလို စိန်ခေါ်ချက် ရှိတာမျိုးကို စိတ်ဝင်စားတတ်ပါတယ်။

(တကယ်တော့ နည်းနည်း ပိုပိုသာသာပြောတာလည်း ပါတာပါ.. ဌာနမှာဆို စီနီယာတချို့က ကျမကို ကြည့်မရဘူး။ ကျမက စွာတယ်ပေါ့.. ဒီတော့ ကျမယူရမယ့်အတန်းကို ဆိုးတယ်လို့ ကျမစိတ်ညစ်သွားအောင် သာသာထိုးထိုးပြောတာမျိုး :P ။ နည်းနည်းပိုဆိုးတာက ကျမကို မြန်မာစာဆရာမနဲ့ မတူဘူးလို့ သူတို့က အမြဲ အပြစ်တင်တယ်။ အဓိကပြဿနာက ကျမက ဆရာမအလုပ်ဝင်ကာစတုန်းက ဆရာမအက်ႌေပၚမွာ ကုတ္အက်ႌ လေးတထည် ထပ် ထပ် ၀တ်တတ်တယ်။ ဘာလို့လဲဆိုတော့ ခါးတို ဗမာအင်္ကျီဝတ်ရတာ စိတ်ထဲ မလုံခြုံလို့။ ခါးသားကြီးပေါ်ပေါ်နေတာ ကျမ မကြိုက်ဘူး။ နောက်တခုက ကျမက ထမီတိုတို ၀တ်လို့။ အဲဒါလည်း အကြောင်းရှိတယ်။ ကျမလမ်းလျှောက်ရင် ခြေထောက် နည်းနည်း ကားပြီး မြန်မြန်လည်း လျှောက်တတ်တော့ ထမီရှည်ရင် ထမီစတရွှမ်းရွှမ်းနဲ့မို့ ခပ်တိုတိုဝတ်တာ။ အဲဒါလည်း လူကြီးတွေက သိပ်သဘောမကျဘူး။ ဒါ့ထက်ပိုဆိုးတာက ကျမက သိပ်ကန့်လန့်တိုက်တယ်လို့ သူတို့က ထင်ကြတယ်။ ဥပမာ ကျောင်းသားတွေကို Roll sheet ယူရမယ်ဆိုတာမျိုးကို ကျမက မလိုဘူးလို့ ထင်တယ်။ တက္ကသိုလ်ဆိုတာ အဲလို လုပ်စရာမလိုဘူး။ ကျောင်းသားတွေက သူတို့အတန်းက တက်မှဖြစ်မယ့် တန်ဖိုးရှိတဲ့ အတန်းလို့ ထင်ရင် တက်မှာပဲလို့ ကျမက ငြင်းတတ်တယ်.. အဲဒါမျိုးတွေပေါ့)။

ဒီလိုနဲ့ အတန်းယူရမယ့် မနက်မှာ ကျမယူရမယ့် ပထမနှစ်တန်းခွဲကို အသွားမှာ အတန်းနဲ့ ကပ်လျက်မှာ ရှိနေတဲ့ ဌာနကို အရင်ဝင်သွားပါတယ်။ ဌာနကို အသွား ကျမ၀င်ရမယ့်အတန်းဘက်လှည့်ကြည့်တော့ တခန်းလုံး ကျောင်းသားတွေ အပြည့်ရှိနေတာ တွေ့ပါတယ်။ ဆူဆူညံညံတော့ မရှိပါဘူး။ အဲဒီတုန်းက ဘူမိဗေဒရဲ့ ဌာနမှူးက ကျမတို့က ဗိုလ်ချုပ်လို့ခေါ်တဲ့ ဆရာဦးကျော်ထင်(စာရေးဆရာမောင်ထင်ရဲ့သား)... ပါ။ ဆရာက ပိန်ပိန်သေးသေးညှက်ညှက်လေး။ (ခုတော့ ဆုံးရှာပြီ)။ ဒါပေမဲ့ ဂျူဒိုခါးပတ်နက် ရထားတာတဲ့ဗျ.. (တကယ်ပဲလား.. နောက်တာလားတော့ မသေချာ... သေချာတာတခုကတော့ ဆရာက တက္ကသိုလ်များ ဂျူဒိုအသင်းရဲ့ ဥက္ကဌ)။ ကျောင်းသားတွေက သူ့ကို ချစ်လည်းချစ် ကြောက်လည်းကြောက် ကြတယ်။

ကျမ ဘူမိဗေဒဌာနထဲဝင်သွားတော့ ဗိုလ်ချုပ်က "ဒေါ်ငြိမ်း ကျောင်းသားစာရင်း လာယူတာလား" တဲ့..။ "ဟုတ်တယ်ဆရာ" ဆိုတော့... "ပြီးရင် ကျနော် ဌာနမှာ လာပေးမယ်..." တဲ့။ "ဆရာကလည်း ကျမ ကူးသွားပါ့မယ်.." ဆိုတော့ "နေပါစေ.. ကျနော် တယောက်ကူးခိုင်းထားပြီ.. လူဆိုးစာရင်းရောပါတယ်.. ဟဲဟဲ.." တဲ့။ ကျမက "ဒါဆိုလည်း လူဆိုးထိန်းလုပ်ရတာပေါ့ ဆရာရယ်"လို့ ပြန်ပြောပါတယ်။ အဲဒီကျတော့ ဆရာက "ကျနော့ မျောက်တွေက အဲလိုဆိုးတာတော့မဟုတ်ပါဘူးဗျာ.. ယောက်ျားလေးများတော့ နည်းနည်းတော့ သောင်းကျန်းတာပေါ့.." တဲ့။ ဆရာ့လေသံက ကိုယ့်သားသမီးဘက်က ရှေ့နေလိုက်တတ်တဲ့ မိဘရဲ့ အသံမျိုး။ ကျမပြန်ပြောလိုက်တယ်.. "ဆရာရယ်.. ကျမ အဆင်ပြေမှာပါ.." လို့။ ဆရာက "အမလေး... ယုံပါတယ် ဒေါ်ငြိမ်းရယ်.." တဲ့။ တကယ်ပဲ အဲဒီအချိန်ကစလို့ ဆရာက ဘူမိဗေဒဘောလီဘောပွဲတွေ ပိုက်ကျော်ခြင်းပွဲတွေ ရှိပြီဆိုရင် "ဒေါ်ငြိမ်း.. ခဗျားမျောက်တွေကို လာကူထိန်းပေးဗျာ .." လို့ ဌာနမှာ လာ လာ ခေါ်တာ။ ကလေးတွေ တခြားမေဂျာက ကလေးတွေနဲ့ ပြဿနာပေါ်လို့ ရုံးခန်းရောက်လည်း ကျမက ကန့်လန့် ကန့်လန့် ပါသေးတာလေ...။ အဲလိုနဲ့ ဆရာ မကွယ်လွန်ခင် နောက်ဆုံးတွေ့ခဲ့ရတဲ့ ၂၀၀၄ နှစ်ကုန်ပိုင်းအထိ ဆရာက ကျမနဲ့ တွေ့ရင် ကျမကို ဘူမိဗေဒမိသားစုဝင်တယောက်လိုပဲ သူ့တပည့်ဟောင်းတွေ အကြောင်း ဘယ်သူ့ တွေ့သေးလား.. ဘယ်သူ့သတင်းကြားသေးလား..နဲ့။ ကျမနဲ့ ပြောမကုန်.. မေးမကုန် ရှိတော့တာ။

တကယ်တမ်း ဘူမိဗေဒတန်းဝင်ပြီဆိုတဲ့အခါကျတော့ ကျမ မျှော်လင့်ထားတဲ့ ဆူဆူညံညံ အသံတွေမကြားရဘဲ ငြိမ်နေတဲ့ ကလေးတွေကို တွေ့လို့တောင် အံ့သြသွားရပါသေးတယ်။ ကလေးတွေဆိုလို့ ပြောရရင် အရပ်ရှည်ရှည် အကောင်ကြီးကြီးတွေတောင် များသေးတာ။ သူတို့ မျက်လုံးတွေကလည်း ကျမကို အကဲခတ်တဲ့ မျက်လုံးတွေ။ တခန်းလုံးပြည့်က ယောက်ျားလေးတွေ။ မိန်းကလေးတွေက အယောက် ၂၀တည်း ရှိတာမို့ ရှေ့ဆုံးက ၂တန်းမှာ ထိုင်လိုက်ရင် ကုန်ပြီ။ အလယ်တန်းနားက နေရာလွတ်မှာ ၀င်ဝင်ထိုင်တတ်တဲ့ မိန်းကလေး ၄ယောက်လောက်တော့ ရှိတယ်။ အဲဒီ ၄ယောက်လုံးက သိသိသာသာ ချောချောလေးတွေ...။ သူတို့လေးတွေကတော့ မိုးချိုသင်းလေး နဲ့ အပေါင်းအပါတစုပေါ့.. :) ။ အံ့သြစရာ ကောင်းလောက်အောင်ပဲ အဲဒီ ကျမနဲ့ သူတို့ရဲ့ ပထမနေ့မှာကတည်းက သူတို့လေးတွေက ကျမစာသင်တဲ့အပေါ် ငြိမ်ငြိမ်သက်သက် စိတ်ဝင်တစား တုံ့ပြန်ခဲ့တာပါ။

နောက်နေ့ ဗိုလ်ချုပ် ဌာနကိုလာတော့ ကျောင်းသားစာရင်း လူဆိုးစာရင်း.. ကျမကို ပြတယ်။ ကျမက "သူတို့က ဘယ်လိုဆိုးသလဲဆရာ" လို့ မေးတော့ ဆရာက ရယ်ပြီး "အမေးအမြန်း ထူတာ အတွန့်တက်တာပါ..." တဲ့။ "အမလေး... ဒီလောက်များတော့" လို့ ကျမ ပြန်ပြောဖြစ် ခဲ့သေး။ ဒါပေမဲ့ တချို့ဆရာ ဆရာတွေကတော့ အဲလို ကျောင်းသားမျိုးတွေကို မကြိုက်တာ ကျမလည်း တွေ့ဖူးပါတယ်။

မှတ်မှတ်ရရ ဘူမိက ကလေးတွေနဲ့ ပတ်သက်ရင် ကျမ တခါ ပတ်ချာရိုက်ဖူးတာ မှတ်မိနေသေးတယ်။ မြန်မာစာအဖွဲ့က အက္ခရာစဉ်စံနစ်တချို့ ပြောင်းလိုက်ပါတယ်။ ဗျည်းတွဲ တူတွေ စဉ်ရာကနေ ဗျည်းအုပ်စုတူ စဉ်တဲ့ စနစ်ပြောင်းလိုက်တာပါ။ ကျမတို့ ဆရာအငယ်တွေ ပတ်ချာရိုက်ကုန်ပါတယ်။ ကိုယ်တိုင် သေချာ လေ့ကျင့်ချိန်လည်း မရှိ။ သိပ်လည်း နားမလည်သေး။ အဲလိုနဲ့ ဘူမိတန်းက အမေးအမြန်းထူတဲ့ ကလေးတွေကြားထဲ ကျမ တခါတလေမှာ ပတ်ချာလည်။ တချို့ကလေးတွေက အဖြေရတာ ကျမထက်တောင် မြန်သေး။ နောက်ဆုံး ကလေးတွေက ရပြီ ဆရာမ.. နောက်မှ ဆက်လုပ်တော့မယ် နော်... စိတ်မပူနဲ့... လို့ ပြန်လျှော့ပေးခဲ့တာ မှတ်မိသေးတယ်။

သူတို့ဆီက အတန်းအပြီးမှာ နောက်အတန်းဆက်တိုက် မရှိတာမို့ သူတို့ စာသင်ချိန်ပြီးပြီဆိုရင် အတန်းထဲကနေ တအုပ်ကြီး ကျမနဲ့အတူ လိုက်ထွက်လာပြီး ကင်တီးထိုင်ကြတာပါပဲ။ တခါတလေ... သင်ခန်းစာထဲက ဆွေးနွေးစရာတွေ ကင်တီးမှာ ဆက်ပြောကြ..။ ဥပမာ... သူရဲကောင်း လဂွန်းအိမ်စကားပြေ သင်ပြီး ထွက်လာတဲ့နေ့ဆို မွန်မြန်မာစစ်ပွဲ ကိစ္စ ဆက်ပြောဖြစ်ကြတာမျိုး..။ တခါတလေတော့ ကဗျာအကြောင်း စာအကြောင်း။ တခါတလေ သူတို့ နှလုံးသားရေးရာတွေအကြောင်း။ သူတို့က မောင်ထူးမြတ်အဖေနဲ့ကလည်း ခင်ကြတော့ တခါတလေ အိမ်ထိ လိုက်လည်ကြပေါ့။ ကျမနဲ့ ကင်တီးအတူထိုင်နေကျ ပုံမှန်တအုပ်စု ရှိနေတဲ့အထိပေါ့။ များသောအားဖြင့် နယ်ကနေ ကျောင်းလာတက်တဲ့ ကလေးတွေက မိဘနဲ့ ဝေးနေတာမို့ ကျမနဲ့ ပို နီးနီးနေတယ်ထင်ပါတယ်။

အဲဒီထဲမှာ ထွန်းထွန်းမြင့်(လပွတ္တာကပါ.. ခုတော့ ဆုံးသွားရှာပြီလို့ ကြားတာပဲ)က စိတ်အပျော့ဆုံး။ ကျမကိုလည်း တော်တော် အားကိုးတယ်။ သူက စခေါ်တာ ကျမကို အမေ...လို့။ (အဲလိုနဲ့ နောက်နှစ် ဘူမိတွေထိ တချို့ကလေးတွေက ကျမကို အမေ... လို့ လိုက်ခေါ်ကြတော့တာ့)။ အဲဒီ ကျမနဲ့ ဘယ်လောက်မှ အသက်သိပ်မကွာပါဘူးဆိုတဲ့.. အင်မတန်ဆိုးတယ်ဆိုတဲ့.. ကျမနဲ့ ကင်တီးအတူထိုင်ဖက် ယောက်ျားလေး တွေကပဲ စာမေးပွဲအပြီး နွေကျောင်းပိတ်ရက် အိမ်ပြန်တော့ မြန်မာစာဌာန ကျဉ်းကျဉ်းလေးထဲက ကြမ်းပြင်မှာ ထိုင်ပြီး ကျမကို ကန်တော့ခဲ့ကြတာ။ ကျမ ခု ပြန်တွေးရင် မျက်ရည်လည်မိတုန်းပါ။ အဲဒီတုန်းကလည်း ကလေးတွေ ကန်တော့တဲ့အချိန်မှာ ဆုပေးရင်း ငိုခဲ့ရတာပဲ။ (အဲဒီလိုကလေးမျိုးတွေကို အများကြီး ကြုံခဲ့ရဖူးလို့လည်း ၂၀၀၃မှာ ဒဂုံတက္ကသိုလ်ရောက်တော့ အဲဒီက ကျောင်းသူ ကျောင်းသားတွေကို ကြည့်ပြီး ကျမ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ရတာပေါ့လေ)။

လှိုင်မှာ တချို့ဆရာမတွေကဆိုရင် ကျမကို ဘူမိဗေဒဌာနကလို့ ထင်တာတောင် ရှိသေးတာ။ ကျမက ဘူမိဗေဒက ဘောလီဘောပွဲတွေ.. ပိုက်ကျော်ခြင်းပွဲတွေမှာ အမြဲ အသည်းအသန် အော်ဟစ် အားပေး နေတတ်လို့လေ။ (စိတ်ထိခိုက်စရာကောင်းတာက ကျမသင်ခဲ့ရတဲ့ ၄နှစ်ဆက်တိုက် ဘူမိဗေဒတန်းတွေထဲက ကလေးတွေချည်းပဲ ၃ယောက်က လူ့လောကမှာ မရှိကြတော့ဘူး။ အဲဒီထဲမှာ ကဗျာဆရာဦးတင်မိုးရဲ့ တဦးတည်းသောအငယ်ဆုံးသား၊ ချိုသင်းရဲ့ မောင်လေး ဥာဏ်မိုးလေးလည်း ပါတာပေါ့။ ဥာဏ်မိုးက ကျမရဲ့ နောက်ပိုင်းနှစ်တွေမှာ သင်ရတဲ့ ဘူမိတန်းက တပည့်ပေါ့.. ကျမ အင်မတန်ချစ်တဲ့ ကလေးလည်း ဖြစ်ပါတယ်..)။

မှတ်မှတ်ရရ ပြောရရင် အဲဒီ ၉၁ဘူမိတန်းထဲမှာ မိုးသွင်သွင်ကလည်း ကျမနဲ့ အနီးဆုံးကလေးတယောက်ပေါ့။ (သူလည်း ဆုံးရှာပြီ)။ သူ့ကို ကျမက မိုးမိုးလို့ ခေါ်တယ်။ မိုးမိုးက စာရေး သိပ်ကောင်းတယ်။ ကဗျာ သိပ်ကောင်းတယ်။ မိုးမိုးက ခေါ်လာပြီးတွေ့ပေးလို့ "သုမှူးငြိမ်း" ဆိုတဲ့ နာမည်နဲ့ ၀တ္ထုတိုလေးတွေ ရေးနေတဲ့ သမီးလေးတယောက်လည်း ကျမ ကောက်ရဖူးတယ်..။ ကျမရဲ့ တကယ့် သမီးနဲ့ အမေလို သူနဲ့ ချစ်ခဲ့တာ၊ ကျမ ဒီဘက်ကို ထွက်မလာခင်ထိ နှစ်ပေါင်းများစွာ.. တိုင်ပင်ဖော် တိုင်ပင်ဖက်။

အဲလိုမျိုးနဲ့ပဲ ကျောင်းပြင်ပလောကကနေ ကျမဆီ လာ လာ လည်တဲ့ ကျမမိတ်ဆွေတွေနဲ့ပါ သူတို့လေးတွေနဲ့ ခင်သွားကြတာမျိုးတွေ ရှိသလိုပဲ တခြားကျောင်းကနေ လာလာလည်တဲ့ သူတို့ သူငယ်ချင်းတွေနဲ့လည်း ကျမနဲ့ တသားတည်း ခင်သွားရတာမျိုးတွေ ရှိလာတာပေါ့။ အဲဒီမှာ ပြဿနာက သူတို့ရဲ့ RIT က သူငယ်ချင်းတွေကလည်း ကျမအတန်းထဲ ၀င်ထိုင်.. လက်ဘက်ရည်ဆိုင်အတူထိုင်.. ကဗျာစာအုပ် တူတူ ထုတ်ကြ... သူတို့က တီချယ်ကြီးလို့ ကျမကို ခေါ်။ ဆိုတော့ အဲဒီကလေးတွေကို သူများနဲ့ ကျမ ပြန်မိတ်ဆက်ပေးရရင် ခွကျရော.. တပည့်လို့လည်းပြောမရ.. သူငယ်ချင်းလည်း မဟုတ်။ ဟဲဟဲ.. အဲဒီတော့ ကျမက အနိုင်နဲ့ ပိုင်းပြီး ကျမရဲ့ ကလေးတွေလို့ မိတ်ဆက်ပေးရတော့တာပဲ.. (ဟုတ်တယ်မို့လား.. ငထက်ရေ..)။

အဲဒီနှစ်က ဘူမိဗေဒ ကလေးတွေမှာ ထူးခြားတာက စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ရှိတာ။ နောက် ကျမလုပ်သက်တလျှောက် မှတ်မှတ်သားသားရှိရတဲ့ တပည့်ကလေးတွေကို အဲဒီနှစ် ဘူမိတန်းကနေ စဆုံရတာ။ နေလင်း.. တွတ်ပီ.. မိုးဇက်.. ဇော်မိုးမြင့်.. မိုးသွင်သွင်.. ထွန်းထွန်းမြင့်.. ထူးမြတ်.. ဇော်မင်းအေး... သီဟဇော်... ချိုသင်း.. နိုင်နိုင်... မိချော... ထားထား... အေမီ... သန္တာ...။ တချို့လည်း ကျောင်းမှာပဲ ဆရာ ဆရာမတွေ ပြန်ဖြစ်နေပြီ။ တချို့ ခုချိန်ထိ အဆက်အသွယ်မပြတ်သေး။ ကျမ ဒီဘက်ကို ထွက်မလာခင် ဆရာဆရာမပြန်ဖြစ်နေတဲ့ ကလေးတွေနဲ့ မိန်းထဲမှာတွေ့ကြရင် သူတို့က ကျမကို ခုထိ ရိုရိုသေသေရှိတုန်း.. သိပ်ချစ်စရာကောင်းတဲ့ ကလေးတွေပါ။ (အဲဒီနှစ် ကျောင်းပြန်အဖွင့်မှာ ကျောင်း ဆက်မတက်တော့လို့ တပည့်မဖြစ်လိုက်ရတဲ့ ဘူမိဗေဒ ကျောင်းသားက မျိုးကျော့မြိုင် ပေါ့ .. နောက်ပိုင်း သူနဲ့ ကျမ တွေ့ပြီး ခင်သွားတော့တောင် သူက ကျမကို သူ့သူငယ်ချင်းတွေရဲ့ ဆရာမ.. ဂျီအော်လော်ဂျီရဲ့ ဆရာမအနေနဲ့ ဆက်ဆံတာ)။ အဲဒီ ၉၁ကနေ ပထမနှစ် ဒုတိယနှစ် ဘူမိတန်းတွေကို အလျဉ်းသင့်သလို ၀င်သင်ရတာ စလိုက်တာ ၉၅ ထိ တောက်လျှောက်ပါပဲ..။ အဲဒီနှစ်တွေမှာလည်း ဘူမိနဲ့ ပတ်သက်လို့ အမှတ်ရစရာတွေ ကြုံခဲ့ရတာ အပုံပေါ့။

တခု စိတ်မကောင်းစရာ ကောင်းတာက အဲဒီတုန်းက ကျမက အသက် ၂၆.. သူတို့လေးတွေက ၁၉.. ၂၀..။ ဆိုတော့ သူတို့လေးတွေနဲ့ ကျမက အသက် ၆နှစ်ကျော် ၇နှစ်လောက်ပဲ ကွာတာမို့ တချို့က ကျမနဲ့ သူတို့လေးတွေကြားက သံယောဇဉ်ကို နားမလည်တာပါပဲ။ ဒါကို ကျမက ဂရုမစိုက်တတ်ပေမဲ့ ဆရာနဲ့ တပည့်ကြားက မိသားစုဆန်တဲ့ မေတ္တာတရားဆိုတာကိုတော့ နားလည်တတ်ကြစေချင်တာပါ။ ဒါနဲ့ပဲ သူတို့လေးတွေအကြောင်း ၀တ္ထုတိုလေးတပုဒ် ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းမှာ ရေးဖူးပါသေးတယ်။ (ကျမဆိုးတာတခုကတော့ ကာယကံရှင်တွေကို မပြောဘဲ သူတို့နာမည်ရင်းတွေနဲ့ ရေးခဲ့တာ.. သူတို့ခမျာ ဘာမှမပြောရှာပါဘူး)။ ၀မ်းသာစရာကောင်းတာကတော့ အဲဒီ ၀တ္ထုလေး ဖတ်ပြီးတော့ ကျမအနားက ဆရာဆရာမတွေက ကျမ ရည်ရွယ်တာကို နားလည်ပြီး ကျမရဲ့ မျောက်ကလေးတွေကို သဘောပေါက် သွားပါတယ်။ အခု အဲဒီဝတ္ထုလေး တင်ပေးလိုက်ပါတယ်။

တကယ်တမ်းကျတော့ အဲဒီ ၁၉၉၁ မေမှာ ပြန်ဖွင့်တဲ့ အတန်းက စာသင်ချိန် ၂လတည်းရပြီး ဇူလိုင်လမှာ စာမေးပွဲ စစ်လိုက်တာပါ။ အဲဒီ နှစ်လတာကလေးသာ စာသင်လိုက်ရပေမဲ့ ခုချိန်ထိ တသက်လုံး အဲဒီ ကလေးတွေနဲ့ ကျမ ဆက်စပ်နေခဲ့ကြတာ ၁၇နှစ်ရှိပြီ။ ခုနောက်ပိုင်းခေတ် ဆရာတပည့် ယဉ်ကျေးမှုထဲမှာတော့ ရှားရှားပါးပါး တန်ဖိုးရှိမှုတခုလို့ ကျမကတော့ ခံစားရပါတယ်။

၁၉၉၁ မေမှာ ပြန်ဖွင့်တဲ့ တက္ကသိုလ်တွေက ဒီဇင်ဘာလထိသာ ခံလိုက်ပြီး ထပ်ဖြစ်လာတဲ့ အန်တီစု နိုဗယ်ဆုရတဲ့ အထိမ်းအမှတ် ကျောင်းသားလှုပ်ရှားမှုကြောင့် ပြန်ပိတ်လိုက်ရပြန်ပေမဲ့ ကျမအတွက်ကတော့ ပြောစရာတွေ အများကြီး ရှိခဲ့ရတဲ့ နှစ်ပါပဲ။

+++++

အမေတစ်ယောက်ရဲ့ ရင်ခုန်သံ


အမေ
ကျွန်တော် ကန္တာရ မိုးရေတစ်စက် သောက်မိခဲ့ပြီ။

သား - နေလင်း


ထိုစာကို သားနေလင်း၏လက်ရေးဖြင့် ဖတ်လိုက်ရသောအခါမှာ မျက်ရည်တို့ပင် လည်လာခဲ့ရသည်။ ဘာပဲဖြစ်ဖြစ်... သားနေလင်း၏ အသိအမှတ်ပြုမှုကို ခံစားရတာကိုပဲ ကျမက ကျေနပ်သွားခဲ့ပြီ။ တွေ့ရင် ဆူပစ်လိုက်ဖို့တွေးထားသမျှတို့ ပျောက်ကာ “ဒါမျိုးတော့ အတော် တတ်တဲ့ ကောင်လေး” ဟု ရေရွတ်ကာ သားအပေါ် ခွင့်လွှတ် ဖြစ်ခဲ့ပြီ။

ကြည့်စမ်း... ဒါဟာ အမေပဲမဟုတ်လား။ ဒါဖြင့်... အဲဒီသားရဲ့ အမေအရင်းကရော ဘယ်လို ခံစားနေမလဲ...။ အဲသလိုပဲ... ကျမမွေးထားရတဲ့ သားအရင်းနဲ့ ပတ်သက်လာရင်ကော ကျမ ဘယ်လို ခံစားလိမ့်မလဲ...။ ဒါပေမဲ့... သေချာတာကတော့ ကျမက ခွင့်လွှတ်အားကြီးတဲ့ အမေတစ်ယောက်တော့ ဖြစ်နိုင်ခြင်းပင်။

+++++

ကျမသည် လူကြီးများနှင့်ပတ်သက်လျှင် ခွတ်မလွှတ်နိုင်ခြင်း များပြားသလောက်... လူငယ်များ ကလေးများနှင့် ပတ်သတ်လျှင်မူ ခွင့်လွှတ်လွယ်လွန်းသူ ခွင့်လွတ်နိုင်လွန်းသူသာ ဖြစ်ပါသည်။

ကျမ၏မောင်နှမအပါအဝင် ကျမ၏ရင်သွေး သားကလေးနှင့်တကွ ကျမ၏တပည့်များအားလုံးကို ကျမ အမြဲတမ်း ခွင့်လွှတ်လွယ်ခဲ့သည်။ ကျမ၏ လက်အောက်ငယ်သားလေးများ စိတ်အနှောက်အယှက် ဖြစ်မည်ကို ကျမ မကြည့်နိုင်ပါ။ ခင်ပွန်းသည်ကတော့ “ဒါဟာ ခေါင်းဆောင်ကောင်းရဲ့ လက္ခဏာ မဟုတ်ဘူး... ခေါင်းဆောင်ကောင်းဆိုတာ အကောင်းကို ညွှန်ပြရသလိုပဲ စည်းကမ်းနဲ့ပတ်သက်ရင်လည်း တင်းကျပ် တိကျရတယ်”ဟု ပြောဖူးသည်။

ကျမကတော့ ကလေးတွေကို ချော့ပြောရတာပဲ သဘောကျသည်။ ဒါကြောင့်ပဲ ဖြစ်ပါလိမ့်မည်။ ကျမကို ကျမ၏မောင်ငယ် ညီမငယ်များနှင့် တပည့်များက ချစ်ခင်ကြ၏။ တကယ်တော့ သူတို့အချစ်ခံရဖို့ ရည်ရွယ်ခဲ့ခြင်းတော့ မဟုတ်ပါ။ ကျမကိုယ်တိုင်ကိုက နူးနူးညံ့ညံ့ ဖေးဖေးမမ အပြောခံရတာကို သဘော ကျခြင်းကြောင့်သာ ဖြစ်သည်။ ပြီးတော့ ကျမ၏ဝမ်းနှင့်လွယ်မွေးရသည့် သားကို ချစ်ခဲ့ရပြီး နောက်ပိုင်း မှာတော့ ကျမ ကျမ၏တပည့်များကို ကျမ၏ဝမ်းနှင့် လွယ်မွေးရသော သားသမီးများလို သဘောထားကာ ချစ်နိုင်ခဲ့ခြင်းကလည်း ကျမ၏ခွင့်လွတ်နိုင်စွမ်းအားကို ပိုများစေခဲ့တာဖြစ်သည်ဟု ကျမက ယူဆသည်။

သားကလေးနှစ်လသားမှာ တက္ကသိုလ်တွေ ပြန်ဖွင့်တော့ ကျမ ယူရသည့် အတန်းက ဘူမိဗေဒ ပထမနှစ် ဖြစ်သည်။ ယောကျာ်းလေး ဦးရေ၂ဝဝ၊ မိန်းကလေးဦးရေ ၂၅ ယောက်။ ယောက်ျားလေးများသော မေဂျာမို့ ခပ်ဆိုးဆိုးကိုင်တွယ်ရမည်ဟု အားလုံးက မှတ်ချက်ချသော အတန်း လည်း ဖြစ်သည်။ ကျမကတော့ ကျမရှေ့မှာထိုင်နေကြသော အရပ်ရှည်ရှည်ထွားထွားကြီးများနှင့် မျက်နှာကျတော့ နုနုကလေးသာရှိကြသော တပည့်များကို ကြည့်ကာ... ကျမ၏ သုံးလသား သားကလေးနှင့် ထပ်တူပင် မြင်နေမိသည်။ တကယ်လည်း ကလေးတွေလို ပျော်ရွှင်လွယ်ကာ... တစ်ယောက်နှင့် တစ်ယောက် ချစ်ခင်ရင်းနှီးကြသော အပြစ်ကင်းသည့် လူငယ်လေးတွေပါ။ ထို့ကြောင့်ပင် သူတို့နှင့် ကျမက အဆင်ပြေလွယ်နိုင်ခဲ့သည်။ သူတို့ကို ကျမက သားသမီးလို သဘောထား၏။ သူတို့ကလည်း ကျမကို အမေလို သဘောထား၏ ။

အဲသည့်စာသင်နှစ်မှာ အံ့သြစရာကောင်းလှစွာပင် ကျမနှင့် ထိုဘူမိဗေဒ ကလေးများနှင့် တသားတည်းကျကာ ထိုစဉ်က ကျမ၏ လုပ်သက် ခုနစ်နှစ်အတွင်း အဆင်ပြေဆုံး... ပျော်စရာ အကောင်းဆုံး စာသင်နှစ် ဖြစ်ခဲ့သည် ။

+++++

ကျမ၏ဆရာမ ဘဝတသက်တာ အမှတ်တရ တပည့်သားသမီးများစွာရှိသည့်အထဲမှာတော့ သားနေလင်းက အထင်ရှားဆုံး စာရင်းထဲမှာ ပါဝင်ခဲ့ပါသည်။ ကျမကိုက လိမ်မာသော ကလေးထက် ဆိုးသည်ဆိုသောကလေးတွေကို အမှတ်တရရှိမိတာလည်း ပါပါလိမ့်မည်။ သားနေလင်းကို ဆိုး သည်ဟုပြောကြတော့ ကျမမှာ သူ့ကို ဆက်ဆံဖို့ အတော်အားတင်းခဲ့ရတာ မှတ်မိသေးသည် ။

တကယ်တမ်းကျတော့ ကျမရဲ့သားနေလင်းက လူငယ်ပီပီ မဟုတ်မခံ၊ မှန်တာပြော၊ လွတ်လပ် ပေါ့ပါး၊ ထက်မြက် တက်ကြွ၊ ပျော်ပျော်ပါးပါး နေတတ်ပြီး တဘက်မှာတော့ လူကြီးသူမကို ရိုသေရ ကောင်းမှန်း သိသော၊ နာခံတတ်သော၊ သူ့အမှားကို သူတာဝန်ယူ တတ်သော အရည်အချင်းရှိသည့် ကလေးသာ ဖြစ်နေခဲ့သည်။ သိုပေမဲ့ အမှန်တရားကိုက ခါးသက်သည်မို့ သားနေလင်းကို ဆိုးသည်ဟု အလွယ်တကူ အမည်တပ်ခဲ့ကြခြင်း ဖြစ်ပါလိမ့်မည်။

ကျမကတော့ မေတ္တာပေးခြင်းဖြင့် မေတ္တာသာပြန်ရနိုင်သည်ကို ယုံကြည်လှသူသာ ဖြစ်ပါသည် ။

+++++

အဲသည့်နှစ်မှာတော့ဖြင့် ကျမက သားဆိုးတွေ အများကြီးရခဲ့သည်ဟုပင် ဆိုရပါမည်။ တကယ်စစ်စစ်မှာတော့ အလွန်ချစ်စရာကောင်းသော ထက်မြက်သည့် ကလေးတွေသာ ဖြစ်ပါသည်။ အဲသည့်ထဲမှာမှ ကျမအပေါ်ချစ်ခင်လေးစားသော၊ ကျမဆုံးမသမျှကို ခွန်းတုံ့မပြန် နာခံတက်သော ကျမဆဲဆိုသမျှ မနာဘဲ ရယ်နေတတ်သော၊ တခါတရံ ကျမ မဆုံးဖြတ်နိုင်သည့် အရေးအရာပြဿနာ တို့ကိုပင် ကူညီစဉ်းစားပေးတတ်သော၊ ကျမသဘောကျ စာဖတ်နာသော သားနေလင်းကိုတော့ ကျမကိုယ်တိုင်က မွေးထုတ်ထားရသော သားလိုပဲ မြင်ခဲ့သည် ။

ကျမ ကလေးတွေ မူးလို့... ဖဲရှုံးလို့... အသည်းကွဲလို့... ဘာဖြစ်လို့ ညာဖြစ်လို့တွေအပေါ် ကျမပူပန်လို့ ။ ကိုယ်တိုင်မမြင်ဖူးသော သူ့အမေနှင့်ထပ်တူ ကိုယ်ချင်းစာ ခံစားခဲ့၏ ။

အဲသည့်နှစ်မှာပဲ... ကျော်သီဟ၊ ဇော်မိုးမြင့်၊ မိုးဇက်၊ ထွန်းထွန်းမြင့်၊ မိုးသွင်သွင် တို့လို တစ်ယောက်တစ်မျိုး ထူးခြားသည့် ကလေးတွေကိုလည်း ကျမက ကျမသားနှင့်ထပ်တူ မြင်ခဲ့တာပါပဲ ။

ကျော်သီဟကျတော့ လူကြီးလေးလို စကားပြောတတ်လို့

ဇော်မိုးမြင့်ကျတော့ ရိုးရှင်းလို့

မိုးဇက်ကျတော့ ကျမကို အမြဲတခုတ်တရ နှုတ်ဆက်တတ်လို့

ထွန်းထွန်းမြင့်ကျတော့ ချွဲတတ်လို့

မိုးသွင်သွင်ကျတော့ အနေရှင်းသလောက်... ကျမကိုတော့ အထူးချစ်ခင်လေးစားကာ ရိုသေလို့... အများကြီးပါပဲ... ချစ်စရာကလေးတွေ။ အနေအေးပြီး ကျမနဲ့ဝေးသော်လည်း ကျမအပေါ် ဂါရဝရှိသော ကလေးတွေကိုလည်း ကျမ အမြဲ အမှတ်ရပါသည်။

အဲသည်ကလေးတွေ ပထမနှစ်အောင်ပြီး... ဒုတိယနှစ်... တတိယနှစ်... နောက်ဆုံးနှစ်...။

ကျမဘဝတလျှောက်မှာတော့ ပထမနှစ်ပြီးသွားလျှင် ထိုပထမနှစ်တုန်းကဆရာမကို မေ့ပစ်လိုက် တတ်သော တပည့်များ၊ မေ့မသွားလျှင်သော်မှ အလှမ်း ဝေးသွားသော တပည့်များသာ တွေ့ခဲ့၏ ။

ခု ဘူမိဗေဒ(၁၉၈၈-၉၃) ကလေးများကတော့ သူတို့ဘယ်နှစ်တန်းရောက်ရောက်... ကျမထံ အလည်လာမပျက်။ မုန့်အတူစားဖို့ မမေ့မလျော့ ခေါ်မပျက်။ ပြီးတော့ ကျမချစ်သောသားများက ကျမကို အမေတဲ့ ။

အသက်သုံးဆယ်ပင်မပြည့်ချင်သေးသော မိန်းမတစ်ယောက်အနေဖြင့် ကိုယ့်ထက် ခြောက်နှစ် ခုနစ်နှစ်ထက် ပို မငယ်သောလူငယ်များ၏ အမေတစ်ယောက်အနေဖြင့် ကိုယ့်ထက် ဘယ်လောက်မှ မငယ်လှသော လူငယ်များ၏အမေတစ်ယောက် ဖြစ်ခွင့်ရခြင်းအပေါ် ဘယ်လို သဘောထားမလဲ... ကျမ မတွေးတတ်ပါ ။

ကျမကတော့ အဲဒီလို အမေဖြစ်ခွင့်ရခြင်းအတွက် ဂုဏ်ယူကျေနပ်စွာ မျက်လုံးများစွာကို ဖြတ်ကျော် အောင်နိုင်ခဲ့ပါသည် ။

+++++

သူတို့ကလေးတွေက ကျီးကန်းတွေလိုပဲ ညီညွတ်ကြ၏။ တစ်ယောက်ထိလို့ကတော့ ဝိုင်း ‘အာ ’လို့ မဆုံးကြတော့။ တကယ်တမ်းကျတော့ဖြင့် ရက်စက်ရိုင်းစိုင်းလွယ်ကြသူတွေလည်း မဟုတ်ကြပြန်။ ပြီးတော့ လိုအပ်လျှင် ဖြေရှင်းရဲသော သတ္တိတော့လည်း ရှိကြ၏။ သူတို့က ‘ကျနော်တို့က ဆိုးတာပါ အမေရ... မိုက်ရိုင်းတာမဟုတ်ဘူး’ ဟုလည်း ပြောတတ်၏ ။ ကျမကတော့

သားယောက်ျားလေးဆိုတာ ထက်မြက်ရမယ်.. ရဲရင့်ရမယ်.. အမှန်တရားကိုပဲ ရွေးရမယ်.. လွတ်လပ်ပေါ့ပါးရမယ်.. လောကမှာ အားလုံးကို သိထား ကြုံထားဖူးရမယ်ဟု ခံယူထားသူမို့ သားတွေကို ထောက်ခံတာပါပဲ။ ကျမကတော့ ကျမသားကိုပင်... သိပ် မချုပ်ချယ်(မထိန်းချုပ်)ဘဲ လွတ်လွတ်လပ်လပ် ကြီးပြင်းစေသူ ဖြစ်ပါသည်။ ပြီးတော့ “ဆိုးတဲ့ကလေးဟာ တချိန်မှာ လိမ်မာဖို့ပဲရှိတော့တယ်” တလျှောက်လုံး လိမ်မာတဲ့ ကလေးသာ ဘယ်အချိန်ဆိုးမလဲ ပူရပြီးတော့ မတွေ့ဘူး မှုးမြစ်ထင်မှာစိုးရတယ်" ဟု ကျမက ယုံကြည်ပြန်ရာ ကျမ၏အမြင်မှာတော့ သားများက ဘယ်လိုမှ လူဆိုးမဖြစ်တော့ပေ။ ကျမက သိပ်စိတ်တိုလာရင်တော့ သူတို့ကို "မျောက်တွေ" ဟုသာ ဆဲရေးဖြစ်သည်။ တကယ်ပဲ မျောက်ကလေး တွေလို စပ်စပ်စုစု စူးစမ်းပြီး အငြိမ်မနေနိုင်ကြသည့်သတ္တဝါကလေးတွေပဲ မဟုတ်လား ။

ကျမကတော့ အဲသည့် မျောက်ကလေးတွေနှင့်ပတ်သက်လျှင် ဘိနပ်ပျောက်တာအစ ရည်းစားကွဲတာအထိ သိရနေကျမို့ သူတို့ကလည်း ကျမကို အမြဲအတိုင်အတောလုပ်တတ်ကြသည် ။

ဆရာမ... ဘယ်သူတော့ဘာဖြစ်ပြန်ပြီ... ဟူသော အတိုင်စကားလုံးတွေကို အမြဲကြားနေရကျ။ တကယ်တော့ ဘယ်လောက်မှ ကြီးမားသော အပြစ်များတော့မဟုတ်။ ကျမကလည်း အမြဲပဲ ကူဖြေရှင်းပေးနေကျ။ သူတို့များ အောင်စာရင်းထွက်လျှင် ကျမမှာ ပြေးကြည့်ရတာအမော...။ သူတို့ ဂုဏ်ထူးထွက်လျှင် ကျမ စွေ့စွေ့ ခုန်ပျော်ရသလို သူတို့နာမည်မပါတော့လည်း ကြွေးကျန်သလား... ကျသလား ပူရတာ... ။

ဒါတွေ သူတို့ကတော့ အလုံးစုံ သိမည်မထင်။ သိဖို့လည်း မလိုလှပါ။ လိုအပ်သည်က ကျမ၏ နိုင်စွမ်းသလောက်သော မေတ္တာတရားဖြင့် သူတို့ကလေးတွေ စိတ်ချမ်းသာဖို့... ဘဝမှာနေပျော်ဖို့... အရာရာ အောင်မြင်ဖို့ပဲ မဟုတ်လား ။

ကျမကို အမေလို... မိတ်ဆွေလို... ညီအစ်ကိုလို... တိုင်ပင်ရင်ဖွင့်တတ်သော သူတို့လေးတွေ... ပင်မတက္ကသိုလ်ထဲ ရောက်သွား...။

“အမေရေ... ဘယ်သူတော့ စွံသွားပြီ”

“ဘယ်သူတော့ ဘယ်လောက်ကဲနေတယ်”

“ဘယ်သူ အတန်းမတက်ဘူး”

“ဘယ်သူရယ်... ဖဲတွေချည်း ရိုက်နေလို့”

“ဘယ်သူ အရက် အရမ်းသောက်နေလို့”

“ဘယ်သူ အသည်းကွဲလို့” ဆိုသောစကားများကတော့ ကြားနေရဆဲ။ ကျမကလည်း အဲလိုအသံတွေ ကြားနေရခြင်းမှာပဲ သာယာ နာပျော်သူ ။ ငါ့သားသမီးတွေ ငါ့ကိုမမေ့ကြသေးဘူးပေါ့ ။

ပြီးခဲ့တဲ့အပတ်ကတော့ သားနေလင်းက

“အမေ... ကျနော်တို့လည်း နောက်ဆုံးနှစ်ကျောင်းသားဖြစ်ပြီ... အချိန်ယူစဉ်စားခဲ့တဲ့ ကိစ္စတွေ လုပ်မှထင်တယ်”ဟု ပြောခဲ့သည်။သူ့ မျက်နှာကိုကြည့်တော့ ရှက်စနိုးရိပ်ဖြင့် ရယ်ဟဟ။ “အမယ်.. ဘာတွေတုံးဟဲ့... ” ဟု ကျမကပြောမှ “ရည်းစားထားတော့မလို့... အမေရေ့”ဟု ပြောသည်။

“ အမယ်.... ” ဟုရေရွတ်ပြီး ကျမက တဟားဟား ရယ်တော့ သားက မျက်နှာတွေ နီလို့ ။ အတူပါလာသော သား ကျော်သီဟက “တကယ်... အမေရဲ့” ဟု ထပ်ပြောမှ ကျမက အရယ်ရပ်ကာ “အေးပါ... ဟုတ်ပါတယ်... ဒါပေမဲ့ နင်တို့ကြည့်ရတာ ရည်းစားထားမယ့်သူနဲ့မတူဘဲ စာမေးပွဲဖြေမယ့် သူတွေနဲ့ တူနေလို့” ဟု ရယ်သွမ်းသွေးမိသည် ။

“အမေမသိလို့... အမေ့သားနေလင်း... ကောင်မလေးအဆောင်ရှေ့ သွားသွားကြွေနေတာ... ကံကောင်းလို့ နမိုးနီးယား မဖြစ်တာ” ဟုလည်း သား ထွန်းထွန်းမြင့်က ထပ်ချွန်သည် ။

ကျမကတော့ ရင်ထဲမှာ... “အမယ် ငါ့သားက ချစ်တတ်နေပြီပဲ”ဟု ရေရွတ်မိသေးသည်။ ကိုယ့်တုန်းကဆို ခု သူတို့အသက်မှာ အိမ်ထောင်သည်ပင် ဖြစ်ခဲ့ပြီ မဟုတ်လား ။

သားတွေကတော့ ပျော်လို့... ကြည်နူးလို့၊ ကျမကတော့ သားတွေ ငါ့ကိုမေ့ရောပေါ့၊ ဒါဖြင့်... သူတို့ရဲ့ မွေးအမေတွေကိုရော...။ ကျမရင်ထဲမှာ ဟာတာတာ ဖြစ်သွားသေး၏။ တကယ်တော့ သားသမီး ဆိုတာဟာ မိဘရင်ကို စုံကန်ထွက်သွားကြမယ့်သူတွေပဲဟု ဖြေတွေးမိသေး၏။ သို့ပေမဲ့ ပျော်နေမည့် သားတို့မျက်နှာကို မြင်ယောင်တော့လည်း ကျေနပ်သားပင် ။

သားက သူ့မိန်းကလေးဘယ်သူဆိုတာကို ပြောပြတော့ ကျမမှာ ပိုလို့ပင် စိတ်ကြည်နှုးရသေး၏။ အင်မတန် အေးချမ်းလိမ်မာခြင်းဖြင့် ပြီးပြည့်စုံသော ပြီးတော့ သူစိမ်းထဲကမဟုတ်ဘဲ သားရဲ့အတန်းဖော်၊ ကျမ၏ သမီးတစ်ယောက်လည်းပဲ ဖြစ်ပြန်သည်။

“ကောင်းတယ်... ဒါမှ မင်း လိမ်မာမှာ”

ကျမ၏ကောက်ချက်ကို သားက သဘောတကျ ပြုံး၏။ ပြီးတော့“ မသေချာသေးပါဘူး အမေရ...” ဟု မပွင့်တပွင့် ပြော၏။ ဟော... ကျမက စိတ်ပူသွားရပြန်သည်။ ဟုတ်ပ... တော်ကြာငြင်းလိုက်မှ ငါ့သားအသည်းကွဲရဦးမှာ... ဒုက္ခ... ဟု တွေးပြီး စိုးရိမ်နေမိပြန်သည် ။

နောက်တော့သားတွေပျောက်နေကြသည်။ ကျမမှာကလည်း ကိုယ်ရေးကိုယ်တာကိစ္စတွေ အလုပ်တွေများလို့... သားတွေနှင့် အဆက်ပြတ်လို့ ။

နောက်တော့... သားနေလင်းက ကောင်မလေးကို ပရိုပို့စ်လုပ်တာ... နောက်... မထင်မှတ်ပဲ... လက်ခံအဖြေကို ပြန်ရတာ...။ သားက သိပ်ပျော်နေတယ်ဆိုပဲ...။ သူ့မှာရည်းစားကလေးကို ဘယ်လိုထားရမှန်းတောင် မသိလောက်အောင် တန်ဖိုးထား မက်မောလို့ ... အရူးအမူးပျော်လို့... တဲ့ ။

“အမေ့သားနေလင်းတော့ ပျော်လို့ဆိုပြီး ညလုံးပေါက် ကောင်မလေးအဆောင်ရှေ့ ဂစ်တာတီး... မအိပ်မစားနဲ့အမေ... စာလဲမဖတ်ဘူး” တိုင်တောသံတွေ ထူလာပြန်သည်။

“ဒီကောင်လေးဟာ... ဒါ... အဲလောက် ဖြစ်စရာလား” ဟု ကျမ မာန်လိုက်သည် ။ ကျမက သားတွေကို Mature ဖြစ်စေချင်သည်။ တကယ်တော့ကျမ မတရားတာ... အတိတ်ကို မေ့သွားတာပါ ။

နောက်တော့... ကျမဆီ အကြာကြီး မလာဘဲ သားက ပျောက်နေပြီး အပျော်တွေ လွန်ကဲနေသည်ဆိုသော သတင်းတွေ ကြားလာသည်။ အားလုံးပေါင်း ဆယ်ရက်လောက် ထင်ပါရဲ့... သားနေလင်းနှင့် ကျမ အဆက်ပြတ် သွားတာ ။

တရက်တော့... သားဆိုးပုံက သူ့ကောင်မလေး၏စိတ်ကို ထိခိုက်စရာဖြစ်သွားသည်ဟူသော သတင်း ကျမဆီ ရောက်လာသည်။ အဲဒီသတင်းမှာ ကျမကိုယ်တိုင်လည်း စိတ်ဆိုးသွားရသည်။ သည်တော့ လူကြုံများစွာနှင့် အဲသည့်နေ့မှာ “နေလင်းကို ပြောလိုက်စမ်း... ဆရာမက သိပ် ဆူချင်နေတယ်လို့” ဟု မှာမိတော့သည်။ အဲသည်နေ့ရဲ့ ညမှာပဲ ဖြစ်သည် ။ သားနေလင်းရဲ့ “အမေ... ကျနော် ကန္တာရမိုးရေ တစ်စက် သောက်မိခဲ့ပြီ” ဟူသော စာကလေးကို ဖတ်ခဲ့ရတာ။ ကျမသားရဲ့ ကျမအပေါ် မမေ့မလျှော့မှုအတွက် ကျေနပ်ပီတိ ရှိသွားရတာ...။ သားရဲ့ အမေရင်းကို သား မေ့မနေမှာကိုလည်း သဘောပေါက် ကျေနပ်သွားရတာ...။ ပြီးတော့ ကျမသား တကယ့်အချစ်ကို တွေ့ခဲ့ပြီ။ ထိုအခါမှာတော့ သားနေလင်းအတွက် ကျေနပ်စွာ... ကျမ စိတ်ချလက်ချဖြစ်သလို ပေါ့ပါးသွားရသည်။ ပြီးတော့.. ကျမ ဝမ်းနှင့် လွယ်ကာ မွေးထုတ်ခဲ့ရသော သားနှင့်ကျရင်လည်း ကျမ ခုလို ကိုယ်ချင်းစာ ပီတိဖြစ်တတ်လျှင် ကောင်းမည်ဟုလည်း တွေးမိသေးသည်။ သည့်အတွက်တော့ဖြင့် သိပ် စိတ်ပူစရာလိုမည်မထင်။ ကျမက ခွင့်လွှတ်လွယ်သော အမေပဲ မဟုတ်လား ။


+++++

ကျမ ဆုတောင်းနေမိသည်။ ကျမ၏သားသမီးများအားလုံး ဘဝမှာ အချစ်ရေးမှအစ... အစစ အရာရာ စိတ်ခံစားချက်များတွင်... ကန္တာရမိုးရေစက်များစွာ သောက်သုံးကြရပါစေ... လို့ပေါ့ ။


“ချစ်သော သားများနှင့် သမီးများသို့ အမှတ်တရ”
(၁၉၉၄-၉၅ ရန်ကုန်တက္ကသိုလ်နှစ်လည် မဂ္ဂဇင်း)


17 comments:

Anonymous said...

ဆရာမ ရေ မေတ္တာဆိုတဲ့အရာကို တစ်ပုဒ်လုံးမှာ အစအဆုံး ပုံစံမျိုးစုံနဲ့ခံစားရစေပါတယ်။ ဆရာမရဲ့ တပည့်တစ်ယောက်ဖြစ်ခဲ့ရင်ကောင်းမှာနော် အမေလို့ခေါ်ရတာ သိပ်အားရစရာကောင်းမှာပဲ....

M.Y. said...
This comment has been removed by the author.
tin min htet said...

လွမ်းစရာ ..
တီချယ်ကြီး တပည့်ကျော်တွေကို သတိရသေးတော့ ..

၁) ချိုသင်း၊ ချောချောနဲ့ နိုင်နိုင်တို့ ကျောင်းဖွင့်စ ကအတန်းထဲမှာ တန်းစီ ထိုင်နေတာကို ရှေ့ပေါက်က (သူတို့အတန်းက ဘလက်ဘုတ်ဘေးမှာ ပြတင်းပေါက် ၂ ခု ၇ှိတယ်မဟုတ်လား) ကြည့်တော့ ၃ ယောက်လုံးက လုံးတုံးတုံး မျက်နှာချိုချိုနဲ့ဆိုတော့ ပစ်တိုင်းထောင်လေး ၃ ခုတန်းစီ ထောင်ထားတာလို့ စိတ်ထဲထင်မိတာ ။

၂) နိုင်နိုင်မွေးနေ့ အဆောင်ကန်တင်းမှာ လိုက်ပွဲပန်းကန်တွေ တောင်လောက်မြင့်အောင် အပြိုင်စားကြတာ။

၃) မဲဇာတင်ကနေ မိန်းထဲထိ ဘူမိအဖွဲ့နဲ့ ပါလာပြီး တောင်ငူကန်တင်းမှာ စတည်းချခဲ့တာ။

၎) ကျော်သီဟ၊ ဇော်မင်းအေး၊ နေလင်းတို့နဲ့ ပတ်သက်ပြီး သူတို့နှစ်တင်မက နောက်နှစ်ကသူတွေ၊ ဒဂုံဆောင်သားတွေနဲ့ပါ ခင်ခဲ့တာ။

ငထက်

Rita said...

သားယောက်ျားလေးဆိုတာ ထက်မြက်ရမယ်.. ရဲရင့်ရမယ်.. အမှန်တရားကိုပဲ ရွေးရမယ်.. လွတ်လပ်ပေါ့ပါးရမယ်.. လောကမှာ အားလုံးကို သိထား ကြုံထားဖူးရမယ်

:) :) :)

Rita said...

အဲဒီနေရာလဲ ရောက်ရော ပြီးအောင်တောင် ဆက်မဖတ်နိုင်တော့ဘဲ comment page ကို ရောက်လာတော့တာပဲ
:):):)

မေငြိမ်း said...

MZ ရဲ့ Cbox ထဲက စာ...
MZ: teacher, are you sure Tun Tun Myint pass away?The last time I saw him in Yangon around 2000, after I heard he leaving to work at gold mine.
17 Nov 08, 11:28
MZ: But I'm happy about all of our close friends although we're in different countries.
17 Nov 08, 11:26
MZ: I'm really not happy about your son Nay Lin told me on the train when we're on the way back from Kyauk-Sel field. But it's secrete between he and me. Hee Hee. Now , It's memory in our uni life.

Moe Cho Thinn said...

ဆရာမ သားတွေက ဆိုးပေမဲ့ မမိုက်ရိုင်းကြဘူး ဆိုတာတော့ အမှန်ပဲ။
ကျီးတွေလို တယောက်ကို ထိရင် ၀ိုင်း အာ တယ်ဆိုတာလဲ အမှန်ပဲ။
ချိုသင်းတို့ အုပ်စုက သိသိသာသာ ချောချောလေးတွေ ဆိုတာလဲ အမှန်ပါပဲ ဆရာမရဲ့။ အဟီး..

ကိုနေလင်းရေ..နင့်ကိုတော့ ဆရာမ ဆော်ပဟ။
နင့်အကြောင်းရေးတာ ဆိုးတာတွေ ဘုံထုတ်လိုက်ရင် အခေါက် ၁၀၀လောက် ရှိမှာ :P
ငထက်က ငါတို့ကို ပစ်တိုင်းထောင်တဲ့။ တွေ့ကြသေးတာပေါ့။ :)

PAUK said...

စာတစ်ပုဒ်လုံး..ဆရာမမေတ္တာတွေနဲ့ပြည့်လို့..

ယောနသံစင်ရော် said...

ဆရာမ... သားနေလင်းက နုတယ်နော်။

Tin Moe Aye said...

You are rihgt - Yawnathan Zin Yaw.
Ma may Nyane should add the song " baby you know, first love is the deepest" as background. :-)

Tin Moe Aye said...

Sayama and Yawnathan Zin Yaw.. Sorry.. what I meant is "first cut is the deepest" :-)

MANORHARY said...

သတိရတယ်..အဲဒီတုန်း က မိချောဆီလာလည်သလိုနဲ့
အမစာသင်တာလာချောင်းခဲ့တာကို...း)
မိချောနဲ့က တော်တော်လေးတွဲခဲ့ဖူးတယ်...

Unknown said...

Sayarma,
Some of our YIT teachers also same as your feeling to us. They accept whatever we do & they teach how to grow well. We also tell everything (including personal, not only lecture)to our beloved teachers, sometimes cry & smile. I do really appreciate of the teachers like you & my teachers. I wanna to be a student of you,really! Actually, I want to be a teacher in our University. But, ---------, I am in other country, hope oneday our Uni will reopen. Missing my Uni days, this post touch my heart

tututha said...

အစ်မနော် တူတို့ကိုကျ တားတဲ့၊ တမီးတဲ့ ... တူတို့နဲ့ ရွယ်တူ .. တူးကျတော့ တနယ်ချင်းတဲ့ ... လုံးဝမတရားဘူး ...:P

mm thinker said...

ဟာဟ...ဒေါ်တူးတူးတာကလည်း တမီးချင်သေးလား။
အမူးဂိုဏ်းတွေနဲ့ ခွက်တူမော့ပြီးတော့။

:)

Unknown said...

sayarma,you stil hav'nt write about "fossil heart"poem book,this is the first poem book we published after reopened universities.
we had read all your myathilars and we want to see more from you.
we are missing all of our friends from geology
aye lwin & amy

တန်ခူး said...

ဒီအပိုင်းလေးဖတ်ပြီး ကိုယ့်ဆရာ၊ဆရာမတွေကို လွမ်းသွားတယ် မ ရယ်…
မ ရဲ့ အမေတယောက်လို တပည့်တွေပေါ်ထားတဲ့ စေတနာလေးကို လေးစားပါတယ်…
ချိုသင်းတို့ က နာမည်ကြီးတွေနော်…